အပိုင်း (၅) နှင်းဆီပွင့်ပေါက်စီများ စတင်ရောင်းချခြင်း
ဖေ့လီ မပေါက်ကွဲခင် ဝမ်ယန်ဖျင်က ကျန်းချင်ကို ဆူလိုက်သည်။ "လူနာရဲ့ မိသားစု၀င်ကို ဘာလို့ အဲ့ဒီလိုပြောရတာလဲ"
ကျန်းချင်သည် ဆွံ့အသွားရ၏။ ဤမျှ ၀သော မိန်းကလေးတစ်ယောက်အတွက် သူမကိုဆူမည်ဟု ထင်မထားပေ။ သူမမျက်လုံးများ ရဲလာကာ မျက်ရည်များပြည့်လာတော့သည်။
"ဒေါက်တာ..."
ဝမ်ယန်ဖျင်က သူမကို လျစ်လျူရှုလိုက်ကာ ဖေ့လီထံ ပြောလိုက်၏။
" မနက်ဖြန် နားရက်ယူပြီး မင်းနဲ့လိုက်ခဲ့လိုက်မယ်"
ဖေ့လီသည် ကျန်းချင်ကို မကြည့်တော့ပေ။ ဆရာ၀န်အား ကျေးဇူးတင်လိုက်ပြီး အချိန်ပြောပြကာ ထွက်လာခဲ့သည်။ ဆေးရုံမှ ထွက်လာပြီးနောက် သူမမိသားစု ပေါက်စီရောင်းသော ဆိုင်တန်းသို့ သွားလိုက်သည်။ ဖေ့ရုန်ဖူက ပြန်မရောက်သေးပေ။ သူမတို့ဆိုင်ဘေးတွင် အသီးအရွက်ရောင်းသော အဘွားလျူက ပြုံးကာ သူမထံ ပြောလာ၏။ "သမီးက လောင်ဖေ့ရဲ့သမီးလား"
ဖေ့လီက ပြုံး၍ခေါင်းညိမ့်ပြလိုက်သည်။
"ဟုတ်ကဲ့"
"သမီးကြည့်ရတာ ကံကောင်းခြင်းတွေ ယူဆောင်လာမဲ့ ပုံပဲ"
အဘွားလျူသည် ခါးကုန်းကာ တုတ်ချောင်းတစ်ချောင်းကဲ့သို့ ပိန်၏။
အဘွားအိုက သူမ၏ဆိုင်တန်းမှ ဂေါ်ဖီထုပ်တစ်ထုပ်ယူလိုက်သည်။
"ရော့"
ဤအသက်အရွယ်ထိ အသက်ရှင်ရန်မှာ မလွယ်ကူပေ။ အဘွားလျူ၏ ဆံပင်များမှာ မီးခိုရောင် ဖြစ်နေကာ အသက်၇၀၊ ၈၀ခန့်ဟု ထင်ရသည်။
သက်ကြီးရွယ်အို အဘွားတစ်ယောက်က ဆောင်းရာသီတွင် အသီးအရွက်ရောင်းနေရခြင်းမှာ မိသားစုမှာ အလွန်ဆင်းရဲသောကြောင့်ပင်ဖြစ်သည်။
ဖေ့လီသည် ၀မ်းမြောက်မိသော်လည်း မယူရက်ပေ။ "ဖွားဖွား ဖွားဖွားပဲသိမ်းထားပါ"
အဘွားလျူက ကြင်နာစွာပြုံးကာ ပြောလိုက်၏။
"ယူပါ ဒါကအဖွားတို့ပထမဆုံးတွေ့ဆုံခြင်းလေ"
ဖေ့လီကလက်ခံလိုက်ကာ ကျေးဇူးတင်လိုက်သည်။ "ကျေးဇူးပါ ဖွားဖွား"
သူမတို့နှစ်ဦးသည် မိသားစုကိစ္စများအကြောင်း ပြောဆိုနေကြသောကြောင့် အဘွားလျူ၏ မိသားစုအခြေအနေကို သိလာရသည်။ အဘွားလျူ၏ သားနှင့်ချွေးမသည် အလုပ်လုပ်ရန် တောင်အရပ်ဒေသသို့ သွားကြ၏။ သူမတို့အား ကလေးနှစ်ယောက်နှင့် ထားခဲ့ကြသည်။ သူမယောက်ျားသည် အိမ်ဆောက်သောလူများအတွက် ရွှံ့နယ်ပေးသော အလုပ်ကို လုပ်ကိုင်သည်။ သူမက ဤနေရာသို့လာ၍ ဆိုင်တန်းခင်းကာ ရှင်သန်ရန်အတွက် ပိုက်ဆံရှာရသည်။
