အခန်း ၁
ချူချူက အင်တာတိန့်မန့်ကုမ္ပဏီတစ်ခုတွင်
အလုပ်လုပ်သူ ဖြစ်ပြီး "The Fierce Wife of the Superstar" ဟု အမည်ရှိသည့် ဝတ္ထုနှင့်ပတ်သက်၍ မူပိုင်ခွင့်ဝယ်ယူရေးဌာနမှ
လုပ်ဖော်ကိုင်ဖက်များနှင့် အပြင်းအထန် ငြင်းခုံခဲ့ကြသည်။ နောက်ဆုံးတွင်
နှစ်ဖက်စလုံးက အလျှော့မပေးဘဲ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေကြရသည်။
သူမ၏လုပ်ဖော်ကိုင်ဖက်တစ်ယောက်က
မူးမေ့မတက် ဖြစ်သွားပြီး "ရက်စက်ကြမ်းတမ်းတဲ့
အမျိုးသမီးဇာတ်ပို့ရဲ့ဇာတ်ရုပ်မပါရင် ဇာတ်လိုက်မင်းသားနဲ့ ဇာတ်လိုက်မင်းသမီးက
သူတို့ရဲ့ခံစားချက်တွေကို ဘယ်လိုမြှင့်တင်နိုင်မှာလဲ? နင်က အဲလောက် အပြင်းအထန်
ငြင်းမနေနဲ့လေ!"
"အမျိုးသမီးတွေက
အမျိုးသမီးတွေအပေါ် ပြန်ရက်စက်တာက စိတ်မကောင်းစရာ အကောင်းဆုံးပဲ၊
အမျိုးသမီးတွေအပေါ်ထားတဲ့ မိန်းမတွေရဲ့ မနာလိုမှုကလည်း ဝမ်းနည်းစရာအကောင်းဆုံးပဲ၊
ငါ သေသွားရင်တောင် ဒီဟာကို သဘောမတူနိုင်ဘူး..."
ချူချူက ခပ်တင်းတင်းလေသံဖြင့်
တုံ့ပြန်နေပြီး ထိုဝတ္ထု၏မူပိုင်ခွင့်ကို ဝယ်ယူရန် ရိုင်းရိုင်းစိုင်းစိုင်းနှင့်
အသည်းအသန် ငြင်းဆန်နေခဲ့သည်။ သူမ၏အသံတွင် သူမဘက်မှ ခိုင်မာကြောင်း ပြသလိုသည့်
အရိပ်အယောင်များ ပါဝင်နေလေသည်။
အလုပ်ဆင်းပြီးနောက် မိုးများသည်းထန်စွာ
ရွာသွန်းနေသော်လည်း ချူချူက မိုးစက်များအောက်တွင် ထီးတစ်ချောင်းနှင့် အိမ်ပြန်လာခဲ့သည်။
ထိုအချိန်၌ ကောင်းကင်ယံတွင်
လျှပ်စီးများလက်လာပြီး......
ဒိုင်း-
ချူချူတစ်ယောက် အသိမပျောက်ခင်
တွေးမိတွေးရာ တွေးလိုက်သေးသည်။
မိုးကောင်းကင်မှာ နတ်ဘုရာတွေ
တကယ်ရှိတာ ဖြစ်နိုင်တယ်။ ဒါပေမယ့် နတ်ဘုရားတွေက အရမ်းလေးနက်လွန်းတယ်လို့
မထင်ကြဘူးလား? ဝတ္ထုတစ်ပုဒ်အတွက်တော့ သူမကို သတ်ပစ်ဖို့ မလိုဘူးလေ.... ဟုတ်တယ်မလား?
--------
ဇိမ်ခံဟိုတယ်တစ်ခု၏
အပြင်ဘက်ရေကူးကန်တွင် မတော်တဆမှုတစ်ခု ဖြစ်ခဲ့ပြီး ထိုမတော်တဆမှုကြောင့်
ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့က သူတို့၏အစီအစဉ်များကို ရုတ်တရက် ရပ်တန့်လိုက်ရသည်။ လုံခြုံရေးဝန်ထမ်းများက
ရေကူးကန်ထဲတွင် ရေနစ်နေသည့် အမျိုးသမီးလေးကို ကယ်ဆယ်ပေးခဲ့ပြီး နောက်ဆက်တွဲစောင့်ရှောက်မှုအတွက်
ဆေးဝန်ထမ်းများကို ဆက်သွယ်ပေးခဲ့သည်။ ထိုနေရာမှ မြင်ကွင်းက ကမောက်ကမ ဖြစ်နေပြီး
လူတိုင်းက တီးတိုးပြောဆိုနေကြသည်။
"တစ်ယောက်ယောက်က
ဘာလို့ ရုတ်တရက် ရေထဲကျသွားတာလဲ? ဝန်ထမ်းတွေက အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့တာလား?"
"အဲ့နေရာက ရေက အရမ်းနက်တယ်၊
သူ(မ) အဆင်ပြေပါ့မလား...???"
ဆေးဝန်ထမ်းများနှင့် သက်တော်စောင့်များက
သူမကို ကယ်ဆယ်ရန် အချိန်အတော်ကြာ ကြိုးစားနေခဲ့ကြသည်။ နောက်ဆုံးတွင် မြေပြင်ပေါ်၌
လဲလျောင်းနေသည့် အမျိုးသမီးလေးက ရေများကို အန်ထုတ်လိုက်ပြီး သူမ၏မျက်လုံးများလည်း ပွင့်လာကာ
ပြင်းပြင်းထန်ထန် ချောင်းဆိုးနေလေသည်။ ပတ်ဝန်းကျင်မှ လူများက ရုတ်တရက် စိတ်သက်သာရာ
ရသွားပြီး အထက်လူကြီးထံ သတင်းပို့ရန် ဝိုင်းအော်နေကြသည်။
"ဟေး၊ သတိရလာပြီ၊ သူ(မ)
သတိရလာပြီ။ ဥက္ကဌချူကို သတင်းသွားပို့လိုက်ကြ"
"လီထိုက်ဟယ်
ဘယ်မှာလဲ" ပရိုဂရမ်ဒါရိုက်တာက သက်ပြင်းချကာ ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး
အရေးကြီးဆုံးလူက ရုတ်တရက် ပျောက်ကွယ်နေသည်ကို သူ သတိပြုမိသွားခဲ့သည်။
လီထိုက်ဟယ်၏လက်ထောက်က ပရိုဂရမ်ဒါရိုက်တာထံသို့
ဂရုတစိုက် ချဉ်းကပ်လာပြီး "လီထိုက်ဟယ်က ဥက္ကဌချူကို တွေ့ဖို့ ဒေါသတကြီးနဲ့
ထွက်သွားပါတယ်..."
