အပိုင်း ၅၀
Viewers 4k

အခန်း (၅၀) ချီမိသားစုကနေ ထွက်သွားဖို့အတွက် ပိုက်ဆံ ဘယ်လောက်လိုချင်လဲ။

 

သူမက အသံလာရာဘက်သို့ လှည့်ကြည့်လိုက်သည်။

 

လမ်းဘေးတွင် ရပ်ထားသော ဇိမ်ခံကားတစ်စီး၏ နောက်ခန်းတွင် ချွီဟွေ့ ထိုင်နေပြီး မှန်ချထားသော ကားပြတင်းပေါက်မှ သူမအား ကြည့်နေသည်။

 

အတိအကျပြောရလျှင် ရှန်းမူမူသည် ယခင်က သူမနှင့် နှစ်ကြိမ်သာ တွေ့ဆုံဖူးသည်။

 

လေဆိပ်ရောက်ရောက်ချင်း တစ်ခေါက်နှင့် အမှတ်တရပစ္စည်းဆိုင်အပြင်ဘက်မှာ တစ်ခေါက်ဖြစ်သည်။

 

နှစ်ကြိမ်စလုံးတွင် ရှန်းမူမူသည် ချွီဟွေ့အပေါ် ထင်မြင်ချက်များစွာ မရှိခဲ့ဘဲ သူမ၏ မျက်နှာသည်လည်း ရှန်းမူမူ မှတ်ဉာဏ်ထဲတွင် အတော်လေး ဝိုးတဝါး ဖြစ်နေသည်။

 

ချွီဟွေ့၏ အနည်းငယ် စူးရှသော အသံကြောင့်သာ ယခုတစ်ကြိမ် မှတ်မိခဲ့ခြင်း ဖြစ်သည်။

 

ချွီဟွေ့ကကားထဲမှ ဆင်းလာပြီး ရှန်းမူမူ၏ ဘယ်ညာကို စူးစမ်းစွာ ကြည့်ရင်း လျှောက်လာသည်။

 

မူလက သူမ မျက်နှာပေါ်တွင် ယဉ်ကျေးသော အပြုံးတစ်ခုရှိခဲ့သော်လည်း အနီးအနားတွင် ရှန်းမူမူ တစ်ယောက်သာ ရှိနေကြောင်း သေချာပြီးနောက်တွင် ထူးဆန်းသော အရိပ်အယောင်များနှင့်အတူ သူမ အပြုံးက တဖြေးဖြေး အေးခဲသွားသည်။ သူမ၏ စကားများသည်လည်း သွယ်ဝိုက်သည့် အဓိပ္ပါယ်တချို့ သယ်ဆောင်ထားသည်။

 

"မစ္စချီ၊ ကျွန်မ ရှင်နဲ့ တွေ့ဖို့ဘယ်လို စီစဉ်ရမလဲ တွေးနေတာ။ ကျွန်မတို့ ဒီမှာ တစ်ယောက်နဲ့ တစ်ယောက် လာတွေ့နေတာဆိုတော့ အဆင်ပြေသွားတာပေါ့။"

 

ချွီဟွေ့က ခေတ္တရပ်ပြီး သူမ၏ ပါးနပ်သော မျက်လုံးများနှင့် ရှေ့မှ လူ၏ တုံ့ပြန်မှုကို အကဲခတ်လိုက်သည်။

 

ထို့နောက်တွင် သူမ မေးစေ့ကို မြင့်မြင့်မော့၍ အသက်ပြင်းပြင်းရှူကာ တည့်တိုးပြောလိုက်၏။

 

"ဆက်ပြောတာပေါ့။ ရှင် ချီမိသားစုကနေ ထွက်သွားဖို့အတွက် ပိုက်ဆံ ဘယ်လောက်လိုချင်လဲ။"

 

ရှန်းမူမူက စိတ်ရှုပ်ထွေးစွာဖြင့် မျက်တောင်ခတ်လိုက်သည်။ "?"

