Chapter 41
Viewers 5k

အခန်း ၄၁၊ နန်းတော်ဧည့်ခံပွဲ (၅)

  လို့ရှီးယန်နှင့် စုလင်းတို့က တစ်ယောက်မျက်နှာ တစ်ယောက် ပြန်ကြည့်လိုက်ကြပြီး နှစ်ယောက်စလုံးက အဝေးကို မျှော်ကြည့်ကာ  ဘာဖြစ်လာမည်ကို စောင့်မျှော်နေကြသည်။ အကြောင်းမှာ ထိုအချိန်တွင် တရားရေးအမတ်မင်းဖြစ်သော ရှန်ယုလန်က မတ်တပ်ထရပ်လိုက်ပြီး မြေပြင်ပေါ်တွင် လဲကျနေသော သတ္တမမင်းသမီးဆီသို့ သွားရန် ပြင်ဆင်နေသောကြောင့် ဖြစ်သည်။

  တော်ဝင်သမားတော်များ အလွန်ထိတ်လန့်နေသဖြင့် စကားမပြောနိုင်ကြဘဲ မှူးမတ်များအားလုံးကလည်း နှုတ်ဆိတ်နေကြသည်။ ရှန်ယုလန်၏ ရှင်းလင်းတည်ငြိမ်သော အသံက အချိန်မီ ထွက်ပေါ်လာခဲ့သည်။

“မင်းသမီးလေး မသေခင်မှာ သူ(မ)ရဲ့ခြေလက်တွေက တုန်ရီနေခဲ့တယ်။ သူ(မ) အသက်ရှူကြပ်ခဲ့ပုံရပြီး အခု သွားတွေကို တင်းတင်းစေ့ထားတယ်၊ ပြီးတော့ မျက်နှာက ခရမ်းရောင်ပြောင်းသွားတယ်။ သေဆုံးပြီးနောက် မျက်လုံးတွေ ပြူးလာပြီး ခြေလက်တွေက တောင့်တင်းအေးစက်သွားတယ်။ အဲ့တာက ပိုးကောင်အဆိပ်ကြောင့် အဆိပ်သင့်ခဲ့တာ ဖြစ်နိုင်တယ်။ ပြီးတော့ ဒီလို အချိန်တိုလေးအတွင်းမှာ အဆိပ်သင့်နိုင်တဲ့ တစ်ခုတည်းသော ပိုးကောင်အဆိပ်က အနီရောင်စစ်ချုံးပါ (filarial worm)”

( T/N: အဲ့တာ ဘာကောင်တုန်း ကိုယ်လဲ မသိပါဘူး။ Googleမှာ တော့ သံကောင်တဲ့၊ rawမှာ ကျတော့ မြွေတဲ့ အဲ့တာကြောင့် rawက အသံထွက် စစ်ချုံးကိုပဲ သုံးသွားမယ်နော်)

  သေချာတာကတော့ ဒါက အဆိပ်သင့်တာပဲပေါ့။

သေဆုံးသူ၏အခြေအနေကို သိလိုက်ပြီးနောက်တွင် ကျွော့ချင်းကလည်း ထိုကဲ့သို့သာ ဆုံးဖြတ်ချက်ချလိုက်သည်။ သို့သော် သူမ မသိနိုင်သည့်အချက်က အဆိပ်ကြောင့်သေဆုံးမှုများ အများကြီး ရှိခဲ့သော်လည်း သတ္တမမင်းသမီးကတော့ ရှားရှားပါးပါး ဖြစ်စဥ်တစ်ခု ဖြစ်နေခဲ့သည်။

သူမ ဒီကိုမလာခင်ကတည်းက ပိုးကောင်အဆိပ် သင့်နေပြီသားလား? မဖြစ်နိုင်ဘူးလေ။ သူမ ကခုန်ဖို့ ထွက်လာတဲ့အချိန်မှာ ဘာမှ ထူးထူးခြားခြား မဖြစ်သေးဘူးလေ။

