Chapter 2
Viewers 44

အခန်း ၂

ရဲ့ဟန်အိမ်ယာ၏တည်နေရာက လူစည်ကားသော ပန်းခြံတစ်ခုကို ကျောထောက်နောက်ခံပြုထားပြီး ထိုနေရာက မြို့တော်၏နာမည်ကြီးဆေးရုံများ၊ ကျောင်းများ၊ စာကြည့်တိုက်များနှင့် မီတာ ၁၀၀ ခန့်သာဝေးသည်။ ဤအိမ်က အမျိုးသမီး ဇာတ်ပို့၏ အိမ်ခြံမြေများစွာထဲမှ တစ်ခုဖြစ်ပြီး ကုမ္ပဏီနှင့် အလွန်နီးကပ်သောကြောင့် သူမ အလုပ်ဆင်းချိန်တွင် ဤအိမ်၌ အနားယူလေ့ရှိခြင်း ဖြစ်နိုင်ဖြစ်သည်။

တကယ်တန်းတွင် ချူချူက ဇိမ်ခံအိမ်ကြီးများနှင့် ပတ်သက်ပြီး အလွန်အကျွံ ခံစားချက် မရှိခဲ့ပေ။ သို့သော်လည်း မြေတစ်လက်မတိုင်းအတွက် အကုန်အကျများလွန်းသော မြို့လယ်ခေါင်တွင် ဤမျှကောင်းမွန်သော နေရာတစ်ခု အမှန်တကယ်ပင် ရှိနေသည်ကို သူမ သဘောကျနေမိသည်။ အိမ်ယာ၏စီမံခန့်ခွဲမှုအဖွဲ့ကလည်း တိကျသေချာပြီး မြေအောက်ကားဂိုဒေါင်မှ အပေါ်သို့ တိုက်ရိုက်ဓာတ်လှေကားပါရှိပြီး ခလုတ်နှိပ်ရန် ကိုယ်ပိုင်ကတ်တစ်ခုပင် လိုအပ်နေသေးသည်။ ဓာတ်လှေကားဖြင့် အပေါ်ထပ်သို့ တက်လာပြီးနောက် ချူချူက တံခါးကို လက်ဗွေရာဖြင့် အောင်မြင်စွာ ဖွင့်နိုင်ခဲ့သည်။

ချူချူ အိမ်၏အတွင်းပိုင်းကို လှည့်ပတ်ကြည့်ရှုလိုက်ပြီး နောက်ဆုံးတွင် ဆင်းရဲမွဲတေမှုက လူတစ်ဦး၏ စိတ်ကူးစိတ်သန်းကို ကန့်သတ်နိုင်ကြောင်း သူမ သဘောပေါက်သွားရသည်။ မရေမတွက်နိုင်သော ဝတ္ထုများတွင် ချမ်းသာသူများ၏ ခမ်းနားထည်ဝါသော ဘဝအကြောင်းကို ခနခန ဖော်ပြထားကြသ်ေလည်း သူမကိုယ်တိုင် သူမ၏မျက်လုံးဖြင့် တကယ်မြင်ရနေရသလောက် ထိတ်လန့်စရာမကောင်းပေ။

ကြမ်းခင်းမှ မျက်နှာကျက်အထိ အပြည့်ဖြစ်နေသော ပြင်သစ်ဒီဇိုင်းပြတင်းပေါက်မှန်များကြောင့် အလင်းရောင် ကောင်းကောင်းရနေပြီး၊ သစ်သားပါကေးများ၊ အီတလီဒီဇိုင်းဆန်ဆန် ခမ်းနားထူးခြားသော ပရိဘောဂများနှင့် အံ့သြဖွယ် အိမ်တစ်လုံးဖြစ်သည်။ တောက်ပပြောင်လက်နေသော ဖန်ခွက်တချို့ကို စားပွဲပေါ်တွင် ဖြစ်သလို တင်ထားပြီး ဘေးတွင် ရှေးခတ်ပုံစံ လှပသောရှိသော သစ်သားသေတ္တာလေးတစ်ခုရှိသည်။ ချူချူတစ်ယောက် စူးစမ်းလိုစိတ်ဖြင့် ထိုသစ်သားသေတ္တာကို ဖွင့်ကြည့်လိုက်ရာ အထဲတွင် ကားသော့အမျိုးမျိုးရှိနေသည်ကို သူမ တွေ့လိုက်ရသည်။ သို့သော်လည်း သူမက ဇိမ်ခံကားများ၏အကြောင်းကို မသိသောကြောင့် သော့တစ်ခုစီ၏ မူလဇစ်မြစ်ကို မခွဲခြားနိုင်ပေ။ ချူချူက သစ်သားသေတ္တာကို မူလအနေအထားသို့ ပြန်ထားကာ အိမ်ပတ်ပတ်လည်ကို ဂရုတစိုက် လိုက်လံကြည့်ရှုလိုက်ရာ တအိမ်လုံးက ဇိမ်ခံမှု၊ ဂန္ထဝင်ဆန်မှု၊ ကျက်သရေရှိမှုတို့ဖြင့် ပြည့်နှက်နေလေသည်။

ချူချူက ကျယ်ပြန့်သော မြင်ကွင်းကို မြင်နေရသည့် ပြတင်းပေါက်များရှေ့တွင် ရပ်ကာ ပြာလဲ့နေသော ကောင်းကင်ကြီးနှင့် စည်ကားနေသော မြို့ကို လှမ်းကြည့်လိုက်မိသည်။ ထို့နောက် သူမ မနေနိုင်တော့ပဲ သက်ပြင်းရှိုက်လိုက်မိသည်။

