အခန်း (၇) - မင်းကို
ပိုချမ်းသာတဲ့နေရာဆီ ခေါ်သွားမယ်
ဟဲကျစ်ယန်တစ်ယောက် ဒီကိစ္စကို ဘယ်လိုဖုံးရမလဲ တွေးနေစဉ်မှာပင်
မော့ကျိုးယွီက စကားထပ်ပြောလာခဲ့သည်။
“လူတိုင်းမှာ လျှို့ဝှက်ချက်ရှိကြတာပါပဲ၊
မင်းမပြောချင်မှတော့ ငါ ဖိအားမပေးတော့ပါဘူး၊ ငါ့ရဲ့ မော့မိသားစုအခြေအနေက
ဆိုးဝါးလွန်းနေပြီ၊ ငါ့ရဲ့မိခင်နဲ့ မရီးတွေအားလုံးက သနားစရာကောင်းလွန်းနေပါပြီ။
မင်းမှာ မသင့်လျော်တဲ့အကြံတွေ မရှိဖို့ပဲ ငါ မျှော်လင့်မိတာပါ”
ဤကဲ့သို့ လျှို့ဝှက်သောသူနှင့် ရင်ဆိုင်ရသောအခါ မော့ကျိုးယွီသည်
အလောင်းအစား မလုပ်ရဲသလို လုပ်လဲ မလုပ်ချင်ပေ။ သူ အေးအေးဆေးဆေးသာ
ဖြေရှင်းချင်တာဖြစ်သော်လည်း သူ့မိသားစုဝင်များကိုတော့ အလောင်းအစားအဖြစ်
မထပ်လိုက်နိုင်ပေ။
သူ၏ နှလုံးသားထဲမှလာသော စကားများက ဟဲကျစ်ယန်ကို
စိတ်လှုပ်ရှားစေနိုင်ဖို့သာ မျှော်လင့်မိ၏။ သူမမှာသာ ရက်စက်ပြီး မလျော်ကန်တဲ့ အကြံမျိုး
ရှိနေခဲ့လျှင် သူ့ရဲ့ သနားစရာ မရီးများအတွက် သူမ ခွင့်လွှတ်သနားပေးဖို့သာ
မျှော်လင့်မိပေသည်။
မော့ကျိုးယွီ၏ သံသယများကို ဟဲကျစ်ယန် လုံးဝ နားလည်ပေသည်။ တကယ်တော့
သူမ၏ အပြုအမူကိုက အံအားသင့်စရာကောင်းနေသောကြောင့် မော့ကျိုးယွီသာ သူမကို
သံသယမဝင်ဘဲ လွှတ်ပေးထားလိုက်ပါက သူမ စိတ်သက်သာရာရနိုင်မည်မဟုတ်ပေ။
“ကျွန်မမှာ မော့မိသားစုအပေါ် မသင့်တော်တဲ့
ရက်စက်တဲ့ အကြံအစည်မျိုး မရှိပါဘူး။ အဲ့ဒါကို စိတ်ချထားလို့ရပါတယ်”
မော့ကျိုးယွီကို
ကြည့်လိုက်ပြီးနောက် သူမက နောင်ဆုံးတော့ သူ့အပေါ် ပွင့်လင်းပြီးသားဖြစ်သောကြောင့်
သူမ၏နောက်ခံနှင့် ပတ်သက်သည့် တစ်ချို့အကြောင်းအရာများကို ပြောပြလဲ
အဆင်ပြေနိုင်သည်ဟု ဟဲကျစ်ယန် ခံစားလိုက်ရသည်။
ပြည်နှင်ဒဏ်ခရီးက ရှည်လျားပေလိမ့်မည်။ ထို့အပြင် သူမ၏နေရာလွတ်ထဲမှ
ပစ္စည်းတစ်ချို့ကို ထုတ်ကိုထုတ်ရမည့် နေ့တစ်နေ့လဲ ရောက်လာမှာ အသေအချာပင်။ သူမရဲ့
ဦးနှောက်လေးကိုသုံးပြီး အမြဲတမ်း ဆင်ခြေပေးနေလို့တော့ မရနိုင်ပေ။
သူမသည် မော့ကျိုးယွီအား ဤဒုက္ခဆင်းရဲကြီးကို အောင်အောင်မြင်မြင်
ကျော်လွှားနိုင်အောင် ကူညီပေးချင်မိ၏။ သို့သော်လည်း သူမ၏ အားအင်များကိုလဲ
