အပိုင်း ၁၉၂ ( Rich Second Generation 16 )
Viewers 18k

မာစတာအိပ်ခန်း၏ အဓိကမီးအလင်းကိုသာ လုကျင်းရှိူ့ ဖွင့်ထားသော်ငြား မီးအလင်းက လုံလုံလောက်လောက် လင်းလက်နေရာ သူသည် ယန်ကျင်းဇီ၏ အမူအရာများ အားလုံးကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်နေသည်။


အသက်နှစ်ဆယ့်နှစ်နှစ်အရွယ် ဤလူငယ်က သူ့ကို တစ်လုပ်တည်းဖြင့် မျိုချချင်သကဲ့သို့ သူ့ကို ကြည့်နေ၏။


ထို့နောက် ဖျတ်ခနဲဖြင့် ယန်ကျင်းဇီက အိပ်ရာထဲသို့ ခုန်ဝင်ပြီးဖြစ်သည်။


ဤအခိုက်အတန့်တွင် သူသည် အိပ်ရာပေါ်တွင် ထိုင်နေကာ စောင်က သူ့‌ကိုယ်အောက်ပိုင်းကိုသာ အုပ်ထားသည်။


ယန်ကျင်းဇီကရော? ယန်ကျင်းဇီက ရေချိုးပြီးနောက် သူ့ခန္ဓာကိုယ်ကို ကောင်းစွာ ရေမသုတ်ထားသဖြင့်...


လုကျင်းရှိူ့သည် ယန်ကျင်းဇီက တကယ် စိတ်လှုပ်ရှားနေကြောင်း မြင်တွေ့နိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ယခု ယန်ကျင်းဇီက သူ့ရှေ့တွင် ရှင်းရှင်းလင်းလင်း ရှိနေသည်ပင်။  


သူ့နှလုံးသားထဲမှ ဝမ်းနည်းမှု ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်ပြီး ပျော်ရွှင်မှုက အစားထိုးဝင်ရောက်လာကာ ဘေးအန္တရာယ်ကြုံတွေ့ရပြီးနောက် ခံစားရသော အသက်ရှင်သန်မှုခံစားချက်ပင် ပါဝင်၏။ ခဏတာကြာအောင် လူတစ်ကိုယ်လုံး အနည်းငယ် စိတ်ရှုပ်ထွေးနေခဲ့သည် : “ ကျင်းဇီ... ”


သူ ဆက်ပြောမည့်စကားဟာ ယန်ကျင်းဇီထံမှ တိုက်ရိုက်ပိတ်ဆို့ခံလိုက်ရသည် — ယန်ကျင်းဇီက သူ့ကို ခုန်အုပ်ပြီး သူ့ပါးစပ်ကို ထပ်မံကိုက်ခဲလာပြန်သည်။


သူ့လျှာက သူ့အပိုင် မဟုတ်တော့ဘဲ ယန်ကျင်းဇီ၏အစာ ဖြစ်သွားပြီဟု လုကျင်းရှိူ့ ခံစားလိုက်ရသည်။ ထိုမျှတင်မက ယခု သူသည် ယန်ကျင်းဇီကို မတွန်းထုတ်နိုင်တော့ပေ။


သူ သူ့ကို မတွန်းထုတ်ချင်သောကြောင့်လည်း ဖြစ်နိုင်သည်။


“ ခဏ ” နောက်ဆုံး သူ စကားပြောနိုင်သည့်အချိန်တွင်မူ ယန်ကျင်းဇီက သူ့လည်ပင်းကို ကိုက်ဝါးနေမှန်း သူ တွေ့လိုက်ရသည် : “ မလုပ်... ”


ယန်ကျင်းဇီသည် လုကျင်းရှိူ့၏ ငြင်းဆိုမှုကို အလေးအနက် မမှတ်ယူဘဲ အိပ်ရာထဲသို့ ဝင်လာခဲ့သည်။


ဤလူ၊ လုကျင်းရှိူ့တွင် မာကျောသော ပါးစပ်နှင့် နူးညံ့သော နှလုံးသား အမြဲရှိပြီး “မရဘူး” နှင့် “မလုပ်နဲ့” ဟု ပြောသော်လည်း တကယ်မှာမူ စိတ်ထဲတွင် လိုချင်နေ၏။


ယနေ့ကဲ့သို့ပင်။ လုကျင်းရှိူ့က သူ့ကို အိမ်မှာ ဒီလိုစောင့်နေတယ်!