ပရိုဂရမ်ဒါရိုက်တာက အံ့အားသင့်သွားပြီး သူတို့နှစ်ယောက်ကြားမှ အတင်းအဖျင်းများကို တွေးမိသွားချိန်တွင် သူလည်း ဘာပြောရမှန်း မသိဖြစ်နေပြီး ခဏတာလောက် တွေဝေနေခဲ့သည်။
ဥက္ကဌချူက ချန်ရှင်းအင်တာတိန့်မန့်ကုမ္ပဏီကို
တည်ထောင်ထားသည့် ရင်းဒါရင်းနှီးမြုပ်နှံမှုကုမ္ပဏီ၏ဥက္ကဌဖြစ်ပြီး သူမ၏ဖခင်
ချူရန်ရင်က ထိပ်သီးလူချမ်းသာစာရင်းဝင် စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက် ဖြစ်သည်။
လီထိုက်ဟယ်က ချန်ရှင်းအင်တာတိန့်မန့်ကုမ္ပဏီ၏ နာမည်ကျော် အနုပညာရှင်တစ်ဦးဖြစ်ပြီး
ဥက္ကဌချူနဲ့ ရင်းနှီးသည်ဟု ဆိုနိုင်သည်။ သူတို့နှစ်ဦးကြားမှ
သိမ်မွေ့သောဆက်ဆံရေးကြောင့် ကုမ္ပဏီအတွင်းနှင့် အင်တာနက်ပေါ်တွင် မရေမတွက်နိုင်သော
အခြေအမြစ်မရှိသည့် ကောလာဟလများ ထွက်ပေါ်နေခဲ့သည်။
ဒါရိုက်တာက ခဏလောက်
နှုတ်ဆိတ်နေပြီးမှ "မင်းက ဉာဏ်ကောင်းတယ်မလား? တစ်ချို့အရာတွေကို
မင်းဗိုက်ထဲမှာပဲ ပုပ်သွားတဲ့အထိ သိမ်းထားရမယ်ဆိုတာ မင်း သိသင့်တယ်"
ချန်ရှင်းအင်တာတိန့်မန့်ကုမ္ပဏီက
သူတို့ လက်ရှိရိုက်ကူးနေသည့် ဤအစီအစဥ်၏ အဓိကပံ့ပိုးသူ ဖြစ်သည်။ နောက်ဆုံးတွင်
သူတို့က အခကြေးငွေသာ ရပိုင်ခွင့်ရှိသည့် အလုပ်သမားများ ဖြစ်ကြပြီး သူဌေး၏အကြောင်းကို
အတင်းအဖျင်း မပြောသင့်ပေ။
"ကျွန်တော် နားလည်ပါတယ်..."
ထိုလူက ရိုးရိုးသားသား ခေါင်းညိတ်ပြလိုက်သည်။
ဇိမ်ခံဟိုတယ်၏ဆိတ်ငြိမ်သော ထောင့်တစ်နေရာရှိ
ပြင်သစ်ပုံစံပြတင်းပေါက်များရှေ့တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရပ်နေလေသည်။
ထိုနေရာတွင် လူသူ နည်းပါးပြီး အလှဆင်အပင်များဖြင့် ဖုံးအုပ်နေသောကြောင့် သူတို့ကို
အာရုံစိုက်မိသည့်သူ မရှိပေ။ သူတို့နှစ်ယောက်၏အထောက်အထားက မရိုးရှင်းပေ၊ တစ်ယောက်က
နာမည်ကြီး အမျိုးသားကြည်ပွင့် ဖြစ်ပြီး နောက်တစ်ယောက်က အလွန်ချမ်းသာသည့် အမျိုးသမီး
ဥက္ကဌဖြစ်သည်။
လီထိုက်ဟယ်၏ချောမောသောမျက်နှာက
ဒေါသကြောင့် ပုံပျက်ပန်းပျက် ဖြစ်နေပြီး ဒေါသတကြီး နာနာကျင်ကျင် အော်ဟစ်လိုက်သည်။
"မင်းက တကယ့်ကို ရူးနေပြီပဲ! မင်းက လူတောင် သတ်ချင်နေပြီလား?!"
သူက သူ့ရှေ့မှ အမျိုးသမီးကို
စူးစူးဝါးဝါး စိုက်ကြည့်နေခဲ့သည်။ သူမက တန်ဖိုးကြီး သီးသန့်ချုပ်ထားသော ဝတ်စုံကို
၀တ်ဆင်ထားပြီး သူမ၏ ခန္ဓာကိုယ်ကောက်ကြောင်းကို ပေါ်လွင်နေစေကာ ထက်မြက်သောအမူအရာလည်း
ရှိနေလေသည်။ သို့သော်လည်း သူမ၏လှပသော အသွင်အပြင်က သူမ၏ညစ်ညမ်းနေသည့် နှလုံးသားကို
ဖုံးကွယ်မထားနိုင်ပေ။
သူမက အပြစ်ကင်းစင်ပြီး ရိုးရှင်းတဲ့
မိန်းကလေးတယောက်ကို သတ်ဖို့ မကြိုးစားခင်အထိတော့ သူလည်း သူမမှာ ဒီလိုရက်စက်တဲ့
အတွေးမျိုးတွေ ရှိနေမယ်လို့ တွေးတောင်
မတွေးခဲ့မိဘူး။
အခုအချိန်အထိ သူမက ဘာကိုမှ ဝန်ခံခြင်းမရှိသေးသလို
နောင်တရပုံလည်း မပေါ်ဘူး။ သူမက သွေးအေးတဲ့နတ်ဆိုးတစ်ကောင်လို ဘာအမူအရာမှကို ရှိမနေဘူး။
လီထိုက်ဟယ်က မကျေမနပ်
ရေရွတ်ရင်း သူ့ခေါင်းကို ခါယမ်းလိုက်ကာ "ငါ မင်းကို သည်းမခံနိုင်တော့ဘူး..."
