Ch-15 Unicode
"ငါ နောက်မှ မင်းကို ဆေးဖိုးပေးမယ်နော်... အခုတော့ အရင်ဆုံး အားချင့်အတွက် ဆေးသွားကြိုပေးလိုက်ဦးမယ်ကွယ်... ကျေးဇူးအများကြီးတင်ပါတယ်"
ထို့နောက် ကျိုးယွမ်က သူ့အိတ်ကပ်ထဲမှ ငွေပြားကို ထုတ်ယူလိုက်ပြီး
"ဒါက အဲဒီလူနှစ်ယောက်ပေးတဲ့ လျော်ကြေးပါ... ကျေးဇူးပြုပြီး လက်ခံပေးပါဦး"
"အာ?"
စွင်းတာ့ညန်က ငွေပြားကို ကိုင်ထားရင်း အနည်းငယ် စိတ်ရှုပ်ထွေးနေမိလျက်။
"ငါက ဘယ်လိုလုပ်ပြီး ဒါကိုလက်ခံနိုင်မှာတုန်း"
သို့သော် ကျိုးယွမ်ကတော့ ထွက်ခွာသွားနှင့်ပြီဖြစ်လေသည်။
...
ကျိုးယွမ်၏ ချန်စစ်နှင့် မုန့်ကျူဇီကို ရာမန်ဆီ ခေါ်ဆောင်သွားသည့်လမ်းခရီးမှာ မချောမွေ့ခဲ့ပေ။ မြို့သို့သွားရာလမ်းတွင် ရွာသူကြီးနှင့် တွေ့ခဲ့လေသည်။
ချန်စစ်နှင့် မုန့်ကျူဇီတို့ဟာ အမြင်ကျဥ်းမြောင်းပြီး မစော်ကားသင့်သည့်လူကို သွားထိရဲသဖြင့် ရွာသူကြီးက ဒေါသထွက်နေရသည်။ သို့သော် သူ့ကို ပိုလို့တောင် ဒေါသထွက်စေသည်မှာ ကျိုးယွမ်ဟာ သူ့မျက်နှာကိုပင် ဂရုမစိုက်ဘဲ ဒီကိစ္စကို ကြီးကြီးကျယ်ကျယ်လုပ်ရန် တိုက်တွန်းနေ၍သာ။
ချန်စစ်၏ မိန်းမဟာ ရွာသူကြီး၏ ညီမဖြစ်၍ မနက်စောစော လာငိုယိုကာ မနေ့ညက ချန်စစ် အိမ်ပြန်မလာကြောင်း ပြောပြခဲ့သည်။ သူ့တွင် ပိုက်ဆံရပေါက်ရှိကြောင်း ပြောခဲ့ပေမယ့် ကျိုးယွမ်အိမ်မှာ သွားခိုးလိမ့်မည်ဟု မထင်ထားခဲ့ပေ!
ရွာသူကြီးသည် ကိစ္စများကို ဖြေရှင်းရာတွင် အသေးအဖွဲဖြစ်အောင် ရွာသူကြီးဆိုသော သူ၏ဂုဏ်ပုဒ်ကို အသုံးပြုခဲ့ပေမယ့် ကျိုးယွမ်ဟာ ခေါင်းမာသည့်သူဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားမိခဲ့ချေ။
ကျိုးယွမ်သည် မြို့သို့သွားရာလမ်းဟာ ချောမွေ့မည်မဟုတ်မှန်း ကြိုသိပြီးသားပင်။ ထို့ကြောင့် လမ်းမှာ ရွာသူကြီးနှင့် တွေ့လိုက်ရသည်ကို အံ့အားသင့်မနေခဲ့။
"ကျိုးယွမ် ဘာတွေဖြစ်နေတာလဲ?"