တွေးကြည့်ရုံနှင့်ပင် ယန်ကျင်းဇီသည် နှာခေါင်းသွေးများမှာ အပြင်သို့ပန်းထွက်လာတော့မည်ဟု ခံစား‌လိုက်ရသည်။


သူ လုကျင်းရှိူ့ကို စိတ်မပျက်စေမှဖြစ်မည်။


သို့သော် သူ့တွင် အတွေ့အကြုံ များများစားစား မရှိပေ... အဆင်ပြေသည်၊ ပထမဆုံး လုပ်ဆောင်မှုက မကောင်းလျှင် နောက်တစ်ကြိမ်၌ သူသည် ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်သည်။


ယန်ကျင်းဇီသည် အရမ်းကာရော လိုက်လံကိုက်ခဲနေပြီး သူ့ဆံပင်စိုစိုများက လုကျင်းရှိူ့၏ကိုယ်ပေါ်တွင် ပွတ်တိုက်နေ၏။


လုကျင်းရှိူ့ : “ ... ”


လုကျင်းရှိူ့သည် စကားပြောစရာ မရှိတော့ဘဲ ပြောလည်း မပြောချင်တော့ပေ။


သူ့စိတ်မှာ ဖရိုဖရဲဖြစ်နေပြီး ခဏတာ ဘာမှမတွေးနိုင်တော့ချေ။





“ ခုနက ကိုယ် ကောင်းကောင်းမလုပ်ခဲ့ဘူးလား? ”



“ အရမ်းမြန်သွားလား? ”


“ မင်း မကြိုက်လို့မရဘူးနော်။ ကိုယ်က အတွေ့အကြုံမရှိရုံပါ။ အလေ့အကျင့်များရင် ကိုယ် သေချာပေါက် တော်လာလိမ့်မယ်! ”


“ ကျင်းရှိူ့၊ ကိုယ် ဒီနေ့ တကယ် ပျော်တယ်! ”






ယန်ကျင်းဇီသည် လုကျင်းရှိူ့ဘေးတွင် လှဲပြီး မရပ်မနား စကားပြောနေသည်။


လုကျင်းရှိူ့သည် ယန်ကျင်းဇီကို ကြည့်ကာ ရုတ်တရက် တစ်ခုတွေးမိပြီး ထူးထူးခြားခြား မေးမြန်းသည် : “ အတွေ့အကြုံမရှိဘူးလား? ” ယန်ကျင်းဇီနဲ့ လုရွေ့ချွင်က နှစ်တွေအများကြီး အတူရှိခဲ့ကြတာ... အတွေ့အကြုံမရှိဘူးတဲ့လား?


“ အတွေ့အကြုံမရှိတာ ဘာဖြစ်လို့လဲ? မင်းမှာ အတွေ့အကြုံရှိတာလား? ” ယန်ကျင်းဇီ မေးလိုက်သည်။ လုကျင်းရှိူ့က စင်ဂယ်ပဲဖြစ်နေခဲ့တာကို သူ မသိဘူးလို့ မထင်နဲ့!


ထို့အပြင် လုကျင်းရှိူ့၏ လုပ်ဆောင်ချက်က သူ့ထက်ပင် ပိုမိုဆိုးရွား၏။


လုကျင်းရှိူ့က သေချာပေါက် အတွေ့အကြုံမရှိပေ။


သို့သော်ငြား ယန်ကျင်းဇီတွင် အတွေ့အကြုံမရှိခြင်းက... လုကျင်းရှိူ့ ရှေ့တိုးကာ ယန်ကျင်းဇီကို နမ်းလိုက်သည်။


ယန်ကျင်းဇီက ချက်ချင်း မာန်တက်သွား၏ : “ ဦးလေးလု၊ ကျွန်တော့်ကို စိတ်ကျေနပ်ရဲ့လား? ”


လုကျင်းရှိူ့ : “ ... ” မင်းမှာ အတွေ့အကြုံမရှိတာကို မင်း သိတယ်၊ မင်း အရမ်းယုံကြည်မှုရှိမနေလို့ရမလား?


