Part 269
ယွဲ့ စုန့် ပေါ်လာလာချင်းပဲ လူအများရဲ့ အာရုံကို ဆွဲဆောင်မိသွားသည်။
တစ်ယောက်ယောက်လာမေးလျှင်လည်း ကျန်းယန်ရှန့်က ပွင့်ပွင့်လင်းလင်း မိတ်ဆက်ပေးလိုက်သည်ချည်းသာ: "သူက သမီးကောင်လေး ယွဲ့ စုန့်"
ယွဲ့ စုန့်ရဲ့ လူအများအပေါ် တုန့်ပြန်မှုက လေပြေညင်းလေးလိုပင်။ အကြီးများကလည်း သူ့ကို သဘောမကျတာမျိုး မရှိပေ။
သူ့ကို အတန်းဖော်များနှင့် မိတ်ဆက်ပေးသည့် အလှည့်ရောက်သည်အထိ သူတို့ အကြာကြီး စောင့်လိုက်ရသည်။
"ကျန်းယန်ရှန့် နင့်မှာ ကောင်လေးရှိတာ ငါတို့ကိုလည်း မပြောပြဘူး"
"အရမ်း လွန်တာပဲ!"
"ဘယ်လို .. ဒီနှစ်မှ ဘွဲ့ရထားတာလား? အမလေး... ယန်ရှန့်နဲ့ ဒိတ်ကတည်းက ကောလိပ်ကျောင်းသား ဖြစ်နေပြီးပြီပေါ့"
အထက်တန်းကျောင်းသားများ၏ မျက်လုံးထဲတွင်တော့ ကောလိပ်ကျောင်းသားများနှင့် ဆက်သွယ်နိုင်ခြင်းကပဲ ခပ်မိုက်မိုက်ကိစ္စ တစ်ခုလို ဖြစ်နေသည်။
ထိုအချိန်တွင် ကျန်းချီနှင့် ဝူကျစ်ဟွားတို့ ရောက်လာကြသည်။
"စီနီယာ အစ်ကိုယွဲ့"
သူမက အော်ပြောလိုက်ကာ တည့်တည့်ကြည့်ပြီး မေးလိုက်သည်
"ကျွန်မညီမနဲ့ ဘယ်လိုတွေ့တာလဲ..."
"တိုက်ဆိုင်မှု တစ်ခုကြောင့်ပါ" ယွဲ့ စုန့်က ခေါင်းငြိမ့်ပြကာ ယဥ်ယဥ်ကျေးကျေး ပြန်ဖြေသည် "မင်းလည်း ရောက်နေတာပဲ"
ကျန်းချီက ထပ်ပြီး မေးလိုက်ပြန်သည် "ဒါဆို ရှင်တို့က...."
ယွဲ့ စုန့်က တုန့်ဆုတ်ခြင်းအလျင်း မရှိဘဲ ပြန်ဖြေသည် :"ယန်ရှန့်က ငါ့ချစ်သူ"
"စီနီယာယွဲ့က အခုအချိန်မှာ အရင်ကနဲ့ မတူတဲ့ ဝတ်စားပုံအကြိုက် ရှိနေတာ အံ့သြစရာ မဟုတ်ဘူးပဲ"
ဝူကျစ်ဟွားက ခပ်ပြုံးပြုံး လုပ်ကာ ပြောလေ၏
"စီနီယာက ချစ်သူကောင်း ရထားလို့ကိုး"
အထက်တန်းကျောင်းသားများက ဘာတွေဖြစ်နေမှန်း မသိကြပေ။ ထို့ကြောင့် သူတို့က လိုက်ပြီး ပြုံးနေကြသည်။
သူတို့က ယွဲ့ စုန့်ကို ကြည့်လိုက်ပြီး သူ့အဝတ်အစားတွေက သူတို့နဲ့ လုံးဝကွဲပြားနေတာကို တွေ့လိုက်ရသည်။ ထိုသူက ကောလိပ်မှ ဘွဲ့ရထားကာစသာ ဖြစ်သော်လည်း လုံးဝ လူကြီးလူကောင်းပုံစံ ဖြစ်အောင် ဝတ်ဆင်ထားသည်။
ထပ်ပြီးတော့... ထိုသူက ဝတ်စုံပြည်ဖြင့် အရမ်းခန့်ညားနေပြီး သူ့အမူအယာများကလည်း မြင့်မြတ်သူ တစ်ဦးလိုပင်။
မည်သို့ပင် ဆိုစေကာမူ ယန်ရှန့် မိသားစုက ချမ်းသာသောကြောင့် သူမချစ်သူကလည်း
