အပိုင်း (၆) ချင်းစိမ်းချိုချဉ်
ဖေ့လီသည် မျက်မှန်တပ်ထားသော ယောက်ျားတစ်ဦးအား ရွာသို့ခေါ်လာသောအခါ ရွာအ၀င်မရောက်မီမှာပင် ဆွေးနွေးမှုများ အုံကြွနေတော့သည်။ ဖေ့ရုန်ဖူတစ်ယောက် သူတို့နှစ်ဦး၏ နောက်မှ ပါမလာသလိုပင်။ သူမတို့ မကြားမည်ကို စိုးရိမ်သည့်အလား အသံများက ကျယ်လောင်စွာထွက်ပေါ်လျက်။
ရွာထိပ်တွင်နေသော ကျောက်ကွေ့ဖုန်းသည် သူမပါးစပ်ကို ကျယ်လောင်စွာ ဖွင့်လျက်
"ဒီကောင်မလေး တတ်လည်းတတ်နိုင်တယ်။ မင်္ဂလာဆောင်ပြီးမကြာဘူး နောက်ယောက်ျားတစ်ယောက် ထပ်ခေါ်လာနိုင်ပြီ"
"အိမ်မှာ ရှိတဲ့တစ်ယောက်က အလုပ်မဖြစ်ရင် နောက်တစ်ယောက် ထပ်ရှာကြ"
"ငါက ယူပြီးပြီဆိုတော့ မတတ်နိုင်တော့ဘူးပေါ့"
"နင့်မျက်နှာက တကယ်ကြီးအရေထူတယ်လို့တော့ မပြောနဲ့နော်"
အမျိုးသမီးကြီး သုံးယောက်သည် ပြိုင်တူရယ်လိုက်ကြကာ "သေချာပေါက် မဟုတ်ဘူးပေါ့။ ယောက်ျားရှိတာနဲ့ မရှိတာက ဘယ်လိုလုပ်တူနိုင်မလဲ"
"ခုတင်ပေါ် မတက်လိုက်နဲ့ တက်လိုက်လို့ကတော့ ပစ်လှဲပစ်လိုက်မှာပဲ"
"ဘယ်သူနိုင်မလဲဆိုတာတော့ သေချာမသိသေးဘူးပေါ့ ဟား..ဟား...ဟား..."
ဝမ်ယန်ဖျင်သည် ပညာတတ်တစ်ယောက် ဖြစ်သောကြောင့် ထိုကဲ့သိုသော စကားလုံးများအား မကြားဖူးခဲ့ပေ။ အခြားလူများ၏ အိပ်ရာပေါ်ကကိစ္စများကို ဘွင်းဘွင်းရှင်းရှင်း ပြောနေသောကြောင့် ခပ်မြန်မြန် လျှောက်လိုက်သည်။ ထိုသို့ မသိုးမသန့်ဖြစ်နေသော အပြုအမှုသည် ရွာထိပ်က အမျိုးသမီးကြီးကို ကျယ်လောင်စွာရယ်မောစေ၏။
"ကြည့်ပါဦး သူအခုထိရှက်နေတုန်း"
ဖေ့လီ၏ယခင်ဘ၀တွင်လည်း ဇာတိမြို့မှ လူကြီးအချို့သည် ထိုကဲ့သို့သော အတင်းအဖျင်းများ ပြောရသည်ကို ကြိုက်ကြ၏။ သူမကို မြို့သို့တက်ပြီး ကိုယ့်ဘ၀ကိုယ်မေ့သောလူဟု ပြောကြသည်။ အသက်၃၀အရွယ်ပင် ရောက်သော်လည်း လက်ထပ်ရန် ဇီဇာကြောင်လွန်းနေသည်ဟုလည်း ပြောကြ၏။ ထိုလူများသည် ဘာမျှလုပ်စရာ မရှိသောကြောင့် အတင်းပြော၍သာ အပျော်ရှာကြ၏။ သူတို့ထက်သာလျှင်လည်း မနာလိုကြ၏။
ဖေ့လီက ထိုအမျိုးသမီးကို စိုက်ကြည့်လိုက်ကာ ပြန်ပြောလိုက်သည်။"ရှင့်အပူမပါဘူး"
