Chapter 162
Viewers 2k

☁️Chapter 162




ကျန်းရှီဝူမှာ တစ်နေ့၌ အမျိုးသားတစ်ယောက်ကိုဆွဲဆောင်ရမည့်နည်းလမ်းအား တကယ်ကြီးလေ့လာရလိမ့်မည်ဟု ဘယ်အချိန်ကမှမတွေးခဲ့ဖူးပေ။ သို့သော်လည်း လင်ရှန်းဇာတ်ကောင်ကို အမှန်တကယ်သဘောကျသည်ဖြစ်ရာ ကြိုးစားကြည့်ချင်နေလေသည်။


လျိုဟန်ကမေးလာသည်။


"အောင်သွားလား.."


ကျန်းရှီဝူက ရိုးရိုးသားသားပင်ခေါင်းယမ်းပြလိုက်သည်။


"မအောင်ခဲ့ဘူး.."


လျိုဟန်က အနည်းငယ်မျှအံ့အားသင့်ကာ ရှက်ရွံ့သွားရလေ၏။


"မဖြစ်နိုင်တာ၊ ဒါရိုက်တာဝမ်က မင်းကိုအများကြီးမျှော်လင့်ထားတာမဟုတ်ဘူးလား.."


ကျန်းရှီဝူက ထိုသူ လူတွေ့စစ်ဆေးသည့်အခန်းထဲတွင်ပြောခဲ့သည့်အတိုင်း ပြန်လည်ပြောပြလိုက်သည်။


၎င်းကိုကြားရပြီးသည့်နောက် လျိုဟန်မှာ ကြက်သေသေနေမိလေ၏။ သူ့အမြင်အရဆိုလျှင် အနုပညာလောကတွင် ကျန်းရှီဝူ၏ပုံစံကအကောင်းဆုံးပင်ဖြစ်လေသည်။ ပုံကြီးချဲ့ကာပြောရလျှင် သင့်တော်သည်ထက်ပင်ပိုနေသေးသည်။ ဤတစ်ခေါက် ဒါရိုက်တာဝမ်ကသူ့ကို နာမည်တပ်ခေါ်ခဲ့ရာ သူ့မှာ အောင်မြင်ပြီဟုထင်ထားခဲ့သည်။


လျိုဟန်က သူ့ခေါင်းကိုသူကုပ်နေသည်။


"ဘယ်လိုဖြစ်တာလဲ.."


သူကပြောလိုက်သည်။


"ငါကတော့ ဒါရိုက်တာပြောတာက အဓိပ္ပါယ်ရှိတယ်လို့ထင်တာပဲ၊ ပြီးတော့ ဇာတ်ကောင်အပေါ်ကိုလည်း လေးစားရာရောက်တယ်လေ.."


လျိုဟန်က နားလည်သွားပုံရလေ၏။


ကျန်းရှီဝူမှာ တစ်ခုခုကိုဆုံးဖြတ်ထားပြီးလျှင် အကောင်းဆုံးကြိုးစားတတ်သူဖြစ်လေသည်။ ထို့ကြောင့် ထိုနေရာတွင်စိတ်နှစ်ပြီးသရုပ်ဆောင်ရန် ဆုံးဖြတ်ထားပြီးလျှင် သူကြိုးစားရပေမည်။ သို့ဖြစ်၍ ယနေ့ လူရွေးပွဲသို့ရောက်လာချိန်တွင် သူ့မိဘများလည်းသိထားသည်ဖြစ်ရာ အိမ်ကိုအရင်ဆုံးအကြောင်းကြားရပေမည်။


သူအိမ်ပြန်ရောက်ချိန်တွင် မိုးချုပ်နေပြီဖြစ်ပြီး ကျန်းမေ့လီကညစာပြင်နေလေသည်။ သူပြန်လာသည်ကိုတွေ့သည့်အခါ အိတ်ကိုသယ်ရင်းမေးလေသည်။


"လူရွေးပွဲအောင်ခဲ့လား.."


ကျန်းရှီဝူက ဖိနပ်စင်မှဖိနပ်ကိုလဲနေရင်းပြန်ဖြေလိုက်သည်။


"မအောင်ခဲ့ဘူး.."


ကျန်းမေ့လီကို အနည်းဆုံးအံ့ဩသွားလိမ့်မည်ဟုထင်ထားခဲ့သော်လည်း အမျိုးသမီးက မမျှော်လင့်ထားသောစကားကိုပြောလာခဲ့သည်။


"ပုံမှန်ပါပဲ.."