အမျိုးသမီးဇာတ်ပို့က တကယ့်ကို ကြီးစိုးချယ်လှယ်ချင်ပြီး ဇာတ်လိုက်မင်းသားကို ခေါင်းမာမာနဲ့ သွားနှောက်ယှက်တယ်လို့ သူမ ထင်တယ်။ ဒါက ဇာတ်လိုက်တွေနဲ့ ဇာတ်ပို့ဇာတ်ရန်တွေ ကြားမှာရှိတဲ့ ရိုးရှင်းတဲ့ ကွာဟချက်တစ်ခုပဲ။ တကယ်ဆို သေချာနေတာ တစ်ခုက ချမ်းသာတဲ့မိသားစုကလာတဲ့ အကြီးဆုံးသမီးက အချစ်ကို ဂရုစိုက်နေမတဲ့လား?

သူမသာ ချမ်းချမ်းသာသာနေနိုင်ရင် အိမ်မှာ နေ့တိုင်းနေပြီး အလုပ်သွားမနေတော့ဘူး။ အမျိုးသမီးတစ်ယောက်အတွက် ဇိမ်ခံအိမ်မှာ နေနိုင်ပြီး ကောင်းကောင်းမွန်မွန် ၀တ်ဆင်ထားနိုင်သရွေ့၊ သူမမှာ ခန်းလုံးပြည့် အဆင့်မြင့် ၀တ်စုံတွေရှိနေသရွေ့၊ လွတ်လပ်ပြီး ကောင်းမွန်တဲ့ စီးပွားရေးအခြေအနေတစ်ခု ရှိနေသရွေ့ ဘယ်သူက ယောက်ျားတွေကို လိုအပ်နေမှာလဲ?

သူမဆိုရင်တော့ အဝတ်စားလဲခန်းထဲမှာ နေပြီး ' Nikki-Dress UP Queen' Live Showကို ကြည့်နေဆိုရင်တောင် တနေကုန်ကြည့်နေနိုင်တယ်။

ကျေးဇူးပြုပြီး "ရက်စက်တဲ့အမျိုးသမီးဇာတ်ပို့ရဲ့ ရောင်ဝါကို အားကောင်းအောင် လုပ်ဆောင်ပါ၊ ရောင်ဝါ ပျောက်ကွယ်သွားတာနဲ့ ဇာတ်ကောင်က ပင်မကမ္ဘာကနေ ပျောက်ကွယ်သွားပါလိမ့်မယ်

လုပ်ငန်းတာဝန်- လီထိုက်ဟယ်ဘက်မှ စာချုပ် ဖျက်သိမ်းနေခြင်းကို တားဆီးပြီး သူ ဆက်နေဖို့ ဆွဲဆောင်ပါ 

ချူချူက သူမ၏စိတ်ကူးယဉ်အိပ်မက်ထဲတွင် နှစ်မြှုပ်နေခဲ့သော်လည်း ထူးဆန်းသောအသံက သိသိသာသာထွက်ပေါ်လာပြီး အေးချမ်းစွာနေချင်သော သူမ၏တောင့်တမှုကို အနှောင့်အယှက်ဖြစ်စေခဲ့သည်။ ပြတင်းပေါက်များတွင်လည်း စာသားများ ပေါ်လာပြီး ချက်ချင်း ပျောက်ကွယ်သွားသည်။ ချူချူက အသံကြောင့် စိတ်ဆိုးသွားပြန်သည်။

ငါက ရိုးသားတဲ့သူပဲ ဖြစ်ချင်တာပါနော်.....

တူ.......

ရုတ်တရက် ဖုန်းမြည်သံက ချူချူကို ထိတ်လန့်သွားစေပြီး သူမက သူမ၏အိတ်ထဲမှ ဖုန်းကို အမြန်ရှာဖွေလိုက်သည်။ ခေါ်ဆိုတဲ့သူက ဒေါက်တာဟူ ဖြစ်သည်။

"မင်္ဂလာပါ?၊ ဥက္ကဌချူ၊ မင်းကို နှောင့်ယှက်မိလို့ တောင်းပန်ပါတယ်။ ငါ ဆေးစစ်ဖို့အချိန်ကို  မင်းနဲ့အတည်ပြုချင်လို့ပါ။ ဒီနေ့ ဘယ်အချိန်လာက် အဆင်ပြေနိုင်မလဲ?”

တဖက်မှ ဖုန်းပြောသံက အလွန်ယဉ်ကျေးနေသောကြောင့် ချူချူက "တောင်းပန်ပါတယ် ဒေါက်တာဟူ၊ ဒီနေ့ ငါ နည်းနည်း ပင်ပန်းနေတယ်။ နောက်နေ့မှ လုပ်ကြရအောင်"

"ကောင်းပြီ မင်း လိုအပ်ရင် မင်း ငါ့ကို အချိန်မရွေး ဆက်သွယ်လို့ ရတယ်" ဒေါက်တာဟူက ယဉ်ကျေးစွာ ဖုန်းပြန်ချသွားခဲ့သည်။ ချူချူက ခဏလောက်စဉ်းစားနေပြီးမှ စိတ်အနှောင့်အယှက် မဖြစ်စေရန် ဖုန်းကို ပြတ်ပြတ်သားသား ပိတ်ချလိုက်သည်။

