Ch-4
Viewers 94


    ညနေခင်းရောက်သော် နဉ်ကျင်းသည် ဝမ်ကောထံရောက်လာပြီး လက်ဆောင်များအား စားပွဲပေါ်တင်ကာ




  "မင်းရဲ့အောင်မြင်တဲ့ဖွင့်ပွဲအတွက် ဂုဏ်ပြုပါတယ် စူးယွင်"




  "ရှင်ကယဉ်ကျေးလွန်းနေပါပြီ"




  စူးယွင်သည် သူ့အတွက်ရေနွေး‌အချို့ လောင်းထည့်ကာ ပြောလိုက်၏။




  "သခင်လေးနဉ်က ဘာလို့ရောက်လာတာများလဲ"




  "ဒါကကိုယ့်ဆိုင်ပဲလေ အဲ့တော့စူးယွင်ကို ကိုယ်ကငွေအချို့ကူရှာပေးနိုင်ခဲ့လားဆိုတာ သိချင်မိတာထုံးစံပါပဲ"




  နဉ်ကျင်းသည် အဖွဲ့ဝင်စာရင်းအား ပြန်လည်စစ်ဆေးရင်း ကောင်တာတွင်အလုပ် လုပ်နေသည့်ရှောင်ဟယ်အား ကြည့်ကာပြောလိုက်သည်။




  "ရလဒ်ကအတော်‌ေလးကောင်းပုံပဲ"




  စူးယွင်သည် မေးထောက်လိုက်ကာ သူမ၏အသက်ဝင်လှသောမျက်လုံးလေးများမှာ အပြုံးတစ်ခုအသွင် ကွေးတက်သွား၏။




  "ပထမဆုံးရက်ရဲ့ပွဲအခမ်းအနားက အတော်လေးအုံကြွနေလို့သာပဲ မဟုတ်ရင် ဝယ်ယူသူတွေကိုထိန်းသိမ်းဖို့က ခက်ခဲသွားမှာ"




  "စူးယွင်က နှိမ့်ချနေပြန်ပါပြီ"




  နဉ်ကျင်းသည် သူ၏ရေနွေးခွက်နှုတ်ခမ်းအား အသာထိကာ သူ၏အကြည့်များမှာတော့ စူးယွင်ထံကျရောက်နေ၏။




  သူမ၏ ချုံဆမ်းအဖြူရောင်မှာ သူမသွင်ပြင်ကို ပိုမိုသိမ်မွေ့ကာ စွဲမက်ဖွယ်ကောင်းသွားစေသည်။




  "အဲ့တော့ ဒါကရိုးရာချုံဆမ်းပုံစံပေါ့။ဝတ်စုံက မင်းနဲ့အရမ်းလိုက်ဖက်ပါတယ်"




  စူးယွင်မှာ နဉ်ကျင်းသည်လည်း အခြားလူများနည်းတူ ဝတ်စုံအားနှစ်သက်မည်မဟုတ်ဟု တွေးတောကာ မျက်ခုံးအားပင့်လိုက်၏။




  သူမ၏သံသယအား သတိပြုမိသွား၍ဖြစ်နိုင်ကာ သူသည်ရှင်းပြလာ၏။




  "အဝတ်အစားဆိုတာ အပေါ်ယံအလွှာတစ်ထပ်ဖြစ်ရုံပါပဲ။ဝတ်စုံက ကြည့်ကောင်း‌ေနသ၍‌ေတာ့ ပုံစံဆိုတာ အရေးမကြီးပါဘူး။သူ့မှာလည်း သူ့တန်ဖိုးနဲ့သူရှိပါတယ်"




  သူမ၏ မျက်ဝန်းများတွင်းဝယ် လေးစားမှုတို့အပြည့်ဖြင့် စူးယွင်သည် ရေနွေးခွက်အားပင့်မြှောက်၍




  "သခင်လေးနဉ်က အမြင်ကျယ်တာပဲ"