ချူချူက သူမရှေ့မှ ချောမောသည့်အမျိုးသားကို
ကြည့်နေခဲ့ပြီး သူ့ခေါင်းထက်တွင် တောက်ပသော ရောင်ခြည်စက်ဝန်းတစ်ခု ရှိနေသည်ကို သူမ
မြင်နေရသည်။ ဇာတ်ကောင်အမည် "လီထိုက်ဟယ်" နှင့်
"အမျိုးသားဇာတ်လိုက်" ဟူသော စာသားများက ထိုစက်ဝန်း၏ဘေးပတ်ပတ်လယ်တွင်
လွင့်မျောနေလေသည်။ လီထိုက်ဟယ်က "The Fierce Wife of the
Superstar" ၏ ဇာတ်ဆောင်ဖြစ်ပြီး ထိုဇာတ်ညွှန်းဖြင့် သူက ရုပ်ရှင်လောက၏
စူပါစတားအဖြစ် သတ်မှတ်ခြင်းခံရမည့်သူ ဖြစ်သည်။
ချူချူက သူမ၏ခေါင်းကို
အနည်းငယ် စောင်းကြည့်လိုက်ရာ ပြင်သစ်ဒီဇိုင်းပြတင်းပေါက်မှ သူမ၏ရုပ်သွင်ကို
မြင်လိုက်ရသည်။ သူမခေါင်းတွင်လည်း ရောင်ခြည်စက်ဝန်းတစ်ခု ရှိနေပြီး သူမ စက်ဝန်းဘေးမှ
နာမည်က "ချူချူ" နှင့် "ရက်စက်သည့် အမျိုးသမီး ဇာတ်ပို့" ဖြစ်နေခဲ့သည်။
ချူချူက ဤဝတ္ထု၏ ဇာတ်ပို့ဇာတ်ဆောင်ဖြစ်ပြီး ရှေ့သို့ ရဲရဲတောက်လျှောက်လှမ်းနေသည့်
အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်တို့ကို ဟန့်တားရမည့်
မိုက်မဲသောဇာတ်ကောင်သာ ဖြစ်သည်။
နတ်ဘုရားတွေက သူမကို မိုးကြိုးနဲ့ ပစ်သတ်ရုံတင်မကဘဲ သူမ အမုန်းဆုံးလူအဖြစ်တောင် ဖန်ဆင်းပေးလိုက်သေးတယ်။ ဘယ်လောက်တောင် ရက်စက်လိုက်သလဲ????
【ကျေးဇူးပြုပြီး
"ရက်စက်တဲ့အမျိုးသမီးဇာတ်ပို့ရဲ့ ရောင်ဝါကို အားကောင်းအောင် လုပ်ဆောင်ပါ၊
ရောင်ဝါ ပျောက်ကွယ်သွားတာနဲ့ ဇာတ်ကောင်က ပင်မကမ္ဘာကနေ ပျောက်ကွယ်သွားပါလိမ့်မယ်】
【လုပ်ငန်းတာဝန်-
လီထိုက်ဟယ်ကို ဒီဂန္တဝင်စာကြောင်း ပြောလိုက်ပါ၊ ပြောရမှာက "သူ(မ)ကြောင့်သာ
မဟုတ်ရင် ရှင်က ကျွန်မကို လုံးဝ ထားခဲ့မှာ မဟုတ်ဘူး"】
ထိုထူးထူးဆန်းဆန်း တွေ့ရှိမှုကြောင့်
ချူချူတစ်ယောက် သူမ၏စိတ်ကို မရှင်းလင်းနိုင်သေးခင်မှာပင် ထူးဆန်းသောအသံများ
ရုတ်တရက် ထွက်ပေါ်လာပြီး ပြင်သစ်ဒီဇိုင်းပြတင်းပေါက်ပေါ်တွင် ထူးဆန်းသောစကားလုံးများ
ပေါ်လာခဲ့သည်။
သူမ ဘေးနားရှိ လီထိုက်ဟယ်က ထိုထူးဆန်းမှုကို
လုံးဝသတိထားမိပုံမရပဲ ချူချူတစ်ယောက်ထဲသာ ထိုစာသားကို မြင်နိုင်ပုံရသည်။
"The Fierce Wife of the
Superstar" တွင် အမျိုးသမီးဇာတ်ပို့က ဇာတ်လိုက်မင်းသမီးကို
မနာလိုမှုကြောင့် အမြင့်မှ တွန်းချခဲ့သည်။ ကံကောင်းထောက်မစွာဖြင့်
ဇာတ်လိုက်မင်းသမီးက ရေကူးကန်ထဲသာ ပြုတ်ကျသွားခဲ့ပြီး သူမကို အချိန်မီကယ်တင်နိုင်ခဲ့သည်။
ထိုအဖြစ်အပျက်ကြောင့် ဇာတ်လိုက်မင်းသားက အမျိုးသမီး ဇာတ်ပို့၏မျက်နှာအစစ်အမှန်ကို
သိသွားခဲ့ပြီး သူမနှင့် ရက်ရက်စက်စက် လမ်းခွဲလိုက်သောကြောင့် အမျိုးသမီးဇာတ်ပို့၏အခြေအနေကို
ပိုမိုဆိုးရွားသွားစေခဲ့သည်။
ဇာတ်ကြောင်းကို ပြန်သတိရသွားပြီးနောက်
ချူချူက တည်ငြိမ်သွားကာ "ကျွန်မ
သူ(မ)ကို တွန်းချလိုက်တာ ရှင် မြင်လိုက်လား?"
