Chapter 2
Viewers 6k

🍉 Chapter 2

အလွန်အမင်းရက်စက်မှု



ဟော်မိသားစု၏ အိမ်တော်ဟောင်းကို သခင်ကြီးဟော် အသက်ရှိစဉ်အခါက ဒီဇိုင်းဆွဲကာ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ရိုးရာပုံစံ အဆောက်အအုံများ၏ တံခါး‌ဘောင်များက အထူးမြင့်မားလှ၏။


ဟော်ယန်က ပြင်းပြင်းထန်ထန် လဲကျသွားသောကြောင့် အလွန်အမင်း မူးဝေနေသည်။ ထို့ကြောင့် မသက်သာ‌သေးဘဲ မြေပြင်ပေါ်တွင် အချိန်အကြာကြီး လှဲလျောင်းနေခဲ့ရသည်။


ဆူညံသံများကို ကြားလိုက်ရသည့်အတွက် စုလွေ့က ချက်ချင်းလှည့်ကြည့်လာသည်။ သူ ပထမဆုံး အနည်းငယ်မျှ ပင့်သက်ရှိုက်လိုက်ပြီး ဟော်ယန်ဆီသို့ အမြန်လျှောက်သွားလိုက်သည်။

"ယန်ကော အဆင်ပြေရဲ့လား"


ဟော်ယန်၏ခေါင်းက တဝီဝီမြည်နေပြီး မျက်နှာမှာ နာကျင်မှုကြောင့် ရှုံ့မဲ့သွား၏။ သူ့ကိုယ်သူ လက်တစ်ဖက်ဖြင့် ထောက်ကာ မတ်တတ်ရပ်ရန် ရုန်းကန်‌နေရသော်လည်း နာကျင်မှုက ခွန်အားများကို ဆုံးရှုံးသွားစေသည်။


စုလွေ့က အလျင်အမြန် ရှေ့သို့‌လျှောက်လာပြီး အိမ်တော်ထိန်းထက် အရင် သူ့လက်ကို ဆန့်ပေးလိုက်သည်။


စုလွေ့၏အကူအညီဖြင့် ဟော်ယန်က ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်သည်။


လဲကျသွားသည့်အသံက အတော်လေး ကျယ်လောင်လှ၏။ ၎င်းအသံကြောင့် မာမားဟော်က အနည်းငယ် စိုးရိမ်သွားခဲ့ပြီး မတ်တတ်ရပ်ရန် ချီတုံချတုံဖြစ်နေမိသည်။


ယဲ့လဲ့ယောင်ကာ အခင်းဖြစ်ပွားရာကို လည်ပင်းဆန့်ကာ ကြည့်ရှုလိုက်ပြီး စုပ်သတ်လိုက်မိသည်။


【စုလွေ့က ဒုတိယအစ်ကိုကို ဂရုစိုက်တဲ့ပုံပဲ... ကြည့်ရတာ‌တော့ လရောင်ဖြူလေးက ဒုတိယအစ်ကိုရဲ့ ပိုက်ဆံတွေကိုပဲ ဂရုစိုက်တာ မဟုတ်ဘူး‌ပေါ့】


【အရင် ငါ ဝတ္ထုကို ဖတ်တုန်းက သူက ဒုတိယအစ်ကိုကို လုံးဝ အသုံးချ‌နေတာလို့ ထင်ခဲ့တာ... အဆုံးတော့ ယောက်ျားတစ်ယောက်အတွက် ကလေးမွေးဖို့ဆိုတာက တကယ်ကို ပိုက်ဆံအများကြီးကုန်တယ်‌လေ】


၎င်းကိုကြားပြီးနောက် ဟော်ယန်၏ အမူအရာက တွန့်လိမ်ရှုံ့တွသွား‌လေသည်။

ဒီယဲ့လဲ့‌ယောင်က ဘယ်အချိန်အထိ အဓိပ္ပါယ်မရှိတာ‌တွေကို ပြောနေမှာလဲ...


ရုတ်တရက် ဟော်ယန်က တစ်စုံတစ်ခုကို သတိရလိုက်ပြီး လျင်မြန်စွာ မော့ကြည့်လိုက်သည်။ စုလွေ့၏ မျက်နှာ‌ပေါ်တွင် ထူးဆန်းသည့် အမူအရာကို မတွေ့ရသည့်အတွက် စိတ်သက်သာရာ ရသွားသည်။


ယဲ့လဲ့ယောင်၏ အဓိပ္ပါယ်မရှိသည့် စကားများကို သူတို့မိသားစုကသာ ကြားနိုင်ပုံရ၏။


၎င်းက သတင်းကောင်းပင်။ ဟော်ယန်က ထိုကဲ့သို့ အလွန်ဆိုးရွားသော စကားများကို သူ့ချစ်သူလေးအား မကြားစေချင်‌ပေ။


ထိုစဉ် ယခုလေးပင် မတ်တတ်ထရပ်လိုက်သည့် မာမားဟော်က ထိုစကားကို ကြားပြီးနောက် အတွေးတစ်ခု ဝင်လာခဲ့သည်။ ထို့နောက် ဟော်ကျင့်နှင့် အကြည့်ချင်းဖလှယ်လိုက်ပြီး သူမစိတ်ထဲတွင် အစီအစဉ်တစ်ခုကို ပုံဖော်လိုက်သည်။