ယန်ကျင်းဇီ ပြုံးဖြဲဖြဲလုပ်ကာ လုကျင်းရှိူ့၏ ဘယ်လက်ကို ဆွဲယူပြီး ထပ်တလဲလဲ နမ်းရှိုက်သည်။


လုကျင်းရှိူ့က ရုတ်တရက် မေး၏ : “ မင်း ငါ့ခန္ဓာကိုယ်ကို လုံးဝ မကြိုက်မဖြစ်ဘူးလား? ”


ယန်ကျင်းဇီက ပြန်ပြောသည် : “ ဘာလို့ ကိုယ်က မကြိုက်ရမှာလဲ? ” စကားပြောနေရင်း သူက ပျော်ပျော်ကြီး ထပ်နမ်းပြန်သည်။


လုကျင်းရှိူ့က ထပ်ပြောလာသည် : “ ဒီနေ့ လုရှယ်ယာရှင်တစ်ယောက်က ငါ့ကို ပြောတယ်၊ လုရွေ့ချွင်က သူ့ဆီကို လာတယ်... ငါက ကြာကြာမနေရတော့ဘဲ လုရဲ့ဥက္ကဌ မဖြစ်သင့်တော့ဘူးလို့ လုရွေ့ချွင်က တခြားရှယ်ယာရှင်တွေကို ပြောနေတယ်တဲ့။ ”


“ မဟုတ်ဘူး။ ကျင်းရှိူ့၊ မင်း သေချာပေါက် အသက်အရှည်ကြီး နေမှာ! ” ယန်ကျင်းဇီ လုကျင်းရှိူ့ကို ဖက်လိုက်သည် : “ ကိုယ် မင်းကို ဂရုစိုက်ပါ့မယ်! အခုနောက်ပိုင်း မင်း နေလို့ပိုကောင်းလာတယ်မလား? ”


လုကျင်းရှိူ့၏ ခန္ဓာကိုယ်ကို တွေးမိသည်နှင့် ယန်ကျင်းဇီသည် သူ့နှလုံးသားထဲတွင် အနည်းငယ် အဆင်မပြေခံစားရပြီး လုကျင်းရှိူ့နှင့် နက်ရှိုင်းသော ဆက်ဆံရေး ရရှိလိုက်သည့် စိတ်အခြေအနေကောင်းမှာ ပျောက်ကွယ်သွားသည်။


“ လုရွေ့ချွင်က မင်းကို ငါ့ခန္ဓာကိုယ်အခြေအနေအကြောင်း ပြောပြထားလောက်တယ် ဟုတ်တယ်မလား? ” လုကျင်းရှိူ့က မေးသည်။


ယန်ကျင်းဇီသည် များများစားစား မတွေးဘဲ တန်းဖြေ‌သည် : “ သူ ပြောတယ်။ ” ယခင်က လုကျင်းရှိူ့ ၎င်းအကြောင်းကို စမပြောခဲ့ဖူးချေ။ လုကျင်းရှိူ့၏ ကိုယ့်ကိုကိုယ် တန်ဖိုးထားမှုကို ထည့်သွင်းစဉ်းစားပြီးနောက် သူသည် လုကျင်းရှိူ့ကို ဤကိစ္စအကြောင်း စတင်မပြောပြနိုင်ခဲ့ပေ။ ယခုမူ ကွဲပြားသွားပြီဖြစ်သည်...


ယန်ကျင်းဇီသည် လုကျင်းရှိူ့ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည် : “ မင်း မင်းရဲ့ခန္ဓာကိုယ်ကို အရမ်းနည်းနည်းလေးပဲ ဂရုစိုက်ခဲ့တယ်။ အနာဂတ်မှာ မင်း မဖြစ်မနေ ဂရုစိုက်ရမယ်၊ မင်း သိလား? ကိုယ်က နောက်ထပ်နှစ်ရှစ်ဆယ်လောက် နေနိုင်ဦးမယ်လို့ ကိုယ် ထင်တယ်။ မင်းလည်း ကိုယ့်ကို နောက်ထပ်နှစ်ရှစ်ဆယ်လောက် အဖော်ပြုပေးရမယ်၊ တစ်နှစ်တောင် လျော့လို့မဖြစ်ဘူး။ ”


ယန်ကျင်းဇီ၏စကားများက လုကျင်းရှိူ့၏နှလုံးသားကို တုန်ယင်စေသည်။ လုကျင်းရှိူ့ မေးလိုက်၏ : “ မင်း အဲ့အကြောင်း ဘယ်တုန်းက သိတာလဲ? ”