  နဉ်ကျင်းသည် ခပ်ဖွဖွပြုံးကာ ရေနွေးတစ်ငုံအား ငြင်သာစွာသောက်သုံးလိုက်၏။




  စူးယွင်သည် သူ၏တည်ကြည်သောအမူအယာအား ကြည့်နေရင်း အတွေးတစ်ခုမှာသူမစိတ်ထဲ ပုံပေါ်လာခဲ့သည်။




  "သခင်လေးနဉ်"




  "ဟမ်"




  "အဝတ်အစားအသစ်တစ်စုံကို ရှင်စမ်းကြည့်ချင်လား"




  နဉ်ကျင်းသည်မျက်ခုံးအားပင့်လိုက်၏။




  "ကိုယ်ကလား"




  "ကျွန်မကအမျိုးသမီးဝတ်စုံတွေကို အဓိကထားချုပ်လုပ်တာဆိုပေမယ့် အမျိုးသားဝတ်တွေနဲ့ပက်သက်ပြီး တစ်ခု နှစ်ခုလောက်တော့ သိထားပါတယ်။ဝတ်စုံက စစ်မှန်တယ်မဆိုသာပေမယ့် ကျွန်မကြိုးစားကြည့်နိုင်ပါသေးတယ်"




  "ကိစ္စမရှိပါဘူး"




  နဉ်ကျင်းသည် အပြုံးတစ်ခုနှင့် သူ၏ခေါင်းအားငုံ့လိုက်သည်။




  "စမ်းဝတ်ကြည့်ဖို့ကို ကိုယ်အတော်‌ေလးစိတ်ဝင်စားသွားပြီ"




  "ဒါဆို ကျွန်မအခုပဲရှင့်ရဲ့ကိုယ်တိုင်းကိုယူလိုက်မယ်နော်"




  စူးယွင်သည် ပေကြိုးတစ်ခုအားယူလိုက်၏။




  "ဒါပေမယ့် ကျွန်မရှင့်ကိုသတိပေးထားရဦးမယ် ကျွန်မကဒီနောက်ပိုင်း အလုပ်တော်တော်ရှုပ်နေမှာဆိုတော့ ရှင့်ဝတ်စုံအလှည့်က အတော်လေးနောက်ရောက်နေလိမ့်မယ်နော်"




  နဉ်ကျင်းသည် သူ့အတွက် သူမဘာသာအလုပ်များနေသော လူသားလေးထံ ပင့်ကြည့်လိုက်ကာ 




  "အဆင်ပြေပါတယ်"




------------




  တရုတ်ရိုးရာပုံစံချုံဆမ်းအား မိတ်ဆက်ပြီးချိန်မှစ၍ မြို့တော်ထဲရှိ အမျိုးသမီးမြောက်များစွာမှာ သူမတို့၏အလှတရားအား ပေါ်လွင်စေရန် ချုံဆမ်းများအား သူမတို့၏အဝတ်အစားဟောင်းများနေရာတွင် အစားထိုးကာဝတ်ဆင်ခဲ့ကြသည်။




  ရလဒ်အနေဖြင့် ဝမ်ကော၏စီးပွားရေးမှာ နေ့စဉ်မပြတ် လာ‌ေရာက်ကြ‌ေသာ မရေတွက်နိုင်သည့် ဝယ်ယူသူများနှင့်အတူ ကောင်းမွန်သထက် ကောင်းမွန်လာတော့၏။သို့သော်ငြား ထိုဝတ်စုံများအားချုပ်လုပ်နိုင်သည့် စွမ်းရည်မှာ စူးယွင်ထံတွင်ပဲရှိနေသောကြောင့် သူမမှာ ရိုးရိုးလေးပင် အလုပ်ဖြင့်ခြေရှုပ်သွားခဲ့ရတော့သည်။




