Ch-5
Viewers 96


    စူးယွင်မှ အပြင်ထွက်လမ်းလျှောက်သည်နှင့် တစ်စုံတစ်ခုအားနားထောင်နေကြသည့်ပုံပေါ်သော စု‌ေဝး‌ေနကြသည့်လူအုပ်ကြီးကိုသတိပြုမိလိုက်၏။




  သူမသည်လမ်းမျက်စောင်းထိုးမှဆိုင်တစ်ဆိုင်ဆီ ချဉ်းကပ်ကာ မည်သည်တို့ဖြစ်နေသည်အားသိရရန် နားစွင့်လိုက်သည်။




  သူမရှေ့တွင်တော့ ပန်းထိုးစကပ်ရှည်တစ်ထည်အားဝတ်ဆင်၍ ဆံထိုးတစ်ချောင်းထိုးထားသော ဆိုင်ရှင်အမျိုးသမီးတစ်ဦးက မတ်တပ်ရပ်နေကာ သူမသည်ချုံဆမ်းမကောင်းကြောင်းများအား ပြောဆိုနေ၏။




  "လူတိုင်းက ချန်းရှီလမ်းမပေါ်မှာမကြာ‌ေသးခင်ကမှ ဖွင့်ထားတဲ့ ဝမ်ကောလို့ခေါ်တဲ့အမျိုးသမီးအဝတ်အစားသီးသန့်ဆိုင်အသစ်ကို သိထားကြမယ်လို့ ကျွန်မထင်ပါတယ်"




  "ဆိုင်ထဲကအဝတ်တွေကိုခေါ်တာက....."




  ဆိုင်ရှင်မှာ တစ်စက္ကန့်မျှရပ်တန့်ကာ သူမ၏အစေခံမှဝင်ထောက်ပေးရန် စောင့်နေလေ၏။




  "ချုံဆမ်းတွေပါ"




  "ဪ ဟုတ်သားပဲ ချုံဆမ်းတွေ"




  ဆိုင်ရှင်မှာ သူမ၏အစေခံအား ကျေနပ်သောအကြည့်တစ်ချက်ဖြင့်ကြည့်ပြီးနောက် သူမလက်များအား လက်ခုပ်တီးကာဆက်ပြောလာသည်။




  "စကပ်ခွဲကြောင်းက အရမ်းကျယ်ပြီး အသားအရေကိုအရမ်းဖော်ပြလွန်းတယ်။အဲ့ဒါက အဆင့်အတန်းနိမ့်ကျပြီး အမြင်မတင့်တယ်စေဘူးမလား"




  "ဂုဏ်သိဏ္ခာရှိတဲ့ မိန်းမငယ်လေးတွေအနေနဲ့ မြင့်မြတ်တဲ့မိသားစုတွေက အမျိုးသမီး‌ေတွရဲ့ဂုဏ်အသ‌ေရကို ပြသနိုင်တဲ့ သပ်ရပ်ပြီးကျက်သရေရှိတဲ့အဝတ်အစားတွေကိုပဲ ကျွန်မတို့ကဝတ်ဆင်သင့်တာလေ"




  "ကျွန်မအမြင်တော့ အဲ့လိုအဝတ်အစားမျိုး‌ေတွက ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းမှာပေါ်မလာခင်အထိ တောသူမတွေကလွဲပြီး ဘယ်သူမှဝတ်ကြမယ်မထင်ဘူး"




  ဆိုင်ရှင်မှာ ဖြောင့်မတ်မှုဒေါသဖြင့်ပြောနေရင်း ပိုမိုစိတ်အားထက်သန်လာကာ သူမခါးမှလက်ကိုင်ပုဝါတစ်ထည်အား ဆွဲထုတ်လိုက်ပြီး ပုဝါအားခါယမ်း၍ သူမကဲ့သို့ ဝမ်ကောအပေါ်ဆဲဆ်ိုရာတွင် လူအုပ်ကြီးအားပါဝင်လာရန်ဦးဆောင်ကာ ဆိုင်အားချနင်းဖို့ အဆင်သင့်ဖြစ်နေတော့သည်။




  ပတ်ဝန်းကျင်ရှိမြို့နေပြည်သူများမှာလည်း သူမ၏အပြောအား စိတ်မပျက်ခဲ့ကြပဲ သူမနှင့်စိတ်အားထက်သန်စွာ ထောက်ခံနေကြတော့၏။




