Chapter 12
Viewers 3k

🐹 Chapter 12

မြွေကြီးကို စကားပြောနည်းသင်ပေးမယ်



ရှုရှု၏အထင်သက်သက်သာ ဖြစ်နိုင်သော်လည်း မြွေကြီး၏ဒဏ်ရာများပေါ်သို့ ဝိညာဥ်စွမ်းအားလွှဲပေးပြီးနောက် မြွေကြီး၏ဒဏ်ရာများက ပိုသက်သာလာသည်ဟု သိသိသာသာခံစားလိုက်ရလေသည်။


ဝိညာဥ်စွမ်းအားတွေက ဒဏ်ရာတွေအပေါ်မှာ အကျိုးသက်ရောက်မှုရှိတာလား…

 á€›á€žá€Żá€›á€žá€Żáá€™á€ťá€€á€şá€”သဏထက်တွင် အံ့ဩဝမ်းသာသွားသည့်အမူအရာဖြစ်လာခဲ့သည်။ ထို့နောက် သူက မြွေကြီး၏ခန္ဓာကိုယ်ထဲသို့ ဝိညာဥ်စွမ်းအားအနည်းငယ်ကို ပိုသွင်းပေးရန် တွေးလိုက်လေသည်။ ထိုအခါ သူ၏ မစို့မပို့ဝိညာဥ်စွမ်းအားလေးမှာ သုံးကုန်သွားကြောင်းသိလိုက်ရလေသည်။ 


ရှုရှုက စိတ်ဓါတ်ကျစွာဖြင့် သူ့လက်ကို ခါးသက်သက်ကြည့်လိုက်မိသည်။


သူ ဟမ်းစတားလေးဖြစ်ခဲ့စဥ်က ဝိညာဥ်စွမ်းအင်အများအပြားရှိခဲ့သည်။ သူက လေဆင့်ခေါ်ခြင်းမန္တန်ကိုပင် သုံးနိုင်ခဲ့ပြီး သူ့ကိုယ်သူ အေးမြသွားစေနိုင်ဖူး၏ ။ ယခုမူ ဤအခြေအနေအထိဖြစ်သွားခဲ့သည်။ 


ရှုရှုမှာ လေးလံစွာသက်ပြင်းချလိုက်ပြီးနောက် ထိုင်ချကာ စတင်ကျင့်ကြံလိုက်သည်။


သူ့တွင် ဝိညာဥ်စွမ်းအင်အနည်းငယ်မျှသာ ရှိသော်လည်း တခဏမျှကျင့်ကြံပြီးသည့်နောက် အနည်းငယ် ပြန်လည်သက်သာလာခဲ့သည်။ သူပြန်လည်သက်သာလာသည်နှင့် မြွေကြီး၏ကိုယ်ထဲသို့ ဝိညာဥ်စွမ်းအားသွင်းပေးလိုက်သည်။


ထိုသို့မကြာခဏလုပ်နေပြီးနောက် မြွေကြီး၏ကိုယ်ပေါ်မှဒဏ်ရာများက ပိုမိုသက်သာလာပုံရသည်။ ရှုရှုမှာ ယင်းက ကျင့်ကြံခြင်းမဟုတ်ဘဲ မြွေကြီး၏ဒဏ်ရာကို ကုသပေးရန်သက်သက်ဟုသာ ခံစားလိုက်ရသည်။ ထို့အပြင် ၎င်းကအလွန်ပျင်းစရာကောင်း၏။ ထိုသို့အတွေးဝင်လာသည့်အခါ သူကိုယ်တိုင်တူးထားသော "အခန်းငယ်" လေးထံသို့သွားလိုက်ကာ လက်မအရွယ်မျှထူသော သစ်ကိုင်းကိုရှာလိုက်သည်။ ထို့နောက် မြွေကြီး၏ကိုယ်ထဲသို့ဝိညာဥ်စွမ်းအင်သွင်းပေးနေစဉ် ၎င်းကိုဝါးနေလိုက်သည်။ 


ရှုရှု အပြင်သို့ အစာထွက်ရှာချိန်က ယခုကဲ့သို့သောသစ်ချောင်းမျိုး၏အနံ့ကို ရခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က ယခုလိုအနံ့အသက်မျိုးကိုရပြီး အလွန်မွှေးသည်ကို ခံစားလိုက်ရ၏။ အနှီနူးညံ့သောသစ်ချောင်းကို အစမ်းသဘောဖြင့် မကိုက်ကြည့်ဘဲ မနေနိုင်ခဲ့ပေ။ ထိုနူးညံ့သောသစ်ချောင်းက ချိုမြသောအရည်များကိုထုတ်ပေးပြီး အရသာအလွန်ကောင်းလေသည်။ 