ဖေ့လီသည် စိတ်ခံစားချက်များ တဟုန်ထိုးတတ်လာ၏။ မနက်ဖြန်ရောက်လျှင် အဘွားအား ပေါက်စီအချို့ပေးမည်ဟု တွေးလိုက်သည်။
ခဏအကြာ၌ ဖေ့ရုန်ဖူသည် သိုးပေါင်တစ်ခြမ်းနှင့် ပြန်ရောက်လာသည်။ ဖေ့သားအဖသည် ပစ္စည်းများ သိမ်းဆည်းကာ အိမ်ပြန်ကြလေ၏။ သူတို့သည် နေ့လယ်စာမစားမီ ပြန်ရောက်လာကြသည်။ သူတို့၏ နေ့လယ်စာအတွက် ခေါက်ဆွဲပြုတ်ပူပူလေးရှိ၏။ ၀မ်ချွေလန်သည် ခေါက်ဆွဲများအား အိုးထဲသို့ထည့်ကာ ဖေ့လီအား တိုးတိတ်စွာပြောလိုက်သည်။
"ဒီမနက် သမီး ပေါက်စီသွားရောင်းတော့ အမေ မြစ်ဘေးမှာနေတဲ့ ယမ်လင်ရဲ့ အကြီးဆုံးယောက်မကို မေးကြည့်လိုက်တာ။ သူပြောတာ အဲ့ဒီနေ့မနက်က သွားတဲ့လာတဲ့သူသိပ်မရှိဘူးတဲ့။ ဒါပေမဲ့ သမီးနဲ့ ဖေ့ရှီစကားပြောနေတာကို အဝေးကနေ မြင်လိုက်ရတယ်တဲ့။ သမီးကိုတွန်းချတာ သူများ ဖြစ်နေမလား"
ဖေ့ရှီတဲ့လား။
ဖေ့လီက ထိုဇာတ်ကောင်အကြောင်းကို စတင်တွေးတောလိုက်သည်။ သူမသည် အမြောက်စာဇာတ်ကောင်များထဲမှ တစ်ခုဖြစ်၏။ ထို့ကြောင့် ဖေ့ရှီအား အစမ်းသပ်ခံ ဇာတ်ကောင်တစ်ခုအဖြစ်သာ အကျဉ်းချုပ် ဖော်ပြထားသည်။ အဓိကအချက်မှာ သူမသည် ဖင်းနန်ရွာမှ မြို့တွင် အိမ်ထောင်ကျသော ပထမဆုံးမိန်းကလေးဖြစ်သည်။ ထိုမိန်းကလေးက မူလပိုင်ရှင် မသေမီတွင် မူလပိုင်ရှင်နှင့် စကားပြောခဲ့သည့်သူဖြစ်သည်။ သဲလွန်စတစ်ခု ရပြီဖြစ်၏။ ဖေ့လီသည် အမြန်သွားကာ မေးလိုက်၏။
"သူ ဘယ်မှာလဲ"
၀မ်ချွေလန်က ဆူပွက်နေသော အိုးထဲသို့ ဆားများထည့်လိုက်ကာ ကြမ်းကြမ်းတမ်းတမ်း ပြောသည်။
"သူ့ယောက်ျားအိမ် ပြန်သွားတယ် နှစ်သစ်ကူးချိန်ထိ ပြန်မလာလောက်ဘူး"
"အမေ သူ့ကို ဖမ်းပြီး လေးငါးချက်လောက်ရိုက်ပစ်လိုက်ဦးမယ်"
ဖေ့လီသည် သူမအသက်ရှင်နေသေးမှန်းသိပါက ထိုလူက ပြန်လာပြီး လက်တုံ့ပြန်မည်ကို စိုးရိမ်သည်။ ယခုချိန်တွင် ရန်သူကို သတိထားနေသည်က အကောင်းဆုံးဖြစ်သည်။ ဖေ့လီကအမြန်ပြောလိုက်၏။
"ဘယ်သူလဲဆိုတာ ပြောဖို့ခက်ပါသေးတယ်။ သမီးတို့ တခြားသဲလွန်စတွေ ရှာကြတာပေါ့"
၀မ်ချွေလန်သည်လည်း သဘောတူလိုက်၏။ နေ့လယ်တွင် နှင်းများကျလာ၏။ နှင်းကျသည်မှာ သည်းထန်၏။ ထို့အပြင် မနက်က ပေါက်စီရောင်းအား ကောင်းခဲ့သောကြောင့် ဖေ့လီက သူမအဖေကို ပေါက်စီ ထပ်မရောင်းခိုင်းတော့ပေ။ အိမ်မှာနေစေကာ နှင်းဆီပွင့်ပေါက်စီလုပ်နည်းကို သင်ပေး၏။ ဤနှစ်ရက်အတွင်းတွင် သူမရှာတွေ့ခဲ့သော အရာတစ်ခုမှာ ပစ္စည်းတစ်ခုအား သူမလက်ဖြင့် ထိလိုက်ကာ စိတ်ထဲမှ တစ်ခုခုကို ရွတ်ဆိုလိုက်သည်နှင့် ထိုပစ္စည်းတွင် ဝိညာဉ်စမ်းရေများ ရောက်လာမည်ဖြစ်သည်။
