Chapter 11
Viewers 3k

🐹 Chapter 11

မြွေကြီးကို ကျင့်ကြံရေးလမ်းကြောင်းပေါ်ရောက်လာအောင်လုပ်မယ်



အက်ဂါမှာ ရက်ပေါင်းများစွာ ပင်ပန်းခဲ့ရခြင်းဖြစ်သည်။ ပြောရလျှင် အိပ်တစ်ဝက်နိုးတစ်ဝက်အနေအထားတွင် ရှိနေပြီး အိပ်ပျော်လုဆဲဆဲဖြစ်နေခြင်းပင်။ ထိုအချိန်မှာပင် သူ့အမြှီးအား တွန်းဖယ်ခံလိုက်ရ၍ ချက်ချင်းလန့်နိုးသွားရတော့သည်။ 


အဆင့်နိမ့်သားရဲလေးက သုံးရက်မျှ သတိမေ့နေခဲ့ခြင်းဖြစ်၏။ သုံးရက်အတွင်း သူက အဆင့်နိမ့်သားရဲလေး တစ်ခုခုဖြစ်သွားမည်ကိုစိုးရိမ်ပြီး အနီးကပ်စောင့်ကြည့်နေခဲ့သည်။ ယခုမူ အဆင့်နိမ့်သားရဲလေး သတိရလာ၏။ သူ့ထက်ဝမ်းသာမည့်သူ ရှိတော့မည်မဟုတ်ပေ။ 


အက်ဂါမှာ ဝမ်းသာနေခဲ့သလို သူထွက်သွားရမည့်အချိန်ကျပြီဖြစ်ကြောင်းကိုလည်း နားလည်၏။ 


သုံးရက်အတွင်း အဆင့်နိမ့်သားရဲလေးက တစ်ချိန်လုံးအိပ်မက်မက်နေခဲ့သည်။ တစ်နေ့လုံး အိပ်မက်ယောင်နေပြီး နှုတ်မှ "ငါ့ကိုမစားပါနဲ့" ဟူ၍သာ ထပ်တလဲလဲရေရွတ်နေခဲ့သည်။ သူက ထိုစကားများကိုနားမလည်သော်လည်း အဆင့်နိမ့်သားရဲလူသားလေးက သူ့ကိုတွေ့သည့်အချိန်၌ ထိုစကားများကို သေချာပေါက်အော်ဟစ်ခဲ့ဖူးသည်။


အဆင့်နိမ့်သားရဲလူသားလေးက အိပ်ပျော်နေချိန်၌ တုန်ယင်နေခဲ့ပြီး တစ်ခါတစ်ရံတွင် သူ့ခန္ဓာကိုယ်ကလည်း တောင့်တင်းနေခဲ့သည်။ အဆင့်နိမ့်သားရဲလူသားလေးမှာ ကြောက်လန့်နေပြီး ကြောက်လန့်နေရသည့်အကြောင်းအရင်းမှာ သူဖြစ်နေခဲ့သည်။ မှန်သည်။ သူကိုယ်တိုင်ဖြစ်နေခဲ့ခြင်းပင်။ 


ယင်းကိုနားလည်သွားသည့်အခါ အက်ဂါ၏နှလုံးသားမှာ တိုင်းတာမရသည်အထိ နာကျင်သွားခဲ့ရသည်။ အဆင့်နိမ့်သားရဲလူသားလေးကို ဂရုစိုက်ပေးရန် လိုအပ်သည့်အပြင် သူ့အမြှီးအား ထပ်ကာထပ်ကာအဆွဲခံရပြီး ထွက်သွားမရ၍သာမဟုတ်ပါက သူ့အနေဖြင့် ဤနေရာတွင် ကျိန်းသေပေါက်ကို နေခွင့်မရှိပါချေ။ 


ယခုမူ အဆင့်နိမ့်သားရဲလေးလူသားလေး သတိရလာပြီဖြစ်ရာ သူထွက်သွားရမည့်အချိန်ပင်။ သူ့အမြှီးကိုပြန်ဆွဲယူလိုက်ရင်း အက်ဂါတစ်ယောက် အဆင့်နိမ့်သားရဲလူသားလေး၏ဂူထဲမှ လျှောခနဲထွက်သွားလေတော့သည်။