ဆင်ခြေပေးဖို့အတွက်ပဲ အလကားမသုံးချင်ပေ။
ထို့အပြင် မော့ကျိုးယွီ၏ ဖြတ်ထိုးဉာဏ်အရဆို သူ့ကို လှည့်စားရတာ
လွယ်သည့်အရာတော့ လုံးဝမဟုတ်ပေ။
ခဏတာ စဉ်းစားပြီးတော့ ဟဲကျစ်ယန်သည် မဝံ့မရဲ ပြောလိုက်၏။
“လူတိုင်းမှာ လျှို့ဝှက်ချက်တွေရှိကြတယ်
ကျွန်မမှာလည်းရှိသလို ရှင့်မှာလဲ ရှိတယ်လို့ ထင်ပါတယ်။ ကျွန်မပြောခဲ့သလိုပဲ
မော့မိသားစုအပေါ် မကောင်းတဲ့ အကြံဉာဏ်မျိုး လုံးဝမရှိတဲ့အတွက် ရှင်လည်း ကျွန်မကို
လေးစားပြီး ကျွန်မရဲ့ လျှို့ဝှက်ချက်ကို အရမ်းကြီး မသိချင်မိဖို့ မျှော်လင့်ပါတယ်။
ဝန်ကြီးအိမ်တော်ထဲကို ဝင်ခိုးတဲ့ သူခိုးက ကျွန်မနဲ့ ဆက်စပ်နေကြောင်း
ရိုးရိုးသားသား ဝန်ခံပါတယ်။ အဲ့ဒါကလဲ ပစ္စည်းတွေကို ရန်သူတွေလက်ထဲ
မထည့်လိုက်ချင်လို့ပါ၊ အဲ့ဒါအပြင် ပစ္စည်းတစ်ချို့ လက်ထဲရှိနေတာက
ပြည်နှင်ဒဏ်ပေးခံရတဲ့ ခရီးလမ်းမှာ ပိုအဆင်ပြေပါလိမ့်မယ်”
ဟဲကျစ်ယန်သည် ထိုအထိသာ ပြောပြီး ရပ်လိုက်၏။ သူမ လုံလုံလောက်လောက်
ရှင်းပြပြီးပြီဖြစ်သည်။
မော့ကျိုးယွီကသာ ခေါင်းမာပြီး ဆက်မေးနေဦးမည်ဆိုပါက သူမ ဒီနေရာကနေ
ထွက်သွားရုံပဲရှိတော့သည်။
သူမ၏ ကိုယ်ပိုင်စွမ်းရည်အရ ဘယ်နေရာပဲသွားသွား ကောင်းကောင်း
ရှင်သန်နေထိုင်နိုင်လိမ့်မည်ဟု ယုံကြည်ပြီးသားပင်။ စိတ်ကောင်းထားပေးနေပေမဲ့
သံသယပဲဝင်ခံရမဲ့ ဒီနေရာမှာတော့ နေစရာမလိုပေ။
မော့မိသားစုဝင်များ၏ အသက်အတွက်တော့ ကူညီပေးနိုင်ဖို့ရာ သူမလည်း
အင်အားမဲ့လွန်းလှသည်သာ ...
အချိန်အတော်ကြာပြီးနောက် မော့ကျိုးယွီ လေးလံစွာ ပြောလိုက်သည်။ “မင်းရဲ့ လျှို့ဝှက်ချက်ကို
ထပ်မသိချင်တော့ဘူးလို့ ငါ ကတိပေးပါတယ်”
သူ့ပင်ကိုယ်အသိစိတ်က ဤမိန်းကလေး လိမ်နေတာမဟုတ်ကြောင်း
ပြောပြနေသည်ပင်။
ထို့အပြင် သူမ လုပ်ခဲ့သမျှ အရာအားလုံးမှာလဲ
ကာကွယ်ရေးဝန်ကြီးအိမ်တော်ကို ကူညီဖို့သာဖြစ်ပြီး ယောက်ျားတစ်ယောက်
အောက်ဆုံးရောက်သွားချိန်တွင် ကန်ထုတ်ပစ်ချင်တာမျိုး မဟုတ်ခဲ့ပေ။
ထိုပစ္စည်းအများအပြားကို သူမ ဘယ်လိုယူသွားလဲဆိုတာ မော့ကျိုးယွီ
အမှန်တကယ် သိချင်မိသော်လဲ သူ ထပ်မမေးတော့ပေ။
နှစ်ယောက်သား သဘောတူညီမှုရသွားပြီးနောက် မင်္ဂလာအခန်းမှာ အချိန်ခဏတာ
တိတ်ဆိတ်သွားရသည်။