ဟော်ယန်က စုလွေ့အကြောင်းကို သူတို့ထံ ပထမဆုံးအကြိမ် ပြောပြကတည်းက ဟော်မိသားစုက စုလွေ့၏ နောက်ခံအချက်အလက်များ အားလုံးကို စုံစမ်းရန် လူများကို စေလွှတ်ခဲ့သည်။


စုလွေ့နှင့် ဟော်ယန်တို့က တက္ကသိုလ်မှ အတန်းဖော်များဖြစ်ကြသည်။ သူတို့၏ တက္ကသိုလ်တက်စဥ်နှစ်များအတွင်း ဟော်ယန်က စုလွေ့ကို ပိုးပန်းခဲ့သော်လည်း ထိုအချိန်က စုလွေ့ထံတွင် ချစ်ရသည့် တစ်စုံတစ်ဦး ရှိနှင့်နေပြီဖြစ်၏။ ထိုလူမှာ ယဲ့လဲ့ယောင် ပြောခဲ့သည့် "ကလေး၏ဖခင်" ဟယ်ရှစ်ပင်။ ထို့ကြောင့် ဟော်ယန်၏ဝန်ခံမှုကို မဆိုင်းမတွ ငြင်းဆန်ခဲ့သည်။


ငြင်းပယ်ခံရပြီးနောက် ဟော်ယန်က အချိန်အတော်ကြာ စိတ်ဓာတ်ကျဆင်းခဲ့သည်။ ထို့နောက် ဟော်ကျင့် စီစဉ်ပေးသည့် ရုပ်ရှင်အဖွဲ့သို့ သွားရောက်ပါဝင်ခဲ့သည်။ အချိန်အတော်ကြာပြီးနောက် ဟော်ယန်မှာ စုလွေ့နှင့် အဆက်အသွယ်မရှိ‌တော့ပေ။


ထိုသို့အဆက်အသွယ် ပြတ်တောက်ခဲ့သည်မှာ စုလွေ့ တက္ကသိုလ်မှဘွဲ့ရပြီး ဖျော်ဖြေရေးနယ်ပယ်သို့ ဝင်ရောက်လာသည့် ယမန်နှစ်ကအထိပင်။


ထိုအချိန်က ဟော်ယန်မှာ တက်သစ်စ ရုပ်ရှင်သရုပ်ဆောင် ကြယ်ပွင့်တစ်ပွင့်ဖြစ်နေပြီး စုလွေ့မှာ ထိုနယ်ပယ်၌ လူသစ်တစ်ယောက်သာပင်။


သူတို့နှစ်ဦးက မတော်တဆ တူညီသော ရိုက်ကူးရေးအဖွဲ့တွင် တွေ့ဆုံခဲ့ကြပြီး သူတို့၏ အပြန်အလှန်ဆက်သွယ်မှုများကလည်း တဖြည်းဖြည်း တစ်ဖန်တိုးများလာခဲ့သည်။


ထိုနောက်ပိုင်း နှစ်ယောက်ကြားက ဖြစ်ပျက်ခဲ့သည့်ကိစ္စများကို မားမားဟော် မသိ‌ပေ။ ထိုရိုက်ကူး‌ရေး ပြီးဆုံးသွားပြီးနောက် ဟော်ယန်နှင့်စုလွေ့တို့၏ အပြန်အလှန် ဆက်ဆံရေးက ပိုပိုပြီးတိုးလာကြောင်းကိုသာ သူမ သိပေသည်။ သို့သော် ထိုအချိန်က စုလွေ့မှာ ဟယ်ရှစ်နှင့် လမ်းမခွဲရသေး‌ပေ။


ဟယ်ရှစ် နိုင်ငံခြားသို့ ပညာတော်သင်သွားပြီး လေးလမပြည့်မီအချိန်၌ ထိုသူက စုလွေ့နှင့် လမ်းခွဲခဲ့သည်။


ဟယ်ရှစ်နှင့် လမ်းခွဲပြီးနောက် မကြာမီမှာပင် စုလွေ့က ဟော်ယန်နှင့် တွဲခဲ့သည်။


အချက်အလက်ကို ကြည့်သည့်အချိန်၌ မာမားဟော်နှင့် ပါပါးဟော်တို့က သံသယဖြစ်နှင့်နေပြီပင်။


ယခု ယဲ့လဲ့ယောင်၏ သတိပေးချက်ဖြင့်ဆိုလျှင်—


မာမားဟော်က ဆိုဖာပေါ်တွင် ဖြည်းညင်းစွာ ပြန်ထိုင်ကာ ရင်းရင်းနှီးနှီး ပူးကပ်နေကြသည့် နှစ်ယောက်သား၏ ကျောပြင်များကို ကြည့်ပြီး စိတ်ထဲ၌ လှောင်ရယ်လိုက်သည်။ ထို့နောက် သူမက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

"ဟော်ယန် မင်း ဒီနေ့ အိမ်ကထွက်သွားမယ်ဆိုရင် မင်းရဲ့ကတ်တွေအားလုံး အပိတ်ခံရမှာနော်"


ဟော်ယန်က သူ့မျက်လုံးများတွင် မယုံကြည်နိုင်မှုအပြည့်ဖြင့် မာမားဟော်ကို လှည့်ကြည့်လိုက်သည်။


ယဲ့လဲ့ယောင်ရဲ့ ရူးရူးနှမ်းနှမ်း ပြောလိုက်တဲ့ စကားနည်းနည်းကို မာမားဟော်က ယုံတယ်လား...


