Ch-14 Unicode
"ဒေါ်ဒေါ် ကျွန်တော် ကူညီပေးရမလား"
ကျိုးယွမ်၏ အာဒမ်ပန်းသီးမှာ လှိမ့်သွားကာ သူ့အသံဟာလည်း အနည်းငယ် အက်ရှရှဖြစ်နေလျက်။
"အင်းကွယ်... ကျေးဇူးအများကြီးတင်ပါတယ်"
စွင်းတာ့ညန် သူမ၏ ခါးကို ပွတ်နေလျက် "ငါက အိုလာပြီဆိုတော့ အားချင့်လို သေးသေးလေးကိုတောင် မသယ်နိုင်တော့ပါဘူးကွယ်"
ကျိုးယွမ် အသက်ပြင်းပြင်းရှူလိုက်ပြီး မြေပြင်ပေါ်က ချန်ချင့်ကို အသာလေးကောက်မလိုက်သည်။ သူ့အတွက်တော့ ချန်ချင့်၏ အလေးချိန်မှာ ဇလုံတစ်လုံးနှယ် ပေါ့ပါးလွန်းလှ၏။
စွင်းတာ့ညန်က သူ့ဘေးမှ လျှောက်သွားကာ ချန်ချင့်အခန်း၏ လိုက်ကာကို မလိုက်သည်။
ကျိုးယွမ် လူကို အိပ်ရာပေါ်မှာ တင်ပေးလိုက်ပြီး သူ့အား မကြည့်ရဲပါချေ။ သူ ယဥ်ကျေးစွာ အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။ စွင်းတာ့ညန်က ချန်ချင့်ကို စောင်တစ်ထည် ခြုံပေးလိုက်ပြီးမှ ကျိုးယွမ်နောက်လိုက်လာခဲ့သည်။
ကြိုးချည်ခံထားရသည့် ထိုလူနှစ်ယောက်ကို ကြည့်ရင်း စွင်းတာ့ညန် ဘာလုပ်ရမှန်းမသိ၍ မျက်မှောင်ကြုတ်နေမိလျက်။
ကျိုးယွမ်က သူမကို ကယ်တင်ရန် ရောက်လာပြန်သည်။
"ဒီလူနှစ်ယောက်ကို ကျွန်တော့်နေရာဆီ ခေါ်သွားလိုက်မယ်... မနက်ဖြန်ကျရင် ကျွန်တော်က သူတို့ကိုအလုပ်လာခွင့်မပေးတော့တာကြောင့် သူတို့ ဒေါသထွက်သွားပြီး ကျွန်တော့်အိမ်မှာ ပြဿနာလာရှာကြတာလို့ ကျွန်တော်ပြောလိုက်မယ်"
စွင်းတာ့ညန် အားရပါးရ ခေါင်းညိတ်လျက် : "ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်ကွယ်"
မည်သို့ပင်ဆိုစေ ချန်ချင့်ဟာ မုဆိုးဖိုလေးဖြစ်၍ ဒီလူနှစ်ယောက်ဟာ ဒီနေရာကို ပိုက်ဆံခိုးဖို့လာခဲ့တာဆိုရင်တောင်... သူတို့ ခြံဝင်းထဲဝင်လိုက်သည်နှင့် ချန်ချင့်ဟာ မြစ်ဝါမြစ်ထဲ ခုန်ချသွားရင်တောင် သူ့ကိုယ်သူ ရှင်းပြနိုင်မှာမဟုတ်တော့ဘူး...
ကျိုးယွမ်က ဒီလူနှစ်ယောက်ဟာ သူ့အိမ်ကို လာခဲ့တာလို့ ပြောလိုက်ပါက... ဒီကိစ္စဟာ ချန်ချင့်နဲ့ လုံးဝမသက်ဆိုင်တော့ဘဲ ရွာထဲမှာ ချန်ချင့် တည့်တည့်မတ်မတ်ရပ်နိုင်နေဦးမှာ...