လီထိုက်ဟယ်က နှာမှုတ်ကာ လှောင်ပြောင်လိုက်ပြီး
"ဒီလိုတွေ ဖြစ်နေတာတောင် မင်းက ငြင်းဖို့ ကြိုးစားနေသေးတာလား?"
"ဒါဆို ရှင်က ဘာကို စောင့်နေတာလဲ?
ဒါက လူသတ်ဖို့ ကြံစည်တာလေ"
ထိုနောက် ချူချူက အေးအေးဆေးဆေး
ဆက်ပြောလိုက်သည်။ "ရှင့်ရဲ့ဖုန်းနဲ့ ရဲကို မြန်မြန်ခေါ်လိုက်၊ ပြီးရင် ကျွန်မကို
အနည်းဆုံး သုံးနှစ်ကနေ အများဆုံး ဆယ်နှစ်ထက်မနည်း ထောင်ချခိုင်းလိုက်။ ကျွန်မ
ဒီမှာ ရပ်နေပြီး ရဲတွေ လာဖမ်းတာကို စောင့်နေမယ်"
【ကျေးဇူးပြုပြီး
"ရက်စက်တဲ့ အမျိုးသမီးဇာတ်ပို့ရဲ့ရောင်ဝါကို အားကောင်းအောင် လုပ်ဆောင်ပါ၊ ရောင်ဝါပျောက်ကွယ်သွားတာနဲ့
ဇာတ်ကောင်က ပင်မကမ္ဘာကနေ ပျောက်ကွယ်သွားပါလိမ့်မယ်】
【လုပ်ငန်းတာဝန်-
လီထိုက်ဟယ်ကို ဒီဂန္တဝင်စာကြောင်း ပြောလိုက်ပါ၊ ပြောရမှာက "သူ(မ)ကြောင့်သာ
မဟုတ်ရင် ရှင်က ကျွန်မကို လုံးဝ ထားခဲ့မှာ မဟုတ်ဘူး"】
ချူချူ : နင် ပြောစေချင်တိုင်း
ငါက ပြောရမှာလား? ငါ ပြောလိုက်ရင် ငါ့ဂုဏ်သိက္ခာကို ဘယ်နားသွား ထားရမှာလဲ?
ထူးဆန်းသော အသံက
ထွက်ပေါ်လာပြန်သည်။ ထိုအရာက ချူချူ၏ပုံမှန်မဟုတ်သော အပြုအမူကို အလွန်မကျေမနပ်ဖြစ်နေပုံရကာ
သူမကို သတိအထပ်ထပ်ပေးနေလေသည်။ ချူချူ၏ခေါင်းအထက်ရှိ "ရက်စက်သည့်အမျိုးသမီးဇာတ်ပို့"
ရောင်ဝါက အနည်းငယ် မှိန်ဖျော့သွားသော်လည်း သူမက ရဲအဖမ်းခံရန်သာ
စဥ်းစားနေဆဲဖြစ်ပြီး ၎င်းကို သတိမပြုမိခဲ့ပေ။
ချူချူက အစာပျော့ စားရန်
ဆွဲဆောင်ဖို့ လွယ်ကူသူ ဖြစ်သော်လည်း အစာမာများ စားခိုင်းလျှင် သူမက သေချာပေါက်
ငြင်းဆန်မည့်သူဖြစ်သည်။ (အချော့ကြိုက်တယ် လာတော့ မခြိမ်းချောက်နဲ့)။
သူမကို တစ်ခုခုလုပ်ရန်
အတင်းအကြပ် စေခိုင်းလျှင် သူမက စိတ်အနှောင့်အယှက်ဖြစ်တက်ပြီး ပုန်ကန်တက်သည့်သူ
ဖြစ်သည်။
ဟ ဟ... အဲ့ထူးဆန်းတဲ့အရာမှာ သူမကို ဒီကမ္ဘာကြီးကနေ ဖယ်ထုတ်နိုင်တဲ့ အရည်အချင်းရှိရင် လုပ်ကြည့်လိုက်လေ။ သူမကို သတ်မှာလား? အဲ့ဒါဆို သူမက သူမရဲ့လက်တွေ့ကမ္ဘာကို ပြန်ရောက်သွားမှာ မဟုတ်ဘူးလား?
သူမ ဒီဝတ္ထုကို ဖတ်နေတုန်းက
အမျိုးသမီးဇာတ်ပို့ကဏ္ဍမှာ ပြဿနာတွေ ရှိနေတယ်လို့ သူမ ခံစားခဲ့ရတယ်။ အခု သူမက
စာအုပ်ထဲကို ကူးပြောင်းလာပြီးပြီ၊ သူမက ဖြောင့်မှန်ပြီး ဥပဒေကို လိုက်နာတယ်။ သူမက
နိုင်ငံသားကောင်းတစ်ယောက်အနေနဲ့ သူမကိုယ်သူမ ဖြောင့်မတ်စွာ နေထိုင်ဖို့
ရည်ရွယ်ပြီး မကောင်းတဲ့သူကိုတွေကို ဘယ်တော့မှ အမှားလုပ်ခွင့် မပေးနိုင်ဘူး။
ချူချူက သူမရှေ့သို့
တစ်ချက်မော့ကြည့်လိုက်ပြီး လီထိုက်ဟယ်၏အမူအရာက ယင်ကောင်ကို မျိုချနေရသလို ဖြစ်နေသည်ကို
သူမ တွေ့လိုက်ရသည်။ ချူချူက မျက်မှောင်ကြုတ်လိုက်ပြီး "ရှင်က ဘာလို့ မြန်မြန်
မလှုပ်ရှားသေးတာလဲ? ရှင့်ရဲ့ဖုန်းကို မြန်မြန်ငှာပေး၊ ကျွန်မ ရဲကို ခေါ်လိုက်မယ်။
ကျွန်မကိုယ်တိုင် အပြစ်ဝန်ခံလိုက်ရင် ပြစ်ဒဏ်ပေါ့လျော့နိုင်တယ်"
လီထိုက်ဟယ်က အံကြိတ်ပြီး
"... မင်း ငါ့ကိုတမင်တကာ ရန်စနေတာလား?"