  ထို့ကြောင့် သူမသည် တစ်နေ့တွင် ဝယ်သူစိတ်ကြိုက်အမှာသုံးခုသာ လက်ခံရန်ဆုံးဖြတ်ခဲ့ပြီး ကျန်အချိန်များအား ရှောင်ဟယ်ကို အချုပ်အလုပ်သင်ရန်အသုံးပြုခဲ့၏။အနာဂတ်၌ သူမတို့ဆီတွင် ရန်ပုံငွေလုံလောက်ခဲ့ပါက ချီဖောင်၏ယဉ်ကျေးမှုကို လက်ဆင့်ကမ်းရန် ပန်းထိုးသမအချို့ခန့်အပ်ဖို့ သူမအစီအစဉ်ဆွဲထားသည်။




  "ချုံဆမ်းချုပ်လုပ်တာက အတော်လေးရိုးရှင်းပါတယ်"




  စူးယွင်သည် ပစ္စည်းပုံလေးအား ဆွဲကာရှောင်ဟယ်အား တစ်ခုချင်းစီ၏အသုံးပြုပုံကို မည်သို့ခွဲခြားရမည်ဆိုသည်အား သင်ပြရင်းပြောလိုက်၏။




  "ကျွန်မတို့တွေက ပုံစံတွေရဲ့အမြင်ပဒဿရှိမှုကို မြှင့်တင်ဖို့ ရွှေချည် ငွေချည်နဲ့ ချည်ရောင်စုံကိုသုံးလေ့ရှိတတ်တယ်"




  သူမသည် မှတ်ခဲတစ်ခုအားကောက်ယူကာ ပန်းတစ်ပွင့်အား ဖြစ်သလို‌ေရးဆွဲလိုက်သည်။




  "ပုံစံတွေကိုပန်းထိုးတဲ့အခါ ဘယ်ကနေစလို့စရမှန်း မင်းအနေနဲ့မသေချာဖြစ်နေရင် မှတ်ခဲကိုအရင်သုံးပြီး ပုံကြမ်းတစ်ခုဆွဲကြည့်နိုင်တယ်"




  ချည်စထက်မှ အဝါရောင်ဆေးခြယ်ထားသည်အားကြည့်ကာ ရှောင်ဟယ်သည် ရှုပ်ထွေးသွားရ၏။




  "ဒီဟာက အထည်ပေါ်မှာ အမြဲတမ်းစွဲမသွားနိုင်ဘူးလား"




  "ဒီလိုမှတ်ခဲမျိုးက သေချာပြုလုပ်ထားတဲ့မှင်နဲ့လုပ်ထားတာဆိုတော့ အပြီးသတ်သွားတဲ့ချီဖောင်ကို အပူချိန်မြင့်မြင့်မှာ ထုတ်ပြလိုက်တာနဲ့ အမှတ်အသားတွေက တန်းပျောက်သွားမှာပါ"




  ရှောင်ဟယ်မှာ နားလည်သွား၍ ခေါင်းငြိမ့်လိုက်သည်။




  သူမနားလည်သွားသည်ကို မြင်သော်စူးယွင်က ဆက်ပြောလာ၏။




  "ကျွန်မတို့က ယေဘုယျအနေနဲ့တော့ ပုံစံတွေရဲ့ ဖောင်းကြွနေမှုနဲ့ ရုပ်လုံးပေါ်မှုကို ပေါ်လွင်နေအောင် ရွှေချည်ထိုးနည်း ကွင်းချိတ်ထိုးနည်းနဲ့ ဆန်စေ့ပုံချည်ထိုးနည်းတွေကို သုံးပြီးသူတို့ကို အသက်ပိုဝင်တဲ့ပုံပေါ်အောင် ချုပ်ရတယ်"




  "အဲ့နည်းတွေနဲ့စပြီးပန်းထိုးတော့မယ်ဆိုရင် ကျွန်မတို့တွေက ဖောင်းကြွဖို့ပဲအဓိကထားပြီး ပထမဆုံးအပြင်ဘက်တန်းကို အရင်ပန်းထိုးတယ်။ပြီးမှ အဓိကနေရာတွေကို အသေးစိတ်ပုံစံတွေနဲ့ အရောင်တွေဖြည့်လိုက်တယ်"