ထိုနားလည်မှုကြောင့် ဖေ့မိသားစု၏ သောက်ရေအိုးများမှာ ဝိညာဉ်စမ်းရေများဖြင့် ပြည့်နေသည်။ သဘာ၀အလျောက် ဖေ့ရုန်ဖူသည်လည်း မုန့်ညက် နယ်သည့်အခါ ဝိညာဉ်စမ်းရေအား အသုံးပြုလေသည်။
မီးဖိုချောင်တွင် ပေါင်းအိုးမီးဖိုမှာ အမြဲတစေ မီးတောက်လျက် ရှိသောကြောင့် နွေးထွေးနေသည်။ ဤအရာသည် ဖေ့ရုန်ဖူ နှင်းဆီပွင့်ပေါက်စီလုပ်သည့် ပထမဆုံးအကြိမ်ဖြစ်သည်။ တူဖြင့် ခပ်ပြင်းပြင်း ဖိမိသောကြောင့် မုန့်အတော်များများ ပျက်စီးကုန်ရ၏။ ဖေ့လီက မနေနိုင်တော့သောကြောင့် ကိုယ်တိုင်ကိုယ်ကျ ညွှန်ကြားလေသည်။
"ပန်းပွင့်ဖတ်လေးတွေလို သဘောထားပြီး ဖွဖွလေးပဲဖိ"
၀မ်ချွေလန်သည်က လက်ဆမပြင်းသောကြောင့် လှပသော ပန်းပွင့်ပေါက်စီနှစ်ခုအား အမြန်ပင် ပြုလုပ်ပြီးသွားသည်။
ဖေ့လီက မုန့်ညက်လှိမ့်လျှက် သူမမိဘများကို မနက်ကဆေးရုံသွားကာ ဆရာ၀န်နှင့် တွေ့ခဲ့သည့် အကြောင်းကို ပြောပြလိုက်သည်။ "သမီး ဒီနေ့ဆရာ၀န်နဲ့သွားတွေ့သေးတယ်။ မနက်ဖြန်ကျရင် ဆရာ၀န် လာကြည့်လိမ့်မယ်"
"သူ့ခြေထောက်က မပျောက်သေးဘူးလား"
၀မ်ချွေလန်က အံ့အားသင့်ကာ ပြောလိုက်၏။ "အမေ ဒီမနက်က အစားအသောက်သွားပို့တော့ သူ့ကြည့်ရတာ အကောင်းကြီးပါ"
"မပျောက်သေးဘူး။ အထဲကအရိုးတွေ ကျိုးနေမှာ ကြောက်တာ"
ဖေ့လီက လေးနက်စွာ မေးလိုက်သည်။
"အမေ သမီးတို့မှာ ပိုက်ဆံဘယ်လောက်ရှိလဲ"
၀မ်ချွေလန်သည် စဉ်းစဉ်းစားစားဖြင့် လက်သုံးချောင်းထောင်ပြ၏။
"ယွမ်သုံးဆယ်လား"
သူမက ခေါင်းယမ်းကာ"သုံးယွမ်"ဟု ပြော၏။ ဖေ့လီမှာ ဆွံ့အသွားရ၏။ ဖေ့မိသားစုက မချမ်းသာမှန်း သိသော်လည်း အလွန်ဆင်းရဲနေမည်ဟု ထင်မထားပေ။
ဤမိသားစုသည် ရှာရသည့်ငွေကို အကုန်သုံးပစ်တတ်သော မိသားစုပင်ဖြစ်ရမည်။ ၀မ်ချွေလန်သည် အပြစ်ရှိစိတ်တို့ ၀င်လာ၏။ သူမနှင့် ဖေ့ရုန်ဖူသည် နေထိုင်လာသည့် ကာလပတ်လုံး အသက်ရှင်သန်ရေးကိုသာ ဂရုစိုက်ခဲ့သည်။
မူလပိုင်ရှင်သည် နေ့တိုင်းပင် အသားဟင်းဖြင့် စား၏။ ထို့ကြောင့် သူမတို့တွင် ပိုက်ဆံမစုမိသည်မှာ ဖြစ်ရိုးဖြစ်စဉ်ပင် ဖြစ်သည်။