ခဏကြာပြီးနောက် မော့ကျိုးယွီက မေးလိုက်၏။ “မင်းမှာ သိုလှောင်ရုံတစ်ခုလုံးကို
ရှင်းပစ်နိုင်စွမ်းရှိမှတေယ့ အဲ့ထက် ပိုချမ်းသာတဲ့ နေရာတစ်ခုဆီ ငါ
မင်းကိုခေါ်သွားရင်ရော မင်း အကုန်သိမ်းဆည်းပစ်နိုင်လား”
ပိုချမ်းသာတဲ့ နေရာတစ်ခုဟု ကြားလိုက်ရသောအခါ ဟဲကျစ်ယန်၏ မျက်လုံးများ
ဝင်းလက်သွားရသည်။
သူမ၏ နေရာလွတ်က အမျိုးမျိုးသော ပစ္စည်းများဖြင့်
ပြည့်နေပြီဖြစ်သော်လဲ ထိုအထဲတွင် အသုံးမဝင်သော ပစ္စည်းတစ်ချို့လဲ ပါနေသေးသည်။
ပြည်နှင်ဒဏ်ခံရပြီးလျှင် ဘယ်လို ဒုက္ခအန္တရာယ်မျိုး
ကြုံတွေ့ရမလဲဆိုတာ ဘယ်သူမှမသိနိုင်ပေ။ ထို့ကြောင့် လက်ထဲတွင် ငွေတုံးများနှင့်
ပိုက်ဆံများ ပိုကိုင်ထားနိုင်ဖို့က အရေးကြီးဆုံးပင်။
ထို့အပြင် သူမသည် မော့ကျိုးယွီ၏ ရိုးသားဖြောင့်မတ်မှုကိုလဲ ယုံကြည်၏။
သူသည် သူမ၏ လျှို့ဝှက်ချက်ကို ထပ်မတူးဖော်တော့ဘူးဟု ကတိပေးပြီးပြီဖြစ်သောကြောင့်
သူ သေချာပေါက် ထပ်လုပ်မှာ မဟုတ်ပေ။
သူ့ဘက်ကမမေးသ၍ သူမ၏ နေရာလွတ်စွမ်းအားကို မျက်မမြင်တစ်ယောက်လို
သုံးနေရင်တောင် အဆင်ပြေနိုင်ပေသည်။
အနည်းဆုံးတော့ ထိုအရာအတွက် သူမ အရမ်းကြီး သတိထားနေဖို့
မလိုအပ်တော့ပေ။
“ရှင်က ကျွန်မကို ဘယ်ခေါ်သွားမလို့လဲ”
သူမ၏ လေသံကိုနားထောင်ပြီးနောက် မော့ကျိုးယွီသည် ဒီမိန်းကလေး
သဘောတူလိုက်ပြီဟု သိလိုက်၏။
“ငါ နိုင်ငံ့ဘဏ္ဍာတိုက်ကို သွားခိုးမလို့။
မင်းသာ အထဲကဟာ အကုန်ယူနိုင်မယ်ဆို ဝင်နိုင်ဖို့က ငါ့တာဝန်သာထားလိုက်”
“နိုင်ငံ့ဘဏ္ဍာတိုက်လား”
ဟဲကျစ်ယန် အနည်းငယ် ထိတ်လန့်သွားရ၏။ မော့ကျိုးယွီတွင် သူမထက်တောင်
ကြီးမားသော အကြံအစည်ကြီးရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ၊ ထို့အပြင်
နိုင်ငံ့ဘဏ္ဍာတိုက်ကိုမှ အပြောင်ရှင်းရန် မျက်စိကျနေခဲ့သေးသည်။
သူမ၏ နေရာလွတ်က အရမ်းသေးငယ်သောကြောင့် ထိုကြွယ်ဝမှု အကုန်လုံးတော့
သေချာပေါက် မဆံ့နိုင်ပေ။
ဟဲကျစ်ယန်၏ တုံ့ဆိုင်းနေမှုကိုမြင်ပြီး မော့ကျိုးယွီက မေးလိုက်သည်။ “ဘာဖြစ်လို့လဲ မင်းမလုပ်ရဲဘူးလား”
“မလုပ်ရဲစရာ ဘာရှိလို့လဲ။
နိုင်ငံ့ဘဏ္ဍာတိုက်ထဲမှာ ပစ္စည်းတွေက အများကြီးဆိုတော့ ဘယ်လိုသိမ်းရမလဲဆိုတာ
တွေးနေရုံတင်ပါ”
