အပိုင်း ၁
Viewers 82

လက်ထပ်ဖို့ လိမ္မာရေးခြားရှိမှုကို အားကိုးပြီးနောက် ချစ်မိသွားတယ် 


အပိုင်း ၁




 

“ဆင်းပြီ”  

 


Cool Cat ပလက်ဖောင်း 237818က တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲ အမျိုးသားအသံ ထွက်လာခဲ့သည်။ အသံက ပျင်းရိကာ၊ နည်းနည်း အေးစက်နေပြီး အထက်စီးဆန် မောက်မာတဲ့ လေသံဖြစ်သည်။ 



အသံက ရွှေနဲ့ ကျောက်စိမ်းလိုပင်။ ရိုးရှင်းတဲ့ စကားလုံး နှစ်လုံးမှာတောင်မှ ဆိုးသွမ်း၊ ဆွဲဆောင်မှုရှိပြီး ရမ္မက်ပြင်းပြတဲ့ ခံစားမှုရှိသည်။ 

 


တိုက်ရိုက်ထုတ်လွှင့်နေတဲ့ ဖန်သားပြင်ပေါ်တွင် [အစ်ကိုရန်က အသည်းနှလုံးမရှိဘူး]၊ [ဝူမောင်အကြောင်း ထပ်ပြောကြရအောင်] [ငါ့နားတွေ ကိုယ်ဝန်ရသွားပြီ] စသည်ဖြင့် သူ့ကို ထပ်နေဖို့ မြှောက်ပင့်ချီးကျူးတဲ့ စကားတွေနဲ့ မှတ်ချက်တွေက ပြည့်နေသည်။



ရန်ရန်က စိတ်အားထက်သန်နေတဲ့ ပရိတ်သတ်တွေကို လျစ်လျှူရှု လိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို အဆုံးသတ်ဖို့ တိုက်ရိုက် နှိပ်ချလိုက်သည်။ နောက်တစ်စက္ကန့်မှာ တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းက မှောင်သွားပြီး system က [သင်လိုက်နေတဲ့ anchor က လမ်းပေါ်မှာ ရှိနေပါတယ်] ဆိုပြီး ချက်ချင်းပြောင်းလဲသွားသည်။ 

 


အစ်ကိုရန်က တိုက်ရိုက်ထုတ်လွှင့်တာ ရပ်လိုက်တော့ ဖန်တွေက မကျေနပ်နိုင်သေးဘဲ မှတ်ချက်နေရာတွင် ဒီနေ့ရဲ့ အတင်းအဖျင်းတွေကို ပြောနေကြသည်။ သူတို့ရဲ့မျက်လုံးထဲက အေးစက်တဲ့ anchor ကတော့ အဲ့ဒီအချိန်မှာ တကယ် မထွက်သွားသေးပေ။



သူက အမိုက်စားသရုပ်ဆောင်မှုရဲ့ နောက်ထပ် အောင်မြင်တဲ့ နေ့တစ်နေ့လို့ မှတ်ယူပြီး စခရင်ကို ခိုးကြည့်နေတုန်းမှာ ဂုဏ်ယူသလို နည်းနည်းပြုံးလိုက်သည်။ သူက ပြုံးလိုက်ပြီး ဂိမ်းစကားတဲ့ထိုင်ခုံကနေ ထိုင်ခုံ‌နောက်မှီမှာ အနေအထားမှန်မှန် လျောချလိုက်ပြီး လှဲနေတဲ့ ပုံစံမျိုး ပြောင်းလိုက်သည်။ 

 

 

“ရန်ရန် ရန်ရန်…” တံခါးခေါက်ခေါက်ချင်း မာမားရန်က မစောင့်နိုင်တော့ဘဲ အပြေးအလွှား ရောက်လာခဲ့သည်။



 “နောက်ဆုံးတာ တိုက်ရိုက်ထုတ်လွှင့်တာ ပြီးသွားပြီပေါ့။ မားမှာ သားကို အရေးကြီး ပြောစရာရှိတယ်!” 