စာအုပ်ထဲသို့ မကူးပြောင်းမီ သူမ မိုးကြိုးထိမှန်ခံလိုက်ရသည်ကို ချူချူက သေသေချာချာ သိထားခဲ့သည်။ ထိုကြောင့် သူမအတွက် အသက်ရှင်သန်နိုင်ခြေမှာ အလွန်နည်းပါးလှသည်။ သူမ၏ခေါင်းပေါ်မှ "ရက်စက်တဲ့အမျိုးသမီးဇာတ်ပို့" ဟူသော ရောင်ခြည်စက်ဝန်းကလည်း ရှိနေဆဲဖြစ်သည်။

ခိုင်းတာမလုပ်ရင် အချိန်မရွေး အသတ်ခံရလိမ့်မယ်တဲ့လား? ဘဝက တိုတိုလေးလေးလေ... ချမ်းချမ်သာသာနေပြီး ဘာလို့ချမ်းသာတဲ့ သရဲတစ္ဆေ အဖြစ် မသေသွားရမှာလဲ? ဘာပဲဖြစ်ဖြစ် ဘဝကို ပျော်အောင်နေရမယ်။

-----------နောက်သုံးရက်ကြာပြီးနောက်.......

ရင်းဒါ အဆောက်အဦးတွင် ဥက္ကဌ၏အတွင်းရေးမှူးဝမ်ချင်းက လွတ်နေသော ရုံးခန်းကို ကြည့်ရှုလိုက်ပြီး ကျန်းကျန့်နင်အား တွန့်ဆုတ်စွာ အစီရင်ခံနေခဲ့သည်။

"မန်နေဂျာချုပ်၊ ဥက္ကဌချူ ဒီကိုမလာတာ သုံးရက်ရှိပြီ၊ ရှင် သွားကြည့်ပေးပါဦး..."

ကျန်းကျန့်နင်က ခဏတာအတွင်း စကားပြန်မ ပြောနိုင်သေးပေ။ သူလည်း ခေါင်းနဲနဲ ကိုက်လာသောကြောင့် သူ့နဖူးကို ဖိကိုင်လိုက်ရင်း "မင်း ဥက္ကဌချူကို ဖုန်း ခေါ်လို့ရတယ်လေ"

အတွင်းရေးမှူးဝမ်ချင်းက "ကျွန်မ မနေ့က ဥက္ကဌချူကို ဆက်သွယ်ပြီးတယ်၊ ဒါပေမယ့် အဲဒီအချိန်ကတည်းက ဖုန်းပိတ်ထားတယ်"

"ဘာကိုဆိုလိုတာလဲ?"

ကျန်းကျန့်နင်က မျက်ခုံးပင့်လိုက်ပြီး ထပ်မေးလိုက်သည်။

"အိမ်ထိန်းဆီက သတင်းရသေးလား?"

ဥက္ကဌချူက စိုးမိုးချင်စိတ် အလွန်အားကောင်းပြီး အခြားသူများ သူမ၏အိမ်ထဲသို့ ဝင်ရောက်ခြင်းကို မကြိုက်တက်ပေ။ အိမ်မှုကိစ္စများအတွက်ပင် သူမ အိမ်ထဲမှ ထွက်သွားသည့်အခါမှသာ ထိုနေရာသို့ သွားရဲပြီး သူမ၏နားရက်များတွင်လည်း သူမကို ဘယ်တော့မှ အနှောက်အယှက် မပေးရဲကြပေ။

ဝမ်ချင်းက "ဥက္ကဌချူက အပြင်မထွက်သေးဘဲ အိမ်ထဲမှာပဲ ရှိနေတယ်လို့ အိမ်အကူဝန်ထမ်းတွေက ပြောပါတယ်"

ကျန်းကျန့်နင်က သူ့သူဌေး ဘာလုပ်နေမှန်း မသိသောကြောင့် တိတ်ဆိတ်နေခဲ့သည်။ သူ၏ရာထူးက အလွန်စိတ်ပျက်စရာကောင်းပြီး  ယေဘူယျအားဖြင့် သူက အထွေထွေ မန်နေဂျာသာဖြစ်ကာ ဥက္ကဌချူနှင့် သူ၏ဆက်ဆံရေးကလည်း အသင့်အတင့်သာ ဖြစ်သည်။ ဥက္ကဌချူက အလွန်တင်းကျပ်သော ကိုယ်ရည်ကိုယ်သွေးရှိပြီး သူမ၏တံခါးကို နှောက်ယှက်မိသူတိုင်းက မလွှဲမရှောင်သာ ပြင်းထန်စွာ ကြိမ်းမောင်းခံရမည် ဖြစ်သည်။ နောက်ဆုံးတွင် ကျန်းကျန့်နင်က သက်ပြင်းချလိုက်ပြီး "ငါ သိပြီ၊ ခနနေ ငါ ရဲ့ဟန်အိမ်ယာကို သွားလိုက်မယ်"

ရှင်ဘုရင်နဲ့ အပေါင်းအသင်းဖြစ်ရတာက ကျားတစ်ကောင်နဲ့ အတူတူနေရသလိုပဲ၊ သူမှ ငရဲကို မသွားချရင် ဘယ်သူကရော သွားချင်ပါ့မလဲ?

