Chapter 25
Viewers 3k

🐹 Chapter 25

ကျားသစ်သားရဲဝိညာဥ်ဂျုံးစ်



တော်ဝင်မိသားစု၏ကောလာဟလများက အချိန်တိုအတွင်းပျံ့နှံ့သွားခဲ့သည်။ အကြမ်းဖက်ခံရသောအဆင့်နိမ့်သားရဲလူသားလေး၏ မျက်ရည်လည်ရွှဲတိုင်တန်းပြောဆိုမှုများက ကြယ်တာရာကွန်ရက်၏နေရာတိုင်းတွင် ပျံ့နေခဲ့သည်။ 


စစ်တပ်ထဲတွင် အိမ်ရှေ့စံက မာနကြီးပြီး တစ်ပါးသူကိုနှိမ်တတ်သည်။ ထိုသူက လူသစ်များကို အနိုင်ကျင့်အရှက်ခွဲနေသောဗီဒီယို သက်သေများကို လူတစ်ယောက်က တင်လိုက်လေ၏။ ထပ်လောင်းပြောရမည်ဆိုပါက အိမ်ရှေ့မင်းသားမှာ အဆင့်နိမ့်သားရဲလူသားငယ်အများအပြားကို အရုပ်ပမာဆက်ဆံခဲ့ပြီး အရည်အချင်းမြင့်မားသော သူ့အတန်းဖော်များကိုလည်း ချောက်ချခဲ့သည်။ လူများစွာက သက်သေခံပေးပြီး အက်ဂါကို လူအများက ပိုမို ဆန့်ကျင်လာကြသည်။ 


သူတို့အနက်အများစုမှာ ကစားခံခဲ့ရသော အဆင့်နိမ့်သားရဲလူသားငယ်များဖြစ်လေ၏။ အနိုင်ကျင့်ခံရပြီး အရှက်ခွဲခံခဲ့ရသော တပ်သားအသစ်များလည်းပါကာ သူအပြစ်လွှဲချခဲ့သော အတန်းဖော်များလည်း ပါလေသည်။ ဤလူများ၏အမည်နှင့် သက်သေခံချက်များက စစ်မှန်နေခဲ့သည်။ အချိန်တစ်ခုမျှ ရိုသေခံခဲ့ရသောအိမ်ရှေ့မင်းသားမှာ လူအများကဲ့ရဲ့ရှုံ့ချရသည့် အဆင့်မရှိသူဖြစ်သွားခဲ့သည်။


"အိမ်ရှေ့စံက ဒီလိုလူမျိုးဖြစ်နေမယ်လို့ ငါ လုံးဝမထင်ထားခဲ့ဘူး၊ သူက လူတွေကို တကယ်ပဲစိတ်ပျက်သွားစေခဲ့တယ်..."


"မင်းက အခုထိ သူ့ကို အိမ်ရှေ့စံလို့ခေါ်နေသေးတယ်၊ သူလိုလူမျိုးက အိမ်ရှေ့မင်းသားဆိုတဲ့နေရာနဲ့မတန်ဘူး..."


"သူ့ရဲ့ပြည့်စုံတဲ့ပုံရိပ်က တော်ဝင်မိသားစုက တမင်ပေးထားခဲ့တာ မဟုတ်နိုင်ဘူးလား..."


"သူသာတကယ်ပဲ ကြယ်ရှစ်ပွင့်အဆင့် စစ်သည်တော်ဆိုရင် တောရိုင်းတိရစ္ဆာန်နည်းနည်းလောက်ဆီက အဝိုင်းခံရတာနဲ့တင် သားရဲအမြုတေကို ဘယ်လိုလုပ်ဆုံးရှုံးရမှာလဲ၊ သူ့ရဲ့အင်အားကလည်း လုပ်ကြံထားတာနဲ့ပိုတူနေတယ်မလား..."


........


