Chapter 161
Viewers 2k

☁️Chapter 161




ဤသရုပ်ဆောင်ရမည့်အပိုင်းနှင့်ပတ်သက်ပြီး ကျန်းရှီဝူ၏ပထမဆုံးအမြင်မှာ ၎င်းက ထူးခြားသည်ဟူ၍ပင်။ သို့ရာတွင် ခဏမျှသုံးသပ်ကြည့်ပြီးနောက် ဇာတ်ကောင်ကို အပေါ်ယံသာကြည့်ပြီးမဆုံးဖြတ်ဘဲ နက်နက်နဲနဲလေ့လာသင့်သည်ဟု ခံစားရလေသည်။


ဤဇာတ်လမ်းထဲတွင် ကျန်းလင်ရှန်းက အဓိကဇာတ်ဆောင်မဟုတ်သလို အရန်ဇာတ်ကောင်လည်းမဟုတ်ပေ။ ဆန့်ကျင်ဘက်ဆိုရလျှင် သူက အဓိကဇာတ်ကောင်ယန်ဝမ်၏ လူယုံဖြစ်ကာ ထိုနေရာ၌မွေးဖွားလာခြင်းဖြစ်သည်။ ကျန်းလင်ရှန်းနှင့် ယန်ဝမ်ကမတော်တဆဆုံခဲ့ကြခြင်းဖြစ်သည်။


ယန်ဝမ်စိတ်ဓာတ်ကျနေစဥ် ကျန်းလင်ရှန်းက ဖြောင့်မတ်စွာဖြင့် သူ၏သစ္စာရှိမှုကိုပြသခဲ့ပြီး နောက်ဆုံးတွင် ယန်ဝမ်အကျိုးရှိစေမည့် သတင်းကိုရရန်အတွက် သူ့အသက်ကိုပင်ပေးခဲ့သည်။ ယခုကဲ့သို့ အချစ်အတွက်အသက်စွန့်ရဲမှု၊ ယင်းသို့သော စိတ်နေစိတ်ထားတို့ဖြင့်၊ ပြည့်တန်ဆာများက အရှက်ကင်းမဲ့သည်ဟု မည်သူကများ ပြောခဲ့သနည်း။ မည်သူကများ စိတ်မလှုပ်ရှားဘဲနေမည်နည်း။ အဆုံးအထိဖတ်ပြီးသည့်အခါ ကျန်းရှီဝူ၏နှလုံးသားလေးက ကျန်းလင်ရှန်းကြောင့် အပြင်းအထန်လှုပ်ခတ်သွားရသည်။ သူ ထိုဇာတ်ကောင်၌ ဖမ်းစားခံလိုက်ရတော့သည်။


သူက မဝေးလှသောနေရာမှ လျိုဟန်ကိုပြောလိုက်သည်။


"ငါလူရွေးပွဲကိုသွားမယ်.."


လျိုဟန်က မှင်သက်သွားကာ ဤမျှပြတ်သားမည်ဟုမမျှော်လင့်ထားသောကြောင့် ပြောလိုက်လေသည်။


"တကယ်ဆုံးဖြတ်လိုက်ပြီကိုး၊ မင်းရဲ့ပါတနာက..."


ရှန့်ချန်ကတော့ ကျိန်းသေပေါက်ရူးသွားမှာပဲ။


သူကပြောလိုက်သည်။


"ရပါတယ်၊ ရှန့်ချန်က မစဥ်းစားတတ်တဲ့လူမဟုတ်ပါဘူး၊ ဒါကငါ့အလုပ်လေ၊ သူနားလည်ပေးမှာပါ.."


လျိုဟန်ကမူ သူ့ကို စကားမပြောဘဲ ကြည့်နေလိုက်သည်။


ကျန်းရှီဝူမှာ ပြောပြီးမှ တုံးအစွာဖြင့် သူ့ပါးစပ်ကိုအုပ်လိုက်မိသည်။


"ဒီလိုဆိုရင် အရင်ဆုံး လူရွေးပွဲကိုသွားပြီး အခြေအနေကိုကြည့်ကြမယ်လေ၊ အောင်သွားရင် ငါသူ့ကိုပြောပြလိုက်မယ်၊ မအောင်ရင်တော့ ပြောစရာမလိုတော့ဘူး..."