  ကျွော့ချင်းက သူမ၏အတွေးထဲတွင် နှစ်ဝင်နေခဲ့သော်လည်း ရှန်ယုလန်က "အနီရောင်စစ်ချုံး"ဟူသော စကားအနည်းငယ်ကို ပြောလိုက်ချိန်တွင် ဝန်ကြီးများကြားတွင် ရုန်းရင်းဆန်ခတ်ဖြစ်လာခဲ့သည်။

  "အမတ်မင်း၊ မြောက်ပိုင်းချီမင်းဆက်ရဲ့မင်းသမီးလေးက ကျန်း(ငါကိုယ်တော်)တို့ရဲ့ ချုံယွဲ့ခန်းမမှာ ကွယ်လွန်သွားခဲ့တယ်၊ ဒီကိစ္စကို ပေါ့ပေါ့တန်တန် ပြောလို့ မရဘူး။ ဒီအမှုကို သေသေသေချာ စုံစမ်းပြီး မင်းသမီးလေးသေဆုံးရတဲ့ အကြောင်းရင်းအမှန်နဲ့ တရားခံကို မောင်မင်း ရှာဖွေရမယ်”

ရှန်ယုလန်က အဆိပ်ကြောင့်ဟု သတင်းပို့လိုက်ချိန်တွင် ယန်းဟုန်ထျန်း၏အသံက ဘုရင်တစ်ပါး၏ ဘုန်းတန်ခိုးအာနုဘော်ကို ဆက်လက်ထိန်းသိမ်းထားသော်လည်း သူ၏မျက်နှာက ချက်ချင်း မည်းမှောင်သွားသည်။

    ရှန်ယုလန်က ကြမ်းပြင်ပေါ်သို့ ဒူးထောက်ထိုင်ချလိုက်ပြီး ကျယ်လောင်စွာ ပြန်ပြောလိုက်သည်။

"ဒီလက်အောက်ငယ်သားက ဧကရာဇ်မင်းမြတ်ရဲ့အမိန့်တော်ကို နာခံပါတယ်"

       တချိန်လုံး မင်းသမီး၏အသက်မဲ့ခန္ဓာကိုယ်ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားခဲ့သည့် ရှရွှင်းစစ်ကလည်း သတိပြန်ဝင်လာပုံပေါ်သည်။ သူ၏နုပျိုသောမျက်နှာက မင်းသားတစ်ယောက်တွင် ရှိသင့်သော သတ္တိနှင့်ဂုဏ်သိက္ခာကို ပြသနေခဲ့ပြီး သူက ခေါင်းကို မော့ပြီး အမြင့်တွင်ရှိနေသည့် ယန်းဟုန်ထျန်းကို တိုက်ရိုက်ကြည့်လိုက်သည်။ ထိုနောက် သူက ကျယ်လောင်ပြီး အေးစက်သော အသံဖြင့် "ကျွန်တော်မျိုး  မှတ်မိတာသာ မှန်ကန်မယ်ဆိုရင် အနီရောင်စစ်ချုံက ချုံယွဲ့ရဲ့ထူးခြားတဲ့ အဆိပ်ပဲ။ သတ္တမညီမလေးက ချုံယွဲ့ရဲ့တော်ဝင်ခန်းမမှာ ဝမ်းနည်းဖွယ်ကောင်းလောက်အောင် ဆုံးပါးသွားခဲ့တယ်။ မြောက်ပိုင်းချီအနေနဲ့ ချုံယွဲ့ရဲ့ဧကရာဇ်ကို  ရှင်းရှင်းလင်းလင်း လုပ်ပေးဖို့ သတ္တိရှိရှိ တောင်းဆိုပါရစေ။ ရှန်တရားသူကြီးမင်းက  ဒီအမှုကို ကိုယ်တိုင်ကိုယ်ကျ စုံစမ်းစစ်ဆေးမယ်ဆိုရင် ဒီရှရွှင်းစစ်က ကန့်ကွက်စရာမရှိပါဘူး၊ ဒါပေမယ့် ရှန်တရားသူကြီးမင်းက  ကျွန်တော်မျိုးရှေ့မှာ အမှုကို စစ်ဆေးနိုင်ဖို့တော့ ကျွန်တော်မျိုး မျှော်လင့်မိပါတယ်"

  ခွင့်ပြုတယ်!”