ကြယ်တာရာကွန်ရက်ထဲတွင် အွန်လိုင်းအသုံးပြုသူများမှ အက်ဂါကို ဝေဖန်နေကြသောမှတ်ချက်များက ပလူပျံနေကြလေသည်။ သူ့ဘက်မှ ကာကွယ်ပေးချင်ကြသူများရှိသော်လည်း သူတို့၏ ငြင်းခုန်မှုများက တိကျခိုင်မာသောသက်သေများအောက်တွင် အားနည်းမှိန်ဖျော့နေခဲ့လေသည်။


ပိုဆိုးသွားသည့်အချက်မှာ တော်ဝင်မိသားစုက ဖြေရှင်းချက်ပေးရန် မထွက်လာခဲ့ပေ။


"အိမ်ရှေ့စံက ဒီလိုလူမျိုးမဟုတ်ဘူး… အဲဒီလူတွေရဲ့စကားကို နားမထောင်နေပါနဲ့..."


"ငါက အိမ်ရှေ့စံနဲ့ မိတ်ဆွေတွေဖြစ်လာတာကြာပြီ… သူကတကယ်ကိုလူကောင်းတစ်ယောက်ပါ… သူကတခြားလူတွေကို ချောက်ချနေဖို့ လုံးဝမလိုဘူး..."


"အိမ်ရှေ့စံက ကျရှုံးသားရဲ လုံးဝမဟုတ်ပါဘူး..."


.......


"အက်ဂါကို လူကောင်းပါလို့ပြောနေတဲ့လူတွေက မျက်စိကန်းနေတာလား၊ သက်သေတွေကို မမြင်ကြဘူးလား.."


"သူသာ တကယ်ပဲ ဒီလိုမလုပ်ခဲ့ရင် သက်သေတွေက ထွက်လာပါ့မလား၊ အဲဒီလူတွေကို နှစ်သိမ့်ပေးဖို့ မူရင်းဇာတ်လမ်းကိုယူလာခဲ့..."


"အကြမ်းဖက်တဲ့ကျရှုံးသားရဲနဲ့ အက်ဂါရဲ့ သားရဲအမျိုးအစားက အတူတူပဲလေ၊ သူမဟုတ်တော့ ဘယ်သူဖြစ်ဦးမှာလဲ..."


.........


သားရဲတိုင်းပြည်မှ တော်ဝင်မျိုးနွယ်နန်းတော်ထဲတွင် ဧကရာဇ်မင်းမြတ်နှင့်ဧကရာဇ်ကြင်ယာတော်တို့က အွန်လိုင်းမှ မှတ်ချက်များကိုကြည့်ပြီး နှစ်ယောက်လုံး၏မျက်နှာများက အကျည်းတန်နေလေ၏။


အက်ဂါက ဂြိုဟ်အသစ်ရှာဖွေနေရင်းပျောက်ဆုံးသွားခဲ့သည်။ သူတို့က သူ့ကိုလိုက်ရှာနေသေးသော်လည်း အခုထိမတွေ့ရသေးပေ။ ထို့နောက် ယခုလိုသတင်းက အွန်လိုင်းတွင် ရုတ်တရက်ပျံ့လာခဲ့သည်။


အက်ဂါသာဤနေရာတွင်ရှိနေလျှင် ဤကိစ္စက သူနှင့် မသက်ဆိုင်ကြောင်းဖြေရှင်းပြ၍ရသေးသည်။ သို့သော်လည်း အက်ဂါက ယခုဤနေရာတွင်မရှိနေဘဲ နှစ်ဝက်မျှပျောက်နေခဲ့သည်။


အက်ဂါက သူ့အတွက်သူ ခုခံနိုင်မည်မဟုတ်သလို သူတို့ထွက်သွားပြီးရှင်းပြလျှင်လည်း မည်သူကမျှ ယုံမည်မဟုတ်ပေ။ လွန်ခဲ့သောအချိန်များကတည်းက နောက်ကွယ်မှပြင်ဆင်ထားခဲ့သူများအပြင် သက်သေများကလည်း ရိုးရှင်းစွာဖြင့် လူများကို ရှင်းပြရခက်နေစေသည်။


ဥပမာ အက်ဂါက သူ၏တပ်သားအသစ်ကို အနိုင်ကျင့်နေသည့်ဗီဒီယိုပင်ဖြစ်လေ၏။ ယင်းက အမှန်ဆိုသော်လည်း စစ်သည်တစ်ယောက်အမှားလုပ်လိုက်၍ ထိုသူကို အပြစ်ပေးနေခြင်းဖြစ်ပြီး ထိုအမှားမှာ အထက်ကဖော်ပြခဲ့သည့်အတိုင်း ငယ်သားအသစ်လေးက အက်ဂါကို အလုံအလောက်လေးစားမှုမပြသ၍ပင် ဖြစ်လေ၏။ ထို့အပြင် အက်ဂါက ထိုသူကို တစ်ကြိမ်သာရိုက်ခဲ့သည်။ သို့သော် အမှန်တရားအရ တော်ဝင်မိသားစုကပြောလျှင်ပင် အပြစ်ဖို့နေသည့်သာမန်လူများက ယုံကြည်ကြမည်မဟုတ်ပေ။


ရှိသေးသည်။


"ဒီမြွေမျိုးနွယ် ကျရှုံးသားရဲက တကယ်ပဲ အက်ဂါလား..."