ချမ်းသာသင့်ပေသည်။ ထိုကဲ့သို့တွေးလိုက်သောအခါ ယွဲ့ စုန့်၏ ကိန်းခမ်းကြီးနေမှုက လက်ခံ၍ရပေသည်။
သို့သော်လည်း ဝူကျစ်ဟွားက ထိုသို့ မတွေးပါချေ။ သူက ယွဲ့ စုန့်တစ်ယောက် ပုံစံတူ စက်ရုံချုပ် ရှပ်အင်္ကျီအချို့ဝတ်ထားကို မြင်ဖူးခဲ့သည်။ သူ့ရှေ့က ယွဲ့ စုန့်က ခေါင်းစခြေဆုံး နာမည်ကျော်တံဆိပ်များသာ ပေါ်ပေါ်ထင်ထင် ဝတ်ဆင်ထားသော်လည်း ဝူကျစ်ဟွာကတော့ ဖြင့် "ပိုင်းလုံးကောင်" အဖြစ် အမည်တပ်လိုက်လေသည်။ သူက ဟိတ်ဟန်ထုတ်ရန်အတွက် ကျန်းချီ ဝမ်းကွဲညီမ၏ ငွေများကို သုံးထားခြင်းသာ ဖြစ်ရမည်။
ယွဲ့ စုန့်က ကျောင်းမြက်ခင်းစိမ်းလေး ဖြစ်နေသည့်အချိန်တွင် သူက ကျောင်းတွင် လူသိများသော ဒုတိယမျိုးဆက် လူချမ်းသာသခင်လေး ဖြစ်နေသောကြောင့် မကြာခဏဆိုသလိုပင် သူ့ကို ယွဲ့ စုန့်နှင့် နှိုင်းယှဥ်လေ့ရှိကြသည်။ သူက အမြဲ ရှုံးနိမ့်ခဲ့ရပြီး အချိန်အတော်ကြာသည်အထိ နောက်ကောက်ကျခဲ့ရသည်။
သူ့မျက်လုံးထဲမှာ အထင်သေးရိပ်အချို့ ဖြတ်ပြေးသွားပြီး ပြုံးကာ ပြောလိုက်သည်
"ချီချီ့ ညီမက အခု ကျွန်တော်တို့ Kတက္ကသိုလ်ကို တက်ရတော့မယ်... နောက်ဆိုရင် အစ်ကိုက စီနီယာရော ချစ်သူကောင်လေးရော ဖြစ်တော့မှာ.. အခုအတွက်ရော...အစ်ကို့ ကောင်မလေးအတွက် ဂုဏ်ပြုလက်ဆောင် ပြင်ထားပြီးပြီလား?"
သူက သိသိသာသာပင် ယွဲ့ စုန့် ကိုယ့်ကိုယ်ကို အရူးလုပ်မိမှာကို ကြည့်ချင်နေသည်။
ဒီလိုအိမ်တော်မျိုးထဲမှာ ကျန်းယန်ရှန့်လို အဖိုးတန် သမီးလေးအတွက် မိန်းမတစ်ယောက်အပေါ် မှီခိုနေရသည့် ယွဲ့ စုန့်က ကြွားဝါနိုင်လောက်သည့် လက်ဆောင်မျိုး ယူလာစရာ အကြောင်းမရှိပေ။ တစ်ခုခုကိုသာ ဖြစ်ကတတ်ဆန်းယူလာပါက ရှက်စရာပင်။
ကျန်းချီ ဆက်မကြည့်နိုင်တော့။ သူမက ဝူကျစ်ဟွားကို ဆွဲကာ ယွဲ့ စုန့်ကို အရှက်ကွဲအောင်လုပ်ဖို့ တွန်းအားပေးနေတာကို ရပ်ဖို့ လက်ဟန်ပြလိုက်သည်။
ဝူကျစ်ဟွားက များသောအားဖြင့် သူမစကားနားထောင်လေ့ ရှိသော်လည်း ယခုအခါမှာကား ယွဲ့ စုန့်ကို အရှက်ကွဲစေရန်အတွက် ကြုံတောင့်ကြုံခဲ အခွင့်အရေးတစ်ခု ဖြစ်နေသောကြောင့် ဝူကျစ်ဟွားက လက်မလျှော့ပေ။ သူက ကျန်းချီလက်ကို ကိုင်တာ ချဲ့ကား ပြောဆိုလိုက်သည်
"ဘာမှ မပြင်ထားတာတော့ မဟုတ်လောက်ပါဘူးနော် ဟုတ်တယ်မလား?"