ဝမ်ချင်း၏နှလုံးသားထဲမှ စာနာစိတ်များ ထွက်ပေါ်လာပြီး သူမက စိတ်ရင်းမှန်ဖြင့် "မန်နေဂျာချုပ် ကျေးဇူးတင်ပါတယ်၊ ကြိုးစားလိုက်ပါဦး"

 အတွင်းရေးမှူးဝမ်ချင်းက ရုံးခန်းထဲသို့ ပြန်လာခဲ့ပြီး အခန်းထဲတွင် ရှိနေသည့် မိန်းကလေးများ၏အတင်းပြောသံကို ကြားလိုက်ရသည်။

"လီထိုက်ဟယ်ရဲ့ ကိစ္စကြောင့် ဥက္ကဌချူ ဒေါသထွက်နေသေးတာလား? သူ(မ)က အခု ရုံးကိုတောင် မလာတော့ဘူး၊ အင်တာနက်မှာလည်း စာချုပ်ဖျက်သိမ်းလိုက်တယ်ဆိုတဲ့ ကောလဟာလတွေ ထွက်နေတယ်"

"အင်း၊ လူတွေက အဲဒါကို အွန်လိုင်းမှာ ပြင်းပြင်းထန်ထန် ကဲ့ရဲ့နေကြတယ်။ ဒါကို ဘုတ်အဖွဲ့ဥက္ကဋ္ဌက သိသွားပြီ။ အစ်မဝမ်တော့ လူထုဆက်ဆံ‌ရေးဌာနကို သွားပြီး အဲ့တာကို ဖြေရှင်းဖို့လိုနေပြီ..."

"ဘာ လူထုဆက်ဆံ‌ရေးဌာနလဲ? သူ(မ)က ဘယ်လိုဖြေရှင်းနိုင်မှာလဲ? တစ်ယောက်ယောက်က လီထိုက်ဟယ်ကို စော်ကားမိရင် ဥက္ကဌချူက အဲ့လူကို သတ်မှာ မဟုတ်ဘူးလား?"

အလုပ်သင်အသစ်တစ်ယောက်ဖြစ်သည့် ရှရှောင်ရှောင်က အတွင်းရေးမှူးများကြားထဲတွင် ထိုင်နေကာ ဘာပြန်ပြောရမှန်းမသိဖြစ်နေပြီး မဝံ့မရဲ တွေးနေခဲ့သည်။ သူမက ဥက္ကဌချူကို တစ်ကြိမ်သာ တွေ့ဆုံဖူးပြီး သူမ၏ မှတ်ဥာဏ်ထဲမှ ဥက္ကဌချူက မည်သူကိုမျှ ဂရုမစိုက်ဘဲ အမြဲတစေ ဂုဏ်ယူဝင့်ကြွားစွာ လှပနေတတ်သော်လည်း ဥက္ကဌချူက သူမအတွက် ကွတ်ကီးများကို သီးသန့်ပေးပို့ရန် သူမ၏လူများကို တောင်းဆိုခဲ့သည်။ ရှရှောင်ရှောင်က သူမ ဥက္ကဌချူရှေ့တွင် ရေထဲသို့ကျခဲ့ခြင်းကြောင့် သူမ ရုပ်ဆိုးသွားသည်ဟု ထင်မြင်နေကာ ရှက်ရွံ့နေခဲ့သည်။ သူမ ချန်ရှင်းအင်တာတိန့်မန့်ကုမ္ပဏီမှ ရင်းဒါရင်းနှီးမြုပ်နှံမှုကုမ္ပဏီသို့ ရောက်ရှိလာပြီးနောက် ဥက္ကဌချူနှင့်သူမ မဆုံရသေးပေ။ ဥက္ကဌချူ ကုမ္ပဏီသို့ မရောက်လာသည်မှာ သုံးရက်ရှိပြီ ဖြစ်သည်။

အခန်းထဲမှ ဆွေးနွေးမှုက အလွန်အသက်ဝင်နေပြီး ဝမ်ချင်းက မျက်မှောင်ကြုတ်ကာ တံခါးရွက်ကို ပြင်းပြင်းခေါက်လိုက်သည်။ ထို့နောက် သူမက "ဒီနေရာမှာ အတင်းအဖျင်းပြောဖို့ ကုမ္ပဏီက ပိုက်ဆံပေးတာလား?"

မိန်းကလေးများက ချက်ချင်းပင် ကြက်ပျောက် ဌက်ပျောက်ပြန့်ကျဲသွားကာ အရှက်တကွဲ အကျိုးနည်းဖြင့် သူတို့၏အလုပ်ဌာနများသို့ ပြန်သွားကြသည်။ ဥက္ကဌရုံးခန်းတွင် ဥက္ကဌ၏ လက်ထောက်တစ်ယောက်ရှိနေပြီး ထိုသူက အထွေထွေအတွင်းရေးမှူးဝမ်ချင်း၏ စီမံခန့်ခွဲမှုအောက်တွင် ရှိသည်။ ဝမ်ချင်းက အလုပ်ကို အလွန်အလေးအနက်ထားပြီး သူမက အားလုံးကို လှည့်ပတ်ကြည့်ရှုကာ သတိပေးလိုက်သည်။

"အခု မန်နေဂျာချုပ်က ရဲ့ဟန်အိမ်ယာကို သွားပြီဆိုတော့ နေ့လည်ပိုင်းလောက်မှာ ဥက္ကဌချူ ကုမ္ပဏီကို ရောက်လာနိုင်တယ်။ ဘာပြောသင့်တယ်၊ မပြောသင့်ဘူးဆိုတာ လူတိုင်း သိထားသင့်တယ်"

ထိုသတင်းကို ကြားလိုက်ရသည့် လူတိုင်းက နာရီလက်တံများကဲ့သို့ တောင့်တင်းသွားပြီး ရုတ်တရက် အသက်ပြင်းပြင်းရှူလိုက်ကြသည်။ ချက်ချင်းပင် တစ်စုံတစ်ယောက်က  "အစ်မဝမ်၊ ငါ ပြင်ဆင်စရာလေးတွေ ရှိလို့ ဘဏ္ဍာရေးဌာနကို အခုပဲ သွားလိုက်ပါဦးမယ်..."

