Chapter 38
Viewers 430

အခန်း ၃၈ နန်းတော်ဧည့်ခံပွဲ (အပိုင်း ၂)

  နန်းတော်ခန်းမထဲသို့ ဝင်လိုက်သည်နှင့်တပြိုင်နက် ကျွော့ချင်း၏မျက်လုံးများက အမှန်တကယ် ပွင့်သွားခဲ့သည်။ နန်းတော်ခန်းမက ဘောလုံးကွင်းလောက်နီးပါး ကျယ်ဝန်းနေပြီး သစ်သားဖြင့် ပြုလုပ်ထားသည့် အမိုးတန်းတစ်ခုစီကပင် အချင်းတစ်မီတာထက်မနည်း ရှိနေလေသည်။ ခန်းမကို အထပ်သုံးထပ်ခွဲထားပြီး ခန်းမအလယ်တွင် ဆယ်မီတာခန့်ကျယ်သော ရွှေရောင်ကော်ဇောကို ခန်းမဝင်ပေါက်မှ အမြင့်ဆုံးထပ်အထိ တိုက်ရိုက် ခင်းထားသည်။ ထိုရွှေရောင်ကောဇောက သာမာန်အနီရောင်ကော်ဇောများထက် အဆများစွာ ပိုခံ့ညားနေပြီး ဇိမ်ရှိမည့်ပုံပေါ်နေသည်။

အမြင့်ဆုံးအထပ်တွင် နဂါးခေါင်းများ ပါသော ကုလားထိုင်တစ်လုံး ရှိနေပြီး တစ်ချက်ကြည့်ရုံဖြင့် ဧကရာဇ်၏နေရာဖြစ်ကြောင်း သိနိုင်သည်။ ဒုတိယထပ်တွင် စန္ဒကူးနီဖြင့် ထွင်းထားသော စားပွဲရှည် ဆယ်လုံးရှိသည်။ လို့ရှီးယန်နှင့် စုလင်းတို့ နှစ်ယောက်စလုံးက ထိုနေရာသို့ လျှောက်သွားကြသည်။  ထိုလူနှစ်ယောက်က ဒုတိယထပ်မှ နဂါးပုလ္လင်နှင့် အနီးဆုံးဘယ်နှင့် ညာတွင် ဝင်ထိုင်လိုက်ကြပြီး ယခုတစ်ကြိမ်၏အစီအစဥ်ကို ကြည့်ရုံဖြင့် လူတိုင်း၏အဆင့်အတန်းကို သိနိုင်ပေလိမ့်မည်။ တတိယထပ်တွင် စားပွဲပေါင်း တစ်ရာကျော်ခန့် ရှိနေသည်၊၊ သို့သေည် အစွန်ဆုံးတွင် ထိုင်ရမည့်သူက ဧကရာဇ်က မည်သို့သော ပုံစံဆိုသည်ကို မမြင်ရလောက်ဘူးဟု ကျွော့ချင်း တွေးနေခဲ့သည်။

လို့ရှီးယန်က ဝင်ထိုင်လိုက်ပြီး ကျွော့ချင်းက သူ့နောက်တွင် ရပ်နေခဲ့သည်။ သူတို့ကြားမှာ မီတာနှစ်ဆယ်နီးပါး အကွာအဝေးရှိနေသောကြောင့် နောက်ဆုံးတွင် ကျွော့ချင်းက သူမ၏ဘေးမှ ထက်မြက်ပြီး အန္တရာယ်များပုံရသည့် စစ်သူကြီးစုကို နောက်တစ်ကြိမ် ထပ်ကြည့်ရန် သတ္တိရှိလာခဲ့သည်။ ရှေးခေတ်က စစ်သူကြီးတစ်ဦးနှင့် တွေ့ဆုံနိုင်ရန်က ရှားပါးသော အခွင့်အရေးတစ်ခုသာ ဖြစ်သည်။ ကျွော့ချင်းက အသံတိုးတိုးဖြင့် "ဒီရှေးခေတ်စစ်သူကြီးစုက အမှန်တကယ်ကို သူရဲ့ဂုဏ်သတင်းနဲ့ ထိုက်တန်ပါပေတယ်"

  လို့ရှီးယန်က နောက်ပြန်လှည့်မကြည့်ဘဲ သူ့မျက်ခုံးကို ပင့်တင်လိုက်ကာ "ဘာလို့ အဲ့လိုမြင်တာလဲ?"