 

သူမ ပထမဆုံးရောက်လာကတည်းက တစ်နေ့တွင် တစ်စုံတစ်ယောက်က သူမ ချီမိသားစုမှ ထွက်သွားရန်အတွက်  ချက်လက်မှတ်တစ်စောင် ပစ်ပေးလာလိမ့်မည်ဟူသော ဒရာမာမျိုးကို စိတ်ကူးယဥ်ခဲ့ဖူးသည်။

 

သို့သော် သူမရှေ့ရှိ အမျိုးသမီးထံမှ ထိုစကားကြားရမည်ဟု သူမ မမျှော်လင့်ထားသဖြင့် ခဏတာ အံ့ဩသွားခဲ့ရ၏။

 

သူမ မတုံ့ပြန်နိုင်မီ ချွီဟွေ့က ရင်ဘတ်ရှေ့တွင် လက်နှစ်ဖက်ကို ပိုက်လိုက်ပြီး ယုံကြည်မှုအပြည့်ဖြင့် ဆက်ပြောလိုက်သည်။

 

"ကျွန်မ ရှင့်အကြောင်း စုံစမ်းပြီးပြီ။"

 

********

 

အခြားတစ်ဖက်တွင် ခမ်းနားစွာ အလှဆင်ထားသော ဧည့်သည်လက်ခံတွေ့ဆုံသည့် အခန်းထဲတွင် ချီမော့က ဆိုဖာပေါ်၌ သက်သောင့်သက်သာ ခြေထောက်ချိတ်ကာ အေးအေးလူလူထိုင်​နေရင်း သူ့ဘေးနားရှိ လူပြောသည်ကို နားထောင်၍ ရံဖန်ရံခါ ခေါင်းညိတ်ကာ တုန့်ပြန်သည်။

 

ဤလူတစ်ဦးချင်းစီသည် ရှန်မြို့ စီးပွားရေး အသိုင်းအဝန်းတွင် အဓိကကျသော ပုဂ္ဂိုလ်များအဖြစ် ယူဆနိုင်သည်။

 

သို့သော် ချီမော့ရှေ့မှာတော့ သူတို့က ပိုပြီး ထိန်းထိန်းသိမ်းသိမ်း ရှိနေကြ၏။

 

သူတို့သည် ချီအုပ်စုနှင့် ဆက်ဆံရေး တည်ဆောက်လိုကြပြီး ရှန်မြို့ရှိ ချီအုပ်စု၏ အိမ်ခြံမြေပရောဂျက်များကို တစ်စိတ်တစ်ပိုင်းဖြစ်ဖြစ် ရယူလိုသောကြောင့်ဖြစ်သည်။

 

အသက်ကြီးကြီး အမျိုးသားတစ်ယောက်က သူ့ကုမ္ပဏီ၏ အားသာချက်များကို မိတ်ဆက်ပေးပြီးနောက် ပြုံးကာ ပြောလိုက်သည်။

 

"တကယ်တော့ အိမ်ခြံမြေပရောဂျက်တွေနဲ့ ပတ်သက်လာရင်၊ ထန်ရှင်းအုပ်စုက ရှန်မြို့မှာ အမြဲတမ်း နာမည်ကောင်းရှိခဲ့တယ်။ ထန်ရှင်းအုပ်စုကသာ  ပူးပေါင်းပါဝင်နိုင်မယ်ဆိုရင် ဖြစ်နိုင်တာက...."

 

သူ ပြော၍ မပြီးခင်မှာ ချီမော့က သူ့ခြေထောက်များကို ဖြည်ချလိုက်ပြီး မျက်မှောင်ကြုတ်ကာ မျက်နှာအမူအရာမဲ့စွာနှင့် သူ့လက်ဖက်ရည်ခွက်ကို ချလိုက်သည်။

 

ကြွေလက်ဖက်ရည်ခွက်က စန္ဒကူးစားပွဲနှင့် ထိခတ်သွားသည်။

 

အသံက အကျယ်ကြီး မဟုတ်သော်လည်း လူတိုင်းကို တိတ်ဆိတ်သွားစေရန် လုံလောက်ပေသည်။

 

စကားပြောနေသော အမျိုးသားသည် ချီမော့၏ အစွမ်းထက်သော အရှိန်အဝါကို အာရုံခံလိုက်သောအခါ ချက်ချင်းရပ်တန့်သွားသည်။

 

ထန်ရှင်းအုပ်စုမှ ဥက္ကဌချွီက ဥက္ကဌချီရှေ့တွင် သူတို့အကြောင်း ကောင်းကောင်းပြောပေးရန် တောင်းဆိုခဲ့သည်။

 

စီးပွားရေးလောက၌ ယဉ်ကျေးသော မြှောက်ပင့်မှုတချို့ လုပ်ကြသည်မှာ ပုံမှန်သာဖြစ်သော်လည်း သူသည် အများအားဖြင့် လျစ်လျူရှူတတ်သော ဥက္ကဋ္ဌချီက စိတ်အနှောင့်အယှက်ဖြစ်နေသည်ကို အတိအလင်း ပြသလာမည်ဟု ထင်မှတ်မထားခဲ့ပေ။

