Chapter 1
Viewers 6k

🍉 Chapter 1

မင်းကြောင့် လန့်သွားတာလေ



"အဲဒီမှာ ရပ်လိုက်စမ်း... မင်း ဒီနေ့ အိမ်ကထွက်သွားရဲရင် အိမ်ပြန်လာဖို့ စိတ်မကူးနဲ့... ဟော်မိသားစုမှာ မင်းလိုလူမရှိဘူးလို့ ဟန်ဆောင်ပေးမယ်"


ခြိမ်းခြောက်နေသည့် အသံတစ်သံကြောင့် ယဲ့လဲ့ယောင် ရုတ်တရက် နိုးလာခဲ့သည်။


ယဲ့လဲ့ယောင် မျက်လုံးများကိုဖွင့်ကာ သူ့ပတ်ဝန်းကျင်ရှိ ရှုပ်ယှက်ခတ်နေသော လူများကို ကြည့်လိုက်သည်။ ထို့နောက် သူ အလျင်အမြန်ပင် စိတ်တည်ငြိမ်သွားခဲ့သည်။


လွန်ခဲ့သော ဆယ့်ရှစ်နှစ်ခန့်က ယဲ့လဲ့ယောင်က ဤကမ္ဘာသို့ ကူးပြောင်းလာခဲ့သည်။ မကြာသေးမီအချိန်ကမှ သူ့မှတ်ဉာဏ်များမှာ နိုးထလာခဲ့သည်။


မူလက သူသည် ကောလိပ်ကျောင်းသားတစ်ယောက်ဖြစ်ပြီး ဝတ္ထုများကို နှစ်ရက်ဆက်တိုက် ဖတ်ခဲ့သောကြောင့် မတော်တဆ ဆုံးပါးသွားခဲ့သည်။ သူ့မျက်လုံး ပြန်ဖွင့်ကြည့်လိုက်ချိန်တွင် သူသည် ဝတ္ထုမျိုးစုံရောထွေးနေသည့် ကမ္ဘာတစ်ခုထဲသို့ ကူးပြောင်းသွားခဲ့ကြောင်း တွေ့လိုက်ရသည်။


သူ့စိတ်ထဲ၌ မှတ်ဉာဏ်များက လျှံတက်လာပြီး ယဲ့လဲ့ယောင်ကို အလွန့်အလွန် မူးဝေသွား‌‌စေခဲ့သည်။ ကိစ္စများအား ရှင်းရှင်းလင်းလင်း ခွဲခြမ်းမစိတ်ဖြာနိုင်မီမှာပင် ဆိုဖာပေါ်၌ အိပ်ပျော်သွားခဲ့သည်။


ယဲ့လဲ့ယောင် နောက်ထပ် မစဉ်းစားနိုင်မီအချိန်၌ ဒေါသများနှင့် ပြည့်နှက်နေသည့် အသံတစ်သံက တံခါးမှ ပေါ်ထွက်လာခဲ့သည်—


"ဒီခြိမ်းခြောက်မှုက အဖေသိတဲ့ တစ်ခုတည်းသော လှည့်ကွက်လား... ကျွန်တော်..."


ယဲ့လဲ့ယောင် မော့ကြည့်လိုက်ချိန်တွင် သူ့ရှေ့ရှိလူကို မှတ်မိသွားသည် — ထိုလူမှာ သူ၏ဒုတိယအစ်ကို ဟော်ယန်ပင်။


ဟော်ယန် စကားမဆုံးမီ သူ့ဘေးနားရှိ လူငယ်တစ်ယောက်က မကျေနပ်သည့် အရိပ်အ‌ယောင်ဖြင့် စကားဖြတ်ပြောလာသည်။

"ဒါ‌တွေအားလုံးက ငါ့အမှားပါ... အန်ကယ်နဲ့အန်တီ... ယန်ကောကို အပြစ်မတင်ပါနဲ့... ယန်ကော ငါ့ကြောင့် အန်ကယ်နဲ့ အန်တီတို့နဲ့ ငြင်းခုံမနေပါနဲ့ ... ငါ... ငါ ကိုယ့်ဘာသာကိုယ် ဂရုစိုက်ပါ့မယ်"


ယဲ့လဲ့ယောင်က မရင်းနှီးသောလူကို နောက်တစ်ကြိမ် ထပ်မံစစ်ဆေးလိုက်သည်။ ထိုလူက လျော့ရိလျော့ရဲ အဝတ်ပါးလေးကို ၀တ်ဆင်ထားပြီး ချောမောသော မျက်နှာလှလှလေးပေါ်တွင် ခြောက်သွေ့နေပြီဖြစ်‌သော မျက်ရည်စီး‌ကြောင်းများက ရှိနေဆဲပင်။ သူ့မျက်လုံးများကလည်း နီရဲနေ၏။ ထို့အပြင် မျက်လုံးထောင့်ရှိ ထင်ရှားလှသော အနီရောင် မျက်ရည်ခံမှဲ့က ထိုသူ့အား အထူးသနားစရာကောင်းပြီး ကြံ့ကြံ့ခံနိုင်သူဖြစ်ကြောင်း ပေါ်လွင်စေသည်။