  "သူ့မှာ မြဲမြံခိုင်မြဲတဲ့ မျက်လုံးတစ်စုံရှိတယ်၊ ရှေ့တိုးနိုင်၊ နောက်ဆုတ်နိုင်တဲ့ ကိုယ်ဟန်အနေအထားနဲ့ အရာအားလုံးကို အနိုင်ယူနိုင်တဲ့ ကျက်သရေရောင်ဝါရှိတယ်"

‘ဒါက ဒီခေတ်က ပေးနိုင်တဲ့ ကျက်သရေလည်း ဖြစ်နိုင်တယ်” ကျွော့ချင်းက နောက်ဆုံးစာကြောင်းကိုတော့ ထုတ်မပြောတော့ပေ။

  လို့ရှီးယန်က စားပွဲပေါ်ရှိ သေရည်ခွက်ကို ဖြည်းညှင်းစွာ ကောက်ယူလိုက်ပြီး အေးအေးဆေးဆေး သောက်နေကာ "ဒါဆို မင်းက ဒီခဲအိုကို အရမ်းကျေနပ်နေတာလား?"

  ခဲအို? 

ကျွော့ချင်းက အသိပြန်ဝင်လာပြီး "မဟုတ်ဘူး၊ ကျွန်မ အကဲဖြတ်နေတာက စစ်သူကြီးတစ်ယောက်ရဲ့ အဆင့်အတန်းပဲ။ သူက ခဲအိုတစ်ယောက်၊ ခင်ပွန်းတစ်ယောက်အနေနဲ့ အရည်အချင်းပြည့်လား မပြည့်ဘူးလားဆိုတာကို ကျွန်မ အကဲဖြတ်ပိုင်ခွင့် မရှိဘူး"

သူမက အရမ်းအစွမ်းထက်နေတာ မဟုတ်ဘူးလေ။ တစ်ချက်လောက်ကြည့်ရုံနဲ့ ယောကျာ်းကောင်း ဟုတ် မဟုတ် မပြောနိုင်ပါဘူး။ သူ့ရဲ့ ကြံ့ခိုင်တဲ့ ကိုယ်လုံးကိုယ်ပေါက်ကတော့ နည်းနည်း ကြောက်စရာကောင်းနေပြီး အင်အားတစ်ခုတည်းနဲ့ နှိပ်စက်နိုင်သလို ခံစားရနိုင်တယ်။

  ခဲအို??

ဟောင်ယွဲ့ရဲ့ဒေသိယစကားက ခဲအိုကို အဲ့လို ပြောကြတာလား? 

လို့ရှီးယန်က ထိုစကားလုံး၏ အဓိပ္ပါယ်ကို ယောင်ဝါးဝါး ခန့်မှန်းနေခဲ့သည်။ သူက သူ့လက်ထဲမှ သေရည်ခွက်ကို ကိုင်ထားရင်း  ကျွော့ချင်းကို ဘေးတိုက်ကြည့်ကာ စိတ်ဝင်တစား ထပ်မေးလိုက်သည်။

"ဒါဆို ကိုယ်ကရော..."

