Chapter 24
Viewers 3k

🐹 Chapter 24

ထွက်ခွာခြင်းနှင့်ကောလာဟလများ



ဂျေရပ်စ်က အဆင့်နိမ့်သားရဲလူသားလေးကိုခေါ်သွားရန် အစောပိုင်းကတည်းက စဥ်းစားထားပြီးဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အဆင့်နိမ့်သားရဲလူသားလေးက အန္တရာယ်များသောတောထဲတွင်မနေသင့်ပေ။ သို့သော်လည်း ၎င်းမတိုင်ခင် အဆင့်နိမ့်သားရဲလေး၏အခြေအနေနှင့်ပတ်သက်ပြီး သိရှိအောင်လုပ်ရန်လိုအပ်သေးသည်။ ဤကျရှုံးသားရဲက အဘယ်ကြောင့် အဆင့်နိမ့်သားရဲလူသားငယ်လေးဘေး၌ ရှိနေရသည်ကိုလည်း သိအောင်လုပ်ရပေမည်။


သူတို့က ဘာလို့ တောထဲမှာ နေနေကြတာလဲ…


သူနှင့်အဆင့်နိမ့်သားရဲလေးကြားတွင် ဘာသာစကားအတားအဆီးကြီးတစ်ခုရှိနေသည်။ ဂျေရပ်စ်က အဆင့်နိမ့်သားရဲလူသားလေးနှင့် အတူရှိနေခဲ့သည့် ကျရှုံးသားရဲနှင့် ဆက်သွယ်ပြောဆိုချင်မိသည်။ ကျရှုံးသားရဲသည်လည်း သူနှင့်အတွေးတူကာ အတူတကွ ဤနေရာသို့ ရောက်လာကြ၏။


ကျရှုံးသားရဲ ချရေးပေးသောစကားလုံးများကို ဖတ်ကြည့်ပြီးနောက် ဂျေရပ်စ်က စိတ်သက်သာရကာ သက်ပြင်းချလိုက်လေသည်။ ကျရှုံးသားရဲက သူထွက်သွားရတော့မည်ကို သိနေခဲ့သည်။ မည်သည့်အကြောင်းကြောင့်ပင်ဖြစ်စေ အဆင့်နိမ့်သားရဲလူသားလေးအနေဖြင့် ကျရှုံးသားရဲကို ဘေးတွင် ဆက်ခေါ်ထားရန် မဖြစ်နိုင်ပေ။


"ဒီအဆင့်နိမ့်သားရဲလူသားလေးက ဘယ်လိုဖြစ်ပြီး တောထဲမှာရှိနေရတာလဲ… သူက ဘာလို့ ပုံမှန်စကားကိုနားမလည်တာလဲ၊ သူက ကလေးဘဝကတည်းက တောထဲမှာနေလာတာလား.."


ဂျေရပ်စ်က မေးမြန်းကြည့်သည်။ အဆင့်နိမ့်သားရဲလူသားလေးက အခြေခံဘာသာစကားကိုနားမလည်သလို အခြားသော ဒေသိယစကားတို့ကိုလည်း နားမလည်ပေ။ သားရဲလူသားနှင့် အဆင့်နိမ့်သားရဲလူသားတို့ကြားမှ ကွာခြားချက်ကိုပင်နားမလည်နေသည်မှာ ထူးဆန်းနေလေသည်။


အက်ဂါက ဂျေရပ်စ်ကို တစ်ချက်ကြည့်ပြီး အမြှီးဖြင့် မြေကြီးပေါ်တွင် စာရေးပြလိုက်ပြန်သည်။

"သူက ကလေးဘဝကတည်းက တောထဲမှာနေလာတာဆိုတော့ ဘာမှနားမလည်ဘူး..."


