အခန်း (၁) - သူရဲကောင်းများနှင့် ထင်ရှားကျော်ကြားသူများကို ကိုးကွယ်ခြင်း
“လူတိုင်း ဒီကိုတစ်ချက်ကြည့်ကြပါ။ ဒါက
သမိုင်းမှာ နာမည်ကျော်ကြားတဲ့ စစ်သူကြီး မော့ကျိုးယွီရဲ့ ဂူဗိမာန်ပါ” ဧည့်လမ်းညွှန်က
အလံငယ်လေးကို ဝှေ့ယမ်းကာ ခရီးသွားများကို မြေအောက်နန်းတော်အဝင်ပေါက်ဆီသို့ လမ်းပြပို့ဆောင်ပေးရင်း
ရှင်းပြပေးခဲ့သည်။
ဟဲကျစ်ယန်သည် အကြောင်းတစ်ခုခုကြောင့် သူမ
ဒီနေရာသို့ရောက်လာသောအခါတွင် လေးနက်သော အာရုံခံစားမှု တစ်ခုကို ခံစားခဲ့ရသည်။
အထူးတပ်ဖွဲ့ဆရာဝန်တစ်ဦးအနေဖြင့် သူမသည်
ထင်ရှားကျော်ကြားသူများကို မကိုးကွယ်ဘဲ သူရဲကောင်းများကိုသာ ကိုးကွယ်ခဲ့သည်။
ဤဂူဗိမာန်ပိုင်ရှင် မော့ကျိုးယွီသည် သူမ
လေးစားရသော သူရဲကောင်းတစ်ဦး ဖြစ်သည်။
မော့ကျိုးယွီသည် တာ့ရွှင်းမင်းဆက်၏ ထိပ်တန်းစစ်သူကြီး
ဖြစ်သည်။ သူသည် ပြည်ပရန်သူများကို နှိမ်နင်းအနိုင်ယူရန် စစ်တပ်ကို ဦးဆောင်ခဲ့သည်။
သို့ရာတွင် သူကဲ့သို့သော သူရဲကောင်းတစ်ဦးပင်လျှင်
သူ၏ ကြီးမားသော နာမည်ဂုဏ်သတင်းနှင့် အင်အားကြောင့် ဧကရာဇ်ဘုရင်မင်းမြတ်အား စိုးရိမ်ပူပန်စေခဲ့ပြီး
သူ့တရားဝင်ရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရသည်။
ဧည့်လမ်းညွှန်၏ ရှင်းပြမှုကို နားထောင်ရင်း
ဟဲကျစ်ယန်သည် သူမ၏ စိတ်ထဲ အဆက်မပြတ် သက်ပြင်းချလိုက်မိသည်။
ဤသူရဲကောင်းသည် အချိန်အခါမှားယွင်းပြီး
မွေးဖွားလာခဲ့သည်ဟုသာ ဆိုနိုင်သည်။ ဧကရာဇ်အသစ် ထီးနန်းသိမ်းပြီး နောက်ထပ်နှစ်အနည်းငယ်အထိ
အသက်ရှင်နိုင်ခဲ့ပါက သူ့နစ်နာမှုအတွက် ပြန်လည်ပြင်ဆင်ပေးခြင်းခံရပေလိမ့်မည်။ ကံမကောင်းစွာနဲ့ပဲ
ကံကြမ္မာက သူ့ကို လှည့်စားခဲ့ပြီး ပြည်နှင်ဒဏ်ပေးသည့် လမ်းခရီးမှာ သေဆုံးသွားစေခဲ့သည်…
ဟဲကျစ်ယန်သည် သူမ၏ ကိုယ်ပိုင်အတွေးထုထဲ
နှစ်မြုပ်နေစဉ် ရုတ်တရက် သူမ၏ ခြေဖဝါးအောက်ရှိ မြေထု ပြင်းထန်စွာ လှုပ်ယမ်းသွားသည်ကို
ခံစားလိုက်ရသည်။
တစ်စုံတစ်ယောက်က ထအော်ခဲ့သည်၊ “မြန်မြန်ပြေး၊
ဒါက မြေငလျင်ပဲ။”
ဟဲကျစ်ယန်၏ ကျွမ်းကျင်မှုဖြင့် သူမသည်
ဤသဘာဝဘေးအန္တရာယ်မှ အောင်မြင်စွာ လွတ်မြောက်နိုင်သော်လည်း လူအများကို ကယ်တင်ရန်အတွက်
သူမသည် ဤနေရာတွင် ထာဝရနေခဲ့သည်။
သူမ သတိမေ့မသွားခင် ဟဲကျစ်ယန်၏ နှုတ်ခမ်းလေးတွေက
အနည်းငယ် ကွေးညွှတ်သွားခဲ့သည်၊ “သူရဲကောင်းနဲ့အတူ ဒီမှာ မြှုပ်နှံခံခဲ့ရတာလည်း ကောင်းပါတယ်လေ။”
...