၀မ်ချွေလန်က မဝံ့မရဲ ရှင်းပြလာ၏။ "အမေတို့ လွန်ခဲ့တဲ့၂နှစ်က မီးဖိုချောင် ပြင်ဆောက်သေးတယ်လေ။ အဲဒါမို့ စုထားတာတွေကုန်သွားတာ"
ဖေ့ရုန်ဖူသည်လည်း တုံ့ဆိုင်းနေသည်။ သူသည် ကျိုးရှန်ချီအား ကုသရန် ငွေအတော်များများ ကုန်ကျပြီးဖြစ်၏။
သူ့တွင် စိုးရိမ်ရမည့်ကိစ္စ မရှိသော်လည်း ငွေကြေးအမြောက်အများ မရင်းနှီးချင်ပေ။ သူက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ "အဖေတို့ ရွာဆရာ၀န်ဆီမှာပဲ ဆက်ကုကြရင်ရော၊ ဈေးလည်း သက်သာပြီး အကျိုးသက်ရောက်မှုလည်းရှိတယ်"
လက်ထပ်ပြီးသွားသော်လည်း ကျိုးရှန်ချီသည် ဖေ့မိသားစုအပေါ် ဟက်ဟက်ပက်ပက် မရှိချေ။ အထူးသဖြင့် ဖေ့လီအပေါ်၌ပင်။
ဖေ့စုံတွဲက သူ့အတွက် ငွေမသုံးချင်ကြသည်မှာ အံ့ဩစရာမဟုတ်ပေ။ ဖေ့လီသည် ဆက်လက်တိုက်တွန်း၏။
"ခြေထောက်က ပိုပိုပြီးဆိုးလာမှာ။ အမေ အမေ သူ့ကို တစ်သက်လုံး ခုတင်ပေါ်မှာပဲ လှဲနေတာ မမြင်ချင်ဘူးမလား"
သူမတို့မှာ သမက်တစ်ယောက် ရလိုက်သော်လည်း ထိုသမက်က အိပ်ရာထဲတွင်ပဲ လှဲနေရန်ဆိုသည်မှာ မဖြစ်နိုင်ပေ။ ကျေးလက်များတွင် လူတစ်ယောက်၏တန်ဖိုးမှာ ကာယလုပ်အား ဖြစ်သည်။ ကျိုးရှန်ချီသည် အမှန်တကယ် ဒုက္ခိတ ဖြစ်သွားပါက အလုပ်လုပ်နိုင်မည် မဟုတ်ပေ။ မိသားစုပိုင် လယ်ဧကများတွင် လုပ်အား လိုအပ်နေသေးသည်။ ထိုသို့တွေးပြီးနောက် ၀မ်ချွေလန်သည် စိတ်သက်သာရာရသွားကာ ပြောလိုက်၏။ "အဲဒီလိုဆိုလည်း ကုကြတာပေါ့"
ဝိညာဉ်စမ်းရေဖြင့် ပြုလုပ်ထားသော ပေါက်စီများမှာ အရသာမကောင်းမည်ကို စိုးရိမ်စရာမလိုပေ။ ဖေ့လီက ပို၍စိတ်ပါလာစေရန် ထပ်ပြောလိုက်၏။ "အဖေ မနက်ကသမီးတို့ ပေါက်စီတွေ ရောင်းအားကောင်းတယ်။ နောက်နှစ်ရက်လောက်သာ ဆက်ကောင်းနေရင် အရင်ကပိုက်ဆံတွေ ပြန်ရလာမှာပါ"
ဇနီးနှင့် သမီးဖြစ်သူက ထိုသို့ပြောလာသောအခါ ဖေ့ရုန်ဖူသည်လည်း ဆုံးဖြတ်ချက်ချလိုက်တော့သည်။
ညနေစာအတွက် ၀မ်ချွေလန်သည် အလွန်အရသာရှိသောဂေါ်ဖီထုပ်နှင့် သိုးသားစွပ်ပြုတ် ချက်၏။ ဖေ့လီက ကျိုးရှန်ချီထံ တစ်ပန်းကန် ယူသွားပေးသည်။ သူသည် ဟောင်းနွမ်းနေသော သတင်းစာတစ်စောင်ကို ဖတ်နေသည်။ သူမ ၀င်လာသည်ကို မြင်သော်လည်း သတင်းစာအား လက်မှ မချလိုက်ပေ။ သူမက စားပွဲပြင်ပေးကာ ပြောလိုက်သည်။
"ကျွန်မ မနက်က ဆေးရုံသွားပြီး ဆရာ၀န်ကိုမေးခဲ့သေးတယ်။ မနက်ဖြန်ကျရင် ဒီကိုလာလိမ့်မယ်။ ကျွန်မတို့ဘက်က တတ်နိုင်သလောက် ကုပေးမှာ"