ဧကရာဇ်ကြင်ယာတော်မှာ အကြမ်းဖက်တတ်သော မြွေအမျိုးအစား ကျရှုံးသားရဲ၏ဗီဒီယိုကို အကြိမ်ကြိမ်ကြည့်ပြီး သူ့အသားအရေက ဖြူဖွေးလာလေသည်။


မြွေအမျိုးအစား သားရဲအများအပြားရှိပြီး ရေတွက်၍ပင်မရပေ။ တော်ဝင်မိသားစုမှ သားရဲများမှာ ကောင်းချီးပေးခံထားရသည်ဟုတွေးလျှင်ပင် သူတို့ပုံစံက သာမန်ပင်။ သူတို့နှင့်တူညီသောသားရဲများရှိပြီး ဗီဒီယိုထဲမှ သားရဲမျိုးနွယ်က အက်ဂါနှင့်တစ်ထပ်တည်းတူညီလေသည်။


ဒီလောက်တောင်တူတာ အက်ဂါများ ဖြစ်နေမလား…


အက်ဂါက တာဝန်ထမ်းဆောင်ရန်အတွက် ထွက်ခွာသွားချိန်တွင် လူတစ်ယောက်က သူ့ကိုဆန့်ကျင်ရန်ဇာတ်လမ်းဆင်ထား၏။ လူနှင့် မက်ခါ၏ အဓိကအစိတ်အပိုင်းများ အားလုံး ပျောက်ကွယ်သွားခဲ့ပြီး အချို့သော မက်ခါအပိုင်းအစများသာ စစ်မြေပြင်တွင် ကျန်ရစ်ခဲ့သည် ။ အခင်းဖြစ်ပွားရာနေရာရှိ ကြီးမားလှသော စွမ်းအင်အတက်အကျမှာ သူ့အမြုတေကိုသူ ဖောက်ခွဲလိုက်၍ ဖြစ်နိုင်၏။ သူတို့က သူ မသေသေးကြောင်းကို အစောကတည်းက အခိုင်အမာယုံကြည်ထားကြသည်။ ထိုသူ အသက်ရှင်နေသေးသည်ဟု ခံစားနေကြရသည်။ 


သူက သူ့သားရဲအမြုတေကိုဖောက်ခွဲပြီး နောက်မှ တခြားတစ်ယောက်က ထိန်းချုပ်သွားတာ မဖြစ်နိုင်ဘူးလား…


မြွေမျိုးနွယ် ကျရှုံးသားရဲက တကယ်ပဲအက်ဂါလား…


"ဗီဒီယိုကိုပဲကြည့်ပြီး အက်ဂါဟုတ်မဟုတ်တော့ မပြောနိုင်ပေမဲ့ သူက ဒီလိုလုပ်ရပ်မျိုးကို လုပ်မှာမဟုတ်ဘူး.."


သားရဲတိုင်းပြည်၏ဧကရာဇ်မင်းမြတ်မှာ အကျပ်အတည်းအခြေအနေတွင် ရောက်နေလေသည်။ သူက လွန်ခဲ့သောနှစ်ဝက်ခန့်က စိတ်ဓာတ်တက်ကြွနေသေးသော်လည်း ယခုအချိန်တွင်မူ မမျှော်လင့်ဘဲ ရုတ်တရက် အသက်အရွယ်ကြီးရင့်သွားရသည်။[မတက်ကြွတော့ဘူးလို့ ပြောချင်တာပါ]


သူ၏ အားကိုးရသောသားတော်က မတော်တဆဖြစ်ခဲ့သည်။ ဤအချက်က သူထင်ထားခဲ့သည်ထက်ပိုပြီး ရိုက်ခတ်နိုင်ခဲ့သည်။


"အက်ဂါက ဒီလိုလုပ်ရပ်မျိုးကို မလုပ်နိုင်ပေမဲ့ သူ့ကို တစ်ယောက်ယောက်က ထိန်းချုပ်ထားတာဆိုရင်ရော သူဆေးခတ်ခံထားရတယ်ဆိုရင်ရော..."