 

"ရှန်မြို့မှာရှိတဲ့ ဒီပရောဂျက်အတွက် ထန်ရှင်းအုပ်စုကို ထည့်သွင်းစဉ်းစားမှာ မဟုတ်ဘူး။" ချီမော့က အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

 

နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့သော သူ၏ ဂုဏ်သိက္ခာကို ဤအခိုက်အတန့်တွင် အပြည့်အဝပြသခဲ့ပြီး လူတိုင်း၏နှလုံးသားများ တင်းကျပ်လာခဲ့သည်။

 

သူတို့ အပြည့်အ၀ မတုန့်ပြန်နိုင်မီ အမျိုးသား၏ မျက်လုံးများထဲမှ အားကောင်းလှသော အရှိန်အဝါတို့ မှိန်ဖျော့သွားပြီး ဝတ်ကျေတန်းကျေ အပြုံးမျိုး ပြုံးပြလာသည်ကို မြင်လိုက်ရသည်။

 

ထျုအပြုံးက သူ့မျက်လုံးထဲကို လုံးဝမရောက်ဘဲ အေးစက်မှုများ ထွက်ပေါ်နေသည်။ သူ့လေသံက အရင်ကထက် ပိုအေးစက်၍ ပြတ်သားလာသည်။

 

"အခုချိန်ကစပြီး ရှန်မြို့မှာရှိတဲ့ ချီအုပ်စုရဲ့ ဘယ်ပရောဂျက်မှာမှ ထန်ရှင်းအုပ်စုကို ထည့်သွင်းစဉ်းစားမှာ မဟုတ်ဘူး။"

 

ဤအခိုက်အတန့်တွင် ကိုယ်ရေးကိုယ်တာ ဦးစားပေးမှုသည် ပုံမှန် စီးပွားရေးသမားတစ်ဦး၏ အကျိုးအမြတ် တွက်ချက်တတ်မှုထက် ကျော်လွန်သွားသည်။

 

သူက နောက်ထပ် ဆွေးနွေးစရာမလိုတော့အောင် အပြတ်ငြင်းဆန်ခဲ့သည်။

 

ဧည့်ခန်းထဲရှိ လေထုက စက္ကန့်အနည်းငယ်ကြာ အေးခဲသွားသည်။

 

လက်ရှိ ရှိနေသူအားလုံးလည်း အံ့ဩသွားကြသည်။

 

ထိုမျှ ခက်ထန်သည့် စကားလုံးများ ပြောထွက်လာအောင် ထန်ရှင်းအုပ်စုက ဤနတ်ဘုရားကို မည်သို့ ဆန့်ကျင်မိခဲ့လဲ သူတို့ မသိပေ။

 

တက်ရောက်သူတိုင်းက  လိမ္မာပါးနပ်ကြပြီး ဤစကားလုံးများ၏ နောက်ကွယ်ရှိ အဓိပ္ပါယ် အသေးစိတ်ကို သဘာဝကျကျ နားလည်ကြသည်။

 

ချီအုပ်စုနှင့် ပူးပေါင်းဆက်ဆံရေးတည်ဆောက်လိုပါက ထန်ရှင်းနှင့် ၎င်းတို့၏ ဆက်ဆံရေးကို စွန့်လွှတ်ရမည်ဖြစ်သည်။

 

ထိုကဲ့သို့သော ရွေးချယ်မှုတွင် သူတို့က မည်သည့် ရွေးချယ်မှုကို ပြုလုပ်ကြမည်လဲ တွေးစရာပင် မလိုပေ။

 

ထို့နောက် ဆွေးနွေးမှုတွင် လူတိုင်းသည် ထန်ရှင်းအုပ်စုအား နောက်တစ်ကြိမ် ထပ်မပြောမိစေအောင် တိတ်တဆိတ် ရှောင်ရှားခဲ့ကြသည်။

 

*******

 

"ကျွန်မ ရှင့်ကို စုံစမ်းခဲ့တယ်။ မင်းမိဘတွေ စောစောသေသွားပြီး ရှင့်မှာ တန်ဖိုးမရှိတဲ့ အကိုကြီး တစ်ယောက်ပဲ ရှိတယ်။"

 