မူလပိုင်ရှင်သည် လက်မထပ်ရသေးသောကြောင့် လှောင်ပြောင်ခံခဲ့ရသည်။ သူမ ပြန်ချေပသော အဆဲအဆိုများသည် ဖေ့လီထက် ပိုပြင်းထန်၏။
ထိုအမျိုးသမီးကြီးများက မပြင်းထန်သော ပြန်လည်ချေပစကားကြောင့် နေသားမကျဖြစ်လာသည်။ သူမတို့က မျက်နှာချင်းဆိုင်လိုက်ကာ တိုးတိုးတိတ်တိတ် ပြောလိုက်ကြ၏။
ဖေ့ရုန်ဖူသည် ထိုအမျိုးသမီးများကဲ့သို့ စကားမတတ်ပေ။ ပြန်လည်ချေပ၍လည်း မပြောတတ်သေးပေ။ ထို့ကြောင့် အိမ်သို့ရောက်ရန်သာ အမြန်လျှောက်သွားတော့၏။
ဖေ့မိသားစု၏အိမ်မှာ ခြံ၀င်းမရှိသကဲ့သို့ ၀င်ပေါက်သည်လည်း မရှိပေ။ ပင်မလမ်းမကြီးမှ ဆင်းပြီး လမ်းအနည်းငယ်လျှောက်ပါက ရောက်လိမ့်မည်ဖြစ်သည်။ ဝမ်ယန်ဖျင်သည် ဖေ့အိမ်သို့ မရောက်မီမှာပင် အတင်းအဖျင်း အများအပြား အပြောခံရပြီးဖြစ်၏။ အိမ်သို့ရောက်သောအခါ ဆိုးဆိုးရွားရွားပင် မျက်နှာပျက်နေပြီဖြစ်သည်။ ဖေ့လီသည် အားနာသွားရကာ အိမ်သို့ရောက်လျှင် သူမအမေကို ချက်ချင်းခေါ်လိုက်တော့သည်။ ၀မ်ချွေလန်သည် သက်ပြင်းတစ်ချက်ချကာ လက်များပိုက်ထားလျက် မီးဖိုချောင်မှ ထွက်လာ၏။
"ပြန်လာကြပြီလား"
ဖေ့လီက "အင်း"ဟု အသံပြုပြီး တစ်ဖက်သို့လှည့်ကာ ချိုသာစွာ မိတ်ဆက်ပေးလိုက်သည်။ "အမေ ဒါက မြို့ကဆရာ၀န်။ ကျိုးရှန်ချီကို လာကုပေးတာ"
၀မ်ချွေလန်သည် ထိုကဲ့သိုသောလူအမျိုးအစားများနှင့် မတွေ့ဖူးသောကြောင့် လေးစားစွာပင် နှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ ဒေါက်တာ"
ဝမ်ယန်ဖျင်က ခေါင်းညိတ်ပြလိုက်သည်။ "သမီး အထဲခေါ်သွားလိုက်မယ်"
ဖေ့လီက စကားလက်စသတ်၍ ကျိုးရှန်ချီ၏အခန်းသို့ ခေါ်ဆောင်သွားလေသည်။ "သူက ဒီအခန်းထဲမှာ"
အခန်းထဲမ၀င်မီ တံခါးခေါက်လိုက်၏။ ၀င်ခွင့်ပြုမှသာ ဝမ်ယန်ဖျင်ကို ခေါ်ဆောင်သွား၏။ ကျိုးရှန်ချီက မော့ကြည့်လိုက်သောအခါ သူမနောက်မှ လူတစ်ယောက်ကို တွေ့လိုက်ရသည်။ သူ့မျက်လုံးများ၌ မျှော်လင့်ချက်အရိပ်အယောင်ကလေး လက်သွားရ၏။ ယိုယွင်းကာ ရှုပ်ပွနေသည့် ရွှံ့အိမ်တွင် ဖြောင့်တန်းသောပခုံးများနှင့် ခံ့ညား၍ ချောမောသော လူတစ်ဦးက ဖြူဖျော့ဖျော့ဖြင့် လှဲနေခြင်းမှာ ပတ်၀န်းကျင်နှင့် မလိုက်မဖက် ဖြစ်နေသည်။ ဤအိမ်ရှိလူများနှင့် အနည်းငယ်မျှပင် မတူချေ။