 


ရန်ရန်ရဲ့ မျက်နှာမှာ အပြုံးက ရှိနေဆဲဖြစ်ပြီး သူက သူမကို တားဖို့အချိန်တောင် မရလိုက်ပေ။ သူ့ရဲ့ခြေထောက်တွေက ထိုင်ခုံကို လှည့်နေတုန်းဖြစ်တဲ့အတွက် သူက ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး ရှက်ရွံ့စွာနဲ့ ပါးစပ်ကို အုပ်ပြီး ချောင်းဆိုးလိုက်သည်။ 

 

 

“အိုး၊ မားအရှေ့မှာ ဘာလို့ဟန်ဆောင်နေတာလဲ? သားဘယ်လိုလူလဲဆိုတာ မားသိပြီးသား မဟုတ်ဘူးလား?”



 မာမားရန်က ပြောလိုက်ပြီး သူ့ရဲ့အမူအရာကို လျစ်လျှူရှုလိုက်ကာ သူါရဲ့လက်ဖျံကို ဆွဲလိုက်ပြီး ဧည့်ခန်းဆီ သွားလိုက်သည်။ 

 


“မား ဘာလုပ်နေတာလဲ?” မုန့်ယန်က နည်းနည်း အထွန့်တက်လိုက်ပေမယ့် တိုက်ရိုက်ထုတ်လွှင့်ခန်းကလိုတော့ အေးစက်မနေဘဲ သဘာဝအတိုင်း သူမ အနောက်ကနေ လိုက်သွားလိုက်သည်။ 

 


“အရေးကြီးတာ တစ်ခုခု ပြောပြမလို့ ဧည့်ခန်းကို လာခဲ့၊ မြန်မြန်လာ” 

 


သူတို့ဧည့်ခန်းကို ရောက်တဲ့အခါ ရန်မိသားစုဝင်သုံးယောက်က ထိုင်လိုက်သည်။ ရန်ရန်က နားထောင်ဖို့ လုပ်လိုက်ပေမယ့် ပါပါးရန်နဲ့ မာမားရန်က အရင်စကားမပြောဘဲ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး မျက်လုံးချင်း ဆက်သွယ်လိုက်သည်။ 

 


ရန်ရန်က သူတို့ကို ရှုပ်ထွေးနေတဲ့ အမူအရာနဲ့ ကြည့်လိုက်သည်။ သူတို့မိသားစုရဲ့ လေထုက အမြဲတမ်း ပွင့်လင်းပြီး သဟဇာတဖြစ်လှသည်။ သူ့နဲ့ သူ့မိဘတွေကြားမှာဆို မျိုးဆက်ကွာဟမှု ဒါမှမဟုတ် ဝေးကွာမှုကို သူ မခံစားရပါချေ။ 



သူတို့က ဖြစ်ပျက်သမျှအရာတိုင်းကို အမြဲတမ်းပြောပြလေ့ရှိပြီး သူက ဂေးပါလို့ come out လုပ်တုန်းကတောင် ကသောင်းကနင်း မဖြစ်သွားပါချေ။ အဲ့ဒါကြောင့် ဒီနေ့မှာ သူ့မိဘတွေကပါပြောဖို့ ချီတုံချတုံဖြစ်နေတဲ့ ကိစ္စကြီးက ဘာများပါလိမ့်။ 

 


“မားတို့နှစ်ယောက် ဖုန်းထဲကနေ အလိမ်ခံလိုက်ရလို့လား?” 