  "ချုပ်ရိုးအတိုင်း မင်းလိုက်ချုပ်နေတုန်းမှာ ဘယ်လိုအမှားမျိုးမဆို ရှိမရှိပြန်စစ်ဆေးဖို့က အရေးအကြီးဆုံးပဲ။ဒါမှသာ လိုအပ်ရင်ပြန်ပြင်ချုပ်နိုင်မှာလေ"




  စူးယွင်သည် သူမခေါင်းအားစောင်းကာ ရှောင်ဟယ်အားကြည့်ရင်း သူမလည်ချောင်းစိုစွတ်စေရန် ရေနွေးတစ်ငုံသောက်လိုက်သည်။




  "တစ်ခါတည်းနဲ့ အများကြီးပြောမိသွားတယ်ဆိုတာ ကျွန်မသိပါတယ်။အဲ့ဒါတွေက မင်းအတွက်နားလည်ဖို့သိပ်များသွားတယ်မလား"




  "ဒီလိုချုပ်နည်းမျိုးက အလျင်လိုလို့မရဘူး။တစ်ကြိမ်မှာ တစ်လှမ်းပဲလှမ်းဖို့လိုတာပါ"




  "စူးယွင် ကျွန်မလက်မထပ်ခင်တုန်းကတော့ အိမ်မှာကျွန်မအမေဆီကနေ အခြေခံအချို့ သင်ခဲ့ရပါတယ်။ဒီအယူအဆပိုင်းဆိုင်ရာရှုထောင့်ကို ကျွန်မနားလည်နိုင်ပေမယ့် အဲ့ဒါပါပဲ....."




  "အဆင်ပြေပါတယ်။ပထမဆုံးပုံစံတွေကို ပန်းထိုးတာကနေစကြတာပေါ့ ပြီးမှ ကျွန်မတို့တွေ ချုံဆမ်းချုပ်တဲ့ဆီသွားကြမယ်"




  "ကောင်းပါပြီ"




------------




  မြို့တော်ရှိရာသီဥတုမှာ ကြည်လင်နေပြီး ကျေးငှက်များမှာလည်း အပြင်ဘက်သစ်ကိုင်းများထက်တွင် မရပ်မနားတေးသီနေကြ၏။




  ရှောင်ဟယ်မှာ အလွန်အရည်အချင်းရှိကာ ရက်အနည်းငယ်အတွင်းမှာပင် ရိုးရှင်းသော ချုံဆမ်းများအား ချုပ်လုပ်နိုင်လေပြီပင်။စူးယွင်မှာ စိတ်ခံစားချက်ကောင်းနေ၍ ရှောင်ဟယ်နှင့် ကောင်းကောင်းကြီးစားသောက်ရန် စားသောက်ဆိုင်မှနေ ဝိုင်နှင့်အစားအစာအချို့ ဝယ်ယူခဲ့၏။




  သူမတို့စားသောက်ပြီးသော် စူးယွင်သည် သူမ၏နဂိုနေရာတွင်ပြန်ထိုင်ကာ ချုံဆမ်းအား ဆက်ပြီးပန်းထိုးနေလိုက်သည်။ရုတ်ချည်းဆိုသလို သူမရှေ့ရှိ အလင်းရောင်မှာ ပိတ်ဆို့သွားပြီး အရိပ်တစ်ခုမှာ ချီဖောင်ပေါ် ကျရောက်လာ၏။




  စူးယွင်မှာ မော့ကြည့်လိုက်ရာ လွန်ခဲ့သည့်ရက်အနည်းငယ်မှ ချီဖောင်တစ်ထည်လာရောက်မှာယူခဲ့သော ဝယ်ယူသူကို တွေ့လိုက်ရသည်။သူမသည် အပြုံးတစ်ပွင့်အား အတင်းထုတ်လိုက်ရပြီး ပြောလိုက်၏။




  "သခင်မလျို့ ရှင့်ရဲ့ချုံဆမ်းကို လာရွေးဖို့ရောက်လာတာလား"




  "ခဏစောင့်ဦးနော် ဝတ်စုံကပြီးသွားပါပြီ"




  "ရှောင်ဟယ် သခင်မလျို့ရဲ့ချုံဆမ်းကို သွားယူချေ"