ကျိုးယွမ် လက်တစ်ဖက်စီတွင် တစ်ယောက်စီ သယ်ကာ အိမ်ပြန်သွားခဲ့သည်။ ထိုနှစ်ယောက်မှာ သတိလစ်နေဆဲ၊ ကျိုးယွမ်လည်း အိမ်နှင့် သိပ်မဝေးသော သစ်ပင်တစ်ပင်၌ သူတို့ကို ကြိုးဖြင့် ချည်ထားလိုက်သည်။
ထို့နောက် သူ အိမ်မပြန်သေးဘဲ ဓားကိုကိုင်၍ ထိုလူနှစ်ယောက်ကို စောင့်နေခဲ့သည်။
ချန်ချင့်ကတော့ အိပ်မက်ဆိုးထဲ ကျရောက်နေလျက်။
သူ့မျက်လုံးထဲ၌ သွေးထွက်သံယိုမြင်ကွင်းအား မြင်နေရသည်။
ချန်ချင့်၏ အဖေဟာ လူမိုက်တစ်ဦး၏ ဓားချက်ဖြင့် သေဆုံးသွားခဲ့ခြင်းပင်။
သူတို့မိသားစုက ဆင်းရဲပေမယ့် မိသားစုသုံးယောက်လုံးဟာ ပျော်ပျော်ရွှင်ရွှင်သာ နေထိုင်ခဲ့ကြသည်။ အဖေနှင့် ပါပါးကို သူ့အဖွားက မကြိုက်တာကြောင့် သူတို့ အစောကတည်းက ခွဲနေဖြစ်သွားသည်။
ပါပါးက ပန်းထိုး၊ အပ်ချုပ်ကာ အဖေက လယ်လုပ်သည်။ ဝင်ငွေဟာ သူတို့မိသားစုအတွက် လောက်ငှရုံသာ။
သို့သော် မတော်တဆမှုများဟာ အမြဲလိုလို ဖြစ်နေဆဲ။ ရွာရှိ လူမိုက်တစ်ယောက်က အရက်မူးကာ သူတို့အိမ်ထဲ ကျုးကျော်လာခဲ့ပြီး သူ့ပါပါးကို တစ်ခုခုလုပ်ချင်ခဲ့သည်။ ပါပါးက ချန်ချင့်နှင့်အတူ တုန်တုန်ယင်ယင်နှင့် ပုန်းနေခဲ့ရသည်။ သူ့အဖေနှင့် ထိုလူမိုက် နှစ်ယောက်သား တွန်းထိုးနေကြစဥ် သူ့အဖေက ဓားထိုးခံလိုက်ရကာ နေရာအနှံ့ ပြန့်ကျဲသွားသော သွေးတွေကို ချန်ချင့် မြင်လိုက်ရလေ၏။
သူ့ပါပါးက အရင်ကတည်းက သန်မာသူမဟုတ်၍ သူ့ခင်ပွန်း ဆုံးပါးသွားပြီးနောက်ပိုင်း ပိုလို့တောင် ခိုကိုးရာမဲ့ဖြစ်သွားတော့သည်။ သူ့အဖွားက ဒီအကြောင်းကို ကြားသောအခါ သူမက သူတို့မိသားစုအတွက် ဆုံးဖြတ်ချက်ချပေးချင်ခဲ့သည်။ ထိုလူမိုက်မိသားစုက အာဏာအနည်းငယ်ရှိ၍ ဤကိစ္စအား ပြည်ဖုံးကားချပေးရန်အတွက် ငွေ၅လျန်ပေးမည်ဖြစ်ကြောင်း ကမ်းလှမ်းလာခဲ့သည်။
အားနည်းပျော့ညံ့သူ ပါပါးဟာ နောက်ဆုံးတွင် အနည်းငယ်သန်မာလာပြီး သူ ငွေမလိုချင်ကြောင်း၊ ဒါပေမဲ့ သူ့ခင်ပွန်းအတွက် တရားမျှတမှုကို ရှာဖွေလိုကြောင်းနှင့် ခရိုင်ရုံးမှာ တရားစွဲလိုကြောင်း ပြောခဲ့သည်။
သို့သော်လည်း သူ့အဖွားနှင့် ဦးလေးမိသားစုထံမှ တားဆီးခံခဲ့ရရှာသည်။ သူ့အဖွားမိသားစုက လူယုတ်မာမိသားစုဆီမှ ငွေကိုယူလိုက်ကာ အရာရှိများထံသွားလိုသော သူ့ပါပါးကို ရိုက်နှက်ခဲ့ကြပြီး သတ္တိအနည်းငယ်သာရှိလာသော သူ့ပါပါးကို နှိပ်ကွပ်ပစ်ခဲ့ကြသည်။
ထို့နောက် သူတို့နှစ်ယောက်ကို အိမ်မှနှင်ထုတ်ခဲ့ကြတာကြောင့် သူ့ပါပါးက အိမ်ထောင်ဦးစီးဖြစ်လာခဲ့သည်။ ဘဝဟာ ခက်ခဲလွန်းတာကြောင့်ပဲလား... သူ့ရဲ့ ကွယ်လွန်သူ ခင်ပွန်းဖြစ်သူအတွက် အပြစ်ရှိသလို ခံစားရတာကြောင့်ပဲလား... သူ့ပါပါးက အလွန်အမင်း စိတ်ဓာတ်ကျသွားပြီး မြစ်ထဲခုန်ချကာ ကိုယ့်ကိုယ်ကို သတ်သေသွားတော့သည်။