  "ဟုတ်တယ် ကျွန်မလည်းအမျိုးသမီးတွေက ဒီလိုအကျင့်ပျက်တဲ့အဝတ်အစားတွေကို မဝတ်ပဲ သပ်သပ်ရပ်ရပ်ဝတ်စားသင့်တယ်လို့ တွေးမိတယ်"




  "အမှန်ပဲ လက်ရှိအဲ့လူတွေကြည့် ကြည့်လိုက် သူတို့ဆီမှာ မြင့်မြတ်တဲ့မိန်းမငယ်တစ်ယောက်ရဲ့ အသရေမျိုးကိုရှိမနေတာ"




  "ကျွန်မကတော့ ဝမ်ကောကကောင်းမွန်တဲ့ စီးပွားရေးတစ်ခုလုပ်နေတယ်လို့တောင် မထင်မိပါဘူး"




  "သဘောတူတယ် ထောက်ခံတယ်"




  လူအုပ်ကြီးမှအသံများမှာ အလွန်ကျယ်လောင်လှပြီး စူးယွင်သည် သူတို့နှင့် စကားများငြင်းခုံမနေချင်ရာ သူမဆိုင်ဆီတိတ်တဆိတ် လစ်ထွက်လာလိုက်တော့သည်။




  "တံခါးမကြီးကိုအရင်ပိတ်လိုက် ပြီးတော့ နောက်ရက်အနည်းငယ်လောက်အထိ ဆိုင်ကိုခဏပိတ်ထားကြစို့"




  သူမသည်ရှောင်ဟယ်အား တိုးတိုးလေးပြောလိုက်၏။




  ရှောင်ဟယ်မှာသူမ၏လုပ်ရပ်များအား နားမလည်ပေသိ သူမမှာတံခါးမကြီးအား ပိတ်လိုက်သေးသည်။




  သူမသည်ရေနွေးတစ်ပန်းကန်လောင်းထည့်ကာ စူးယွင်ထံကမ်းပေးလိုက်၏။




  "မိန်းကလေးစူး အပြင်မှာဘာတွေဖြစ်နေလို့လဲ"




  စူးယွင်သည် အပြင်ဘက်တွင်ပေါက်ကြားနေသည်တို့ကို ပြန်ပြောပြလိုက်သည်။




  "ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"




  "အဲ့ဒါက လုပ်ငန်းဖော်ဆိုင်ရှင်တစ်ယောက်ဆီက ညံ့ဖျင်းတဲ့ပြိုင်ပွဲတစ်ခုသာသာပါပဲ"




  စူးယွင်သည် အစကထိုသူအားမမှတ်မိခဲ့သော်လည်း သူမပြန်လာချိန်တွင် ထိုပုဂ္ဂိုလ်၏အထောက်အထားအား မှတ်မိလိုက်၏။




  ထိုသူမှာ စူးယွင်ကဲ့သို့ အမျိုးသမီးအဝတ်အစားစီးပွားရေး လုပ်ကိုင်နေသည့် လူသိများသော ချန်ရှီးလမ်းမှဆိုင်ရှင်ပင်။




  ရှောင်ဟယ်သည် စူးယွင်အား ပူပင်မှုဖြင့်ကြည့်လာ၏။




  "ဒါဆိုအခု.....ကျွန်မတို့ဘာလုပ်သင့်လဲ"




  စူးယွင်သည် ထိုင်ခုံပေါ်ပျင်းတိပျင်းရွဲမှီထိုင်ကာ လက်စွပ်အားအသာထိနေသည်။




  "သူတို့ကဝမ်ကောရဲ့ ချုံဆမ်းတွေကို အဆင့်အတန်းနိမ့်ပြီး အသားအရေကို ဖော်ပြလွန်းတယ်ဆိုပြီး ကျိန်ဆဲနေကြမှတော့ ကျွန်မတို့တွေက သိမ်မွေ့ပြီးအဆင့်အတန်းမြင့်တဲ့အပေါ် ချဉ်းကပ်သွားရမယ်။ကျွန်မတို့တွေက ဂုဏ်သရေရှိမိန်းမပျိုလေးတွေကို ပစ်မှတ်ထားပြီး ကျွန်မတို့ရဲ့ဒီဇိုင်းတွေက သူမတို့ကိုကျေနပ်စေမယ်ဆိုရင် သူတို့တွေရဲ့ဝေဖန်မှုတွေက တစ်ခါတည်းနဲ့ ထာဝရနှုတ်ပိတ်သွားကြလိမ့်မယ်"




