အခန်း (၁၄) အတိတ်ဘဝ
ရှန့်ဖေးယင် အမှတ်မိဆုံးအပိုင်းကတော့ အခုလို နွေရာသီမျိုးပင်။ ပူပြင်းတောက်လောင်နေတဲ့ နေလုံးကြီးက မြေကြီးကို လောင်မြိုက်တော့မတတ် တောက်လောင်ကျွမ်းနေ၏။ သူမက ရှင်းထိုင် စီရင်စုရှေ့တွင် မတ်တပ်ရပ်ကာ ပူးပြင်းတောက်လောင်နေတဲ့ နေရောင်အောက်မှာ သုံးရက်ဆက်တိုက်ကြာတဲ့အထိ မြို့တံခါးမှာ နေခြောက်လှမ်း ချိတ်ဆွဲထားတဲ့ သူမ ဖခင်ဖြစ်သူရဲ့ ရုပ်အလောင်းကို ကြည့်ရှုနေခဲ့တာပင်။ သူမ အဖေရဲ့ကျန်ရှိတဲ့ ရုပ်ကြွင်းကိုတောင် စုဆောင်းခွင့် သူမမှာ မရရှိခဲ့ဘူး။
ရှန့်ဖေးယင်ရဲ့ ဖခင်ဖြစ်သူ သေဆုံးခြင်းက နွေရာသီရဲ့ စိတ်ပျက်အားငယ်မှုတို့နှင့်အတူ ပြည့်နှက်နေခဲ့သည်။ ဆွေမျိုးသားချင်းတွေထံမှ အရှက်ရမှုကို လက်ခံနိုင်စွမ်းမရှိတော့တဲ့နောက်မှာ သူမအမေက သူမဖခင်ရဲ့ စာကြည့်ခန်းထဲမှာ သူမကိုယ်သူမ ကြိုးဆွဲချသတ်သေသွားခဲ့တယ်။ သူမမိသားစု ပျက်ဆီးသွားခဲ့ပြီးတော့ သူမက အိမ်ခြေရာမဲ့ ဖြစ်ခဲ့ရတယ်။ အဲဒီနောက်မှာတော့ သူမက ချမ်းသာတဲ့ ဒုတိယမျိုးဆက်တွေထံကနေ အဓမ္မပြုကျင့်ခံရပြီးတော့ အရှက်ခွဲခံရပြီး အဲဒီနောက် သူမ သူမအသက်ကိုပါ စွန့်လွှတ်လိုက်ခဲ့ရတာပဲ......
သူမ အသက် ၁၃ နှစ်မှာ ပြန်လည် မွေးဖွားလာခဲ့တယ်။ သူမ သူမရဲ့ ကိုယ်ပိုင်အာဏာကို မြှင့်တင်ဖို့ နှစ်နှစ်လောက် အချိန်ယူခဲ့ပေမယ့် မလုံလောက်သေးဘူး။ လုံလောက်တာနဲ့ အဝေးကြီးလိုသေးတယ်။
သူမမိသားစုကို နောက်တစ်ကြိမ် ပျက်ဆီးခြင်း မဆိုက်ရောက်ရအောင် တားဆီးနိုင်ဖို့အတွက် ရှန်းအိမ်တော်ကို သူမ သေချာပေါက် ဖျက်ဆီးပစ်ရမယ်.. ရှန်းရှောင်က သူမအဖေကို ချောက်ချဖို့ အခွင့်အရေးမပေးစေရဘူး။ ဒါပေမဲ့ ရှန်းရှောင်က စစ်တပ်ကို အုပ်ချုပ်ခွင့်ရထားတဲ့ ဩဇာအာဏာနဲ့ အဆင့်အတန်းတစ်ခု ရှိသူဖြစ်နေတယ်။ သူမ ဘယ်လိုလုပ်ပြီးတော့ သူ့ကို ဆန့်ကျင်တိုက်ခိုက်နိုင်မှာလဲ။
တစ်ခုတည်းသော နည်းလမ်းကတော့ အဲဒီကောက်ရိုးအိတ်မကနေတစ်ဆင့် ဖြတ်ကျော်လိုက်တာပင်။
လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရှန်းဖျင်လက်ဖက်ရည်ဆိုင် ဖွင့်ပွဲမှာတုန်းက မင်းသား(၉) အပေါ် ထားတဲ့ ရှန်းကျီးချောင်ရဲ့ သဘောထားကို ရှန်းဖေးယင် ပြန်အမှတ်ရလိုက်ပြီးတော့ သူမ စိတ်အနှောင့်အယှက် မဖြစ်ဘဲ မနေနိုင်တော့ပေ။ အဲဒီနေ့ကစပြီးတော့ သူမက ဝေးကွာသွားသလိုပဲ။ ဘာကြောင့်လဲဆိုတာ သူမ မပြောနိုင်ပေမယ့် ဒီပြောင်းလဲမှုက လျစ်လျူရှုလို့ မရလောက်အောင် သိသာနေတယ်။
အဲဒီအပြင် သူမရဲ့ ကံကြမ္မာကို မပြောင်းလဲနိုင်တော့မှာကို သူမ ကြောက်ရွံ့မိတယ်။ တကယ်လို့ ရှန်းကျီးချောင်က သူမရဲ့အရင်ဘဝတုန်းကလိုပဲဆိုရင်တော့ ရှန်းရှောင်ရဲ့အကူအညီနဲ့ သူမက မင်းသား(၉) နဲ့ လက်ထပ်လိမ့်မယ်။ ဒါဆိုရင် ရှန့်မိသားစုက ရှန်းရှောင် နောက်တစ်ကြိမ် ဖျက်ဆီးတာကို ခံရတော့မှာ မဟုတ်ဘူးလား။ အဲဒီနောက်မှာ သူမအဖေရဲ့အလောင်းကို နေရောင်အောက်မှာ သုံးရက်ကြာတဲ့အထိ အလှန်းခံထားရဦးမှာပဲ မလား။
ထိုနေရာအထိ တွေးတောလိုက်ရင်း ရှန်းဖေးယင် ကောင်းကောင်းပင် မထိုင်နိုင်တော့ပေ။ သူမ ရုတ်ခြည်းပင် မတ်တပ် ထရပ်လိုက်တော့သည်။
ဒီဘဝမှာ သူမက သူမကိုယ်သူမ ပြောင်းလဲဖို့အတွက် ဘာလို့ခက်ခက်ခဲခဲ ကြိုးစားခဲ့တာဖြစ်မလဲ? သူမက ဘာလို့ မင်းသား(၉)ကို ချဉ်းကပ်ဖို့ ရည်ရွယ်ချက်ရှိရှိ ကြိုးစားခဲ့ရတာလဲ? ဘယ်လိုပဲဖြစ်နေပါစေ ရှန်းရှောင် နဲ့ ထျန်အိမ်တော်ကို မဟာမိတ်ဖွဲ့ဖို့ ခွင့်မပြုနိုင်ဘူး အထူးသဖြင့် လက်ထပ်ထိမ်းမြားမှု တစ်ခုကြောင့်နဲ့ပေါ့။
"တတိယသခင်မလေး တတိယသခင်မလေး!" အစေခံမိန်းကလေးက စိုးရိမ်တကြီး ပြေးဝင်လာလိုက်တယ်။
"ဘာကိစ္စလဲ?" ရှန်းဖေးယင် အသက် ပြင်းပြင်းရှူရှိုက်လိုက်ကာ ရုတ်ခြည်းပေါ်ပေါက်လာတဲ့ သူမရဲ့ ဒေါသအရှိန်ကို ထိန်းချုပ်လိုက်တယ်။
အစေခံမိန်းကလေးက လှမ်းဝင်လာပြီး လေသံတိုးတိုးနဲ့ ပြောလာလိုက်တယ်။ "အိမ်တော်ထိန်းလီ ရောက်လာတယ် သခင်မလေးကို ဧည့်ခန်းထဲမှာ စောင့်နေပါတယ်"