မနေ့ညက အဖြစ်အပျက်ဟာ ချန်ချင့်၏ ဖုန်တက်နေပြီဖြစ်သော မှတ်ဥာဏ်များကို ပြန်လည်နှိုးဆွပေးလိုက်ခြင်းပင်။ သူ့၏ အိပ်မက်ဆိုးထဲ၌ သူ့အရှေ့မှာ သွေးချင်းချင်းနီရဲနေသော သူ့အဖေကို တွေ့မြင်နေရသည်။
နောက်တစ်နေ့ မနက်စောစောတွင် စွင်းတာ့ညန်သည် ကျိုးယွမ်၏ အစီအစဥ်ကို ချန်ချင့်နှင့်အတူတူ သွားမေးချင်သော်ငြား ချန်ချင့် အိပ်ရာမထသေးသဖြင့် သူမတစ်ယောက်တည်းသွားလိုက်၏။
ကျိုးယွမ် အပြင်ထွက်တော့မလို့ပင်။ သူသည် ချန်စစ်နှင့် မုန့်ကျူဇီကို တာဝန်ရှိသူထံ သတင်းပို့ရန် စီစဉ်ထားခဲ့သည်။
အာရုဏ်တက်ချိန်၌ ချန်စစ်နှင့် မုန့်ကျူဇီ နိုးလာသောအခါ မျက်လုံးဖွင့်လိုက်သည်နှင့် သူတို့ဘေးမှာ ထိုင်နေသော ကျိုးယွမ်ကို အရင်ဆုံးတွေ့လိုက်ရ၏။ ကျိုးယွမ်က ဓားကိုင်ထားဆဲရှိနေလျက်။
ချန်စစ်နှင့် မုန့်ကျူဇီလည်း အလွန်ကြောက်လန့်သွားပြီး သစ်ပင်မှာ အချည်ခံထားရသောပုံစံဖြင့်သာ ဆက်တိုက်အသနားခံနေကြလေသည်။
ကျိုးယွမ်က သူတို့နိုးလာပြီမှန်းတွေ့လိုက်တော့မှ သူပြောလိုက်သည်။
"မင်းတို့က ငါ့ဆီကနေ အလုပ်ထုတ်ခံလိုက်ရလို့ မကျေမနပ်ဖြစ်ပြီး ညလယ်ခေါင်ကြီး ငါ့အိမ်ကို ရောက်လာကြတာ... မင်းတို့ ငါ့အိမ်က တစ်ခုခုခိုးချင်ခဲ့ပေမယ့် ငါက အရမ်းသတိရှိလို့ မင်းတို့ကို လက်ပူးလက်ကြပ်ဖမ်းမိခဲ့တယ်"
ချန်စစ်နှင့် မုန့်ကျူဇီ အလျင်စလို ခေါင်းညိတ်လိုက်ကြရင်း : "ဟုတ်ပါတယ်... ဟုတ်ပါတယ်"
"အခြားသူတွေရဲ့ မိသားစုနဲ့ ဘာမှမဆိုင်ဘူး ဟုတ်တယ်မလား"
"ဟုတ်ပါတယ်... ငါတို့က အငြိုးအတေးကြီးတဲ့သူတွေပါ"
"ကောင်းပြီ... ဒါဆို အရာရှိကို သွားတွေ့ဖို့ ငါ့နောက်ကနေလိုက်ခဲ့ကြ"
ကျိုးယွမ်က သူတို့ဆီ လျှောက်လာကာ : "တကယ်လို့ ငါ ကောလဟာလတစ်ခုခုကြားမိရင် ဘယ်လိုအကျိုးဆက်တွေဖြစ်လာမလဲဆိုတာ မင်းတို့သိတယ်မလား"
"သိပါတယ် သိပါတယ်"
နှစ်ယောက်သား အလျင်အမြန် ခေါင်းညိတ်လိုက်ကြပြီး : "ငါတို့ မဟုတ်တာတွေ ဘယ်တော့မှမပြောပါဘူး"
ထို့နောက် ကျိုးယွမ်သည် သူတို့ကိုယ်ပေါ်က ကြိုးကို ဖြည်ပေးလိုက်သော်လည်း လက်ကိုတော့ ချည်နှောင်ထားဆဲဖြစ်ပြီး အရာရှိထံ သတင်းပို့ရန် သူတို့နှစ်ယောက်ကို ခရိုင်အစိုးရဆီ ခေါ်သွားလိုက်တော့သည်။
ကျိုးယွမ်၏ အိမ်တံခါးဆီ စွင်းတာ့ညန် လျှောက်လာသည့်အခါ ကျိုးယွမ်က သူမအား ခေါင်းညိတ်ပြလိုက်၍ စိတ်သက်သာရာရသွားလေပြီ။ ထို့နောက် အခုထိ အိပ်ရာမထသေးသော ချန်ချင့်ကို သူမ စိတ်ပူနေဆဲဖြစ်တာကြောင့် ပြန်လှည့်ကာ အိမ်ပြန်သွားခဲ့သည်။
စွင်းတာ့ညန် အိမ်ပြန်ရောက်သည့်နောက် ချန်ချင့်၏ အခန်းထဲသို့ တန်းဝင်သွားလိုက်သည်။ ချန်ချင့်၏ မျက်နှာလေး နီရဲနေသည်ကို တွေ့လိုက်ရသည့်အခါ သူမ လက်ဆန့်၍ နဖူးကို စမ်းလိုက်ရာ အလွန်ပူနေကြောင်း တွေ့ရှိလိုက်ရသည်။ သူ လောင်ကျွမ်းသွားတော့မလိုပဲ...