တာ့ရွှင်းမင်းဆက်။
ကာကွယ်ရေးမှုးမတ်၏ အိမ်တော်ကို ရောင်စုံမီးအလင်းရောင်များဖြင့်
အလှဆင်ထားပြီး အတီးအမှုတ် ကခုန်သံများဖြင့် ပဲ့တင်ထပ်နေသည်။
“ပထမအကြိမ် ကောင်းကင်နှင့် မြေကြီးကို
ဂါရဝပြုပါ။”
ကျယ်လောင်ပြီး ရှည်လျားသော အော်သံကို ကြားရပြီးနောက်
ဟဲကျစ်ယန်သည် ဦးညွှတ်ရန် ကူညီပေးခြင်းခံနေရသော ရုပ်သေးရုပ် တစ်ရုပ်ကဲ့သို့ ခံစားခဲ့ရသည်။
“ဒုတိယအကြိမ် မိဘတွေကို ဂါရဝပြုပါ။”
“တတိယအကြိမ် သတို့သားနဲ့ သတို့သမီး အချင်းချင်း
ဂါရဝပြုပါ။”
“မင်္ဂလာအခန်းထဲ ဝင်ပါ…”
ဟဲကျစ်ယန်သည် အနည်းငယ် မူးဝေနေသေးသော်လည်း
သူမအား ဤခန္ဓာကိုယ်၏ မှတ်ဉာဏ်တွေကို ရရှိခြင်းမှ မတားဆီးနိုင်ခဲ့ပေ။
ဆူညံသော ဂုဏ်ပြုစကားများနှင့် အောင်သွယ်တော်၏
အဆုံးမရှိ ဆုမွန်ကောင်း စကားလုံးများကို လျစ်လျူရှုလိုက်ကာ ဟဲကျစ်ယန်၏ စိတ်သည် သူမ၏
ကိုယ်ပိုင်အတွေးထဲ နစ်မြုပ်သွားခဲ့သည်။
ဒီမှတ်ဉာဏ်များကို ခွဲခြမ်းစိတ်ဖြာကြည့်ပြီးချိန်မှာ
သူမ ကူးပြောင်းလာခဲ့တယ်ဆိုတာကို လက်ခံလိုက်ရပါတော့သည်။
ထို့အပြင် သူမဟာ သူမ လေးစားခဲ့ရသော နာမည်ကြီး
သူရဲကောင်းတစ်ဦးဖြစ်သည့် မော့ကျိုးယွီ၏ သတို့သမီးအသစ်လေး ဖြစ်လာခဲ့ပါသည်…
မူလပိုင်ရှင်မှာ သူမနှင့် နာမည်တူ ဟဲကျစ်ယန်
ဖြစ်သည်။ သူမသည် လက်ရှိအခွန်ဝန်ကြီး ဟဲယွမ်မင်၏ အကြီးဆုံးသမီးဖြစ်သည်။ သူမသည် ငယ်စဉ်ကလေးဘဝကတည်းက
မော့ကျိုးယွီနှင့် စေ့စပ်ထားခဲ့သည်။
မော့မိသားစုသည် မျိုးဆက်ပေါင်းများစွာ
သစ္စာရှိခဲ့သည်။ မော့မိသားစု၏ အမျိုးသားအားလုံး တိုင်းပြည်အတွက် အသက်စွန့်ခဲ့ပြီး ယခု
မော့ကျိုးယွီ တစ်ဦးတည်းသာ ကျန်တော့သည်။
လွန်ခဲ့သောငါးနှစ်က မော့ကျိုးယွီ၏ အကြီးဆုံးအစ်ကို
စစ်မြေပြင်မှာ သေဆုံးသွားချိန်တွင် အသက် ၁၆ နှစ်အရွယ် မော့ကျိုးယွီသည် စစ်တပ်ကို တာဝန်ယူခဲ့သည်။
တစ်ချိန်တည်းမှာပင် သူသည် မုဆိုးမများနှင့် ပြည့်နှက်နေသော ကာကွယ်ရေးဝန်ကြီးနေအိမ်ကို