(အဲ့နားမှာ ကျွော့ချင်းက ခဲအိုကို ခုခေတ်အသုံးနဲ့ပြောလိုက်ပြီး ရှီးယန်က ဟောင်ယွဲ့ကအသုံးလို့ ထင်သွားတာပါ)

  "ရှင်က ဘာဖြစ်နေလို့လဲ?" သူ့မျက်လုံးထဲမှ အလင်းရောင်က အနည်းငယ် ထူးဆန်းနေသောကြောင့် တစ်ခုခုမှားနေသည်ဟု  ကျွော့ချင်း ခံစားလိုက်ရသည်။ 

သူမ တွေးလိုက်မိသည့်အတိုင်း သူက လက်ထဲမှ အရက်ခွက်ကို လှည့်ပတ် ကစားရင်း အပြုံးတစ်ဝက်ဖြင့် "ကိုယ်က ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ အရည်အချင်းပြည့်မီရဲ့လား...? ဒါမှမဟုတ် ခင်ပွန်းတစ်ယောက်အနေနဲ့ရော အရည်အချင်းပြည့်မီရဲ့လား?"

  လို့ရှီးယန်က ပေါ့ပေါ့ပါးပါး မေးနေခဲ့သော်လည်း သူ့မျက်လုံးများက သူမကို တည့်တည့်စိုက်ကြည့်နေလေသည်။ ကျွော့ချင်း၏ အနည်းငယ်ကျဉ်းမြောင်းသော မျက်လုံးများထဲတွင် မခန့်မှန်းရဲသော သို့မဟုတ် မခန့်မှန်းချင်သည့် ခံစားချက်တစ်ခု ရှိနေခဲ့သည်။ သူမ၏ မျက်နှာက အနည်းငယ် ပူလောင်နေပြီး အမြဲတမ်း မာနကြီးကာ ဉာဏ်ကောင်းလွန်းသော သူမက ခေတ္တမျှ ပြန်မဖြေနိုင်ခဲ့ပေ။ 

အမြဲတမ်း စိတ်ရှည်ခြင်းက လို့ရှီးယန်၏ အရေးကြီးသော အားသာချက်များထဲမှ တစ်ခုဖြစ်သည်။ သူမ သူ့ကို မပြောပါက သူက သူမကို မေးခွန်းထုတ်ရန် မည်သည့်အခါမျှ အလျင်စလိုလုပ်မည် မဟုတ်သော်လည်း ထိုသို့သော စူးရှသောအကြည့်က ယခုအချိန်တွင် ကျွော့ချင်းအတွက် နှိပ်စက်မှုတစ်မျိုး ဖြစ်နေသည်။ ကံကောင်းထောက်မစွာဖြင့် မိုးကောင်းကင်က သူမ၏တောင်းဆိုမှုကို ကြားသွားခဲ့သည်။ နန်းတွင်းအစေခံတစ်ဦးက သူမ၏လက်ထဲတွင် လင်ဗန်းတစ်ချပ်ကို ကိုင်ကာ ဖြည်းညှင်းစွာ ရောက်လာပြီး လို့ရှီးယန်၏စားပွဲရှည်ရှေ့တွင် ဒူးထောက်တစ်ဝက်ထောက် ထိုင်ချလိုက်သည်။

  လို့ရှီးယန်က သူ့လက်ကို ညင်သာစွာ မြှောက်လိုက်ပြီး "မင်း ငါ့ကို ခစားစရာ မလိုဘူး၊ ထွက်သွား"

 နန်းတော်၏ဧည့်ခံပွဲအတွင်း နန်းတော်မှ အစေခံတစ်ယောက်စီက စားပွဲတစ်ခုစီတွင် အရက်နှင့် ဟင်းလျာများ ထည့်ပေးနေခဲ့သော်လည်း သူက ယနေ့ ဤနေရာတွင် စားဖြစ်မည် မဟုတ်ပေ။ ထို့ကြောင့် သူက အနှောက်အယှက် အဖြစ်မခံချင်တော့ပေ။

  မထင်မှတ်ဘဲ ထိုနန်းတွင်းအစေခံက ထွက်မသွားရုံသာမက လို့ရှီးယန်အတွက် အရက်နောက်တစ်ခွက်ကို အေးအေးဆေးဆေး လောင်းထည့်ကာ အရက်ခွက်ကို လို့ရှီးယန်ထံသို့ ညင်သာစွာ လှမ်းပေးလာခဲ့သည်။ ထို့နောက်တွင် ထိုနန်းတွင်းအစေခံက သူမ၏ခေါင်းကို ဖြည်းညှင်းစွာ မော့လာပြီး စိုးရိမ်နေဟန်ဖြင့် မေးလာခဲ့သည်။

"နေကောင်းသွားပြီလား??"