ဒီအချိန်မှာ ဒီတောင်းဆိုချက်က အရမ်းကြီးလွန်တာတော့ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် မင်းသမီးက နန်းတော်ထဲမှာ သေဆုံးသွားတာက အမှန်တရားတစ်ခုပါပဲ။

  "ဒီခန်းမထဲမှာ ဘယ်လိုလုပ် အဆိပ်ရှိတဲ့ အကောင်တွေ ရှိမှာလဲ? မင်းသမီးလေးက အခုနအထိ နေကောင်းနေသေးတယ်၊ ဒါပေမယ့် သူ(မ) ဝိုင်တစ်ခွက်တော့ သောက်ခဲ့တယ်။ ဝိုင်က အဆိပ်ဖြစ်နိုင်မလား?!"

ကြမ်းတမ်းသည့် အသံတစ်ခုက ခန်းမထဲတွင် ပေါ်လာခဲ့ပြီး လူအများ၏နားများကို‌ပင် နာကျင်သွားစေခဲ့သည်။ ထိုအသံက အလွန်ကျယ်လောင်နေမှန်း သိသာလွန်းလှသည်။

  အားလုံးက အော်ပြောလိုက်သည့်သူကို လှမ်းကြည့်လိုက်ကြသည်။ ထိုလူက စစ်သူကြီးဟူကျန်းယု၏ အကြီးဆုံးသား ဟူရှီအန်း ဖြစ်ကာ မြောက်ပိုင်းချီမင်းဆက်မှ သံတမန် ဟူရှီအန်း ဖြစ်နေခဲ့သည်။ သူ့ရုပ်သွင်က သူ့အသံကဲ့သို့ ကြမ်းတမ်းလှပြီး သူက သူ့လက်ထဲမှ အရက်အိုးကို ကိုင်မြှောက်ပြနေပြီး  သူ့မျက်နှာပေါ်မှ ဒေါသများကို ဖုံးကွယ်ထားခြင်း မရှိပေ။

ရှန်ယုလန်က သူ့ဆီ လှမ်းသွားလိုက်ပြီး သူ့လက်ထဲမှ အရက်အိုးကို ယူလိုက်ကာ သူ့ဘေးနားမှ လက်အောင်ငယ်သားကို စကားအနည်းငယ် တိုးတိုးလေး ပြောလိုက်သည်။ ထိုလက်အောက်ငယ်သားက အမြန်ပြေးထွက်သွားခဲ့သည်။

  ကျွော့ချင်းက မော့ပိုင်၏ပခုံးကို လှမ်းဆွဲလိုက်ပြီး အသံတိုးတိုးဖြင့် "အနီရောင်စစ်ချုံးက ဘာလဲ?”

       အစပိုင်းတွင်  မော့ပိုင်က  သူမကို ဂရုမစိုက်ချင်သော်လည်း သူ သူမကို ကြည့်လိုက်ရာ သူမက သူမ၏ရွှန်းလဲ့နေသော မျက်လုံးများဖြင့် ကြမ်းပြင်ပေါ်ရှိ အမျိုးသမီး၏ ခန္ဓာကိုယ်ကို စိုက်ကြည့်နေသည်အား သူ တွေ့လိုက်ရသည်။ သူမက ပုံမှန်နှင့် အနည်းငယ် ကွာခြားနေသောကြောင့် မော့ပိုင်က ခဏတာ တိတ်ဆိတ်နေပြီးမှ နောက်ဆုံးတွင် သူက သူ့အသံကို လျှော့ချလိုက်ပြီး ပြန်ဖြေပေးခဲ့သည်။

 "အနီရောင်စစ်ချုံးက ချုံယွဲ့ရဲ့အနောက်မြောက်ဘက်က ထူးခြားတဲ့ အဆိပ်ရှိတဲ့ မြွေတစ်မျိုးပါ။ လက်ချောင်းထက် သေးငယ်ပြီး အရမ်းသွယ်တယ်၊ အရှည်ကလဲ နှစ်ပေထက် မပိုဘူး၊ အဲ့တာကြောင့် ဒေသခံတွေက အဲ့တာကို ပိုးကောင်လို့ ခေါ်ကြတယ်၊ ဒီမြွေမျိုးက မြေအောက်မြောင်းတွေနဲ့ ကျောက်ခြံစည်းရိုးတွေမှာ အနေများတယ်၊ နေရောင်ခြည် မမြင်ရတဲ့ စိုစွတ်ပြီး အေးတဲ့ နေရာတွေကို ကြိုက်တယ်။ တကိုယ်လုံး နီရဲနေပြီး အဆိပ်က အရမ်းပြင်းတယ်။ အကိုက်ခံရရင် ချက်ချင်း သေလိမ့်မယ်၊ အဆိပ်ကို မတော်တဆ ထိမိရုံ ဒါမှမဟုတ် မတော်တဆ စားမိရင်တောင် သေမှာပဲ"