ထိုအချိန်မှာတော့ အထက်တန်းကျောင်းသားများက တစ်ခုခု မှားနေကြောင်း သဘောပေါက်သွားတော့သည်။ ကျန်းယန်ရှန့် ဝမ်းကွဲ၏ ချစ်သူက တင်တင်စီးစီးပြောနေပုံ ပေါ်နေပြီး ကျန်းယန်ရှန့်၏ ချစ်သူကိုလည်း အနည်းငယ် ရန်လိုနေပုံရသည်။
ကံကောင်းစွာဖြင့် ကျန်းယန်ရှန့်၏ ချစ်သူက ပြုံးကာ ပြောလိုက်သည်
" ဘယ်လို ဖြစ်နိုင်မှာလဲ? ဟုတ်တာပေါ့... ငါလည်း လက်ဆောင်တစ်ခု ပြင်ထားတယ်"
သူက လူကြီးများနှင့် အခုလေးတင် တွေ့ဆုံရင်း အလုပ်ရှုပ်နေခဲ့ရသည်။ ထိုသူများနှင့် ကျန်းယန်ရှန့်၏ သူငယ်ချင်းများကိုနှုတ်ဆက်ပြီးနောက် ယွဲ့ စုန့်က နောက်မှသာ သူမကို လက်ဆောင်ပေးဖို့ မူလက စဥ်းစားခဲ့သည်။ သို့သော်လည်း ဝူကျစ်ဟွားက အလွန် ရန်မူနေသောကြောင့် ယွဲ့ စုန့်က သူ့ဝတ်စုံအတွင်းဘက်အိတ်ထဲမှ ကျန်းယန်ရှန့်အတွက် လက်ဆောင်ကို ထုတ်ယူလိုက်ရသည်။
ထိုအရာက သေးငယ်ကာ ပါးလျသော သေတ္တာလေးပင်။
"မင်းအတွက်" ယွဲ့ စုန့်က ကျန်းယန်ရှန့်ကို ပြုံးပြပြီး ကမ်းပေးလိုက်သည်။
ကျန်းယန်ရှန့်ကတော့ ပြုံးရယ်ကာ လူတိုင်း၏ ရှေ့တွင်ပင် ဖွင့်ဖောက်လိုက်သည်။
အချို့သော အတန်းဖော်များကတော့ ထိုအရာကို မည်သည့် ပစ္စည်းမှန်း မသိသောကြောင့် မေးလာကြသည်: "အဲ့တာဘာလဲ?"
အခြား အတန်းဖော်က ဖြေပေးသည်: "ကားသော့"
ထိုအရာက အမှန်တကယ်ပင် ကားသော့ ဖြစ်နေပြီး လမ်ဘော်ဂနီ အမျိုးအစား ဖြစ်သည်။ ဝူကျစ်ဟွားကိုယ်တိုင်ကလည်း လမ်ဘော်ဂနီကားကို မောင်းနေတာကြောင့် သူတစ်ချက်ကြည့်လိုက်ရုံဖြင့် တန်းသိလိုက်သည်။
ကျန်းယန်ရှန့် အတန်းဖော်များ ရှော့ရသွားကြတော့သည်
: "တကယ်ကြီးလား... သူက.... နင့်ကို ကားဝယ်ပေးတယ်ပေါ့?"
ထိုအထက်တန်းကျောင်းသားများ၏ မျက်လုံးထဲတွင် ကားလက်ဆောင်ပေးသည် မဆိုထားနှင့် ကားမောင်းသည့် ကိစ္စကပင် လူကြီးများသာ လုပ်ရသော အရာသာ ဖြစ်သည်။
ဝူကျစ်ဟွားက ပို၍ပင် မယုံမကြည် ဖြစ်လာသောကြောင့် လှောင်ပြောင်ကာ ပြောလိုက်လေ၏:
"မီးခြစ်တော့ မဟုတ်ပါဘူးနော်..."
သူထိုသို့ ပြောလိုက်သောအခါ ကျန်းယန်ရှန့်၏ အတန်းဖော်များက ပို၍ မရေမရာ ဖြစ်လာကြသည်။ အကြောင်းကား သူတို့က ကားလက်ဆောင်ပေးခြင်းနှင့် ကားသော့ပုံစံ မီးခြစ်ပေးခြင်း နှစ်ခုအကြားတွင် နောက်တစ်ခုကိုသာ ပို၍ လက်ခံနိုင်အုံးမည်ဖြစ်သည်။
ဒီလိုမျိုးပုံစံ ဗီဒီယိုတွေ အင်တာနက်ပေါ်မှာ အများကြီး ရှိတာပဲ မဟုတ်ဘူးလား? ဇိမ်ခံကားသော့ အတန်းလိုက်ကြီးတွေလေ... တကယ့်တကယ်က အကုန်လုံး မီးခြစ်တွေပဲ ဖြစ်နေတာ...
သို့သော်လည်း ထိုအိမ်ကြီးအိမ်ကောင်း အတွင်းတွင်တော့ သူတို့က... တကယ်လို့သာ....
ထိုအချိန်မှာပင် တစ်ယောက်ယောက်က သူ့အသံကို မြှင့်ကာ ပြောလိုက်လေသည်
"ဟုတ်တယ်... ဒါ မီးခြစ်ပဲ ဖြစ်ရမယ်... ဒါဘယ်လိုလုပ် ကားသော့ ဖြစ်နိုင်မှာလဲ?! လမ်ဘော်ဂနီ ကားတွေက ငါးမီလီယံ ခြောက်မီလီယံလောက် တန်တဲ့ဟာကို... ဒါကြောင့်မို့ မဖြစ်နိုင်ဘူး!... ဒါအတုကြီး! အတုကြီးပဲ!"