       နူးညံ့သိမ်မွေ့သော အမျိုးသမီး၏အသံက တိုးညှင်းစွာ ထွက်ပေါ်လာပြီး လို့ရှီးယန်က အမှတ်တမဲ့ မျက်မှောင်ကြုတ်ကာ သူ့အနားရှိ နန်းတွင်းအစေခံကဲ့သို့ ၀တ်ဆင်ထားသော အမျိုးသမီးကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူက  လေးနက်သောအသံဖြင့် "မင်းသမီး၊ မင်းသမီး ဒီနေရာမှာ ရှိမနေသင့်ဘူး"

  လို့ရှီးယန်၏ ရှက်ရွံ့စရာမေးခွန်းများကို ရင်ဆိုင်နေခဲ့ရသည့်အတွက် ရောက်လာသူကို ကျေးဇူးတင်နေမိသော ကျွော့ချင်းလည်း ရုတ်တရက် လန့်ဖျပ်သွားသလို ခံစားလိုက်ရသည်။ သူမက မသိစိတ်ဖြင့် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ထိုအမျိုးသမီး၏ အသွင်အပြင်ကို အနီးကပ်ကြည့်လိုက်သည်။ သူမထံတွင် မိုးမခပုံမျက်ခုံးနှင့် ကြယ်ရောင်မျက်လုံးလေးများ ရှိနေပြီး ပန်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသော်လည်း သူမ၏နှုတ်ခမ်းများက အနည်းငယ် တင်းတင်းကျပ်ကျပ် စေ့ပိတ်ခံထားရသည်။ သူမ၏တိတ်ဆိတ်သောပုံရသော စိတ်နေစိတ်ထားက သူမကို အလွန်သက်တောင့်သက်သာဖြစ်စေသည်။ ကျွော့ချင်းက သူမ၏မျက်ခုံးများကို အနည်းငယ် ပင့်တင်လိုက်သည်။

ဒီနေ့ည အစေခံ၀တ်စုံကို ဝတ်လာတဲ့သူက သူမ တစ်ဦးတည်းမဟုတ်ဘူးပဲ။ လို့ရှီးယန်ရဲ့ အရှိန်အဝါကလည်း မသေးဘူးဟ။

  ဤနေရာတွင် ရပ်နေပြီး တခြားသူများ၏ပြောစကားများကို ခိုးနားထောင်ရခြင်းက ငြီးငွေ့စရာကောင်းသည်ဟု ခံစားမိသောကြောင့် ကျွော့ချင်းက တစ်ဘက်ကို လှည့်လိုက်ပြီး မော့ပိုင်နားသို့ ပြန်ဆုတ်လာခဲ့သည်။ သူ့၏အရပ်မြင့်မြင့်ကြီး သူမ၏ခန္ဓာကိုယ်ကို ပိတ်ဆို့ပေးထားခြင်အား အခွင့်ကောင်းယူလိုက်ပြီး ကျွော့ချင်းက သူမဘေးမှ တိုင်ကို ပျင်းရိစွာ မှီနေကာ သမ်းဝေချင်နေသည့် မျက်လုံးများက အဆောက်အဦးအနှံ လျောက်ကြည့်နေခဲ့သည်။ ခန်းမထဲတွင် လူတော်တော်များများ ရှိနေခဲ့သော်လည်း ဒုတိယထပ်သို့ တက်လာနိုင်သည့်လူက အနည်းငယ်သာ ရှိနေ‌လေသည်။ စုလင်း၏ဘေးမှ ထိုင်ခုံသုံးလုံးက လွတ်နေပြီး နောက်ဆုံးခုံရှိလူက တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေကြကာ အခြားအရာရှိများနှင့် နှုတ်ဆက်စကားပင် မဖလှယ်ပေ။ ကျွော့ချင်းက စူးစမ်းလိုစိတ်ဖြင့် ကြည့်နေပြီး ဤလူကို ကြည့်ရသည်မှာ ရင်းနှီးနေပုံရသည်ဟု တွေးနေမိပြန်သည်။ ခဏအကြာတွင် ထိုလူ သူမတွေ့ခဲ့ဖူးသော တရားသူကြီး ရှန်ယုလန် ဖြစ်ဟန်တူကြောင်း သူမ မှတ်မိသွားခဲ့သည်။