ချန်ချင့်လေးမှာ သတိလစ်နေကာ သူ အရမ်းကြောက်လန့်နေပုံရပြီး သူ့ပါးစပ်မှ "အဖေ"ဟု အဆက်မပြတ် အော်ဟစ်နေလေ၏။ သူ အိမ်မက်ဆိုးမက်နေမှန်း သိသာနေလျက်။
စွင်းတာ့ညန်လည်း ချန်ချင့်၏လက်ကိုဆွဲကာ 'အော်မီသောဖော"လို့ အမြန်ရွတ်လိုက်ပြီး : "အားချင့် အားချင့်... မကြောက်နဲ့နော်... အမေရှိတယ် အမေရှိတယ်"
ချန်ချင့် သူ့မျက်လုံးတွေကို ဖြည်းညှင်းစွာ ဖွင့်လာကာ "အမေလား"
"အင်း... အမေ ဒီမှာရှိတယ်... မကြောက်ပါနဲ့ကွယ်"
ချန်ချင့် မျက်လုံးထောင့်မှ မျက်ရည်တွေကျလာရင်း "အမေ"လို့ ညည်းနေလေ၏။ သူ့ကိုကြည့်ရတာ မတရားမှုကြီးကြီးမားမား ခံစားဖူးပုံပေါ်နေသည်။
"အင်း အင်း အမေ ဒီမှာရှိတယ်... မကြောက်နဲ့"
စွင်းတာ့ညန်သည် သူ၏ နှလုံးကွဲကြေမတတ်ငိုကြွေးနေသံကို နားထောင်ရင်း ချန်ချင့်၏ ပခုံးကို ညင်သာစွာ ပုတ်ပေးနေခဲ့သည်။ များမကြာမီ ချန်ချင့် အေးအေးချမ်းချမ်း အိပ်ပျော်သွားပြန်သည်။
ချန်ချင့် တစ်မနက်လုံး အိပ်ပျော်နေသော်ငြား သူ့ကိုယ်အပူချိန်ကတော့ လုံးဝမကျသွားပေ။
လော့ဟယ်ရွာ၌ ရွာသမားတော်မရှိသေးပါချေ။ ရွာသူရွာသားတွေ နေထိုင်မကောင်းဖြစ်ပါက ဆေးပင်တချို့ရှာဖို့ တောင်ပေါ်သွားလိုက်ရုံသာ။ မကြာသေးမီနှစ်များအတွင်း စွင်းတာ့ညန်နှင့် ချန်ချင့်တို့ နှစ်ယောက်လုံး ကျန်းမာရေးကောင်းနေကြသဖြင့် ထိုဆေးပင်များကို မပြင်ဆင်ထားမိခဲ့ကြ။
စွင်းတာ့ညန်က တောင်ပေါ်မှာ ဆေးပင်သွားရှာချင်ပေမယ့် အိမ်မှာ ချန်ချင့်တစ်ယောက်တည်း တစ်ခုခုဖြစ်သွားမှာကို ကြောက်မိတာကြောင့် သူမ အဒေါ်လျိုကို သွားရှာလိုက်ပြီး အိမ်မှာ ဆေးပင်တချို့ရှိမရှိ မေးလိုက်လေသည်။
အဒေါ်လျိုက အိမ်အမြန်ပြန်သွားကာ ဆေးပင်လက်တစ်ဆုပ်စာကို ယူလိုက်ပြီး
"ဒါက အဖျားသက်သာစေတာဖြစ်မယ်... ချန်ချင့် ဘာဖြစ်လို့တုန်း... ရုတ်တရက်ကြီး ဘာလို့ နေမကောင်းဖြစ်သွားရတာလဲ"
ဒါပေါ့... မနေ့ညက အဖြစ်အပျက်ကိုတော့ အဒေါ်လျိုကို ဘယ်ပြောပြလို့ဖြစ်ပါ့မလဲ... ဒါ့ကြောင့် ချန်ချင့် အအေးမိသွားတာလို့ပဲ ပြောလိုက်လေရဲ့။
စွင်းတာ့ညန်လည်း ဆေးပင်များကိုယူကာ အိမ်အမြန်ပြန်ခဲ့သည်။ ချန်ချင့် အဖျားကြီးနေသေးဆဲ၊ သူ့မျက်နှာလေး နီရဲနေသလို မျက်လုံးလေးတွေလည်း ဖောရောင်နေလျက်။ အိပ်မက်ထဲမှာ သူ ဘယ်လောက်ကြာကြာငိုထားသလဲ မသိတော့...