ရှန့်ဖေးယင်ရဲ့ မျက်လုံးတွေက အေးစက်သွားလိုက်ပြီး သူမက တည်ငြိမ်စွာ အခန်းပြင်ကို ထွက်လိုက်တယ်။ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း သူမ မရေတွက်မနိုင်တဲ့ လူယုံတော်တွေကို လက် သပ်မွေးခဲ့ပြီး လီရှင်းနျန်က ၎င်းတို့ထဲမှ တစ်ဦးဖြစ်၏။
"တတိယသခင်မလေး"
လီရှင်းနျန်က အသက်နှစ်ဆယ်ခန့်ရှိပြီး ယောက်ျားပီသချောမောသူတစ်ယောက်ဖြစ်တယ်။ ရှန့်ဖေးယင်ရဲ့ သေးသွယ်ပြီး ကျက်သရေရှိတဲ့ ခန္ဓာကိုယ်ကို မြင်လိုက်သည့်အခိုက်တန့်မှာတော့ သူ့ရဲ့ နှစ်သက်မြတ်နိုးမှုနှင့် ချစ်ခြင်းတရားတွေပါဝင်တဲ့ အကြည့်ကို ဖုံးကွယ်ထားဖို့ မကြိုးစားခဲ့ပေ။
"ဘာများဖြစ်လို့လဲ?" ရှန်းဖေးယင်က ခပ်ဖျော့ဖျော့ပြုံးကာ နူးညံ့သိမ်မွေ့စွာ မေးလိုက်တယ်။
လီရှန်းနျန်က ညင်သာသိမ်မွေ့တဲ့အသံနဲ့ ပြောလာလိုက်တယ်။ "ရှန်းအိမ်တော်ရဲ့ သခင်မကြီးက သခင်မလျိုဆီကို အလည်အပတ် သွားခဲ့တယ်"
ထိုအမျိုးသားရဲ့ ချစ်မြတ်နိုးတွယ်တာနေတဲ့ အကြည့်နှင့် ပတ်သက်လို့ ရှန်းဖေးယင် ကျင့်သားရနေပြီဖြစ်တယ်။ သူ့ရဲ့စကားကြောင့် သူမမျက်ခွံတွေ တွန့်ကွေးသွားတယ်။
"ဘယ်က သခင်မလျိုလဲ"
"ချင်းထုန်တောင်ကြားက လျိုအိမ်တော်ဖြစ်တဲ့ လက်ထောက်အမတ်ကြီးရဲ့ ဇနီးဖြစ်သူပါ"
ရှန့်ဖေးယင်ရဲ့ မျက်နှာထားက အနည်းငယ် ပျက်ယွင်းသွားပြီး သူမ မျက်လုံးတွေကို ဖြည်းညင်းစွာ မှိတ်ချလိုက်တယ်။
လျိုအိမ်တော်... လက်ထောက်အမတ်ကြီးလျိုက ရှေ့နှစ်ဆို အခွန်အမတ်ကြီးအဖြစ် ရာထူးတိုးမြှင့်ခံရတော့မှာ။ ဒီနှစ်ကုန်မှာ သူ့ညီမဖြစ်သူက ရှန်းရှောင် နဲ့ လက်ထပ်လိုက်မယ်ဆိုရင် ရှန်းအိမ်တော်နဲ့ ဆက်ဆံရေး စရှိလာတော့မှာပဲ။
"ကျွန်မ သိပြီ" သူမရဲ့ တိုးလျှတဲ့ အသံ ထွက်ပေါ်လာတယ်။ "သူတို့တွေ ဘယ်မှာတွေ့တာလဲ၊ ဘာတွေပြောခဲ့ကြတာလဲ"
"သခင်မလျိုက ရှန်းအိမ်တော်ကို ကိုယ်တိုင်ကိုယ်ကျ သွားခဲ့တာ ဒါပေမယ့် သူတို့တွေ ပြောဆိုခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့က... ဒါက..." သူက ဘယ်ကနေ စကားစပြောရမှန်းမသိစွာနဲ့ တုံ့ဆိုင်းနေခဲ့တယ်...