ထိုအချက်ကိုသိပြီးနောက် ရှုရှုက သစ်ချောင်းအမြောက်အများကို အိမ်သို့သယ်လာခဲ့သည်။ အချို့ကို တစ်ခါတည်းစားပစ်ပြီး ကျန်သည့်သစ်ကိုင်းအချို့ကိုမူ အနာဂတ်တွင် သူ့အံသွားများ၏အလိုကိုလိုက်နိုင်ရန် နေရောင်အောက်တွင် အခြောက်ခံကာ သိုလှောင်ထားလိုက်သည်။ သူက အခုအချိန်တွင် လူသားတစ်ယောက်ဖြစ်နေသော်လည်း သူ့သွားများက အလွန်ကောင်းနေဆဲဖြစ်သည်။ မဝါးနိုင်မည်ကို ပူပန်နေစရာမလိုအပ်ပေ။


နေဖြင့်အခြောက်လှန်းထားသောသစ်ကိုင်းများမှာ နူးညံ့သောသစ်ကိုင်းများလောက် မကောင်းပေ။ သို့သော်လည်း အကြာကြီးဝါးပြီးသည့်နောက် အချိုဓာတ်လေးများက ကျန်နေဆဲဖြစ်သည်။ ထို့အပြင် မြွေကြီး၏ဒဏ်ရာများကိုကုပေးနေချိန်၌သာမက ကျင့်ကြံနေချိန်တွင်ပါ မနားတမ်းဝါးနေလိုက်၏။ သူက ပါးစပ်ကလေးတလှုပ်လှုပ်ဖြင့်ဝါးနေရင် မကြာမီမှာပင် သူ့အနား၌ ဝါးပြီးသား သစ်ချောင်းအမှုန်အစများ ပုံလာလေတော့သည်။


အက်ဂါ မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ ရှုရှု သစ်ကိုင်းခြောက်များကို "စား" နေသောမြင်ကွင်းနှင့် တည့်တည့်တိုးသွားတော့၏။ 


သူက စိတ်ရှုပ်ထွေးနေသလို သူ့ကိုယ်သူ ဘာဖြစ်သွားခဲ့ကြောင်းကိုလည်း မသိပေ။ ခဏအကြာ၌ သူ့ခေါင်းကကြည်လင်သွားခဲ့သည်။ သူက ချက်ချင်းပင် အဆင့်နိမ့်သားရဲလူသားလေးက 'ဗိုက်ဆာလွန်းလို့ သစ်ချောင်းတွေကိုစားနေတာလား' ဟူ၍ တွေးမိသွား၏။


အက်ဂါမှာ အဆင့်နိမ့်သားရဲသူသားလေးအတွက် အလွန်တရာမှ စိတ်မကောင်းဖြစ်သွားရသည်။ 


အဆင့်နိမ့်သားရဲလူသားလေး၏ခန္ဓာကိုယ်က သားရဲလူသားနှင့် လုံးဝယှဥ်မရပေ။ ထို့ကြောင့် ယခင်အချိန်များမှစ၍ လက်ရှိအချိန်အထိ အဆင့်နိမ့်သားရဲလူသားငယ်လေးများကို သားရဲလူသားများက အမြဲကာကွယ်ပေးခဲ့ရခြင်းဖြစ်သည်။ မျက်မှောက်အချိန်၌ နည်းပညာများတိုးတက်ထွန်းကားပြီး အဆင့်နိမ့်သားရဲလူသားငယ်လေးများက သားရဲလူသားများနှင့် ရင်ဘောင်တန်းလာနိုင်သည့်တိုင် သားရဲလူသားများက ထုံးစံအတိုင်း အဆင့်နိမ့်သားရဲလူသားငယ်လေးများကို ကာကွယ်စောင့်ရှောက်ပေးနေဆဲဖြစ်၏။ အထူးသဖြင့် သူတို့၏ချစ်သူ အဆင့်နိမ့်သားရဲလူသားလေးများကိုပင်။ 