ကျိုးယွမ် အေးအေးဆေးဆေးပဲ ပြောလိုက်သည်။
"မနေ့ညက ကျုပ် ကောင်းကောင်းအိပ်မပျော်ဘူးလေ... ဆူညံသံတချို့ကြားတော့ ထကြည့်လိုက်တဲ့အခါ တစ်ယောက်ယောက်က ကျုပ်အိမ်ထဲ ခိုးဝင်လာတာ တွေ့လိုက်ရတာပဲ"
"နားလည်မှုလွဲတာဖြစ်မှာပါကွာ"
ရွာသူကြီး အားတုံ့အားနာ ပြုံးလျက် : "ငါတို့အားလုံး တစ်ရွာတည်းသားတွေပဲလေ... ရာမန်ဆီ သွားစရာမလိုပါဘူးကွာ... ငါတို့ ဒီကိစ္စကို တံခါးနောက်ကွယ်မှာ ဖြေရှင်းလိုက်လို့ရပါတယ်"
ကျိုးယွမ် ခေါင်းခါလိုက်ပြီး : "ရွာသူကြီး... ဒီကိစ္စဟာ ကြီးတာဖြစ်ဖြစ် သေးတာဖြစ်ဖြစ်... ကျုပ် အိမ်စဆောက်ကတည်းက ကျုပ်ကို ဒီရွာသားတစ်ယောက်လို့ ရွာသားတွေက ဘယ်တော့မှမသတ်မှတ်ကြမှန်း ကျုပ်ခံစားမိတယ်"
ကျိုးယွမ်၏ စကားလုံးများဟာ ရွာသူကြီး၏ နှာခေါင်းကို လက်ညိုးထိုး၍ သူတို့ဟာ အပြင်လူဖြစ်သော သူ့ကို အနိုင်ကျင့်နေသည်ဟု ပြောဆိုနေသည့်နှယ်။
"ဒီရွာမှာ တခြားရည်ရွယ်ချက်တွေရှိနေရင်တော့ ကျုပ်လဲ ဒီအကြောင်းဆွေးနွေးဖို့ ရာမန်ကို သွားရလိမ့်မယ်... တခြားရွာကို ပြောင်းသင့်သလားဆိုတာပေါ့"
ရွာသူကြီးလည်း အနည်းငယ် စိတ်တိုနေလေ၏။ ဒီဆွေမျိုးနှစ်ယောက်ဟာ ဒီလောက်စိတ်တိုစရာကောင်းမှန်း သူမသိခဲ့ဘူး...
"ကျိုးယွမ် ငါတို့ဆွေးနွေးလို့ရပါတယ်ကွာ... နောင်မှာ ဒီလိုအဖြစ်မျိုး ထပ်မဖြစ်စေရဘူးလို့ ငါ မင်းကို ကတိပေးတယ်"
အဆုံးတွင်မူ ဤကိစ္စဟာ ရာမန်ဆီသို့ မရောက်သွားခဲ့ချေ။ ကျိုးယွမ်သည် ဘယ်အချိန်မှာ ရပ်ရမည်မှန်း နားလည်သူတစ်ဦးဖြစ်သည်။
အကယ်၍ ဤကိစ္စဟာ တကယ်ပဲ ရာမန်ဆီ ရောက်သွားခဲ့ပါက အနှီလူနှစ်ယောက်ဟာ ချန်ချင့်နှင့် စွင်းတာ့ညန်တို့ကိုပါ ပါဝင်ပတ်သက်အောင် လုပ်နိုင်ချေရှိသဖြင့် ဒုက္ခများစွာရောက်ပေလိမ့်မည်။
ကျိုးယွမ်လည်း ရွာသူကြီး၏ စကားအတိုင်း လိုက်နာပြီး မိသားစုနှစ်စုဆီမှ လျော်ကြေးငွေတချို့ တောင်းလိုက်၏။
ကျိုးယွမ် ပြောလိုက်သည်။ "ရွာသူကြီး ကျုပ် တကယ်ပဲ ဒီရွာမှာ အကြာကြီးနေချင်တာ"
"ဒါပေါ့ ဒါပေါ့ကွာ"
နောက်ဆုံးတွင် ဤကိစ္စမှာ အဆုံးသတ်ရောက်ချေပြီ။ ရွာသူကြီး၏ ဆုံးဖြတ်ချက်အရ ချန်စစ်နှင့် မုန့်ကျူဇီတို့ဟာ ကျိုးယွမ်ကို ငွေတစ်လျန် သို့မဟုတ် နှစ်လျန် ပေးလျော်ရမည်ဖြစ်သည်။ ဒီငွေပမာဏဟာ သူတို့ ကျိုးယွမ်ဆီကရခဲ့တဲ့ ငွေပမာဏ ကွက်တိပဲ...
