Chapter : 9 ( ညီမ‌လေးက အရုပ်ကလေးကို သယ်ထားတယ် [6] )
Viewers 3k

Chapter : 9 ( ညီမ‌လေးက အရုပ်ကလေးကို သယ်ထားတယ် [6] )


ဟိုင်ရိက ဝန်ခံ၏။ "ကျွန်တော့်ကို ရိုက်ခဲ့တာလည်း သူ(ဖျင်ကျယ့်)ပဲ" ဒဏ်ရာများကို ဝန်ခံလိုက်ခြင်းက သူ့(ဟိုင်ရိ)ကို ပိုပြီး အပြစ်ကင်းစင်စေမှာ ဖြစ်ပေသည်။ အနည်းဆုံးတော့ သူနှင့် သေဆုံးသူကြားမှာ ဘာဆက်စပ်မှုမှ မရှိနေပေ။ ချန်ဇယ် : "ချစ်သူဖြစ်သူ(ဟိုင်ရိ)...မင်းအခန်းထဲမှာ သွေးတွေပေနေတဲ့ ဓားတစ်ချောင်း ရှိတယ်" ဖျင်ကျယ့်မှာ အံ့အားသင့်သွားသည်။ "ဓားတစ်ချောင်းတည်းလား" ချန်ဇယ်က ခေါင်းညိတ်လိုက်ပြီး "ဘာမှ မရှိဘူး၊ ဒါမှမဟုတ် ငါ မတွေ့မိတာလည်း ဖြစ်နိုင်တယ်၊ ဒီဂိမ်းကို ငါ ကစားတာ ဒုတိယအကြိမ်ပဲ ရှိသေးတော့ ငါ သိပ်မကျွမ်းကျင်ဘူး" "ဒီချစ်သူက တော်တော်လေးကို သန့်ရှင်းတာပဲ" ဖျင်ကျယ့်က ဟိုင်ရိကို ပြုံးပြုံးလေး လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။ "ဒီဓားကို ငါ သိတယ်၊ ငါ သူ့(ဟိုင်ရိ)ကို သတ်ဖို့ ကြိုးစားခဲ့တုန်းက မအောင်မြင်ခဲ့ဘူး၊ သူ(ဟိုင်ရိ)က ပြန်ခုခံပြီး ဓားကို လုယူသွားတာ၊ အဲဒီဓားက ငါ့ရဲ့ ဓားပဲ" ရှန့်ချန့်ယန်သည် ထိုအရာကို မထင်မှတ်ထားသောကြောင့် အနည်းငယ် မျက်မှောင်ကြုတ်ကာ ဟိုင်ရိကို ကြည့်လိုက်သည်။ "မင်းအခန်းထဲမှာ တခြားသဲလွန်စတွေ မရှိတော့ဘူးလား" ဟိုင်ရိ ပြုံးလိုက်၏။ "ဟုတ်တယ်၊ ဒီအလှည့်မှာတော့ ငါ အနားယူနေတာလေ" ရှန့်ချန့်ယန်က ပြန်မပြုံးပေ။ သူ လှည့်ပြီး သူ့တူကို ချလိုက်သည်။ သူက အရင်ကလိုပင် ပျင်းရိ ငြီးငွေ့နေဆဲ ဖြစ်သော်လည်း ဟိုင်ရိသည် သူ့ကို အလွန်နားလည်ပြီး သူ အလွန်ပျော်ရွှင်မနေကြောင်း အလိုလို သိလိုက်၏။ ဟိုင်ရိက သူ စိတ်ဆိုးနေသည်ဟု ခံစားရသည်။ သူ ဒီအလှည့်မှာ သံသယကင်းတာက ရှန့်ချန့်ယန်ကို မည်ကဲ့သို့ စိတ်အနှောင့်အယှက်ဖြစ်စေလဲဆိုတာ သူ နားမလည်ခဲ့ပေ။ နောက်ဆုံးအခန်းက ရှန်းရှင့်၏ အခန်းဖြစ်ပြီး ထိုအခန်းထဲမှာ အလွန်တန်ဖိုးကြီးသောကျောက်မျက်ရတနာလည်ဆွဲတစ်ခုနှင့် သားရေလက်အိတ်များ တွေ့ခဲ့ရတယ်။ လူတိုင်း အချိန်အတော်ကြာ တိတ်ဆိတ်သွားကြ၏။ ထိုသို့ တိတ်ဆိတ်မှုမျိုးသည် အလှည့်တိုင်းမှာ ရှိနေတတ်သည်။ လူတိုင်း၏ရှေ့၌ သဲလွန်စများစွာပြသထားပြီး၊ လူကောင်းများက သူတို့အတွေးများကို အစီအစဉ်ချရမည့်အချိန်၌ လူသတ်သမားမှာတော့ ကောင်းမွန်သည့် လိမ်ညာမှုတစ်ခုကို ဖန်တီးရမည်ဖြစ်၏။ နာရီဝက်ခန့်ကြာသည့်တိုင် လူတိုင်း တိတ်ဆိတ်ငြိမ်သက်နေကြဆဲပင်ဖြစ်သည်။ တချို့မှာ ယခုနက အသံသွင်းထားသည်များကို နားထောင်နေကြပြီး တချို့က မှတ်စုများ ရေးနေကြ၏။ ဖျင်ကျယ့် : "လူတိုင်း ညစာစားကြပါ၊ စားရင်းနဲ့ စဉ်းစားကြရအောင်၊ ဒီညတော့ လွယ်မှာ မဟုတ်ဘူး... ညက မှောင်တော့မှာ၊ လူတိုင်း သူတို့ရဲ့ အတွေးတွေကို ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ထားသင့်တယ်" ရှန့်ချန့်ယန်မှာတော့ စားပြီးနေပြီဖြစ်၏။ သူသည် လက်တစ်ဖက်ကို ဒူးပေါ်တင်ကာ ခပ်ပါးပါး ခေါင်းညိတ်လိုက်သည်။ "ကျင်းထျန်၊ ခင်ဗျားမှာ ရည်ရွယ်ချက် မရှိဘူးလား" ဟိုင်ရိမှာ တွေတွေဝေဝေ စိုက်ကြည့်နေ၏။ ရှန့်ချန့်ယန်က အလွန်တည်ငြိမ်စွာပင် "ခင်ဗျား တကယ်ပဲ တစ်ခုတောင် မရှိဘူးလား" ထပ်မေးလိုက်၏။ ဟိုင်ရိ၏ အကြည့်နှင့် ဆုံမိသောအခါ ရှန့်ချန့်ယန်က ဖြည်းညှင်းစွာပင် မေးလိုက်သည်။ "ခင်ဗျား သေဆုံးသူကို နောက်ဆုံးတွေ့ခဲ့တာ ဘယ်တုန်းကလဲ" ဟိုင်ရိ : ? ထိုအချိန်တွင် မည်သူမျှ အချိန်များကို မေးခွန်းထုတ်နေခြင်း မရှိသောကြောင့် ရှန့်ချန့်ယန်၏ ရုတ်တရက် မေးမြန်းမှုသည် အားနည်းချက်တစ်ခုကို ရှာဖွေရန် အတင်းအကျပ် တောင်းဆိုနေဟန် ဖြစ်နေသည်။ ဟိုင်ရိသည် သူ့အား စိုက်ကြည့်နေသော ပတ်ဝန်းကျင်မှ လူများကို တစ်ချက်ကြည့်လိုက်၏။ "ငါ သူ(မ)ကို ည ၁၀ နာရီမှာ သွားတွေ့ခဲ့တယ်။ သူ(မ)က နေမကောင်းဘူးလို့ ပြောပြီး ပြန်သွားဖို့ ပြောခဲ့တာ" ထိုစဉ် ရှန့်ချန့်ယန်က မေးလာသည်။ "သူ့ထက် နောက်ကျတဲ့သူ ရှိသေးလား" သူတို့ပတ်ဝန်းကျင်၌ ချက်ချင်း တိတ်ဆိတ်သွား၏။ တကယ်တမ်း ဘယ်သူမှ မရှိခဲ့ဘူးလေ! ဟိုင်ရိမှာ စကားမပြောနိုင်တော့ဘဲ ဆွံ့အနေသည်။ လူသတ်သမားမှလွဲ၍ သူသည် သေဆုံးသူကို နောက်ဆုံးတွေ့ခဲ့ရသူလား။ ရုတ်တရက်ဆိုသလို ဟိုင်ရိသည် အပြစ်ကင်းစင်သူ မဟုတ်တော့သလို ခံစားလိုက်ရသည်။ အကယ်၍ သူ(ဟိုင်ရိ)သာ အမေတစ်ယောက်၏ ခံစားချက်က ပိုပြင်းနေခြင်း မဟုတ်လျှင် ရှန့်ချန့်ယန်က သူ့ကို တမင်တကာ ထောင်ချောက်ဆင်နေသည်ဟု သူ တွေးမိလိမ့်မည်။ ဖျင်ကျယ့် : "ငါ ည ၁၀ နာရီ ၁၅ မိနစ်မှာ ငါ့အခန်းထဲကို ပြန်ဝင်ပြီး အနားယူတော့ သူ့(မ)ရဲ့ အလောင်းကို မျက်နှာကျက်ကနေ ဆွဲကြိုးချထားတာ တွေ့ခဲ့ရတယ်" ဟိုင်ရိသည် ရှန့်ချန့်ယန်ကို တွေတွေဝေဝေ ကြည့်လိုက်သည်။ ဟိုင်ရိ : "ငါ သူ(မ)ကို သတ်ဖို့ အကြောင်းအရင်း မရှိဘူး၊ ဘာရည်ရွယ်ချက်မှလည်း မရှိဘူး" ချန်ဇယ် : "အကြောင်းအရင်း မရှိဘူးလို့ ပြောတာက ဘာအသုံးဝင်လို့လဲ၊ အကြောင်းအရင်းတွေ အများကြီးက ဖုံးကွယ်ထားရင် ပေါ်လာအောင် လုပ်လို့မရနိုင်ဘူး၊ အချိန်က အယုံကြည်ရဆုံးပဲ" ဟိုင်ရိက ပခုံးတွန့်လိုက်ပြီး ပြောလိုက်သည်။ "ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ ဒါဆို ကျွန်‌တော်တို့ရဲ့ အချိန်တွေကို တိုက်ကြည့်လိုက်ရအောင်" ထိုစဉ် တံခါးခေါက်သံ ကြားလိုက်ရ၏။ သေဆုံးသူက ခြေဆန့်ပြီး ခေါင်းတစ်ဝက် ပြူထွက်လာသည်။ "၈ နာရီ ၃၀ မိနစ် ရောက်ဖို့ ဆယ်မိနစ်ပဲ လိုပါတော့တယ်" အခန်းထဲရှိ လူတိုင်း : ....


ဟိုင်ရိသည် အခြားဘာမှ မလုပ်တော့ရန် ဆုံးဖြတ်ပြီး ပြတ်ပြတ်သားသား ထရပ်လိုက်သည်။ သူ့တင်ပါးကို ဖုန်ခါလိုက်ပြီး ပြန်သွားရန် ပြင်ဆင်လိုက်၏။ "မနက်ဖြန်မှ ပြန်ပြောကြတာပေါ့" ဖျင်ကျယ့်က ပြုံးပြီး ပြောလိုက်၏။ "ကြောက်ရင် ရိုးသားလိုက်စမ်းပါ၊ လူချောလေးရာ" ဟိုင်ရိသည် တံခါးကို တွန်းဖွင့်လိုက်သည်။ သေဆုံးသူ သူ့ရှေ့တွင် ရပ်နေသည်ကို မြင်လိုက်သောအခါ အော်လိုက်သည်။ "ကျွန်တော် သွားတော့မယ်.. ဘိုင့်ဘိုင်နော်!" ရှန့်ချန့်ယန်လည်း ထရပ်လိုက်၏။ သူသည် ကိုယ်ကျပ်ဝတ်စုံနှင့် ကမ်းခြေဘောင်းဘီတိုကို ဝတ်ဆင်ထားပြီး ခြေလှမ်းရှည်များဖြင့် ရှေ့သို့ တိုးလာကာ ဟိုင်ရိနောက်မှ ပေါ့ပေါ့ပါးပါး လိုက်ပါလာသည်။ ဟိုင်ရိ တံခါးသို့ မရောက်မီ ခြေလှမ်းအနည်းငယ်သာ လိုတော့၏။ သူသည် နောက်လှည့်မကြည့်ဘဲ မနေနိုင်ပေ။ ရှန့်ချန့်ယန်သည် သူ့ထံသို့ တည့်တည့်လာကာ ပြောလိုက်သည်။ "ကျွန်တော်နဲ့ လောင်းကြမလား" ဟိုင်ရိ : "ဘာကိုလောင်းမှာလဲ၊ အဘေးတော်" ရှန့်ချန့်ယန်က သူ့နား၊နား ကပ်၍ တိုးတိုးလေး ကပ်ပြောလိုက်သည်။ "ဒီည ရဲအရာရှိ သေလိမ့်မယ်" ဟိုင်ရိသည် သူ့ကို တစ်ချက်ကြည့်လိုက်၏။ ရှန့်ချန့်ယန်သည် ဘယ်ဘက်သို့ လှည့်သွားပြီး လူတိုင်း၏ အကြည့်များကို ဂရုမစိုက်တော့ပေ။ ဟိုင်ရိသည် ဖုယွမ်ကို လှမ်းကြည့်လိုက်၏။ သူသည် စင်္ကြံထောင့်တစ်နေရာတွင် သူ၏ ချစ်သူနှင့် စကားပြောနေသည်။ အသံက တိုးလှ၏။ ဟိုင်ရိ၏ အကြည့်ကို သိလိုက်သောအခါ သူ့အကြည့်က ဟိုင်ရိထံသို့ ဝေ့လာပြီး မျက်လုံးများက သဘောမကောင်းလှပေ။ ဟိုင်ရိသည် တံခါးကို ဖွင့်ကာ သူ့အခန်းထဲသို့ ဝင်သွားသည်။ အမှန်ကား ရှန့်ချန့်ယန် မသေမချင်း ဘယ်သူသေသေ အရေးမကြီးပေ။ ထိုညတွင် ဟိုင်ရိသည် သူ၏ ဖုန်းကို အားသွင်းကြိုးဖြင့် ချိတ်ဆက်ပြီး နားကြပ်တပ်ကာ စောင်အောက်တွင် ပုန်းအောင်း၍ livestream တစ်ခုကို ကြည့်နေသည်။ streamers များကို "ညီအစ်ကိုများ" ဟု ရိုးရိုးသားသား ခေါ်ဆိုမှုများကြားတွင် ဟိုင်ရိသည် ဖန်သားပြင်ပေါ်၌ လက်နှစ်ချောင်းဖြင့် ခေါက်လိုက်ရာ၊ သေးငယ်သော အသည်းများ အများအပြား ပေါ်လာ၏။ ထို့နောက် သူသည် စင်္ကြံတစ်လျှောက် ပဲ့တင်ထပ်နေသော ခြေသံများကို ကြားလိုက်ရသည်။ ဟိုင်ရိသည် အသံကို လျှော့ချလိုက်သည်။ စင်္ကြံတစ်လျှောက် လျှောက်လာသူသည် နေ့ဘက်က ကြားခဲ့ရသော ကလေးသီချင်းကို တိုးတိုးလေး ညည်းဆိုရင်း အခန်းတိုင်း၏ တံခါးများကြားတွင် ခြေလှမ်းကျဲစွာ လျှောက်နေ၏။ သရဲသည် တိုးတိုးလေး သီဆိုနေ၏။ ~ တစ်နေ့မှာ ဖေဖေက အရက်မူးနေခဲ့တယ် ~ ~ ပုဆိန်ကို ကိုင်ပြီး မေမေ့ဆီကို လျှောက်သွားတယ် ~ သူတို့သည် စင်္ကြံဆုံးသည်အထိ လျှောက်လာကာ ဟိုင်ရိ၏ တံခါးဝကို ဦးတည်နေကြသည်။ ထိုစဉ် streamer ၏ ပြတ်သားပြင်းပြသော အသံက ဟိုင်ရိ၏ နားကြပ်ထဲတွင် အချိန်ကိုက် ထွက်ပေါ်လာသည်။ "ညီအစ်ကိုတို့၊ ခင်ဗျားတို့ရဲ့ လက်သေးသေးလေးတွေကို လှုပ်ရှားပြီး အနီရောင် အသည်းလေးတွေကို ပို့ပေးကြပါဦး၊ ကျေးဇူးပါ ညီအစ်ကိုတို့!" သရဲက ညည်းဆိုလိုက်၏။ ~ သွေးရဲရဲတွေက နံရံကို နီရဲစေတယ် ~ ~ အမေ့ခေါင်းက ကုတင်အောက်ကို လိမ့်ကျသွားပြီ ~ စင်္ကြံတစ်လျှောက် ခေါင်းတစ်လုံးက ခုန်ပေါက်နေပုံရသည်။ ဟိုင်ရိ၏ နားကြပ်ထဲမှ အသံတစ်ခု ကြားလိုက်ရပြန်၏။ "ကျေးဇူးပါ 'ငါက မင်းအဖေလွှတ်လိုက်တဲ့ မိုးခွင်းမြှားပဲ' ကောင်းတယ် အဖေ" ( TN - ငါက မင်းအဖေလွှတ်လိုက်တဲ့ မိုးခွင်းမြှားပဲ* က အကောင့်နာမည်ပါ ) သရဲက သူ့တံခါးကို ဖွဖွလေး ခေါက်လိုက်သည်။ ဟိုင်ရိသည် ဖန်သားပြင်ပေါ်တွင် လက်နှစ်ချောင်းဖြင့် ခေါက်လိုက်သည်။ ကမ္ဘာပျက်မည့်သဖွယ် အသည်းလေးများစွာကို ရူးရူးမိုက်မိုက် ပို့နေ၏။ တံခါးက မလှုပ်ပေ။ ထိုခေါင်းသည် ဟိုင်ရိ၏ တံခါးရှေ့တွင် အကြိမ်အနည်းငယ် ခုန်ပေါက်သွား၏။ တံခါးအပေါက်ရာ အလင်းရောင်ကြားမှ မျက်လုံးတစ်လုံး ပေါ်လာပြီး အခန်းထဲသို့ ချောင်းကြည့်လာသည်။ ဟိုင်ရိသည် စောင်ဖြင့် သူ့ကိုယ်သူ ဖုံးကွယ်လိုက်၏။ နားကြပ်ထဲမှ streamer ၏ အသံက ထွက်ပေါ်လာပြန်သည်။ "အသည်းလေးတွေအတွက် 'နံပါတ် ၁၊ အထောက်အပံ့မရှိ' ကို အထူးကျေးဇူးတင်ပါတယ်... မင်း ဟက်ခ်(hack) သုံးနေတာလား... မင်း အရမ်းမြန်မြန် နိုပ်နေတာပဲ 'နံပါတ် ၁၊ အထောက်အပံ့မရှိ'... မင်း ဘယ်ခရိုင်ကလဲ" ဟိုင်ရိက ရိုက်ထည့်လိုက်သည်။ < မြောက်ပိုင်း ဟွား ၉ > streamer : "အိုက်ယား၊ မဝေးပါဘူး။ ကျွန်တော်က မြောက်ပိုင်း ဟွား ၇ မှာပါ။ ခင်ဗျားကို follow လုပ်ထားပြီးပြီ၊ အားတဲ့အခါ တစ်ခါလောက် ထမင်းအတူစားကြတာပေါ့" ဟိုင်ရိသည် ဤ account တွင် ဗီဒီယို တစ်ခုမျှ မတင်ရသေးသော်လည်း ထို streamer သည် သူ၏ ပထမဆုံး follower ဖြစ်၏။ < ဟုတ်ပြီ > ပြန်ဖြေလိုက်ပြီး တံခါးမှ အသံကို နားထောင်ရန် အနားကပ်သွား၏။ ကလေးသီချင်းသံသည် အလွန်ဝေးကွာသော နေရာတွင်ရှိနေပြီး သူ့တံခါးဝတွင် မရှိတော့ပေ။ သူ့နားကြပ်ထဲတွင် streamer က အော်ဟစ်နေလေသည်။ "ညီအစ်ကိုတွေဝင်လာပြီ၊ ဒီ streamer လေးကို follow လုပ်ပေးကြပါဦး!" ___ ဘာသာပြန်သူတွင် ပြောစရာရှိသည် : ဒီအပိုင်းမှာတော့ အားလုံးရဲ့ ကာရိုက်တာတွေကို ‌ဖော်ပြသွားခဲ့ပြီးပါပြီ။


ဖျင်ကျယ့် : ကွယ်လွန်သူ၏ခင်ပွန်း၊ ဗိုလ်ချုပ် ဟိုင်ရိ : ကျင်းထျန် - ကွယ်လွန်သူ၏ချစ်သူ ရှန့်ချန့်ယန် : ရှင့်ဇီ - ကွယ်လွန်သူ၏သမီး ရှန်းရှင့် : မိသားစု အိမ်အကူ ရွှယ်ချွမ်း : ကိုယ်လုပ်တော်သခင်မလေး ( ကွယ်လွန်သူခင်ပွန်း၏ ဒုတိယဇနီး ) ချန်ဇယ် : ရှင့်ဇီနှင့် စေ့စပ်ထားသူ ဖုယွမ် : သတင်းထောက်

---

ဒီမှာ လိင်ကွဲနေတာကတော့ ချန်ဇယ်နဲ့ ရှန့်ချန့်ယန်ပါ ရှန့်ချန့်ယန်ကတော့ ရှင့်ဇီဆိုတဲ့ ကောင်မလေးကို ရွေးထားတာပါ ချန်ဇယ်က တကယ်တမ်း မိန်းကလေးဖြစ်ပြီး ဒီဇာတ်ညွှန်းထဲက ဇာတ်ကောင်ကတော့ ယောက်ျားလေးပါ


🌟🌟🌟