ချက်ချင်းပင် ယဲ့လဲ့ယောင်က ထိုလူ၏အ‌ထောက်အထားကို မှတ်မိသွားခဲ့သည်—


ဒါက "ကိုယ်ဝန်နဲ့ ထွက်ပြေးသွားပြီးနောက် ခင်ပွန်းဖြစ်သူက နောင်တရခဲ့တယ်" ဆိုတဲ့ ဝတ္ထုထဲက အဓိကဇာတ်ကောင် မဟုတ်ဘူလား...


သူ့မျက်လုံးထောင့်ရှိ အနီရောင် မျက်ရည်ခံမှဲ့ကို ဝတ္ထု၏စာရေးဆရာက အစမှအဆုံးတိုင် ဖော်ပြခဲ့ပြီး ယဲ့လဲ့ယောင်အပေါ် လေးနက်သည့် ထင်မြင်ချက်ကို ကျန်ရစ်‌စေခဲ့သည်။


စုလွေ့က ဒီမှာရှိနေတယ်ပေါ့... ဒါဆို...


ယဲ့လဲ့ယောင်၏အကြည့်များက သူ့ဘေးနားရှိ ဟော်ယန်ဆီသို့ ဖြည်းညှင်းစွာ ပြောင်း‌ရွှေ့သွားပြီး သူ့မျက်ဆံများက အနည်းငယ် ပြူးကျယ်သွားသည်။


ငါ တွေးနေတဲ့ကိစ္စက ဖြစ်နိုင်‌လောက်လား...


ဟော်ယန်က စုလွေ့၏မျက်ရည်များအား မြင်ရသည်ကို ခံနိုင်‌ရည်မရှိပေ။ သူ၏ချစ်သက်လျာလေးအား သနားချင့်စဖွယ် မြင်လိုက်ရသည့် ဤအခိုက်အတန့်၌ ဟော်ယန်က အလွန်အမင်း ရင်ကွဲနာကျသကဲ့သို့ ခံစားလိုက်ရသည်။

"ရှောင်လွေ့ ဒါက မင်းနဲ့ ဘာမှမဆိုင်ဘူး... မင်းကိုယ်မင်းလည်း အပြစ်တင်နေဖို့ မလိုဘူး... အစကတည်းက ကိုယ် ချီမိသားစုနဲ့ မစေ့စပ်ချင်ခဲ့ဘူး... အဲဒါကြောင့် ဒါကို အခွင့်ကောင်းယူပြီး စေ့စပ်ကြောင်းလမ်းမှုကို ဖြတ်သိမ်းလိုက်တာက ပိုကောင်းတယ်"


"ဘယ်လိုလုပ်ပြီး ငါနဲ့ မဆိုင်ရမှာလဲ"


စုလွေ့၏ မျက်လုံးများက နီရဲနေပြီး သူ့အသံမှာလည်း တိုးလျကာ ဝမ်းနည်း‌နေပုံပေါ်၏။ သူက ဝမ်းဗိုက်‌အောက်ပိုင်းပေါ်သို့ လက်ကို ညင်သာစွာတင်ပြီး ပြောလိုက်သည်။

"ငါ့ဗိုက်ထဲမှာရှိတဲ့ ကလေးကြောင့်သာ မဟုတ်ရင် ဘယ်လိုလုပ်ပြီး မင်းက မင်းရဲ့မိသားစုနဲ့ ရန်ဖြစ်နေရမှာလဲ"


ဟော်ယန်၏အကြည့်က စုလွေ့၏ဝမ်းဗိုက်ပေါ်သို့ ကျ‌ရောက်သွားပြီး သူ့မျက်လုံးများက ပို၍ပင် နာကျင်မှုများဖြင့် ပြည့်နှက်လာသည်။ တစ်ချိန်တည်းမှာပင် ဟော်ယန်က ဆုံးဖြတ်ချက်ခိုင်မာစွာဖြင့် ပြောလိုက်သည်။

"ရှောင်လွေ့ စိတ်မပူပါနဲ့... မင်းနဲ့ကလေးအတွက် ကိုယ် တာဝန်ယူမယ်"


ဟော်ယန်၏စကားကိုကြားပြီး‌နောက် ပါပါးဟော်က ဒေါသပိုထွက်လာပြီး ရင်ဘတ်မှာလည်း ပြင်းထန်စွာ ခုန်လှုပ်နေသည်။