စွင်းတာ့ညန် ဆေးကျိုပြီးနောက် ကောက်ညှင်းဆန်လက်တစ်ဆုပ်စာ ယူလိုက်သည်။ ပုံမှန်ဆို သူတို့က ဆန်ကောင်းကောင်းစားရန် ဝန်လေးနေတတ်သော်လည်း ယနေ့တော့ စွင်းတာ့ညန်သည် ချန်ချင့်အတွက် မွှေးပျံ့စေးကပ်သော ဆန်ပြုတ်နှင့် ကြက်ဥပေါင်း လုပ်လိုက်လေ၏။
ကျိုးယွမ် လက်ထဲတွင် ဆေးတစ်ထုပ်ကိုင်ထားလျက်။ သူ တစ်ခဏမျှတွေးပြီးနောက် ချန်ချင့်၏ အိမ်တံခါးဆီ လျှောက်လာခဲ့သည်။
ခြံထဲတွင်ရှိနေသော စွင်းတာ့ညန်က သူ့ကိုတွေ့လိုက်သည့်အခါ တံခါးဖွင့်ပေးလိုက်ပြီး "ဘာဖြစ်လို့လဲ"
ကျိုးယွမ် ခေါင်းညိတ်ပြလျက် ဆေးအိတ်ကို စွင်းတာ့ညန်ထံ လှမ်းပေးလိုက်ရင်း "ဒါက မြို့မှာညွှန်းထားတဲ့ ဆေးပါ"
စွင်းတာ့ညန် ဆေးအိတ်ကို ယူလိုက်ကာ ခဏမျှ အံ့သြနေလျက်။ ထို့နောက် သူမက ကျိုးယွမ်ကို ကြည့်လိုက်ပြီး "ဒါ"
ကျိုးယွမ် အမူအရာမှာ တည်ငြိမ်နေဆဲ : "ကျွန်တော် စစ်စခန်းကို ပထမဆုံးအကြိမ်ရောက်တုန်းက ပထမဆုံးအကြိမ် ရန်သူတွေနဲ့ တိုက်ပွဲဖြစ်တော့ ကျွန်တော်လဲ ကြောက်လန့်ပြီး မူးလဲသွားခဲ့တာ... အိပ်ရာကနိုးလာတဲ့အခါ အဖျားကြီးသွားတယ်လေ... သူလဲ ကြောက်တတ်တယ်ဆိုတော့ ဆေးလိုမယ်ထင်လို့ပါ"
စွင်းတာ့ညန် : "ကျေးဇူးအများကြီးတင်ပါတယ်ကွယ်... အားချင့်က အခုထိ အပူကြီးနေတုန်းပဲ... ဆေးသောက်ပြီးတောင် မပျောက်သေးဘူး"
"ပူနေတုန်းလား"
စွင်းတာ့ညန် ခေါင်းညိတ်လိုက်သည်။ ကျိုးယွမ်ရောက်လာတာဟာ အချိန်မီ မိုးရွာလိုက်သလိုပဲလို့ တွေးမိသွားရလျက်။
"ငါ နောက်မှ မင်းကို ဆေးဖိုးပေးမယ်နော်... အခုတော့ အရင်ဆုံး အားချင့်အတွက် ဆေးသွားကြိုပေးလိုက်ဦးမယ်ကွယ်... ကျေးဇူးအများကြီးတင်ပါတယ်"
xxx