"ချီမော့ကို လက်ထပ်လိုက်တာက ရှင့်ဘဝကို ပြောင်းလဲဖို့ တစ်ခုတည်းသော အခွင့်အရေးပဲ။ ရှင့် ပိုက်ဆံအတွက် သူနဲ့ အတူရှိနေတာပဲ။"

 

ချွီဟွေ့သည် ရှန်းမူမူ၏ ရှေ့တွင်ရပ်နေပြီး သူမ ခေါင်းကို မော်ထားဆဲ ဖြစ်သည်။

 

သို့ပေမယ့် သူမတွင်  အရပ်အမောင်း အားသာချက်မရှိတာကြောင့် ထိုစကားများပြောသည့်အခါ ထည်ဝါမှု နည်းပါးသွားပုံပေါ်သည်။

 

မနေ့ညက ချီမော့၏ ငြင်းပယ်ခြင်းကို ခံခဲ့ရပြီးနောက် သူမက ကိစ္စများကို ထပ်ခါထပ်ခါ တွေးခဲ့သည်။

 

ချီမော့က သူမကို လက်ခံရန်အတွက် သူမသည် ဤအမျိုးသမီးက မစ္စချီဟူသည့် အဆင့်အတန်းကို စွန့်လွှတ်လာအောင် ပထမဆုံး ကြိုးစားရမည် ဖြစ်သည်။

 

သူမသည် စီးပွားရေးလောကတွင် နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ပြီး ချမ်းသာသော ဇနီးမယားများစွာကို မြင်တွေ့ခဲ့ရသည်။

 

ချမ်းသာသောမိသားစုမှ မွေးဖွားလာသူများမှလွဲ၍ အများစုမှာ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ချမ်းသာသော မိသားစုများနှင့် လက်ထပ်ခဲ့ကြခြင်း ဖြစ်သည်။

 

သူမစုဆောင်းရရှိထားသောအချက်အလက်များအရ ရှန်းမူမူသည် ချီမော့ကို လက်ထပ်ပြီးနောက် မစ္စချီဟူသော အမည်ဖြင့် လူမှုရေးပွဲများတွင် မကြာခဏ တက်ရောက်လေ့မရှိပေ။

 

သို့ဆိုလျှင် 'ကျော်ကြားမှု' ကြောင့် မဟုတ်ဘဲ 'အကျိုးအမြတ်' ကြောင့်သာ ဖြစ်နိုင်ပေသည်။ 

 

ရှန်းမူမူကို ပိုက်ဆံဖြင့် ထွက်သွားရန် ဆွဲဆောင်ခြင်းက သူမတွေးနိုင်သော အထိရောက်ဆုံး နည်းလမ်းဖြစ်သည်။

 

"ကျွန်မရဲ့ ကိုယ်ပိုင်ချမ်းသာကြွယ်ဝမှုက ဥက္ကဌချီနဲ့ မယှဉ်နိုင်ပေမယ့် ရှင် တောင်းဆိုတဲ့ ပမာဏက အရမ်းများမနေသရွေ့ တစ်လုံးတစ်ခဲတည်း ပေးချေဖို့ နည်းလမ်းတွေကို စဉ်းစားပေးနိုင်တယ်။ အဲဒီငွေနဲ့ဆိုရင် ရှင့်ဘဝတလျှောက်လုံး စိုးရိမ်စရာ ရှိတော့မှာ မဟုတ်ဘူး။ ကျန်တာ မင်းဘယ်လိုထင်လဲ။"

 

ချွီဟွေ့၏ လေသံသည် အကြံပေးနေဟန်တူသော်လည်း  သူမ၏ အမူအရာသည် စိတ်ထဲမှ အထင်အမြင်သေးနေမှုကို ဖုံးကွယ်မထားပေ။

 

ထိုသည်မှာ ရှန်းမူမူသည် တစ်လုံးတစ်ခဲတည်း ရရှိလာမည့် ငွေများအတွက် ချီမိသားစုမှ ထွက်ခွာသွားပေးလိမ့်မည်ဟု ယူဆထားကြောင်း ထင်ရှားပေသည်။

 

ရှန်းမူမူသည် သူမ၏ နောက်ဆုံး ယဉ်ကျေးပျူငှာမှုကို ထိန်းသိမ်းထားပြီး သူမ နှုတ်ခမ်းတို့က တင်းမာနေဟန်ရသည်။ "ရှင်ပြောလို့ ပြီးပြီလား။"

 