သူက ငြိမ်ကျသွားပြီးပြန်မေးလိုက်သည်။


"ဘာလို့လဲ.."


စားပွဲပေါ်တွင် ဝက်နံရိုးကင်တစ်ပွဲသာရှိသေးပြီး အမျိုးသမီး၏နူးညံ့သောလက်တို့က ငါးအပေါ်ကို ကြက်သွန်မြိတ်လေးများဖြူးပြီးမှပြောလိုက်သည်။


"ဇာတ်ကောင်တစ်ခုကိုလေ့လာတယ်ဆိုတာ စာကြောင်းတွေကိုအလွတ်ကျက်ပြီး သူ့ရဲ့စရိုက်ကိုလေ့လာရုံနဲ့မပြီးဘူး၊ မင်းကသူမဖြစ်လာခင် သူ့ဘဝကိုအတွေ့အကြုံရှိထားဖို့လည်း လိုသေးတယ်..."


ကျန်းရှီဝူလက်ကတုန်သွားပြီး ငါးဖတ်ပင်ပြုတ်ကျလုနီးပါးဖြစ်သွားလေ၏။


ကျန်းမေ့လီက နိုင်ငံခြားဟာသတစ်ခုကိုပြောလိုက်သည့်အတိုင်းပင်။ သူက သူ့အမေကိုကြည့်လိုက်မိသည်။


ကျန်းမေ့လီကသူ့ကိုမေးလာသည်။


"မင်းကဘာကိစ္စနဲ့ အမေ့ကိုအဲဒီလိုကြည့်နေရတာလဲ၊ အမေပြောတဲ့အထဲမှာ မှားတာပါလို့လား.."


"မမှားပါဘူး၊ ဒါပေမဲ့..."


ကျန်းရှီဝူက တွန့်ဆုတ်ဆုတ်ဖြင့်ပြောလိုက်သည်။


"ကျွန်တော်က အတွေ့အကြုံရှိအောင်ဘယ်လိုလုပ်ရမှာလဲ၊ ဒီနေရာက အရမ်းခက်တယ်၊ ဘယ်နေရာကနေ အတွေ့အကြုံရှိအောင်လုပ်ရမလဲတောင်မသိဘူး.."


ကျန်းမေ့လီက ရှုတည်တည်ဖြင့်သာကြည့်လိုက်လေသည်။


"ဟိုတယ်ကိုသွား၊ နာမည်ကြီးတစ်ယောက်ကိုရှာပြီး သူတို့ဘယ်လိုသရုပ်ဆောင်လဲဆိုတာကြည့်လေ..ပြီးတော့ မင်းက အဲဒီအတိုင်းလိုက်လုပ်ပေါ့.."


"ပြီးတော့ မင်းပုံစံကိုလည်းကြည့်ပါဦး.."


ကျန်းမေ့လီကသူ့ခေါင်းကိုခေါက်လိုက်သည်။


"ကျန်းလင်းရှန်းဆိုတဲ့ဇာတ်ကောင်ကိုအာရုံစိုက်ထား၊ သူ့ရဲ့စရိုက်၊ မြို့ထဲမှာ သူ့ရဲ့အပြစ်ပြောစရာမရှိတဲ့အလှ၊ အပေါ်ယံမျက်နှာလေးက ချီးကျူးခံရဖို့တန်တယ်လို့မင်းကထင်နေတာလား၊ သူက ကုကျန်း၊ စစ်တုရင်၊ လက်ရေးလှနဲ့ပန်းချီလည်းဆွဲတတ်သေးတယ်၊ မင်းမှာ သူ့လောက်နီးနီးအရည်အချင်းရှိပြီး ကြည့်ကောင်းလို့လား၊ မင်းကအခု လမ်းလျှောက်နေတဲ့ သစ်တုံးကြီးလိုပဲ.."


ကျန်းရှီဝူမှာ ဆွံ့အသွားရသည်။ သူပြန်ပြောချင်၍ပါးစပ်ဟလိုက်သော်လည်း မည်သို့ပြန်ပြောရမှန်းမသိပေ။ နောက်ဆုံးတွင် မေးမြန်းရုံသာရှိတော့သည်။


"ပြီးတော့ဘာလဲ.."


ကျန်းမေ့လီက ပြုံးကာပြောလိုက်လေ၏။


"အရင်ဆုံးစားလိုက်.."