ဝမ်ယန်ဖျင်သည် ရှေ့သို့သွားလိုက်ကာ လက်ဆန့်ထုတ်လိုက်သည်။ "မင်္ဂလာပါ ကျွန်တော်က ဒေါက်တာဝမ်ယန်ဖျင်ပါ။ ခင်ဗျားကို ကုသပေးမဲ့ဆရာ၀န်ပါ။"
ကျိုးရှန်ချီသည် မယုံကြည်နိုင်မှုများဖြင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။ "မင်္ဂလာပါ ကျွန်တော်က ကျိုးရှန်ချီပါ"
ဝမ်ယန်ဖျင်သည် လက်ပေါ်သို့ ရောက်လာသော အားသည် အလွန်ပြင်းထန်သောကြောင့် ခဏမျှ အံ့ဩသွားရသည်။ ထို့နောက် ဆေးအိတ်ကို ဖွင့်၍ လက်အိတ်များ ထုတ်၀တ်လိုက်ပြီးနောက် စောင်ကို လှပ်လိုက်သည်။ "အခု ကျွန်တော် ခင်ဗျားခြေထောက်ကို စမ်းသပ်ကြည့်မယ်"
ဖေ့လီသည်လည်း ဘေးမှရပ်ကာ တိတ်တဆိတ်ကြည့်နေ၏။ ရာသီဥတုမှာ ဆောင်းရာသီဖြစ်၍ ခြုံထားသောစောင်မှာ အလွန်လေးသည်။ စောင် မ,လိုက်သောအခါ သူ့ခြေထောက်များ၌ အလေးချိန်လျှော့သွားပြီး အအေးဓာတ်များ ၀င်လာတော့သည်။
ကျိုးရှန်ချီက နာကျင်မှုကြောင့် မျက်မှောင်ကြုတ်လိုက်သည်။ သူ့ကိုယ်ပေါ်၌ ဖေ့ရုန်ဖူ၏ အ၀တ်ဟောင်းများကိုသာ ဝတ်ဆင်ထားသည်။ သူနှင့် အလွန်ပင် ချောင်ချိနေကာ ဒူးအောက်ပိုင်းရှိ အစိတ်အပိုင်းအားလုံးမှာ ပေါ်နေသောကြောင့် ဝမ်ယန်ဖျင်အတွက် အခန့်သင့်သွား၏။
ဖေ့လီသည် စိတ်မချမ်းမြေ့ဖွယ်ကောင်းသော အခြေအနေကို တစ်ချက်မျှကြည့်ပြီးနောက် အကြည့်များကို အောက်သို့ပို့လိုက်ကာ ထပ်၍မကြည့်ဝံ့တော့ပေ။ ဤအတောအတွင်း နာကျင်မှုများကို ကြံ့ကြံ့ခံထားသည်မှာ တွေးကြည့်ရန်ပင် ခက်ခဲလှသည်။
ဝမ်ယန်ဖျင်သည်လည်း ဒဏ်ရာများကြောင့် ထိတ်လန့်သွားသည်။ ဒူးဆစ်မှာ ဒဏ်ရာအပြင်းဆုံးဖြစ်ပြီး ညိုမည်းနေသည်။ အရေးပြားနှင့် အသားများတွင် ပြည်များတည်လျက်။ ဖိမိထားသောကြောင့် သွေးအနည်းငယ်ပင် ထွက်နေသည်။ ခြေထောက်တစ်ခုလုံး ဒဏ်ရာများ ပြည့်နေသည်။ ဒူးအောက်ပိုင်းတွင် ရောင်ကိုင်းနေသောကြောင့် အရိုးများကိုပင် မထိတွေ့နိုင်။ မ,ပင့်ကာ လှုပ်လှုပ်ရှားရှားပြုရန်ပင် မဆိုထားနှင့် ၀မ်ယမ်ဖျင် ထိလိုက်လျှင်ပင် နာကျင်မှုကြောင့် ရှူးခနဲအသံများ ထွက်ပေါ်လာသည်။