လျိုဟန်ကစဥ်းစားပြီးမှခေါင်းညိတ်ပြလိုက်သည်။


"အင်း၊ ဒါရိုက်တာဝမ်က အရမ်းစည်းကမ်းကြီးတယ်လို့ ငါကြားတယ်၊ ငါတို့ပြင်ဆင်ထားရမယ်.."


ကျန်းရှီဝူက စဥ်းစားကြည့်ပြီး လက်ခံလိုက်သည်။


"ဒါဆို အရင်လုပ်လက်စတွေကို တတ်နိုင်သလောက်ရှင်းလိုက်ရအောင်၊ ငါ သရုပ်ဆောင်ရမယ့်အပိုင်းကိုစဥ်းစားချင်တယ်၊ ဒါနဲ့..မင်းကငါ့အတွက် သရုပ်ဆောင်သင်ပေးမယ့်ဆရာကိုခေါ်ပေး၊ ငါ့ရဲ့လက်ရှိအဆင့်နဲ့ ဒါရိုက်တာကငါ့ကို အအောင်မပေးမှာစိုးတယ်.."


လျိုဟန်: "အိုကေ..."


တကယ်တမ်း၌ ကျန်းရှီဝူမှာ တရုတ်ပြည်မှ နာမည်သိပ်မကြီးသောတက္ကသိုလ်မှဘွဲ့ရခဲ့သော်ငြား သူယူထားသောဘာသာရပ်က သရုပ်ဆောင်ပိုင်းနှင့်ဆက်နွယ်နေခဲ့သည်။ ထို့ကြောင့် သရုပ်ဆောင်ရသည့်အပိုင်းတွင် လုံးဝမသိခြင်းမျိုးမရှိပေ။ တရုတ်ပြည်သို့ပြန်ရောက်လာပြီးနောက်ပိုင်းတွင် လူမြင်ကွင်းမှပျောက်နေပြီး အိမ်တွင်သာ ဇာတ်ညွှန်းဖတ်နေခဲ့သည်။ ကျန်းလင်ရှန်းဟူသောပုဂ္ဂိုလ်၏ စရိုက်ကို ကြေညက်မှန်ကန်သည်အထိ လေ့လာခဲ့သည်။


သို့သော်လည်း လူရွေးပွဲရက်မတိုင်ခင်အထိ သူ့မှာ စိတ်လှုပ်ရှားနေသေးသည်။


လျိုဟန်ကပြောလိုက်လေ၏။


"ကောလဟာလတွေထွက်နေတဲ့ဒါရိုက်တာက ဘယ်လိုလူမျိုးလဲဆိုတာ ငါတကယ်မသိဘူး.."


ကျန်းရှီဝူကလည်း စိုးရိမ်နေလေသည်။


"ငါလည်းမသိဘူး.."


လူအများအပြားက လူရွေးပွဲကိုလာကြသော်လည်း ဒါရိုက်တာဝမ်၏လူရွေးပွဲကပိုထူးခြားလေသည်။ အခြားဒါရိုက်တာများ၏လူရွေးပွဲများက သရုပ်ဆောင်ရုံသာဆိုသော်လည်း ဒါရိုက်တာဝမ်၏လူရွေးပွဲကမူ စစ်ဆေးမှုမခံရခင် အဝတ်အစားနှင့်မိတ်ကပ်ကိုပါ ပြင်ဆင်ရန်လိုအပ်လေသည်။ ထို့ကြောင့် ကျန်းလင်ရှန်းအဖြစ် သရုပ်ဆောင်နိုင်ရန်အတွက် အဖွဲ့မှာ ထိုပုဂ္ဂိုလ်နှင့်လိုက်ဖက်ညီမည့် အဝတ်အစားကို ပြင်ဆင်ပေးရလေသည်။


အဖြူရောင်ဝတ်ရုံက ရှည်လျားပြီး အလွန်ထူပုံရသည်။ သို့သော်လည်း လမ်းလျှောက်တိုင်း အတွင်းသားတို့ကိုမြင်ရလေရာ လူလိမ္မာလေး ကျန်းရှီဝူမှာ အလွန်တရာမှရှက်နေမိသည်။ သူက သွေးဖောက်ရန်အသင့်ဖြစ်နေသလိုခံစားရလေသည်။ အထူးသဖြင့် ဘေးမှ မြှောက်ပေးလိုက်ချိန်တွင်ဖြစ်လေသည်။


"ဆရာကျန်းသာ ရှေးခတ်ကလူဆိုရင် စစ်ပွဲအသေးစားလေးတော့ဖြစ်သွားမှာပဲ.."