အက်ဂါမှာ အဆင့်နိမ့်သားရဲလူသားလေးက ဤနေရာတွင် ကလေးအရွယ်ကတည်းက နေလာခဲ့ခြင်းမဟုတ်ကြောင်း သိနေလေသည်။ သူတို့နှစ်ယောက်လုံးမှာက လတ်တလောလေးတွင်မှ အခြားနေရာတစ်ခုမှ ရောက်လာကြခြင်းဖြစ်သည်။ သို့သော် ယင်းက ကောင်းမွန်သောရှင်းပြချက် မဟုတ်ပေ။ အဆင့်နိမ့်သားရဲလူသားလေးက ဤနေရာတွင် တလျှောက်လုံးကြီးပြင်းလာသည်ဟုပြောခြင်းက ပိုကောင်းသည်။


ထို့အပြင် အဆင့်နိမ့်သားရဲလူသားလေးက သူတို့နှင့်အတူလိုက်သွားပြီး တောအုပ်အပြင်ဘက်ကို ခရီးထွက်ချင်နေသည်။ ကောင်လေးကိုကာကွယ်ပေးခြင်းအပြင် သူ့မိဘများကို ရှာဖွေဆဆက်သွယ်ရမည်။ သို့မှသာ ထိုသူတို့က အဆင့်နိမ့်သားရဲလူသားလေးကိုလာခေါ်ပြီး ပြုစုစောင့်ရှောက်ပေးကြလိမ့်မည်။ ထို့အပြင် သူ၏နီးစပ်သောဆွေမျိုးသားချင်းများကိုလည်း ရှာဖွေပေးရဦးမည်။ အခြေအနေက ထိုသို့ဖြစ်လေရာ အက်ဂါမှာ သူ့မျက်စိရှေ့မှ သားရဲလူသားကို အဆင့်နိမ့်သားရဲလေးအကြောင်း အများအပြားမရှင်းပြလိုက်သည်မှာ ပုံမှန်ပင်ဖြစ်လေသည်။


"ကလေးဘဝကတည်းက တောအုပ်ထဲမှာနေလာတာလား၊ သူက ဝံပုလွေလူသား ကားလ်လိုပဲလား..."


ဂျေရပ်စ်မှာ အလွန်အံ့ဩသွားလေသည်။ "ဝံပုလွေလူသားကားလ်" ဟူသောစာအုပ်မှာ သားရဲတိုင်းပြည်တွင် အရောင်းရဆုံးစာအုပ်ပင်ဖြစ်လေသည်။ စာအုပ်ထဲတွင် သားရဲလူသားဇနီးမောင်နှံနှစ်ယောက်က မွေးကာစ သားရဲပေါက်လေးနှင့်အတူ ခရီးထွက်ကြပြီး မတော်တဆဖြစ်သွားခဲ့သည်။ သားရဲလူသားဇနီးမောင်နှံနှစ်ယောက်ကသေဆုံးသွားပြီး သားရဲပေါက်လေးကိုမူ ဝံပုလွေမျိုးနွယ်စုတစ်စုက စောင့်ရှောက်ထားခဲ့သည်။ သူ၏ရှိန်လောက်သောခွန်အားကျေးဇူးဖြင့် ဝံပုလွေမျိုးနွယ်၏ဘုရင်ဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် သူက သားရဲလူသားများအတိုင်းဖြစ်လာခဲ့သည်။ ထိုအခါမှ သူက ဝံပုလွေတစ်ကောင်မဟုတ်ဘဲ သားရဲလူသားဖြစ်ကြောင်း နားလည်သွားခဲ့သည်။


အက်ဂါမှာလည်း ထိုစာအုပ်အကြောင်းကို သေချာပေါက်သိသည်။ သူက ပြီးပြီးရော ခေါင်းညိတ်ပြလိုက်၏။ သို့သော် ဂျေရပ်စ်ကမူ အခြေအနေက ထို့ထက်ပိုလိမ့်မည်ဟု ထင်နေလေသည်။ အဆင့်နိမ့်သားရဲလူသားလေးအတွက် တောအုပ်ထဲတွင် အသက်ရှင်အောင်နေထိုင်နိုင်ရန်မှာ အလွန်ခက်ခဲပေသည်။ သူ့ခွန်အားသူအားကိုးနေသော ဝံပုလွေလူသားကားလ်နှင့် သူလက်ရှိအသက်ရှင်နေပုံက လုံးဝမတူပေ။


"မင်းက အဆင့်နိမ့်သားရဲလူသားလေးရဲ့အဖေမဟုတ်ဘူးလား… မင်းက သူ့ကိုတစ်ချိန်လုံးစောင့်ရှောက်လာတာလေ..."