ထိုလေသံက အလွန်အမင်း ချဲ့ကားပြောနေပုံပေါက်သောကြောင့် ကျန်းယန်ရှန့် သူမမျက်လုံးကို လိမ့်မိတော့မတတ်ပင်။ ထိုသူမှာ အခြားမဟုတ်။ ကမ္ဘာကြီး လုံလုံလောက်လောက် ပရမ်းပတာ မဖြစ်မှာကို စိုးရိမ်နေသော ရှုလီချန်ပင် ဖြစ်သည်။
ရှုလီချန်က ကျန်းယန်ရှန့်၏ အတန်းဖော်များကို ကောင်းကောင်း မသိကြောင့် ထိုနေရာကို အရင်မရောက်လာခဲ့ပေ။ ကျန်းယန်ရှန့်ကတော့ သူရောက်လာသည်ကိုပင် မသိလိုက်။ ကျန်းဟယ်လင်းနှင့် ကျန်းရှို့ချန်သာ သူ့နောက်လိုက်သွားကြသည်။
သူ့လက်ထဲတွင် ကိတ်မုန့်တစ်ဝက်ပါသော ပန်းကန်တစ်ချပ်ရှိနေပြီး ခရင်မ်များကလည်း နှုတ်ခမ်းထောင့်တွင် ပေနေသေးသည်။
ပထမက သူ ထိုဘက်ကို အာရုံမထားမိပေ။ သူက ကိတ်မုန့်ကိုသာ စားနေပြီး ရုတ်တရက် ကျန်းဟယ်လင်း ပြောတာကို ကြားလိုက်ရသည်
"ဘာလို့ အစ်မချီချီက အဲ့နေရာကို သွားနေတာလဲ?"
ကျန်းရှို့ချန်ကတော့ နှာမှုတ်ကာ ပြောလိုက်သည်: " ကောင်းတာ မဖြစ်နိုင်ဘူး.. သူ စိတ်မချမ်းသာစရာ စကားတွေ ထပ်ပြောဖို့ပဲ ဖြစ်ရမယ်!"
ရှုလီချန်၏ အသက်ဝင်လာသော ရေဒါက မမျှာ်လင့်စွာပင် တစ်ခုခုကို အာရုံခံမိသွားသည်။ ထိုအရာက ရေဒီယို လှိုင်းတွေများကဲ့သို့ ထုတ်လွှင့်လာခြင်းပင်။
ဝူကျစ်ဟွားကတော့ ရှုလီချန်ကို သေချာပေါက် မသိပေ။ ပထမအချက်မှာ ရှုလီချန်က ငယ်ရွယ်သေးတာကြောင့် အသိုင်းအဝိုင်းထဲတွင် ပေါ်ထွက်လာခြင်း မရှိသေးပေ။ ဒုတိယအချက်မှာ ဝူကျစ်ဟွား၏ မိသားစုစီးပွားရေးဖြစ်သော လောမင် အီလစ်ထရောနစ်မှာ Kမြို့တွင် တည်ထားခြင်းမဟုတ်။ ထို့ကြောင့် သူက ဒေသခံ မဟုတ်ခဲ့ပေ။
ဝူကျစ်ဟွားက ထိုလူ၏ စကားသံက တော်တော်လေး ကိန်းကြီးခမ်းကြီးနိုင်လွန်းသည်ဟု တွေးမိသော်လည်း ထိုသူ့အသက်ကို ကြည့်ရလျှင် ဒီနေ့ပွဲရှင်၏ သူငယ်ချင်းသာ ဖြစ်ရမည်ပင်။ သူက အကြောင်းအရင်း မည်မည်ရရမသိသော်လည်း ထိုသူကို တစ်နေရာရာတွင် တွေ့ ဖူးသကဲ့သို့ အနည်းငယ် ရင်းနှီးနေသလိုပင်။ သို့သော်လည်း ဝူကျစ်ဟွားကတော့ သူ့ဘက်တွင် တစ်ယောက်ယောက် ရှိနေတာကို သေချာပေါက် ပျော်နေခဲ့သည်။ ထိုလူ၏ စကားများက ယွဲ့ စုန့်ကို အရှက်ကွဲစေချင်ပုံ ပေါ်နေ သဖြင့် သူက ထိုအခြေအနေကို လက်လွှတ်မပေးနိုင်ပေ။ ထို့ကြောင့် သူရယ်မောလိုက်၏။
ရှုလီချန်ကတော့ မရပ်တန့်နိုင်သေး။ သူက လူကုံထံ အသိုင်းအဝိုင်းများကြားက ပြဇာတ်တစ်ခုကို ကြည့်ရဖို့ တွန့်ဆုတ်နေသူ မဟုတ်ပေ။
သူက ကိတ်မုန့်ပန်းကန်ကို ကျန်းဟယ်လင်း၏ လက်ထဲကို ပြန်ထည့်ပေးလိုက်ပြီး ကျန်းယန်ရှန့်၏ အတန်းဖော်နှစ်ယောက်ကို ဘေးသို့တွန်းကာ ရှေ့ကိုကိုင်းကြည့်လိုက်သည်
"ကြည့်ရအောင်... ကြည့်ရအောင်"
သူက ပြောသည့်အတိုင်းပင် ကျန်းယန်ရှန့်၏ လက်မှ ကားသော့ကို ဆွဲယူကာ ထပ်တလဲလဲ ကိုင်ကြည့်ပြီးမှ ပြောလိုက်သည်
"လက်ရာ တော်တော်ကောင်းတာပဲ... ဒါပေမယ့် နည်းနည်း ကြမ်းသလိုပဲ... အရည်အသွေးက သိပ်မကောင်းဘူး... မီးခြစ်လို့ရပါ့မလား... ဟေး... မင်းစမ်းကြည့်!"