“ လူတွေ လုမိသားစုဗီလာကို လာပြီး ရေကူးကန်ကို သန့်ရှင်းရေးလုပ်တဲ့နေ့တုန်းက။ ” ယန်ကျင်းဇီ ပြန်ဖြေလိုက်ပြီး ရေကူးကန်အကြောင်း ပြောရသောအခါ သူသည် ပို၍ပင် အဆင်မပြေခံစားလာရသည်။


လုကျင်းရှိူ့၏လည်ပင်းပေါ်တွင် ခေါင်းနှစ်ရင်း ယန်ကျင်းဇီသည် လုကျင်းရှိူ့အတွက် နာကျင်သောကြောင့် သူ့မျက်လုံးထဲတွင် ဝဲတက်လာသည့် မျက်ရည်အနည်းငယ်ကို မတော်တဆ သုတ်မိလိုက်သည်။


လုကျင်းရှိူ့ ၎င်းကို ခံစားမိ၏။


ဒါဆို အဲ့နေ့က သူ့ကို ချီနေတုန်း ယန်ကျင်းဇီ အရမ်းဝမ်းနည်းနေတာက သူ့ခန္ဓာကိုယ်အခြေအနေကို သိသွားလို့လား?


လုကျင်းရှိူ့၏နှလုံးသားတွင် ပျော်ရွှင်မှုနှင့် ချိုမြိန်ခြင်းများ နောက်တစ်ကြိမ် ပြည့်နှက်သွားပြီး သူသည် ယန်ကျင်းဇီကို ပြန်ဖက်ကာ မလွှတ်ပေးချင်တော့ပေ။


“ မင်း ဘာလို့ ငါ့ကို ကြိုက်တာလဲ? ” လုကျင်းရှိူ့က ထပ်မေးပြန်သည် : “ ငါက ဒီလို... ”


“ မင်းက အရမ်းကောင်းတယ်။ ဟိုးအရင်ကတည်းက ကိုယ် မင်းကို သဘောကျခဲ့တယ်။ ဒါပေမယ့် စစတုန်းက ကိုယ် မင်း စိတ်ဆိုးမှာ ကြောက်လို့ မင်းကို မချဉ်းကပ်ရဲခဲ့ဘူး။ ” ယန်ကျင်းဇီက ဆက်ပြောသည် : “ နောက်ပိုင်း မင်းက ကိုယ် ထင်တာနဲ့ ကွာမှန်း ကိုယ် ရှာတွေ့ခဲ့တယ်။ ”


ယန်ကျင်းဇီ ပြောသော “ဟိုးယခင်ကတည်းက” မှာ တကယ်တော့ သူ ပထမဆုံး ကူးပြောင်းလာသည့်အချိန်သာ ဖြစ်သည်။


ထိုအချိန်တွင် သူသည် ဖွင့်ပြောရန် အလွန်ကြောက်နေခဲ့သည်...


သို့သော် လုကျင်းရှိူ့က ၎င်းကို ပိုမိုစောသော အချိန်အဖြစ် နားလည်သွားသည်။


တစ်လကျော်ကျော် ယန်ကျင်းဇီက လုံလုံလောက်လောက် ရဲရင့်နေခဲ့ပြီး ၎င်းက ယခင်နှင့် ကွဲပြားသည်။ ထိုအချိန်တွင် သူတို့သည် အချင်းချင်း အဆက်အသွယ်သိပ်မရှိခဲ့ကြပေ။


အဲ့အချိန်တုန်းကတည်းက လုရွေ့ချွင်နားမှာ ကပ်တွယ်နေတဲ့ ယန်ကျင်းဇီက သူ့ကို ကြိုက်နေတာ ဖြစ်နိုင်လား?


ဤသည်ကို သဘောပေါက်သွားရသော် လုကျင်းရှိူ့သည် သူ လေထဲတွင် လွင့်နေသကဲ့သို့ ခံစားလိုက်ရသည်။


“ ငါ အိမ်တော်ထိန်းကို ရိုက်တုန်းက မင်း မြင်သွားတော့ မင်း အရမ်းစိတ်ဆိုးမယ်လို့ ငါ ထင်ခဲ့တာ။ ” လုကျင်းရှိူ့ ပြောလိုက်သည်။ သူ့စိတ်ထဲတွင် မေးခွန်းများစွာ ရှိနေသည်။ သူသည် ယခင်က ဤမေးခွန်းများကို သူ့စိတ်ထဲတွင်သာ ထားပြီး မေးမြန်းရန် ကြောက်ရွံ့နေခဲ့သော်ငြား ယခုမူ သူ ၎င်းတို့အားလုံးကို ထုတ်မေးချင်မိသည်။