မာမားဟော်ကလည်း ဒေါသထွက်နေသည့် အမူအရာကို ဆင်မြန်းထားသည်။ သို့သော် ကောင်းမွန်စွာ သွန်သင်ဆုံးမခံခဲ့ရမှုကြောင့် ကြမ်းတမ်းသည့်စကားများကို ပြောမထွက်နိုင်ခဲ့ပေ။ သူမက ဒေါသနှင့်အတူ စိတ်ပျက်မှုတို့ဖြင့် အဝေးသို့သာ လှမ်းကြည့်‌နေခဲ့သည်။


မျက်နှာချင်းဆိုင်ဆိုဖာပေါ်တွင် တိတ်တိတ်ဆိတ်ဆိတ်ထိုင်နေသော ဟော်မိသားစု၏ အစ်ကိုအကြီးဆုံး‌ဟော်ကျင့်က နောက်ဆုံးတွင် စကားဆိုလာခဲ့သည်။

"ဒုတိယညီလေး မင်း ချီမိသားစုနဲ့ စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းလိုက်တာက အသေးအဖွဲကိစ္စတစ်ခုပါ... ဒါပေမဲ့ မင်းက ယောက်ျားတစ်ယောက်အတွက်ကြောင့် မိသားစုနဲ့ တကယ်ကြီး အဆက်အသွယ် ဖြတ်မလို့လား"


အဓိကစကားလုံးများစွာကို အတူတကွ ချိတ်ဆက်ပြီးနောက် ရုတ်တရက် ဉာဏ်အလင်းရသွားကာ ယနေ့ ဖြစ်ပျက်နေသည့် ကိစ္စများကို ယဲ့လဲ့ယောင် နောက်ဆုံး၌ နားလည်သဘောပေါက်သွားခဲ့သည်။


သတင်းကောင်းအနေဖြင့် သူ၏ လက်ရှိအထောက်အထားမှာ ချမ်းသာသော‌ဟော်မိသားစု၏ မွေးစားသားတစ်ဦးဖြစ်ပြီး အစားအသောက်နှင့် အဝတ်အစားအတွက် တစ်သက်လုံး ပူပန်‌နေစရာ မလိုအပ်ပေ။


သတင်းဆိုးမှာ ဟော်မိသားစုတစ်ခုလုံးက ဝတ္ထုထဲမှ ဗီလိန်များဖြစ်ကြပြီး တစ်ယောက်ချင်းစီတိုင်း ကြေကွဲဖွယ်အဆုံးသတ်ကို ကြုံတွေ့ခဲ့ရသည်။


ထို့အပြင် သူ့ရှေ့ရှိမြင်ကွင်းက "ကိုယ်ဝန်နဲ့ ထွက်ပြေးသွားပြီးနောက် ခင်ပွန်းဖြစ်သူက နောင်တရခဲ့တယ်" ဝတ္ထုထဲတွင် အရေးကြီးသည့် ဇာတ်ကွက်တစ်ခုဖြစ်သည်မှာ အသေအချာပင်။


"ကိုယ်ဝန်နဲ့ ထွက်ပြေးသွားပြီးနောက် ခင်ပွန်းဖြစ်သူက နောင်တရခဲ့တယ်" ဝတ္ထုက လီကျန်းပေါ်တွင် ရေပန်းစားနေသော လိုက်လံပိုးပန်းသည့် အချစ်ဇာတ်လမ်းဖြစ်သည်။


ထိုကဲ့သို့သော ဝတ္ထုများက ဖန်တရာထပ်နေသော ဒရာမာဆန်ဆန် ဇာတ်ကွက်များပါရှိသော်လည်း ညို့ယူဖမ်းစားနိုင်စွမ်းရှိသည့် အချက်ကို ငြင်းပယ်၍မရပေ။


"ကိုယ်ဝန်နဲ့ ထွက်ပြေးသွားပြီးနောက် ခင်ပွန်းဖြစ်သူက နောင်တရခဲ့တယ်" ဟူသည့် ဝတ္ထုမှာလည်း ချွင်းချက်မဟုတ်ပေ။


ဇာတ်ကွက်မှာ ပထမပိုင်း၌ အဓိကဇာတ်ကောင် (shou) ကို ညှင်းပန်းနှိပ်စက်မည်။ ထို့နောက် အဓိကဇာတ်ကောင် (gong) ကို တစ်ဖန် ညှဉ်းပန်းနှိပ်စက်ပေလိမ့်မည်။ နှစ်ယောက်စလုံး နာကျင်မှုများကို ခံစားရင်း နောက်ဆုံး အတူတကွ ပျော်ရွှင်ဖွယ်အဆုံးသတ်ကို ရရှိသွားလိမ့်မည်။