ဝမ်ယန်ဖျင်သည် လွန်ခဲ့သော ၂နှစ်က အငယ်တန်းကောလိပ်မှ ဘွဲ့ယူခဲ့ပြီး ဆေးကုသမှုအား စတင်ခဲ့ခြင်း ဖြစ်သည်။ တစ်ချက်မျှကြည့်လျှင်ပင် သူကုသနိုင်သည့် ရောဂါဟုတ်မဟုတ်သိ၏။ ရုတ်ခြည်းပင် သူခေါင်းကိုက်သွားရပြီး လက်ကို ရုပ်သိမ်းလိုက်ကာ စောင်ဖြင့်ပြန်ဖုံးပေးလိုက်သည်။ သူသည် အခြေအနေနှင့် ပတ်သက်၍ အပြင်ထွက်ပြောဆိုရန် ဖေ့လီကို လက်ဝေ့ယမ်းပြလိုက်သည်။ သူ၏ အခက်အခဲကို မြင်သောအခါ ကျိုးရှန်ချီသည် မရေရာမှုများ ရှိနေဆဲဖြစ်ပြီး နာကျင်မှုအား သည်းခံလျက် ပြောလိုက်၏။ "ပြောစရာရှိတာကို ကျွန်တော့်ပြောပါ"
ဝမ်ယန်ဖျင်က လှည့်ကြည့်ကာ စိတ်မကောင်းစွာ ပြော၏။ "အခြေအနေက အတော်လေး ဆိုးနေတယ်။ ဒီတိုင်းဆိုရင် ဘာဖြစ်နေလဲ သေချာသိရမှာမဟုတ်ဘူး။ အရိုးကျိုးတာလဲ ဖြစ်နိုင်သလို အက်သွားတာလဲ ဖြစ်နိုင်တယ်။ ဒဏ်ရာရဲ့အတိုင်းအတာကို သိရဖို့ ဓာတ်မှန်ရိုက်ရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြို့သွားပြီး ဓာတ်မှန်ရိုက်မှရမယ်"
ရလဒ်သည် ဖေ့လီခန့်မှန်းထားသည့် အတိုင်းပင်။ စာအုပ်ထဲတွင် ကျိုးရှန်ချီက ဖေ့မိသားစုမှ လွတ်မြောက်ပြီးနောက် ငွေအမြောက်အမြား ကုန်ကျခံ၍ ကုသသော်လည်း သူ့ခြေထောက်များမှာ ပျက်စီးသွားပြီးဖြစ်၏။ ထို့ကြောင့် သူမသည် ဖေ့ရုန်ဖူ၏ "အားလုံးအဆင်ပြေတယ်" ဟူသော စကားကို မယုံကြည်ခြင်းဖြစ်သည်။
ကျိုးရှန်ချီ၏မျက်နှာမှာ ချက်ချင်းပင် အသွေးအရောင်မဲ့သွား၏။ ဖေ့မိသားစုက သူ့ကို မြို့တတ်ကုသပေးရန် မဖြစ်နိုင်ပေ။ ဆေးကုသစရိတ် မပြောနှင့် လမ်းစရိတ်ပေးရန်ပင် ခက်ခဲကြမည်။
ဝမ်ယန်ဖျင်၏ စကားလုံးများမှာ သေဒဏ်နီးပါးပင်။ ဖေ့လီသည် သူမမိဘများအား အခြေအနေ ပြောပြရန် ထွက်သွားသည်။ ၀မ်းယမ်ဖျင်က ဆေးညွှန်းပေးရန် နေခဲ့၏။ သူက စာရွက်ပေါ်၌ တစ်စုံတစ်ရာ ရေးလျက် အကြံပြုလိုက်သည်။
"ရိုးတွင်းခြင်ဆီမပျက်စီးသရွေ့ အချိန်မီကုသရင် မျှော်လင့်ချက် ရှိပါသေးတယ်"
ဆေးအိတ်တွင် သူယူလာသော အကိုက်အခဲပျောက်ဆေးများနှင့် အရောင်ကျဆေးများ ပါ၏။ ဆေးများသည် စက္ကူအိတ်ဖြင့်ထုတ်ထားပြီး ညွှန်ပြထားသည့်နေရာမှ ဖြတ်ထုတ်ကာ ဖွင့်ရမည် ဖြစ်သည်။ ဆေးသေတ္တာထဲတွင် စာရွက်များ တင်ထားသော စာအုပ်နှစ်အုပ်လည်း ရှိသေးသည်။ ဆေးများ ရှာရလွယ်ရန် စာအုပ်များကို ခုတင်ပေါ် တင်လိုက်သည်။ ဝမ်ယန်ဖျင်သည် စက္ကူအိတ်ကို ပိုင်းဖြတ်ပြီးနောက် လိုအပ်သောဆေးများကို ထုတ်ယူ၏။