(သူတို့အလုပ်လုပ်တုန်းက ရထားတဲ့ငွေကိုပြောတာနော်)
ကျိုးယွမ်သည် မနေ့ညက ချန်ချင့်၏ အသွင်အပြင်ကို တွေးမိလိုက်သည်။ သူ ကောက်ချီလိုက်တုန်းက အရမ်းပေါ့ပါးတဲ့အလေးချိန်ကိုပဲ သူခံစားခဲ့ရတာ... ဒီည သူ ကြောက်လန့်သွားရလို့ ဖျားသွားမှာပဲ... သူ့ပုံစံကိုကြည့်ရရင် သူအပြင်းဖျားသွားမှာကို စိုးရိမ်မိပါရဲ့...
ကျိုးယွမ် တွေးကြည့်ပြီးနောက် ပြန်လှည့်လာ၍ ခြံထဲမဝင်တော့ဘဲ တံခါးဝမှသာရပ်ကာ စွန်းတာ့ညန်အား ပြောပြလိုက်သည်။
"ကျွန်တော် သူတို့ကို ရာမန်ဆီ မပို့ခဲ့ရဘူး"
စွင်းတာ့ညန် ခဏမျှ ကြောင်အနေပြီးမှ : "အဲဒါ ရွာသူကြီးကြောင့်လား"
ကျိုးယွမ် ခေါင်းညိတ်ပြလိုက်ပြီး
"ကျွန်တော် သူတို့ကို ပေါက်ကရတွေ လျှောက်မပြောဖို့ သတိပေးထားပေမဲ့ အဆုံးမှာတော့ အဲဒါက ရာမန်ဆိုတော့... သူတို့သာ ညက အဒေါ်တို့အိမ်ကို လာခဲ့တာလို့ တကယ်ပြောလိုက်ရင် အဲဒီစကားတွေ ပျံ့သွားတဲ့အခါ အဒေါ်တို့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမှာ"
စွင်းတာ့ညန် ထပ်ခါထပ်ခါ ခေါင်းညိတ်ပြလိုက်သည်။
"ငါနားလည်ပါတယ်... မင်း အလုပ်ရှုပ်သွားရပြီကွယ်... ဒါက ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းပါပဲ"
မည်သို့ပင်ဆိုစေကာမူ ကျိုးယွမ်သည် ရွာကို ယခုမှ ရောက်ခါစဖြစ်၍ ရွာသူကြီးကို အလွန်အကျွံ မစော်ကားမိတာ ပိုကောင်းသည်ပင်။
စွင်းတာ့ညန် ဒီလိုပြောတာကို မြင်လိုက်ရ၍ ကျိုးယွမ် သက်ပြင်းချလိုက်၏။ စွင်းတာ့ညန် ငြိုငြင်သွားမှာ သူစိုးရိမ်မိပါရဲ့...
စွင်းတာ့ညန်သည် ခုနက ကျိုးယွမ် သူမဆီ ပေးလိုက်သည့်ငွေကို သူ့ထံ အမြန်ပေးလိုက်သည်။
"ငါ ဒါကိုလက်မခံနိုင်ဘူး"
ကျိုးယွမ် : "ကျွန်တော့်ကြောင့်ပဲ အဒေါ်တို့ ဒီလိုမျိုးဒုက္ခတွေ ခံစားခဲ့ရတာ... သူလဲ ဖျားနေတော့ ဒါ ပိုက်ဆံသုံးရမဲ့အချိန်ပဲ... ကျွန်တော့်အပေါ် ယဉ်ကျေးမနေပါနဲ့ဗျာ"
စွင်းတာ့ညန် သက်ပြင်းချကာဖြင့် ပိုက်ဆံကို ယူထားလိုက်ရတော့သည်။
ထိုအချိန်မှစ၍ ချန်စစ်နှင့် မုန့်ကျူဇီတို့ဟာ ဤနတ်ဆိုးဝိဥာဥ်အား ထပ်မံနှောင့်ယှက်မိမည်စိုး၍ ဒီဘက်ကိုပင် မလျှောက်ဝံ့တော့ချေ။