အစပိုင်းတွင် ယဲ့လဲ့ယောင်က ဝတ္ထုကို အချိန်ဖြုန်းရန်အတွက်သာ ဖတ်ရှုခဲ့သည်။ သို့သော် သူ လေးလေးနက်နက် ချစ်ခင်မြတ်နိုးရသော ဒုတိယ အမျိုးသားဇာတ်ဆောင်က သူ၏ဒုတိယမြောက်အစ်ကို ဖြစ်လာလိမ့်မည်ဟု ဘယ်သောအခါကမှ မ‌မျှော်လင့်ထားခဲ့ပေ။


ရုပ်ရှင်တွင်ဖြစ်စေ ဝတ္ထုတွင်ဖြစ်စေ ဒုတိယအမျိုးသားဇာတ်ဆောင်၏ အခန်းကဏ္ဍကို "နက်နဲလှသော ချစ်ခြင်းမေတ္တာ" ဟု အဓိပ္ပါယ်ဖွင့်ဆိုလေ့ရှိသည်။


ထုံးစံအတိုင်း ဟော်ယန်သည်လည်း ချွင်းချက်မဟုတ်ပေ။


ယခုအချိန်တွင် ဇာတ်ကြောင်းက အဓိကဇာတ်ကောင် (shou) နှင့် အဓိကဇာတ်ကောင် (gong) တို့ ပဋိပက္ခဖြစ်ပွားပြီး လမ်းခွဲသည့်အ‌ခြေအနေအထိ တိုးတက်ရောက်ရှိ‌နေပြီဖြစ်၏။ အဓိကဇာတ်ကောင် (shou) ဖြစ်သည့် စုလွေ့က အခြားရွေးချယ်စရာ မရှိတော့ဘဲ ကောလိပ်ကတည်းက သူ့အား တိတ်တခိုး ချစ်ခဲ့သော ဟော်ယန်ထံမှ အကူအညီတောင်းခံခဲ့သည်။


ထို့အပြင် ဟော်ယန်က သူ၏ လေးလေးနက်နက် ချစ်မြတ်နိုးတတ်သည့် အကျင့်စရိုက်အတိုင်း သူ၏လ‌ရောင်ဖြူ‌လေးအတွက် ဟိုးယခင်ကတည်းက ချီမိသားစုနှင့် စေ့စပ်ထားမှုကို ဖျက်သိမ်းလိုက်ရုံသာမက ဟော်မိသားစုနှင့်လည်း အတိုက်အခံပြုခဲ့သည်။ ၎င်းအပြင် စု‌‌လွေ့နှင့် အတူနေရရန် သူ၏ တိုးတက်နေသော သရုပ်ဆောင်အလုပ်အပါအဝင် အားလုံးကို စွန့်လွှတ်ခဲ့သည်။


ဒါပေမယ့် ဝတ္ထုတစ်ပုဒ်မှာ ဘယ်တုန်းကများ လေးလေးနက်နက် ချစ်ခင်မြတ်နိုးတတ်တဲ့ ဒုတိယ အမျိုးသားဇာတ်ဆောင်က ကောင်းမွန်တဲ့ ဇာတ်သိမ်းကို ရရှိဖူးလို့လဲ...


အပြန်အလှန် ညှဉ်းပန်းနှိပ်စက်မှုများ ဆက်တိုက်ဖြစ်ပွားပြီးနောက် အဓိကဇာတ်ကောင်များ (shou နှင့် gong) တို့က နောက်ဆုံးတွင် အတူတကွ နေထိုင်ကာ အဆုံးသတ်သွားခဲ့သည်။ စုလွေ့က ဟော်ယန်ကို မရွေးချယ်ခဲ့ရုံသာမက သူနှင့်အဓိကဇာတ်ကောင် (gong) တို့က ဟော်ယန်၏ "လိုက်ရှုပ်နေခြင်း" မှ လွတ်မြောက်ရန် ထိုသူ၏ဂုဏ်သတင်းကို တတ်နိုင်သမျှ အမြန်ဆုံးဖျက်ဆီးပစ်ရန်လည်း ကြံစည်ခဲ့ကြသည်။


ဝတ္ထုက ကလေးမွေးဖွားပြီးသည့်နောက် အဆုံးသတ်သွားလေသည်။ လရောင်ဖြူမောင်နှံက သူတို့၏ကလေးနှင့်အတူ စူပါမားကတ်တွင် ဈေးဝယ်ထွက်ရင်း ထိုစူပါမားကတ်တွင် ငါးအသားလွှာနေသော ဟော်ယန်နှင့် မတော်တဆ ဆုံမိခဲ့ကြခဲ့သည်။


ဝတ္ထု၏အဆုံးသတ်ကို တွေးရင်း ယဲ့လဲ့ယောင်၏ အမူအရာက တခဏမျှ တုန်လှုပ်သွားပြီး စိတ်ထဲမှ မကျေမနပ် မပြောမိဘဲမ‌နေနိုင်တော့ပေ။