ကျန်းရှီဝူမှာ တောင်းပန်လိုက်ရသည်။


"ကျွန်တော့်ကိုမစကြပါနဲ့ဗျာ.."


မိတ်ကပ်ဆရာက နှုတ်ခမ်းကိုဖိကာရယ်ပြီးမှ လွှတ်ပေးလိုက်သည်။


မိတ်ကပ်ပြင်ပြီးသည့်အခါ မိတ်ကပ်ဆရာ၏ ဆရာကျလှသောလက်တို့ကြောင့် ကြေးမုံထဲတွင်ပေါ်လာသောပုဂ္ဂိုလ်မှာ ဇာတ်ကောင်နှင့် ရာနှုန်းပြည့်ကိုက်ညီနေလေသည်။ မျက်လုံးဝိုင်းကြီးများက ကော့သွယ်နေသည်။ ၎င်းက ညို့ယူဖမ်းစားနိုင်သောစွမ်းရည်မျိုးရှိလေ၏။ ဆေးအနီဖြင့်ဆွဲထားသောနဖူးမှ ပန်းပွင့်အစက်လေးက မျက်လုံးကိုသာဖော်ပြထားခဲ့သည်။ ဆံနွယ်ရှည်များက ပုခုံးထက်မှကျဆင်းနေလေ၏။ အဖြူရောင်ဝတ်ရုံကိုဝတ်ထားရင်း ထိုနေရာမှရပ်နေသောလူငယ်လေးက သန့်စင်ပြီး ညှို့ငင်နိုင်မှုအရှိန်အဝါတို့ လျှံထွက်နေလေသည်။


အပြင်မှရောက်လာသောလျိုဟန်က သူ့ကိုမြင်ပြီး ခဏမျှအေးခဲသွားခဲ့သည်။ သူတို့က ကလေးဘဝကတည်းက သူငယ်ချင်းကောင်းများဖြစ်ခဲ့ကြသော်လည်း ကျန်းရှီဝူကိုတွေ့လိုက်ရချိန်တွင် မှင်သက်နေမိသည်။ ယင်းက အဝတ်လဲခန်းဆိုသော်ငြား အဖြူရောင်အဝတ်အစားနှင့်လူငယ်လေးက တစ်ယောက်တည်းရပ်နေသည့်အခါ ရှေးခတ်ကိုပြန်ရောက်သွားလိုဖြစ်နေလေသည်။


ကျန်းရှီဝူက နားမလည်နိုင်သလို မျက်တောင်လေးခတ်ပြလာသည်။


"ဘာဖြစ်လို့လဲ.."


လျိုဟန်က အသိပြန်ဝင်လာပြီးပြောလိုက်သည်။


"ဘာမှမဟုတ်ပါဘူး.." 


ထိုအခါမှ ကျန်းရှီဝူမှာ သူ့ကိုအသာပြုံးပြလာသည်။ ဖုံးကွယ်ထားသည့်အရာအောက်မှ မျက်နှာထားကိုမမြင်နိုင်ဘဲ လေးကိုင်းသဏ္ဍာန်မျက်ခုံးများနှင့် မျက်ဝန်းတို့က သူ့နှလုံးသားထဲသို့တိုက်ရိုက်ထိသွားစေခဲ့သည်။


လျိုဟန်က ချောင်းအသာဟန့်ကာ ရွှင်မြူးသွားလေ၏။


"ဒါရိုက်တာဝမ်က ဘာလို့မင်းကိုရွေးတာလဲဆိုတာ ငါနောက်ဆုံးတော့သိသွားပြီ.."