မာမားဟော်က ဟော်ယန်ကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်သည်။ အဓိပ္ပါယ်သည်ကား— သူမ ယုံ‌ပေ၏။


ဟော်ယန် ဒေါသတကြီး ရယ်‌မောလိုက်သည်။


စုလွေ့သာ သူ့အနား၌ ရှိ‌မနေလျှင် သူ မာမားဟော်နှင့် စကားများရန်ဖြစ်မိလိမ့်မည်။


အသက်ပြင်းပြင်းတစ်ချက်ကို ရှူလိုက်ရင်း ဟော်ယန် အလျင်အမြန် စိတ်တည်ငြိမ်သွား‌စေရန် ကြိုးစားလိုက်သည်။ သူ မာမားဟော်၏ ရည်ရွယ်ချက်ကို နားလည်သည်။


ဟော်မိသားစုမရှိလျှင် သူ့တွင် ဘာမှမရှိ‌ကြောင်း ဤနည်းလမ်းကို အသုံးပြုပြီး စုလွေ့အား ပြောပြချင်ရုံမျှသာဖြစ်၏။ သူ့အပေါ် ဆန္ဒအလျောက် လက်လျော့ရန် စုလွေ့အား တွန်းအား‌ပေးနေခြင်းပင်။


မာမားဟော်နှင့် အခြားသူများက ပိုက်ဆံကြောင့် စုလွေ့က သူ့ထံ ချဉ်းကပ်ခြင်းဖြစ်သည်ဟု ယူဆခဲ့ကြသည်။ ထို့ကြောင့် သူတို့က သူ၏ဘဏ်ကတ်များကို ဖြတ်‌တောက်ပစ်လိုက်ခြင်းဖြင့် စုလွေ့က သူ့ကို ထားသွားလိမ့်မည်ဟု ထင်ခဲ့ကြသည်။


သို့သော် သူတို့၏အတွေးက မှားယွင်း‌နေသည်။


လုံးဝကို မှားယွင်း‌နေပေ၏။


ဟော်ယန်က မော့ကြည့်ပြီး မာမားဟော်ကို မဆိုင်းမတွပင် ပြောလိုက်သည်။

"ကောင်းပြီလေ... ပိတ်လိုက်ပါ"


ထိုသို့ပြောပြီးနောက် ဟော်ယန်က စုလွေ့ထံသို့ လက်ကမ်းပေးလိုက်သည်။

"ရှောင်လွေ့ သွားကြစို့—"


ယဲ့လဲ့ယောင်က ဟော်ယန်၏ လှုပ်ရှားမှုကို လိုက်ကြည့်‌နေသည်။ စုလွေ့က ဟော်ယန်၏လက်ကိုမကိုင်မီ တစ်စက္ကန့်မျှ သိသိသာသာ တုံ့ဆိုင်းသွားသည်ကို သူ ပထမဆုံး သတိပြုမိခဲ့သည်။ ထွက်မသွားမီ စု‌‌လွေ့က အိမ်ထဲသို့ လှမ်းကြည့်လာသည်။


ထိုသို့လှည့်ကြည့်ခြင်းက ယဲ့လဲ့ယောင်အား စုလွေ့၏ဝမ်းဗိုက်ကို သတိပြုမိသွားစေခဲ့သည်။ ယဲ့လဲ့ယောင် အံ့သြသွားသည်။


【ဟေး စုလွေ့ရဲ့ဗိုက်က နည်းနည်း ပူ‌နေရတဲ့အ‌ကြောင်းကို ငါ သိလိုက်ရပြီ】


ဟော်ယန်: "..."


ယဲ့လဲ့ယောင်က မူရင်းဇာတ်ကြောင်းကို စဉ်စားပြီးနောက် နားလည်သွားသည်။


【မှန်ပါတယ်လေ... ကိုယ်ဝန်ရှိပြီး ဆယ့်နှစ်ပတ်အကြာမှာ စပြီးဗိုက်‌ပူလာတာကတော့ ပုံမှန်ပါပဲ... အမျိုးသားတွေအတွက်လည်း အတူတူပဲ ဖြစ်သင့်တာ‌ပေါ့】


စုလွေ့၏လက်‌မောင်းကို ဆုပ်ကိုင်ထားသည့် ဟော်ယန်၏လက်က မရည်ရွယ်ဘဲ တင်းကျပ်သွားသည်။


စုလွေ့က နာကျင်မှုကို ခံစားလိုက်ရပြီး တိုးတိုးလေး အော်လိုက်မိသည်။ ထို့နောက် ဟော်ယန်အား စိုးရိမ်စွာဖြင့် ကြည့်လိုက်သည်။

"ယန်ကော ဘာဖြစ်လို့လဲ"


ဟော်ယန်က အမြန် လွှတ်‌ပေးလိုက်သည်။

"တောင်းပန်ပါတယ်... မင်း နာသွား‌သေးလား"