 


သူက စလိုက်သည်။ သူတို့တွေက အင်တာနက်သုံးရာမှာ ကျွမ်းကျင်လို့ သူတို့က ဘယ်လိုလုပ် ဖုန်းထဲကနေ လွယ်လွယ်နဲ့ လိမ်ခံထိနိုင်မှာလဲ? ဒီလို အလိမ်အညာတွေအားလုံးက ပလက်‌ဖောင်းတစ်ခုထဲမှ လာကြတာဖြစ်သည်။ သူ့မိဘတွေက ခေါင်းကို အမြန်ခါလိုက်သည်။ 


 

“ထီပေါက်သွားလို့လား?” ရန်ရန်က သူတို့ရဲ့ အိမ်ဟောင်းပတ်ပတ်လည်ကို ကြည့်လိုက်‌ပြီး ပြောလိုက်သည်။ အိမ်က နွေးထွေးပြီး အမှတ်တရတွေအပြည့်ရှိပေမယ့် သေးသည်။ 



“အိမ်ပြောင်းချင်လို့ရှိရင် သားပိုက်ဆံ တချို့တစ်လေ ထည့်ပေးနိုင်တယ်” 


 

နှစ်ယောက်လုံးက တလှုပ်လှုပ်နဲ့ ခေါင်းခါလိုက်ကြသည်။ ဆယ်စုနှစ် နှစ်စုစာလောက်အထိ သူတို့မှာ ချမ်းသာဖို့ ကံမပါခဲ့ဘူး။  ဒီဘဝမှာ ထီပေါက်ပြီး ကံကောင်းလာဖို့ သူတို့တစ်ခါမှ မတွေးခဲ့ဖူးဘူး။ 

 


နှစ်ယောက်သားက နောက်ထပ် ငြင်းခုန်လိုက်ပြီး နောက်ဆုံးတော့ မာမားရန်က အရင်ပြောလာသည်။ “ဒါက ဒီလို၊ ရန်ရန်….။ ဒီနေ့မားတို့ စူပါမားကပ်သွားတော့ အတန်း‌ဖော်ဟောင်းနဲ့ ဆုံခဲ့တယ်။ မားတို့မတွေ့ရတာ နှစ်၂၀ကျော်ပေမယ့် မမျှော်လင့်ဘဲ ဆုံဖို့ အခွင့်အရေး ရလာတယ်လေ” 

 


“နှစ်၂၀ကျော်လောက် မတွေ့ခဲ့ရတဲ့ အတန်းဖော်ဟောင်းကို တွေ့တာ ရေစက်လို့ခေါ်တာလား? မား ဒါက ကံတရားကင်းမဲ့တာင်မကဘူး ခံစားချက်တွေပါ ကင်းမဲ့နေတာ”



မာမားရန် - “…” 

 


ရန်ရန်မှာ ပါးစပ်ဟလိုက်တာနဲ့ ငြင်းခုန်တတ်တဲ့ အကျင့်ရှိသည်။ ငြင်းခုန်ပြီးနောက်မှာ သူ့အဖေရဲ့ ဒေါသမျက်လုံးများကိုတွေ့တော့ သူပြောတာ အရမ်းမြန်သွားမှန်း သဘောပေါက်သွားသည်။ 



သူ့မိဘတွေရဲ့ အကြည့်အောက်မှာ ရန်ရန်က သူ့အမေကို ဆက်ပြောဖို့ အမူအရာ လုပ်ပြလိုက်သည်။ 

 


အစပိုင်းမှာ မာမားရန်က ချီတုံချတုံ ဖြစ်နေသေးပေမယ့် ရန်ရန်ရဲ့ တုံ့ပြန်မှုကြောင့် ဒီနေ့ သူတို့ပြောမယ့် အကြောင်းအရာခေါင်းစဉ်ကို တိုက်ရိုက်သာ ဖော်ပြလိုက်သည်။



 “အတန်းဖော်ဟောင်းရဲ့ သားက အရမ်းကောင်းတာ၊ ပြီးတော့ သားနဲ့ သူ့ကို တွေ့‌ပေးစေချင်လို့” 

 


“ဘလိုင်းဒိတ်လား? အဲ့လိုနဲ့လည်း မတူပါဘူး။ ဒီမျက်နှာကို ပြလိုက်တာနဲ့ သားက လက်တွဲဖော် မရှာနိုင်မှာ စိုးရိမ်နေတာလား? မားတို့က သားကို တမင်အရှက်ခွဲနေသလိုဘဲ”  

 