ကျန်းရှီဝူမှာ နှစ်သိမ့်ခံလိုက်ရသလိုခံစားရပြီး စိတ်အေးသွားလေ၏။


လူရွေးပွဲကို အခန်း၏အဆုံးတွင်လုပ်နေလေသည်။ သူ့စိတ်ထဲတွင် ဒါရိုက်တာနှင့်သူသာ ရှိနေမည်ဟုထင်ထားသော်လည်း သူတံခါးကိုတွန်းဖွင့်လိုက်သည်နှင့် အရှေ့တွင် လူတန်းကြီးရှိနေမည်ဟုမထင်ထားခဲ့ပေ။ အလယ်မှ ကလေးမျက်နှာလေးဖြင့်ထိုင်နေသူမှာ ဒါရိုက်တာပင်ဖြစ်လေ၏။ သူ တံခါးကိုဖွင့်ပြီးဝင်လာသည်ကိုတွေ့သည့်အခါ ပြုံးပြလာလေသည်။


"ဝင်ခဲ့ပါ.."


ကျန်းရှီဝူက ခေါင်းညိတ်ပြပြီး ယဥ်ကျေးစွာနှုတ်ဆက်လိုက်သည်။


"ဟယ်လို ဒါရိုက်တာဝမ်.."


ကလေးမျက်နှာပိုင်ရှင်က ချစ်စရာကောင်းစွာပြုံးလိုက်လေ၏။


"ကောင်းတယ် ကောင်းတယ်၊ ငါတကယ်မမှားဘူး၊ မင်းကဒီဝတ်စုံနဲ့ တကယ်လိုက်တယ်.."


ဤအသိအမှတ်ပြုမှုနှင့်ချီးကျူးမှုက ကျန်းရှီဝူကို အနည်းငယ်မျှစိတ်ချသွားစေသော်လည်း သူပင်မပျော်နိုင်သေးခင် ကလေးမျက်နှာပိုင်ရှင်က ပြောလာလေ၏။


"ဆိုးတာက တစ်ခုလိုနေတာပဲ.."


ကျန်းရှီဝူက ခဏမျှအေးခဲသွားခဲ့သည်။


ရုတ်တရက် မျက်လုံးအများအပြားက သူ့ထံသို့ရုတ်တရက်ကျလာကာ အနည်းငယ်မျှ မသက်မသာဖြစ်သွားစေခဲ့သည်။


ဒါရိုက်တာဝမ်က သူ့အရှေ့မှစတိတ်စင်ကိုလက်ညိုးထိုးပြကာ ပြောလာလေသည်။


"ဒီနေ့က လူရွေးပွဲနေ့၊ ဒီတော့ ငါတို့ကို မိုးသက်လေပြင်းအိမ်တော်က ဧည့်သည်တွေအဖြစ် ဆက်ဆံပြရမယ်၊ မင်းကအခု ထိပ်တန်းအလှလေးဖြစ်သွားပြီ၊ အရှေ့ကစင်က မင်းသရုပ်ဆောင်ရမယ့်နေရာပဲ၊ စလို့ရပြီ.."


ထိုစကားထွက်လာသည်နှင့် ကျန်းရှီဝူမှာ မုဒ်သွင်းလိုက်သည်။ သူ့ကိုယ်သူ အာရုံစိုက်ပြီး အရှေ့မှစင်ပေါ်သို့သွားလိုက်သည်။ အရှေ့မှလူတန်းကြီးကို ဦးညွတ်ကာ သူပြင်ဆင်လာသောကုကျန်းကိုစတင်တီးခတ်လေသည်။


သူ့လက်ချောင်းလေးကိုလှုပ်ရှားလိုက်သည်နှင့် လှပသော ကုချင်းသံစဥ်က အခန်းထဲ၌လွင့်မြောသွားလေသည်။ သူတီးခတ်နေပုံက အမှန်တကယ်ပင် ကျွမ်းကျင်မှုရှိလှပေ၏။ ကျက်သရေရှိစွာထိုင်နေကာ လှုပ်ရှားမှုတိုင်းက တည်ကြည်ညင်သာနေသည်။ သီချင်းဆုံးသွားသည့်အခါ ကျန်းရှီဝူကမတ်တပ်ရပ်ကာ ဇာတ်ညွှန်းထဲကကျန်းလင်ရှန်းအတိုင်း ကျေးဇူးတင်စကားပြောလိုက်သည်။


ဒါရိုက်တာဝမ်ကမျက်လုံးမှေးကာ ကျန်းရှီဝူကိုခေါင်းယမ်းပြလိုက်သည်။


"မရဘူး.."