ကျန်းရှီဝူမှာ ဤအစားအသောက်များကိုစားချင်စိတ်မရှိဘဲ စားပြီးသွားသည့်အခါ ကျန်းမေ့လီကသူ့ကိုခေါ်သွားပြီး သူတစ်ခါမှမကြားဖူးသေးသောနေရာတို့ကို ကားဖြင့်ခေါ်သွားပေးခဲ့သည်။ ခန်းမမှာ အလွန်အဆင့်အတန်းမြင့်စွာဖြင့်ဆောက်ထားကာ သူဝင်သွားသည့်အခါ ဧည့်သည်အများအပြားထိုင်နေကြသည်။ စတိတ်စင်ပေါ်မှအမျိုးသမီးက တောက်ပသည့်အဝတ်အစားများကိုဝတ်ထားပြီး တိုးလျသောအသံဖြင့် သီချင်းတစ်ပုဒ်ကိုသီဆိုနေလေသည်။


သူမက အလွန်အစအနောက်သန်သောအမျိုးသမီးဖြစ်ပြီး သင်တိုင်းအင်္ကျီဝတ်ထားကာ မျက်လုံးများအတွင်း ဆွဲဆောင်မှုရှိသောအကြည့်မျိုးရှိလေ၏။


ကျန်းမေ့လီက ခပ်တိုးတိုးပြောလာသည်။


"ကြည့်လိုက်၊ အဲဒါမျိုးကို မြို့မျက်နှာဖုံးလို့ခေါ်တယ်.."


ကျန်းရှီဝူက စတိတ်စင်ပေါ်မှအမျိုးသမီးကိုလှမ်းကြည့်ပြီး မသိစိတ်ထဲကပင်လေးစားသွားမိသည်။ သီချင်းဆုံးသွားသည့်အခါ စတိတ်စင်အောက်မှ လက်ခုပ်သံများက မြိုင်မြိုင်ဆိုင်ဆိုင်ထွက်လာကြသည်။ အမျိုးသမီးကစင်ပေါ်မှဆင်းလာပြီး ကျန်းမေ့လီကသူ့ကိုချက်ချင်းနှုတ်ဆက်ကာ အမျိုးသမီးကိုပြောလိုက်လေ၏။


"လီလီ မတွေ့တာကြာပြီနော်.."


လီလီဟုလူသိများသောအမျိုးသမီးက အနည်းငယ်အံ့အားသင့်သွားလေ၏။


"ဒီနေရာကိုလာဖို့ ဘယ်လိုလုပ်ပြီးအချိန်ရသွားတာလဲ.."


"ငါနင့်ကိုမေးဖို့လိုအပ်နေတာလေးရှိလို့.."


ကျန်းမေ့လီက လီလီကိုအနားတိုးလာရန်ခေါ်ပြီး တစ်ခုခုကိုကပ်ပြောလိုက်သည်။ လီလီ၏မျက်လုံးများက ကျန်းရှီဝူ၏ခန္ဓာကိုယ်ကို အနည်းငယ်မျှထူးဆန်းစွာကြည့်လာပြီး ခေါင်းညိတ်ပြလိုက်လေသည်။


"နင့်ရဲ့သားဆိုတဲ့အတိုင်းပဲ၊ အသားအရေလေးကကောင်းတယ်၊ သူ့ကိုငါနဲ့တကယ်ပဲထားခဲ့မလို့လား.."


ကျန်းမေ့လီကခေါင်းညိတ်ပြလိုက်သည်။


"အေး နင်နဲ့ထားခဲ့ရရင် ငါစိတ်ချတယ်..."


လီလီကပြုံးလိုက်ပြီး ကျန်းရှီဝူကိုပြောလိုက်သည်။


"ကျန်းအာ မဟုတ်လား၊ အန်တီနဲ့လိုက်ခဲ့.."


ကျန်းရှီဝူမှာ အမွှေးချွတ်ခံရတော့မည့် ဝဝဖီးဖီးသိုးတစ်ကောင်ပမာ ခံစားလိုက်ရသည်။


စင်အနောက်ထဲသို့ ဦးဆောင်ကာခေါ်သွားပြီးနောက် လီလီက စီးကရက်ကိုမီးညှိကာ ကျန်းရှီဝူကိုပြောလိုက်သည်။


"မင်း အကသင်ဖူးလား.."


ကျန်းရှီဝူကခေါင်းညိတ်ပြလိုက်သည်။


"နည်းနည်းတော့သိပါတယ်ဗျ.."


လီလီက ပြုံးနေသည်ဟုထင်ရပြီး စားပွဲပေါ်မှမျက်နှာဖုံးကိုလက်ညိုးထိုးပြလိုက်သည်။


"ဝတ်လိုက်.."


