အပိုင်း ၄
Viewers 318

အခန်း(၄) - မင်းမိထွေးက အရမ်းမိုက်တာပဲ

 

ရုတ်တရက် ရှန်းမူမူသည် အောက်ထပ်ကို ဆင်းလာခဲ့သည်။ တည်ငြိမ်သော ဟန်ပန်အပြည့်ရှိသော မျက်နှာဖြင့် အောက်ထပ်ရှိ ရုပ်ရှင်ရုံအခန်းဆီ လျှောက်လာခဲ့လေသည်။

 

သူမမျက်နှာဟန်ပန်တွင် မကျေနပ်ချက် တစ်စုံတစ်ရာမှ မရှိပေ။

 

ချီရှောင်ပိုင်သည်ကို သူမကို လှည့်ကြည့် နေသည်။

 

ချီရှောင်ပိုင် သူမကို ကြည့်နေသည်ကို ခံစားမိပြီး သူမ ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်သည်။ ချီရှောင်ပိုင်နှင့် အကြည့်ချင်းဆုံသွားသောအခါ သူမသည် လက်ညှိးနှင့် လက်သန်းကို ထောင်ပြပြီး မယ်တယ်လ်ရော့ခ် ဂျိုပုံစံ လုပ်ပြလိုက်သည်။

 

ထို့နောက် သူမလက်ကို အိတ်ကပ်တွင် ထည့်လျက် ရုပ်ရှင်ရုံအခန်းကို လျှောက်လှမ်းလာခဲ့လေသည်။

 

ချီရှောင်ပိုင်က “...”

 

ထိုပုံစံကို မြင်လိုက်ရသဖြင့် ဝေကျောက်နန်သည် ချီရှောင်ပိုင်ပုခုံးကို တိုက်လိုက်ပြီး -

 

မိုက်တယ်ကွာ၊ မင်းရဲ့ မေမေလေးက အရမ်းမိုက်တာပဲ၊ မယ်တယ်လ်ရော့ခ် ဂျိုပုံစံကိုတောင် သိတယ်ဟ

 

ချီရှောင်ပိုင်သည် တစ်ခဏတာ ကြောင်အမ်းအမ်းဖြစ်သွားပြီး သူ့ပါးစပ်မှ စကားတစ်ခွန်း ထွက်လာသည်။

 

ကလေးဆန်တယ်...

 

ရှန်းမူမူသည် ရုပ်ရှင်ရုံအခန်းတံခါးကို ပိတ်လိုက်ပြီးနောက် အတိတ်ကို လွမ်းမောဖွယ် ပြန်လည်တွေးတောရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။

 

အတိတ်နေ့ရက်များတွင် သူမသည် ရော့ကာကောင်မလေးတစ်ယောက်ဖြစ်ပြီး ဂီတပွဲတော်များနှင့် လိုက်ဖ်ရှိုးပွဲများကို လိုက်လံအားပေး ကြည့်ရှုခဲ့လေသည်။

 

မျက်စိတစ်မှိတ်အတွင်း သူမသည် အသက် ၂၈နှစ်အရွယ် ရောက်သွားပြီး ယခုဆိုလျှင် သူမနဲ့ မရင်းနှီးသော ကမ္ဘာကြီးကို ရောက်ရှိလာခဲ့လေသည်။

 

အဖြစ်အပျက်များကို အစစ်အမှန် မဟုတ်သလို ခံစားနေရသည်။

 

ရုပ်ရှင်ရုံအခန်းနံရံများကို ထူထဲသော အသံလုံပစ္စည်းများဖြင့် ပြုလုပ်ထားသည်။ တံခါးကို ပိတ်လိုက်ရုံဖြင့်ပင် အခန်းထဲတွင် မည်မျှကျယ်လောင်စေခါမူ အပြင်ဘက်မှ လုံးဝ မကြားရပေ။ ထို့ကြောင့် ထိုသီချင်းသံသည် သူမကို မနှောင့်ယှက်နိုင်တော့ပြီ။

 

ချီရှောင်ပိုင်၏ ရိုင်းစိုင်းသောအကြည့်ကို ပြန်လည်တွေးတောရင်း သူမသည် စိတ်ကျေနပ်သဖွယ် ရှိသွားခဲ့သည်။

 

ကျစ်၊ ကောင်စုတ်လေးက ကောင်စုတ်လေးပါပဲ၊ သူ့ရဲ့ ခံစားချက်တွေက မျက်နှာမှာ အတိုင်းသား ပေါ်နေတယ်လေ။

 