"ရှင် အခု ပြန်လို့ရပြီ" ရှန်းဖေးယင် သူမနဖူးကို ပွတ်သပ်လိုက်ပြီး သူမ အသံက အတော်ကို ပင်ပန်းနွမ်းနယ်နေတဲ့ ပုံပေါ်နေခဲ့တယ်။
"တတိယသခင်မလေး?" လီရှင်းနျန်က သူမအား စိုးရိမ်ပူပန်စွာ စိုက်ကြည့်လိုက်တယ်။
ရှန့်ဖေးယင်က သူမလက်ကို ဝှေ့ယမ်းကာပဲ ပြောလိုက်တယ်။ "ရှင် သွားလို့ရပြီ"
လီရှင်းနျန်က လက်လျော့လိုက်ကာ ကူကယ်ရာမဲ့စွာ ထွက်သွားခဲ့တော့တယ်။
ရှန်းရှောင်ကို လျိုသခင်မလေးနဲ့ လက်ထပ်ခွင့်ပေးစေလို့မရဘူးပဲ!
"ငါ ရှန်းအိမ်တော်ဆီ သွားလည်မယ်" ရှန့်ဖေးယင်က သူမရဲ့အစေခံမိန်းကလေးကို အပြင်မထွက်မီ မြင်းရထားကို အဆင်သင့်ပြင်ထားစေဖို့ အမိန့်ပေးလိုက်တယ်။
အခုလောလောဆယ်မှာတော့ ရှန်းကျီးချောင်က သခင်မလျိုကနေ ရှန်းသခင်မကြီးကို တွေ့ဖို့ ရောက်လာတယ်ဆိုတာ ဖျင်အာရဲ့ လာသတင်းပို့တာကို နားထောင်နေတာပဲဖြစ်တယ်။
"ဒီတော့ သခင်မကြီးက ငါ့အတွက် မိထွေးရှာဖို့ ကြိုးစားနေတာပေါ့" ရှန်းကျီးချောင်က အလွှာပါးစ ဝတ်ရုံကို ၀တ်ဆင်ထားပြီး အနွေးခုတင် ပေါ်မှာ သူမရဲ့ခြေလက်တွေကို ဖြန့်ကားလျက် လဲလျောင်းနေခဲ့တယ်။
ရှန်းကျီးချောင်က ယဉ်ကျေးသိမ်မွေ့တဲ့ ဟန်အမူအရာဖြင့် ပြောဆိုခြင်းမျိုး မိန်းမပျိုလေးလို ပြုမူခြင်းမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးပေ။ အစေခံတွေအနေနဲ့ ဒီလိုမျိုးကို ကျင့်သားရနေကြတာဖြစ်တယ်။ ဖျင်အာက ဒါကို ကြားလိုက်တော့ သူမက ပြောလိုက်တယ်။ "ကြားရတာတော့ သခင်မလေးလျိုက နူးညံ့သိမ်မွေ့ပြီးတော့ ထက်ထက်မြက်မြက်ရှိလှတဲ့ နွေးထွေးပျူငှာတဲ့ အမျိုးသမီးတစ်ယောက်တဲ့"
ဒီအကြောင်းကို သူမ သိပါတယ်။ လျိုအိမ်တော်ရဲ့ သခင်မလေးလျိုက အသက်နှစ်ဆယ်ခန့် ရှိနေပြီဖြစ်ပြီးတော့ သူမက အရမ်းကို ဇီဇာကြောင်နိုင်တဲ့သူပဲ။ ဒါကြောင့်မို့ သူမက အခုချိန်အထိ အိမ်ထောင်မပြုရသေးတာပဲ။ သူမရဲ့ လက်ထက်ပွဲ ပျက်သွားမှာ ဘယ်လောက် နှမြောဖို့ကောင်းလဲ။ အဲဒါက ရှန်းရှောင်ရဲ့ သူ့သမီးဖြစ်သူရဲ့ ခံစားချက်ကို ထည့်သွင်းစဉ်းစားတာကြောင့် မဟုတ်ဘဲ ရှန့်ဖေးယင်က ပွဲပျက်အောင်လုပ်လိုက်တာကြောင့်ပဲဖြစ်တယ်။