ရန်ရန်ရဲ့ စကားတွေက ချဲ့ကားပြောနေတာမဟုတ်ပေ။ သူ့မှာ အသံကောင်းကောင်းလေး ရှိရုံတင်မကဘူး မျက်နှာ ချောချောလေးပါ ရှိသည်။ 



ဘဲဥပုံမျက်နှာ၊ ဖြူဝင်းတဲ့အသားအရည်၊ သိမ်မွေ့ပေမယ့် မိန်းမ မဆန်တဲ့ မျက်ခုံးတွေ၊ အထူးသဖြင့် ရှည်ပြီး ဖြောင့်တန်းနေတဲ့ မျက်တောင်တွေကို မြှင့်လိုက်တဲ့အခါ ပျင်းရိပြီး မြင့်မြတ်တဲ့အမူအရာကို ပေးစွမ်းသည်။



 သူ့ရဲ့သွယ်လျတဲ့ ခြေလက်တွေကို ဆန့်ထုတ်ပြီး ပုံမှန်အတိုင်း ဆိုဖာပေါ်မှာ မှီနေတာက ယုံကြည်မှုနဲ့ ဆွဲဆောင်မှု အပြည့်ပင်။ 

 


သူ့ရဲ့စွဲမက်စရာကောင်းတဲ့ အသွင်အပြင်ကြောင့် သူ ကလေးဘဝကတည်းကပင် အမျိုးသားတွေ အမျိုးသမီးတွေဆီကနေ မရေမတွက်နိုင်တဲ့ ဝန်ခံမှုတို့ကို ရရှိခဲ့သည်။ 


 

သူ့ရဲ့ဂုဏ်ယူနေတဲ့ အကြည့်ကို မြင်မြင်ချင်း သူက ဆိုးသွမ်းတော့မယ်ဆိုတာ ပါပါးရန် သိလိုက်သည်။ သူ့မိန်းမရဲ့စကားတွေက အရမ်းအရမ်း ပညာသားပါပြီး သူတို့ရဲ့ဆန္ဒကို ဒီကလေးနားလည်ဖို့ မဖြစ်နိုင်ပေ။ 

 

 

“မားတို့က သားလက်တွဲဖော် မရှာတွေ့မှာကို စိုးရိမ်တာမဟုတ်ပေမယ့် သားက အပြင်မှာ အရမ်းကစားလွန်းတော့ သားကိုယ်သား နာကျင်အောင် လုပ်မိမှာ စိုးလို့ပါ” 

 


ရန်ရန်က ပြန်လည်ချေပလာသည်။ “သား လိုက်ပတ်မကစားနေပါဘူး” 


 

ပါပါးရန် - “မနေ့က အရမ်းမူးပြီး ဘယ်ဘားက မင်းကို ပြန်ပို့ပေးခဲ့လဲ?” 

 


မာမားရန် - “မနေ့က သားတွဲတဲ့ ကောင်လေးက မနေ့တစ်နေ့က တွဲတဲ့ ကောင်လေး မဟုတ်ဘူး” 

 


ပါပါးရန် - “ရှောင်ထျန်းက အဖြောင့်ဘဲ၊ ဘာလို့ သူ့ခါးကို ဖက်နေတာလဲ?” 


 

မာမားရန် - “အရင်တစ်ခေါက်တုန်းက ကောင်လေးနှစ်ယောက်က အိမ်ကို တစ်ချိန်တည်း ရောက်လာတယ်လေ။ သားအဖေသာ သူတို့ကို ထိန်းဖို့ မရှိနေရင် သူတို့တွေ ရဲစခန်းကို ရောက်သွားလောက်ပြီ!” 