ထိုပုံစံဖြင့် အနာဂတ်တွင် တည်ငြိမ်ပြီး တိတ်ဆိတ်သော ဇာတ်လိုက်မင်းသားဖြစ်လာမည်ကို သူမသည် ဟာသအဖြစ် ရယ်မောလိုက်ပါသည်။

 

ထိုဇာတ်လမ်းအစပျိုးမှု၏ ရယ်စရာကောင်းနေခြင်းကို တစ်ပြိုင်နက်တည်း ခံစားလိုက်ရသည်။

 

သူမသည် ဝတ္ထု၏ အဓိကလှည့်ကွက်ကို ချက်ချင်းဆိုသလိုပင် သတိရလိုက်သည်။

 

ချီရှောင်ပိုင်သည် ဇာတ်လိုက်မင်းသမီးအပေါ် ခံစားချက်များ ဖြစ်ပေါ်လာချိန်တွင် သူတို့နှစ်ယောက်ကြား ပြသာနာများ မွှေနှောက်ရန် ပထမဆုံးပေါ်လာမည့် ဇာတ်ကောင်မှာ သူတို့၏ အတန်းဖော်မိန်းကလေးပင် ဖြစ်သည်။ သူမသည် သူတို့နှစ်ယောက်ကြားတွင် နားလည်မှုများ လွဲအောင် အမျိုးမျိုး မွှေပေလိမ့်မည်။

 

အဓိကနားလည်မှုလွဲမှားမှုကြီးမှာ ထိုဇာတ်ကောင်သည် ချီရှောင်ပိုင်တို့အိမ်သို့ သူငယ်ချင်းများနှင့်အတူ လာလည်ချိန်တွင် သောက်စရာထဲ ဆေးခတ်ကာ ချီရှောင်ပိုင်ကို အရက်မူးအောင်လုပ်လိုက်ခြင်း ဖြစ်သည်။ ချီရှောင်ပိုင်၏ ထိုအခြေအနေကြောင့် သူမသည် ချီရှောင်ပိုင်မှ အရက်မူးပြီး တစ်ခုခုလုပ်ခံရသလို ဟန်ဆောင်လိမ့်မည်။

 

ချီရှောင်ပိုင်လည်း နားမလည်နိုင်ဖြစ်ကာ သူ့တာဝန်ရှိသွားသည်ထင်ပြီး ထိုမိန်းကလေး၏ အရူးလုပ်ခြင်းကို ခံရပေမည်။

 

ရှန်းမူမူသည် ဝတ္ထုကို တစ်ဝက်တစ်ပြတ်ပဲ ဖတ်ခဲ့ရသည်။ သို့သော် ထိုအထိ ထိုမိန်းကလေးမှာ ချီရှောင်ပိုင်ကို အတိတ်တွင် သူတို့ဖြစ်ခဲ့သည့်အရာအတွက် အတင်းအကြပ် တာဝန်ယူခိုင်းကာ ဒုက္ခပေးမည်ဖြစ်သည်။

 

ရှန်းမူမူသည် တစ်ခုခု အခြေအနေမဟန်ပုံကို ခံစားမိသည်။

 

ထိုလှည့်ကွက်သည် ဒီနေ့ဖြစ်နိုင်မလားဆိုပြီး တွေးထင်နေသည်။

 

စောနက ဆံပင်အမည်းရောင်ကို ကျစ်ဆံမြီးကျစ်ထားပြီး ချီရှောင်ပိုင်ကိုအစ်ကိုချီဟု မဝံ့မရဲခေါ်လိုက်သော မိန်းကလေးသည် ထိုဇာတ်ကောင် ပုံစံအကျင့်စရိုက်နှင့် ထပ်တူကျနေသည်။

 

ရှန်းမူမူသည် ထိုသို့စဉ်းစားမိပြီး ရုပ်ရှင်ရုံအခန်းတံခါး လက်ကိုင်ကို ဖြေးညင်းစွာ ဖွင့်လိုက်ရင်း သူလျှိုတစ်ယောက်ကဲ့သို့ တိတ်တဆိတ် ချောင်းကြည့်နေသည်။

 

ဆံပင်အမည်းရောင် မိန်းကလေးသည် ခိုးကြောင်ခိုးဝှက်နှင့် သူမအိတ်ထဲမှ အထုပ်ကလေးတစ်ထုပ်ကို ထုတ်ပြီး လူမမြင်အောင် သတိထားကာ လှုပ်ရှားနေသည်။

 