သူတစ်ဦးတည်း ထောက်ပံ့ပေးခဲ့သည်။
အခု မော့ကျိုးယွီက အောင်ပွဲခံပြီး ပြန်လာခဲ့သည်။
သခင်မကြီးမော့၏ စီစဉ်မှုများအရ နေ့ထူးနေ့မြတ်တွင် မင်္ဂလာပွဲကျင်းပခဲ့သည်။
သို့သော် မူလပိုင်ရှင်က သူမ၏ စေ့စပ်ကြောင်းလမ်းမှုကို
ဖျက်သိမ်းချင်ခဲ့သည်။ သူမသည် ကာကွယ်ရေးဝန်ကြီးနေအိမ်ရှိ
ထိုအမျိုးသမီးများကဲ့သို့ မုဆိုးမတစ်ဦး မဖြစ်ချင်ခဲ့ပါ။
နောက်ဆုံးတွင် မော့အမျိုးသားများသည် ခြွင်းချက်မရှိ
ငယ်ရွယ်စဉ်တွင် စစ်မြေပြင်မှာ သေဆုံးသွားခဲ့ကြသည်။
မူလပိုင်ရှင်သည် သူမ၏ အိမ်ထောင်ရေးကို
ဖျက်သိမ်းရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားခဲ့သည်။ သို့သော် သူမ၏ ဖြောင့်မတ်ပြီး
ရိုးသားသော ဖခင် ဟဲယွမ်မင်သည် မည်သည့်အခြေအနေမျိုးတွင်မဆို ဤအိမ်ထောင်ရေးကို ဖျက်သိမ်းရန်
သဘောမတူခဲ့ပေ။
မူလပိုင်ရှင်ကို ကာကွယ်ရေးဝန်ကြီးနေအိမ်တွင်
ချောချောမွေ့မွေ့ လက်ထပ်နိုင်စေရန်အတွက် ဟဲယွမ်မင်နှင့် သူ့ဇနီးသည် လင်ရွှယ်ယန်တို့သည်
ဆန်ကို ထမင်းဖြစ်အောင် ချက်ပြုတ်ပြီးချိန်တွင် သူတို့ရဲ့ သမီးက သူမ၏ ကံကြမ္မာကို လက်သင့်ခံသွားလိမ့်မည်ဟု
တွေးကာ မူလပိုင်ရှင်ကို ဆေးခတ်ခဲ့ကြသည်။
သူတို့က ဆေးပမာဏကို မှားယွင်းပြီး သုံးစွဲခဲ့မိတာကြောင့်လားတော့မသိ
သတို့သမီးဝေါယာဉ်ပေါ်တွင် မူလပိုင်ရှင်အား သေဆုံးသွားစေခဲ့သည်။ ဤသို့ဖြင့် ဟဲကျစ်ယန်၏
ကူးပြောင်းလာခြင်းကို ခွင့်ပြုပေးခဲ့သည်။
သို့သော်လည်း ဟဲကျစ်ယန်အား စိတ်ရှုပ်ထွေးစေသည့်
အဖြစ်မှာ သူမ သိသော သမိုင်းကြောင်းတွင် ပြည်နှင်ဒဏ်မခံရမီ မော့ကျိုးယွီမှာ ဇနီးသည်ရှိခဲ့ကြောင်း
ဖော်ပြထားခြင်း မရှိပေ။
မူလပိုင်ရှင်သည် သတို့သမီးဝေါယာဉ်ပေါ်တွင်
အမှန်တကယ် သေဆုံးသွားခဲ့ပြီး မော့ကျိုးယွီနှင့်အတူ ဘိုးဘေးများကို ဂါရဝပြုရန် ပျက်ကွက်ခဲ့ခြင်းကြောင့်
ဖြစ်နိုင်မည်လား၊ ဒါကြောင့် ဒီအကြောင်းကို မှတ်တမ်းမတင်ထားခဲ့တာ ဖြစ်နိုင်မည်လား။