ချူချူက အံ့ဩသွားပြီး "ကျွန်မ
ရိုးရိုးသားသား ဝန်ခံနေတာလေ။ ကျွန်မ တကယ်ကို အမှားလုပ်ခဲ့တာ!"
သူမ ထိုသို့ပြောနေသည်ကို
တွေ့မြင်နေရသောကြောင့် လီထိုက်ဟယ်က ဒေါသတကြီးဖြင့် "မင်းရဲ့နောက်ခံကို သိနေတဲ့
ရဲတွေက မင်းကို ဒုက္ခမပေးရဲဘူးဆိုတာ မင်းသိနေတယ်မလား? အဲ့တော့ မင်းမှာ
ကြောက်စရာမရှိဘူးပေါ့!"
【လုပ်ငန်းတာဝန်-
လီထိုက်ဟယ်ကို ဒီဂန္တဝင်စာကြောင်း ပြောလိုက်ပါ၊ ပြောရမှာက "သူ(မ)ကြောင့်သာ
မဟုတ်ရင် ရှင်က ကျွန်မကို လုံးဝ ထားခဲ့မှာ မဟုတ်ဘူး"】
ထူးဆန်းသောအသံက
လီထိုက်ဟယ်ကဲ့သို့ပင် စိတ်ရှည်မှုမျဉ်း၏အစွန်းတွင် ရှိနေပုံရပြီး တတိယအကြိမ်
သတိပေးသံထပ်ပေါ်လာသည်။
၎င်းကို ကြားလိုက်ပြီးနောက်
ချူချူက အံ့သြထိတ်လန့်ဟန်ဖြင့် ရှုံ့ချလိုက်သည်။ "ဧကရာဇ်မင်းက ဥပဒေကို
ချိုးဖောက်ရင်တောင် သာမာန်ပြည်သူတွေကို တောင်းပန်ရမယ်။ လီထိုက်ဟယ်၊ ရှင် ဒီလောက်
ပျော့ညံတဲ့လူဖြစ်မယ်လို့ ကျွန်မ မမျှော်လင့်ထားမိဘူး။ ရှင်က ချမ်းသာတဲ့မိသားစုက
သားသမီးတွေကို ကြောက်နေသေးတာလား? ကျွန်မထောင်ထဲမှာ နှစ်တွေအများကြီး နေပြီး
ဘယ်တော့မှ ထွက်လာမှာ မဟုတ်ဘူးလို့ ကတိပေးတယ်"
လီထိုက်ဟယ်တစ်ယောက် ဒေါသထွက်လွန်းလို့
သွေးအန်လုမတတ် ဖြစ်နေခဲ့သည်။ ချူချူက စိတ်ကြီးဝင်နေပြီး ဥပဒေမဲ့သည်ဟု သူ
ခံစားလိုက်ရသောကြောင့် "ကောင်းတယ်... အရမ်းကောင်းတယ်... ဒါပေမယ့် မင်း အရမ်း မောက်မာမနေနဲ့၊
ချူရန်ရင်က မင်းကို ခဏလောက်ပဲ ကာကွယ်ပေးနိုင်မှာ၊ သူ မင်းကို တစ်သက်လုံး မကာကွယ်ပေးနိုင်ဘူး!"
တူ.......တူ........တူ..........
ရုတ်တရက် မြည်လာသည့်ဖုန်းသံကြောင့်
နှစ်ယောက်သားကြားမှ အပြင်းအထန် ငြင်းခုန်မှုက ပြတ်တောက်သွားခဲ့သည်။ လီထိုက်ဟယ်က
ဖုန်းခေါ်ဆိုမှုကို ပြန်ဖြေကြားနေပြီး ဖုန်းထဲမှ သတင်းကို နားထောင်ပြီးနောက်
သူ့မျက်နှာက အနည်းငယ် ပြေလျော့သွားကာ တစ်ဖက်ကို ပြန်ပြောလိုက်သည်။
"ကောင်းပြီ ငါ ချက်ချင်း
ပြန်လာခဲ့မယ်"
သူက ဖုန်းကို ပြန်ချလိုက်ပြီး
သူမကို ခါးခါးသီးသီးကြည့်ကာ အေးစက်စက်လေသံဖြင့် "ရှောင်ရှောင်
အဆင်ပြေသွားလို့ မင်း ဝမ်းသာသင့်တယ်၊ မဟုတ်ရင် ငါ မင်းကို ခွင့်လွှတ်မှာ
မဟုတ်ဘူး!"
ချူချူက "ရှင် ရဲကို
သတင်းမပို့ရသေးပဲနဲ့ ဘယ်မှာလာပြီး ခွင့်လွှတ်တယ် ခွင့်မလွှတ်ဘူး ပြောနေတာလဲ"
လီထိုက်ဟယ်: "..."