သူ ယန်ကျင်းဇီကို အထင်လွဲ၍မဖြစ်ပေ။


“ မင်း သူ့ကို ရိုက်ရတဲ့ အကြောင်းအရင်း သေချာပေါက် ရှိမှာ၊ ပြီးတော့ အဲ့တုန်းက မင်းကို ကြည့်ရတာ အရမ်းဝမ်းနည်းပြီး အဆင်မပြေဖြစ်နေသလိုပဲ။ ကိုယ် မင်းကို အရမ်းအရမ်း ဖက်ထားပေးချင်ခဲ့တယ်။ ” ယန်ကျင်းဇီက ဆက်ဆို၏ : “ ပြောရမှာ ထူးဆန်းတယ်၊ မင်း တကယ် စိတ်ဆိုးနေလား၊ စိတ်ဆိုးချင်ယောင်ဆောင်နေလား ဆိုတာ ကိုယ် ခံစားနိုင်တယ်။ ကိုယ် မင်းကို တစ်ခုခုလုပ်တဲ့အခါ... နည်းနည်းလွန်သွားပြီလို့ ကိုယ် ထင်တဲ့ဟာကို မင်းက စိတ်မဆိုးဘူး ဆိုတာ ကိုယ် ရှာတွေ့ခဲ့တယ်။ နောက်တော့ ကိုယ် ပိုပိုပြီး သတ္တိရှိလာတယ်။ ”


လုကျင်းရှိူ့စိတ်ထဲတွင် သံသယမရှိပေ။ ဤအခိုက်အတန့်တွင် သူသည် သူက တကယ် ကံကောင်းသည်ဟု ခံစားရသည်။


ယန်ကျင်းဇီက သူ့ကို လိမ်ညာနေသည်ဟု သူ ထင်ခဲ့သော်လည်း ထိုသို့မဟုတ်‌ခဲ့ချေ။ ယန်ကျင်းဇီက သူ့ကို ချစ်သည်။


ဘယ်လိုအရမ်းကောင်းတဲ့ကံကြောင့် သူ ဒီလိုလူမျိုးဆီက အချစ်ခံရတာလဲ?


သူ့တွင် ဘယ်တော့မှ အိမ်ရှိလာလိမ့်မည်မဟုတ်ဟု သူ ထင်ခဲ့သည်။ သို့ရာတွင် သူ့၌ အမှန်တကယ် အိမ်ရှိနေပြီဖြစ်သည်။


ဤကား သူ့အိမ်ဖြစ်၏။


အိမ်တွင် သူ၏ ရည်းစားကောင်လေးလည်း ရှိသည်။


လုကျင်းရှိူ့သည် ရှေ့တိုးကာ ယန်ကျင်းဇီကို ညင်သာစွာ နမ်းလိုက်သည်။


ယန်ကျင်းဇီသည် မူလက လုကျင်းရှိူ့၏ ခန္ဓာကိုယ်အခြေအနေကို တွေးမိပြီး အဆင်မပြေဖြစ်နေသော်ငြား လုကျင်းရှိူ့ထံမှ အနမ်းခံရပြီးနောက် သူ ချက်ချင်း မေ့လျော့သွားသည်။


သူက ငယ်ရွယ်ပြီး အားအင်ပြည့်ဝကာ ယခု သူသည် ထပ်မံစိတ်လှုပ်ရှားသွားပြန်သည်။


ပိုအရေးကြီးတာက လုကျင်းရှိူ့က သူ့ကို ဖက်ပြီး သူ့ကို ထပ်နမ်းတယ်၊ လုကျင်းရှိူ့ တစ်ခုခုလုပ်ချင်သေးတာလား? လုကျင်းရှိူ့ကို နောက်တစ်ခေါက် လက်ဦးမှုရယူခိုင်းတာ သူ တကယ်ကို အရမ်းဆိုးဆိုးရွားရွား ကျရှုံးတာပဲ!