“သိမ်းမယ်” မော့ကျိုးယွီ မနေနိုင်ဘဲ မေးလိုက်မိသည်။
ဟဲကျစ်ယန်က ချက်ချင်းပြန်ပြောလိုက်၏။ “ရှင် ထပ်မမေးတော့ဘူးလို့ ကတိပေးပြီးပြီနော်”
“တောင်းပန်ပါတယ် ကိုယ် စည်းကျော်မိသွားတယ်” မော့ကျိုးယွီသည် ပွင့်ပွင့်လင်းလင်းပင်
ချက်ချင်း ပြန်တောင်းပန်လိုက်၏။
ဟဲကျစ်ယန်၏ အသိစိတ်က သူမ၏ နေရာလွတ်ထဲသို့ ရောက်လာခဲ့သည်။ သူမ
နာရီကိုကြည့်လိုက်သောအခါ မနက် ၂ နာရီ ရှိနေပြီဖြစ်သည်။
အိမ်တော်ကို မြေလှန်ရှာပြီး သူမတို့အား ပြည်နှင်ဒဏ်
ပေးတော့မည့်အချိန်က တစ်စတစ်စ နီးကပ်လာပြီဖြစ်သည်။
“ခဏလေး”
ပြောပြီးနောက် သူမဟည် အခန်းထဲမှ လှည့်ထွက်သွားလိုက်ပြီး ဘေးရှိ
အခန်းတစ်ခန်းထဲသို့ ဝင်သွားလိုက်၏။
သူမ၏ အသိစိတ်ကို နေရာလွတ်ထဲ ပြန်ပို့လိုက်ပြီး အရေးမပါသော
ပစ္စည်းများကို ချက်ချင်းထုတ်ပစ်လိုက်တာ အခန်းကြမ်းပြင်ပေါ် ပုံချထားလိုက်သည်။
သူမ တွန့်ဆုတ်နေမိသော်လည်း ဤအရာများကို နိုင်ငံ့ဘဏ္ဍာတိုက်ထဲမှ
ပစ္စည်းများနှင့် လဲပစ်ရမည်ဟု တွေးလိုက်သောအခါ စိတ်အေးသွားရ၏။
မင်္ဂလာအခန်းဆီ ပြန်လာခဲ့ပြီး မင်္ဂလာကုတင်ပေါ်တွင် ထိုင်နေဆဲဖြစ်သော
မော့ကျိုးယွီအားကြည့်လိုက်သည်။ “ရှင် လမ်းလျှောက်နိုင်သေးလား”
မော့ကျိုးယွီသည် ချက်ချင်းထကာ ဖိနပ်ကိုစီးလိုက်၏။ နာကျင်မှုကြောင့်
သူ့မျက်ခုံးများကျုံ့သွားရသည်။
ဟဲကျစ်ယန် စိတ်ပူစွာ ပြောလိုက်သည်။ “ကျွန်မ ဆေးပညာဗဟုသုတ နည်းနည်းသိပါတယ်။ ကျွန်မ အရင် ကြည့်ပေးမယ်လေ”
မော့ကျိုးယွီက ငြင်းဆန်လိုက်သည်။ “ဒါက ဘာမှမဟုတ်ဘူး ငါတို့ မြန်မြန်လုပ်မှရမယ်”
စကားပြောပြီးနောက် သူသည် ဗီရိုကိုဖွင့်ကာ ညဘက်ဝတ်သည့်
အမဲရောင်ဝတ်စုံနှစ်ခုကို ထုတ်ယူလိုက်သည်။
တစ်စုံကို ဟဲကျစ်ယန်ဆီ ပစ်ပေးကာ လဲခိုင်းလိုက်ပြီး သူကိုယ်တိုင်ကတော့
နောက်တစ်စုံကို ဝတ်ဆင်လိုက်သည်။
ဤအဝတ်အစားများမှာ မော့ကျိုးယွီ အပိုင်ဖြစ်ကြသောကြောင့်
ဟဲကျစ်ယန်နှင့် အနည်းငယ် ကြီးနေသော်လည်း သူမ၏လှုပ်ရှားမှုကိုတော့ အခက်အခဲ
မဖြစ်စေပေ။
မော့ကျိုးယွီသည် နံရံတွင်ချိတ်ထားသော ဓားကိုဆွဲယူကာ
ဟဲကျစ်ယန်ကိုဆွဲပြီး ပြတင်းပေါက်မှ ခုန်ထွက်လိုက်သည်။
ဟဲကျစ်ယန်သည် သူမ၏ခန္ဓာကိုယ်က သစ်ရွက်လေးလို ခံစားလိုက်ရပြီးနောက်