ချန်ချင့်ဟာ သုံးရက်ခန့် နေမကောင်းဖြစ်ခဲ့သည်။ အဖျားကြောင့် မူးဝေနေဆဲ။ စွန်းတာ့ညန်သည် သူ့ပါးစပ်မှာ အရည်ကြည်ဖုများထွက်လာသဖြင့် အလွန်စိုးရိမ်နေရပြန်သည်။
ကံကောင်းထောက်မစွာဖြင့် သုံးရက်မြောက်နေ့တွင် ချန်ချင့်၏ အပူချိန်မှာ နောက်ဆုံးတော့ ကျဆင်းသွားလေပြီ။ သူ ပိုမိုတက်ကြွလာ၏။ ထိုသို့မဟုတ်ပါက စွင်းတာ့ညန်က သမားတော် သွားပင့်တော့မည်ပင်။
ချန်ချင့်သည် မုန့်ထောင်းအတွက် ဝမ်းနည်းပူဆွေးနေဆဲကာလဖြစ်ရာ လအတော်ကြာအောင် အသားမစားရချေ။ သူ နေမကောင်းဖြစ်ပြီးနောက် လေတိုက်သွားပါက လွင့်ထွက်သွားတော့မတတ် ပိန်ပါးလာလေ၏။
စွင်းတာ့ညန်က ရက်များကို ရေတွက်၍ ပူဆွေးခြင်းသုံးလတာကာလ ပြီးဆုံးသွားပြီဖြစ်ကြောင်း ပြောပြခဲ့သည်။ ချန်ချင့်သာ အသားကို မစားသေးပါက လူနှင့်မတူတော့လောက်အောင် ပိန်ပါးသွားလိမ့်မည်ဟု ပြောလိုက်ပါသေးသည်။
စွန်းတာ့ညန်သည် ချန်ချင့်အား ဂရုစိုက်နေရ၍ အပြင်မထွက်နိုင်တာကြောင့် ချန်ချင့် ခန္ဓာကိုယ် အားဖြည့်ဖို့အတွက် ကျိုးယွမ် ဈေးသွားသည့်အခါ အသားနည်းနည်း သို့မဟုတ် အရိုးတချို့ ဝယ်လာပေးရန် တောင်းဆိုခဲ့သည်။
အချိန်ကုန်တာ မြန်လှ၏။ ဇူလိုင်လဖြစ်၍ နွေအပူဟာ အထွတ်အထိပ်ကာလပင်။ ချန်ချင့်လေးဟာ သူ့၏ အဖျားကြောင့်နှင့် နွေအပူကြောင့် ပိန်ပါးနေဆဲ။ စွန်းတာ့ညန်လည်း ဘယ်လိုလုပ်ရမှန်း မသိတော့သဖြင့် လွန်စွာစိုးရိမ်နေလျက်ရှိသည်။
ကံကောင်းစွာဖြင့် ဤကာလအတွင်း လယ်ကွင်းများ၌ ဘာမှမဖြစ်ခဲ့ပေ။ မဟုတ်ရင်တော့ ချန်ချင့် တောင့်ခံနိုင်ပါ့မလားဆိုတာ သူမ မသိတော့ချေ။
တစ်ဖက်တွင်မူ နောက်ဆုံးတော့ ကျိုးယွမ်၏ အိမ်ကို ပြင်ဆင်ပြီးသွားခဲ့ပြီ။ သူသည် နေ့တိုင်း မြို့သို့သွား၍ နေ့စဥ်သုံးပစ္စည်းများကို သွားဝယ်ခဲ့သည်။ စွင်းတာ့ညန်က သူ့ကို အကူအညီမတောင်းရင်တောင်မှ ပစ္စည်းတချို့ ပြန်ယူလာပေးတတ်သည်။
ချန်ချင့် နေမကောင်းဖြစ်နေသလို စွင်းတာ့ညန်ကလဲ ခါးမကောင်းသောကြောင့် ကျိုးယွမ်သည် မှောင်သွားသည့်အခါ သူတို့အတွက် ရေသွားခပ်ပေးခဲ့သည်။ ချန်ချင့် ငြင်းဆိုသော်လည်း စွင်းတာ့ညန်က ချန်ချင့်ဟာ လေတိုက်တာနဲ့ လွင့်သွားနိုင်လောက်အောင် အားနည်းလွန်းနေသဖြင့် သူမလည်း ကျိုးယွမ်ကို ဒုက္ခပေးရုံကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။