စုလွေ့က အလွန်နာကျင်နေသော်လည်း ပြုံးကာ ခေါင်းခါလိုက်ဆဲပင်။


【အကန့်အသတ်မရှိတဲ့ သည်းခံမှု... ဘယ်လိုတောင် မြင့်မားလိုက်တဲ့ အဆင့်လဲ】


ယဲ့လဲ့ယောင် မှတ်ချက်ပြုလိုက်သည်။


ဟော်ယန်က နောက်ထပ် အသက်ပြင်းပြင်းတစ်ချက်ကို ရှူသွင်းလိုက်သည်။


ဟော်ကျင့်က ဖိအားများပေးရန် အချိန်မီပြောလာသည်။

"ငါလည်း မင်းရဲ့စာချုပ်ကို ရပ်စဲဖို့ ကုမ္ပဏီကို ဆက်သွယ်ထားလိုက်မယ်... လက်ရှိအလုပ်တွေ အားလုံးကလည်း ရပ်ဆိုင်းသွားလိမ့်မယ်... အဲဒါကြောင့် မင်း စာချုပ်ဖောက်‌ဖျက်မှုအတွက် ဒဏ်ငွေအများကြီးကို ပေးဆောင်ရမယ်... အနည်းဆုံး တစ်နှစ်လောက်တော့ မင်းမှာ အလုပ်အသစ်တွေ ရှိလာမှာမဟုတ်ဘူး"


ဟော်ယန် သည်းမခံနိုင်တော့ဘဲ ဒေါသတကြီး ပြောလိုက်သည်။

"ဒီလိုမျိုးအ‌ပေးအယူလုပ်ဖို့ ကျွန်တော့်ကို တွန်းအားပေးနိုင်မယ်လို့ အစ်ကိုတို့က ထင်‌နေတာလား"


ဟော်ကျင့်က အေးအေးဆေးဆေးပင် ခွဲခြမ်းစိပ်ဖြာပြလာသည်။

"မင်းမှာ လောလောဆယ် ထိပ်တန်းအဆင်မြင့် ထောက်ခံချက်နှစ်ခုရှိတယ်... အဲဒီနှစ်ခုတည်းအတွက်တင် လျော်ကြေးငွေက သန်းသုံးဆယ်ပဲ"


ဟော်ယန်က အံကြိတ်ကာ ပြောလိုက်သည်။

"ကျွန်တော် ပေးနိုင်တယ်"


ဟော်ယန်က စကားစကို ရပ်ပြီးနောက် ထပ်ဖြည့်ပြောလိုက်သည်။

"ရှောင်လွေ့က အစ်ကိုတို့ ထင်ထားသလို ပေါ့ပေါ့တန်တန်လူမျိုး မဟုတ်ဘူး... နောက်ထပ် အောင်မြင်လာဖို့ ရှောင်လွေ့က ကျွန်တော့်ကို ထောက်ပံ့‌ပေးလိမ့်မယ်ဆိုတာ ယုံကြည်တယ်"


ယဲ့လဲ့ယောင်က မျက်တောင်များကို ခတ်လိုက်သည်။

【ဒါဆို လျော်ကြေးငွေပေးပြီးတော့ အစ်ကို့မှာ ငါးသောင်းပဲ ကျန်တော့တဲ့အချိန်ကျရင် စုလွေ့က ထောက်ပံ့ပေးဖို့ ဆန္ဒရှိလားဆိုတာကို ဒုတိယအစ်ကို မေးလိုက်လို့ရတာပဲ】


မာမားဟော်နှင့် ဟော်ကျင့်တို့ နှစ်ယောက်စလုံးက ယဲ့လဲ့ယောင်ကို ကြည့်ပြီး သဘောတူလိုက်ကြသည်။


ယဲ့လဲ့ယောင်က ဒရာမာကို အာရုံစိုက်ပြီး ကြည့်နေသောကြောင့် သူ့ပတ်ဝန်းကျင်ရှိ လူများ၏ အမူအရာများ ပြောင်းလဲသွားသည်ကို သတိမထားမိလိုက်ပေ။


သို့သော် ဟော်ယန်က သူတို့၏ အကြည့်များကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ထိုအကြည့်များက အဓိပ္ပါယ်မဲ့ကာ ရယ်စရာဖြစ်နေသည်။ သူနှင့်စု‌လွေ့၏ ဆက်ဆံရေးက တည်ငြိမ်နေပြီး မည်သည့်စမ်းသပ်မှုမှ မလိုအပ်‌ပေ။


၎င်းကို စဉ်းစားရင်း ဟော်ယန်က အတည်ပြုရန် စုလွေ့ထံသို့ လှည့်ကြည့်လိုက်သည်။

"ရှောင်လွေ့..."