ရှုရှုက မြွေကြီးထွက်ခွာသွားသည်ကို လုံးဝသတိမထားမိပေ။သူက ဤအခိုက်အတန့်လေးတွင် တုံ့ပြန်ရန်နှေးကွေးနေခဲ့သည်။ ကြောက်ရွံ့မှုတို့ လျော့ကျသွားချိန်ပြီး နောက်ဆုံး၌ ရုတ်တရက်သူ့ဦးနှောက်က အနီရောင်ပုတီးစေ့ထံမှ အချက်အလက်တို့ လက်ခံရရှိလိုက်သည်။


သူ အနီရောင်ပုတီးစေ့ကို စားလိုက်မိပြီးနောက် ၎င်းက သူ့ခန္ဓာကိုယ်ထဲတွင် ရှိနေခဲ့သည်။ ၎င်းက သူ့ကို မကြာခဏဆိုသလို အချက်အလက်များအား ပေးတတ်သည်။ ဥပမာ စတင်ကျင့်ကြံရန်နည်းလမ်း သို့မဟုတ် ကျင့်ကြံနေချိန်၌ မှတ်သားထားရမည့် ကိစ္စရပ်များ စသဖြင့်ဖြစ်၏။ သို့ရာတွင် ရှုရှု ဤကမ္ဘာသို့ရောက်လာပြီးကတည်းက အနီရောင်ပုတီးစေ့က မည်သည့်အချက်အလက်ကိုမှ ထုတ်မပေးတော့ပေ။ ယခုမှ ရှုရှုမှာ အချက်အလက်အချို့အား ရလာခြင်းဖြစ်သည်။ နောက်ဆုံးတွင် အိပ်မက်ဆိုးမက်ရသည့်အကြောင်းအရင်းနှင့် လက်ရှိလူတစ်ဝက်ကြွက်တစ်ဝက်ပုံစံပြောင်းသွားရသည့်အကြောင်းအရင်းကို ရှုရှုသိလိုက်ရလေသည်။ 


ပြောရလျှင် သူက လူသားအဖြစ်ပြောင်းလဲခြင်း မိုးကြိုးသွားအတိဒုက္ခကို မအောင်မြင်၍ဖြစ်လေသည်။


လူအသွင်ပြောင်းချင်သော မိစ္ဆာဝိညာဥ်များမှာ အတိဒုက္ခကိုဖြတ်သန်းရပေမည်။ ထို့အပြင် သူတို့က အတိဒုက္ခကို နှစ်ခုဖြတ်သန်းရသည်။ တစ်ခုမှာ မိုးကြိုးသွားအတိဒုက္ခဖြစ်ပြီး ရှုရှုမှာ မိုးကြိုးကြောင့် မီးကျွမ်းကာ အနက်ရောင်ပင်ဖြစ်သွားခဲ့ပြီး လွတ်လွတ်ကျွတ်ကျွတ် ကျော်ဖြတ်နိုင်ခဲ့သည်။ နောက်ထပ်အတိဒုက္ခတစ်ခုမှာ ကျရှုံးလုဆဲဆဲဖြစ်ခဲ့ရသောကြောင့် အနီရောင်ပုတီးစေ့မှ သူ့အား အတင်းတားမြစ်ခဲ့လေသည်။ ယခုအချိန်အထိ သူ မအောင်မြင်သေးပေ။ ထိုအတိဒုက္ခမှာ အတွင်းစိတ်နတ်ဆိုးအတိဒုက္ခပင် ဖြစ်လေ၏။


နတ်ဆိုးဝိညာဥ်အနေဖြင့် ရှုရှုမှာ အတော်လေးအသုံးမကျသော်လည်း အဖျားကြီးပြီးသတိလွတ်ရသည်အထိ မပင်ပန်းခဲ့ရဖူးပေ။ ပုံမှန်တွင် နှစ်ရက်မျှအိပ်လိုက်ရုံဖြင့် ပြန်ကောင်းလာတတ်သည်။ ထို့ကြောင့် အဖျားတက်၍မက်သောအိပ်မက်ဆိုးများမှာ အနီရောင်ပုတီးစေ့က အချို့သောအကြောင်းအရာများကို ဆင်ခြင်နိုင်ရန် ကူညီပေးနေခြင်းပင်ဖြစ်လေသည်။ ၎င်းက သူ့ကိုပိုပြီးလေ့ကျင့်စေချင်သည်။ ထိုအခါမှ သူက အတွင်းစိတ်နတ်ဆိုးအတိဒုက္ခကိုဖြတ်သန်းနိုင်လိမ့်မည်။ 