အဲ့တာကို ထိမိရင် သေချာပေါက် သေမှာလား? 

ကျွော့ချင်းက ထိတ်လန့်သွားပြီး မော့ပိုင်ကို  စိုးရိမ်တကြီး ကြည့်ကာ "လက်မှာ ဘာဒဏ်ရာမှ မရှိရင်တောင် အဲဒါကို ထိမိရင် အဆိပ်မိမှာလား?"

  မော့ပိုင်က စကားပြန်မပြောတော့ဘဲ အေးစက်စက် ခေါင်းညိတ်ပြလာခဲ့သည်။

  ထိုအရာက အလွန်အစွမ်းထက်သော အဆိပ်ဖြစ်နေခဲ့သည်။ ယေဘုယျအားဖြင့် မြွေအဆိပ်က အာရုံကြောတစ်ရှူးများကို အဆိပ်ဖြစ်စေသော နူရိုတိုစင် သို့မဟုတ် သွေးလည်ပတ်မှုဆိုင်ရာကို အဆိပ်ဖြစ်စေသော အဆိပ်သာဖြစ်သည်။ အစွမ်းထက်ဆုံးအဆိပ်များတွင် ထိုနှစ်မျိုးလုံးပါရှိတက်သည်။ သို့သော် အရေပြားကို ထိမိလျှင် သူ့ဘာသာ အ‌ရေပြားကို  ထိုးဖောက်ဝင်ရောက်ပြီး အဆိပ်သင့်စေနိုင်သော အဆိပ်မျိုးကို သူမ မတွေ့ဖူးခဲ့ပေ။ ကျွော့ချင်းက ဤခေတ်တွင် အဆိပ်စမ်းသပ်ရန် ကိရိယာများ မရှိသည့်အတွက် တိတ်တိတ်လေး ကြေကွဲနေခဲ့သည်။ ထိုသို့မဟုတ်ပါက ၎င်းကို သူမ သေသေချာချာ လေ့လာနိုင်မည် ဖြစ်သည်။

  ကျွော့ချင်းက ရှန်ယုလန်ထံတွင် ထူးခြားသည့် လှုပ်ရှားမှု ရှိ မရှိ မသေချာသေးသောကြောင့် သူမ၏ခေါင်းကို မော့ထားပြီး ရှန်ယုလန်ကို ကြည့်နေခဲ့သည်။

  နန်းတွင်းအစေခံတစ်ယောက်က အဖြူရောင်ကြွေပန်းကန်ပြားနှင့် အရှည် ၁၀ စင်တိမီတာခန့်ရှိသော ငွေအပ်တစ်ချောင်းကို ယူဆောင်လာခဲ့သည်။

  အိုးထဲမှ အရက်ကို ပန်းကန်ပြားပေါ် လောင်းချလိုက်သည်ကို သူမ မြင်လိုက်ရပြီး  အနီရောင်ဖျော့ဖျော့ အရက်များက ပန်းကန်ထဲမှ ငွေအပ်ကို ထိသွားချိန်တွင် မူလက တောက်ပနေသည့် အပ်က ချက်ချင်း မည်းတူးသွားခဲ့သည်။ ရှန်ယုလန်က ထိုငွေအပ်ကို ဆယ်ယူကာ အဖြူရောင်အဝတ်ဖြင့် သုတ်လိုက်သော်လည်း ငွေအပ်က မည်းနက်နေဆဲ ဖြစ်သည်။

  ကျွော့ချင်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

သေချာတာတစ်ခုက အရက်ထဲမှာ အဆိပ်သင့်နိုင်တဲ့ ဆာလဖိုက်တွေ အများကြီး ပါ၀င်နေတာကြောင့် ငွေအပ်က မည်းသွားတာပဲ! ဒါမှ မဟုတ်ရင် ဘာတွေ ပါနိုင်သေးလဲ? 