【ဒီဝတ္ထုရဲ့အဆုံးသတ်က အရမ်းကို ရက်စက်လွန်းတယ်】


ရုတ်တရက် ထွက်လာသောအသံက ဤနေရာတွင်ရှိ‌နေသည့် ဟော်မိသားစုဝင်များကို ထိတ်လန့်သွား‌စေသည်။


မာမားဟော်က အသံလာရာ အရင်းအမြစ်ဖြစ်သည့် ယဲ့လဲ့ယောင်ထံသို့ ဦးစွာ လှည့်ကြည့်လာခဲ့သည်။


ယဲ့လဲ့ယောင်က သူမအချစ်ဆုံးသူငယ်ချင်း၏ ကလေးဖြစ်သည်။ ယဲ့လဲ့ယောင် အသက်ငါးနှစ်အရွယ်တွင် သူ့မိဘများက ကားမတော်တဆမှုကြောင့် သေဆုံးသွားခဲ့သည်။ ထို့ကြောင့်ပင် မာမားဟော်က သူ့ကို ခေါ်ဆောင်လာခဲ့ပြီး သူ့သားအရင်းကဲ့သို့ ပြုစုပျိုးထောင်ပေးခဲ့သည်။


ယဲ့လဲ့ယောင်က ပြီးခဲ့သည့်လက အရွယ်ရောက်ပြီးဖြစ်သော်လည်း သူ့တွင် ကလေးဆန်သည့် အကျင့်စရိုက်ရှိ‌နေဆဲပင်။


ဤအခိုက်အတန့်တွင် သူက လက်တစ်ဖက်ဖြင့် မေးစေ့ကို ထောက်ထားပြီး အခြားလက်တစ်ဖက်က ဖုန်းတစ်လုံးကို ကိုင်ထားကာ ဆွဲဆောင်မှုရှိသော သူ၏မျက်ခုံး‌မွေးများအား မျက်မှောင်ကြုတ်ထားသည်။ ထိုသူက သူတို့၏စကားဝိုင်းထံမှ စကားတစ်ခွန်းတစ်‌လေကိုမျှ နားမထောင်ဘဲ သူ့ကိုယ်ပိုင်ကမ္ဘာထဲ၌ လုံးဝ နှစ်မြှုပ်နေသည်မှာ သိသာလှပေ၏။


၎င်းကိုမြင်ပြီး မာမားဟော်က ဒေါသနှင့် ပျော်ရွှင်မှုတို့ ရောထွေးနေသည်ကို ခံစားလိုက်ရသည်။ ဒုတိယသားဖြစ်သူထံ ဦးတည်နေသည့် ဒေါသသည်လည်း အနည်းငယ် ပြေပျောက်သွားသည်။


ပုံမှန်အတိုင်း ဟော်ယန်လည်း ယဲ့လဲ့‌ယောင်၏ အစောပိုင်းစကားများကို ကြားခဲ့ရ‌ပေသည်။ သို့သော် ယဲ့လဲ့ယောင် လုပ်နေသည့်ကိစ္စနှင့် ပတ်သက်ပြီး သူ့တွင် စိတ်အနှောင့်အယှက်ဖြစ်ရန် အချိန်မရှိပေ။


ယနေ့တွင် ဟော်ယန်က သူ့ဘက်မှရပ်တည်ပြီး စကားပြော‌ပေးရန် ဟော်ကျင့်ကိုလည်း အိမ်သို့ခေါ်ထားခဲ့သည်။ သို့သော် ဟော်ကျင့်က သူ့အတွက် ထောက်ခံမ‌ပေးခဲ့ရုံသာမက သူ့မိဘများနှင့်အတူ အခိုင်အမာ ရပ်တည်ခဲ့ခြင်း‌ကြောင့် ဟော်ယန်မှာ စိတ်ပျက်သွားသည်။


ယခုအချိန်၌ ဟော်ကျင့်က မိဘများနှင့် ပူးပေါင်းပြီး သူ့အပေါ် ဖိအားများပင် ပေးလျက်ရှိ၏။


သူ့မိသားစုအပေါ် ကျန်ရှိနေသေးသော ဟော်ယန်၏ မျှော်လင့်ချက်များအားလုံးမှာ ပျောက်ကွယ်သွားခဲ့သည်။ ဟော်ယန် ဟော်ကျင့်ကို လှည့်ကြည့်လိုက်ချိန်တွင် သူ့မျက်နှာပေါ်၌ စိတ်ပျက်မှုများနှင့် ပြည့်နှက်နေ၏။

"အစ်ကို ကျွန်တော်က အစ်ကိုတို့ကို စွန့်ပစ်ချင်တာ မဟုတ်ဘူး... အစ်ကိုတို့ကသာ ကျွန်တော့်ကို စွန့်ပစ်လိုက်တာ"


ပါပါးဟော်နဲ့ မာမားဟော်ရဲ့ အဆက်မပြတ်ဖိအားပေးမှုကြောင့်သာ မဟုတ်ရင် ဟော်ယန်က စုလွေ့နဲ့အတူ ထွက်သွားဖို့ စဉ်းစားမှာလား...