ဂျေရပ်စ်က သူ့အရှေ့မှကျရှုံးသားရဲကို လေးစားမှုများဖြင့်ကြည့်လိုက်သည်။ သေချာသည်မှာ အဖေတစ်ယောက်အနေဖြင့် သူက တကယ်ကို သန်မာလေသည်။ 

ဒီကျရှုံးသားရဲက သူ့ကလေးတွေကိုကာကွယ်ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိနေတာပဲ မဟုတ်လား…


သေချာသည်က ဤအရှုံးသမားသားရဲ၏ အင်အားနှင့်ပတ်သက်၍လည်း တစ်ခုခုရှိနေ၏။ သူ၏ ကြီးနိုင်ငယ်ညှင်းဖိအားကြောင့် ဂျေရပ်စ်ကိုပင် ကြောက်ရွံ့သွားစေခဲ့သည်။ ဤကျရှုံးသားရဲ၏ခွန်အားက ကြီးမားပြီးတိုင်းတာရန်ခက်ခဲလေသည်။ သေချာပေါက်ပင် ကျရှုံးသားရဲအဖြစ်မရောက်မီ သူက ကြောက်စရာခွန်အားကြောင့် သားရဲလူသားစစ်သည်ဖြစ်ခဲ့ဖူးနိုင်၏။


အဖေတဲ့လား…

ဂျေရပ်စ်၏ ချစ်ကြောက်ရိုသေခြင်းတို့အမြစ်တွယ်နေသော မျက်လုံးများဖြင့် အက်ဂါမှာ အကြည့်ချင်းဆုံသွားရလေသည်။


"စိတ်ချပါ၊ ငါက မင်းရဲ့ကလေးကို သေချာပေါက်ကာကွယ်ပေးပြီး ဘာအန္တရာယ်မှမဖြစ်စေရပါဘူး..."


ဂျေရပ်စ်က သူ၏အာမခံချက်နှင့်ပတ်သက်၍ စိတ်လှုပ်ရှားနေလေသည်။ အက်ဂါက ထိုသို့မတွေးဘဲ သူ့အမြှီးက ဂျေရပ်စ်အနားမှ ပွတ်ကာသီကာ ဖြတ်သွားလေသည်။


ဂျေရပ်စ်က ချက်ချင်းရှောင်လိုက်ပြီး တစ်နည်းတစ်ဖုံ အပြစ်ရှိသလို ခံစားလိုက်ရလေသည်။ သားရဲလူသားအဖေက သူ၏အဆင့်နိမ့်သားရဲလူသားကလေးငယ်ကို တပ်မက်နေသည့် သားရဲလူသားလူငယ်အပေါ် ဘယ်တော့မှ အမြင်ကောင်းမရှိနိုင်ပေ။ ထိုသို့သောအာမခံချက်က အရိုက်ခံရရန်တောင်းဆိုနေသလို ဖြစ်နေလေသည်။


ငါ ရှောင်ပြေးလိုက်ရင် အဲ့လူ ငါ့ကို ရိုက်တာရပ်ပြီး စိတ်လျှော့ဖို့ အချိန်များရသွားမလား…


ငါက အခုမှ အဆင့်နိမ့်သားရဲလူသားလေးနဲ့ရင်းနှီးကာစရှိသေးတာ... အဆင့်နိမ့်သားရဲလေးအပေါ်က ငါ့ရဲ့ခံစားချက်တွေကို အချစ်လို့လည်းပြောလို့မရသေးဘူးလေ.... ဒါပေမဲ့ ငါက အဆင့်နိမ့်သားရဲလေးကို တကယ်သဘောကျပြီး သူ့ကို လိုက်ချင်သေးတယ်...