လီထိုက်ဟယ်က ဒေါသအလွန်ထွက်နေပြီး
စကားမပြောနိုင်တော့ဘဲ ဒေါသတကြီးဖြင့် လှည့်ထွက်သွားကာ ချူချူကို တစ်ယောက်တည်း
ထားခဲ့လိုက်သည်။
ဝတ္ထု၏ဇာတ်လိုက်မင်းသား
ထွက်သွားပြီးမှသာ ချူချူက သူမ၏အတွေးများကို ဖြေရှင်းရန် အချိန်ရသွားခဲ့သည်။
ကြမ်းခင်းမှ မျက်နှာကျက်အထိ မြင့်သည့်ပြတင်းပေါက်မှန်ပေါ်တွင် သူမရုပ်သွင် ပေါ်နေခဲ့ပြီး
သူမ ခေါင်းကို မည်မျှပင်ခါနေပါစေ သူမ ခေါင်းထက်မှ "ရက်စက်သည့် အမျိုးသမီးဇာတ်ပို့"
ရောင်ဝါကို မဖယ်ရှားနိုင်ကြောင်း သူမ တွေ့လိုက်ရသည်။ ထူးဆန်းသောအသံ၏အဆိုအရ ထိုရောင်ဝါလုံးဝ
မှေးမှိန်သွားလျှင် သူမ သေသွားပေလိမ့်မည်။
ချူချူက မှန်ထဲမှ သူမကိုယ်သူမ
ကြည့်နေခဲ့ပြီး သူမ၏မေးစေ့ကို ပြန်ကိုင်ကြည့်ချင်စိတ်အား လုံးဝ မထိန်းနိုင်ခဲ့ပေ။
သူမရဲ့မျက်နှာက ကောင်းမွန်တဲ့
သီချင်းတစ်ပုဒ်လို ပြီးပြည့်စုံလွန်းနေတယ်ဆိုတာ သံသယဖြစ်စရာ မလိုဘူး။
ချူချူ : "ငါက ဘာလို့
ဒီလောက်လှရတာလဲ? ငါက အရမ်းကြည့်ကောင်းနေလို့ ငါ ဘာလုပ်ရင် ကောင်းမလဲ?"
ချူချူတစ်ယောက် ပြတင်းပေါက်မှန်ရှေ့တွင်
သူမကိုယ်သူမ ကြည့်နေပြီး သူမ၏နှလုံးသားထဲမှ တုန်လှုပ်ချောက်ချားနေသည့်
အစွန်းရောက်ဝါဒကို မနှိမ်နင်းနိုင်ခဲ့ပေ။ သူမ၏ လက်ရှိ မျက်နှာအသွင်အပြင်က သူမ၏မူလမျက်နှာနှင့်
ကြီးကြီးမားမား ကွဲလဲမှု မရှိသော်လည်း အလွန်ကောင်းမွန်သော ဗြူးတီးဖစ်တာ
အပလီကေးရှင်းများ သုံးပြီး ပြင်ဆင်ထားသကဲ့သို့ အလွန်ပြည့်စုံနေလေသည်။
ဒါက စာရွက်ပေါ်မှာပဲ ရှိတဲ့
ဇာတ်ကောင်တစ်ယောက်ဖြစ်နေခြင်းရဲ့အားသာချက်လား? ရက်စက်ကြမ်းကြုတ်တဲ့ အမျိုးသမီး
ဇာတ်ပို့တောင်မှ ဒီလိုလှပတဲ့ အသွင်အပြင်ရှိတယ်တဲ့လား?
ချူချူက သူမ၏မျက်နှာကို
တိတ်တဆိတ် ပွတ်သပ်ကြည့်နေပြန်ပြီး သူမ၏ကောင်းမွန်ပြည့်စုံလွန်းသည့်အလှ အတွက်
သူမကိုယ်သူမ ကျေနပ်နေမိသည်။
ပလပ်စတစ်ဆာဂျူရီနဲ့
မျက်နှာအလှပြုပြင်ထားရင်တောင် ဒီလောက်ပြည့်စုံမှာ မဟုတ်ဘူး။
သူမ၏နောက်မှာ ဥက္ကဌ၏လက်ထောက်ဖြစ်သည့်
ကျန်းကျန့်နင်က ယခုအချိန်တွင် ဥက္ကဌချူနှင့် စကားပြောရန် သင့်တော် မတော်
ချီတုံချတုံ ဖြစ်နေခဲ့သည်။ သူက ထိုနေရာတွင် တိတ်တဆိတ် မတ်တပ်ရပ်နေပြီး သူ့သူဌေး
မှန် အရူးအမူး ကြည့်နေခြင်းမှ ရပ်တန့်စေရန် သတိပေးနိုင်မည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။
ချူချူကတော့ ပြတင်းပေါက်မှန်ရှေ့တွင် မိနစ်အနည်းငယ်ကြာအောင် လုံးဝ သတိလွတ်နေခဲ့သည်။
ကျန်းကျန့်နင်က အခွင့်အရေးကို ချက်ချင်းလက်ငင်း ဆုပ်ကိုင်လိုက်ပြီး
"ဥက္ကဌချူ၊ ဒီနေ့အတွက် ရိုက်ကူးရေးအဖွဲ့ရဲ့ အစီအစဉ်က ပြီးသွားပြီ။ ကုမ္ပဏီကို
ပြန်ချင်လား?"
ချူချူက သူမ၏အနားတွင်
နောက်ထပ် လူတစ်ယောက် ရှိနေမည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူမ ထိတ်လန့်သွားပြီး
လှည့်ကြည့်လိုက်ရာ နူးညံ့ပြီး တည်ငြိမ်ပုံရသော အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။
သူ့အမည်က "ကျန်းကျန့်နင်" ဖြစ်ကာ သူ့၏ရောင်ခြည်စက်ဝန်းမှ အမည်ကတော့
"ဖြတ်သွားဖြတ်လာ" ဟု ဖော်ပြနေသည်။
ဝတ္တုထဲတွင် ကျန်းကျန့်နင်က
ကုမ္ပဏီဥက္ကဌ၏ လက်ထောက်ဖြစ်ပြီး လုံးဝ ဖြတ်သွားဖြတ်လာတစ်ယောက် ဖြစ်သည်။ အမျိုးသမီး
ဇာတ်ပို့ဇာတ်ကောင်၏ မိသားစုအခြေအနေကို ဖော်ပြရန် သူ့ကို ထည့်သွင်းထားပြီး
မဖြစ်စလောက် အခန်းကဏ္ဍလောက်သာ ပါဝင်ခဲ့သည်။ သူ့အကြောင်းနှင့်ပတ်သတ်သည့် အသေးစိတ်အချက်အလက်များကို
ဖော်ပြရလောက်အောင် အရေးမပါပေ။
ချူချူက ဤလောက၏နိယာမများကို
ဖြည်းဖြည်းချင်း နားလည်လာခဲ့သည်။ ဇာတ်လိုက်အမျိုးသားနှင့်
အမျိုးသမီးတို့၏ရောင်ဝါများက အတောက်ပဆုံးဖြစ်သည်။ ချူချူ၊ ကျန်းကျန့်နင်နှင့်
အခြား မတူညီသောဇာတ်ကောင်များတွင် မတူညီသော ရောင်ဝါသွင်ပြင်များ ရှိလိမ့်မည်။ ဝတ္ထုထဲတွင်
အမည်ပင် မပါဝင်သူများက ရောင်ဝါစက်ဝန်းရှိရန် မထိုက်တန်ပေ။ ယခု ဟိုတယ်ထဲတွင် ဖြတ်သန်းသွားလာနေသူများက
အခြေခံအားဖြင့် ထိုကဲ့သို့သော လူများဖြစ်သည်။
ချူချူက "ရဲစခန်းက ဘယ်မှာဆိုတာ
သိလား?"