စက္ကူဖြတ်သံများသည် ကျိုးရှန်ချီ၏ နှလုံးသားကို ပိုင်းဖြတ်မည့်အလားပင်။ သူ့ခြေထောက်များက အကူအညီ တောင်းနေသကဲ့သို့ နာကျင်မှုသည်လည်း သိသာလှ၏။ သို့သော် သူလုပ်နိုင်သည်မှာ ဘာမျှမရှိချေ။ ကျိုးရှန်ချီ၏ လက်များသည် အားအင်ကုန်ခမ်းကာ ပြုတ်ကျသွားရသည်။ သောကရောက်လျက် တစ်စုံတစ်ခုအား လှမ်းဆွဲလိုက်သည်။ စက္ကန့်အနည်းငယ်အကြာ၌ စာအုပ်များကို ထိမိသွားပြီး ခေါင်းလှည့်လိုက်ကာ စာအုပ်၏ခေါင်းစဉ်အား ဝိုးတိုးဝါးတားနှင့် ဖတ်လိုက်သည်။
"အထွေထွေ ခွဲစိတ်မှု"
ထိုစာကြောင်းသည် ရှင်းလင်းပီသသော အင်္ဂလိပ်စကားဖြစ်၏။ ဝမ်ယန်ဖျင်သည် သူ့နားသူ မယုံကြည့်နိုင်တော့ဘဲ လှုပ်ရှားမှုများ ရပ်တန့်သွားရသည်။ သူ့ကို မော့ကြည့်ပြီးနောက် မေးလိုက်၏။
"ခင်ဗျား ဒါကို ဖတ်နိုင်တာလား"
ကျိုးရှန်ချီသည် သူ၏အံ့ဩမှုကြောင့် အံ့အားသင့်သွားရကာ ခေါင်းညိတ်ပြလိုက်သည်။ ဝမ်ယန်ဖျင်က စာအုပ်ကို ဖွင့်၍ သူဖတ်ရန်စာကြောင်းတစ်ကြောင်းကို ညွှန်ပြလိုက်၏။
"ဒါကိုဖတ်ကြည့်"
ကျိုးရှန်ချီက တစ်ချက်မျှကြည့်ကာအမြန်ပင်ဖတ်လိုက်ပြီး ဘာသာပြန်ပြလိုက်သည်။
"အရိုးအက်ခြင်းဆိုသည်မှာ အရိုးဖွဲ့စည်းတည်ဆောက်မှုတွင် အလုံးစုံ သို့မဟုတ် တစ်စိတ်တစ်ပိုင်း ကျိုးပဲ့သွားခြင်းဖြစ်သည်"
ဝမ်ယန်ဖျင်သည် ဤစာအုပ်ကို စီနီယာကျောင်းသားတစ်ယောက်ထံမှ လေ့လာရန် ငှားခဲ့ခြင်းဖြစ်သည်။ သူသည်ပင် အင်္ဂလိပ်စကားလုံးများအားလုံးကို မဖတ်နိုင်ပေ။ စကားလုံးအနည်းငယ်ကိုသာ မှတ်မိ၏။ သို့သော် ကျိုးရှန်ချီသည် စကားလုံးများကို မှတ်မိရုံမျှမက မှန်ကန်အောင်ပင် ဖတ်နိုင်သည်။ သူသည် အံ့ဩသွားရ၏။
ဆင်းရဲသော ရွာမှ လူတစ်ဦးသည် အင်္ဂလိပ်စာကို ကျွမ်းကျင်စွာဖတ်နိုင်ရုံမျှမက ဘာသာပင် ပြန်နိုင်သည်မှာ မဖြစ်နိုင်ပေ။ ဤလူသည် ချမ်းသာသောမိသားစုမှဖြစ်စေ ဆွေကြီးမျိုးကြီးမိသားစုမှ ဖြစ်စေ ပေါက်ဖွားလာသောသူပင် ဖြစ်ရမည်။ သူထပ်၍မေးလိုက်၏။ "ခင်ဗျား ဒါကိုလေ့လာဖူးလား"