ငါ့ရဲ့ အတွင်းစိတ်နတ်ဆိုးအတိဒုက္ခက တကယ်ပဲ ခံစားချက်နဲ့ သက်ဆိုင်နေသာလား… အချစ်လား…

သူကတစ်ကြိမ်လေးမျှပင် ထိုသို့သောဆက်ဆံရေးမျိူး မရှိဖူးပေ။ ကြင်နာမှုကိုပြန်ပေးဆပ်ခြင်းနှင့် လက်စားချေခြင်းတို့က သူ့အတွက်ပြဿနာမရှိပေ။ သူ၏အတွင်းစိတ်နတ်ဆိုးက *အကြောက်တရား*ပင်ဖြစ်၏။


အတွင်းစိတ်နတ်ဆိုးအတိဒုက္ခကို ကျော်ဖြတ်ချင်ရင် မြွေအလိုက်ခံရမယ်လို့ ဆိုလိုတာလား… တော်တော်စိတ်ပျက်စရာကောင်းတာ မဟုတ်ဘူးလား…


ရှုရှုမှာ ဤအကြောင်းကိုတွေးမိသည့်အခါ လူသားတစ်ခါဖြစ်လာရန်အရေး ဤမျှခက်ခဲသည်ဟုတွေးကာ ငိုချင်လာလေတော့၏။ 


ကိစ္စ၏အတိမ်အနက်ကို သေချာနားလည်သွားပြီးနောက်ဆုံး၌ ရှုရှုမှာ ခေါင်းကြည်သွားတော့သည်။ ထို့နောက် မြွေကြီးက ထွက်သွားပြီဖြစ်ကြောင်း သတိပြုမိလိုက်လေ၏။


မြွေကြီး မရှိတော့ပေ။ ရှုရှုမှာ အရင်ဆုံး စိတ်အေးသွားပြီးသက်ပြင်းချလိုက်သည်။ ထို့နောက် သူ့နှလုံးက တင်းကျပ်သွားသလိုခံစားလိုက်ရသည်။


မြွေကြီးရဲ့ဒဏ်ရာတွေ အကုန်လုံးက ပြည်တည်နေတာလား… မြွေကြီးက ဆေးပင်တွေမရှာနိုင်လို့လား… ဒဏ်ရာတွေကို ဘယ်လိုလုပ် ဒီလောက်အခြေအနေအထိဆိုးသွားအောင် ပစ်ထားရတာလဲ…


ရှုရှု မျက်မှောင်ကြုတ်လိုက်သည်။ အချိန်အတန်ကြာအိပ်စက်ခဲ့ရပြီးနောက် သူ့ခန္ဓာကိုယ်က ပိုသက်သာလာလေသည်။ ထို့ကြောင့် အိပ်ခန်းထဲမှဧည့်ခန်းထဲသို့ တွားသွားပြီးထွက်လာခဲ့သည်။ ထို့နောက် အခြေအနေက မှားယွင်းနေသလို ရေးရေးမျှခံစားမိလိုက်သည်။ 


ငါ အရင်ရက်တွေက ခူးထားတဲ့အသီးတွေက ခြောက်သွားပြီ…


ရှုရှုက သူ ရက်ပေါင်းများစွာ သတိမေ့နေခဲ့ခြင်းလား စဥ်းစားကြည့်လိုက်မိသည်။ သူသာ ရက်ပေါင်းများစွာ သတိမေ့မနေဘဲ တစ်ရက်မျှသာ အိပ်ပျော်နေခဲ့လျှင် မြွေကြီး၏ဒဏ်ရာများက ပုပ်နေမည်မဟုတ်ပေ။