 


ရန်ရန်က သက်ပြင်းဖျော့ဖျော့ချလိုက်ပြီး ခေါင်းအကြီးကြီး ကိုက်သလိုခံစားလိုက်ရကာ ချက်ချင်း ပြန်ချေပခဲ့သည်။



 “မားတို့တွေက အကြံတွေ အများကြီးရှိနေတာပဲ။ သားကို ဒီနေ့အထိ ထိန်းခဲ့ပေးတာ ကျေးဇူးတင်ပါတယ်၊ အလုပ်ကြိုးစားတဲ့ကျေးဇူးပါ။ အရင်ဆုံးသား ရှင်းအောင် လုပ်ပါရစေ၊ ရှောင်ထျန်းနဲ့ သားက ဘာမှမဆိုင်ဘူး ပြီးတော့ အဖြောင့်တစ်ယောက်နဲ့ တွဲဖို့လည်း စိတ်မဝင်စားဘူး။ သား လုပ်မှာမဟုတ်ဘူး။ ပြီးတော့ ဘယ်တုန်းက သူ့ခါးကို ဖက်လို့လဲ? မားတို့က နားလည်မှု လွဲနေပြီးတော့ ဘာမှမမေးဘဲ စိတ်တိုနေကြတာ။ မဟုတ်တာကို ပြောဖို့ အခွင့်အရေးတောင်မရဘဲ ကောက်ချက်ချလိုက်တာလား? မား၊ မားကတော့ သားရဲ့ တကယ့် အမေကောင်းပဲ…” 


 

ကိုယ့်သားရဲ့ အပြုအမူကို ကြည့်ပါဦး။ သူက ရှောင်ထျန်း ကိစ္စကလွဲရင် ဘာမှကို မငြင်းဘူး။ ပြီးတော့ အပြင်မှာ ယောက်ျားတွေနဲ့ လိုက်ပြီး ပရောပရည်လုပ်တာက သေချာပေါက်ကို နားလည်မှုလွဲတာ မဟုတ်ဘူး! 



သူ့မိဘတွေက အခုတော့ သူတို့သားကို ပါတနာတစ်ယောက်နဲ့ မိတ်ဆက်ပေးဖို့ ပိုပြီး စိတ်ပိုင်းဖြတ်လိုက်ကြသည်။ သူ့ကို ဂရုစိုက်ပေးဖို့ သန်မာတဲ့တစ်ယောက်ယောက် လိုသည်။ မဟုတ်ရင်တော့ အပြင်က မရေမတွက်နိုင်တဲ့ အဆင်အခြင်မဲ့ လူငယ်တွေကို ထိခိုက်နိုင်တယ်! 



သူတို့ အတန်းဖော်ဟောင်းရဲ့ ငယ်ရွယ်နုပျိုတဲ့ အလှလေးကို တွေးရင်း အတန်းဖော်ရဲ့သားက သူမရဲ့ ကျက်သရေရှိတာတွေကို အမွေခံရလိမ့်မည်ဖြစ်တဲ့အတွက် ရန်ရန်မှာ ဘလိုင်းဒိတ်သွားသင့်တယ်လို့ မာမားရန် ခံစားလိုက်ရသည်။ 

 


“အရင်တုန်းက အကြောင်းတွေပြောရတာ ပျင်းစရာ‌ကောင်းတယ်” မာမားရန်က သူမရဲ့ အဝတ်အစားတွေကို ပြင်ဆင်ပြီး တည့်တည့်မတ်မတ်ထိုင်ကာ စကားတစ်ခွန်းနဲ့ စစ်မြေပြင် အသစ်တစ်ခုကို စတင်လိုက်သည်။



 “ရှောင်ရန်၊ မားတို့ရဲ့ အတန်းဖော်ဟောင်းက ဟိုတုန်းက ကျောင်းအလှလေး ဖြစ်ခဲ့တာ။ ပြီးတော့ အဲ့ဒီမင်းသမီးတွေထက် ပိုတောင် လှသေးတယ်။ ကျောင်းအလှလေးရဲ့ သားကို စိတ်မဝင်စားတာ သေချာပြီလား?” 