ခြေထောက်များက မြေကြီးကို ထိမိလိုက်၏။
နောက်ပိုင်းမျိုးဆက်တွေ အကုန်လုံးဆီမှ ချီးကျူးခံရတဲ့
သူရဲကောင်းကြီးက တကယ် ချီးကျူးခံရဖို့ ထိုက်တန်ပေသည်။ သူ့ရဲ့ ကိုယ်ဖော့ပညာက
မယုံနိုင်လောက်အောင်ပင်။
သူ အကိ့မ်အနည်းငယ် ခုန်သွားသည်ကို မြင်ရပြီးနောက်
သူမတို့နှစ်ယောက်လုံး ကာကွယ်ရေးဝန်ကြီး အိမ်တော်ဧရိယာထဲမှ ကျော်လာပြီဖြစ်သည်။
ဟဲကျစ်ယန်သည် အရင်ဘဝက သူမ၏ကိုယ်ပိုင်စွမ်းရည်ကို မဆိုးလှဘူးဟု
ထင်ခဲ့မိသော်လည်း သူမသည် အနီးကပ် တိုက်ပွဲဝင်သည့် နည်းစနစ်တစ်ချို့သာ
သင်ကြားခဲ့ခြင်းဖြစ်သည်။ သူမ မျက်စိရှေ့က အစစ်အမှန်သိုင်းပညာနှင့် ယှဉ်လျှင်
နည်းနည်းဆိုတာထက် အများကြီး အများကြီးပင် လိုနေသေးသည်။
ဟဲကျစ်ယန်သည် မော့ကျိုးယွီ၏ သိုင်းပညာကို ကြိတ်ချီးကျူးနေစဉ်
မော့ကျိုးယွီက သူမအားခေါ်ကာ ကျိုးပဲ့ပျက်စီးနေသော အဆောင်ဝင်းတစ်ခုထဲ
ဆင်းသက်လိုက်သည်။
ဟဲကျစ်ယန်မှာ မယုံကြည်နိုင်စွာဖြင့် ခပ်ပျော့ပျော့လေး မေးလိုက်မိ၏။ “ရှင်ပြောချင်တာ နိုင်ငံ့ဘဏ္ဍာတိုက်က
ဒီနေရာမှာလား”
မော့ကျိုးယွီက ပြန်မဖြေပေ။ ထိုအစား သူမကို ထောင့်ရှိ အခန်းတစ်ခုထဲ
ခေါ်ဆောင်သွားသည်။
သူသည် ချက်ချင်းပင် ကျိုးပဲ့တော့မယောင် ဖြစ်နေသော မီးတိုင်ကို
ထွန်းညှိလိုက်ပြီး အုတ်ခဲ အနည်းငယ်ကို ရွှေ့လိုက်၏။ အောက်ခြေကို မမြင်ရသော
အနက်ရောင် တွင်းပေါက်ကြီး တစ်ခု သူမတို့ရှေ့တွင် ပေါ်လာခဲ့သည်။
မော့ကျိုးယွီက ရှင်းပြလိုက်သည်။ “ဒါက နိုင်ငံ့ဘဏ္ဍာတိုက်ဆီသွားတဲ့ လျှို့ဝှက်လမ်းပဲ”
ဟဲကျစ်ယန်မှာ သူ ဒီလမ်းကို ဘယ်လိုသိနေတာလဲဟု မေးချင်လှသော်လည်း သူမ
ကိုယ်တိုင်က တစ်ဖက်လူကို သူမ၏ လျှို့ဝှက်ချက်ကို မသိချင်ပါနှင့်ဟု
ပြောခဲ့သည့်အတွက် သူမကိုယ်တိုင်လည်း မမေးသင့်ကြောင်း ချက်ချင်း သတိရလိုက်သည်။
ထို့ကြောင့် ပါးစပ်မှထွက်တော့မည့်စကားကို ချက်ချင်းပဲ
ပြန်မျိုချလိုက်၏။
မော့ကျိုးယွီ၏ ခြေလှမ်းများအတိုင်း အနီးကပ် လိုက်သွားရင်း သူတို့
လှိုဏ်ခေါင်းအဝင်ဝတစ်ခုဆီ ရောက်လာကြသည်။
မော့ကျိုးယွီမှာ ဒီနေရာနှင့် ရင်းနှီးနေပုံပင်။ လုံးဝ မှောင်မဲနေပြီး
ဘာကိုမှမမြင်ရသော်လဲ သူ့လမ်းကို အထစ်အငေါ့မရှိ အေးအေးဆေးဆေး လျှောက်နိုင်နေသည်။