"ကျွန်တော်လည်း မသိဘူး။ ကျွန်တော်ဒါကို မြင်တော့ မသိစိတ်အရ ဖတ်လိုက်တာ"
ဝမ်ယန်ဖျင်က ပို၍အံ့ဩသွားရသည်။
ဤလူသည် ဖေ့မိသားစုမှ လူ မဟုတ်သည်ကို သူသေချာပေါက်သိ၏။ သူက တိုးတိတ်စွာ ပြောလိုက်သည်။
"ခင်ဗျား ဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ"
"ကျွန်တော်နိုးလာတော့ ဒီကိုရောက်နေပြီ။ ဖေ့မိသားစုက ကယ်ခဲ့တာ"
ကျိုးရှန်ချီက ဦးခေါင်းကို ညွှန်ပြလျက် ပြောလိုက်သည်။ "ကျွန်တော် မှတ်ဉာဏ်တွေပျောက်သွားပြီး အရင်ကအကြောင်းတွေကို မမှတ်မိဘူး"
မှတ်ဉာဏ်များပျောက်နေပါက ကိစ္စများကို ဖြေရှင်းရာ၌ ခက်ခဲလိမ့်မည်။
ဝမ်ယန်ဖျင်သည်လည်း တတ်စွမ်းနိုင်မရှိတော့ပေ။
ကျိုးရှန်ချီသည် အင်္ဂလိပ်စာပေါ်၌ သူ၏တုံ့ပြန်မှုနှင့်ကျွမ်းကျင်မှုကိုကြည့်ခြင်းအားဖြင့် ဖေ့မိသားစုက သူ့ကို လှည့်စားထားကြောင်းကို ပို၍ခိုင်မာလာစေသည်။ သူသည် ဝမ်ယန်ဖျင်အား ကယ်တင်ရှင်တစ်ဦးအလား မေးလိုက်၏။
"ခင်ဗျားမှာ အတိတ်မေ့တာကို ကုတဲ့ဆေးရှိလား"
ဝမ်ယန်ဖျင်သည် သူ့ကို စာနာစိတ်ဖြင့် ခေါင်းယမ်းပြလိုက်သည်။ အရည်အချင်းရှိသောလူတစ်ဦးက ဤကဲ့သို့သော အခြေအနေတွင် ကျရောက်နေခြင်းကို သူသည်းမခံနိုင်ပေ။
"ကျွန်တော် လတ်တလောထွက်ထားတဲ့ လူပျောက်ကြော်ငြာတွေ ရှာဖတ်ပြီး ခင်ဗျားကိုပြန်ပြောပြမယ်"
"ကျေးဇူးတင်ပါတယ်"
ကျိုးရှန်ချီ၏ မျက်လုံးတို့ အရောင်တောက်လာပြန်သည်။
အင်္ဂလိပ်စာကိုသိကာ အရည်အချင်းရှိသည့် လူတစ်ယောက်ကို အကျိုးရှိရှိ အသုံးချရမည်ဖြစ်သည်။
ဝမ်ယန်ဖျင်သည် အခြားအကြောင်းအရာတစ်ခုအား တွေးတော့နေ၏။ သူသည် စာအုပ် ပေးလိုက်ကာ
"ကျွန်တော့်ကို ဘာသာပြန်ပေး။ နောက်တစ်ခါ ကျွန်တော်လာရင် တစ်ပိုင်းကို နှစ်ပြားပေးမယ်"
ဝမ်ယန်ဖျင်မှ တစ်ဆင့် အပြင်လောကကြီးကို ထိတွေ့နိုင်မည့် ဆက်သွယ်ရေးလမ်းကြောင်းတစ်ခု ရနိုင်မည်ဖြစ်သည်။ ကျိုးရှန်ချီသည် အမြန်ပင်သဘောတူလိုက်၏။ တံခါးဆီမှ တစ်ယောက်ယောက် လာသံကြားသောအခါ စာအုပ်ကို လျင်မြန်စွာ ဝှက်လိုက်သည်။ ဖေ့လီသည် တံခါးဖွင့်ကာ ၀င်လာ၏။ ဝမ်ယန်ဖျင်က ဆေးများပြင်ဆင်နေဟန် ဟန်ဆောင်လိုက်သည်။