အူကြောင်ကြောင်ဖြစ်နေရင်း ကျန်းရှီဝူမှာ လီလီကြည့်နေသည့်အောက်မှာပင် မျက်နှာဖုံးတပ်လိုက်ရသည်။ ထို့နောက် လီလီက သူ့ကို ဝတ်ရုံတစ်ခုကိုထပ်ဝတ်ခိုင်းပြန်သည်။ အပြင်ပန်းပုံစံကိုလုံးဝကွယ်သွားပြီးမှ သူမက သူ့ကိုပြောလာလေသည်။


"အပြင်ထွက်ပြီး ဧည့်သည်တွေကို စင်ပေါ်ကနေကပြလိုက်.."


ကျန်းရှီဝူ: ?!


လီလီက ဆတ်ခနဲကြည့်ပြီးပြန်မေးလိုက်သည်။


"မကဘူးလား.."


ကျန်းရှီဝူကမေးခွန်းထုတ်လိုက်သည်။


"ဘယ်အကဖြစ်ဖြစ်ရလား.."


လီလီကသူ့ကို မေးခွန်းထုတ်ရန်အချိန်မပေးဘဲ အဝတ်အစားကိုဝတ်လိုက်သည်။ သူမခန္ဓာကိုယ်က အဝတ်အစားအလွှာကြောင့် ပြည့်တင်းသွားသလိုဖြစ်နေသည်။ သူမက ကျန်းရှီဝူအရှေ့တွင် အကြိမ်အနည်းငယ်မျှပတ်ပြလိုက်လေ၏။ အခန်းထဲရှိကျောင်တိုင်များကြောင့် သူမ၏လှုပ်ရှားမှုတို့က ညင်သာချောမွေ့နေသည်။ အင်္ကျီအောက်တွင် မည်သို့သောခန္ဓာကိုယ်ရှိနေကြောင်း သေချာမသိနိုင်သော်လည်း ဆွဲဆောင်မှုရှိပြီး ကောက်ကြောင်းပေါ်နေကာ သဘာဝကျကျပင် ကလူ၏မြူ၏ဖြစ်၍နေသည်။


လီလီက သူမ၏ကပြဖျော်ဖြေမှုကိုအဆုံးသတ်လိုက်ပြီး ကျန်းရှီဝူကိုပြောလိုက်သည်။


"အဲဒီလိုကရမှာ..."


ကျန်းရှီဝူ: "......"


လီလီက သူ့ကိုမလောနေပေ။


"ငါမင်းကို အကဗွီဒီယိုနည်းနည်းပေးလိုက်မယ်၊ မင်းကယူသွားပြီးလေ့ကျင့်ကြည့်လိုက်၊ မင်းရဲ့အကက ဆွဲဆောင်မှုရှိသွားပြီလို့ထင်ရင် ငါ့ဆီလာခဲ့.."


ကံဆိုးစွာဖြင့် ကျန်းရှီဝူမှာ အချိန်သိပ်မရပေ။ သူ့ထံတွင် သုံးရက်သာအချိန်ရှိလေသည်။


သူက လီလီပေးလိုက်သော အကဗွီဒီယိုကို အခါခါကြည့်ကာ တစ်ညနေလုံးလေ့ကျင့်သည်။ အကသင်ထားခဲ့သောအခြေခံကြောင့် သူကတတ်လွယ်သော်လည်း သဘာဝကျသောဆွဲဆောင်မှုမျိုးရရန်မှာ ခက်ခဲနေခဲ့သည်။


ပုံစံကျရန်မှာ အမြဲခက်ခဲလေသည်။


နောက်ဆုံးတွင် သည်းမခံနိုင်တော့သူမှာလီလီပင်ဖြစ်ပြီး ကျန်းရှီဝူ၏ကိုယ်နေဟန်ထားကို မှန်သည်အထိပြင်ပေးလိုက်ရကာ နူးညံ့အောင်ပြန်လည်တည့်မတ်ပေးခဲ့ရသည်။ နောက်ဆုံးတွင် သူမမျက်လုံးအောက်၌ အကွင်းနှစ်ကွင်းပေါ်လာကာ ပြောလိုက်လေ၏။


"ပြန်ပြီးအနားယူတော့၊ မနက်ဖြန်မှပြန်လာခဲ့.."


ကျန်းရှီဝူက ခေါင်းညိတ်ပြလိုက်သည်။


"ဟုတ်ကဲ့.."