ကြင်ယာတော်က စိုးရိမ်စွာပြောလာလေသည်။


အမျိုးသားနှစ်ယောက်မှာ ဒွိဟများဖြင့်အပြန်အလှန်ကြည့်မိပြီး အဆုံး၌ တိတ်ဆိတ်သွားကြလေသည်။


အဲဒါသာ တကယ်ပဲ ငါတို့ကလေးဆိုရင်ရော ငါတို့ ဘယ်လိုလုပ်ရမလဲ…


ကြယ်မြို့တော်မှ တော်ဝင်မိသားစု၏ကောလာဟလများက ပို၍ပြင်းထန်လာသည်။ ရှုရှုနှင့်အက်ဂါကိုခေါ်ဆောင်လာသော ဟယ်လီကော်ပတာမှာ နောက်ဆုံးတွင် ဂါးစ်ဂြိုဟ်၏ပိုင်နက်ထဲသို့ ရောက်လာလေ၏။


ဤနေရာက သားရဲလူသားများနေထိုင်ရာက ဂါးစ်ဂြိုဟ်၏မြောက်ပိုင်းတွင် ဖြစ်သည်။ သူတို့၏အိမ်ဖြစ်ခဲ့သော တောအုပ်ကမူ တောင်ပိုင်းတွင်ရှိနေလေသည်။ နှစ်ဖက်မှာ အလွန်တရာမှကွာဝေးလှပြီး နှစ်ခုကြားတွင် ရေလက်ကြားတစ်ခု ရှိလေသည်။ ဂျေရပ်စ်နှင့်အခြားသူများက အမဲလိုက်ရန်အတွက်နှင့် ဤမျှကွာဝေးသောနေရာကို ရေလက်ကြားမှဖြတ်လာကြခြင်းဖြစ်သည်။


ရှုရှုမှာ ဟယ်လီကော်ပတာထဲမှတစ်ဆင့် အထပ်မြင့်အဆောက်အအုံများနှင့် နည်းပညာမြင့်ကုန်ပစ္စည်းအမျိုးစုံကို မြင်တွေ့နေရလေ၏။ လူတစ်ယောက်က ကောင်းကင်ပေါ်ရှိ ပျံနေသည့်ပစ္စည်းတစ်ခုပေါ်၌ ရပ်နေသည်ကိုလည်း သူ တွေ့လိုက်ရလေသည်။


ကမ္ဘာပေါ်က သိပ္ပံနဲ့နည်းပညာက ဘယ်အချိန်ကတည်းက ဒီလောက်တိုးတက်သွားတာလဲ… 


ရှုရှုမှာ တစ်ခုခုလွဲနေသလိုခံစားရသော်လည်း ထဲထဲဝင်ဝင်တွေးရန်မှာ နောက်ကျသွားခဲ့သည်။ သူက အတွေ့အကြုံအသစ်များနှင့် ဖိတ်ဖိတ်တောက်နေသောပတ်ဝန်းကျင်ကိုကြောင့် စိတ်လှုပ်ရှားနေသောသာမန်လူတစ်ယောက်ပမာ အံ့အားသင့်လွန်း၍ ပင့်သက်ရှိုက်နေလေသည်။


သူက အံ့ဩနေသည့်အပြင် ကြောက်ရွံ့မှုကိုပါ စတင်ခံစားလာရလေသည်။


ခက်ခဲသလိုခံစားချက်ဖြင့် ရှုရှုမှာ သူ့ခန္ဓာကိုယ်ပေါ်မှ တိရစ္ဆာန်အရေကို ဆွဲစေ့လိုက်မိသည်။ သူ ထွက်လာခဲ့သောနေရာနှင့် ဤနေရာကိုကြည့်ကာ နှိုင်းယှဥ်နေမိလေ၏။ ဂျေရပ်စ်နှင့်အခြားသူများက သူ့အတွက် ထူးဆန်းနေလေသည်။ နောက်ဆုံး၌ သူ လုံးဝမနေနိုင်တော့ဘဲ အက်ဂါအနားသို့ ကပ်သွားမိလေသည်။


"မြွေကြီး ဒီနေရာကြီးက အကြီးကြီးပဲ..."