သူကရော စုလွေ့နဲ့အတူ အိမ်မှာ မနေချင်ဘူးတဲ့လား... ပါပါးဟော်နဲ့ မာမားဟော်က စုလွေ့ကို လက်မခံတာကြောင့်လေ...


【ဟင်း... အဲဒါကြောင့် ငါ ပြောတာပေါ့... အချစ်ရူး‌ ရူးနေတဲ့ ဦး‌နှောက်က စဉ်းစားဆင်ခြင်နိုင်စွမ်းမရှိပါဘူးလို့】


ရင်းနှီးသည့်အသံက ထပ်မံထွက်ပေါ်လာသည်။


ဤတစ်ကြိမ်တွင် ဟော်ကျင့်က ဆိုဖာပေါ်ရှိ လူငယ်‌လေးကို လှမ်းမကြည့်ဘဲ မနေနိုင်တော့ပေ။


ယဲ့လဲ့ယောင်က ဖုန်းကို ကိုင်ထားပြီး ကစားနေပုံရသော်လည်း လက်တွေ့၌မူ သူ သိထားသည့် ဇာတ်ကြောင်းကို မှတ်စုထဲတွင် ကမန်းကတန်း ရေးသားနေသည်။ အတင်းအဖျင်း ပြောသံများကို နားထောင်ရင်း စိတ်ထဲမှ မနေနိုင်ဘဲ စောဒကတက်မိသည်။


【အခုလောလောဆယ် အကောင်းဆုံး ဖြေရှင်းနည်းကတော့ ဒုတိယအစ်ကိုရဲ့ အချစ်ရူးရူး‌နေတဲ့ ဦးနှောက်ကို ခွဲစိတ်မှုလုပ်ပေးလိုက်တာပဲ... မဟုတ်ရင် နောက်ပိုင်း သူ ငါးဈေးတန်းမှာ ငါးအသားလွှာနေရတာနဲ့ အဆုံးသတ်လိမ့်မယ်... နောက်ပြီး လရောင်ဖြူလေးရဲ့ မိသားစုသုံးယောက်စလုံး ရောက်လာတာကိုမြင်ရင် အလကား‌တောင် ငါးအသားလွှာ‌ပေးနိုင်တယ်】


【အိုး နေပါဦး... နဂိုကတည်းက ငါးဈေးတန်းမှာ ငါးကို အလကား အသားလွှာပေးတယ်လေ... ဒုတိယအစ်ကိုရဲ့ အချစ်ရူးဦးနှောက်ကို အဆင့်သတ်မှတ်ရရင် သူက သူတို့အတွက် ငါးဖိုး‌ကိုတောင် ကိုယ်စားပေးပြီး စူပါမားကတ်ကနေ ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးလိမ့်ဦးမယ်】


ပါပါးဟော်နှင့် မာမားဟော်၏ မျက်ဆံများက အနည်းငယ်မျှ ကျဉ်းမြောင်းသွားကြသည်။


ဟော်ကျင့်က ပို၍ပင် မျက်မှောင်ကြုတ်သွား‌လေသည်။


သူတို့ အထင်မှား‌နေသည် မဟုတ်ပေ။


စကားဝိုင်းအစမှ ယခုချိန်ထိ ယဲ့လဲ့ယောင်က စကားတစ်ခွန်းမျှ မပြောခဲ့‌ပေ။


သို့သော် အနှီအသံက ယဲ့လဲ့ယောင်၏ အသံဖြစ်သည်မှာ ငြင်းဆန်၍မရ‌ပေ။


တကယ်ကို ဘာ‌တွေ ဖြစ်‌နေတာလဲ...


ဟော်ယန်က စကားပြောပြီးသည်နှင့် ဟော်ကျင့်၏ တုံ့ပြန်မှုကို စောင့်နေခဲ့သည်။


သို့သော် အံ့သြစရာကောင်းသည်မှာ သူ ဟော်ကျင့်၏ အဖြေကို မရရှိခဲ့ပေ။ ယင်းအစား ယဲ့လဲ့ယောင်၏ မကျေနပ်ချက်ကိုသာ ကြားခဲ့ရသည်။


မူလက ဟော်ယန်မှာ ယဲ့လဲ့ယောင်နှင့် ပတ်သက်ပြီး စိတ်အနှောင့်အယှက် မဖြစ်ချင်ခဲ့‌ပေ။ သို့သော် မကျေမနပ်ဖြင့် ပြောဆိုနေမှုမှာ အလွန်စိတ်မချမ်းသာစရာကောင်းလှသောကြောင့် နောက်ဆုံးတွင် ဟော်ယန်က ခေါင်းကိုလှည့်ကာ ပြောလိုက်သည်။

"ယဲ့လဲ့ယောင် မင်း ဘာမှလုပ်စရာမရှိဘူးဆိုရင် မင်းအခန်းထဲ ပြန်သွားပြီး စာဖတ်နေစမ်း"


ငါးဈေးတန်းကို လရောင်ဖြူ‌လေးက ဘာသွားလုပ်မှာလဲ... ငါက‌ရော ဘာလို့ ငါးအသားလွှာ‌နေရမှာလဲ...