ကျိုးရှန်ချီသည် ဤအကြိမ်၌ သူမကို နားမလည်နိုင်တော့သောကြောင့် ပြန်မေးလိုက်သည်။ "ဘာလို့လဲ"
မီးဖိုချောင်ထဲတွင် နွေးနွေးထွေးထွေး ရှိသည်။ အနွေးထည်ထူထပ်စွာ၀တ်ထားသော ဖေ့လီသည်ပင် ဤအခန်းထဲ ရောက်သည်နှင့် အေးစိမ့်သွားရ၏။
အနွေးထည်မပါဘဲနှင့် ခုတင်ဘောင်ကို မှီထိုင်နေသည့် သူ့ကို မြင်သောအခါ အကူအညီမဲ့စွာ သတိပေးလိုက်သည်။ "အအေးမမိစေနဲ့"
သူမက စွပ်ပြုတ်ပန်းကန်ကို စားပွဲပေါ်တင်ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်၏။
"ကျန်းမာရေးထက် အရေးကြီးတာ ဘာမှမရှိဘူး"
ထို့သိုပြောပြီးနောက် လွန်ခဲ့သည့်နှစ်ရက်ကကဲ့သို့ပင် ထွက်သွားလေ၏။ စွပ်ပြုတ်ထဲတွင် ငရုတ်ကောင်းမှုန့်များ ထည့်ထားသောကြောင့် သိုးသားသည် အညှီနံ့မနံ့ပေ။ သိုးသားနှင့်ဂေါ်ဖီအား တစ်လုတ်မျှ စားလိုက်ပြီး စွပ်ပြုတ်တစ်ငုံအားသောက်လိုက်သည်။ အအေးဓာတ်များ အနည်းငယ် လွင့်ပြယ်သွားကာ သက်သောင့်သက်သာ ဖြစ်လာသည်ကို ခံစားလိုက်ရ၏။ ကျိုးရှန်ချီသည် သိုးသားကို စားလိုက်သည်။ အစာအိမ်မှာ နွေးထွေးလာသောကြောင့် ခြေထောက်များမှာလည်း ပူနွေးလာကာ နာကျင်မှုများ အတော်အတန် သက်သာသွားရ၏။ ထူးဆန်းသည့်ခံစားချက်များ မြင့်တတ်လာတော့သည်။
နေ့သစ်တစ်ရက်အား တိုက်ခိုက်ရန်အတွက် ဖေ့မိသားစုသည် စောစီးစွာ အိပ်ရာ၀င်သွားကြသည်။
ဖေ့လီသည် တစ်နာရီမျှ စောထပြီးနောက် အ၀တ်များလဲ၍ ရေနွေးအိုးတည်၏။ မီးဖိုချောင်ထဲမှ မီးရောင်ကိုမြင်သည်နှင့် ဖေ့စုံတွဲသည်လည်း ထလာကာ အလုပ်အတူတူလုပ်ကြလေသည်။ ဖေ့ရုန်ဖူသည် မုန့်ညက်နယ်ရ၍ ၀မ်ချွေလန်မှာ မုန့်ညက်များကိုလှိမ့်ရသည်။ ဖေ့လီသည်ကတော့ နောက်ဆုံးအဆင့်ဖြစ်သည့် မုန့်ချပ်များကို ဖိရသည်။ ဖေ့မိသားစုသုံးယောက်သည် စနစ်တကျဖြင့် ပူးပေါင်းလုပ်ဆောင်နေကြပြီးနောက် ပေါက်စီအခု၁၀၀ပြုလုပ်ပြီးစီးသွားကြသည်။
၀ယ်နေကျဖောက်သည်များအား ရောင်းချရန်အတွက် အခု၅၀ထပ်၍ ပြုလုပ်ထားသည်။ ယမန်နေ့က ရောင်းချမှုသည် ထိုနေရာတွင် သူမအားနာမည်ကြီးသွားစေသည်။ နှင်းဆီပွင့်ပေါက်စီသည် ပြုလုပ်ရန်ခက်ခဲသော်လည်း ဖေ့လီက နှစ်ပြားဖြင့်သာရောင်းချ၏။ ဆိုင်တန်းခင်းပြီးနောက် သူမက ဖေ့ရုန်ဖူအား ၀ယ်သူများကို ဆွဲဆောင်ရန် တိုက်တွန်းလိုက်သည်။