  သူမသည်ပါးစောင်အား အသာထိုးလိုက်ကာ ဟိုဟိုဒီဒီလှည့်ပတ်ကြည့်နေတော့သည်။နောက်ခဏတွင်တော့ သူမ၏အကြည့်မှာ ချုံဆမ်းပေါ်သက်ဆင်းသွားပြီး အတွေးနက်သွားတော့၏။




  သူမသာဂုဏ်သရေရှိ သခင်မလေးများအား ဆွဲဆောင်ချင်လျှင် ချုံဆမ်းမှာထူးခြားပြီး အမြင်ဖမ်းစားနိုင်ရပေမည်။




  သို့သော် ထိုအရာကိုသူမအနေဖြင့် မည်သို့ရယူနိုင်မည်နည်း။




  သူမသည် တီးတိုးရေရွတ်ရင်း လက်ချောင်းများအား ယှက်၍ဆုပ်ကိုင်ကာ မျက်ခုံးအားပင့်လိုက်သည်။




  "ရိုးရာသွင်ပြင်က အထက်တန်းမြင့်တာကို ကိုယ်စားပြုတယ်။ဒါပေမယ့်ကျွန်မတို့က သဘာဝရဲ့အစိတ်အပိုင်းတွေကို ပေါင်းစပ်လိုက်မယ်ဆိုရင်ရော။အဲ့လိုဆို အမြင်သစ်တစ်ခုလုံးကို ဖွင့်ပေးနိုင်မယ်မဟုတ်လား"




  ထိုအခိုက်မှာပင် မှီငြမ်းစရာအလင်းစလေးတစ်စမှ သူမအတွေးထဲထင်ဟပ်လာ၏။




  စူးယွင်သည် သူမ၏ပစ္စည်းများအား အမြန်စုကာ အဝတ်စအား စားပွဲပေါ်ချ၍ ထူးခြားမှုတစ်ခုခုအားဖန်တီးရန် ပြင်ဆင်လိုက်သည်။




  အချိန်မှာ ငြင်သာစွာဖြတ်သန်းသွားပြီးငါးရက်တာမှာ မကြာခင်ပင်ကုန်ဆုံးသွားခဲ့၏။




  စူးယွင်သည် အဝတ်စင်ဘေးရပ်ကာ သူမမျက်လုံးများအားပင့်၍ ရှောင်ဟယ်အားမေးလိုက်သည်။




  "မင်းဘယ်လိုထင်လဲ"




  ရှောင်ဟယ်၏မျက်လုံးများမှာ သူမရှေ့ရှိချုံဆမ်းပေါ် သက်ဆင်းနေ၏။သမင်ပြောက်နှစ်ကောင် မတ်တပ်ရပ်နေဟန်၏ အနုစိတ်ပန်းထိုးထည်ပင်။သူတို့၏ ချွန်မြသောချိုများမှာ အသာထိခတ်နေကြပြီး သူတို့၏အနက်ရောင် မျက်လုံးများမှာ အသက်ဝင်တောက်ပနေရာ သူတို့၏အကြည့်မှတစ်ဆင့် ဆက်သွယ်နေသည့်အလားပင်။သူတို့၏ကိုယ်ထည်များမှာ သိမ်မွေ့ကာသွယ်လျနေပြီး အညိုနုနုသားမွှေးများထက် ဆီးပန်းပွင့်နှင့် သဏ္ဍာန်တူသော အဖြူရောင်အစက်များဖြင့် တန်ဆာဆင်ကာ ထူးခြားသောအလှတရားတစ်ရပ်အား ပေးစွမ်းနေတော့သည်။




  ချုံဆမ်း၏ကျန်အပိုင်းမှာ သူ၏မူလရိုးရာပုံစံအတိုင်း ဆက်ထိန်းထားပြီး အထက်တန်းဆန်မှုနှင့် သဘာဝ၏အစိတ်အပိုင်းတို့ကို ရောယှက်ကာ သစ်လွင်သောသွင်ပြင်သစ်တစ်ရပ်အား ဖန်တီးနေ၏။




  ရှောင်ဟယ်၏မျက်လုံးများမှာ အံ့အားသင့်မှုတို့ဖြင့် ပြူးကျယ်လာကာ သူမပါးစပ်မှလည်း အရူးအမူးချီးကျူးနေတော့သည်။