သူက ကျိုးရှန်ချီကို ပြန်ကြည့်လိုက်သည်။ နှစ်ဦးသားသည် အပြန်အလှန်နားလည်မှုဖြင့် ယခုလေးတင် ဖြစ်ပွားသွားသော ကိစ္စကို ဖွင့်ဟမပြောကြပေ။ သူက ဆေးများ ထုတ်ပိုးပြီးနောက် ဖေ့လီထံပေးကာ ညင်ညင်သာသာ ပြောလိုက်သည်။ "တစ်ရက်ကို တစ်ထုတ်တိုက်ပေး။ အခန်းထဲမှာပဲ တစ်ချိန်လုံး မထားနဲ့။ စိတ်ဓာတ်တတ်ကြွနေမှ နာလန်ပြန်ထူမှာ"
"ဟုတ်ကဲ့ပါ"
ဖေ့လီက ပြုံးကာပြန်မေးလိုက်သည်။
"ဒေါက်တာ ဘယ်လောက်ကျပါသလဲ"
ဝမ်ယန်ဖျင်က ပြန်ဖြေ၏။
"ဆေးတွေက ဈေးနည်းနည်းကြီးတာမို့ တစ်ယွမ်ခွဲကျတယ်"
တစ်ယွမ်ခွဲဆိုသည်မှာ မြို့ထဲတွင်အလုပ်လုပ်သော သာမန်အလုပ်သမားတစ်ယောက်အတွက် နှစ်ရက်စာလုပ်အားခ ဖြစ်သည်။ ဝမ်ယန်ဖျင်သည် ဖေ့လီ တုံ့ဆိုင်းနေမည်ဟု ထင်သော်လည်း မထင်မှတ်စွာပင် သူမက အိတ်ထဲမှတစ်ယွမ်ခွဲကိုထုတ်ကာ သူ့ထံပေးလာပြီး ကျေးဇူးတင်စကားပင် ဆို၏။ ဤအပြုအမူသည် သူမအပေါ်ထားသော ဝမ်ယန်ဖျင်၏ ထင်မြင်ချက်ကို အနည်းငယ် ပြောင်းလဲသွားစေ၏။
ဝမ်ယန်ဖျင် ထွက်သွားပြီးနောက် ဖေ့လီသည် အခန်းထဲသို့ပြန်လာကာ ကျိုးရှန်ချီအား စစ်ဆေးလိုက်သည်။ ငွေမရှိပါက မည်သည့်နေရာကိုမျှ သွားနိုင်မည် မဟုတ်ကြောင်းကို သူမ ငယ်စဉ်ကတည်းက သိ၏။ ဖေ့မိသားစုသည် အလွန်ဆင်းရဲ၏။ ကျိုးရှန်ချီကို မြို့တတ်၍ ကုသပေးရန် ပိုက်ဆံမတတ်နိုင်သကဲ့သို့ နောက်ဆက်တွဲကုသမှုများကိုလည်း လုပ်ပေးနိုင်မည် မဟုတ်ပေ။ သို့သော် သူမကြိုးစားကြည့်ချင်သည်။
လူတစ်ယောက်က ပြန်ကောင်းရန် အခွင့်အရေးရှိသော်လည်း ငွေကြေးမလုံလောက်မှုကြောင့် အရှုံးပေးလိုက်ရခြင်းသည် အလွန်နာကျင်ဖွယ်ကောင်း၏။ ထိုအရာသည် ယခင်ဘ၀က ဆယ်နှစ်မျှ ငွေကြေးအခက်အခဲရှိခဲ့သောသူမကို ပြန်လည်သတိရစေသည်။ ဖေ့လီသည် ခုတင်ရှေ့ရပ်လျက် ရှေ့လျောက်ပြုလုပ်မည့်အစီအစဉ်များအား ပြောပြလိုက်သည်။
"ကျွန်မတို့ ရှင့်ကိုနှစ်ရက်လောက်ပဲ ဒုက္ခခံခိုင်းမှာပါ။ နှစ်ရက်အတွင်း ရှင့်ကိုကုပေးဖို့ အမျိုးတွေနဲ့ သူငယ်ချင်းတွေဆီက ပိုက်ဆံချေးကြည့်မယ်"
ကျိုးရှန်ချီက ခေါင်းမော့ကာ ကြည့်လိုက်သည်။ ဖေ့မိသားစုသည် ငွေကြေးချို့တဲ့သည်ကို သူသိ၏။ ဖေ့လီက ဤရွေးချယ်မှုကို ပြုလုပ်ရန် ဆုံးဖြတ်ချက်ကြီးတစ်ခုအား ချပြီးဖြစ်၏။ သူ၏နှလုံးသားထဲတွင် သူမပြောသည့်အတိုင်း ပြုလုပ်ရန် အော်ဟစ်လျက် ရှိသည်။ သို့သော် သူ၏ သိစိတ်က ၀န်လေးနေသည်။ သူခေါင်းယမ်းကာ ပြောလိုက်သည်။