ယနေ့ စောသေးသည်၊ အမှန်တကယ်ပင် အချိန်ကို မဖြုန်းတီးနိုင်ချေ။


ယန်ကျင်းဇီသည် လုကျင်းရှိူ့ကို ပြန်သွားနမ်းပြီး ထပ်မံအုပ်မိုးလိုက်ပြန်သည် : “ ကျင်းရှိူ့၊ ကိုယ် တကယ် မင်းကို အရမ်းချစ်တယ်။ ကိုယ် ဒီနေ့ တကယ် ပျော်တယ်။ ”


“ ဒီတစ်ခါ ကိုယ် သေချာပေါက် ကောင်းကောင်းလုပ်ပါ့မယ်။ ”


“ စိတ်မပူနဲ့၊ ကိုယ် သတိထားပါ့မယ်။ ”


လုကျင်းရှိူ့က သူ့ကို ထပ်နမ်းပြန်သည်။ ယန်ကျင်းဇီ သတိထားမည်ဖြစ်ကြောင်း သူ သိသည်။ ယခင်တစ်ခေါက်က သူ လုံးဝ ဒဏ်ရာမရခဲ့ပေ။


လုကျင်းရှိူ့ တုံ့ပြန်ခဲ့သည်။


တုံ့ပြန်ပြီးနောက် လုကျင်းရှိူ့ နောင်တရမိသည်။


ယန်ကျင်းဇီက သူ့ကို ဖြဲဖို့ကြိုးစားနေတာပဲ!


နောက်ဆုံး ပြီးဆုံးသွားသောအခါ လုကျင်းရှိူ့သည် သူ့ခေါင်းက မနာတော့ဟု ခံစားရပြီး သူ့ဘယ်လက်နှင့် ဘယ်ခြေတို့ကလည်း ယန်ကျင်းဇီ အလွန်ဂရုစိုက်သောကြောင့် အဆင်မပြေမဖြစ်ပေ။ သို့သော် အခြားနေရာများတွင် အလွန်အဆင်မပြေဖြစ်နေသည်။ ပိုအရေးကြီးသည်မှာ သူ အထူးဗိုက်ဆာနေ၏။ 


နေ့လယ်ကတည်းက သူ ဘာမှမစားရသေးပေ။


ယန်ကျင်းဇီက သူ့ဘေးတွင် တခစ်ခစ် ရယ်ကာ သူ့ကို ဆက်တိုက်‌နမ်းနေဆဲဖြစ်သည်... လုကျင်းရှိူ့သည် ကရုဏာနှင့် ချစ်ခြင်းမေတ္တာ ခံစားချက်များ မရှိနိုင်တော့ပေ။ သူသည် ယန်ကျင်းဇီကို ဘေးတွန်းကာ ပြောလိုက်သည် : “ ငါ ဗိုက်ဆာတယ်။ ငါ စားချင်တယ်။ ”


သူက ယန်ကျင်းဇီထက် အသက်ဆယ်နှစ်ပိုကြီးသည်။ သူ့ခန္ဓာကိုယ်ကို အသေအချာ ဂရုစိုက်ပြီး နှစ်အနည်းငယ် အသက်ပိုရှင်ကာ ယန်ကျင်းဇီနှင့် နေရမည်ဖြစ်သည်။


သူက စောစောသေသွားပြီး ယန်ကျင်းဇီက တခြားလူတစ်ယောက် သွားရှာရင် ဘယ်လိုလုပ်မလဲ?


လုံးဝ မဖြစ်နိုင်ဘူး!


ယခင်က လုကျင်းရှိူ့သည် သူ့ခန္ဓာကိုယ်ကို တကယ်ပင် သိပ်အာရုံမစိုက်ခဲ့ပေ။ အဆုံး၌မူ သူက အသက်သာရှင်နေပြီး လုပ်စရာမရှိသည့်ပုံပေါ်သည်။


သို့သော် ဤအခိုက်အတန့်တွင် သူ့အတွေးများမှာ လုံးဝဥဿုံ ပြောင်းလဲသွားသည်။


သူ သူ့ခန္ဓာကိုယ်ကို ကောင်းကောင်းဂရုစိုက်ရမယ်!


“ ကိုယ် မင်း စားဖို့ တစ်ခုခုယူပေးမယ်။ ” ယန်ကျင်းဇီက ပြောလာသည် : “ ကိုယ်လည်း ဗိုက်ဆာတယ်! ” သူက ငယ်ရွယ်ပြီး မြန်မြန်အစာကြေလွယ်ရာ “လေ့ကျင့်ခန်း”အချို့ လုပ်ပြီးနောက် သူလည်း ဗိုက်ဆာသည်။


ယန်ကျင်းဇီက ညအိပ်ဝတ်စုံကို ဝတ်ကာ ပြေးထွက်သွားသည်။ သူက လမ်းလျှောက်နေရင်း ခုန်ပေါက်နေသည်ဟု လုကျင်းရှိူ့ ခံစားရသည်။ 


ယန်ကျင်းဇီ ထွက်သွားသောအခါ လုကျင်းရှိူ့သည် အိပ်ရာထဲတွင် လှဲကာ သူ့မျက်နှာကို အုပ်လိုက်သည်။


သူ ဒီနေ့ ဘာတွေလုပ်ခဲ့တာလဲ!