သူက ပြောသည့်အတိုင်းပင် ကားသော့ကို ကွေ့ကောက်ကာ ပစ်ပေးလိုက်သည်။
Xxxxxxx
Part 270
ဝူကျစ်ဟွားက မြန်မြန် လက်ဆန့်ထုတ်ကာ ဖမ်းလိုက်ပြီး သူက မသိစိတ်က စေ့ဆော်မှုအရ မီးခြစ်ကို ကိုင်ထားလိုက်ပြီး သူ့လက်မကို သုံးကာ မီးခြစ်ရန် ပြင်လိုက်သည်။
သေချာပေါက် ၎င်းကို ခြစ်၍ မရနိုင်ပေ။ ထိုလူ ကားသော့အစစ်ကိုသာ မီးမွှေးဖို့ သုံးနိုင်ပါက ရှုလီချန် သူ့ခေါင်းကိုဖြတ်ကာ သူ့ကို ပေးလိုက်မည် ဖြစ်သည်။
ရလဒ်အနေနဲ့ သူ့လက်မသာ နာလာရသည်။
ဝူကျစ်ဟွား အနည်းငယ် စိတ် ရှုပ်ထွေးသွားရသည်။ သူ အနီးကပ် ကြည့်မိသောအခါတွင် ထိုအရာက ကားသော့အစစ်ဖြစ်နေကြောင်း သိလိုက်ရလေသည်။ ပြီးတော့ ထိုအရည်အသွေးက ရှုလီချန် ပြောသည့် "အနည်းငယ်ကြမ်းသည်" ဆိုသည်မှာ မမှန်ရုံသာမက ဆန့်ကျင်ဘက် အနေနှင့်...
ဝူကျစ်ဟွာ စီးသော ကားသည်လည်း လမ်ဘော်ဂနီ ဖြစ်ပြီး သူက ထိုကားသော့က လမ်ဘော်ဂနီ ကားသော့အစစ်ဖြစ်ကြောင်း ခံစားလိုက်မိသည်။ Xရတနာဆိုင်မှာ ဝယ်နိုင်တဲ့ အဆင်တန်ဆာလို သုံးတဲ့ ကားသော့အတုလည်း မဟုတ်ပြန်ဘူး။
မဟုတ်မလွဲရော အဲ့တာက...
သူတုံ့ဆိုင်းနေစဥ်တွင် ရှုလီချန်က သူ့နားကိုကပ်ပြီး တိုးတိုးပြောလိုက်သည်:
"သူက ကားသော့ကို ဟန်ပြလေးပဲ လုပ်လာပြီး ကားအစစ်မရှိတာ မဖြစ်နိုင်ဘူးလား?"
ဝူကျစ်ဟွား အတွေးပေါက်သွားသည်။ ဟုတ်သားပဲ... ဒါလည်း ဖြစ်နိုင်ချေရှိတယ်!
သူက အရင်တစ်ခါက ယွဲ့ စုန့် ကျန်းချီ မွေးနေ့ပွဲကို တက်လာသည့်အချိန်ကို သတိရမိသွားလေသည်။ သူက ဘတ်စ်ကားပဲ စီးသွားတာ သေချာပါလျက် မျက်နှာပြောင်တိုက်ကာ တက်စီ ခေါ်ထားတာဟု ပြောခဲ့သေးသည်။
ဒီလူက အမြဲတန်း ဟန်များနေတာပဲ!
"ကြည့်ရတာ ဒါမီးခြစ် မဟုတ်ဘူးပဲ" ဝူကျစ်ဟွား က အသံခပ်ကျယ်ကျယ်ဖြင့် ဆိုလိုက်သည် "ဒါဆို ကားကရော...ကားကဘယ်မှာလဲ... ကျွန်တော်တို့ကိုလည်း ပြအုံးလေ!"