"ငါ့အတွက် အဲ့ဒီလိုလုပ်ပေးစရာမလိုဘူး"
ဖေ့လီက ပြုံး၍ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
"ကျွန်မ ရှင့်အပေါ် အကြွေးတင်နေတယ်လို့ပဲ သဘောထားလိုက်ပါ"
ကျိုးရှန်ချီသည် ပထမဆုံးအကြိမ်အဖြစ် ရှေ့တွင်ရှိသောလူသည် တတ်ကြွကာ တောက်ပသော အပြုံးတစ်ခုနှင့် ဝါရင့်ခြင်းကြောင့် မဟုတ်ဘဲ အတွေ့အကြုံများခြင်းကြောင့် လိမ္မာပါးနပ်ကာ ဉာဏ်ကောင်းပြီး လှပသည်ဟုခံစားလိုက်ရသည်။
ဖေ့လီသည် အလွန်ထူးဆန်းသောပုဂ္ဂိုလ် ဖြစ်သည်။ သူမသည် အချစ်နှင့် အမုန်းကြားတွင် ပြတ်သားမှုရှိ၏။ ငယ်စဉ်ကတည်းက မိသားစုထံမှ နက်နဲစွာ လွှမ်းမိုးခံရခြင်းကြောင့်ပင်။ သူမသည် အမှားအမှန်ကိုသာ အလေးထားသည်။ သေးငယ်သောတရားမှုလေးသည်ပင် သူမ၏ပုန်ကန်လိုသော ပင်ကိုယ်စိတ်ကို နှိုးဆွပေးနိုင်၏။ တစ်ချိန်ထဲမှာပင် ချစ်မြတ်နိုးမှု အနည်းငယ်အတွက် ဒေါသစိတ်ကိုလည်း နှိုးဆွပေးနိုင်၏။ ယခုအခါ ဖေ့စုံတွဲသည် သူမကို အရာအားလုံး ပေး၏။ သူတို့ထံမှ အလွန်အကြူးမြတ်နိုးခံရသောအခါ လှည့်စားထားရသည့်အတွက် အပြစ်ရှိစိတ် ၀င်မိသည်။
ဤကြင်နာမှုလေးသည် ကျိုးရှန်ချီတစ်ယောက် မှတ်ဉာဏ်များ ပြန်ရသွားပါက မူလပိုင်ရှင်နှင့် လှည့်ဖြား လက်ထပ်ခိုင်းသည့် ဖေ့မိသားစုကို ခွင့်လွှတ်ပေးနိုင်ရန် မျှော်လင့်မိသည်။
မီးဖိုချောင်သို့ ပြန်လာပြီးနောက် ဆေးကုသစရိတ်ကို စိုးရိမ်နေကြသော မိဘနှစ်ပါးကို ကြည့်လိုက်သည်။ သူမခေါင်းထဲ အကြံတစ်ခုပေါ်လာသည်။ သွားရည်စာမုန့်များ ပြုလုပ်ခြင်း။
ဆောင်းရာသီတွင် အသီးအနှံများ ရှားပါ၏။ ဆက်သွယ်ရေးလမ်းကြောင်း မှာ အလွန် ဈေးကြီးသောကြောင့် အချိုပွဲများပေါများရန် ခက်ခဲ၏။ သူမ အတော်များများ တွေးပြီးနောက် ချင်းစိမ်းချိုချဉ်လုပ်ရန် ဆုံးဖြတ်လိုက်တော့သည်။ အနည်းငယ်စပ်သောအရသာသည် ဆောင်းရာသီတွင် ခန္ဓာကိုယ်အား အနွေးဓာတ်ပေး၏။ ထိုအရာသည် အလုံပိတ်၍သိမ်းထားကာ နားနေချိန်များတွင် အနည်းငယ်မျှ စားခြင်းသည် အကောင်းဆုံးဖြစ်၏။
...