အဘွားလျူ၏အိမ်သည် မြို့ထဲတွင် ရှိ၏။ သူမသည် ဖေ့လီတို့ မရောက်မီ နာရီ၀က်မျှ စောရောက်လာကာ ဆိုင်တန်းသည်လည်း ခင်းကျင်းပြီးဖြစ်သည်။ ဖေ့လီက ပေါက်စီငါးလုံးကို ယူလိုက်ပြီး လက်ဆောင်ပြန်ပေးသည့်အနေဖြင့် ပေးလိုက်သည်။
"ဖွားဖွား ဒါက မုန့်အသစ်လေ။ မြည်းကြည့်ပါဦး"
အဘွားလျူက သူမအား အံ့အားသင့်စွာကြည့်လိုက်ပြီး လိမ္မာသည့်ကလေးဟု ချီးကျူးနေ၏။
တစ်ဖက်တွင်တော့ ဖေ့ရုန်ဖူသည် တစ်ခဏမျှ တုံဆိုင်းနေကာ ယမန်နေ့ညက သမီးဖြစ်သူပြောသော စိတ်ဓာတ်ရေးရာ ပြင်ဆင်မှုအကြောင်းတွေးနေ၏။ သူသည် အသက်၀၀ရှူလိုက်ကာ အသံကုန်အော်လိုက်သည်။
"လာကြနော် နှင်းဆီပွင့်ပေါက်စီတွေ တစ်ခုမှ နှစ်ပြားရယ်။ ပိုကောင်းပြီးပိုအရသာရှိတယ်။ စားပြီးရင် နောင်တမရစေရဘူးလို့ အာမခံတယ်" ဖေ့ရုန်ဖူသည် အသံကျယ်လောင်စွာအော်နေသည့်အပြင် ဈေးထဲတွင်လည်း သူသည်လူဟောင်းတစ်ဦးဖြစ်၏။ သူ့ထံမှ စကားလုံးအသစ် 'နှင်းဆီပွင့်ပေါက်စီ'ဟု ကြားကြသောအခါ လူတိုင်းသည် သိချင်စိတ်ဖြင့် စုဝေးလာကြတော့သည်။ ဖေ့ရုန်ဖူက ဝါးခြင်း၏ထောင့်စွန်းအားဖွင့်ပြလိုက်သောအခါ လူတိုင်းသည် နှင်းဆီပွင့်ပေါက်စီများကိုတွေ့လိုက်ရ၏။
"ဒါတွေကမနက်ကမှလုပ်ထားတာ။ ပူပူလေးရှိသေးတယ်"
အရှေ့ဆုံးတွင်ရှိသော အဘိုးအိုသည် နှင်းဆီပွင့်ပေါက်စီများကို မြင်ပြီးနောက် အမြန်ပင် မှာယူလိုက်ကာ ချီကျူးလေသည်။ "ပေါက်စီတွေက တကယ်လှတာပဲ။ စားကြည့်ရမယ် ငါးခုထည့်ပေး"
ငွေပေးချေပြီးနောက် တစ်ဖဲ့ဖဲ့လိုက်ကာ မြည်းကြည့်လိုက်သည်။ နောက်တွင်ရှိသော လူများသည် အဘိုးအိုလက်ထဲမှ ပန်းပွင့်နှင့်တူသော ပေါက်စီများကို မြင်သောအခါ အနည်းငယ်မျှ ၀ယ်ချင်လာကြသည်။ "ငါလည်း နှစ်လုံးလိုချင်တယ်"
"ငါက ဆယ်လုံးယူမယ်"
ဖေ့လီသည် ဖေ့ရုန်ဖူ၏ပြောင်းလဲမှုအား ကျေနပ်မှုဖြင့်ကြည့်လိုက်ကာ ဧည့်သည်များအား အပြုံးများဖြင့် ကြိုဆိုလိုက်သည်။ "နောက်ခါလည်း လာခဲ့ဦးနော်"
လှပသော မုန့်အသစ်ကို ဈေးနည်းနည်းဖြင့် ရောင်းချခြင်းသည် ဈေးထဲတွင် နာမည်ကြီးသွားတော့သည်။ ၀ယ်သူများ ပို၍ပို၍ရောက်လာကြသည်။
တစ်နာရီ မပြည့်မီမှာပင် ပေါက်စီများအားလုံး ကုန်သွားသည်။ ယမန်နေ့က ပေါက်စီများ၀ယ်၍ နှင်းဆီပွင့်ပေါက်စီအား အခြားလူထံပေးရောင်းလိုက်သော အမျိုးသမီးသည်လည်း ရောက်လာ၏။ သူမက ဝါးခြင်းအလွတ်အားမြင်သောအခါ အံ့ဩသွားသည်။
"ကုန်သွားပြီလား?