‌ဟော်ယန်၏ ဘဏ်ကတ်များအားလုံးကို ပိတ်ပစ်မည်ဟု မာမားဟော်က ပြောပြီးသည်နှင့် စုလွေ့၏အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။


ဟော်ကျင့်၏စကားကို ကြားပြီးနောက် သူ့မျက်နှာက အနည်းငယ် တင်းမာသွားသည်။


ဟော်ယန် လှည့်ကြည့်လာသည်ကို တွေ့လိုက်ရသဖြင့် စုလွေ့က သူ၏အမူအရာကို အမြန်ထိန်းညှိလိုက်သည်။


သို့သော် တစ်စက္ကန့်မျှ နောက်ကျသွားခဲ့သည်။


စုလွေ့၏ မျက်နှာပေါ်၌ ဖြတ်ပြေးသွားသည့် ရှုပ်ထွေးလှသော အကြည့်ကို ဟော်ယန် ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။


ဟော်ယန် ခဏမျှ တွေဝေသွားသည်။ ထို့နောက် သူ အာရုံစိုက်ပြီး ကြည့်လိုက်ချိန်တွင် စုလွေ့၏ အနည်းငယ် စိုးရိမ်နေသော မျက်လုံးများနှင့် ဆုံမိသွားသည်။


စုလွေ့က တိုးတိုးလေး မေးလိုက်သည်။

"ယန်ကော နေမကောင်းဘူးလား"


ဟော်ယန် စုလွေ့ကို သေသေချာချာ ဆန်းစစ်ကြည့်ရာ သူ့မျက်နှာ‌ပေါ်တွင် မည်သည့်မူမမှန်သည့် အမူအရာကိုမှ မတွေ့ခဲ့ရပေ။


သူ အမြင်မှားသွားခြင်း ဖြစ်ပေလိမ့်မည်။ ဟော်ယန်က သူ့ဘာသာသူ သံသယကို ဖြေဖျောက်ကာ ပြောလိုက်သည်။

"ဘာမှမဟုတ်ဘူး... သွားရအောင်"


နှစ်ယောက်သား လှည့်ထွက်သွားရန်ပြင်လိုက်သည်။


နောက်ဆုံးတွင် ‌ပါပါး‌ဟော်က စကားပြောလာ‌သည်။ ၎င်းက မီးထဲသို့ လောင်စာထည့်လိုက်သကဲ့သို့ပင်။

"ဟော်ယန် ငါတို့နောက်နေတာ မဟုတ်ဘူးဆိုတာ မင်း သိပါတယ်"


ဟော်ယန်က အံကြိတ်ထားရင်း ပြောလိုက်သည်။

"ကျွန်တော် သိတယ်... အ‌‌ဖေ ကျွန်တော့်ကို ရန်ဆွပေးနေစရာ မလိုပါဘူး"


ထိုစကားကို ပြောပြီးနောက် ဟော်ယန်က သူ့ဘေးရှိ စုလွေ့ကို ကြည့်လိုက်သည်။ ထိုသူမှာ စိုးရိမ်နေပုံရ၏။


သူတို့နှစ်ဦးမှာ အပြန်အလှန် မေတ္တာမျှခဲ့ကြသည်။ ထိုနေ့ညက ဖြစ်ပျက်ခဲ့သည့် မတော်တဆ‌မှုကြောင့်သာ မဟုတ်လျှင် စုလွေ့က မတော်တဆ ကိုယ်ဝန်ရသွားလိမ့်မညိ မဟုတ်ပေ။


၎င်းကိုတွေးပြီးနောက် ဟော်ယန်၏ အကြည့်များက စုလွေ့၏ဗိုက်ပေါ်သို့ ရောက်သွားပြန်သည်။


ထိုသို့ကြည့်လိုက်သည်နှင့် ဟော်ယန်မှာ အေးခဲသွားသည်။


ကိုယ်ဝန်နှစ်လရှိပြီဖြစ်တဲ့ ဗိုက်က...


ဒီ‌လောက်ထိကြီးတယ်လား...


ထိုအတွေး သူ့စိတ်ထဲသို့ ရောက်လာသည်နှင့် ဟော်ယန်မှာ ထိတ်လန့်သွား‌လေသည်။


ငါ ဘာတွေတွေးနေတာလဲ...


ငါက ဘယ်လိုလုပ်ပြီး ယဲ့လဲ့ယောင်ရဲ့ အဓိပ္ပါယ်မရှိတဲ့ စကားတွေကြောင့် လွှမ်းမိုးခံရမှာလဲ...


ရှောင်လွေ့က မကြာသေးခင်ကမှ ကိုယ်အလေးချိန် နည်းနည်းတက်လာတာလည်း ဖြစ်နိုင်တယ်လေ...


ကိုယ်အလေးချိန်တက်တာ ကောင်းတာပေါ့... ကောင်းပါတယ်...


အစောပိုင်းက လဲကျမှုမှာ အတော်လေး ပြင်းထန်ခဲ့သောကြောင့် ယခုအခါ ဟော်ယန်က ဖြည်းဖြည်းချင်း လမ်းလျှောက်‌‌နေခဲ့ရသည်။


ခဏကြာပြီးနောက် သူတို့နှစ်ဦးမှာ ဟော်အိမ်တော်မှ လမ်းလျှောက်လာခဲ့သည်မှာ နှစ်မီတာ သို့မဟုတ် သုံးမီတာ အကွာအဝေးသာရှိ‌သေးသည်။


သူတို့နှင့် ဟော်မိသားစုကြားတွင် အကွာအဝေး ခပ်လှမ်းလှမ်း ခြားသွား‌ဖြစ်သောကြောင့် သူတို့၏စကားသံများကို ဗီလာထဲမှ မကြားနိုင်တော့သည်မှာ သေချာသွားပေပြီ။ စုလွေ့က အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ယန်ကော... အန်တီနဲ့ အစ်ကိုကြီးပြောတဲ့ စကားတွေက တကယ်ကြီးလား... သူတို့ တကယ်..."