သို့ရာတွင် လက်တွေ့၌ သူလုံးဝမနားလိုက်ရပေ။ အိမ်ပြန်လာသည့်လမ်းတွင် အကကို အခါခါလေ့ကျင့်နေပြီး ခန္ဓာကိုယ်တွင်အင်္ကျီဝတ်ကာ လီလီပြောပြထားသည့် ဆွဲဆောင်မှုကိုယ်နေဟန်ထားအကြောင်းနှင့် ဒါရိုက်တာဝမ်ပြောခဲ့သမျှတို့ကိုပြန်လည်စဥ်းစားပြီး လေ့ကျင့်ရန် လူတစ်ယောက်ကိုလိုက်ရှာရတော့သည်။ ကျန်းရှီဝူက ရှန့်ချန်နှင့်လေ့ကျင့်လျှင်ကောင်းမည်ဟုယူဆလိုက်သည်။


ဖုန်းဝင်လာပြီး ရှန့်ချန်ကသူ့ကိုမက်ဆေ့ချ်ပို့လာလေသည်။


"မနက်ဖြန်ညမှာ လေယာဥ်ဆိုက်မယ်.."


ကျန်းရှီဝူမှာ ပျော်ပြီးအံ့အားသင့်သွားခဲ့သည်။


"ဒါဆို ငါလာကြိုမယ်လေ.."


ရှန့်ချန်: "အင်း.."


ကျန်းရှီဝူကတုံ့ဆိုင်းနေပြီး ပြောလိုက်သည်။


"မင်းပြန်လာရင် ငါမင်းအတွက် လက်ဆောင်ပြင်ပေးထားမယ်.."


ရှန့်ချန်ကစိတ်ဝင်စားသွားသည်။


"ဘာလက်ဆောင်လဲ.."


"မင်းပြန်လာရင်သိလိမ့်မယ်.."


ကျန်းရှီဝူက လျို့ဝှက်ထားရန်ဆုံးဖြတ်လိုက်သည်။


ရှန့်ချန်က M နိုင်ငံတွင် အလုပ်ကိစ္စကြောင့် ရှိရှိနေခဲ့ပြီး ယခု ပြန်လာတော့မည်။ သူကမြို့လယ်တွင်အိမ်ဝယ်ထားပြီး ကျိအိမ်သို့ပြန်မည့်အစား ထိုအိမ်တွင်သာနေခဲ့သည်။


 နောက်တနေ့တွင် ကျန်းရှီဝူက အစောကြီးပြန်ရောက်လာပြီး လက်ကျယ်ဝတ်ရုံကိုဝတ်လိုက်ကာ သူအကလေ့ကျင့်ထားသောရလဒ်ကို ရှန့်ချန်အားကြည့်ခိုင်းရန် အသင့်ဖြစ်နေလေသည်။


ညနေခုနစ်နာရီ။ အိမ်တော်၏ လက်ဗွေဖြင့်ဖွင့်သောသော့ကပွင့်လာလေသည်။


ရှန့်ချန်က တံခါးဖွင့်လိုက်ပြီး သူမြင်လိုက်ရသည်မှာ လူတစ်ယောက်က ဧည့်ခန်းမီးရောင်အောက်တွင် လိမ်ပတ်ကနေသည့်မြင်ကွင်းပင်ဖြစ်လေ၏။ အနက်ရောင်ဝတ်ရုံရှည်နှင့် မျက်နှာတွင်မျက်နှာဖုံးတပ်ထားသည်။ လှုပ်ရှားမှုတိုင်းက ဆွဲဆောင်မှုရှိစွာဖြင့် ကလူ၏မြူ၏ဖြစ်နေသော်လည်း အမှန်တကယ်ပင် မှော်ဆန်လှလေသည်။


နောက်ဆုံး ကျန်းရှီဝူက ကပြီးသွားကာ ပင့်သက်ရှိုက်လိုက်ပြီး ရှန့်ချန်ထံသို့ ရှက်နေဟန်ဖြင့်သွားလိုက်သည်။


"မင်းဘယ်လိုထင်လဲ.."


ရှန့်ချန်ကမေးလိုက်သည်။


"ဒါက ကိုယ့်အတွက်လက်ဆောင်လား.."


ကျန်းရှီဝူက တုံးအစွာပင်ခေါင်းညိတ်ပြလေသည်။


"ဘယ်လိုနေလဲ.."


ရှန့်ချန်က အရှေ့တွင်ရပ်နေပြီး ကျန်းရှီဝူ၏မျှော်လင့်နေသောမျက်လုံးများကိုကြည့်ရင်း မေးလိုက်ပြန်သည်။


"မင်ဖျားနေတာလား.."



☁️☁️☁️