ယင်းမှာ သားရဲလူသားတို့၏အရိုးထဲတွင် နစ်မြုပ်နေသော ပင်ကိုယ်အသိစိတ်ဖြစ်သည်။ အက်ဂါကလည်း လက်ရှိတွင် သားရဲတစ်ကောင်သက်သက်သာဖြစ်နေသည့်တိုင် ထိုအသိစိတ်က ရှိနေသေးသည်။ 


သူက သူနှင့်မရင်းနှီးသည့် အဆင့်နိမ့်သားရဲလူသားလေးနှင့် တွေ့ရလျှင်ပင် အခြေအနေအရ အကောင်းဆုံးကြိုးစားပြီးကူညီပေးမည်သာ။ ယခုမူ သူ့ဘေးတွင်ထိုင်နေသော အဆင့်နိမ့်သားရဲလူသားလေးမှာ သူ့နှလုံးသားအခြေမှစ၍ နက်နက်ရှိုင်းရှိုင်း သဘောကျမြတ်နိုးရသူ ဖြစ်နေလေ၏။


အဆင့်နိမ့်သားရဲလူသားလေးကို ဂရုစိုက်ပေးနေရသော ရက်များတွင် အက်ဂါနားလည်လာခဲ့သောအရာတစ်ခု ရှိလေသည်။ ယင်းမှာ သူ အဆင့်နိမ့်သားရဲလေးကိုသဘောကျနေသည်ကိုပင်။ 


ထိုအချက်ကို အက်ဂါနားလည်သွားချိန်တွင် ပထမဆုံးအနေဖြင့် အဘယ်ကြောင့် ထိုအဆင့်နိမ့်သားရဲလူသားငယ်လေးကို သဘောကျမိရသလဲ မသိပေ။ သို့သော်လည်း သူအတော်အတန်ကြာအောင် စဥ်းစားပြီးနောက် ယင်းက ပုံမှန်သာဖြစ်ကြောင်း ခံစားလိုက်ရ၏။


ဤအဆင့်နိမ့်သားရဲလူသားငယ်လေးနှင့် ပတ်သက်၍ သဘောမကျစရာအချက်ဟူ၍ မရှိချေ။


ဤအဆင့်နိမ့်သားရဲလူသားလေးက ချစ်စရာကောင်းပြီး အလုပ်ကြိုးစားသည်။ ဇီဇာကြောင်ခြင်းမျိုးလည်း မရှိပေ။ စောင့်ရှောက်ရလွယ်ပြီး စိတ်ထားဖြူစင်လေ၏။


အဆင့်နိမ့်သားရဲလူသားလေး၏ ကြောက်နေသောအမူအရာကပင် အလွန်ချစ်စရာကောင်းသည်။ ကံဆိုးစွာဖြင့် အဆင့်နိမ့်သားရဲလူသားလေး ကြောက်နေသူက သူဖြစ်နေခဲ့သည်။ 


သို့သော်လည်း ယင်းကြောင့် အဆင့်နိမ့်သားရဲလူသားလေးအား အပြစ်မတင်ရက်ချေ။ အက်ဂါ၏လက်ရှိအခြေအနေမှာ ကြောက်စရာကောင်းသည့်မြွေကြီးတစ်ကောင်ဖြစ်သည်။

ဘယ်သူက ငါ့ကို မကြောက်ဘဲနေမှာလဲ...


အဆင့်နိမ့်သားရဲလေးက သူ့ကိုကြောက်သော်လည်း စက်ဆုပ်မုန်းတီးခြင်းမရှိသလို သူ့ကိုကျောခိုင်းသွားခြင်းမျိုးလည်းမရှိပေ။ အကြောက်တရားကိုဆန့်ကျင်ပြီး သူ့ကိုပင် ဂရုစိုက်ပေးခဲ့သည်။ အပိုဆောင်းပြောရမည်ဆိုပါက အဆင့်နိမ့်သားရဲလေးမှာ အလွန်သဘောကောင်းလေသည်။


အက်ဂါက တွေးနေစဥ်မှာပင် သူနှင့်အဆင့်နိမ့်သားရဲလူသားလေးတို့ အကြည့်ချင်းဆုံသွားကြသည်။