သူမ၏ အတွေးတွေ လျော့ပါးလာသည်နှင့်အမျှ
မင်္ဂလာအခန်းအပြင်ဘက်ရှိ အသံတွေက ပိုကျယ်လောင်လာခဲ့သည်။
သူမ၏ အနီးကပ်အစေခံ ချောင်းယွီက သူမ၏ လက်မောင်းကို
အသာအယာ ထိလိုက်ကာ “သခင်မလေး၊ သခင်လေး ရောက်လာပါပြီ။” ဟု စကားဆိုလာခဲ့သည်။
ဟဲကျစ်ယန်က “သိပြီ” ဟု တိုးညှင်းစွာ တုံ့ပြန်ခဲ့သည်။
လူတစ်စုသည် အနီရောင် မင်္ဂလာဝတ်စုံကို
ဝတ်ဆင်ထားသော မော့ကျိုးယွီအား မင်္ဂလာအခန်းထဲသို့ ခေါ်ဆောင်လာခဲ့သည်။
“သခင်လေး အခု မျက်နှာကာကို ပင့်မပေးပါ။
မင်္ဂလာအချိန်ကို မကျော်စေနဲ့” အောင်သွယ်တော်က ဖဲကြိုးနီနှင့် ချည်ထားသော တုတ်တံလေးကို
မော့ကျိုးယွီအား ကမ်းပေးလိုက်သည်။
“နဝမ မတ်လေး မြန်မြန်လုပ်။ ငါတို့အားလုံး
နဝမ မတ်လေးရဲ့ ဇနီးသည်ကို မြင်တွေ့ရဖို့ စောင့်နေကြတာ။”
“ဟုတ်တယ်၊ နဝမ မတ်လေး။ ရှက်မနေနဲ့…”
တုတ်တံလေးကို ကိုင်ထားသည့် မော့ကျိုးယွီအား
သူ့မရီးတွေက ဟဲကျစ်ယန်ဆီသို့ ခေါ်ဆောင်လာခဲ့ကြသည်။
မော့ကျိုးယွီက ရပ်လိုက်ပြီး လူတိုင်း၏
အကြည့်အောက်တွင် ဟဲကျစ်ယန်၏ အမြင်အား ဖုံးအုပ်ထားသည့် အနီရောင် မျက်နှာကာကို အသာအယာ
ဖယ်ရှားပေးလိုက်သည်။
ဟဲကျစ်ယန်သည် သူမရှေ့မှ လူကို သူ့အလိုလို
ကြည့်လိုက်မိသည်။
သူသည် သူမ မှန်းဆထားသည့်အတိုင်း ၁၈၅ စင်တီမီတာခန့်ရှိပြီး
ဖြောင့်စင်းသော ကိုယ်နေဟန်ထားနှင့် သန်မာသော ခြေလက်များ ရှိသည်။
သူ၏ ထူးခြားသော အသွင်အပြင်များသည် ကျောက်ဆစ်ရုပ်ကဲ့သို့
လက်ရာမြောက်သည်။ သူ၏ ထူးထူးခြားခြား ချောမောသော မျက်နှာသည် ဂူဗိမာန်ရှိ ပုံတူနှင့်
ခပ်ဆင်ဆင်တူသည်။
သူ၏ အမူအရာကင်းမဲ့သော မျက်နှာနှင့် စူးရှထက်မြက်တဲ့
အကြည့်တွေက လူတွေကို ဖိနှိပ်ချုပ်ကိုင်ခံရတဲ့ ခံစားချက်ကို ပေးစွမ်းသည်။
ဟဲကျစ်ယန်၏ နှလုံးသားထဲတွင် သူမ၏ သူရဲကောင်းသည်
ဤကဲ့သို့ ဖြစ်သင့်သည်ဟု ဆိုလိုက်မိသည်။
သူမ အနည်းငယ် စိတ်ပျံ့လွင့်နေချိန်မှာ
မော့ကျိုးယွီက အေးစက်စွာ ပြောလာခဲ့သည်။