တကယ်လို့ ရှန်းဖေးယင်ကို ဒီလက်ထက်ပွဲကို နောက်တစ်ခါ ဖျက်ဆီးခွင့်ပေးလိုက်မယ်ဆိုရင် ဒီအရံအမျိုးသမီးဇာတ်လိုက်က အရမ်းတုံးအပြီးတော့ ရှုးမိုက်ရာကျလွန်းတာပဲ။ တကယ်လို့ သူမက ဇာတ်လိုက်မင်းသမီးရဲ့ ကိစ္စတွေကို ဖျက်လို့ဖျက်ဆီး မလုပ်ပစ်ဘူးဆိုရင် အရန်အမျိုးသမီး ဇာတ်ကောင် တစ်ယောက်ရဲ့ အကျင့်စရိုက်နဲ့ ဘယ်ကိုက်ညီနိုင်ပါ့မလဲ။
ရှန်းကျီးချောင်ရဲ့ မျက်နှာပေါ်က ထူးဆန်းတဲ့ အပြုံးကို ဖျင်အာက မြင်သွားတော့ သူမ ဟုန်ယွီနဲ့ အကြည့်ချင်းဖလှယ်လိုက်ပြီး သူမတို့ရဲ့ နှလုံးသားတွေ တထိတ်ထိတ်တုန်ရီသွားသလို ခံစားလိုက်ရတယ်။
"တတိယသခင်မလေး... တတိယသခင်မလေး သခင်မချီက လူတွေကို ထပ်ပြီး လွှတ်လိုက်ပြန်ပြီ။" ဟုန်ရင်က ဟောဟဲလိုက်ကာ အသံတိုးတိုးနဲ့ စကားပြောလိုက်ရင်း ပြေးဝင်လာခဲ့တယ်။
ရှန်းကျီးချောင်က မျက်ခုံးပင့်ကာ မေးလိုက်တယ် "ဘယ်သူက ဒီကိုလာတာ"
"ပြီးခဲ့တဲ့ ရက်က သခင်မချီရဲ့ မားမားထဲက တစ်ယောက်က အောင်သွယ်ဖို့အတွက် သခင်မလေးရဲ့ မွေးနေ့ဇာတာခွင်ကို ယူဖို့ရောက်လာခဲ့တာ မဟုတ်လား။ သူ ဒီကို ရောက်လာတာ သခင်မလေးရဲ့ ရလဒ်ကို လာပြောပြတာ ဖြစ်နိုင်တယ်" ဟုန်ရင်က သူမ သခင်မလေးကို သတိပေးလိုက်တယ်။
သခင်မချီက ရှန်းကျီးချောင်ကို သူမရဲ့ချွေးမ ဖြစ်စေချင်တာက လျှို့ဝှက်ချက်တစ်ခု မဟုတ်ပေ။
"သူ့ကို ခေါ်လာဖို့ နည်းတစ်ခု ရှာလိုက်" ရှန်းကျီးချောင်က လေသံတိုးတိုးနဲ့ ပြောလိုက်တယ်။
ဟုန်ယွီနှင့် အခြားသူတွေ အံအားသင့် ထိတ်လန့်သွားကြတယ်။ "တတိယသခင်မလေး အဲဒါက ကောင်းမယ်လို ကျွန်မ မထင်ဘူး။"
သူတို့တွေ အားလုံးက ရှန်းကျီးချောင် ထိုလူကို ဆူပူကြိမ်းမောင်းပြီးတော့ ချီအိမ်တော်ရဲ့လူတွေ နောက်ထပ် လာရောက်လည်ပတ်ခြင်းပြုမှာကို ဟန့်တား ချင်နေတယ်လို့ ယုံကြည်နေကြတာဖြစ်တယ်။
"ဘာလို့ မကောင်းရမှာလဲ" ရှန်းကျီးချောင်က သူတို့တွေကို စိတ်ရှုပ်ထွေးစွာနဲ့ စိုက်ကြည့်လိုက်တယ်။
ဟုန်ယွီက ရှန်းကျီးချောင်ကို ချီအိမ်တော်ကလူကို အလွန်ကြမ်းကြမ်းတမ်းတမ်းနည်းလမ်းကို သုံးကာ မောင်းမထုတ်ရန် အကြံပေးတော့မည် လုပ်စဉ်မှာပဲ ချိုင်ဖျင်က အလောတကြီး ပြေးဝင်လာတာကို သူမ မြင်လိုက်ရတယ်။
"တတိယသခင်မလေး သခင်မကြီးက သခင်မလေးကို တာ့အန်းခြံဝင်းကို လာခိုင်းလိုက်ပါတယ်"
'အိုးဟို အဲဒီလောက်တောင်ပဲ တိုက်ဆိုင်နေတာလား'။ ရှန်းကျီးချောင် ပြုံးကာ မတ်တပ်ထရပ်လိုက်သည်။ "သွားကြမယ်!"