  "ဒါကအရမ်းလှပတာပဲ။ဒီဝတ်စုံကအသက်ရှုမှားစေနိုင်လောက်တယ်"




  "မိန်းကလေးစူး သမင်ပြောက်ကိုသုံးဖို့အကြံက ဘယ်လိုများရလာတာလဲ"




  ရှောင်ဟယ်၏ထောက်ခံမှုအား ကြားသော် စူးယွင်၏နှုတ်ခမ်းများမှာ အသာကွေးတက်သွားရင်း သူမနားနောက်ရှိ လွတ်နေသောဆံစတို့ကို အသာသပ်တင်လိုက်၏။




  "သမင်ပြောက်က ကြွယ်ဝချမ်းသာမှုနဲ့ အသက်ရှည်မှု နှစ်ရပ်လုံးကို ကိုယ်စားပြုတယ်"




  "ဂုဏ်ရှိန်မြင့်မားမှုနဲ့မွေးဖွားလာတဲ့ မိန်းမပျိုတွေက ကောင်းချီးတွေနဲ့ ဘွဲ့ထူး‌ေတွ နှစ်ရပ်လုံးကို သဘာဝကျကျ လိုချင်စိတ်ရှိကြမှာပဲလေ ပြီးတော့ သမင်ပြောက်ကလည်း လှပတဲ့အသွင်အပြင်နဲ့ ကျက်သရေရှိတဲ့ကိုယ်နေဟန်ထားရှိနေတော့ သူတို့ရဲ့ကြော့ရှင်းမှု တည်ငြိမ်မှုနဲ့ သန့်စင်တဲ့အလှတရားကို သိမ်သိမ်မွေ့မွေ့လေးပြသနိုင်တာပေါ့"




   "ဒါပေမယ့် ဒီဝတ်စုံက အချိန်နဲ့အားထုတ်မှုအများကြီးယူရမှာ။တစ်ယောက်ယောက်က စိတ်ကြိုက်အမှာတစ်ခုလိုချင်ရင်တောင် အဲ့ဒါကအချိန်အတော်ကြာယူရလိမ့်မယ်"




  ရှောင်ဟယ်မှာ စူးယွင်မှပန်းထိုးရာတွင် မည်ကဲ့သို့နေ့ရောညပါမနားမနေ အလုပ် လုပ်ခဲ့ရသည့်အကြောင်းတွေးကာ စာနာစိတ်ဖြင့်ပြောလိုက်၏။




  "စူးယွင် ရှင်သာဒီအတိုင်းဆက်သွားနေမယ်ဆို ရှင့်ကျန်းမာရေးတော့ ထိတော့မှာပဲ"




  သူမသည် စိုးရိမ်စိတ်ဖြင့် ခေါင်းငုံ့လိုက်သည်။




  သူမသည် ပန်းထိုးထည်၏အလှတရားကိုသာမက နှစ်ပေါင်းများစွာအတွေ့အကြုံမှသာ ဖြစ်လာနိုင်သည့်လိုအပ်သည့်ကျွမ်းကျင်မှုအဆင့်ကိုပါ သတိပြုမိလေ၏။




  "ဒါကကျွန်မဦးတည်နေတဲ့ ရလဒ်အတိအကျပဲ"




  စူးယွင်သည် အပြုံးလေးနှင့်ပြောကာ သူမရှေ့ရှိချီဖောင်အား တည်ငြိမ်စွာစိုက်ကြည့်လိုက်သည်။




  "ရှားပါးတဲ့အရာတွေက တန်ဖိုးအရှိဆုံးပဲ။ဂုဏ်ရှိန်မြင့်တဲ့အမျိုးသမီးတွေက ထူးခြားတဲ့အရာတွေကို နှစ်ခြိုက်ကြတယ်လေ"




  "ကျွန်မတို့က ဝမ်ကောရဲ့လူထုအမြင်ကို တည်ဆောက်ဖို့ပဲလိုတယ်။ပြီးရင် ပစ္စည်းတွေကိုရောင်းဖို့ကြော်ငြာရာမှာ သူတို့နာမည်တွေကိုသုံးရမယ်။ပုံမှန်ချီဖောင်မျိုးတွေကတော့ ထုံးစံအတိုင်းရောင်းကြမယ်"




  ရှောင်ဟယ်မှာ ရှုပ်ထွေးနေဆဲပင်။




  "ကြော်ညာမယ်?"