ကျန်းကျန့်နင်က
"အနီးဆုံးရဲစခန်းက လောင်းတန်ခရိုင်ရဲစခန်းပါ။ ခင်ဗျား ကျွန်တော့်ကို တခုခု ခိုင်းစရာရှိရင်
ပြောပါ၊ ကျွန်တော် လုပ်ပေးပါ့မယ်"
ချူချူက ခေါင်းခါလိုက်ပြီး "ကျွန်မ ဝန်ခံစရာရှိတယ် ၊ ရှင် ကိုယ်စား မလုပ်ပေးနိုင်ဘူး"
"..."
ကျန်းကျန့်နင်၏အပြုံးက
ပျောက်ကွယ်သွားပြီး သူ့မျက်နှာက တည်တံ့လာကာ လေးနက်သောအသံဖြင့် အတည်ပြုလိုက်သည်။
"မင်း ဘာကို ပြောနေတာလဲ?"
ချူချူက "ကျွန်မ
တစ်ယောက်ယောက်ကို သတ်ဖို့ ကြိုးစားခဲ့မိတယ်၊ အဲ့တော့ ရဲစခန်းကို သွားပြီး
ဝန်ခံရမယ်၊ အဲ့တာမှ ပြစ်ဒဏ်ပေါ့လျော့ဖို့ ကြိုးစားနိုင်လိမ့်မယ်"
ကျန်းကျန့်နင်က အံ့သြသွားပြီး
ခနတာမျှ စိတ်ရှုပ်သွားပုံရသည်။ သို့သော် ခနအကြာတွင် သူက သူ၏ပရော်ဖက်ရှင်နယ် လုပ်ငန်းခွင်
အမူအရာကို ပြန်ပြောင်းလိုက်ကာ "ဥက္ကဌချူ၊ မကြာသေးခင်က ခင်ဗျား နည်းနည်း
ပင်ပန်းနေခဲ့တယ်၊ အနားယူဖို့ ရဲ့ဟန်အိမ်ယာကို ပြန်သွားသင့်တယ်။ ကျွန်တော်
ယာဉ်မောင်း စီစဉ်ပေးပါ့မယ်။ ပြီးရင် ခင်ဗျားကို လာကြည့်ပေးဖို့ ဒေါက်တာဟူကိုလည်း
ဆက်သွယ်ပေးပါ့မယ်"
ချူချူက "...” သူက ငါ
နေမကောင်းဘူးလို့ ထင်နေတာလား? ဒါမှမဟုတ် ငါ ရူးနေပြီလို့ ထင်နေတာလား?
ကျန်းကျန့်နင်က ပြေပြစ်သောအပြုံးတစ်ခုကို
ပြသထားပြီး အကြောင်းပြချက် အပည့်ဖြင့် "ဒီနေ့က ဥက္ကဌရဲ့ပုံမှန်ဆေးစစ်ခြင်းအတွက် ဒေါက်တာဟူနဲ့ တွေ့ရမယ့်နေ့ပါ"
ကျန်းကျန့်နင်က ချူချူကို
တံခါးအပြင်ဘက်သို့ ခေါ်ဆောင်သွားပြီး ကားမောင်းသူက ကားကို ဟိုတယ်တံခါးအထိ မောင်းလာကာ
အသင့်စောင့်ဆိုင်းနေခဲ့သည်။ ကားပေါ်တက်ခါနီးတွင် ချူချူက ရုတ်တရက် ပြန်လှည့်လိုက်ပြီး
"အင်း၊ နောက်တစ်ခု ရှိသေးတယ်"
ဤဘိုးဘေးက ရဲစခန်းသို့ သွားပြီး
အပြစ်ဝန်ခံမည်ဟု ပေါက်ကရ ထပ်ပြောမည်ကို ကြောက်နေသည့် ကျန်းကျန့်နင်တစ်ယောက်
အာရုံကြောများ တင်းမာလာကာ ယဉ်ယဉ်ကျေးကျေး တုံ့ပြန်လိုက်ရသည်။
"ပြောပါဗျ"
ချူချူက "ရှရှောင်ရှောင်
အဆင်ပြေရဲ့လား?"
ကျန်းကျန့်နင်က ထိုလူကို
မသိသောကြောင့် ဇဝေဇဝါဖြစ်နေပြီး "ခင်ဗျား ဘယ်သူ့ကို ပြောနေတာလဲ...?"
ချူချူက "ဒီနေ့
ရေထဲကျသွားတဲ့ မိန်းမငယ်လေး"
ကျန်းကျန့်နင်က ရုတ်တရက်
သဘောပေါက်သွားပြီး "သူ(မ) လုံခြုံသွားပါပြီ၊ အားလုံး အဆင်ပြေပါတယ်၊ သူ(မ)
ထိတ်လန့်သွားတာကလွဲပြီး သူ(မ)မှာ ထိခိုက်ဒဏ်ရာ မရှိပါဘူး"
ချူချူက "ရှင် သူ(မ)အတွက်
cranberry ကွတ်ကီးဝယ်ဖို့ ကုမ္ပဏီရဲ့အောက်ထပ်က
ကိတ်မုန့်ဆိုင်ကို သွားလိုက်၊ သူ(မ)က အဲဒါကို ကြိုက်တယ်"
ကျန်းကျန့်နင်: “....”