ကျန်းရှီဝူ၏မျက်လုံးတို့က ဖြည်းဖြည်းချင်းပြူးကျယ်သွားကာ ဒါရိုက်တာကို အံ့အားသင့်စွာကြည့်လိုက်သည်။


ဒါရိုက်တာဝမ်ကသူ့ကိုလက်ခါပြလာလေ၏။


"မင်းမအောင်ဘူး၊ ပြန်တော့..."


ဒါရိုက်တာက တည့်ပင်ငြင်းဆန်လာခဲ့သည်။ ကျန်းရှီဝူမှာ ဒါရိုက်တာထံမှခါးခါးသီးသီးဖြစ်နေမှုကိုမခံစားရပေ။ သူအကြောင်းအရင်းကိုမမေးရဲဘဲရှိနေရာမှ ကျန်းလင်ရှန်းဇာတ်ကောင်ကို တကယ်ပင် သဘောကျသောကြောင့် သတ္တိမွေးကာ ရုတ်တရက် ယုံကြည်ချက်များရလာပြီး ထုတ်မေးမိသွားသည်။


"ဘာလို့လဲ.."


ဒါရိုက်တာဝမ်က မှင်သက်သွားကာ သူ့ကိုအံ့အားသင့်စွာကြည့်လိုက်သည်။


ကျန်းရှီဝူက ခဏရပ်နေပြီးမှဆက်ပြောလိုက်လေ၏။


"ပြောချင်တာက ကျွန်တော့်ဘက်ကမှားနေတာတစ်ခုခုရှိတယ်ဆိုရင် ပြောပါ၊ ကျွန်တော်ပြင်ပေးပါ့မယ်၊ ကျွန်တော်က ဒီဇာတ်ကောင်နေရာကိုတကယ်သဘောကျလို့ပါ၊ ကျွန်တော့်ကို နောက်ထပ်အခွင့်အရေးတစ်ကြိမ်လောက်ပေးပါ၊ အခြားအခန်းတွေလည်းရပါတယ်၊ ကျွန်တော် ဇာတ်ညွှန်းစာသားတွေကိုပြန်ကျက်ပြီးရင် ကျွန်တော်.."


သို့သော်လည်း ဒါရိုက်တာဝမ်ကငြင်းနေလေ၏။


"ဘာမှထပ်ပြီးအစစ်ဆေးခံစရာမလိုတော့ဘူး၊ မင်းလုပ်လို့မရဘူး.."


ကျန်းရှီဝူမှာ ရပ်သွားပြီး မယုံကြည်နိုင်စွာဖြင့်ရပ်နေလေသည်။


သူက အကြီးအကျယ်ဖျက်ဆီးလိုက်မိ၍ဖြစ်မည်။ သို့မဟုတ် ကျန်းရှီဝူ၏ပုံစံနှင့် ပိုသင့်တော်သည့်ဇာတ်ကောင်ရှိနေသေး၍ဖြစ်လိမ့်မည်။ လက်ထောက်ဒါရိုက်တာက သူ့ကို ဖြည်းဖြည်းချင်းဖျောင်းဖျနေပြီး ထိုအခါမှ ကလေးမျက်နှာပိုင်ရှင်က အနည်းငယ်လှုပ်ယွလာလေသည်။


ဒါရိုက်တာဝမ်က ထိုင်ခုံမှထရပ်ကာ ကျန်းရှီဝူထံသို့လျှောက်သွားကာ ပြောလိုက်လေ၏။


"မင်းကိုမရဘူးလို့ပြောတာက မင်းကနာမည်ကြီးဂီတသမားနဲ့မတူဘဲ ကျွမ်းကျင်ဂီတသမားနဲ့တူနေလို့ကွ.."