"အစ်မဝမ်၊ ဒါက ရှောင်ရင်အနုပညာနဲ့ ကွမ်ကျင်းအင်တာတိန့်မန့်ရဲ့ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ပါ၊ နေ့ခင်းမှာ ဥက္ကဌချူကို ပေးနိုင်မလားလို့ ကျေးဇူးပြုပြီး ကြည့်ပေးပါဦး"

"အစ်မဝမ်၊ ဒါက ချန်ရှင်းရုပ်ရှင်နဲ့ ရုပ်မြင်သံကြားကုမ္ပဏီရဲ့ ပထမနှစ်ဝက် ဘဏ္ဍာရေးအစီရင်ခံစာပါ"

ရှရှောင်ရှောင်က သူမ၏ နေရာတွင် ဘာမှမလုပ်ပဲ ထိုင်နေကာ ဤမြင်ကွင်းကို အံ့သြစွာဖြင့် ကြည့်နေလေသည်။ လွန်ခဲ့သည့်အခိုက်အတန့်က အတင်းအဖျင်း ပြောနေကြသူများက ဥက္ကဌချူဟု တစ်ချက်ကြားလိုက်ရုံဖြင့် တက်ကြွသည့်အထက်တန်းစားမုဒ်သို့ ပြောင်းလဲသွားကြသည်။ သူတို့က စူပါမားကတ်ရှိ အဒေါ်ကြီးတစ်ယောက်မှ Ivy Leagueမှ ထိပ်တန်းကျောင်းသားဖြစ်လာခဲ့သလို ပြောင်းလဲသွားကြသည်။ ရှရှောင်ရှောင်က အချက်အလက်များစွာကို ရှင်းလင်းပြတ်သားစွာ တွေ့မြင်ခဲ့ရပြီး ချန်ရှင်းအင်တာတိန့်မန့်ကုမ္ပဏီနှင့် ရင်းဒါ ရင်းနှီးမြုပ်နှံမှုကုမ္ပဏီ၏ လုပ်ဆောင်မှုပုံစံက အလွန်ကွဲပြားနေကြောင်း တွေ့လိုက်ရသည်။ ထိုအရာက သူမကို စိတ်မသက်မသာ ဖြစ်စေခဲ့သည်။ ရင်းဒါရင်းနှီးမြုပ်နှံမှုကုမ္ပဏီက သီးခြားရန်ပုံငွေ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုဖြစ်ပြီး ချန်ရှင်းရုပ်ရှင်နှင့် ရုပ်မြင်သံကြား ကုမ္ပဏီက ရုပ်ရှင်နှင့် ရုပ်မြင်သံကြားကဏ္ဍအတွက် ဥက္ကဌချူ၏စမ်းသပ်လုပ်ငန်းပုံစံတစ်ခုမျှသာ ဖြစ်သည်။ ရိုးရိုးရှင်းရှင်းပြောရလျှင် ပညာရပ်ဆိုင်ရာ အရည်အချင်းများအရ ရှရှောင်ရှောင်က ရင်းဒါရင်းနှီးမြုပ်နှံမှုကုမ္ပဏီသို့ ဝင်ရောက်ရန် အခွင့်အရေးကို ဘယ်တော့မှ ရနိုင်မည် မဟုတ်ပေ။ သို့သော်လည်း သူမက ဥက္ကဌချူ ခန့်အပ်ထားသည့် အမျိုးသမီးဝန်ထမ်းဖြစ်သောကြောင့် သူမကို မည်သူမှ မငြင်းနိုင်ကြပေ။

ဥက္ကဌချူက ရှရှောင်ရှောင်၏နာမည်ကို မှတ်မိနေပြီး သူမထံသို့ ကွတ်ကီးများ ပေးပို့ရန် တစ်စုံတစ်ဦးကိုပင် စေလွှတ်ခဲ့သည်။ ထိုအရာက အဓိပ္ပါယ်ကောင်းဖြစ်ပြီး ကုမ္ပဏီရှိ ငှက်အိုကြီးတစ်ယောက်အနေဖြင့် ဝမ်ချင်းက သူမ၏သူဌေးအတွက် အရာအားလုံးကို ဦးစွာစဉ်းစားတတ်သူ ဖြစ်သည်။ ထို့ကြောင့် သူမက ရှရှောင်ရှောင်ကို ရင်းဒါရုံးချုပ်သို့ ချက်ခြင်း လွှဲပြောင်းပေးလိုက်ပြီး သူမ အာရုံစိုက်ပေးနိုင်ရန် သူမ၏ဌာနတွင် ထားလိုက်သည်။ ဝမ်ချင်း အလုပ်ရှုပ်နေသည်ကို မြင်လိုက်ရသည့် ရှရှောင်ရှောင်က ဝမ်ချင်း၏ စားပွဲနားသို့ လှမ်းလာပြီး "အစ်မဝမ်၊ ကျွန်မ အစ်မကို တစ်ခုခု ကူညီပေးနိုင်တာ ရှိမလား?"