ထိုအခန်းမှာ ထောင့်စွန်းကျသဖြင့် သေချာမမြင်ရသော်လည်း ရှန်းမူမူသည် စိတ်လှုပ်ရှားကာ ဇောချွေးများ ပြန်လာပါသည်။

 

ခဏအကြာတွင် ထိုမိန်းကလေးသည် ချီရှောင်ပိုင်အနားတွင် သွားထိုင်လိုက်သည်။

 

ချီရှောင်ပိုင်သည် ဝေကျောက်နန်ကို စကားပြောရန် ခေါင်းကိုလှည့်လိုက်ချိန်တွင် သူမသည် လက်ကို ချီရှောင်ပိုင်၏ ဖန်ခွက်အပေါ် လူမသိသူမသိ ရွှေ့သွားခဲ့သည်။

 

ရှန်းမူမူ၏ စိတ်နှလုံးမှာ တင်းကြပ်လာသလို ခံစားရသည်။

 

ဒီဟာက ဒီနေ့ဖြစ်မှာကိုး

 

ထိုခွေးဇာတ်ခင်းမည့် လှည့်ကွက်သည် ချီရှောင်ပိုင်နှင့် သူ့ကောင်မလေးကြားတွင် မရေတွက်နိုင်အောင် ပြသာနာများ ဖန်တီးမည်ကို ရှန်းမူမူတစ်ယောက် သူမမျက်စိရှေ့တွင် ဖြတ်ခနဲ ပြေးမြင်မိသည်။

 

ဝတ္ထုအရ ထိုအချိန် ချီအိမ်တွင် ဘယ်လူကြီးမှ မရှိပေ။

 

သို့သော် ယခုအခါတွင် သူမသည် ဒီဝတ္ထုထဲကို ရောက်လာခဲ့ပြီး ထိုကလေးများ ဒုက္ခရောက်မည်ကို ဒီအတိုင်း ထိုင်ကြည့်နေမည် မဟုတ်ပေ။

 

ထို့ပြင် လူများသည် ရက်စက်သောမိထွေးက သူမ၏ သား ထိုသို့ဖြစ်စေရန် တမင်တကာ မမြင်ချင်ယောင်ဆောင်ပြီး လွှတ်ထားသည်ဟု ပြောကြလိမ့်မည်။

 

ရှန်းမူမူသည် ချီမော့၏ တည်တံ့ပြီး အထင်ကြီးစရာကောင်းသော မျက်နှာကြီးသည် ဒေါသမထွက်ပဲနဲ့ပင် လူကို ခြိမ်းခြောက်နိုင်စွမ်းရှိသည်ကို သွားတွေးမိသည်။

 

ထိုအဖြစ်အပျက်သာဖြစ်သွားခဲ့လျှင် သူမသည် ချက်ချင်းပင် အိမ်မှ ကန်ချခံရမည်ကို မျက်စိထဲ ဖြတ်ခနဲ မြင်ယောင်မိသည်။

 

ထိုသို့အဖြစ်ခံမည်မဟုတ်၊ သူမသည် မနေ့တနေ့ကမှပင် ဂုဏ်သိက္ခာရှိမိသားစု၏ သခင်မဖြစ်လာရုံပဲ ရှိသေးသည်။

 

ထိုအရာလေးကြောင့်သာ နှင်ထုတ်ခံရလျှင် သူမအတွက် ကြီးမားသော ဆုံးရှုံးမှု ဖြစ်မည်လော။

 

ချီရှောင်ပိုင်သည် ဝေကျောက်နန်နှင့် စကားပြောအပြီးတွင် ဖန်ခွက်တစ်ခွက်ကို သောက်ဖို့ရန် ကောက်ယူလိုက်သည်။

 

ချီရှောင်ပိုင်

 

သေးသွယ်သော ခန္ဓာကိုယ်လေးသည် ပြေးထွက်လာပြီး သူ့နာမည်ကို အော်ခေါ်ရင်း တားလိုက်သည်။

 

ချီရှောင်ပိုင်သည် လှုပ်ရှားနေရာမှ ရပ်တန့်သွားပြီး သူ့မျက်လုံးဖြင့် အပေါ်မော့ကြည့်လိုက်သည်။

 

ရှန်းမူမူ ရောက်လာသည်ကို မြင်လိုက်ပြီး သူ့မျက်ခုံးစွန်းတစ်ဖက်ကို မြှင့်တင်လိုက်သည်။

 

ဟွန့်၊ နောက်ဆုံးတော့ သူမရဲ့ နူးညံ့တဲ့အမေပုံစံကို ဆက်ပြီး မဟန်ဆောင်နိုင်တော့ဘူးပဲ။