ဂျေရပ်စ်က ငြိမ်ငြိမ်လေးရပ်နေပြီး ဘယ်ကိုမှမသွားတော့ရန်ဆုံးဖြတ်လိုက်လေသည်။ သို့တိုင် မထင်ထားစွာဖြင့် ကျရှုံးသားရဲက သူ့ကိုဆက်မရိုက်တော့ပေ။ ထိုအစား နှင်းတောထဲတွင် ဝမ်းလျားမှောက်လှဲကာ ကြွက်သားတစ်ချက်လေးပင် မလှုပ်တော့ပေ။ 


နောက်တစ်နေ့တွင် ရှုရှုက "မိစ္ဆာအုပ်စု" နှင့်အတူ တပည့်ဖြစ်သူမြွေကြီးကိုခေါ်ကာ နှစ်ဝက်မျှနေခဲ့သောဂူမှ ထွက်လာခဲ့လေသည်။


သူ ထွက်မသွားမီ အစားအစာများကို ပါးစပ်ထဲသို့ တိတ်တိတ်လေး ဆံ့သလောက်ထည့်လာခဲ့လေသည်။ ပါးစပ်ထဲသို့မထည့်ချင်၍ ကျန်နေခဲ့သည်များကိုမူ ထုတ်လိုက်ပြီး ဂျေရပ်စ်နှင့်အခြားသူများကို ပေးလိုက်သည်။ အရေးကြီးသည်က ရှုရှု ဤလူများထံမှ အစားအသောက်များကိုစားခဲ့မိ၍ ပြန်ပေးရန်လိုအပ်သည်။


ဂျေရပ်စ်နှင့်အခြားသူများက အဆင့်နိမ့်သားရဲလေးပေးလာသော ကန်စွန်းဥတစ်အိတ်ကြီးကိုယူလိုက်ပြီး အဆင့်နိမ့်သားရဲလူသားလေးက သူတို့ကိုလက်ဆောင်ပေးသည့်အတွက် အလွန်စိတ်လှုပ်ရှားသွားခဲ့သည်။


"အမြန်လုပ်ပြီးရင် သွားကြမယ်ဟေ့..."


သူပိုင်သမျှ တိရစ္ဆာန်သားရေအားလုံးကို သူ့ကိုယ်တွင်ပတ်ကာ ခိုက်ခိုက်တုန်နေရင်း ရှုရှုမှာ ပျော်ရွှင်စွာပြောလိုက်လေသည်။


ဂျေရပ်စ်က ခေါင်းညိတ်ပြကာ ဆက်သွယ်ရေးစက်ဖြင့် စစ်ဌာနကို ဆက်သွယ်လိုက်သည်။ ဆယ်မိနစ်ပင်မရှိသေးမီ ဟယ်လီကော်ပတာတစ်စီးက တောအုပ်အပေါ်မှ ရောက်လာပြီး သူတို့အရှေ့တွင် ဘီးချလာခဲ့သည်။


ရှုရှုက ဟယ်လီကော်ပတာကိုကြည့်ပြီး ကြက်သေသေနေလေ၏။ 

ငါ ထွက်သွားချင်ရင် ဒီလောက်တောင်လွယ်တာလား…


"ငါတို့ရဲ့ ဆက်သွယ်ရေးစက်က တောအုပ်ထဲမှာတောင် အချက်ပြပို့လို့ရတယ်လေ..."