ဝမ်ချင်းက သူမကို မော့ကြည့်ပြီး အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ရှရှောင်ရှောင်က ငယ်ရွယ်ပြီး မိတ်ကပ်မည်သို့လိမ်းရမည်ကိုပင် သိပ်မသိသေးပေ။ သူမက သာမန်ချည်ဆွယ်တာအင်္ကျီကိုသာ ဝတ်ဆင်ထားပြီး ကင်းဗတ်ဖိနပ်ကိုသာ စီးထားသောကြောင့် သာမာန်ကောလိပ်ကျောင်းသူတစ်ယောက်၏ကလေးဆန်သော မျက်နှာအသွင်အပြင်သာ ရှိနေသေးသည်။ ဝမ်ချင်းက သူမဘာသာ အလွန်အလုပ်များလွန်းနေခဲ့ပြီး ရှရှောင်ရှောင်အား သူမ ဝတ်ရမည်အဝတ်အစားများကို သတိပေးရန် မေ့နေခဲ့သည်။ ဥက္ကဌရုံးခန်း၏ အတွင်းရေးမှူးများအားလုံးက ဒေါက်မြင့်ဖိနပ်စီးထားသောကြောင့် ရှရှောင်ရှောင်၏ပုံစံက ထူးဆန်းနေလေသည်။ ဝမ်ချင်းက "ဥက္ကဌချူရောက်လာရင် သောက်ဖို့ ကော်ဖီတစ်ခွက်လောက်ဝယ်ထားရမယ် မင်း အောက်ထပ်ကို ဆင်းပြီး ဝယ်ပေးလို့ရမလား?"

ရှရှောင်ရှောင် ချက်ခြင်း အားရပါးရ လေးလေးနက်နက် ပြန်ပြောလိုက်သည်။

"ဟုတ်ကဲ့!"

ရှရှောင်ရှောင်က သေးငယ်သော ကိစ္စဖြစ်စေ ကြီးမားသည့်အလုပ်ကိစ္စဖြစ်စေ ဂရုမစိုက်ဘဲ သူမ လုပ်စရာတစ်ခုရနိုင်သရွေ့ အခြားအရာများကို ဂရုမစိုက်တော့ပေ။

ကျေးဇူးပြုပြီး "ရက်စက်တဲ့အမျိုးသမီးဇာတ်ပို့ရဲ့ ရောင်ဝါကို အားကောင်းအောင် လုပ်ဆောင်ပါ၊ ရောင်ဝါ ပျောက်ကွယ်သွားတာနဲ့ ဇာတ်ကောင်က ပင်မကမ္ဘာကနေ ပျောက်ကွယ်သွားပါလိမ့်မယ်

လုပ်ငန်းတာဝန်- လီထိုက်ဟယ်ဘက်မှ စာချုပ် ဖျက်သိမ်းနေခြင်းကို တားဆီးပြီး သူ ဆက်နေဖို့ ဆွဲဆောင်ပါ

ရက်စက်တဲ့ အမျိုးသမီး ဇာတ်ပို့ အဖြစ် သင်ရဲ့ရောင်ဝါက ပျောက်ကွယ်သွားပါတော့မယ်၊ ကျေးဇူးပြုပြီး သင့်ရဲ့အလုပ်တာဝန်ကို မကြာမီ ပြီးမြောက်အောင် လုပ်ဆောင်ပါ။

အခြားတဖက်တွင် ချူချူက အိမ်သာခွက်ကို မျက်နှာမူကာ သွေးများအန်နေရပြီး မူးနောက်နောက်ပင် ဖြစ်နေလေသည်။

ထိုအရာက လူငယ်ကြိုက်ဝတ္ထုများထဲမှ နေမကောင်းသည့် ဇာတ်လိုက်မင်းသမီးနှင့်ပင် ဆင်တူနေပြီ ထိုအရာများအားလုံးက မနေ့က စတင်ခဲ့ခြင်း ဖြစ်သည်။

ချူချူတစ်ယောက် အိမ်တွင် အထိန်းအကွပ်မရှိ နှစ်ရက်ကြာ ပျော်နေပြီးနောက် သူမ၏ ဦးခေါင်းထက်ရှိ "ရက်စက်ကြမ်းကြုတ်သည့်အမျိုးသမီးဇာတ်ပို့" ဟူသော ရောင်ခြည်စက်ဝန်းက တဖြည်းဖြည်း မှိန်သွားခဲ့သည်။ သူမက သူမ၏တာဝန်များကို အထပ်ထပ် အခါခါ လျစ်လျူရှုခဲ့သောကြောင့် နောက်ဆုံးတွင် အပြစ်ပေးခံခဲ့ရပြီး မသက်မသာခံစားရကာ သွေးအန်နေခြင်း ဖြစ်သည်။ 

ပထမပိုင်းတွင် သူမ လန့်ဖျပ်သွားခဲ့သော်လည်း နောက်ပိုင်းတွင် ၎င်းကို လက်ခံနိုင်လာသည်။ သူမက မှန်ထဲမှ ဖြူဖျော့နေသောမျက်နှာလေးကို ကြည့်လိုက်ပြီး သူမ ဖျားနာနေလျှင်ပင် အလှလေးပုံစံအတိုင်း ရှိနေသေးသည်ဟု ခံစားမိသောကြောင့် စိတ်ထဲမှ ကြည်နူးနေမိသည်။ ချူချူက ပင်မကမ္ဘာမှ သုတ်သင်ခံရခြင်းကို လက်ခံနိုင်သော်လည်း သူမတွင် မေးစရာတစ်ခု ရှိနေသေးသည်။