ယဲ့လဲ့ယောင်က စာရိုက်‌နေခြင်းကို ရပ်လိုက်ပြီး အပြစ်ကင်းစွာ မော့ကြည့်လိုက်ချိန်တွင် သူ့မျက်နှာ၌ ရှုပ်ထွေးမှုများနှင့် ပြည့်နှက်သွားရ၏။


ဘာလဲ... ဘာဖြစ်တာလဲ...


ရုတ်တရက်ကြီး ရန်ပွဲက ငါ့ဆီ ဘယ်လိုလုပ် ရောက်လာတာလဲ...


【ငါ ဒုတိယအစ်ကိုကို ရန်သွားမစခဲ့ပါဘူး... ဘာလို့ သူက မီးနဂါးတစ်‌ကောင်လိုမျိုး နေရာအနှံ့ကို မီးမှုတ်ထုတ်နေရတာလဲ】


ဟော်ယန်က အဘယ်ကြောင့် သူ့ကို မီးနဂါးနှင့် ခိုင်းနှိုင်း‌ခံရလဲဟု တွေးနေမိသည်။ ထို့နောက် ပြန်ပြောခါနီးဆဲဆဲတွင် ရုတ်တရက် ဉာဏ်အလင်းပွင့်သွားကာ တစ်စုံတစ်ခုကို သဘောပေါက်သွားခဲ့သည်—


အခု ယဲ့လဲ့ယောင်က... လုံးဝ စကားမပြောလိုက်ဘူးဟုတ်တယ်မလား...


ဟော်ယန်၏မျက်လုံးများက အထိတ်တလန့်ဖြင့် ပြူးကျယ်သွားသည်။


တစ်ဖက်တွင် ပါပါးဟော်နှင့် မာမားဟော်တို့အပြင် ဟော်ကျင့်တို့က ယဲ့လဲ့ယောင် စကားမပြောခဲ့ကြောင်း ပို၍သေချာသွား‌ပေသည်။


ငါတို့ကြားလိုက်ရတဲ့အသံက ယဲ့လဲ့ယောင်ရဲ့စိတ်ထဲကအသံ ဖြစ်နိုင်လား...


ဤသို့ရဲတင်းလှသော ထင်မြင်ချက်က လက်ရှိ ရှိနေသည့် ဟော်မိသားစုဝင်အားလုံးကို ထိတ်လန့်သွားစေခဲ့သည်။


ထူးဆန်းစွာပင် ဟော်အိမ်တော်တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွား‌‌ပေသည်။


ဟော်မိသားစု၏ တိတ်ဆိတ်မှုက အချိန်မကြာမြင့်သော်လည်း တိုတောင်းသည်ဟုလည်း မဆိုနိုင်ပေ။


ဤတိုတောင်းပြီး ကိုးရိုးကားရားနိုင်သော လေထုကြောင့် ပထမဦးစွာ စု‌‌လွေ့မှာ အဆင်မပြေဖြစ်လာပြီး စိတ်မသက်မသာဖြစ်လာခဲ့သည်။ သို့သော် ဤအခန်းထဲတွင် သူ အပြစ်ပြုနိုင်သည့်သူဟူ၍ တစ်ယောက်မျှမရှိ‌ပေ။


ထို့ကြောင့် သူ ဟော်ယန်ကို မျက်လုံးနီရဲရဲ‌လေးများဖြင့်သာ ကြည့်နေနိုင်သည်။

"ယန်ကော... အရင်ဆုံး ငါ ထွက်သွားသင့်တယ် ထင်တယ်"


စုလွေ့၏စကားကို ကြားလိုက်ရချိန်တွင် ဟော်ယန်မှာ လက်တွေ့အဖြစ်မှန်ဆီသို့ ပြန်လည်‌ရောက်ရှိသွားခဲ့သည်။ စုလွေ့၏မျက်လုံးထောင့်မှ မျက်ရည်စီးကြောင်းများကို မြင်လိုက်ရပြီး ထိုသူ့အား နှစ်သိမ့်ပေးတော့မည့်အချိန်၌ အချိန်အခါမသင့်သည့် အသံတစ်သံက ပေါ်ထွက်လာသည်—