သို့သော် ကိစ္စများက ဤအထိရောက်လာရာ ထပ်ပြောစရာမရှိတော့ချေ။


လုကျင်းရှိူ့သည် အဝတ်အစား ဝတ်ဖို့ ထရန် တွေးရင်း ရွေ့လျားလိုက်သော်ငြား ထရန် အဆင်မပြေဖြစ်လွန်းနေသည်။ အိပ်ရာခင်းများ စိုနေသည်ကိုလည်း သူ တွေ့လိုက်ရသည်။


သူသည် ဘာပြောရမည်မှန်း မသိတော့သောကြောင့် အိပ်ရာထဲတွင်သာ ပက်လက်ပြန်လှဲပြီး အနားယူနိုင်တော့သည်။


“ ကျင်းရှိူ့၊ ရေခဲသေတ္တာထဲမှာ အဒေါ်ဝမ် ထုပ်ထားတဲ့ ဖက်ထုပ်တွေ ရှိတယ်။ ကိုယ် ပန်းကန်လုံးတစ်လုံးစာ ချက်လာတယ်။ ကိုယ်တို့ အတူတူ စားကြမယ်။ ” ယန်ကျင်းဇီက ဖက်ထုပ်ငယ်များ ပြည့်နေသော စွပ်ပြုတ်အိုးကြီးတစ်အိုးနှင့် ဝင်လာသည်။


“ ဘာလို့ စွပ်ပြုတ်အိုးကြီးလဲ? ” လုကျင်းရှိူ့ အံ့အားသင့်သွားသည် : “ မင်း အထဲတောင် သယ်လာသေးတယ်... ”


“ ကိုယ်တို့ ဒီအတိုင်းပဲ အတူစားကြမယ်။ ” ယန်ကျင်းဇီသည် စွပ်ပြုတ်အိုးကို ခုတင်ဘေးစားပွဲပေါ်တွင် တင်ကာ ဘေးရှိအံဆွဲမှ စားပွဲငယ်တစ်လုံးကို ထုတ်ပြီး အိပ်ရာပေါ်တွင် တင်လိုက်သည် : “ ကိုယ် မင်းကို ခွံ့ကျွေးမယ်! ”


လုကျင်းရှိူ့ : “ ... ” သူ့ထင်မြင်ချက်ထဲတွင် သူသည် အိပ်ခန်းထဲ၌ အစားစားခဲသည်။ ခွံ့ကျွေးခံရသည်ကို မဆိုနှင့်...


ဆန့်ကျင်ဘက်အားဖြင့် ယန်ကျင်းဇီက တက်ကြွပြီး စားပွဲငယ်ပေါ်ရှိ အိုးကို ကိုင်ကာ ဖက်ထုပ်တစ်ခုကို ခပ်၍ လေမှုတ်ပြီးနောက် လုကျင်းရှိူ့၏ပါးစပ်နားအထိပင် ခွံ့ကျွေးသည်...


လုကျင်းရှိူ့ တိတ်တဆိတ် စားလိုက်သည်။


ဖော်ပြမရသော ခံစားချက်များမှာ သူ့နှလုံးသားထဲတွင် လှုပ်ရှားလာပြီး သူ့ဘက်လက်က ထပ်မံတုန်ယင်သွားပြန်သည်။


ဒီကမ္ဘာမှာ ယန်ကျင်းဇီလို ချစ်စရာကောင်းတဲ့လူ ဘယ်လိုလုပ် ရှိနေနိုင်တာလဲ? အရမ်းချစ်စရာကောင်းလွန်းလို့ သူ ဒီလူကို ဖက်ပြီး နမ်းချင်တယ်။


ယန်ကျင်းဇီသည် နာခံစွာဖြင့် ဖက်ထုပ်စားနေသော လုကျင်းရှိူ့ကို ကြည့်နေပြီး သူ့အတွေးများမှာ လုကျင်းရှိူ့၏အတွေးများနှင့် အတူတူပင် ဖြစ်သည်။


ဒီကမ္ဘာမှာ လုကျင်းရှိူ့လို ချစ်စရာကောင်းတဲ့လူ ဘယ်လိုလုပ် ရှိနေနိုင်တာလဲ? သူ လုကျင်းရှိူ့ကို နမ်းချင်တယ်!