ကျန်းချီကတော့ ထိုလူကို ဒေါသထွက်မိတော့မတတ်ပင်။
အကြောင်းမှာ ကျန်းယန်ရှန့်၏ အတန်းဖော်များကပင် တစ်ခုခုမှားနေမှန်း သတိထားမိနေပြီး ကျန်းယန်ရှန့် ဝမ်းကွဲအစ်မ၏ ချစ်သူက ကျန်းယန်ရှန့်၏ချစ်သူ သူမကို အမှန်တကယ် ကားလက်ဆောင်ပေးသည်ကို မယုံသည့်ပုံပင်။ ထိုသူက လက်ဆုပ်လက်ကိုင် သက်သေပြပေးဖို့ ရန်လိုစွာ ပြောနေခဲ့သည်။
အတန်းဖော်များကတော့ ယွဲ့ စုန့်အား စိတ်ကူးမြင့်မြင့် မှန်းထားခြင်းမျိုး မရှိပေ။ သို့သော်လည်း အစကတည်းက ယွဲ့ စုန့်က အဆင့်အတန်းမြင့်မိသားစုက သားဖြစ်ကြောင်း မြင်နေရသည်။ သူတို့က အတိတ်မှာ ယွဲ့ စုန့်က မည်ကဲ့သို့သော မကောင်းသည့် ကိစ္စမျိုးကို ပြုလုပ်ခဲ့ကြောင်း မသိကြသော်လည်း သူတို့ ရောက်လာကတည်းက ကျန်းမိသားစုအိမ်ကြောင့် ထိတ်လန့်နေခဲ့ကြတာ ဖြစ်သည်။ ထိုပတ်ဝန်းကျင်တွင်တော့ သူတို့က ယွဲ့ စုန့်ကိုပင် အဆင့်အတန်းမြင့် အိမ်တော်က သားလို ခံစားနေရတာ ဖြစ်သည်။ ထိုသူက ကားတစ်စီးကို လက်ဆောင်အဖြစ် ကမ်းပေးလိုက်တာတောင် တွန့်ဆုတ်နေခြင်း မရှိပေ။
ဒါက ရုပ်ရှင် ဇာတ်ကြောင်းလိုပဲ! စိတ်လှုပ်ရှားစရာ ကောင်းလိုက်တာ... အရမ်းရိုတာပဲ!
ဆန့်ကျင်ဘက်အနေဖြင့် ထိုဝမ်းကွဲ၏ ချစ်သူက စကားပြောချိန်တိုင်း လူတွေကို စနိုးစနှောင့် ဖြစ်စေသည်။
သူတို့ဘက်မှ အသံကျယ်ကျယ်များက လူကြီးများကို အာရုံ စိုက်လာစေခဲ့သည်။ ကျန်းဟွမ်က ရောက်လာပြီး မေးမြန်းလေတော့သည် "ဘာတွေ ဖြစ်နေတာလဲ?"
ကျန်းဟယ်လင်းက ကျယ်လောင်စွာ ပြောပြလိုက်သည် "ဖေဖေ အစ်ကိုကြီးယွဲ့က အစ်မကို ကားလက်ဆောင်ပေးလိုက်တယ်!"
ကျန်းဟယ်လင်းကတော့ ဘာအကြောင်းကြောင့် ဝူကျစ်ဟွားက ထိုကိစ္စအပေါ်မှာ လိုက်ယှဥ်နေမှန်း အမှန်တကယ် နားမလည်ပါချေ။ အစ်ကိုကြီးယွဲ့ကသာ အစ်မကို ကားလက်ဆောင်ပေးမည်ဆိုပါက သူမအစ်မကို တကယ်ပေးမည်သာ ဖြစ်သည်။ထိုသူက ဘာကြောင့်များ ထူးထူးဆန်းဆန်းတွေ လာပြောနေပါလိမ့်?
သို့သော်လည်း ကားပို့ပေးဖို့ ကိစ္စကိုတော့...
ကျန်းဟွမ်က ထိုစကားကို ကြားလိုက်ချိန်တွင် အသိပြန်ဝင်လာခဲ့ပြီး သူ့အသားအရည်သည်လည်း ပိုအရုပ်ဆိုးလာခဲ့သည်။ ထို့ကြောင့်ပင် သူ ယွဲ့ စုန့်ကို မေးလိုက်သည်
"မင်း ယန်ယန်ကို ကား တကယ် ဝယ်ပေးလိုက်တာလား?"
"ဟုတ်ကဲ့" ယွဲ့ စုန့်က ပြန်ဖြလိုက်သည် "ယန်ယန်က အခု ကားမောင်းလိုင်စင် ရနေပြီ... ဒါကြောင့်မို့ နောက်ဆို သူ့ဘာသာ မောင်းသွားတာက ပို အဆင်ပြေမယ်"
ရှုလီချန်က ကိုယ်ကို ကိုင်းကာ အရှက်မရှိ ပြောလိုက်သည် "ကျွန်တော့မှာလည်း လိုင်စင်ရှိ..."
ကျန်းဟွမ်က သူ့မျက်နှာကြီးကို တွန်းထုတ်လိုက်သည်: "ဘာအမျိုးအစားလဲ?"