ဒါဆိုရင် မြွေကြီးက ငါ့ကို ရက်ပေါင်းများစွာ ဂရုစိုက်ပေးနေခဲ့တာလား…


ရှုရှုမှာ ရုတ်တရက် မတ်မတ်ပင်မရပ်နိုင်တော့ပေ။ သူ့ခမျာ မြွေကြီးကို ကြောက်လည်းကြောက်သလို ကျေးဇူးလည်းတင်နေမိသည်။ ကြင်နာပေးသောပုဂ္ဂိုလ်က တကယ်တမ်း၌ မြွေကြီးဖြစ်ကြောင်းမသိမီက သူ ထိုသူကိုသဘောကျခဲ့ပြီး အလွန်ရင်းနှီးသလိုပင် ခံစားခဲ့ရသည်။ ထိုသဘောကောင်းသောပုဂ္ဂိုလ်က သူ့သခင်ဖြစ်လာလျှင်ပင် အဆင်ပြေသည်ဟုတွေးခဲ့ဖူးသည်။


မြွေကြီးမှာ ဒဏ်ရာအပြင်းအထန်ရထားပြီး ယခုမူ ဒဏ်ရာကပို၍ပင်ဆိုးသွားခဲ့သည်။ ထိုသူ မတော်တဆဖြစ်ရပ်တို့နှင့် ကြုံတွေ့နိုင်သည်ဟုပင် သူ တွေးလိုက်မိသည်။

 

ရှုရှုမှာ စိတ်မပူဘဲ မနေနိုင်တော့ပေ။ ကံဆိုးစွာဖြင့် သူကမြွေကြီးကို မည်သည့်နေရာတွင် သွားရှာရမည်ကို မသိပေ။ 


သူ့ပါးကိုတွန်းကာ အစာအိတ်ထဲမှ ဝက်သစ်ချသီးများကိုထုတ်ပြီး ရှုရှုမှာ မနေနိုင်မထိုင်နိုင်သက်ပြင်းချကာ ဝက်သီးချသီးများအား ဖဲ့စားလိုက်သည်။ အကယ်၍ မြွေကြီးသာ မြွေတစ်ကောင်မဟုတ်ဘဲ လူတစ်ယောက်ဖြစ်နေလျှင် သူက ထိုလူကို အလွန်သဘောကျမိလောက်သည်။ 


မြွေမဟုတ်ဘဲ လူတဲ့လား…


ရှုရှုမှာ ယင်းကိုတွေးမိပြီး ရုတ်တရက် အခြားတစ်ခုကိုတွေးမိသွားပြန်သည်။ မြွေကြီးကို လူဖြစ်အောင်ကျင့်ကြံခိုင်းရမည်။ သူလည်း တစ်ချိန်က ဟမ်းစတားတစ်ကောင်ဖြစ်ခဲ့သော်လည်း ယခုမူ လူသားတစ်ယောက်ဖြစ်နေလေသည်။ မြွေကြီးလည်း သေချာပေါက်ဖြစ်လာလိမ့်မည်။ 


ထိုအတွေးဖြင့် ရှုရှုမှာ အရာအားလုံးက ချက်ချင်းရှင်းလင်းလာသလိုခံစားလိုက်ရသည်။ 


မြွေကြီး လူသားဖြစ်သည်အထိစောင့်လိုက်လျှင် သူလည်းထိုလူကို ကြောက်နေစရာမလိုတော့ပေ။ ထိုအချိန်အတွင်း ထိုပုဂ္ဂိုလ်ကို ဧည့်ခန်းထဲတွင် နေခိုင်းထား၍ရလေသည်။ ထိုပုဂ္ဂိုလ်ကို သူ၏သခင်အဖြစ် သတ်မှတ်လိုက်မည်။ မဟုတ်သေးပေ။ သူက လက်ရှိတွင် လူသားတစ်ယောက်ဖြစ်နေ၍ သခင်ကို လိုက်ရှာနေစရာမလိုပေ။ 


ရှုရှုက တွေးလေပျော်လေဖြစ်လာသည်။ သူက မြွေကြီးကို ကျင့်ကြံရေးအတွက် သင်ပေးရမည့်နည်းလမ်းများကို စဥ်းစားနေလေ၏။ မြွေကြီးက အလွန်ဉာဏ်ကောင်းလေသည်။ အလုပ်အများအပြားကို လုပ်နိုင်သည်။ ဉာဏ်ကောင်းပြီးဖြစ်သောကြောင့် ကျင့်ကြံရာတွင် မြန်ဆန်နိုင်လောက်သည်။ သူ ယခင်က ဟမ်းစတားငယ်လေးများနှင့် ဆက်သွယ်ရန်ကြိုးစားခဲ့ချိန်ကကဲ့သို့ မခက်ခဲပေ။ မြွေကြီးက သူ၏ လူတစ်ဝက်ကြွက်တစ်ဝက်ပုံစံကို အလွန်နှစ်သက်နေလေသည်။ ထိုသူသာ လူသားတစ်ယောက်ဖြစ်လာချင်လျှင်လည်း ပြဿနာမရှိပေ။