အဆင့်နိမ့်သားရဲလူသားလေး၏ မျက်လုံးတို့မှာ ပြူးကျယ်သွားပြီး ထိုမျက်လုံးထဲတွင် အကြောက်တရားတို့က လှိုင်းထလာလေ၏။ သို့ရာတွင် ဖြစ်တောင့်ဖြစ်ခဲပင် ထိုသူက ထွက်မပြေးသွားခဲ့ပေ။ အဆင့်နိမ့်သားရဲလူသားလေးက သူ့ကိုမျက်လုံးပြူးကာ ကြည့်နေခဲ့ပြီး အသက်ပင်မရှူဘဲ သူနားမလည်သောစကားတို့ကို ပြောနေခဲ့သည်။ 


သူကြားနေရသောစကားများကို လုံးလုံးပင် အဓိပ္ပါယ်ကောက်မရဘဲ ဖြစ်နေလေ၏။


အဆင့်နိမ့်သားရဲလူသားလေးပြောနေသောစကားများထဲတွင် "မြွေ" ဆိုသော စကားလုံးတစ်လုံးကို မကြာခဏကြားနေရလေသည်။ အဆင့်နိမ့်သားရဲလေးက သူ့အကြောင်းပြောနေသည်မှာ မှားစရာမရှိပေ။ 


အက်ဂါမှာ အဆင့်နိမ့်သားရဲလူသားလေးအား ခြောက်လှန့်မိမည်ကို စိုးရိမ်နေမိသည်။ မူလက သူနိုးသည်နှင့် ချက်ချင်းထွက်သွားရန် စီစဥ်ထားခဲ့ခြင်းဖြစ်သည်။ ယခုမူ အဆင့်နိမ့်သားရဲလူသားလေးက အသံချိုချိုကြည်ကြည်လေးဖြင့် စကားပြောနေလေရာ သူ့မှာ ထွက်သွားရန် တွန့်ဆုတ်နေမိလေသည်။ 


အဆင့်နိမ့်သားရဲလူသားလေးက သိသိသာသာပင် ကြောက်လန့်နေခဲ့သည်။ ထိုသူမှာ ခေါင်းမှခြေဖျားအထိတောင့်တောင့်ကြီး ဖြစ်နေလေသည်။ အက်ဂါမှာ ဤအချိန်လေးတွင် အဆင့်နိမ့်သားရဲလူသားလေး ထိတ်လန့်သွားမည်ကို စိုးရိမ်မိသဖြင့် ကြုံသလိုမလှုပ်ရဲပေ။ အက်ဂါက ဒဏ်ရာတို့ကြောင့် ပြင်းပြင်းထန်ထန်လှုပ်ရှားမရသည်ကို အကြောင်းပြပြီး ငြိမ်ငြိမ်လေးနေရင်းဖြင့် ရှုရှုအား မျက်တောင်ပင်မခတ် စိုက်ကြည့်နေလိုက်လေသည်။


"အကြီးကြီး....မြွေကြီး...မင်းကို ကြည့်စမ်းပါဦး...မင်းငါ့ကိုကယ်ဖူးတော့ မင်းကို ငါ့ရဲ့တပည့်အဖြစ်လက်ခံတယ် ပြီးတော့ ငါက မင်းကို လူသားတစ်ယောက်ဖြစ်လာအောင် ကျင့်ကြံရာမှာ ကူညီပေးမယ်..."


ရှုရှုက ပြောလာလေသည်။ သူ စကားစပြောချိန်တွင် တကိုယ်လုံးတုန်ယင်နေသည်ကို မထိန်းထားနိုင်ပေ။ သူ့အသံက ထစ်ငေါ့စွာထွက်လာလေ၏။ တဖြည်းဖြည်းနှင့် သူ့စကားက စတင်၍ အဆင်ချောလာလေသည်။


"ငါ့ရဲ့အနီရောင်ပုတီးစေ့က အရမ်းစွမ်းတယ်၊ မင်း လူသားဖြစ်လာတဲ့အထိ ကျင့်ကြံလို့ရမှာသေချာတယ်.."


ရှုရှုမှာ ပြောနေရင်း သူ့ရင်ဘတ်ကိုလည်းပုတ်ပြနေလေသည်။ သူ့ရင်ဘတ်ကိုပုတ်ပြပြီးနောက် ရှုရှုမှာ မြွေကြီးကသူ့ကိုစိုက်ကြည့်နေပြီး မည်သည့်တုံ့ပြန်မှုမျှ မပေးလာသည်ကို တွေ့လိုက်ရ၏။