  "ဟုတ်တယ် အဲ့ဒါကနာမည်ကြီးတွေရဲ့လွှမ်းမိုးမှုပဲ"




  စူးယွင်မှရှင်းပြလိုက်၏။




  "ရှင်းရှင်းပြောရရင် ကျွန်မတို့တွေက ကျွန်မတို့ထုတ်ကုန်တွေရဲ့ တန်ဖိုးကိုသက်သေပြဖို့ သူတို့တွေရဲ့ နာမည်တွေနဲ့ဘွဲ့ထူးတွေကို အသုံးပြုမှာလေ"




  ရှောင်ဟယ်မှာ တစ်ဝက်မျှသာနားလည်သည့်တိုင် ခေါင်းငြိမ့်လိုက်သည်။




  ရှောင်ဟယ်မှ လုံးလုံးနားမလည်သည်ကို တွေ့သော်စူးယွင်သည် သူမလက်အား အမှုမဲ့အမှတ်မဲ့ယမ်းကာ




  "အာ သဘောတရားကို နားလည်ဖို့မလိုပါဘူး"




  "အခုလက်ရှိအရေးကြီးဆုံးတာဝန်က ဝမ်ကောကိုကြော်ငြာဖို့ပဲ"




  စူးယွင်သည် စကား‌ေပြာရင်း အစာသွပ်မုန့်တစ်ပိုင်းကို ယူကာပါးစပ်ထဲပစ်ထည့်လိုက်၏။




  သူမသည် တွေးတောရင်းဝါးနေသည်။




  အီလက်ထရောနစ်နှင့်သက်ဆိုင်သော နည်းပညာမရှိသည့် ရှေးခေတ်ကာလတွင် ဝယ်ယူသူများအားဆွဲဆောင်ရန် အွန်လိုင်းပေါ်၌ ကြော်ငြာထည့်သွင်းခြင်းနှင့် ဗီဒီယိုဖန်တီးရန်နည်းလမ်းမရှိပေ။




  ထို့ကြောင့် အကောင်းဆုံးနည်းလမ်းမှာ လမ်းမများထက် လူသိရှင်ကြားကြော်ငြာဖြန့်ဝေရန် လူများအားခန့်အပ်ရန်ပင်ဖြစ်သည်။




  သို့သော်လည်း....ဝမ်ကောမှာပိုက်ဆံအများကြီးရှိမနေ၍ ပုံမှန်နည်းလမ်းအတိုင်း လူများအားခန့်အပ်သည်မှာ ခက်ခဲနိုင်ပေမည်။




  စူးယွင်သည် မေးထောက်လိုက်ပြီး ပြတင်းပေါက်အပြင်ဆီကြည့်လိုက်မိ၏။




  သူမသည် လမ်းမ၏မျက်စောင်းထိုးရှိလမ်းကြားထဲတွင် အစားအစာတောင်းရမ်းနေသော သူဖုန်းစားလေးတစ်ဦးကိုတွေ့လိုက်ရသည်။




  ဟုတ်သားပဲ!သူဖုန်းစားလေးကို ကြော်ငြာတဲ့ကိစ္စနဲ့ပက်သက်ပြီး ကူညီပေးဖို့ ငါမေးကြည့်နိုင်တာပဲ။သူတို့ကအချိန်အတော်ကြာအောင် ဆာလောင်ခဲ့ရတာဆိုတော့ အများကြီးပြန်တောင်းဆိုကြမှာမဟုတ်ဘူးလေ။




  "ရှောင်ဟယ် အစာသွပ်မုန့်တွေထပ်ဝယ်ခဲ့ပြီး ကျွန်မကိုလမ်း‌မမျက်စောင်းထိုးမှာလာတွေ့လှည့်"




  ပြောပြီးသည်နှင့် စူးယွင်မှာ စားပွဲပေါ်ရှိ အစာသွပ်မုန့်များအားယူ၍ အပြင်ထွက်သွားတော့သည်။




  သူမသည် သူဖုန်းစားလေး၏ရှေ့တွင် ငုံ့ကိုင်းကာ သူ့အားအစာသွပ်မုန့်များ ပေးလိုက်၏။




  "မင်းနည်းနည်းစားကြည့်ချင်လား"