ဟုန်ယွီက သူမကို ကမန်းကတန်း တားမြစ်လိုက်တယ်။ "တတိယသခင်မလေး သခင်မလေးရဲ့အဝတ်အစားတွေကို မသွားခင် လဲသွားလိုက်တာကောင်းလိမ့်မယ်"
ရှန်းကျီးချောင် သူမဝတ်ထားတဲ့ ဝတ်စုံကို ပြန်ငုံ့ကြည့်လိုက်တယ်။ သူမက အဝါဖျော့ဖျော့ ချည်အပါး၀တ်ရုံကို ၀တ်ထားတာ။ အရမ်းပူတာကြောင့် သူမ အတွင်းဝတ်ရုံ ခံမဝတ်ထားတာမို့ သူမရဲ့ အနီရောင်အတွင်းခံအင်္ကျီကို ဖျော့ဖျော့ကလေး မြင်နေခဲ့ရတယ်။
ရှေးခေတ်တုန်းကလူတွေက သူမထက်တောင် အဝတ်အစားနည်းနည်းပဲဝတ်တဲ့ သူတွေ ရှိခဲ့တာပဲ......
အဝတ်အစားလဲပြီးတာနဲ့ ရှန်းကျီးချောင် တာ့အန်းခြံဝင်းကို ရောက်လာခဲ့တယ်။
ရှန်းသခင်မကြီးက မဲနယ်အပြာရောင် ၀တ်ဆင်ထားတဲ့ မားမားတစ်ယောက်နှင့် စကားပြောနေခဲ့တယ်။ အဲဒီမားမားက သစ်သားတန်းလျားထိုင်ခုံဘေးတွင် ထိုင်နေပြီး တစ်ချက်ကြည့်လိုက်ရုံနဲ့ သူမက ဖြူဖွေးချောမွတ်တဲ့ အသားအရေရှိပြီး အလွန်ဖော်ဖော်ရွေရွေ ရှိတဲ့ပုံပေါက်တယ်။
မာမားက လှုပ်ရှားလာတဲ့အသံတွေကို ကြားလိုက်၍ သူမခေါင်းကို မော့ကာ လှမ်းကြည့်တော့ အလွန်လှပ ချောမောတဲ့ ရုပ်ရည်ရှိတဲ့ မိန်းကလေးတစ်ဦး ဝင်လာတာကို တွေ့လိုက်ရတယ်။ သူမက ငွေရောင်ဖျော့ဖျော့စကတ်နှင့် အစိမ်းရောင် ရင်ဖုံးအင်္ကျီကို ဝတ်ဆင်ထားတယ်။ ၀တ်စုံရဲ့ အနားကွတ်စကို အစိမ်းရောင်သစ်ရွက်ပုံစံ ပန်းထိုးထားတာကြောင့် သူမကို အလွန်သိမ်မွေ့နူးညံပြီး နုနယ်တဲ့ပုံပေါက်စေတယ်။ သူမက ထူးထူးခြားခြားကို နှစ်သက်ဖွယ်ရာကောင်းလှတယ်။
တကယ်လို့ သူမသာ အကြီးဆုံးသခင်ရဲ့ ဘေးမှာ ရပ်နေမယ်ဆိုရင် သူတို့တွေ တကယ့် စုံတွဲတစ်တွဲလို ပုံစံပေါက်နေလိမ့်မယ်။ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာနဲ့ အခြားအကြောင်းအရာတွေကို နက်နက်နဲနဲ တူးဆွနေဖို့တောင် မလိုအပ်တော့ဘူး။