ကျန်းရှီဝူမှာ အလွန်အမင်းအံ့ဩသွားခဲ့ရသည်။


"မင်း စတိုင်ဆိုတာကိုနားလည်လား.."


ဒါရိုက်တာဝမ်၏အသံက ညင်သာပျော့ပျောင်းနေလင့်ကစား ပြောရမည်ကိုမရှက်ပေ။


"မင်းက အရမ်းဖြောင့်မတ်လွန်းတဲ့ပုံစံမျိုးဖြစ်နေတယ်၊ သန့်စင်လွန်းနေတယ်၊ တကယ်တော့ မင်းပုံစံနဲ့တင် အမှတ်တွေအများကြီးရနေပါပြီ၊ ပထမတစ်ကြိမ်ကြည့်ရုံနဲ့ များနေပြီ၊ မဟုတ်ရင် မင်းတံခါးကနေဝင်လာကတည်းက ငါမင်းကိုပြန်လွှတ်လိုက်ပြီ.."


ကျန်းရှီဝူ၏မျက်နှာက ရှင်းပြရခက်စွာနီလာလေသည်။


သူက အနည်းငယ်ပင် စကားထစ်နေသေးသည်။


"ဘာစတိုင်လဲဟင်.."


နောက်ဆုံး၌ ဒါရိုက်တာဝမ်၏မျက်နှာလေးကနီလာပြီး ပြောလာလေသည်။


"အကြမ်းဖျင်းပြောရရင် ယောကျ်ားတွေကိုဆွဲဆောင်နေတာမျိုးလေ နားလည်လား.."


!


ကျန်းရှီဝူ၏ခေါင်းက ပေါက်ကွဲသွားတော့မည်။


ဒါရိုက်တာဝမ်ကသူ့ကို အဓိပ္ပါယ်တစ်မျိုးဖြင့်ပြောလာလေသည်။


"ငါမင်းကို အခွင့်အရေးတစ်ကြိမ်ပေးလို့ရတယ်၊ ဒါပေမဲ့ ငါမင်းကိုသုံးရက်ပေးလိုက်မယ်၊ ယောကျ်ားတစ်ယောက်ကို ဘယ်လိုဆွဲဆောင်ရမလဲဆိုတာကိုသွားလေ့လာခဲ့၊ အကြည့်ရယ်၊ ယောကျ်ားတစ်ယောက် ကြွေဆင်းသွားရလောက်တဲ့လှုပ်ရှားပုံလေးတွေရယ်၊ ဥပမာ အခြားလူတွေရဲ့မျက်လုံးထဲမှာ မတုန်မလှုပ်နဲ့ ဘုန်းကြီးတစ်ပိုင်းဖြစ်နေတဲ့လူကိုရှာပြီးလေ့ကျင့်တာ ဒါမှမဟုတ် အချက်အလက်သွားရှာတာဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်ပေါ့ကွာ.."


ကျန်းရှီဝူရှော့ခ်ရသွားလေသည်။


ဒါရိုက်တာဝမ်က တုံ့ခနဲရပ်သွားပြီး သူညစ်ပတ်သည့်နည်းလမ်းများအား သုံးလိုက်မည်ကိုစိုးရိမ်နေသည့်နှယ် ထပ်လောင်းပြောလိုက်သေးသည်။


"ဒါနဲ့ မင်းဒီအဝတ်အစားကိုယူသွားပြီး လေ့ကျင့်တဲ့အချိန်မှာ ခံစားချက်နဲ့ကိုက်ညီအောင်ဝတ်ပြီး လေ့ကျင့် ကြားလား.."


"....."


ကျန်းရှီဝူမှာ ဒါရိုက်တာဝမ်က သူ့ကိုအခွင့်အရေးပေးမည်ဆိုသောစကားကိုကြားလိုက်ရ၍ဝမ်းသာသွားရသည့်တိုင် ဒါရိုက်တာဝမ်ပေးလိုက်သောအခွင့်အရေးထက် မည်သူကများ သူနှင့်လေ့ကျင့်ပေးပါမည်နည်း။



☁️☁️☁️