ရှုရှုမှာ စဥ်းစားလေ သူ့အစီအစဥ်က ပြစ်ချက်မရှိကြောင်း သိလာလေပင်။ သူ မြွေကြီးကို ကျင့်ကြံရေးအကြောင်းသင်ပေးလိုက်သည်နှင့် သူက မြွေ၏ဆရာသခင်ဖြစ်လာပြီး မြွေကြီးက သူ့စကားကို နားထောင်ရတော့မည်။


ရှုရှုမှာ သူ့ကိုယ်သူ ထပ်ပြီးဂုဏ်ယူမိသွားပြန်သည်။ ထိုအချိန်မှာပင် မြွေကြီးက ဂူအဝတွင် ရုတ်တရက်ပေါ်လာခဲ့လေ၏။ 


မြွေကြီး၏ ဧရာမခေါင်းကြီး ဂူထဲဝင်လာသည်နှင့် ရှုရှုမှာ အလိုအလျောက် ကိုယ်ကိုကျုံ့လိုက်မိပြန်သည်။ သူကချက်ချင်းပင် ထခုန်ကာ အိပ်ခန်းထဲသို့ တန်းဝင်သွားလိုက်၏။ 


ရှုရှု၏ ကိုးရိုးကားယားအခြေအနေကိုမြင်ပြီး အက်ဂါမှာ စိတ်ထဲမှ ခါးသက်သက်ရယ်မိပြန်သည်။ ၎င်းက နင့်နေအောင်နာကျင်ရသည်အထိ ရယ်စရာကောင်းလေသည်။ 


မူလက သူထွက်သွားပြီးသည်နှင့် တသက်လုံးပြန်မလာတော့ရန် စီစဥ်ထားခဲ့သော်လည်း ရုတ်တရက် ကျားသားရေအကြောင်းကို သတိရလိုက်မိသည်။


ယခုဆိုလျှင် ရာသီဥတုက နေ့စဥ်နှင့်အမျှအေးလာပြီး အဆင့်နိမ့်သားရဲလူသားလေးက အအေးကြောက်တတ်သည်။ နောက်ပိုင်းတွင် ထိုပေါက်စလေး အံတုကာနေနိုင်ပါ့မလားမသိပေ။ အက်ဂါမှာ အဆင့်နိမ့်သားရဲလူသားလေး အေးခဲသွားမည်ကို စိုးရိမ်နေမိသည်။ ၎င်းကိုတွေးကြည့်ပြီး နောက်ဆုံးတွင် သူက ရေကန်ရှိရာသို့ သွားလိုက်သည်။ သုံးရက်ကြာအထိ ရေစိမ်ထားပြီးသည့်အခါ ကျားအရေကို ငါးများက စားသွားကြပြီး မည်သည့်အသားစမှ မကျန်ခဲ့တော့ပေ။ 


ထိုအချိန်၌ ကျားအရေမှာ သုံး၍မရသေးပေ။ လုပ်ရမည့်အဆင့်များ ကျန်ရှိနေသေးသည်။ အက်ဂါမှာ အဆင့်နိမ့်သားရဲလူသားလေးကို အလွန်စိတ်ပူမိ၏။ ယင်းကိုတွေးမိပြီးနောက် အဆင့်နိမ့်သားရဲလူသားလေးကိုပြန်လာရှာမိခြင်းပင်။


မတိုင်မီက အဆင့်နိမ့်သားရဲလူသားလေးမှာ သတိမေ့နေခြင်းဖြစ်ရာ ယခု ထိုသူက သူ၏အိပ်စက်ရာ တွင်းလေးထဲတွင် ရှိနေဆဲဖြစ်နိုင်သည်။ ထိုအချိန်တွင် သူက ကျားသားရေကို အပြင်၌ တိတ်တဆိတ် ချန်ခဲ့၍ရသည်။ 