ယနေ့ မီးဖိုပေါ်တွင် အရိုးကြီးကြီးများဖြင့် ပြုတ်ထားသော အရိုးစွပ်ပြုတ်ဟာ ပွက်ပွက်ဆူနေလျက်။ ပူလွန်းသောကြောင့် မည်သူမှ မီးဖိုနားမှာ မထိုင်နိုင်ကြချေ။ စွင်းတာ့ညန်သည် ချန်ချင့်လေး တက်ကြွလာတာကို မြင်၍ သူနှင့် ခဏလောက် စကားစမြည်ပြောနေလိုက်သည်။
ဤတစ်ခေါက် ချန်ချင့်၏ အဖျားဟာ စိတ်ကြောင့်ဖြစ်မှန်း သိသာထင်ရှားနေလျက်။
ချန်ချင့်သည် စွင်းတာ့ညန်၏ စိုးရိမ်ပူပန်နေသော မျက်လုံးများကို ကြည့်၍ သူ့နှုတ်ခမ်းလေးတွေ လှုပ်လာ၏။ စကားပြောချိန်တွင် သူ့အသံမှာ အနည်းငယ်အက်ကွဲနေလျက်။
"ကျွန်တော့်အဖေက ညသန်းခေါင်ကြီးမှာ အသတ်ခံလိုက်ရတာ"
ချန်ချင့်အသံမှာ ဆို့နင့်နေကာ : "အဲဒီတုန်းက ကျွန်တော် အရမ်းကြောက်နေခဲ့တာ... ကျွန်တော်မလုပ်ခဲ့... ကျွန်တော် အဖေ့ကို ကာကွယ်ဖို့ ရှေ့မထွက်ခဲ့ရဘူး…"
"ဒါပေမဲ့ မင်း ငါ့ကို ကာကွယ်ပေးခဲ့တယ်လေ"
စွင်းတာ့ညန် လက်ဆန့်ထုတ်ကာ သူ့ဆံပင်လေးတွေကို ပွတ်ပေးလိုက်ရင်း "အားချင့်က အရမ်းအားကြီးနေပြီးသားပါကွယ်"
ချန်ချင့် သူ့မျက်လုံးတွေကို ဖုံးကွယ်လိုက်ကာ
"ကျွန်တော့်ရဲ့ စိတ်နေစိတ်ထားက ကျွန်တော့်ပါပါးနဲ့ အရမ်းတူတာ... သူလဲ သူ့ဘဝမှာ နှစ်ကြိမ်တိုင်တိုင် ရဲရင့်ခဲ့တယ်... တစ်ချိန်က အဲဒီကိစ္စကို ရာမန်မှာ သွားတိုင်ကြားချင်ခဲ့ပေမယ့် အဖွားက သူ့ကို ဖမ်းထားပြီး ရိုက်နှက်ခဲ့တာ... နောက်တစ်ခါကတော့ သူ သေဖို့ဆုံးဖြတ်လိုက်တာ..."
ချန်ချင့် မျက်ရည်ဝဲလျက် စွင်းတာ့ညန်အား ကြည့်လိုက်ပြီး
"အမေပြောကြည့်... သူ့မှာ သေရဲတဲ့သတ္တိတောင်ရှိတာကို... ဒါပေမဲ့ ဘာလို့ ကောင်းကောင်းအသက်ရှင်သွားဖို့ သတ္တိမရှိရတာလဲဟင်"
ချန်ချင့်က သူ့အတိတ်ကိစ္စများကို စွန်းတာ့ညန်အား ပြောပြနေသည်မှာ ဒါပထမဆုံးအကြိမ်ပင်။
စွင်းတာ့ညန်လည်း စိတ်သောကတို့ဖြင့် သူ့ပုခုံးအား ပုတ်ပေးလိုက်ရင်း
"အဲဒီအကြောင်း မစဉ်းစားနဲ့တော့ကွယ်... အားချင့်လဲ ရှေ့ဆက်လျှောက်ဖို့လိုတယ်"
ချန်ချင့် ခေါင်းညိတ်၍ : "ဟုတ်ကဲ့... ကျွန်တော်နားလည်ပါတယ် အမေ"
xxx