မြွေ၏မျက်လုံးများက ရှုရှုကို အလွန်အမင်းကြောက်လန့်စေသော်လည်း မြွေကြီးက တုတ်တုတ်ပင်မလှုပ်ပေ။ အနည်းဆုံး သူ၏တုန်ယင်နေသောခြေထောက်တို့ကို လှည့်ပြီး ထွက်မပြေးသွားမိအောင် ထိန်းချုပ်နိုင်သွားသည်။ ထို့နောက် မြွေကြီးက မြွေတစ်ကောင်သာဖြစ်ကြောင်း သတိရသွားခဲ့ပြီး ၎င်းက ဉာဏ်ကောင်းလျှင်ပင် လူသားတို့၏ဘာသာစကားကို နားမလည်လောက်ပေ။ ထိုအတိုင်းသာဖြစ်လျှင် မြွေကြီးက သူ့စကားကိုနားမလည်သည့်အဓိပ္ပါယ်ပင်။


မြွေကြီး ငါ့ကို စိတ်မဝင်စားသလို စိုက်ကြည့်နေတာက ငါပြောတဲ့စကားကို တစ်လုံးမှနားမလည်လို့လား…


သူက အရှေ့မှမြွေကြီးမှာ လက်တွေ့တွင် တစ်လုံးမှနားမလည်သော ခပ်တုံးတုံးမြွေတစ်ကောင်သာဖြစ်ကြောင်း သဘောပေါက်သွားရသည်။ မြွေကြီးအပေါ်မှ ရှုရှု၏အကြောက်တရားများက လျော့ပါးလာခဲ့သည်။ 


ဟမ့်...ဒီမြွေကြီးက တကယ်အင်အားကြီးသလို ထင်ရပေမဲ့ တကယ်တမ်းလည်းကျရော လူစကားတောင်နားမလည်ဘူးကိုး… ငါ့ထက်တောင် ပိုဆိုးနေသေးတယ်…


ရှုရှုမှာ သူ့ကိုယ်သူဂုဏ်ယူမိသွားပြန်သည်။ စိတ်ထဲမှကြောက်ရွံ့မှုတို့က အကောင်းဘက်သို့ ပြေလျော့သွားလေ၏။ သူက မြွေကြီးကိုလက်ညိုးထိုးပြရင်း ပြောလိုက်လေသည်။

"မြွေကြီး.."


ပြီးနောက် သူ့ကိုယ်သူ လက်ညိုးထိုးပြလိုက်သည်။

"ရှုရှု..."


"မြွေကြီး..."


"ရှုရှု..."


"မြွေကြီး..."


"ရှုရှု..."


ရှုရှုက စိတ်ရှည်လက်ရှည်ဖြင့် ထပ်ခါတလဲလဲပြသနေခဲ့သည်။ တစ်နေ့တာလုံးကို အဓိပ္ပါယ်မရှိဖြတ်သန်းရင်း စားလိုက်သောက်လိုက်ဖြင့် သက်တမ်းကုန်မည့်ရက်ကိုသာ စောင့်နေသော ဟမ်းစတားဝိညာဥ်လေးအနေဖြင့် ရှုရှုမှာ အလွန်စိတ်ရှည်လေ၏။


အက်ဂါ: "..."


သူ လေ့လာပြီးဖြစ်၏။ မည်သို့ဆိုစေ အဆင့်နိမ့်သားရဲလေးလူသားလေး၏အမည်မှာ ရှုရှု ပင်ဖြစ်သည်။ သူ့နာမည်လေးက လှ၏။ 


ရှုရှုမှာ ဆယ်ကြိမ်မျှ လုပ်ပြပြီးနောက် ဗိုက်ဆာလာလေသည်။ သူက ပါးစပ်ဟကာ ဝက်သစ်ချသီးကို ထွေးထုတ်လိုက်သည်။ ထို့နောက် ဝက်သစ်ချသီးကို လက်ညိုးထိုးပြပြီးပြောလိုက်လေ၏။


"ဝက်သစ်ချသီး..."


"ဝက်သစ်ချသီး...ဝက်သစ်ချသီး...ဝက်သစ်ချသီး..."


ရှုရှုက ထိုစကားလုံးကို အကြိမ်ကြိမ်ပြောလိုက်သည်။ ဝက်သစ်ချသီးကိုကိုင်ထားရင်း အခွံခွာကာ တစ်ကိုက်မျှကိုက်ပြီး ပြောလိုက်လေ၏။


"ရှုရှုက...ဝက်သစ်ချသီးကို...စားတယ်..."