“မင်း ကြည့်ပြီးပြီလား။”
ထိုအခါမှ ဟဲကျစ်ယန်သည် သူမ စိတ်ပျံ့လွင့်ကြောင်း
သတိပြုမိလိုက်သည်။
ထိုစူးရှသောအကြည့်များကို ကြည့်ကာ ဟဲကျစ်ယန်က
“အင်း… လုံလောက်ပြီ။ ဒီလောက်ဆို ရပါပြီ” ဟု နှုတ်မှ လွတ်ခနဲပြောလိုက်သည်။
သူရဲကောင်းကြီးကို သူမ မလေးစားတာ မဟုတ်ဘူး၊
ဒါပေမယ့် ပတ်ဝန်းကျင်မှာ လူတွေ အများကြီး ရှိနေတာကို ဒီလူက သူမကို လုံးဝ မျက်နှာသာမပေးတဲ့အတွက်
သူမကလည်း သူ့ကို တမင်တကာ ချော့မော့ပြောဆိုနေစရာ မလိုအပ်ဘူး။
သူတို့နှစ်ယောက်၏ လက်ထပ်ပြီးပြီးချင်းမှာ
ဆိုးဆိုးရွားရွား အစပြုခဲ့တာကို မြင်တော့ မရီး သမ်းရွှယ်က ကမန်းကတန်း ပြောရာပြောကြောင်း
ပြောဆိုလာခဲ့သည်။
“နဝမ မတ်လေး၊ နဝမ ယောင်းမလေး၊ မင်္ဂလာအချိန်ကို
မပျက်စီးစေနဲ့။ မင်္ဂလာသေရည်ကို သောက်ပြီး စောစောစီးစီး အနားယူကြ။”
မရီး ဖုန့်ချွေ့လျန်သည်လည်း ရှေ့တက်လာပြီး
“ဟုတ်တယ်၊ နင် အလုပ်ကြိုးစားပြီး မော့မိသားစုအတွက် ကလေးတွေ အများကြီး မွေးပေးပါ” ဟု
ပြောလာခဲ့သည်။
မော်ဒန်ခေတ် စိတ်ဝိညာဉ်ရှိသော ဟဲကျစ်ယန်သည်
ထိုမရီးများ၏ စကားများကို နားထောင်းရင်း အနည်းငယ် ရှက်သွေးဖြာသွားခဲ့သည်။
သူမ ယခင်ဘဝတွင် အသက် ၂၄ နှစ် အရွယ် ကလေးလေးသာ
ဖြစ်သည့် သူမသည် တိုင်းပြည်တာဝန်ကို ထမ်းဆောင်ရန်အတွက်သာ ဆန္ဒရှိခဲ့ပြီး တစ်နေ့တွင်
ဤကဲ့သို့သော ရှက်စရာကောင်းသည့် အခြေအနေမျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု မတွေးမိခဲ့ပေ။
သူမ၏ ရှက်ရွံ့မှုကို မမြင်နိုင်စေရန် သူမ၏
ခေါင်းကို အလျင်အမြန် ငုံ့လိုက်သည်။
ဤလုပ်ရပ်ကို အခြားသူများက နားလည်မှုလွဲသွားပြန်သည်။
မရီး ရှောင်ချင်းအာက ဟဲကျစ်ယန်၏ လက်ကို
ဆွဲကိုင်ကာ “နဝမ ယောင်းမလေး မရှက်ပါနဲ့။ နင် သိပ်မကြာခင်မှာ ငါတို့ ဒီမရီးတွေအကုန်လုံးနဲ့
ရင်းနှီးလာပါလိမ့်မယ်။ သူတို့က စနောက်ရတာ ကြိုက်နှစ်သက်ကြတယ်။” ဟု ပြောလာခဲ့သည်။