အက်ဂါမှာ သေချာအစီအစဥ်ဆွဲထားသော်လည်း အဆင့်နိမ့်သားရဲလူသားလေးနေသောဂူထဲသို့ ရောက်သည့်အခါ တစ်ဖက်လူက နိုးနေပြီး သူ့ကိုပါ ထပ်မံ ကြောက်ရွံ့သွားသည်ကို တွေ့လိုက်ရလေ၏။


သားရဲလူသားများက အဆင့်နိမ့်သားရဲလူသားလေးတို့အား ဂရုတစိုက်ဖြင့် ကာကွယ်ပေးရသည်။ သို့သော်လည်း သူက အဆင့်နိမ့်သားရဲလူသားလေးကို အကြိမ်ကြိမ် "ကြောက်သွား" အောင်သာ လုပ်နေမိသည်။


အဆင့်နိမ့်သားရဲလူသားလေးက ဂူထဲသို့ပြန်ဝင်သွားပြီးဖြစ်၏။ ထိုဖြစ်ရပ်ကိုတွေ့ပြီးနောက် အက်ဂါကကျားသားရေကို ပါးစပ်တွင်ကိုက်ကာ မီးပုံဘေးမှ ပြာများဘက်သို့ သွားလိုက်လေ၏။


လွန်ခဲ့သောရက်အနည်းငယ်က အဆင့်နိမ့်သားရဲလေးမှာ ချမ်းအေးကြောင်းညည်းညူနေခဲ့သောကြောင့် သူက ဂူထဲတွင် မီးဖိုထားခဲ့ရာ အခြေခံအားဖြင့် ပြာများအပုံလိုက်ကျန်ခဲ့သည်။ ယခုမူ ထိုပြာများက အသုံးဝင်လာ၏။ အက်ဂါက ကျားသားရေကို ပြာပုံထဲတွင်ထားလိုက်ကာ အမြှီးဖြင့်ပြာများကိုမွှေပြီး ကျားအရေထက်၌ တစ်လက်မပင် မလစ်ဟင်းရအောင် ပြာများဖြင့် ပက်ဖြန်းလိုက်သည်။ 


တောထဲတွင် အမွေးများကိုသန့်စင်ရန် ဓာတုပစ္စည်းများမရှိလေရာ အမွေးများကိုသန့်စင်ရန်အတွက် ဆိုဒီယမ်ပါဝင်သည့် ပြာမှုန်များကိုသာ သုံးနိုင်လေသည်။ အက်ဂါမှာ ထိုအကြောင်းကိုကြိုတွေးကာ မတိုင်ခင်ရက်အနည်းငယ်က မီးမွေးရန် အယ်လ်ကာလီဓာတ်ကြွယ်ဝသည့်အပင်များကို လိုက်ရှာခဲ့ခြင်းဖြစ်သည်။


အပင်ကို မီးရှို့ရာမှရသောပြာများတွင် ဆိုဒီယမ်ပါဝင်လေ၏။ ကျားအရေကို ပြာအမှုန့်များဖြင့်ပက်ပြီး အမြှီးကိုသုံးကာ ပြာများကို ပွတ်ပစ်လိုက်သည်။ ဆက်တိုက်ပွတ်နေရင်းဖြင့် အက်ဂါ၏အမြှီးမှာ တဖြည်းဖြည်းနှင့်အားလျော့လာခဲ့သည်။ ထပ်ပေါင်းပြောရလျှင် သူ ရုတ်တရက်မူးဝေလာ၏။


သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာအပြင်းအထန်ရထားခြင်းဖြစ်သည်။ ဆေးထည့်ပြီး တစ်ညမျှအိပ်လိုက်လျှင် အဆင်ပြေသွားမည်ဟု ထင်ခဲ့သော်လည်း အနည်းငယ်သာသက်သာခဲ့သည်။ မကြာမီမှာပင် သူက အလုပ်များပြီးပြေးလွှားရပြန်သည်။ ထို့အပြင် သူက အဆင့်နိမ့်သားရဲလူသားလေးကို နေ့ရောညပါ ၃ရက်ဆက်တိုက်ကြည့်ရှုပေးခဲ့ပြီး တခဏမျှပင် မအိပ်ရသေးပေ။ ယခုမူ သူထပ်ပြီးမတောင့်ထားနိုင်တော့ပေ။