"လမ်ဘော်ဂနီ"ယွဲ့ စုန့်က သူ့ကို ကားမော်ဒယ်ကိုပါ ပြောပြလိုက်သည်။
ဝူကျစ်ဟွား အေးခဲသွားကာ လွှတ်ခနဲ ပြောမိသွားသည်:
" မကြာသေးခင်ကမှ အသစ်ထွက်လာတဲ့ ယွမ် ခြောက်သန်းတန်တဲ့ ဟာလား..."
သူကိုယ်တိုင်က လမ်ဘော်ဂနီ ပရိတ်သတ်ဖြစ်ပြီး ထိုအချက်အလက်များနှင့် ပတ်သက်ပြီး ကောင်းကောင်းသိလေသည်။
ယွဲ့ စုန့်က သူ့ကို ကြည့်ကာ ပြောပြလိုက်သည် "ဒါက ယွမ်9.2သန်းတန်တဲ့ ထိပ်တန်းမော်ဒယ်"
ကျန်းယန်ရှန့်၏ အထက်တန်းအတန်းဖော်များ ကြက်သေသေသွားကြသည်။ လူတိုင်းက နှဖူးတွင် ချွေးအနည်းငယ်စို့လာကြသည်- ကျန်းယန်ရှန့်မိသားစုက လူတွေက တစ်သန်းထဲက တစ်စုသာ ပါလား။
"ကားဘယ်မှာလဲ..."
ရှုလီချန်က ရည်ရွယ်ချက်ရှိရှိ ကိစ္စကိုပိုကြီးကျယ်သွားအောင် လုပ်လိုက်ပြီး ဝူကျစ်ဟွားကို မျက်စိမှိတ်ပြလိုက်ကာ ပြောလိုက်သည် "တကယ့် ပစ္စည်းအစစ်ကို မပြရင် ကျွန်တော်တို့ မယုံနိုင်ဘူးနော်!"
ဝူကျစ်ဟွားက ထိန်းချုပ်မှုမှ လွတ်ထွက်လာသော အတွေးဖျော့ဖျော့လေး ရှိနေသော်လည်း ယုံကြည်ဖို့ ငြင်းဆန်နေဆဲပင်။ သူက ရှုလီချန်ဆီကနေ လှုံ့ဆော်ခံလိုက်ရပြီး အံကြိတ်ကာ ပြောလိုက်သည်
"ယွမ်ထောင်ဂဏန်လောက်ပဲ တန်တဲ့ ကားလို့ မပြောဘူးနော်... ဒါဆို ဘယ်မှာလဲ... ကြည့်ရအောင်လေ"
ကျန်းချီကလည်း မကောင်းသည့် ခံစားချက်များ ရနေသည်။ ဝူကျစ်ဟွား သူမစကားကို နားမထောင်တော့ကတည်းက အခြေအနေတွေက ထိန်းမနိုင်သိမ်းမရ ဖြစ်သွားပုံ ပေါ်နေသည်။
သူမက ဖျန်ဖြေရန်အတွက် ခပ်မြန်မြန် ရှေ့ထွက်လာခဲ့သည်:
"လူတိုင်းက ဗိုက်ဆာနေကြမှာ... ဘာလို့ ဒါပဲ ဂရုစိုက်နေကြတာလဲ? လူတိုင်းဗိုက်ဆာ နေကြတယ်မလား? စားဖို့ သွားကြရအောင်"
ဒီကိစ္စက ဒီအတိုင်းအတာထိ ရောက်နေတာကို အခု ဘယ်သူကများ စားချင်စိတ် ရှိနေပါ့မလဲ? ရိုးရိုးသားသား အထက်တန်းကျောင်းသားလေးများတောင်မှ ထိုအချေအတင်ကိစ္စကို အဆုံးထိ စောင့်ကြည့်ချင်ကြသည်။
ကျန်းချီက ကျန်းယန်ရှန့်ကို ပြောလိုက်သည်:
"ယန်ယန်... လုပ်စမ်းပါ... နင့်အတန်းဖော်တွေကို စားဖို့ ခေါ်သွားပေးလိုက်... ကားက ဘာများ စိတ်ဝင်စားစရာ ကောင်းလို့လဲ..."