【ကြည့်ပါဦး... မျှော်လင့်ထားတဲ့အတိုင်း ဖြူစင်အားနည်းပြီး အပြစ်ကင်းစင်တဲ့ ကြာပန်းဖြူ shou လေးပါပဲ... သူ့ရဲ့ခံစားချက်‌တွေက အားနွဲ့မှုသုံးဆနဲ့ မကျေနပ်မှုခုနစ်ဆကို ပြည့်ပြည့်စုံစုံ ရောနှောထားတာပဲ... သူ့ရဲ့သရုပ်ဆောင်ချက်က တကယ်ကို အထင်ကြီးလောက်စရာပါပဲ】


ယခုလေးပင် လှုံ့ဆော်ခံလိုက်ရသော ဟော်ယန်၏ ခံစားချက်များက ရုတ်တရက် ထိုးကျသွားပြီး သူ့မျက်နှာပေါ်ရှိ အမူအရာကို ထိန်းမထားနိုင်လုနီးပါးပင်ဖြစ်သွားရသည်။ ဟော်ယန်က ခေါင်းကို လှည့်ပြီး ယဲ့လဲ့ယောင်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။


ယဲ့လဲ့ယောင်က ခေါင်းငုံ့ပြီး စာရိုက်နေသောကြောင့် ဟော်ယန်၏ အကြည့်များနှင့် လွဲချော်သွားခဲ့သည်။


စုလွေ့မှာ ဟော်ယန်၏ တုံ့ပြန်မှုနှင့် နှစ်သိမ့်မှုကို မရရှိခဲ့‌‌သောကြောင့် သူ၏ နဂိုဓာတ်ခံ မကျေနပ်ချက်က တိုးများလာသကဲ့သို့ ခံစားလိုက်ရသည်။ စုလွေ့က သူ၏အရှက်ရမှုကို သည်းမခံနိုင်တော့ဘဲ ကိုယ်ကိုလှည့်ကာ ပြောလိုက်သည်။

"ငါ... ငါ အခု ထွက်သွား‌ပေးပါ့မယ်..."


"ရှောင်လွေ့"


ဟော်ယန်က ချက်ချင်းအသိဝင်သွားသည်။

"ကိုယ့်ကို စောင့်ပါဦး—"


"ဟော်ယန်"

ဟော်ကျင့်က ခက်ထန်စွာ အော်လိုက်သည်။


ဟော်ယန်၏ ခြေလှမ်းများက ရပ်တန့်သွားသည်။ သို့သော် သူက ခေါင်းကို လှည့်မကြည့်ဘဲ ပြောလိုက်သည်။

"အစ်ကို ကျွန်တော့်ကို ဖျောင်းဖျဖို့မလိုဘူး... ကျွန်တော့်စိတ်ကို ပြင်ဆင်ထားပြီးသား... အစ်ကိုတို့က ရှောင်လွေ့နဲ့ ကျွန်တော့်တို့ကလေးကို လက်မခံနိုင်တာကြောင့် ကျွန်တော် အိမ်မှာ ဆက်နေဖို့မလို‌တော့ဘူး"


ထိုစကားကို ပြောပြီးသည်နှင့် ဟော်ယန်က စုလွေ့နောက်လိုက်ရန် သူ့ခြေ‌ထောက်ကို မြှောက်လိုက်သည်။


ယဲ့လဲ့ယောင်က သူ၏ပြင်းထန်လှသော ပေါက်ကွဲသံကို ကြာကြာ မထိန်းထားနိုင်တော့‌ပေ—


【အားးး— မဖြစ်ဘူး... မဖြစ်ဘူး... ငါရဲ့ အချစ်ရူးရူးနေတဲ့ ဒုတိယအစ်ကိုက လ‌ရောင်ဖြူ‌လေးရဲ့ ဗိုက်ထဲက ကလေးက သူ့ကလေး မဟုတ်တာကို မသိသေးဘူးမလား】


【အဲဒါက အဓိက ဇာတ်ကောင် gong ဟယ်ရှစ်ရဲ့ ကလေးလေ... ဘယ်တုန်းက သူ့ကလေး ဖြစ်သွားတာလဲ】


ဟော်ယန်မှာ ခွေယိုင်သွား‌၏။


ထို့နောက် ကျယ်လောင်သော အသံနှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွား‌လေသည်။


အသံကြောင့် လန့်ဖျပ်သွားသော ယဲ့လဲ့ယောင်က စိတ်ရှုပ်ထွေးစွာဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်။


【ဒုတိယအစ်ကိုက ကောင်းကောင်းမွန်မွန် လမ်းလျှောက်နေတုန်းတန်းလန်းကြီး ဘယ်လိုလုပ်ပြီး မြေကြီးပေါ် လဲကျသွားရတာတုန်း】


ပါပါးဟော်၊ မာမားဟော်၊ ဟော်ကျင့်: "..."


မင်းပဲ သူ့ကို ခြောက်လှန့်လိုက်တာ မဟုတ်ဘူးလား...



🍉🍉🍉