 

သူမ ငါ့ကိုအားလုံးရှေ့မှာ အော်ငေါက်တော့မည်လား။

 

အထင်သေးပြီး မအံ့သြသောအပြုံးသည် ချီရှောင်ပိုင်၏ နှုတ်ခမ်းဖြားတွင် ပေါ်လွင်လာပါသည်။

 

သူသည် ပုန်ကန်သလိုနှင့် ပျင်းရိသောအသံဖြင့်-

 

ဘာလဲ

 

ရှန်းမူမူသည် အကြံဉာဏ်ကောင်းတစ်ခု ပေါ်ထွက်လာသည်။ သူမသည် စကားပြောနေရင်း စပ်သော အရာတစ်ခုကို စားမိသဖြင့် ပါးစပ်မှ လေများ မှုတ်ထုတ်သလို လုပ်နေခဲ့သည်။

 

ငါ ဘဲသားဟင်းအစပ် စားမိလို့၊ ငါ့သောက်စရာ ကုန်သွားလို့၊ အဲ့ဒါ မင်းရဲ့ ရေခွက် ပေးဦး

 

ချီရှောင်ပိုင်လည်း ကြောင်သွားခဲ့သည်။

 

သူ ထင်ထားသလို ဖြစ်မသွားပဲ ရှန်းမူမူသည် အစပ်ဟင်း စားမိပြီး ရေတောင်းသောက်မည်ကို လုံးဝ မထင်ထားပေ။

 

ထိုလူငယ်အားလုံးသည် ရှန်းမူမူကိုပဲ စိုက်ကြည့်နေမိပြီး အံ့အားသင့်နေကြသည်။

 

ချီရှောင်ပိုင်နှင့် သူ့မိထွေးအကြား ဆက်ဆံရေးသည် သူတို့ထင်သလို ဆိုးဝါးနေခြင်း မဟုတ်သည်ကို အနည်းငယ် အံ့သြနေကြသည်။

 

ထိုအမျိုးသမီးငယ်လေးသည် ကလေးငယ်သဖွယ် ချစ်စရာကောင်းနေပြီး သူ့ကို အစပ်ဟင်းစားမိ၍ စပ်သွားသဖြင့် ရေတောင်းသောက်နေသည်။ သူမ၏ ပြောဆိုပြုမူပုံသည် သဘာဝဆန်ပြီး အေးအေးဆေးဆေး ဖြစ်နေသည်။ ထိုကြောင့် သူတို့နှစ်ယောက်ကြား ဆက်ဆံရေးမှာ ကောင်းမွန်ကြောင်း ပေါ်လွင်နေသည်။

 

ချီရှောင်ပိုင်လည်း ခဏမျှ ကြောင်တောင်တောင် ဖြစ်သွားပြီး သူ မသောက်ရသေးသော ဖန်ခွက်ကို ကမ်းပေးလိုက်သည်။

 

ရှန်းမူမူသည် ဖန်ခွက်ကို ယူလိုက်ပြီး ဆံပင်အမည်းရောင်နှင့် မိန်းကလေးကို လှမ်းကြည့်လိုက်သည်။

 

ထိုမိန်းကလေးသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလေသည်။ သူမသည် အောက်နှုတ်ခမ်းကို ကိုက်ရင်း ဖန်ခွက်ကို စူးစိုက်ကြည့်နေသည်။ သူမသည် အလွန်ပင် စိတ်လှုပ်ရှားနေပုံပေါ်နေသည်။

 

ရှန်းမူမူသည် သူမကိုကြည့်ပြီး ဖန်ခွက်ထဲတွင် ဆေးခတ်ထားကြောင်း အတည်ပြုနိုင်တော့သည်။

 

ရှန်းမူမူသည် ဖန်ခွက်ကို နမ်းကြည့်ပြီး တမင်တကာ စိတ်ရှုပ်ထွေးနေသော ဟန်ပန်ဖြင့် ချီရှောင်ပိုင်ကို မေးလိုက်သည်-

 

ဒါက မင်းသောက်နေတဲ့ ဘီယာလား

 

ထို့နောက် ချီရှောင်ပိုင်သည် ပျင်းရိပျင်းတွဲဖြင့် ဆိုဖာကို မှီလိုက်ပြီး-

 

ဟုတ်တယ်လေ၊ ဘာလို့လဲ

 

ချီမိသားစုသည် အသက် ၁၇နှစ်အရွယ်များအပေါ် ဘီယာသောက်တာနှင့် ပက်သက်ပြီး စည်းကမ်း သတ်မှတ်ထားခြင်းရှိမည် မဟုတ်ပေ။