သို့သော် သူသည် လုကျင်းရှိူ့နှင့် မျက်နှာချင်းဆိုင် ထိုင်နေပြီး သူတို့ကြားတွင် စားပွဲငယ်တစ်လုံးနှင့် ဖက်ထုပ်အိုးတစ်အိုး ရှိနေသည်...


မေ့လိုက်တော့၊ စားပြီးမှပဲ သူ့ကို နမ်းမယ်!


“ ဒါနဲ့ ကိုယ်တို့အဝတ်တွေ... ဘယ်သူ စီထားတာလဲ? ” ယန်ကျင်းဇီက မေးသည်။


လုကျင်းရှိူ့က ဘာမှမပြောချေ။


လုကျင်းရှိူ့ စကားမပြောသည်ကို ယန်ကျင်းဇီ တွေ့သောအခါ လုကျင်းရှိူ့ ရှင်းလင်းထားမှန်း သူ သိသွားသည်။


ဒါဆို ဒီနေ့ သူ ထွက်သွားတော့ လုကျင်းရှိူ့က အခန်းကို တစ်ယောက်တည်း ရှင်းတဲ့အပြင် အိပ်ရာထဲမှာ လှဲပြီး သူ ပြန်လာမှာကို စောင့်နေတာလား?


မဖြစ်ဘူး၊ သူ ဆက်တွေးလို့မဖြစ်တော့ဘူး။ သူ ဖက်ထုပ်စားဖို့တောင် မတွေးနိုင်တော့ဘူး!


ယန်ကျင်းဇီနှင့် လုကျင်းရှိူ့တို့သည် ဖက်ထုပ်တစ်အိုးကို ချိုမြိန်စွာ စားခဲ့ကြပြီးနောက် လုကျင်းရှိူ့က ရေသွားချိုးကာ ယန်ကျင်းဇီက အိပ်ရာခင်းများကို လဲလှယ်သည်။


အစားလဲခံရသော ဤအိပ်ရာခင်းများမှာ ပြန်မသုံးနိုင်တော့ချေ...


ဒီနေ့က တကယ် လှပတဲ့နေ့လေးပဲ!


ယန်ကျင်းဇီနှင့် လုကျင်းရှိူ့တို့ အိပ်ရာဝင်သောအခါ ည ၁၂ နာရီကျော်နေပြီဖြစ်သည်။


ပင်ပန်းမှုကြောင့် ဖြစ်နိုင်သည်၊ လုကျင်းရှိူ့သည် ဤတစ်ကြိမ်တွင် အလွန်လျင်မြန်စွာ အိပ်ပျော်ခဲ့ပြီး ညလယ်ခေါင်တွင်လည်း မနိုးတော့ပေ။


သူသည် မနက်ခင်းတွင် ဖုန်းမြည်သံကြောင့် နိုးလာခဲ့သည်။


လုကျင်းရှိူ့သည် မှင်တက်စွာဖြင့် ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး အလွန်အံ့ဩသွားရသောကြောင့် သူ၏ အိပ်ငိုက်နေမှုပင် လုံးဝဥဿုံ ပျောက်ဆုံးသွား၏။  


သူ ရှော့ခ်ရသွားရသည်မှာ အကြောင်းအရင်း တစ်ခုက... မနက်ကိုးနာရီထိုးနေသောကြောင့် ဖြစ်ပြီး သူ တစ်ခါမှ ဤမျှအကြာကြီး တချိုးတည်း မအိပ်ခဲ့ဖူးပေ။


ဒုတိယအချက်ကမူ... ဖုန်းဆက်သူမှာ ယန်ကျင်းဇီ၏ဖခင် ဖြစ်သောကြောင့်ပင်။


ယန်ကျင်းဇီရဲ့အဖေက သူ့ဆီက ဘာလိုချင်တာလဲ? လုကျင်းရှိူ့သည် ဖုန်းဖြေပြီး သူ့အသံကို တည်ငြိမ်စေရန် ကြိုးစားလိုက်သည် : “ ဟယ်လို ”


____