အက်ဂါမှာ ယိမ်းယိုင်လျက် ပြာပုံထဲသို့ ရုတ်တရက်လဲကျသွားခဲ့သည်။ 


ရှုရှုမှာ အိပ်ခန်းထဲ၌ပုန်းနေသော်လည်း ယနေ့တွင် သူ့အခြေအနေက အလွန်ကောင်းနေ၏။ အလွန်ဆုံးပြောရလျှင် သူအပြင်ထွက်ပြီး မြွေကြီးကိုပင် သွားကြည့်ရဲသည်။ သူ သတိလစ်နေချိန်တွင် မြွေကြီးက သူ့ကိုမစားသည့်အပြင် ဂရုပါစိုက်ပေးခဲ့သည်။ ထို့ကြောင့် မြွေကြီး သူ့ကို အန္တရာယ်မပေးကြောင်း ပိုသေချာလာလာခဲ့သည်။ 


ရှုရှုမှာ မြွေကြီးက ကျားအရေခွံအား ပြာများဖြင့် သုတ်နေခြင်းကို ပထဆုံးအနေဖြင့် မြင်လိုက်ရသည့်အခါစိတ်ရှုပ်သွားသော်လည်း မြွေကြီးက ကျားအရေခွံအား အချောကိုင်နေခြင်းဖြစ်နိုင်ကြောင်း အလျင်အမြန် ခန့်မှန်းမိသွားရသည်။


ယင်းက တိရစ္ဆာန်အရေခွံကို ဤသို့သုံး၍ရကြောင်း သိရှိသွားစေ၏။ အစောကတည်းကသိခဲ့လျှင် ယုန်အရေကို လွှင့်မပစ်ခဲ့ပါချေ။ မြွေကြီး မဟုတ်သေးပေ။ သူ့အနာဂတ်တပည့်လေးက အလွန်ပင် ဥာဏ်ကောင်းချေ၏။ 


အနာဂတ်တပည့်လေးက အမဲလိုက်နိုင်သလို ဆေးပင်များကိုလည်း ရှာခူးတတ်လေသည်။ သူ၏အနာဂတ်တပည့်လေးက သားမွေးများကို မည်သို့ကိုင်တွယ်ရကြောင်းလည်း သိသေး၏။ အနာဂတ်တွင် ထိုသို့သောလူမျိုးသာ အနား၌ရှိနေပါက သူ့အနေဖြင့် အလွန်သက်တောင့်သက်သာ နေထိုင်နိုင်မည်မှာသေချာလေသည်။


ကံဆိုးစွာဖြင့် သူ၏အနာဂတ်တပည့်မှာ ယခုအချိန်အထိ မြွေကြီးတစ်ကောင်အဖြစ်သာ ရှိနေသေးသည်။ ရှုရှုမှာ သက်ပြင်းချလိုက်မိ၏။ သူ မြွေကြီးကိုအာရုံစိုက်ကြည့်ကာ သားမွေးပြုလုပ်နည်းအား လေ့လာရန်ကြံစည်လိုက်စဥ် မြွေကြီးက မေ့လဲသွားတော့သည်။


"မြွေကြီး ဟေ့ ဘာဖြစ်သွားတာလဲ.."


ရှုရှုမှ အကြိမ်ရေအနည်းငယ်မျှခေါ်ကြည့်လိုက်သော်လည်း မြွေကြီးက သတိမေ့နေပြီး တုံ့ပြန်မှုမပြပေ။


ရှုရှုမှာ ကြောက်နေသေးသော်လည်း အဆုံးတွင် ငြိမ်ငြိမ်မနေနိုင်တော့ပေ။ သူက အိပ်ခန်းထဲမှ ခုန်ထွက်ကာမြွေကြီးအနားကိုကပ်သွားလိုက်သည်။ ထိုအခါမှ မြွေကြီး၏အခြေအနေမှာ သူထင်ထားသည်ထက်ပင် ဆိုးနေသည်ကို တွေ့လိုက်ရလေ၏။