ရှုရှု၏မျက်နှာက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နေလေ၏။


အက်ဂါက ငြိမ်နေလေသည်။ လက်ရှိတွင် သူစကားမပြောနိုင်သလို သူ့ရှုထောင့်မှကြည့်လျှင်လည်း ဤနေရာက မကြီးလှပေ။ ဤနေရာနှင့်ယှဥ်လျှင် ကြယ်မြို့တော်က အဆရာချီကြီးမားပြီး ပို၍လည်းလှပလေသည်။


"ငါ နည်းနည်းကြောက်နေမိတယ်.."


ရှုရှုက ထပ်ပြောလိုက်ပြန်သည်။ သူ့အသံက အလွန်တိုးလျနေလေ၏။ ရှုရှုစကားကို အက်ဂါတစ်ယောက်တည်းကသာနားလည်နိုင်လေသည်။


အက်ဂါမှာ သူ့အမြှီးဖြင့် ရှုရှု၏ပုခုံးကို ပုတ်လိုက်သည်။


ရှုရှုက နှစ်သိမ့်ခံလိုက်ရပြီး သူ့ကိုပုတ်လိုက်သည်က မြွေကြီးအမြှီးမှန်းသိလိုက်ရသည့်အခါ ပို၍ပင်ကြောက်သွားလေသည်။


ရှုရှုက သူနှင့်အလွန်ကပ်နေသောမြွေကြီးကိုကြည့်လိုက်သည်။ သူ့ခေါင်းပေါ်မှ အမွေးအမျှင်အားလုံး ထောင်တက်သွားလေ၏။ ထိုအခိုက်အတန့်လေးတွင် သူ အလွန်ညင်သာသောအသံလေးတစ်သံကို ကြားလိုက်ရလေ၏။

"မင်းက တောထဲကနေခေါ်လာတဲ့ အဆင့်နိမ့်သားရဲလူသားလေး ဆိုတာလား.."


ရှုရှုက အမျိုးသားပြောလိုက်သောစကားကို နားမလည်သော်လည်း အမျိုးသား၏ပုံစံက သူ့လိုပင် လူတစ်ဝက်တိရစ္ဆာန်တစ်ဝက်ဖြစ်ပြီး အလွန်လုံခြုံသည်ဟုခံစားရစေလေသည်။


အမျိုးသားက အသက်သုံးဆယ်ခန့်ရှိပုံရသည်။ ဂျေရပ်စ်နှင့်မတူဘဲ ခေါင်းမှခြေဖျားအထိ ကြွက်သားတည်ဆောက်ပုံက ပို၍ပိန်ပါးလေသည်။ ယဥ်ကျေးပြီး မျက်နှာထက်တွင် နူးညံသောအပြုံးရှိနေသူအမျိုးသားကို မြင်လိုက်ရသည့်မည်သူမဆို အတွင်းစိတ်ထဲမှ အမြင်ကောင်းကို ပေးလေသည်။


သံသယမရှိစွာပင် ရှုရှုက အမျိုးသား၏ခေါင်းပေါ်မှနားရွက်ဝိုင်းဝိုင်းလေးနှစ်ခုကို သဘောကျနေမိသည်။


အဲဒါက ကျားသစ်နားရွက်မဟုတ်လား… ငါ့အရှေ့က ဒီလူက ကျားသစ်သားရဲဝိညာဥ်လား…


"ခင်များလည်း ကျွန်တော်နဲ့အတူတူပဲ၊ ခင်များကျင့်ကြံတာမှားသွားလို့လား..."

ရှုရှုက မေးကြည့်လိုက်သည်။


ကျားသစ်နားရွက်နှင့်လူငယ်လေးက ရှုရှု၏စကားကိုနားမလည်သော်လည်း ဂျေရပ်စ်ပို့ပေးလိုက်သည့် ရှုရှုနှင့်ပတ်သက်သော အချက်အလက်အချို့ကို သိထားလေသည်။ ထိုသူက ရှုရှုကို တချိန်လုံးပြုံးပြနေသည်မှာ မဆန်းတော့ပေ။


"ဟယ်လို ငါ့နာမည်က ဂျုံးစ်လို့ခေါ်ပါတယ်… ငါကဆရာဝန်လေ… ငါမင်းရဲ့ကျန်းမာရေးကိုစစ်ကြည့်ပေးမယ် ဟုတ်ပြီလား..."