ချူချူက စာအုပ်ထဲမှ အသေးစိတ်အချက်အလက်များကို
အမှတ်ရနေဆဲဖြစ်ပြီး ဇာတ်လိုက်မင်းသမီးက သူမ စိတ်ဓာတ်ကျနေချိန်တွင် cranberry
ကွတ်ကီးများ စားရခြင်းကို ကြိုက်နှစ်သက်ကြောင်း ပြန်သတိရသွားခဲ့ခြင်း
ဖြစ်သည်။
ကျန်းကျန့်နင်က ဇဝေဇဝါဖြစ်နေသော်လည်း
ညွှန်ကြားချက်ကို လက်ခံလိုက်သည်။ "ကောင်းပါပြီ၊ ကျွန်တော် အခု သွားလိုက်ပါ့မယ်။
ခင်ဗျား စိတ်ချလက်ချ အနားယူနိုင်ပါတယ်"
ချူချူက
စိတ်အေးချမ်းသာစွာဖြင့် ကားပေါ်တက်သွားခဲ့ပြီး ကျန်းကျန့်နင်က သူ့သူဌေးကို နှုတ်ဆက်လိုက်သည်။
ထို့နောက်မှသာ သူ စိတ်သက်သာရာရသွားခဲ့သည်။ ယနေ့တွင် ဥက္ကဌချူက ထူးဆန်းနေသည်ဟု သူ
တချိန်လုံး ခံစားနေရသည်။ သူမက အများအားဖြင့် ထူးဆန်းနေတက်ပြီး စိတ်တိုနေတတ်သော်လည်း
ရယ်စရာကောင်းသောစကားကို ဘယ်တော့မှ မပြောခဲ့ပေ။ အခြားသူများ
ကြိုက်နှစ်သက်သည့်အရာကိုလည်း ဘယ်တော့မှ ဂရုမစိုက်ခဲ့ပေ။
သို့သော်လည်း ကျန်းကျန့်နင်က
နှောင့်နှေးမနေရဲပဲ ဥက္ကဌ၏အတွင်းရေးမှူးကို ချက်ချင်း ဖုန်းဆက်လိုက်သည်။
"မင်း အောက်ထပ်က ကိတ်မုန့်ဆိုင်ကို သွားပြီး cranberry ကွတ်ကီး သွားဝယ်လိုက်ပါ၊ ပြီးရင် ရှရှောင်ရှောင်ကို သွားပို့ပေးလိုက်။ ဒါက
မစ္စချူရဲ့ညွှန်ကြားချက်ပါ"
အတွင်းရေးမှူးက
"မန်နေဂျာချုပ်၊ ရှရှောင်ရှောင်က ဘယ်သူလဲဆိုတာ သိလား?"
အတွင်းရေးမှူးလည်း
အလွန်တုန်လှုပ်သွားရသည်။ သူမက ချန်ရှင်းအင်တာတိန့်မန့်ကုမ္ပဏီမှ ရှရှောင်ရှောင်ကို
သိသော်လည်း ရှရှောင်ရှောင်က ဥက္ကဌချူနှင့် မည်သို့မျှ ပတ်သတ်နေစရာ အကြောင်းမရှိပေ။
"ရေထဲကျသွားတဲ့သူ"
ကျန်းကျန့်နင်က
ဤပုဂ္ဂိုလ်အတွက် ဥက္ကဌချူ၏စိုးရိမ်မှုကို ထပ်တွေးလိုက်ပြီး လျစ်လျူမရှုနိုင်တော့ဘဲ "သူ(မ)က ဘယ်သူလဲ?"
အတွင်းရေးမှူးက
"ရှရှောင်ရှောင်က ချန်ရှင်းအင်တာတိန့်မန့်ကုမ္ပဏီက အလုပ်သင်တစ်ယောက်ပါ"
ကျန်းကျန့်နင် ပို၍ပင်
စိတ်ရှုပ်သွားခဲ့သည်။
တနေကုန်အလုပ်များနေတဲ့
ဥက္ကဌချူက အဲ့အလုပ်သင်လေးရဲ့နာမည်ကို ဘယ်လို မှတ်မိနေတာလဲ?
အခြားတစ်ဖက်တွင်မူ ချူချူက
သူမ နောက်မှ လိုက်လာမည့် ကျန်းကျန့်နင်ကို ဖယ်ရှားရန် ဆန္ဒရှိနေပြီး ကားပေါ်မှ
ဆင်းကာ ရဲစခန်းသို့ သွားဝန်ခံရန်သာ ဆန္ဒရှိနေခဲ့သည်။ သို့သော် မထင်မှတ်ပဲ
ယာဉ်မောင်းက လုံ့လစိုက်ထုတ်ပြီး ရဲ့ဟန်အိမ်ယာသို့ တိုက်ရိုက်မောင်းလာခဲ့သည်။
ရဲ့ဟန်အိမ်ယာက မြို့တော်ရှိ အဆင့်မြင့်အိမ်ယာတစ်ခု ဖြစ်ပြီး ဆူညံပြီး
ရှုပ်ယှက်ခက်နေသည့်မြို့ကြီးအတွင်း ငြိမ်းချမ်းစွာနှင့်
သက်တောင့်သက်သာနေထိုင်နိုင်ရန် ရည်ရွယ်ထားသော အိမ်ယာ ဖြစ်သည်။
ချူချူတစ်ယောက် ကားပြတင်းပေါက်မှ တဆင့် အမိုက်စား ဒီဇိုင်းနှင့် အဆင့်မြင့် လူနေရပ်ကွက်တစ်ခုကို တွေ့လိုက်ရသည်။ သူမက သူမကိုယ်သူမ CEO ဒရာမာထဲသို့ မတော်တဆ ဝင်ရောက်သွားမိသလို ထင်ယောင်ထင်မှား ခံစားမှုများ ဖြစ်ပေါ်နေခဲ့သည်။
✍️✍️✍️