ကျေးဇူးပြု၍ ပျော်ပျော်ရွှင်ရွှင် နေနိုင်မယ့် အချိန်ကောင်းလေးတွေ ရပြီးမှ အဆုံးသတ်ပေးနိုင်မလား? ဒီလိုသေခြင်းမျိုးက နာကျင်လွန်းပေမယ့် သူမက ကြွက်ကလေးလို ကြောက်တတ်ပြီး သနားဖို့ကောင်းတယ်လေ။ သူမဘဝကို သူမကိုယ်တိုင်တော့ အဆုံးမသတ်ချင်ပါဘူး။

ကျေးဇူးပြုပြီး "ရက်စက်တဲ့အမျိုးသမီးဇာတ်ပို့ရဲ့ ရောင်ဝါကို အားကောင်းအောင် လုပ်ဆောင်ပါ၊ ရောင်ဝါ ပျောက်ကွယ်သွားတာနဲ့ ဇာတ်ကောင်က ပင်မကမ္ဘာကနေ ပျောက်ကွယ်သွားပါလိမ့်မယ်

လုပ်ငန်းတာဝန်- လီထိုက်ဟယ်ဘက်မှ စာချုပ် ဖျက်သိမ်းနေခြင်းကို တားဆီးပြီး သူ ဆက်နေဖို့ ဆွဲဆောင်ပါ

ထူးဆန်းသောအသံက ထပ်မံထွက်ပေါ်လာပြီး သူမ၏နာကျင်မှုအတွက် သူမကို နက်နဲသောအဓိပ္ပါယ်ဖြင့် သတိပေးနေခဲ့သည်။ ရေချိုးခန်းမှန်ပေါ်မှ စာသားကလည်း မှော်ဆရာနတ်ဆိုးစာလုံးများကဲ့သို့ ပျောက်ကွယ်သွားပြန်သည်။

အဲ့စာတွေက သူမကို တိတ်တဆိတ် ဖြားယောင်းနေတဲ့သူတစ်ယောက်နဲ့ တူနေတယ်။ လူဆိုးဖြစ်စမ်း......လူဆိုးဖြစ်စမ်း....... လူဆိုးဖြစ်စမ်း........၊ ရက်စက်ကြမ်းကြုတ်တဲ့ အမျိုးသမီးဇာတ်ပို့ ဖြစ်လာနိုင်သရွေ့ အသက်ရှင်ဖို့ အခွင့်အလမ်းရနိုင်တယ်။

ချူချူက စာသားမျဉ်းကြောင်းများကို ကွက်ကွက်ကွင်းကွင်း စိုက်ကြည့်နေရင်း ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။

 "နည်းလမ်း.... မရှိတော့ဘူး...." 

သူမက ရက်စက်ကြမ်းကြုတ်တဲ့ အမျိုးသမီးဇာတ်ပို့ဖြစ်ရမှာထက် သေလိုက်ဖို့ကို ရွေးချယ်မယ်၊ သူမ ဒူးထောက်ကျသွားရင်တောင် သူမရဲ့သိက္ခာကိုတော့ အမြင့်ဆုံးမှာ ဖြောင့်ဖြောင့်တန်းတန်း ထားနိုင်ရမယ်။

ချူချူတစ်ယောက် သူမ၏ ဆုံးဖြတ်ချက်များကို တွေးကာ ထပ်မံသေချာစေပြီးနောက်တွင် သွေးထပ်အန်နေရပြန်သည်။

"ဝေါ့... ဝေါ့.... ဝေါ့..."

သူမ၏ သနားစရာကောင်းသော အသံက ရေချိုးခန်းထဲတွင် ပဲ့တင်ထပ်နေပြီး နောက်ဆုံးတွင် တာဝန်က ပြောင်းလဲသွားခဲ့သည်။

ကျေးဇူးပြုပြီး "ရက်စက်တဲ့အမျိုးသမီးဇာတ်ပို့ရဲ့ ရောင်ဝါကို အားကောင်းအောင် လုပ်ဆောင်ပါ၊ ရောင်ဝါ ပျောက်ကွယ်သွားတာနဲ့ ဇာတ်ကောင်က ပင်မကမ္ဘာကနေ ပျောက်ကွယ်သွားပါလိမ့်မယ်

လုပ်ငန်းတာဝန်- ရင်းဒါရင်းနှီးမြုပ်နှံမှုကုမ္ပဏီကို သွားပြီး ပုံမှန်အလုပ်လုပ်ပါ။

ချူချူက ၎င်းကို ကြားလိုက်ပြီး ခဏတာ အံ့အားသင့်နေခဲ့သေးသည်။ ဤသည်မှာ ဇာတ်လိုက်မင်းသား လီထိုက်ဟယ်နှင့် ဘာမှ မဆိုင်သည့် ပထမဆုံးအလုပ်တာဝန် ဖြစ်ပြီး လုံးဝ လွယ်ကူပုံရသည်။ ဝတ္ထုထဲတွင် ဇာတ်လိုက်မင်းသားနှင့် ဇာတ်လိုက်မင်းသမီးတို့က ချန်ရှင်း အင်တာတိန့်မန့်ကုမ္ပဏီတွင် ပါဝင်ခဲ့ပြီး ရင်းဒါ ရင်းနှီးမြှုပ်နှံမှုနှင့် ဘာမှမဆိုင်ပေ။

သူမ ကုမ္ပဏီကို သွားလိုက်ရင် သူမခန္ဓာကိုယ်အနှံ့က နာကျင်ကိုက်ခဲမှုတွေကို အလွယ်တကူ ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလား?