ကျွော့ချင်း ဆက်တွေးနေခဲ့သော်လည်း ကံမကောင်းစွာဖြင့် ရှန်ယုလန်က နောက်တကြိမ် လှုပ်ရှားမှု မလုပ်ခဲ့ပေ။

ဟူရှီအန်းက စိတ်မရှည်တော့ဘဲ "သေရည်ထဲမှာ အဆိပ်ရှိနေတာလား?"

    ငွေအပ်ကို ဖယ်ထုတ်လိုက်သည့် ရှန်ယုလန်က ဘာဆင်ခြေမှ  မပေးဘဲ “ငွေအပ်က အနက်ရောင်ဖြစ်သွားတယ်၊ သေရည်က အနီရောင်ရှိနေပြီး အနံက အညှီနံ ရှိနေတယ်၊ ဒီသေရည်မှာ အနီရောင်စစ်ချုံးရဲ့အဆိပ်ပါနေတယ်”

  ကျွော့ချင်းက သူမ တစ်ကြိမ်သာတွေ့ခဲ့ဖူးသည့် တရားသူကြီးမင်းကို တစ်ဖန်ပြန်လည် ကြည့်ရှုလိုက်ပြန်သည်။ သူမက ဤထူးခြားသောလူကို စူးစမ်းလိုစိတ် ရှိနေခဲ့သည်။

ဒီအနီရောင်ပိုးကောင်က ချုံယွဲရဲ့ထူးခြားတဲ့ အဆိပ်ဆိုတာကို သူလည်း ရှင်းရှင်းလင်းလင်း သိနေမှာပဲလေ။ ဒါပေမယ့် သူက ဘာလို့ ဒီလောက် အေးအေးဆေးဆေး ပြန်ဖြေနိုင်ရတာလဲ? တော်ဝင်သမားတော်နှစ်ယောက်တောင်မှ အခုထိ တုန်လှုပ်နေတုန်းလေ။ သူက တကယ်ပဲ ဖြောင့်မှန်တာလား? ဒါမှမဟုတ် သူ့ကိုယ်သူ ယုံကြည်မှုလွန်ကဲပြီး ဒီအကျပ်အတည်းကို ဖြေရှင်းနိုင်မယ်လို့ ထင်နေတာလား?

  ရှန်ယုလန်က အရက်ထဲတွင် အဆိပ်ရှိနေသည်ဟု အတည်ပြုလိုက်သောအခါ ဟူရှီအန်း၏ဒေါသတကြီး အော်ဟစ်သံက ထွက်ပေါ်လာပြန်သည်။

"ဒါဆို တစ်ယောက်ယောက်က သေရည်ကို အဆိပ်ခတ်ထားတာပဲ၊ သူတို့ကို ဖမ်းပြီး လက်လွဲပေးပါ!"

  ဟူရှီအန်းက အလွန်မောက်မာနေပြီး ယန်းဟုန်ထျန်းက သူ့ကို ဖမ်းဆီးနိုင်သော်လည်း ယခုအချိန်တွင် ထိုသို့လုပ်ပါက သူက တိုင်းပြည်ငယ်များကို အနိုင်ကျင့်သည်ဟူသော စကားများ ပြန့်ပွားလာပေလိမ့်မည်။ ထိုသို့ ဖြစ်လာလျှင်  သူ တခြားတိုင်းပြည်ခြောက်ခုကို မည်သို့မျှ ရင်ဆိုင်နိုင်တော့မည် မဟုတ်ပေ။ ယန်းဟုန်ထျန်း၏မျက်နှာက မည်းမှောင်လာပြီး မုန်တိုင်း၏ ရှေ့ပြေးအခြေအနေနှင့် ဆင်တူနေကာ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။