 

သူပြောသည်ကို ပြန်မဖြေပဲ ရှန်းမူမူသည် လက်ကို လွှဲပြရင်း မီးဖိုချောင်ဆီ လျှောက်သွားပြီး သူမ ပုခုံးကို အနည်းငယ် တွန့်ပြလိုက်လေသည်။

 

မင်းအဖေက ငါအရက်သောက်တာကို မကြိုက်ဘူး၊ အဲ့တော့ မီးဖိုချောင်ထဲသွားပြီး ရေခဲရေပဲ သွားသောက်တော့မယ်

 

ထိုပုံစံဖြင့် ဖန်ခွက်ကို သဘာဝကျကျ မီးဖိုချောင်ကို ယူသွားလို့ရမည် ဖြစ်သည်။

 

ချီရှောင်ပိုင်လည်း စဉ်းစားရခက်သွားသည်။

 

သံသယရှိစွာ သူမျက်မှောင်ကြုတ်လိုက်သည်။

 

သူ့အဖေသည် တခြားသူများကို ဘာဖြစ်ဖြစ် ဂရုမစိုက်တတ်၊ အမြဲတမ်း တည်ငြိမ် အေးဆေးပြီး ငွေရှာစက်ပမာ ခံစားချက်များ မရှိသောသူသည် သူများတကာ အရက်သောက်သည့် သေးငယ်လှသော ကိစ္စကို ဂရုစိုက်နေမည်လား။

 

ထိုအဖြစ်အပျက်ကို ဧည့်ခန်းရှိ အခြားလူများ မြင်သွားပြီး ရယ်မောကာ စနောက်ကြသည်။

 

ချီရှောင်ပိုင်၊ မင်း မေမေလေးက အရမ်းစိတ်ဝင်စားဖို့ ကောင်းတာပဲ၊ လူကြီးဖြစ်တာတောင် အစပ်စားပြီး စပ်သွားတာကို မင်းကို ရေလာတောင်းသောက်နေတယ်၊ ဟားဟားဟား

 

မင်း မေမေလေးက မင်းအဖေနဲ့ တော်တော်အဆင်ပြေနေတယ် ထင်တယ်၊ မင်းအဖေက အရက်သောက်တာ မကြိုက်ဘူးဆိုလို့ သူမ မသောက်ပဲနေတယ်နော် ဝေါင်း…”

 

ထိုလူငယ်အုပ်ကြီးနောက်ကွယ်တွင် ချီရှောင်ပိုင်သည် ရှန်းမူမူ၏ နောက်ကျောကို ဝေခွဲမရသော ခံစားချက်များနှင့် ကြည့်နေမိသည်။

 

ဒီတစ်ခါတော့ ထိုလူများ၏ စနောက်မှုကို ပြန်ခံမပြောတော့ချေ။

 

ရှန်းမူမူသည် တကယ့်ဖြစ်ရပ်မှန်ကို အများအရှေ့တွင် မပေါ်သွားအောင် ထိန်းထားလိုက်သည်။

 

ပထမဦးစွာ သူမ စိုးရိမ်သည်မှာ သူမသည် ယခုမှ ဤဝတ္ထုထဲ ရောက်လာသောကြောင့် ဇာတ်လမ်းသည် ပြောင်းသွားနိုင်ချေရှိပြီး မှားယွင်းသော ထင်မြင်ချက်များ မလုပ်မိအောင် ဂရုစိုက်လိုက်ခြင်းပင် ဖြစ်ပေသည်။

 

ဒုတိယအနေဖြင့် သူမ၏ စုံထောက်ပုံစံကို ထိုလူငယ်လေးများကို မမြင်စေချင်ပေ။ သူမသည် အေးဆေးပြီး ချမ်းသာသော သခင်မဘဝကိုသာ လိုချင်သောကြောင့် ဖြစ်သည်။

 

ထို့နောက် ချီရှောင်ပိုင်၏ သူငယ်ချင်းများ ထွက်သွားပြီးနောက် ရှန်းမူမူသည် သူ့အခန်းတံခါးကို ခေါက်လိုက်သည်။

 

ချီရှောင်ပိုင်လည်း ပျင်းရိစွာ အခန်းတံခါးကို ဖွင့်လိုက်ပြီး သူမ ရပ်နေသည်ကို တွေ့သောအခါ သူ့မျက်ခုံးကို တစ်ချက် မြှင့်တင်လိုက်သည်။

 

ဘာဖြစ်လို့လဲ