 သူ့ရဲ့တရားဝင်ရာထူးကလည်း မသေးဘူးပဲ။

  လို့ရှီးယန်၏ လျစ်လျူရှုသောအသံက ယန်းရူရွှယ်၏နှလုံးသားကို နာကျင်စေခဲ့သည်။ သူမက သူမ၏နှလုံးသားထဲမှ နာကျည်းမှုကို မျိုသိပ်ပြီး "ရှင် နေမကောင်းထပ်ဖြစ်တယ်ဆိုတာ ကျွန်မ ကြားတယ်။ ကျွန်မ အရမ်းစိတ်ပူပြီး ရှင့်ဆီကို လာလည်ချင်ပေမယ့် ကျွန်မအမေက ကျွန်မကို ခွင့်မပြုဘူး။ နန်းတော်အပြင်ကို ခဏခဏ မထွက်ရဘူးတဲ့"

  "ကျွန်တော်မျိုး အခု နေကောင်းပါတယ်။ မင်းသမီး၊ သိပ်စိတ်မပူပါနဲ့" ကျွော့ချင်းက မော့ပိုင်ဘက်သို့ ပြန်ဆုတ်သွားသည်ကို မြင်လိုက်ရချိန်တွင် လို့ရှီးယန်က သူ့စိတ်ထဲမှ ခံစားလိုက်ရသော ခံစားချက်ကို နားမလည်နိုင်တော့ပေ။

သူ ဘာလို့ နေလို့ အဆင်မပြေ ဖြစ်နေတာလဲ? သူမက တစ်ခုခုလုပ်ပေးဖို့  သူ မျှော်လင့်နေတာလား?! 

သူ့စိတ်ထဲတွင် အနည်းငယ် တုန်လှုပ်နေသော်လည်း မည်သူကမျှ ဘယ်သောအခါမှ သူ့အတွေးတွေကို အလွယ်တကူ ခန့်မှန်းရန် မဖြစ်နိုင်ပေ။

  ယန်းရူရွှယ်က သူမလက်ကို ညင်သာစွာ မြှောက်လိုက်သည်နှင့် တောက်ပကြည်လင်သော ကျောက်စိမ်းလက်ကောက်လေးက သူမ၏လက်ကောက်ဝတ်တွင် ပြိုးပြိုးပြက်ပြက်ပြက် လက်လာသည်။ ယန်းရူရွှယ်၏နှလုံးသားက ဗုံသေးသေးလေးတစ်လုံးကဲ့သို့ ခုန်နေပြီး မျှော်လင့်ချက်များဖြင့် မေးလာပြန်သည်။

"ဒီလက်ကောက်ကို ရှင် ကိုယ်တိုင် ရွေးချယ်ခဲ့တာလား?