ဟော်ယန်က စုလွေ့ကို ကြည့်လိုက်သည်။ ထိုသူ၏မျက်နှာပေါ်တွင် ထူးထူးခြားခြားသည့် အမူအရာကို မတွေ့ခဲ့ရပေ။ ထို့ကြောင့် တစ်စက္ကန့်မျှ တုံ့ဆိုင်းသွားပြီးနောက် အမှန်အတိုင်းပြောပြရန် ဆုံးဖြတ်လိုက်သည်။ 

"ကိုယ့်မိသားစုက သူတို့ပြောတဲ့အတိုင်း အမြဲတမ်း ဖြစ်အောင်လုပ်တယ်"


ပါပါးဟော်၊ မာမားဟော် သို့မဟုတ် ဟော်ကျင့်ပင်ဖြစ်စေ သူတို့အားလုံးက သူတို့၏စကားအတိုင်း ဖြစ်အောင်လုပ်တတ်သည့်သူများပင်။ ထို့ကြောင့် စုလွေ့တွင် ကိုယ်ဝန်ရှိ‌နေသည်ကို သိပြီးနောက်ကို ထိုသူ့အား အိမ်သို့ခေါ်‌ဆောင်လာရန် ဟော်ယန်က တောင်းဆိုခဲ့‌ပေသည်။


သူ့မိသားစု၏ ခွင့်ပြုချက်ကို မရရှိလျှင် စုလွေ့နှင့် သူ၏ကလေးက ပုန်းလျှိုးကွယ်လျှိုးဖြင့် နေထိုင်ရလိမ့်မည်။ ထို့အပြင် ထိခိုက်နစ်နာမှုများစွာကိုလည်း မလွဲမသွေ ခံစားရ‌ပေလိမ့်မည်။


ဟော်ယန်က တာဝန်ယူမှု တာဝန်ခံမှုရှိသည့် ယောက်ျားတစ်ယောက်ပင်။ သူက သူ့ကလေးကို မပြည့်စုံသည့်မိသားစု၌ မမွေးဖွားလာစေချင်‌ပေ။ ထို့ကြောင့် သူ့မိသားစုတစ်ခုလုံးနှင့် အတိုက်အခံပြုရလိမ့်မည်ကို သိနေသော်လည်း ဟော်ယန်က စုလွေ့ကို ပြတ်ပြတ်သားသား အိမ်ခေါ်လာခဲ့သည်။


ဟော်ယန်ထံမှ ဟုတ်မှန်ကြောင်းအဖြေကို ကြားလိုက်ရပြီးနောက် စုလွေ့၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။


သို့သော် ဟော်ယန်က အဝေးသို့ အကြည့်လွှဲလိုက်ပြီဖြစ်သောကြောင့် ရုတ်တရက် တင်းမာသွားသော စု‌‌လွေ့၏မျက်နှာကို သတိမထားမိလိုက်ပေ။ ထို့‌နောက် ဟော်ယန်က ဆက်ပြောလိုက်သည်။

"နောက်မှ ကိုယ့်ဘာသာကိုယ် ဆေးရုံသွားလိုက်မယ်... မင်း အိမ်အရင်ပြန်သင့်တယ်... ကိုယ် ဆေးရုံမှာ ကိစ္စ‌တွေပြီးရင် မင်းကို လာ‌ခေါ်လိုက်မယ်... ကိုယ့်မိဘတွေက အရမ်းပြတ်သားတယ်... အဲဒါကြောင့် ကိုယ်တို့တွေ ကိုယ့်ဗီလာမှာ ဆက်နေလို့ရမှာ မဟုတ်တော့ဘူး... ဒါပေမဲ့ စိတ်မပူပါနဲ့... ကိုယ်တို့နေဖို့ ပိုကောင်းတဲ့နေရာကို အမြန်ရှာလိုက်မယ်... မနက်ဖြန်မနက် ကိုယ်ဝန်ကို စစ်ဆေးဖို့ ဆေးရုံကို သွားရမှာမလား..."


စုလွေ့၏ ခြေလှမ်းများက ရုတ်တရက် ရပ်တန့်သွားသည်။


ဟော်ယန်က စုလွေ့၏ ခြေလှမ်းများ ရပ်သွားသည်ကို သတိပြုမိပြီး သူ့နှလုံးသားက ရုတ်တရက် ပြင်းပြင်းထန်ထန် ခုန်လှုပ်သွားသည်ကို ခံစားလိုက်ရသည်။

"ရှောင်လွေ့ ဘာဖြစ်လို့လဲ"


စုလွေ့က သူ့မျက်နှာအမူအရာကို အလျင်အမြန် ထိန်းချုပ်လိုက်သည်။ ဟော်ယန်ကို ထပ်မံကြည့်လိုက်ချိန်တွင် သူ့မျက်လုံးများက နီရဲနေပြီဖြစ်၏။