ရှန်းမူမူ၏ တည်ငြိမ်သော တုံ့ပြန်မှုကို မြင်သောအခါ ချွီဟွေ့က တခဏမျှ ရပ်တန့်သွားသည်။

 

ထို့နောက် သူမ ပြုံးလိုက်ပြန်ပြီး သူမ၏ အသံက ပို၍ ပြတ်သားလာသည်။

 

"ဟမ့် အဲဒါက မဖြစ်နိုင်ဘူးလား။"

 

"ပိုက်ဆံကြောင့် မဟုတ်ရင် ခံစားချက်ကြောင့် ဖြစ်မှာပေါ့။"

 

"ခံစားချက်တွေကြောင့်ဆိုရင် ဆွေးနွေးရတာ ပိုတောင် လွယ်ဦးမယ်။ ကျွန်မရဲ့ ရှုထောင့်က ပြောရမယ်ဆိုရင် သူ့အဆင့်အတန်းနဲ့ လိုက်လျောညီထွေ ဖြစ်နိုင်တဲ့ အမျိုးသမီးကသာ မစ္စချီဆိုတဲ့ ရာထူးအတွက် ပိုသင့်တော်တယ်ဆိုတာကို ရှင် နားလည်သင့်တယ်။"

 

ချွီဟွေ့က ယုံကြည်ချက်အပြည့်နှင့် ဆက်ပြောလိုက်သည်။

 

"အောင်မြင်တဲ့ အမျိုးသားတွေက မိသားစုကို ပြုစုစောင့်ရှောက်ရုံမကဘဲ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေမှာပါ ကူညီပေးနိုင်တဲ့ အမျိုးသမီးမျိုးကို လိုအပ်တယ်။"

 

"ပြီးတော့ ကျွန်မက ချီမော့အတွက် အသင့်တော်ဆုံး အမျိုးသမီးပဲ။"

 

"မစ္စချီက ကျွန်မ ဖြစ်သင့်တယ်။ ကျွန်မတစ်ယောက်ပဲ ဖြစ်နိုင်တယ်။"

 

အသက်အရွယ်အရဆိုလျှင် သူမတွင် ဘာအားသာချက်မှ မရှိပေ။

 

သို့ပေမယ့် လူသားတို့၏ သဘောသဘာဝကို နားလည်ပြီး ဗျူဟာမြောက်စွာ လုပ်ဆောင်နိုင်ခြင်းဖြင့် သူမသည် မိမိကိုယ်ကို ထိပ်တန်းအမျိုးသမီးများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခဲ့သည်။

 

ချွီဟွေ့၏ ရန်လိုသော သဘောထားကို ရင်ဆိုင်ရသောအခါ ရှန်းမူမူက ထူးထူးခြားခြား တည်ငြိမ်နေခဲ့သည်။

 

ပြိုင်ပွဲတစ်ခုတွင် လူတစ်ဦးတည်းကသာ ပြိုင်ဆိုင်ချင်စိတ် ထက်သန်နေပြီး ကျန်တစ်ယောက်က တည်ငြိမ်အေးဆေးနေလျှင် ထိုလူမှာ မပြိုင်ခင် ကတည်းက ရှုံးနိမ့်သွားခဲ့ပြီဖြစ်သည်။

 

ရှန်းမူမူသည် ပေါင်းသင်းဆက်ဆံရေးတွင်ဖြစ်စေ အသက်မွေးဝမ်းကြောင်းတွင်ဖြစ်စေ အတိတ်တွင်ဖြစ်စေ ပစ္စုပ္ပန်တွင်ဖြစ်စေ မည်သည့်အမျိုးသမီးကိုမျှ ပြိုင်ဘက်အဖြစ် မသတ်မှတ်ခဲ့ပေ။

 

ချွီဟွေ့ ပြောပြီးသည်နှင့် ရှန်းမူမူသည် နောက်ဆုံးတွင် ချွီဟွေ့၏ သတိမဲ့မှုနှင့် အောက်ခြေစည်းကင်းမဲ့မှုတို့ကို ကောင်းကောင်း သဘောပေါက်ခဲ့ပြီး ဖြစ်သည်။

 

ချွီဟွေ့ ပြောသည့် စကားလုံးတိုင်းကို သူမသဘောမတူသော်လည်း တစ်စုံတစ်ယောက်၏ အမြစ်တွယ်နေသော ယုံကြည်ချက်များကို ပြောင်းလဲပစ်ရန် ရည်ရွယ်ချက် မရှိခဲ့ပေ။