  စကားများအား အဆုံးပင်မသတ်နိုင်သေးခင် လျို့နျဉ်ဇီ၏လက်မှာ စားပွဲပေါ်ဖိချလိုက်သည်။




  "မဟုတ်ပါဘူး မိန်းကလေးစူး ကျွန်မချုံဆမ်းကို မလိုချင်တော့လို့ပါ"




  "ဘာရယ်"




  စူးယွင်မှာ ထိတ်လန့်သွားခဲ့၏။သူမသည် ပစ္စည်းများအား အောက်ချကာမတ်တပ်ရပ်လိုက်သည်။




  "သခင်မလျို့ ရှင်ကအပ်ချုပ်ခပေးခဲ့ပြီးသားလေ။ပြီးတော့ ချုံဆမ်းကလည်း ပြီးနေပြီ။ရုတ်တရက်ကြီး ရှင်ကဝတ်စုံကိုမလိုချင်တော့ဘူးပြောတာကကျ ဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စပဲလေ"




  "စူးယွင် ဒါကငါ့အမှားမှန်းသိပါတယ်။ပြီးတော့ ငါကချုပ်ခကိုပြန်မယူပါဘူး။အဲ့ဒါကို ဒီအတိုင်းထားခဲ့လိုက်တော့မယ်"




  သခင်မလျို့ကပြန်ဖြေလာ၏။




  "ဒါပေမယ့်...."




  စူးယွင်မှာ စကားအချို့ပြောချင်နေသေးသော်လည်း သခင်မလျို့မှာ လှည့်ထွက်သွားပြီးလေပြီပင်။




  ထားလိုက်ပါတော့ အဲ့ဒါချုံဆမ်းတစ်ထည်ပါပဲလေ




  စူးယွင်သည် သက်ပြင်းချကာ ဝတ်စုံမှာ အမှန်တစ်ကယ်သူ့ကို အသိအမှတ်ပြုသည့် တစ်စုံတစ်‌ေယာက်၏ အကြည့်ကိုဖမ်းစားနိုင်ရန် မျှော်လင်းရင်း ချုံဆမ်းအားအပြင်ဘက်၌ ချိတ်ဆွဲထားရန် ရှောင်ဟယ်ကိုခေါ်လိုက်သည်။




  သို့သော် သူမထင်မှတ်မထားခဲ့ဖူးသည်မှာ အမွှေးတိုင်တစ်တိုင်ထွန်းစာကြာပြီးနောက်(၅-၃၀မိနစ်)ဝယ်ယူသူများစွာသည် သူမတို့၏အမှာများအား ပြန်ဖျက်ကာထွက်သွားကြသည်ကိုပင်။




  "ဒါကဘာတွေဖြစ်ပျက်သွားရတာလဲ"




  လူတစ်ယောက်စ နှစ်ယောက်စဆိုလျှင် ထိုသည်မှာပုံမှန်ဖြစ်သည်ဟု ယူဆနိုင်လေသည်။သို့သော် ဝယ်သူအများစုမှ ပြန်ထွက်သွားသည်ဆိုသည်မှာတော့ တစ်ခုခုမှာကျိန်းသေမှားယွင်းနေလေပြီပင်။




  "ကျွန်မလည်းမသိဘူး"




  ရှောင်ဟယ်မှပြန်ဖြေလိုက်သည်။




  ရှောင်ဟယ်သည် ဝမ်ကော၌တစ်နေကုန်ရှိနေရသောကြောင့် သူမသည် အပြင်ဘက်၌ ဘာတွေဖြစ်ပျက်နေသည်ကို သတိမမူမိချေ။




  စူးယွင်သည် နှုတ်ခမ်းအားကိုက်လိုက်ကာ စကားမပြောခင် ခဏတာမျှတွေးတောနေလိုက်သည်။




  "ကျွန်မတစ်ချက်သွားကြည့်လိုက်ဦးမယ်။မင်းဒီမှာနေခဲ့ပြီး ဆိုင်ကိုကြည့်ထားလိုက်ဦး"