သူက နောက်ထပ်တစ်ကိုက်မျှထပ်ကိုက်ပြီး မရပ်ဘဲ ထိုစကားကိုထပ်ပြောပြန်သည်။

"ရှုရှုက...ဝက်သစ်ချသီးကို စားတယ်..."


အက်ဂါမှာ သူ့အရှေ့မှ အဆင့်နိမ့်သားရဲလေးကိုကြည့်ပြီး တိတ်ဆိတ်စွာ မှတ်ချက်ပေးမိလေသည်။

အဆင့်နိမ့်သားရဲလေးက ငါ့ကို စကားပြောတတ်အောင်သင်ပေးနေတာလား…


အက်ဂါမှာ အဆင့်နိမ်သားရဲလူသားလေးအနေဖြင့် သူကသားရဲလူသားဖြစ်ခြင်းကို လုံးဝမသိကြောင်းကို ရှင်းလင်းစွာ သဘောပေါက်သွားရ၏။


အများအားဖြင့် ထိုသူက အက်ဂါကို သားရဲတစ်ကောင်အဖြစ်သာ မြင်နေခဲ့လောက်သည်။ ထို့အပြင် သူသည်လည်း လက်ရှိအခြေအနေကို ပို၍ပင်နားမလည်နိုင်ဖြစ်သွားရသည်။ ဤအဆင့်နိမ့်သားရဲလူသားလေးက အဘယ်ကြောင့် သားရဲတစ်ကောင်ကို စကားပြောနည်းသင်ပေးနေကြောင်း သူလုံးဝနားမလည်နိုင်ခဲ့ပေ။ 


ဒီအဆင့်နိမ့်သားရဲလူသားလေးက သားရဲတစ်ကောင်ကို စကားပြောနည်းသင်ပေးလိုက်ရင် စကားပြောတတ်သွားမယ်လို့ ထင်နေတာလား… ဘယ်လောက်တောင် ရိုးလိုက်သလဲနော်…


သူ့စိတ်ထဲတွင် အဆင့်နိမ့်သားရဲလူသားလေးက အလွန်ရိုးရှင်းသည်ဟု တွေးမိသွား၏။ လက်ရှိတွင် သူသာ အမူအရာလုပ်နိုင်စွမ်းရှိပါက မရယ်ဘဲ နေနိုင်လိမ့်မည်မဟုတ်ပေ။


အဆင့်နိမ့်သားရဲလေးက ငါ့ကို လက်ခံပေးနေတာလား… မဟုတ်ရင်... ငါ့ကို ဘာလို့ စကားပြောနည်းသင်ပေးမှာလဲ…


ရှုရှုက သစ်အယ်သီးနှင့် အခြားအသီးတစ်လုံးကိုစားနေရင်း မြွေကြီးကို သင်ပေးနေလေ၏။ သူက သစ်ချောင်းနှစ်ချောင်းကိုပါ တဂျွတ်ဂျွတ်စားနေလေသည်။ 


ဤအချိန်လေးမှာပင် အက်ဂါနားလည်သွားသည်မှာ အဆင့်နိမ့်သားရဲလေးက သစ်ချောင်းကို တမြုံ့မြုံ့စားနေခြင်းက ဗိုက်ဆာ၍မဟုတ်ဘဲ သစ်ချောင်းတွင် အချိုအရသာရှိနေ၍ဖြစ်ကြောင်းပင်။ ကြယ်တာရာမြို့တော်မှ အဆင့်နိမ့်သားရဲလူသားလေးများမှာ ဒုက္ခမရှာဘဲ အလွန်နာမည်ကြီးသော ကိတ်မုန့်အိအိလေးများကို မှာစားကြသည်။ သူ့အိမ်မှ အဆင့်နိမ့်သားရဲလူသားငယ်လေးကမူ သစ်ချောင်းများကိုသာ ကိုက်နေရရှာလေ၏။ အက်ဂါ၏နှလုံးသားထဲမှ နာကျင်မှုက အဆုံးမရှိတော့ပေ။ အလွန်ရှက်စရာကောင်းပြီး ခက်ခဲသလိုပါ ခံစားရလေသည်။


သူက သူသဘောကျနေသောအဆင့်နိမ့်သားရဲလူသားလေးတစ်ယောက်ရှိလာသည့်အခါ သူ၏ အဆင့်နိမ့်သားရဲလူသားလေးကို အပျော်ရွှင်ရဆုံးအဆင့်နိမ့်သားရဲလူသားလေးဖြစ်အောင်ထားမည်ဟု တွေးထားခဲ့ဖူးသည်။ ယခုမူ သူ သဘောကျနေသော အဆင့်နိမ့်သားရဲလူသားလေးမှာ သကြားပင် မစားရရှာပေ။ 