မနှစ်ကလည်း သူပို့ပေးတဲ့ ခရမ်းရောင်ရွှေဆံထိုးကို သူမ နေ့တိုင်းဝတ်ဆင်ခဲ့ပြီး အရမ်းပျော်နေခဲ့သေးတယ်။ နောက်တော့ သူက သူ့အိမ်တော်ရဲ့ဘဏ္ဍာထိန်းကို သူ့ကိုယ်စား ရွေးခိုင်းခဲ့တာကို သူမ ပြန်သိခဲ့ရလို့ အဲဒီဆံထိုးကို ဘယ်တော့မှ ထပ်မဝတ်တော့ဘူး။

လို့ရှီးယန်၏အတွေးထဲတွင် ကျင်းစက သူ့ကို ပြခဲ့သည့် လက်ကောက်တစ်ဖက် ပေါ်လာခဲ့သည်။ သူက ယန်းရူရွှယ်၏ မျှော်လင့်နေသော မျက်လုံးများကို ကြည့်လိုက်ပြီး သူမကို ပြုံးပြလိုက်ကာ "မင်းသမီး ကြိုက်ရဲ့လား?"

  "ရှင် ပေးခဲ့တဲ့အရာအားလုံးကို ကျွန်မ ကြိုက်တယ်"

သူပေးခဲ့တဲ့အရာကို သူမ လုံးဝ ဂရုမစိုက်ပေမယ့် သူမအတွက် ပြင်ဆင်ဖို့ သူ ကြိုးစားခဲ့သလားဆိုတာကိုတော့ သူမ ဂရုစိုက်ခဲ့တယ်။

  "မင်းသမီး ကြိုက်တာကောင်းပါတယ်။ နန်းတော်ဧည့်ခံပွဲက စတော့မယ်။ မင်းသမီး၊ ကျေးဇူးပြုပြီး အရင်ပြန်သွားပါ"

  လို့ရှီးယန်၏ ပြောင်မြောက်သော အဖြေက ယန်းရူရွှယ်၏ မျက်နှာကို မည်းမှောင်သွားစေသည်။ သူမက ထက်မြက်ပြီး ဤလက်ကောက်ကို သူ ကိုယ်တိုင် ရွေးချယ်ခဲ့ခြင်း မဟုတ်ကြောင်း သူမ မသိဘဲ မနေပေ။ 

သူမ ဘာကို တောင်းဆိုနေမိတာလဲ?

 သူမက ရယ်စရာကောင်းနေမှန်း ရုတ်တရက် သိလိုက်ရသောကြောင့် ယန်းရူရွှယ်က ဖြူဖပ်ဖြူရော်မျက်နှာဖြင့် စိတ်ပျက်လက်ပျက် မတ်တပ်ထရပ်လိုက်သည်။ ထိုအခိုက်အတန့်တွင် အဝေးမှ စူးစူးရှရှ အသံများက ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။

"ဧကရာဇ်မင်းမြတ် ကြွချီလာပါပြီ”

“ဧကရီ ကြွလာပါပြီ!"

  ဆူညံရှုပ်ထွေးနေသော ပင်မခန်းမကြီးက ခေတ္တခဏတိတ်ဆိတ်သွားပြီး  လူတိုင်းက ဒူးထောက်ကာ ဦးညွှတ်နေကြသည်။ ဒုတိယအလွှာမှ အရာရှိများက ဒူးထောက်နေကာ ကျန်လူများ အားလုံးက ကြမ်းပြင်ပေါ်တွင် ဝပ်တွားနေကြသည်။ ကျွော့ချင်း မတုံ့ပြန်နိုင်မီမှာပင် မော့ပိုင်က သူမကို ဆွဲချပြီး  ဒူးထောက်စေခဲ့သည်။ နန်းတော်ခန်းမထဲတွင် ရပ်နေသော တစ်ဦးတည်းသောလူမှာ ယန်းရူရွှယ်ဖြစ်ပြီး သူမက တွေဝေနေပုံရသည်။

  လို့ရှီးယန်၏ မျက်လုံးများက မှေးမှိန်သွားပြီး ယန်းရူရွှယ်၏လက်ကို ကိုင်ကာ သူ့နံဘေးသို့ ဆွဲချလိုက်သည်။ တစ်ချိန်တည်းမှာပင် ဧကရာဇ်နှင့် ဧကရီတို့က ခန်းမတံခါးဝတွင် ပေါ်လာခဲ့သည်။ 

✍️✍️✍️