ဂျေရပ်စ်က ရှင်းပြလာလေသည်။ ဤဂြိုဟ်တွင် အစောင့်တပ် များများစားစားမရှိဘဲ အချက်ပြမှာလည်း ဂြိုဟ်တစ်ခုလုံးကို မဖြန့်ထားပေ။ ဤအရိုင်းတောအုပ်အခြမ်းမှာပင် ကင်းလှည့်သူ တစ်ယောက်မှမရှိပေ။ အစကတည်းက အဆင့်နိမ့်သားရဲလူသားလေးမှာ ဤတောအုပ်ထဲမှထွက်သွားရန် အကူအညီမတောင်းခဲ့၍ ဖြစ်လိမ့်မည်။ တကယ်တမ်းတွင် လူတစ်ယောက်ကိုလာခေါ်ရန်အတွက် ဟယ်လီကော်ပတာကိုခေါ်ခွင့်မရှိပေ။


သို့ရာတွင် တောအုပ်ထဲ၌ အဆင့်နိမ့်သားရဲလူသားလေးတစ်ယောက်ရှိနေလျှင် ကွဲပြားသွားပြီဖြစ်လေသည်။ ကယ်ဆယ်ရေးဆောင်ရွက်ချက်များအရ အဆင့်နိမ့်သားရဲလူသားတစ်ယောက်က စစ်ပွဲမဟုတ်သောအခြေအနေအတွင်း အန္တရာယ်ကြုံတွေ့နေရလျှင် စစ်တပ်က တတ်နိုင်သမျှ ထိုသူကိုကယ်ဆယ်ရပေမည်။ 


ထို့ကြောင့် ယမန်နေ့က သူတို့မဆက်သွယ်ခဲ့ခြင်းပင်ဖြစ်လေ၏။ သူတို့က အဆင့်နိမ့်သားရဲလူသားလေးအား အိတ်ပြင်ဆင်ရန် အခွင့်အရေးပေးခဲ့ခြင်းဖြစ်သည်။ သေချာသည်က သူတို့အနေဖြင့် အဆင့်နိမ့်သားရဲလူသားလေးနှင့် ရင်းနှီးလို၍လည်းပါသည်။ 


ဟယ်လီကော်ပတာက ဂျေရပ်စ်တို့အဖွဲ့ကိုခေါ်သွားခဲ့သည်။ အက်ဂါ၏ ကျရှုံးသားရဲပုံစံမှာ မေးခွန်းထုတ်စရာဖြစ်နေသော်လည်း အနားတွင် သားရဲလူသားအများအပြားရှိနေ၍ ကျရှုံးသားရဲကအရူးထပြီး အဆင့်နိမ့်သားရဲလူသားလေးကိုထိခိုက်အောင်မလုပ်နိုင်ဟု ယူဆလိုက်ကြသည်။ အက်ဂါမှာ အဆင့်နိမ့်သားရဲလူသားလေး၏နီးစပ်သူဖြစ်သောကြောင့် နောက်ဆုံးတွင် ထိုသူကိုပါ အတူခေါ်လာရတော့သည်။


ဟယ်လီကော်ပတာက လေထဲသို့ပျံတက်သွား၏။ လူစုက သားရဲလူသားပြည်နယ်သစ်သို့ သွားနေချိန်တွင် သားရဲလူသားအင်ပါယာ၏မြို့တော်ကြယ်တွင် ကိစ္စကြီးတစ်ခု ဖြစ်သွားလေ၏။ ထိုသို့မဟုတ်ဘဲ ကောလာဟလတစ်ခုပျံ့သွားခဲ့သည်ဟုပြောရလျှင် ပိုမှန်လိမ့်မည်။ 


လက်ရှိ သားရဲလူသားအင်ပါယာမှာ သက်ဦးဆံပိုင်စနစ်ဖြစ်သည်။ ဧကရာဇ်မင်းမြတ်မှာ အင်အားမကြီးသော်လည်း လူများက တော်ဝင်မိသားစုအပေါ်တွင် အာရုံစိုက်ထားဆဲဖြစ်လေ၏။ လက်တလောတွင် တော်ဝင်မိသားစု၌ လက်မထပ်ရသေးသူဟူ၍ အဆင့်နိမ့်သားရဲလူသားတိုင်း၏ အိမ်မက်ချစ်သူဖြစ်ကာ မရေမတွက်နိုင်သောသားရဲလူသားတို့၏စံပြပုဂ္ဂိုလ်လည်းဖြစ်သည့် မင်းသားအက်ဂါတစ်ယောက်သာရှိတော့လေ၏။ 