နေ့လယ်ကျရင် လာရောင်းဦးမှာလား"
"အိမ်မှာ လူအများကြီးမရှိတော့ များများမလုပ်နိုင်ဘူးလေ။ အဲ့ဒါကြောင့် နေ့လယ်ကျ မလာတော့ပါဘူးရှင်"
မြို့ထဲတွင် ၀ယ်နေကျ ဈေး၀ယ်သူများသာ ရှိ၏။ တစ်ကြိမ်လျှင် အနည်းငယ်မျှ ၀ယ်ပါက မိသားစုတစ်ခုလုံးစာအတွက် လုံလောက်သည်။ ထိုသို့မဟုတ်ဘဲ ဆယ်ခုထက်မနည်း၀ယ်ပါက နှစ်ရက်သုံးရက်တိုင်အောင် စားနိုင်သည်။
တစ်ရက်လျှင် နှစ်ခေါက်လာခြင်းက စီးပွားရေးဖြုန်းတီးရာကျ၏။
ဖေ့လီသည် ကြိုတင်မှာယူမှု ပြုလုပ်ရန် စိတ်ကူးပေါ်လာကာ သူမအား ထပ်၍မေးလိုက်သည်။ "အဒေါ် အဒေါ်ဘယ်လောက်လိုချင်တာလဲ။ ကျွန်မ မနက်ဖြန်ကျရင် ချန်ထားပေးမယ်"
"အဲ့ဒါဆို ဆယ်ခုချန်ထားပေး"
အမျိုးသမီးသည် ထိုသို့၀ယ်ယူ၍ရကြောင်းသိသောအခါ ကြိုတင်မှာယူလိုက်ပြီး ထွက်သွားတော့သည်။
ဖေ့ရုန်ဖူသည် ငွေများကို ပျော်ရွှင်စွာရေတွက်လိုက်သည်။ "ဒီနေ့ သုံးယွမ်တောင်ရတယ်"
ဖေ့လီသည် ငွေရှာရသည်ကို ပျော်ရွှင်သော်လည်း ယခုအချိန်တွင် သူမ၌ အခြားလုပ်စရာတစ်ခု ရှိသေးသည်။ အချိန်နီးလာပြီဖြစ်သောကြောင့် သူမသည် ဖေ့ရုန်ဖူအား ဆေးရုံသို့သွားကာ ဆရာ၀န်နှင့် သွားတွေ့မည်ဖြစ်ကြောင်းပြောပြလိုက်သည်။ ဤနေရာမှာပင် စောင့်ဆိုင်းနေရန်လည်း မှာခဲ့၏။
အရှေ့စားပွဲတွင် ထိုင်နေသော ကျန်းချင်သည် သူမလာသည်ကို မြင်သောအခါ ဘ၀င်မကျစွာ ကြည့်လိုက်၏။ သူမ မနေ့က အဆူခံထားရသောကြောင့် ဒေါသတကြီး မပြုမူရဲပေ။ သူမက မတ်တတ်ရပ်လိုက်ပြီး ဝမ်ယန်ဖျင်၏ရုံးခန်းသို့ ဦးဆောင်ခေါ်သွားကာ အေးစက်စက်ဖြင့် ပြောလိုက်သည်။
"ဒေါက်တာ၀မ် အထဲမှာ စောင့်နေတယ်။ နင့်ကို သတိပေးလိုက်မယ် လှည့်စားမယ်မကြံနဲ့နော် ကြားရဲ့လား" ထိုသို့ ပြင်းထန်သော စကားများ ပြောပြီးနောက် တံခါးကိုတွန်းဖွင့်ကာ ဖေ့လီကို ၀င်စေသည်။
အခန်းထဲတွင် ဝမ်ယန်ဖျင်သည် ခရီးသွားရန်အတွက် သက်သောင့်သက်သာရှိသော အ၀တ်အစားများ ၀တ်ထားပြီးဖြစ်သည်။