ဟဲကျစ်ယန်က “ညီမ မရှက်ပါဘူး” ဟု ရှင်းပြရန်
ကြိုးစားခဲ့သည်။
အခြား မရီး အနည်းငယ်က တစ်ခုခု ပြောခါနီးတွင်
တံခါးအပြင်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“သခင်လေး၊ ဘုရင်မင်းမြတ်က သခင်လေးကို နန်းတော်ဆီ
အခုချက်ချင်း အခေါ်တော် လွှတ်လိုက်တယ်။”
ဒါကိုကြားတော့ ဟဲကျစ်ယန်တစ်ယောက် ရင်ခုန်မြန်သွားခဲ့သည်။
မော့ကျိုးယွီ လှည့်ထွက်သွားတာကိုမြင်တော့
သူမ အနားရှိ အစေခံကို ဆွဲကိုင်ပြီး “ချောင်းယွီ အခုက ဘယ်နှစ် ဘယ်လ ရှိပြီလဲ” ဟု မေးလိုက်သည်။
ချောင်းယွီသည် တခဏတာမျှ အံ့အားသင့်သွားခဲ့သည်။
သူမသည် ဇဝေဇဝါဖြစ်နေသော မျက်နှာထားဖြင့် “သခင်မလေး၊ သခင်မလေးရဲ့ မင်္ဂလာပွဲနေ့ရက်ကို
မေ့သွားပြီလား။ ဒီနေ့က ရွှင်းယွမ်ခေတ်ရဲ့ ၁၉ နှစ်မြောက် သတ္တမလ ၈ ရက်နေ့လေ” ဟု ပြန်ဖြေပေးခဲ့သည်။
“အိုး… မဖြစ်ဘူး။”
မော့ကျိုးယွီ၏ ထွက်ခွာသွားသော နောက်ကျောကို
ကြည့်ပြီး ဟဲကျစ်ယန်၏ ပထမဆုံး တုံ့ပြန်မှုသည် သူမ ရှောက်ရှိလာပြီးကတည်းက သူမ၏ ကြယ်ပွင့်
သူရဲကောင်း အသက်ရှင်သန်နိုင်စေရန် အစွမ်းကုန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။
ဟဲကျစ်ယန်သည် မရီးများ၏ ဇဝေဇဝါဖြစ်သော
အကြည့်များအောက်တွင် သူမ၏ အားနည်းနေဆဲ ခန္ဓာကိုယ်ကို နောင်တရခြင်းအလျဉ်းမရှိ ရုတ်ခြည်းဆိုသလို
မတ်တပ်ထရပ်လိုက်သည်။
တကယ်လို့ သူမ မှတ်မိတာ မှန်မယ်ဆိုရင် ဤနေ့တွင်
မော့ကျိုးယွီအား ဘုရင်မင်းမြတ်မှ ညဉ့်နက်သန်းခေါင်အချိန်တွင် နန်းတော်သို့ ဆင့်ခေါ်ကာ
အနောက်နန်းဆောင်ကို ပိုင်နက်ကျူးလွန်မှုဖြင့် မဟုတ်မမှန် စွပ်စွဲခြင်း ခံခဲ့ရကာ ကြိမ်ဒဏ်
၁၀၀ အပြစ်ပေးခံခဲ့ရသည်။
နောက်တစ်နေ့တွင် မော့ကျိုးယွီသည် ရန်သူနှင့်
ပူးပေါင်းပြီး တိုင်းပြည်ကို သစ္စာဖောက်သော ရာဇဝတ်မှုဖြင့် တရားစွဲခံခဲ့ရသည်။ ကာကွယ်ရေးဝန်ကြီးနေအိမ်ကို
အသိမ်းခံခဲ့ရပြီး မော့ကျိုးယွီအား ပြည်နှင်ဒဏ်ပေးခဲ့သည်။