ဂျုံးစ်က ရှုရှုကိုလက်ယပ်ခေါ်ပြပြီး ရှုရှုက သူ့အနောက်ကိုလိုက်သွားပြီးမှ မြွေကြီးကိုပြန်ကြည့်လိုက်သည်။


အက်ဂါက ဂျုံးစ်ကိုကြည့်ပြီး အမြှီးဖြင့်ကြမ်းပြင်ကို အကြိမ်ရေအနည်းငယ် ခေါက်လိုက်လေသည်။


"သူလည်း ငါတို့နဲ့အတူ လိုက်လာရမှာပဲ..."

သူက ရှုရှုကိုပြောလိုက်သည်။


"ဒေါက်တာဂျုံးစ် မဖြစ်ဘူး သူက ကျရှုံးသားရဲလေ..."

ဂျေရပ်စ်က ချက်ချင်းပြောလိုက်လေ၏။ ဒေါက်တာဂျုံးစ်က အလွန်တော်သော်လည်း သူလည်း အဆင့်နိမ့်သားရဲအနွယ်ဝင်ပင် ဖြစ်လေသည်။

ကျရှုံးသားရဲက သူ့ကို ထိခိုက်အောင်လုပ်လိုက်ရင် ဘယ်လိုလုပ်မလဲ…


"ငါက ကျရှုံးသားရဲတစ်ကောင်ကိုတောင် မထိန်းနိုင်ဘူးလို့ မင်းကထင်နေတာလား..."

ဒေါက်တာဂျုံးစ်က ဂျေရပ်စ်ကိုပြန်လည်ပြုံးပြလိုက်သည်။


"မ...မဟုတ်..."

ဂျေရပ်စ်က ထစ်ငေါ့နေသည်။ သူ့မျက်နှာပေါ်မှအကြောက်တရားများက မမျှော်လင့်ဘဲပေါ်လာလေ၏။


ဒီကျားသစ်ဝိညာဥ်က အရမ်းစွမ်အားကြီးတာပဲ…

ရှုရှုက အမျိုးသားကိုကြည့်ပြီး သူ့ကိုယ်သူအားပေးလိုက်သည်။ သူက ထိုသူလို ကျိန်းသေပေါက်အင်အားကြီးလာမည်ဟု ယုံကြည်ထားလိုက်လေ၏။ သူက အလွန်တရာမှစွမ်းအားမကြီးလာလျှင်ပင် သူ့တပည့်က သေချာပေါက်စွမ်းအားကြီးလာလိမ့်မည်။


"သွားကြမယ်..."

ဒေါက်တာဂျုံးစ်က တဖက်လှည့်ကာ ရှေ့မှဦးဆောင်သွားလေသည်။


အနည်းငယ်စိတ်လှုပ်ရှားနေသောရှုရှုက နီးကပ်စွာလိုက်လာလေ၏။


"ဂျေရပ်စ်တို့အဖွဲ့က တောထဲမှာ အဆင့်နိမ့်သားရဲလေးတစ်ကောင်ကိုတွေ့ခဲ့တယ်တဲ့..."


"ချစ်စရာလေးပဲ၊ သေးသေးလေးနဲ့လှတယ်..."


"ငါ အဆင့်နိမ့်သားရဲလေးနဲ့ စကားပြောကြည့်ချင်တယ်..."


မဝေးသောနေရာတွင်ဝပ်နေသော သားရဲမျိုးနွယ်ဝင်အဖွဲ့တစ်ဖွဲ့မှာ တီးတိုးပြောနေကြလေသည်။ သူတို့က ရှုရှုကိုငေးနေကြပြီး သွားရည်ကျနေလေသည်။ နောက်ဆုံးတွင် လူတစ်ယောက်က မနေနိုင်တော့ဘဲ ရှုရှုထံသို့ ရောက်လာလေသည်။