တကယ်ပင် မြွေကြီးမှာ ဤအခြေအနေအထိ မည်သို့ရောက်လာကြောင်းမသိသော်ငြား[အခြေအနေဆိုး] ကျားကြီးနှင့်တိုက်ခိုက်ခဲ့စဥ်ကထက်ပင် ဒဏ်ရာတို့က ပိုဆိုးနေပုံရသည်။ ၎င်း၏ခန္ဓာကိုယ်ပေါ်မှဒဏ်ရာများက မကျက်သေးသည့်အပြင် ပုပ်၍ပင်နေကာ ခရမ်းရောင်သန်းနေလေသည်။


မြွေကြီးက ရှုရှုခြေထောက်မှဒဏ်ရာလေးများကိုပင် ဆေးထည့်ပေးခဲ့သော်လည်း သူကိုယ်တိုင်၏ကိုယ်ပေါ်မှ ယခုလိုဒဏ်ရာကြီးများကိုမူ လုံးဝဆေးမထည့်ထားပေ။ ထို့အပြင် ယခုလိုဒဏ်ရာများစွာရထားသည့်တိုင် ကျားအရေအား ငါးများစားနိုင်စေရန်အတွက် ရေထဲဆင်းကာ ဒဏ်ရာကိုစိုအောင်လုပ်လိုက်သေးသည်။ 


ရှုရှုမှာ ဒေါသထွက်ရသလို စိုးရိမ်စိတ်လည်း ဖြစ်သွားရ၏။ သူက မြွေကြီး၏အနားသို့ကပ်သွားလိုက်ကာ ဒဏ်ရာများကို စတင်စစ်ဆေးကြည့်လိုက်သည်။ 


မြွေကြီး၏ခန္ဓာကိုယ်နှင့် အလွန်ကပ်နေ၍ ရှုရှုမှာ ကြောက်လန့်နေမိလေ၏။ သို့ပေသိ မြွေကြီးကို တစ်ခါဆေးထည့်ပေးဖူးသောကြောင့် သူ့အတွက် အသားကျသွားပြီဟု ပြောရမည်။ 


ဒီလောက်ဒဏ်ရာတွေအများကြီးကို မြွေကြီးက နာတယ်ဆိုတာမှ သိရဲ့လား… ဘာလို့ မင်းကိုယ်မင်း ဂရုမစိုက်ရတာလဲ…


ရှုရှုမှာ အလွန်အမင်းစိတ်ဒုက္ခရောက်နေရသည်။ ယင်းကိုတွေးလိုက်ပြီးနောက် သူက ဆေးပင်များကိုခူးရန် လှည့်ထွက်သွားတော့သည်။


ယခင်က ဆေးပင်များကိုခူးဆွတ်ခဲ့ဖူးရာ ရှုရှုမှာ ၎င်းတို့နှင့်ရင်းနှီးနေပြီဟု ယူဆနိုင်လေသည်။ သူက ဆေးဖက်ဝင်အပင်များဖြင့် အမြန်ဆုံးပြန်လာခဲ့၏။ ထို့နောက် ဆေးပညာရှုထောင့်အရ သူ့လက်သည်းများဖြင့် မြွေကြီး၏ပြည်တည်နေသောအသားစများကို ဖောက်ထုတ်ပစ်လိုက်သည်။ မြွေကြီးက တွန့်လိမ်ကာ တုန်ယင်သွား၏။ ရှုရှုမှာ မသိစိတ်အရ ထွက်ပြေးချင်လာသော်လည်း နောက်ဆုံး၌ သူ့ကိုယ်သူ စိတ်ထိန်းထားလိုက်ရသည်။ 


"ဒါက ငါ့တပည့်... ဒါက ငါ့တပည့်..."


ရှုရှုမှာ သူ့ကိုယ်သူ တီးတိုးပြောနေပြီး မြွေကြီးကို ဆေးထည့်ပေးရပြန်သည်။ သူက သူ၏မပြောပလောက်အောင်နည်းသည့် လက်တွေ့တွင်အသုံးမဝင်သော ဝိညာဥ်စွမ်းအားတို့ကို မြွေကြီး၏ဒဏ်ရာထဲသို့ ပြောင်းပေးနေလိုက်လေ၏။



🐹🐹🐹


အက်ဂါကို သနားလိုက်တာ၊ သူ့ခမျာ ကူညီပေးချင်ရှာတယ်🥺