ထိုသူက သံသယမရှိ ကြယ်ရှစ်ပွင့်အဆင့်သားရဲလူသားဖြစ်ပြီး ဆုတံဆိပ်အမြောက်အများ ချီးမြှင့်ခံထားရသူလည်း ဖြစ်လေသည်။ 


လူတွေက ဒီလိုလူငယ်လေးကို မကိုးကွယ်ဘဲ ဘယ်နေနိုင်ကြမှာလဲ…


ယခုမူ ထိုသူမှာ လူအများကရှုံ့ချရသော တည်ရှိမှုတစ်ခုဖြစ်လာခဲ့သည်။


မင်းသားအက်ဂါက အသစ်ရှာတွေ့ထားသောဂြိုဟါမှ အန္တရာယ်ရှိသောသားရဲများကို ရှင်းလင်းခဲ့ချိန်တွင် သူ၏သက်တော်စောင့်များကိုပါ ထိတ်လန့်ကြောက်ရွံ့စေခဲ့သည်။ ရလဒ်မှာ သူအဝိုင်းခံရပြီး သားရဲအမြုတေပျက်စီးသွားခဲ့ကာ ကျရှုံးသားရဲအဖြစ်သို့ ရောက်သွားခဲ့သည်။ 


ထိုမျှမကသေးဘဲ သူ ကျရှုံးသားရဲဖြစ်သွားသည့်အကြောင်းကို တော်ဝင်မိသားစုက လျှို့ဝှက်ထားပြီး သူတို့က ထိုသူကို ကြယ်မြို့တော်ထဲတွင် တိတ်တဆိတ် နေခွင့်ပေးခဲ့သည်။ ထို့အပြင် သူက ယမန်နေ့က အဆင့်နိမ့်သားရဲလူသားလေးတစ်ယောက်ကိုအန္တရာယ်ပေးခဲ့ပြီး သေစေနိုင်သည်အထိ ထိခိုက်စေခဲ့သည်။ 


မင်းသားက ကျရှုံးသားရဲဘဝသို့ပြောင်းသွားကာစဖြစ်ပြီး အသိစိတ်ရှိနေဆဲဖြစ်သော်လည်း အဆင့်နိမ့်သားရဲလူသားငယ်လေးကို ထိခိုက်စေခဲ့သည်။ တော်ဝင်မိသားစုက ဤကိစ္စကိုဖုံးထားပြီး အဆင့်နိမ့်သားရဲလူသားလေးနှင့် နီးစပ်သောဆွေမျိုးများကို နှောင့်ယှက်ခဲ့ကြသည််။


အဆင့်နိမ့်သားရဲလူသားလေးသာ လွတ်လာ၍မဟုတ်လျှင် မည်သူကမှ ဤကိစ္စကို သိကြတော့မည်မဟုတ်ပေ။ သတင်းများနှင့်ဓာတ်ပုံမျိုးစုံ ဗီဒီယိုမျိုးစုံက အွန်လိုင်းတွင်ပျံ့နှံ့နေခဲ့သည်။ 


လူထုက အလွန်တရာမှဒေါသထွက်နေခဲ့ကြလေ၏။ ထို့အပြင် ထိခိုက်သွားသော အဆင့်နိမ့်သားရဲလူသားလေး၏ ရင်နင့်စရာပုံစံက သူတို့အတွက် အက်ဂါကို စိတ်ပျက်သွားစေခဲ့သည်။ သူတို့က တော်ဝင်မိသားစုကို ဖြေရှင်းချက်ပေးစေချင်ကြသည်။


ထို့အပြင် အဓိကအရေးကြီးသည့်အချက်မှာ အက်ဂါကို အပြစ်ပေးရပေမည်။


*****


စာရေးသူ၏မှတ်ချက်:


အက်ဂါ: မှားယွင်းစွပ်စွဲခံရတာပါ… ကျွန်တော်က တောထဲမှာနေပြီး ဟမ်းစတားလေးကို ပျိုးထောင်ပေးနေရတာပါ…



🐹🐹🐹