ရှုရှုက ဗိုက်ပြည့်သည်အထိ စားပစ်လိုက်လေ၏။ သူစားပြီးသွားမှသာ အက်ဂါမစားရသေးကြောင်း သတိရသွားတော့သည်။


အက်ဂါက သူ့ကို အမဲကောင်များကို တစ်လကျော်မျှ ပေးခဲ့သည်။ ရှုရှုတွင် အသားခြောက်အများအပြားရှိ၏။ ယခုမူ အက်ဂါဗိုက်ဆာနေမည်ကို သူ စိုးရိမ်လာလေသည်။ သူကအစာအိတ်ထဲမှ အသားတစ်ပိုင်းကို ချက်ချင်းထုတ်ပြီး သူ့အရှေ့မှမြွေကြီးကို ပေးလိုက်သည်။


"စား...မြွေကြီး အသားစား...မြွေကြီး...စားလိုက်...အသားကို..."


ရှုရှုက အခန်းလေးထဲတွင် အစာများကို ထည့်ထားသလို သူ၏အစာအိတ်ထဲတွင်လည်း အစာအများအပြားကိုထည့်ထားလေသည်။ ၎င်းက သူ့အတွက်အဆင်ပြေပြီး ဗိုက်ဆာလာတိုင်း အချိန်မရွေးစား၍ရလေ၏။ 


သူက အက်ဂါအတွက် အသားခြောက်များကို အစာအိတ်ထဲမှထုတ်ပေးနေချိန်တွင် များများစားစားမတွေးနေပေ။ အက်ဂါမှာ အသားခြောက်တစ်ပိုင်းကို ကြည့်လိုက်သော်လည်း မစားရဲသေးပေ။ ဤအသားခြောက်က အဆင့်နိမ့်သားရဲလေး၏ပါးစပ်ထဲမှ လာခြင်းဖြစ်သည်။ သူစားလိုက်ပါက အဆင့်နိမ့်သားရဲလူသားလေးကို သွယ်ဝိုက်ပြီးနမ်းလိုက်သလိုဖြစ်သွားမည်လားဟု တွေးနေမိသည်။ 


အက်ဂါက အသားပိုင်းလေးကို စိုက်ကြည့်နေလေ၏။ သူ့မျက်လုံးထဲမှခံစားချက်များက အလွန်တရာ ပြင်းပြနေခဲ့သည်။ ရှုရှုမှာ အသားခြောက်များကို မသိစိတ်အရထုတ်ပေးပြီနောက် လက်ပြန်ရုတ်လိုက်သည်။ မြွေကြီး အစားခြောက်ကိုစားရင်း သူ့လက်ကိုပါ ကိုက်လိုက်မိမည်ကို စိုးရိမ်မိသည်။ ထိုသို့ဆိုလျှင် သူ့လက်ကို အသားခြောက်ထက်ပိုပြီး အရသာတွေ့သွားနိုင်သည်။


အက်ဂါမှာ သူသဘောကျနေသူထံမှ ခွံ့ကျွေးခံရမည့်အခွင့်အရေးကို ဆုံးရှုံးလိုက်ရလေသည်။ သူက အရှေ့ကိုသာ တိုးလိုက်ရင်း အသားခြောက်ကို တိတ်တဆိတ်စားနေလိုက်သည်။ 


သို့သော်လည်း သူ၏အပြုအမူကြောင့် အဆင့်နိမ့်သားရဲလူသားလေးက မြွေကြီးမှာ အသားခြောက်ကိုစားရသည်ကို ကြိုက်သည်ဟုတွေးကာ စိတ်အေးသွားခဲ့လေသည်။ သူ့ကို မစားတော့မည်မှာလည်း သေချာသွား၏။


ရှုရှု၏မျက်နှာတွင် အပြုံးရိပ်လေးပေါ်လာခဲ့သည်။ ထို့နောက် ခပ်လှမ်းလှမ်းမှ ရေခပ်သည့်သစ်သားရေပုံးကို လက်ညိုးထိုးပြလိုက်လေ၏။


"သစ်သားရေပုံး...ရေ..."



🐹🐹🐹