  ထိုအချိန်တွင် ကြည်လင်ပျော့ပျောင်းသော မိန်းမပျိုတစ်ယောက်၏အသံက တိုးညှင်းစွာ ထွက်ပေါ်လာပြီး အသက်ရှူကျပ်စေသည့် လေထုကို ပြေလျော့သွားစေသည်။

"နန်းတော်ဧည့်ခံပွဲက သေရည်မှာ တကယ်ကို အဆိပ်ရှိနေခဲ့တာပဲ၊ အဲ့တာက ပန်ကုန်းရဲ့အပြစ်ပါ။ ကိုယ်ရံတော်ဝူ၊  မင်းသမီးလေးရဲ့ သေရည်အိုးကို ထိထားတဲ့ အစေခံတွေအားလုံးကို ပန်ကုန်းအတွက် ဖမ်းထားပေး"

  ဒီလိုအချိန်မျိုးမှာ ဧကရီက စကားမပြောသင့်ပေမယ့် တိုင်းပြည်ရဲ့မိခင်တစ်ယောက်အနေနဲ့ နန်းတော်မှာ ဖြစ်ပျက်တဲ့ကိစ္စတွေ အတွက် စကားအနည်းငယ် ပြောရင်လည်း အရေးတော့မကြီးပါဘူး။

သူမ၏အသွင်အပြင်က လေထုကို သက်တောင့်သက်သာ ဖြစ်သွားစေခဲ့သည်။

  "အမိန့်တော်အတိုင်းပါ" ဧကရာဇ်၏အမူအရာကို ကြည့်ပြီးနောက် ဝူရုံက ရပ်တန့်မနေရဲတော့ ချက်ချင်း လှည့်ထွက်သွားတော့သည်။

  ကျွော့ချင်းက တိုးတိုးလေး နှာမှုတ်လိုက်သည်။

 ချင်းလင်က မင်းသမီးလေးအတွက် အရက်ငဲ့ပေးတဲ့သူလေ။

  သူမ မျှော်လင့်ထားသည့်အတိုင်း အစောင့်တော်တော်များများက အစေခံသုံးယောက်ကို နန်းတော်ခန်းမ၏အရှေ့သို့ ဆွဲခေါ်လာခဲ့ကြသည်။ ချင်းလင်ကိုလည်း ကြမ်းပြင်ပေါ် တွန်းချလိုက်ပြီး ကြမ်းပြင်ပေါ်တွင် ဒူးထောက်ခိုင်းထားခဲ့သည်။ အစေခံသုံးယောက်က ကြမ်းပြင်ပေါ်တွင် လဲကျနေရင်း အလွန်ထိတ်လန့်နေပုံရကာ “ဧကရီမယ်မယ်၊ ကျေးဇူးပြုပြီး အသက်ကို ချမ်းသာပေးပါ၊ ဒီကျွန်​​က သေရည်​ကို အိုး​တွေထဲ ခွဲ​ထည့်ပေးဖို့ပဲ တာဝန်​ရှိတာပါ​၊ မင်းသမီးလေးအတွက်​က ဘယ်င်​အိုးလဲဆိုတာတောင် မသိပါဘူး၊ ဒီကျွန်​ကို သတ္တိတစ်ရာ​ပေးရင်တောင်​ ဒီကျွန်​​မှာ အဲ့လိုလုပ်ရဲတဲ့ သတ္တိရှိမှာ မဟုတ်ပါ​ဘူး"

  ကရုဏာ တောင်းခံနေသော အစေခံသုံးယောက်နှင့် နှိုင်းယှဉ်လျှင် ချင်းလင်က စကားတစ်ခွန်းမှ မပြောဘဲ တည့်တည့်မတ်မတ် ဒူးထောက်နေကာ သူမ၏ မျက်နှာက အမူအရာ ကင်းမဲ့နေပြီး ဘာမှမထူးခြားပေ။