ပုံမှန်တွင် သူက အရပ်ရှည်သည့်သားရဲမျိုးနွယ်ဝင်ပင် ဖြစ်လေ၏။ သူက ကျစ်လျစ်သည်စစ််တပ်ယူနီဖောင်းကို ဝတ်ထားပြီး ကြွက်သားအားလုံးကို ထုတ်ပြထားလေသည်။ သူလမ်းလျှောက်လိုက်ချိန်တွင် ဟိတ်ဟန်ကြီးသောအမူအရာက ပို၍ပင်ပေါ်ထွက်လာသေးသည်။


ရှုရှုအတွက် ဤမျှအရပ်ရှည်သူကို မြင်ရခြင်းမှာ ပထမဆုံးပင်ဖြစ်လေ၏။ သူက ထိုသူကိုမော့ကြည့်နေရပြီး အဆုံးတွင် ကြောက်လန့်သွားရသည်။ တစ်ဖက်လူ၏ ဆာလောင်နေသောအကြည့်ဖြင့် ဆုံတွေ့သွားရသည့်အခါ အနည်းငယ်ကျုံ့ဝင်သွားရကာ "ကျားသစ်သားရဲဝိညာဥ်" အနောက်ကိုဝင်ပုန်းလိုက်မိသည်။

ဒီမိစ္ဆာက ကြမ်းတမ်းတဲ့ပုံစံဆိုပေမဲ့ ငါ့ကိုလည်း သဘောကျသလိုပါပဲ…ဟုတ်တယ်မလား…


ထို့နောက် ရှုရှုက သူ့ကိုထိတ်လန့်စေသောမြင်ကွင်းတစ်ခုကိုမြင်လိုက်ရသည်။


"ကျားသစ်သားရဲ" ဝိညာဥ်က သူ့လက်မှ ခလုတ်လေးကိုဖိလိုက်ရာ အပ်တစ်ချောင်းက ကြွက်သားအပြည့်ဖြင့်အမျိုးသားထံ ပျံထွက်သွား၏။ ထိုကြွက်သားအပြည့်နှင့် လူကြီး၏မျက်လုံးတို့က ရှေ့သို့သာကြည့်နေရင်း မြေကြီးပေါ်သို့လဲကျသွားကာ ဆင်တစ်ကောင်အဖြစ်ပြောင်းလဲသွားလေသည်။ ၎င်းက အိပ်ပျော်နေပြီး ဟောက်နေလေ၏။


ဘယ်လိုတောင် အံ့ဩစရာလက်နက်ဆန်းလဲ… ဘယ်လိုတောင် အံ့သြစရာ ကျားသစ်ဝိညာဥ်လဲ…


ရှုရှုက အဆင့်နိမ့်သားရဲလူသားဂျုံးစ်ကို လေးစားရင်းအလုပ်ရှုပ်နေစဥ် သူ ကျားသစ်သားရဲဝိညာဥ်ဟု ယုံမှတ်ထားခဲ့သောဂျုံးစ်ကိုယ်တိုင်ကမူ ပြုံးရွှင်နေပြီး အနားတွင် ပျာယာခတ်နေကြသောသားရဲမျိုးနွယ်များကို ဝေ့ကြည့်လိုက်လေသည်။


"အဆင့်နိမ့်သားရဲလေးက ငယ်သေးတယ်… မင်းတို့တွေ အခြားအတွေးတွေ မတွေးတာကောင်းလိမ့်မယ်..."


အနားမှသားရဲများက ဒေါက်တာဂျုံးစ်၏ စောစောက မျက်လှည့်လေးကိုတွေးမိပြီး တမဟုတ်ချင်း တုန်သွားကြလေသည်။ သူတို့မှာ အများအပြားမတွေးရဲပေ။ မူလက အမိဖမ်းချင်နေသောဂျေရပ်စ်ပင် ခါးသက်သက်မျက်နှာဖြင့် တုံ့ခနဲရပ်သွားခဲ့သည်။


ဂျုံးစ်က အက်ဂါနှင့်အဆင့်နိမ့်သားရဲလူသားလေးကို သူ၏ဆေးပေးခန်းထဲသို့ တန်းပြီးခေါ်သွားကာ သူ့အမူအရာက ရုတ်တရက်ချဥ်စူးသွားလေသည်။


"အိမ်ရှေ့စံမင်းသား… ဒီကို ဘယ်လိုလုပ်ရောက်လာတာလဲ...ဘယ်လိုလုပ်ပြီး ကျရှုံးသားရဲဖြစ်သွားရတာလဲ..."



🐹🐹🐹