ရှန်းသခင်မကြီးက ရှန်းကျီးချောင်ကိုတွေ့လိုက်ချိန်မှာ သူမ အပြုံးက ပြေလျော့သွားခဲ့တယ်။ "ဒါက ချီအိမ်တော်ရဲ့ မားမားကုပဲ။ သခင်မချီနဲ့ နင့်အမေက သူငယ်ချင်းဟောင်းတွေမို့လို့ သူက အထူးတလည်အနေနဲ့ မားမားကုကို နင့်အတွက် အဖိုးတန်ပစ္စည်းတစ်ချို့ ယူလာခိုင်းပေးတာ"
ဒီလိုအကြောင်းပြချက်က ဘာမှကို မဆိုင်တာ! ရှန်းကျီးချောင် ပစ္စည်းတွေကို လက်ခံယူလိုက်ကာ သူမဘေးက ကုလားထိုင်ပေါ်တွင် ဝင်ထိုင်ကာ ပြုံးလိုက်တယ်။
မားမားကုက ရှန်းကျီးချောင်ကို အကဲခတ်လေ့လာလိုက်ပြီး ပိုပိုပြီးတော့တောင် သဘောကျသွားတယ်။ "တတိယသခင်မလေးက တကယ့်အလှပဂေးပဲ"
" ချီးမွမ်းပေးတဲ့အတွက် မားမားကုကို ကျေးဇူးတင်ပါတယ်" ရှန်းကျီးချောင် ယဉ်ကျေးပျူငှာစွာ တုံ့ပြန်လိုက်တယ်။ "သခင်မချီက တကယ်ကို ဒီလိုတွေအထိ စဉ်းစားပေးတတ်တာပဲ။ သူက ကျွန်မအတွက် ထူးထူးဆန်းဆန်းပစ္စည်းတွေ ရှားပါးပစ္စည်းတွေကို ပေးဖို့ မမေ့ခဲ့ဘူးပဲ။ မားမားကု ကျေးဇူးပြုပြီးတော့ ကျွန်မကိုယ်စား ကျေးဇူးတင်ပါတယ်လို့ ပြောပေးပါ"
'သခင်မချီ နဲ့ ရှန်းကျီးချောင်ရဲ့ အမေတို့က တစ်ယောက်ကိုတစ်ယောက် တကယ်ပဲ သိကျွမ်း မကျွမ်းဆိုတာ ဘယ်သူက သိနိုင်မှာတဲ့လဲ။'
တကယ်တော့ မားမားကုက ရှန်းကျီးချောင် ဘယ်လိုပုံရှိလဲဆိုတာ လေ့လာဖို့ ရောက်လာခဲ့တာပဲ။
"ဒီအစေခံက တတိယသခင်မလေးရဲ့ စကားကို သေချာပေါက် ပြန်ပြောပေးလိုက်ပါ့မယ်" ဒီစကားကိုပြောရင်း သူမက ရှန်းသခင်မကြီးဘက်ကို လှည့်ကာ ပြောလိုက်တယ်။ "သခင်မကြီးက သူ့ကို ကောင်းကောင်းမွန်မွန် သင်ကြားပေးထားတာပဲ။ မြေးတွေအားလုံးက အကျင့်စာရိတ္တ ကောင်းမွန်ပြီး နန်းမြို့တော်မှာ ဒီလောက် ချစ်စရာကောင်းတဲ့ သခင်မလေးမျိုးကို ဘယ်သူမှ ရှာမတွေ့နိုင်လောက်ဘူး"
ရှန်းသခင်မကြီးက ရှန်းကျီးချောင်ကို လှမ်းကြည့်လိုက်ပြီး ဒီကောင်မလေးက ထူးထူးဆန်းဆန်း မိန်းမပျိုလေးတစ်ယောက်လို ထောင်ကျကျ ပြားကျကျ အမူအရာပိုလွန်းနေပါလားလို့ တွေးတောမိလိုက်တယ်။
The End