 


ရန်ရန်က မျက်ခုံးပင့်လိုက်ပြီး သူ့ရဲ့အကြည့်တွေကတော့ မသိစိတ်ကနေ အာရုံပြန်စိုက်လာသည်။ 

 


“အဲ့ဒီတုန်းကဆို၊ အတန်းထဲက ယောက်ျားလေးတစ်ဝက်လောက် သူ့ကို ကြိုက်ကြတာ” သူ့ရဲ့လျော့ရဲလာတဲ့ သဘောထားကို မြင်တော့ ပါပါးရန်ကလည်း အနောက်ကနေ ထပ်ပေါင်းပြောလာသည်။ 

 


“လှပပြီးတော့ ဉာဏ်ကောင်းတယ်။ သူ့ရဲ့အဆင့်တွေကလည်း အမြဲတမ်း တစ်ပဲ” ရန်ရန်ရဲ့အမေကလည်း ထောက်ခံလာသည်။



“သား တစ်ကယ် မသွားချင်ဘူးဆိုရင်လည်း မေ့လိုက်တော့။ ထူးဆန်းတယ် ကျွမ်းရှန်းက ငါတို့ရန်ရန်ကို ဘာလို့‌သ‌ဘောကျတာလဲ?” 

 


မာမားရန်က သူ့ယောက်ျားက နည်းဗျူဟာက ထိရောက်တာမြင်တော့ ဆက်ပြောလာသည်။ “တကယ်တော့၊ သူ့သားက အသက်ငယ်ငယ်လေးနဲ့ Ph.D ဘွဲ့ရထားတာ။ သူက ငယ်ရွယ်ပြီး အရည်အချင်းလည်းရှိတယ်။ သူမရဲ့ မျိုးရိုးဗီဇတွေသာ သူ့မှာ ပေါ်ရင်တော့ သူက….” 

 


သူမ ပြောလို့မပြီးခင်မှာဘဲ WeChat က မက်ဆေ့ခ်ျအသစ် အကြောင်းကြားတဲ့အသံထွက်လာသည်။ မာမားရန်က ဖုန်းယူလိုက်ပြီ ကြည့်လိုက်သည်။ ဒီနေ့ အသစ်ထည့်ထားတဲ့ သူမရဲ့ အတန်းဖော်ဟောင်းကျွမ်းရှန်းက သူမဆီ ဓာတ်ပုံတစ်ပုံပို့လာခဲ့သည်။ 



[ P.S : အိမ်မှာ လတ်တလော ရိုက်ထားတဲ့ ဓာတ်ပုံတွေတော့ မရှိဘူး။ ဒါက အင်တာဗျူးဗီဒိယိုက စခရင်ရှော့ ရိုက်ထားတာ] 

 


[Open Image] ကို နှိပ်လိုက်တော့ ဗီဒီရိုက‌နေစခရင်ရှော့ရိုက်ထားတဲ့ ပုံက အမြန်ပေါ်လာပြီး မူလက ဝါးနေတဲ့ပုံမှာ ပိုရှင်းလင်းလာသည်။ မာမားရန်မှာ နှစ်စက္ကန့်လောက် မင်သက်သွားကာ အသက်ရှူလိုက်ပြီး ဖုန်းကို ဆိုဖာပေါ် တိုက်ရိုက် တင်လိုက်သည်။ 

 


“မသွားနဲ့တော့! ဒီပွဲက ပြီးပြီ!” သူမက အော်ပြောလာသည်။ 


 

“ဘာဖြစ်လို့လဲ?” ပါပါးရန်က စိတ်ရှုပ်‌သွားပြီးကြည့်လိုက်သည်။ 

 


“ကျွမ်းရှန်းက သူ့သားဓာတ်ပုံပို့လာတယ်” မာမားရန်က အနားကပ်လာပြီး တိုးတိုးလေးပြောလိုက်သည်။ လူအိုစုံတွဲက သူတို့သားအရှေ့မှာ ဒီလို တီးတိုးမပြောတာ ကြာလှပြီ။ ပါပါးရန်ရဲ့ မျက်နှာက ခဏလောက် နည်းနည်းနီရဲသွားပြီး သူက စကားပြောတာကို ပြန်ဖြေဖို့ စိတ်မရှုပ်တော့ပေ။