  ဧကရီက သူမ၏မျက်လုံးများကို အနည်းငယ် မှေးကျဥ်းကာ ချင်းလင်ကို ကြည့်ရင်း အေးစက်သောလေသံဖြင့် "ချင်းလင်၊ မင်းက ဟောင်ယွဲ့ကနေ နန်းတော်ကို ပို့လိုက်တဲ့ အမျိုးသမီးဖြစ်ပြီး အခု မင်းကို နန်းတော်ရဲ့ အစေခံအဖြစ် ရာထူးကနေ ချလိုက်လို့ စိတ်ဆိုးပြီး မြောက်ပိုင်းချီရဲ့ မင်းသမီးကို အဆိပ်ခတ်တာလား? ဒါမှမဟုတ် ‌ဟောင်ယွဲ့ရဲ့ခေါင်းဆောင်က အမိန့်ပေးလိုက်တာလား? မင်းက မြောက်ပိုင်းချီရဲ့မင်းသမီးကို အဆိပ်ခတ်ပြီး ချုံယွဲ့နဲ့ မြောက်ပိုင်းချီကြားမှာ သဘောထားကွဲလွဲမှုကို အစပျိုးချင်တာလား?

  ခေါင်းငုံ့ထားဆဲဖြစ်သည့် ချင်းလင်က အေးစက်စက် စကားလေးလုံးကိုသာ ပြန်ပြောခဲ့သည်။

"ငါ မလုပ်ဘူး"

"မင်း မနေ့ညက ဧကရာဇ်မင်းမြတ်ကို လုပ်ကြံဖို့ ကြိုးစားခဲ့တယ်၊ အခု မင်းမှာ မကောင်းတဲ့ ရည်ရွယ်ချက်မရှိဘူးလို့ ပြောရဲသေးတယ်လား? ပန်ကုန်းက မင်းကို သတ္တိရှိရှိ ဝန်ခံဖို့ အခွင့်အရေးပေးမယ်။ မင်း လုပ်ခဲ့တာတွေကို အမှန်အတိုင်း ပြော၊ ပန်ကုန်းက မင်းကို နာကျင်မှုကနေ ကင်းလွတ်ခွင့်ပေးမယ်”

       သူမက  သူမရဲ့ညီအစ်မတွေ သေသွားပြီလို့ အမြဲတွေးနေခဲ့တယ်။ ဒီကမ္ဘာမှာ သူမ တစ်ယောက်တည်းနေနေရတာ ဘာအဓိပ္ပါယ်ရှိတော့မှာလဲ? သေခြင်းတရားက သူမအတွက် သက်သာရာရစေပေမယ့် အရာပဲ။ ဒါပေယ့် ဒီနေ့ သူမ သူမရဲ့ညီအစ်မတွေထဲက တစ်ယောက်ကို ပြန်တွေ့လိုက်ရတယ်။ အဲ့တာကြောင့် သူမက ဧကရီ သူမကို အပြစ်တင်လွှဲချခွင့် မပေးနိုင်တော့ဘူး၊ မဟုတ်ရင် သူမရဲ့ညီအစ်မတွေနဲ့ ဟောင်ယွဲ့ရဲ့အပြစ်မဲ့ပြည်သူတွေကိုပါ ဒုက္ခရောက်စေလိမ့်မယ်။

  အချိန်အတော်ကြာပြီးနောက် ချင်းလင်က သူမ၏ ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ပြီး သနားစဖွယ်ဟန်ဆောင်ကာ အဝေးမှ အမျိုးသမီးကို လှမ်းကြည့်လိုက်သော်လည်း အမှန်တကယ်တွင် သူမက ထိုအမျိုးသမီးကို စက်ဆုပ်ရွံရှာနေကာ သူမ၏အမူအရာကလည်း အတုအယောင်သာ ဖြစ်နေခဲ့သည်။ “ကျွန်တော်မျိုးမက မနေ့က ပန်းအိုးကို မတော်တဆ ခွဲလိုက်မိပြီး ဧကရာဇ်မင်းမြတ်ကို ထိခိုက်စေခဲ့မိပါတယ်။၊ ကျွန်တော်မျိုးမက ကျွန်တော်မျိုးမရဲ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ဖို့ ပျက်ကွက်ခဲ့မိပါတယ်။ အဲ့တာကြောင့် ဧကရာဇ်မင်းမြတ်က ကျွန်တော်မျိုးမကို ဒေါသထွက်ပြီး နန်းတော် အစေခံအဖြစ် ရာထူးချလိုက်ပါတယ်။ ဒီနေ့ ကျွန်တော်မျိုးမက မြောက်ပိုင်းချီရဲ့မင်းသမီးလေးအတွက် သေရည်ထည့်ပေးဖို့ ဒီမှာ ရှိနေခဲ့ပါတယ်။ အဲဒါက ဧကရီမယ်မယ်ရဲ့ အမိန့်ကို လုံးဝ နာခံခဲ့တာပါ။ ကျွန်တော်မျိုးမက အဆိပ်ကို ထည့်ခဲ့သူလို့ ပြောရင် ဧကရီမယ်မယ်က စီမံပေးတဲ့သူပါပဲ"

  "ရိုင်းစိုင်းလိုက်တာ!"