သူမရောက်လာသည်ကို မြင်သောအခါ အခြားဘာမျှမမေးတော့ဘဲ ဆေးအိတ်ကာ ကောက်ယူလိုက်သည်။ "ဆရာ မင်းကို စောင့်နေတာ၊ သွားကြတာပေါ့"
ဖေ့လီသည် "ဟုတ်ကဲ့"ဟုသာ ပြန်ပြောလိုက်ပြီး သူ့အားဦးဆောင်ကာ သူ၏ရုံးခန်းထဲမှ ထွက်သွားလေသည်။
ဝမ်ယန်ဖျင်သည် ချောမောသောရုပ်ရည်၊ သိမ်မွေ့သော ကိုယ်ရည်ကိုယ်သွေးနှင့် အလွန်ပင် ပညာရှိဆန်၏။ သူမနောက်မှ လိုက်ရသည်မှာ သူ့အတွက် မည်သိုမျှပင် မအပ်စပ်လှပေ။ သူတို့နှစ်ဦး ဆေးရုံထဲမှ ထွက်လာသောအခါ လမ်းသွားလမ်းလာများသည် တစ်ယောက်ပြီး တစ်ယောက် ကြည့်လာကြသည်။ သူတို့၏အကြည့်များသည် ကျန်းချင်၏အကြည့်များနှင့် အလွန်တူကြသည်။ ဖေ့လီသည် ထိုအကြည့်များ၏ အဓိပ္ပာယ်ကို သိသော်လည်း ဂရုမစိုက်ပေ။
ဖေ့ရုန်ဖူသည် သမီးဖြစ်သူ ခေါ်လာသောဆရာ၀န်မှာ ဤမျှငယ်မည်ဟု ထင်မထားပေ။ သူ၏အပြုအမူများမှာ သူတို့နှင့် လုံး၀ကွာခြားသည်။ ဖေ့ရုန်ဖူက အနေရခက်စွာ နှုတ်ဆက်လိုက်၏။
"မင်္ဂလာပါ ဒေါက်တာ"
ဝမ်ယန်ဖျင်ကလည်း ပြန်၍နှုတ်ဆက်လိုက်သည်။"မင်္ဂလာပါ"
ဖေ့လီသည် ဤလမ်းကို သုံးကြိမ်ဆက်တိုက်သွာပြီးနောက် လမ်းအခြေအနေအား ရင်းနှီးနေပြီဖြစ်၏။ သူမလမ်းလျှောက်လျက်ပင် ဝမ်ယန်ဖျင်ကို ပြောလိုက်သည်။ "ဒီကနေ ရွာကို တစ်နာရီခွဲလောက် ကြာတယ် ဒေါက်တာ။ ဒေါက်တာလုပ်အားခအတွက် ကျွန်မတို့ နှစ်ဆပေးပါ့မယ်"
ဖေ့လီ၏ နှင်းဆီပွင့်ပေါက်စီများကြောင့်သာလျှင် ၁၀နာရီမတိုင်မီ အိမ်ပြန်ရောက်လာကြခြင်းဖြစ်သည်။
ရွာပြန်လမ်းတွင် အချိန်နှင့်အမျှ ဖြတ်သွားကြသော ရွာသားများသည် ဖေ့လီအား သရဲတစ်ကောင်ကို မြင်သကဲ့သို့ကြည့်ကြသည်။ ဝမ်ယန်ဖျင်ကို ပဟေဠိဆန်သော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။ ဖေ့ရုန်ဖူသည် ထိုအကြည့်များအား ဂရုမစိုက်ပေ။ သူ့ရှေ့ရှိ လူနှစ်ဦးအား ကြည့်ကာ သူတို့နှစ်ဦးသားသည် လိုက်ဖက်သည်ဟု ခံစားလာရသည်။ ကျိုးရှန်ချီနှင့် လက်ထပ်ပေးလိုက်ခြင်းကိုပင် နောင်တရနေတော့သည်။
...