လူတိုင်းက ကျန်းယန်ရှန့်ကို ကြည့်လာကြပြီး သူမက ခပ်ယဲ့ယဲ့ပြုံးပြလိုက်သည်:
"လူတိုင်း ကြည့်ချင်နေမှတော့ သွားကြည့်ရအောင်.. ငါလည်း ကြည့်ချင်တယ်"
သူမက ပြောသည့်အတိုင်းပင် သူမလက်ကို ဝူကျစ်ဟွားဆီ ဆန့်ထုတ်ပေးလိုက်သည်။ သူက ပြန်ပြီး မတုံ့ပြန်နိုင်ခင် အသိဝင်လာခဲ့တာ ဖြစ်သည်။ ကားသော့က သူ့လက်ထဲမှာ ရှိနေဆဲ ဖြစ်တာကြောင့် ကျန်းယန်ရှန့်ဆီ ခပ်မြန်မြန် ပြန်ပေးလိုက်လေသည်။
သူတို့နေရာမှာ ဆူဆူညံညံ လှုပ်လှုပ်ရှားရှား ဖြစ်သွားတာကြောင့် အနီးအနားရှိ အခြားသော ဧည့်သည်များကို အနှောင့်အယှက် ပေးမိသွားခဲ့သည်။ ထို့ကြောင့် လူတိုင်းက တီးတိုးမေးမြန်းလာကြသည်:
"ဘာတွေ ဖြစ်နေကြတာလဲ?"
"သူပြောတာ သူက ယန်ယန့်ကို ကားလက်ဆောင်ပေးမှာတဲ့... သူတို့အားလုံး မြင်ချင်နေကြတာ"
"အိုး ဘယ်လိုကားမျိုးပါလိမ့်... ငါတို့လည်း သွားကြည့်ရအောင်"
ကျောက်လန်ဖန်က ကျန်းချီနှင့် ဝူကျစ်ဟွားကို တားရန် ရောက်လာသည့် အခါတွင်တော့ အရာအားလုံး နောက်ကျသွားခဲ့လေပြီ။
လူငယ်များသာမက နားစွန်နားဖျား နားစွန်နားဖျား ကြားလိုက်ကြသော ဧည့်သည်များသည်လည်း ကားကို ကြည့်ရန် အပြင်လိုက်ထွက်သွားကြလေပြီ။
ကျန်းယန်ရှန့်က ယွဲ့ စုန့်ကို ပြောလိုက်သည်:
"အရင်ဆုံး နားဝင်မချိုတဲ့ စကားတွေ ပြောရမှာပဲ... ကျွန်မနဲ့ မလိုက်ဖက်ရင် လက်မခံနိုင်ဘူးနော်"
ယွဲ့ စုန့်က သူမကို ပြုံးပြကာ သူမလက်ကို ဆုပ်ကိုင်လိုက်သည်:
"ဒါဆို နောက်တစ်စီး မကြိုက်မချင်း ပြောင်းပေါ့"
အမလေး အမေရေ...
ကျန်းဟွမ်နှင့် ရှုလီချန်းတို့က တစ်ပြိုင်နက်ထဲပင် တစ်ကိုယ်လုံး ကြက်သီးထသွားရတော့လေသည်!
ကျန်းဟယ်လင်း တစ်ယောက်ကသာ သူမမျက်နှာကို အုပ်ကိုင်လိုက်သည်: အရမ်းချိုတာပဲ...
ကျန်းရှို့ချန်ကတော့ ကားကိုတွေ့ရဖို့သာ စိတ်လှုပ်ရှားနေပုံပေါ်သည်။
လက်ဆောင် အဖြစ်ပေးမည် ဖြစ်သောကြောင့် ယွဲ့ စုန့်က သူရောက်လာကတည်းက အိမ်အဝင်နားတွင် တိုက်ရိုက်ပဲ ပါကင်ထိုးထားခဲ့တာ ဖြစ်သည်။
မူလက သူ ကျန်းယန်ရှန့်ကို တိတ်တိတ်လေး ခေါ်ထုတ်ကာ သိုသို သိပ်သိပ်ပဲ ပေးချင်ခဲ့သည်။
သူက ကားမောင်းသူ၏ ဘေးဘက်ခုံတွင်လည်း နှင်းဆီ ပန်းစည်းတစ်စည်းကို ပြင်ဆင်ထားခဲ့သည်။
လူတိုင်းက အသက်အောင့်ကာ ယွမ် 9.2သန်းတန်သည်ဟု ပြောထားသော ထိုကားကို ကြည့်ရှုနေကြလေသည်။
ကားကိုယ်ထည်ကို အနက်ရောင်ခြယ်ထားပြီး ၎င်း၏ ကောက်ကြောင်းများက ခေတ်ဆန်သော အထိအတွေ့ အပြည့်ပင်။ တာယာများနှင့် အောက်ခြေက မြေပြင်ကို ထိစပ်လုမတတ် ပုံပေါ်နေသည်။ အင်အားကြီး အလှတရားနှင့် အမြန်နှုန်းကတော့ အသက်ရှူမှားမတတ်ပင်။
ကျန်းယန်ရှန့်က လက်ကိုမကာ ကားသော့ကို နှိပ်လိုက်သည်။
ကတ္တရာကဲ့သို့မဲနက်နေသော ကားတံခါးက ခွဲဖြာသွားသကဲ့သို့ ပွင့်ဟလာသည်။
ထိုအေးစက်နေသော သတ္တုထည်က လူငယ်တစ်စု၏ သွေးများကို တောက်လောင်စေခဲ့သည်။
Xxxxxxx