ဧကရီ၏ မျက်နှာက သိသိသာသာ ပြောင်းလဲသွားပြီး သူမ၏ နဂိုဖော်ရွေသော စကားသံက ယခုအခါ အလွန်ကြမ်းတမ်းလာသည်။

"မင်းရဲ့ ပါးစပ်က ချွန်ထက်နေပြီး အဓိပ္ပါယ်မရှိတာတွေနဲ့ ပြည့်နှက်နေပုံရတယ်။ မင်းက အနှိပ်စက်မခံရရင် အမှန်တရားကို ပြောမှာ မဟုတ်တော့ဘူး!!"

  ဧကရီ၏စကားဆုံးသွားသည်နှင့် သူမ ဘေးတွင်ရပ်နေသော အစောင့်က ရှေ့သို့ ပြေးသွားကာ ချင်းလင်ကို ကြမ်းပြင်ပေါ်သို့ တွန်းလှဲလိုက်သည်။

  ကျွော့ချင်း၏ နှလုံးသားများက တင်းကျပ်လာသောကြောင့်   ကျွော့ချင်းက သူမ၏ရင်ဘတ်ကို ပြန်ဖိထားလိုက်သည်။ သူမက ချင်းလင်၏ လိမ္မာပါးနပ်သော အဖြေအတွက် ချင်းလင်ကို ချီးကျူးနေမိသော်လည်း ယခု သူမအတွက် စိုးရိမ်နေမိသည်။ ယန်းဟုန်ထျန်းကို လှမ်းကြည့်လိုက်ချိန်တွင် သူက ဘာအမူအရာမှ ထုတ်ဖော်ပြောဆိုခြင်း မရှိဘဲ ချင်းလင်အတွက် စာနာစိတ်လေးပင် မပြသခဲ့ပေ။ ဧကရီ၏လှုပ်ရှားဆောင်ရွက်မှုက သူ့အတွက် ကြီးမားသော အကူအညီ ဖြစ်စေခဲ့ပုံရသည်။

ဇာတ်လမ်းက ပြီးပြည့်စုံလွန်းတယ်၊ အရာအားလုံးက ချုံယွဲ့နဲ့ ဘာမှမဆိုင်ဘူး။ တကယ်လို့ မြောက်ဘက်ချီက ကလဲ့စားချေဖို့ တစ်စုံတစ်ယောက်ကို ရှာဖွေချင်ရင် ဟောင်ယွဲ့ဆီသို့  လှည့်သွားရတော့မယ်။

       ဒါပေမယ့် ဒီအခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေနဲ့ ချင်းလင်ကို  စွပ်စွဲနေတာကို သူမ တားနိုင်မလား?! ချင်းလင်ကို ညှဉ်းပန်းနှိပ်စက်နေတာကို သူမ ကြည့်နေနိုင်လား?

  မနေနိုင်ဘူး!

  သူမ နှလုံးသားထဲမှ ဆက်တိုက်အော်နေသည့် အသံတစ်ခုက သူမဦးနှောက်ဆီသို့ ရောက်လာသလို ကျွော့ချင်း ခံစားနေရသည်။ ထိုအရာက သွေးက စကားပြောခြင်း ဖြစ်နိုင်သလို ကျွော့ချင်း၏ကိုယ်ပိုင်အသိစိတ်တစ်ခုလည်း ဖြစ်နိုင်ပြီး တိုတိုပြောရလျှင် ကျွော့ချင်းက သူမ ထိုင်ကြည့် မနေနိုင်တော့ကြောင်း နားလည်လိုက်သည်။