"ယန်ကော... မနက်ဖြန် စစ်ဆေးမှုအတွက် ကျွန်တော့်နဲ့အတူ လိုက်ပေးဖို့ မလိုပါဘူး... ကျွန်တော့်ဘာသာ သွားလို့ရပါတယ်"


ဟော်ယန်၏အမူအရာက အေးခဲသွား၏။ ခဏမျှ သူ နားကြားမှားသည်ဟု ထင်မိသည်။


ဟော်ယန် အသိစိတ်ပြန်ကပ်ရန် အချိန်‌‌ခေတ္တမျှ ယူလိုက်ရသည်။ သူ၏နှုတ်ခမ်းက နာကျင်နေသော်လည်း အပြုံးတစ်ပွင့်ကို ဖြစ်ညှစ်ပြုံးပြလိုက်သည်။

"ရှောင်လွေ့ ကိုယ်က ကလေးရဲ့အဖေပါ... ဆေးစစ်ဖို့ သေချာပေါက် မင်းနဲ့အတူ သွားသင့်တာပေါ့..."


စုလွေ့က ဟော်ယန်၏လက်ကို ရုတ်တရက် လွှတ်ချလိုက်သည်။

"ယန်ကောက အိမ်မှာပဲနေပါ"


ဟော်ယန်၏မျက်နှာက ချက်ချင်းပင် တင်းမာသွားသည်။ ထို့နောက် သူက စုလွေ့၏လက်ကို လမ်းဆွဲရန် ရှေ့သို့တိုးလာသည်။


သို့သော် စုလွေ့က ရုတ်တရက် နောက်ပြန်ဆုတ်သွားသည်။


ဧည့်ခန်းထဲရှိဆိုဖာမှဆိုလျှင် ခြံဝင်းထဲကို မမြင်ရပေ။ ယဲ့လဲ့ယောင်က ဖုန်းကိုကိုင်ထားရင်း တံခါးဝသို့ ရောက်ရှိလာချိန်တွင် ထိုမြင်ကွင်းကို မြင်လိုက်ရသည်။ ထို့နောက် သူ၏မျက်လုံးများက တောက်ပသွားပြီး သီချင်း‌လေးပင် ညည်းလိုက်မိသည်။


【မင်းရဲ့ ခြေလှမ်းတစ်ဝက် ဆုတ်လိုက်တာက စိုးရိမ်စရာကိစ္စလား】


【ဒီလို သေးငယ်တဲ့ လှုပ်ရှားမှု‌လေးကလည်း ထိခိုက်မှုအများကြီးကို ဖြစ်စေတယ်နော်】


သံစဉ်မညီသည့် သီချင်းဆိုသံက ဟော်မိသားစုဝင်တိုင်း၏ နားစည်ကို ချက်ချင်းပင် ရိုက်ခတ်သွားလေသည်။


ဟော်ယန်လည်း ဆိုးရွားလှသော သီချင်းဆိုသံကို ကြားလိုက်ရသော်လည်း လောလောဆယ် စိတ်အနှောင့်အယှက် မဖြစ်အားသေးပေ။ သူ့ရင်ဘတ်ထဲတွင် ပြည့်ကြပ်နေသော စိတ်ခံစားချက်များကို ထိန်းချုပ်ရန် ရုန်းကန်နေရသည်။ ထို့နောက် စုလွေ့ကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်မိသည်။

"ဘာလို့လဲ... ကိုယ့်မိသားစုက မင်းကို လက်မခံဘဲ မင်းအပေါ်အပြစ်ပြုခဲ့မိတာ ကိုယ် သိပါတယ်... ဒါပေမယ့် ရှောင်လွေ့ စိတ်မပူပါနဲ့... ကိုယ် သေချာပေါက်..."


"ဒါပေမယ့် ကလေးအတွက်ကြောင့်နဲ့ ကောကို မိသားစုကနေ ခွဲမထုတ်နိုင်ဘူး"

စုလွေ့က အကြောင်းပြချက်တစ်ခုကို ရှာနေသည့်ပုံပေါ်၏။ ရုတ်တရက် ခေါင်းကို မော့လိုက်ချိန်တွင် မျက်ရည်တစ်စက်က သူ့ပါးပြင်ပေါ်သို့ လှိမ့်ဆင်းသွားသည်။


ယဲ့လဲ့ယောင်: 【ဖူး... ဟားဟားဟား—】


ရယ်သံက အကျယ်ကြီး မဟုတ်‌‌ပေ။


သို့သော် စူးရှလှ၏။


ဟော်ယန်က နားထင်ရှိ သွေးပြန်ကြောများ၏ တဒိတ်ဒိတ်ခုန်နေမှုကို ထိန်းချုပ်ရန် ရုန်းကန်နေရပြီး စုလွေ့ကို အလေးအနက် စိုက်ကြည့်လိုက်သည်။

"ကိုယ် နောင်တရမှာမဟုတ်သလို မင်းကိုလည်း အပြစ်တင်မှာ မဟုတ်ဘူး... ရှောင်လွေ့ မင်း ကိုယ့်အနားမှာ ရှိနေသရွေ့ ကိုယ်... "