ထိုအချိန်တွင် တံခါးဘဲလ်သံမြည်လာပြီး ချူချူက တံခါးကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။

ကျန်းကျန့်နင်က ယခင်က ရဲ့ဟန်အိမ်ယာသို့ နှစ်ကြိမ်ရောက်ဖူးခဲ့သည်။ ယခုအချိန်တွင် သူက တံခါးအပြင်ဘက်တွင် ရပ်နေပြီး တံခါးခေါင်းလောင်းကို တီးခတ်ရန် ရုန်းကန်ကြိုးစားခဲ့ကာ အပြစ်ကိုလက်ခံရန် အဆင်သင့်ဖြစ်နေခဲ့သည်။ ဥက္ကဌချူက သီးသန့်နေရာများနှင့်ပတ်သက်၍ အထူးသဖြင့် သူမ၏ကိုယ်ရေးကိုယ်တာ ဘဝနှင့်ပတ်သက်၍ စပ်စုသော အခြားသူများကို အလွန်မုန်းတီးခဲ့ခြင်းကြောင့် အတွင်းရေးမှူးများအားလုံး သူမထံသို့ မလာရဲကြပေ။ ကျန်းကျန့်နင်က အကြီးတန်းအမှုဆောင်အရာရှိတစ်ဦးဖြစ်ပြီး ဥက္ကဌချူက ယေဘူယျအားဖြင့် သူ့ကို မကျေနပ်သော်လည်း ဘုတ်အဖွဲ့၏ ဥက္ကဌမျက်နှာကို အမြဲတမ်း ထည့်သွင်းစဉ်းစားခဲ့ရသည်။ အခြားအတွင်းရေးမှူးများကတော့ ထိုကဲ့သို့ မဟုတ်ပဲ သူမက အလွန်အမင်း စဉ်းစားနေစရာ မလိုဘဲ အလွယ်တကူ အလုပ်ထုတ်နိုင်သည်။

ကျန်းကျန့်နင်လည်း အံ့သြနေခဲ့တယ်။

တံခါးဖွင့်ပေးတဲ့ ဥက္ကဌချူက ဒေါသထွက်မနေဘူး။ သူမရဲ့ အသားအရည်က ဖြူဖျော့နေပြီး သူမက ပိုးသား ညအိပ်ဝတ်စုံကို ၀တ်ထားတယ်။

ထိုအပြင် ချူချုက သတိကြီးကြီးဖြင့် သူ့ကို မေးလာခဲ့သည်။

"ကိစ္စတစ်ခုခုရှိလို့လား"

ကျန်းကျန့်နင်က သူမ၏ ၀တ်စားဆင်ယင်မှုနှင့် ဖြူဖျော့နေသော မျက်နှာကြောင့် စိတ်ရှုပ်သွားသည်။ သူက ခဏတုံ့ဆိုင်းနေပြီးမှ ယဉ်ယဉ်ကျေးကျေးဖြင့် "ဥက္ကဌချူ၊ ခင်ဗျား ကုမ္ပဏီကို မရောက်တာ သုံးရက်ရှိပြီ။ ကျွန်တော်တို့ ခင်ဗျားကို ဆက်သွယ်လို့ မရလို့  တကယ်ကို စိုးရိမ်နေကြတယ်။ ခင်ဗျား နေမကောင်းဘူးလား?"

ချူချူကို ကြည့်ရသည်မှာ အလွန်အခြေအနေဆိုးနေပြီး ယခုတကြိမ်တွင် သူမ လူများကို ကျိန်ဆဲရန် ခွန်အားမရှိလောက်သည်အထိ ရောဂါက ပြင်းထန်နေပုံရသောကြောင့် သူမ အလုပ်မလာသည်က ပုံမှန်ဖြစ်သည်ဟု ကျန်းကျန့်နင်က ခန့်မှန်းလိုက်သည်။ ချူချူက စာအုပ်ထဲမှ ကမ္ဘာနှင့် မရင်းနှီးသေးပေ။

သူဌေး အလုပ်မလာရင် လက်အောက်ငယ်သားတွေက သူမ အိမ်တံခါးဝအထိ လိုက်လာမယ်ဆိုတာကို သူမ ဘယ်လိုသိနိုင်မှာလဲ?

ချူချူက သူမ၏ခေါင်းကို ကုတ်နေရင်း ပွင့်ပွင့်လင်းလင်း တုံ့ပြန်လိုက်သည်။

"မဟုတ်ဘူး၊ ဥက္ကဌလဲ ရုံးပုံမှန်သွားရမယ်ဆိုတာ ကျွန်မ မေ့နေခဲ့တာ"

ချမ်းသာတဲ့ဒုတိယမျိုးဆက်ဖြစ်တဲ့ သူဌေးသားတွေ သူဌေးသမီးတွေက အရက်သောက်ပြီး ပျော်ပျော်ပါးပါး ပိုက်ဆံသုံးနေတာ မဟုတ်ဘူးလား? ဘာကြောင့် ဒီလောက်တောင် ကြိုးစားအားထုတ်နေရတာလဲ?

ချူချူက စာအုပ်ထဲသို့ ကူးပြောင်းလာပြီးနောက် အလုပ်လုပ်ရန် စိတ်ကူးမရှိခဲ့ပေ။

ဘာပဲဖြစ်ဖြစ် သူမမှာ ငွေကြေးပြတ်လပ်မနေဘူးလေ...ဟုတ်တယ်မလား???

ကျန်းကျန့်နင်က ဘာပြန်ပြောရမည် မသိဘဲ ခေတ္တမျှ ငိုင်သွားပြီး ပါးစပ်သာ ပိတ်နေလိုက်တော့သည်။

✍️✍️✍️