"ဒါပေမယ့် ကျွန်တော် အပြစ်ရှိသလို ခံစားရလိမ့်မယ်"


စုလွေ့က ဝမ်းနည်းစွာ ငိုလိုက်ပြီး မျက်ရည်များက စီးကျလာသည်။

"ကျွန်တော် ရှက်တယ်... ဘာပဲဖြစ်ဖြစ် သူတို့က ကောရဲ့မိသားစုလေ ယန်ကောရဲ့... ကျွန်တော့်ကြောင့် ပြီးပြည့်စုံတဲ့ မိသားစုလေးကို ဘယ်လိုလုပ် ဖျက်ဆီးပစ်နိုင်မှာလဲ... နောက်ပြီး... ကော ဒီနေ့ ကျွန်တော်နဲ့ တကယ် ထွက်လာခဲ့ရင် ကောရဲ့ ထောက်ခံမှုတွေ... မကြာခင်ထွက်တော့မယ့် ဒရာမာတွေနဲ့ ကောရဲ့အဖွဲ့ကိုရော ဘယ်လိုလုပ်မလဲ... အခု ကျွန်တော်တို့က အရွယ်ရောက်နေပြီ... တာဝန်မဲ့လို့ မရဘူး... ကောရဲ့အဖွဲ့ကို တကယ် ဖျက်သိမ်းလိုက်ရင် အလုပ်ပြုတ်သွားတဲ့သူတွေက ဘာဖြစ်သွားမလဲ"


ဟော်ယန်က ပါးစပ်ကို ဖွင့်လိုက်ပြီးနောက် အမြန်ပြန်ပိတ်သွားသည်။ ဟော်ယန်အတွက် စကားပြောရန် အချိန်အတော်ကြာ ယူလိုက်ရသည်။

"ဒါပေမယ့်… အဲဒီလိုလုပ်ရင်လည်း တာဝန်မကင်းသေးဘူးမလား"


စုလွေ့က ခေါင်းလှည့်ကာ ပြောလိုက်သည်။

"ဒါတွေက မတူညီတဲ့ ကိစ္စတွေလေ"


ယဲ့လဲ့ယောင်: 【ဘယ်လိုတောင် ရှေ့နောက်ညီလိုက်တဲ့ အတွေးအမှားတစ်ခုလဲ】


ဟော်ယန်က သူ၏အပြုံးကို ဆက်လက်ပြီးထိန်းမထားနိုင်တော့ဘဲ သူ့အမူအရာက ယိုယွင်းနေ၏။ သူ့နှလုံးသားကို အပ်များဖြင့် ထိုးခံထားရသကဲ့ ခံစားလာရသည်။

"ဒါဆို... ရှောင်လွေ့ ကိုယ့်ကို ပြောပါ... အခု ကိုယ် ဘာလုပ်သင့်လဲ"


ဝတ္ထုများစွာကို ဖတ်ရှုခဲ့ကြောင့် ထိုအချိန်၌ ဇာတ်ကွက်က မည်ကဲ့သို့ ဖြစ်လာရမည်ကို ယဲ့လဲ့ယောင် သိထားပေသည်။ သူ စိတ်ထဲမှ အော်ဟစ်လိုက်သည်။


【သိတယ်... ငါ သိတယ်】


【ဟုတ်တယ်... အိမ်မှာနေပြီး ပိုက်ဆံပို့ခိုင်းလိမ့်မယ်】


ယဲ့လဲ့ယောင်၏အသံက သူ့စိတ်ထဲတွင် ပဲ့တင်ထပ်နေ၏။ ဟော်ယန် စုလွေ့၏အဖြေအား နားထောင်ရမည်ကိုပင် ကြောက်လန့်လာမိသည်။


နောက်အခိုက်အတန့်တွင် စုလွေ့က အလွန်နစ်နာသော အသံဖြင့် ပြန်ဖြေလာသည်။ ထိုအဖြေက ယဲ့လဲ့ယောင်၏ ခန့်မှန်းချက်နှင့် ကိုက်ညီသော်လည်း ပို၍ လိမ္မာပါးနပ်လှ၏—


"အိမ်မှာပဲနေပါ... ကျွန်တော့်ကြောင့် ကောရဲ့မိဘတွေ၊ အစ်ကိုတွေနဲ့ အဆက်အသွယ် မဖြတ်ပါနဲ့... မတန်ဘူးလေ... ကျွန်တော့်ဗိုက်ထဲက ကလေးက ကောနဲ့ ကျွန်တော့်ရဲ့ကလေးပဲ... ကျွန်တော် ကလေးကို ကောင်းကောင်း ဂရုစိုက်ပါ့မယ်..."

စုလွေ့က စကားပြောနေသည်ကို ခေတ္တရပ်ပြီး အားနည်းစွာ ပြုံးပြလိုက်သည်။ 


"ကျန်တာ‌တွေအတွက်တော့ အများကြီး မတောင်းဆိုပါဘူး... ကလေးမွေးလာပြီးရင် ကျွန်တော် အလုပ်ကြိုးစားပြီး သူ ကြီးပြင်းလာဖို့ ပတ်ဝန်းကျင်ကောင်းတစ်ခုကို ရအောင်ကြိုးစားပါ့မယ်…"



🍉🍉🍉