Part 193
ရှုလီချန် အော်ပြောနေသည်။
"နင် ဘာပြောလိုက်တာလဲ... ဟယ်လို...ဟယ်လို..နင့်ရုပ်က ဘာလို့ မလှုပ်တော့တာလဲ...လိုင်းမကောင်းတာလား..."
သူ့အသံကိုသာ ကြားရသဖြင့် လိုင်းမကောင်းခြင်း ဖြစ်နိုင်သည်။ကျန်းယန်ရှန့်သည်လည်း ရှုလီချန် ရုပ်မှာ မလှုပ်ဘဲ ငြိမ်နေသဖြင့် သူမက စိတ်ရှုပ်စွာ ဖုန်းချပစ်လိုက်သည်။သုံးစက္ကန့် ကြာပြီးနောက် ဗီဒီယိုကောလ် ထပ်ခေါ်လာပြန်သည်။
"…"
ကျန်းယန်ရှန့်က ဖုန်းကို ဘေးသို့ပစ်ချလိုက်ကာ စောင်ကိုဆွဲခြုံ၍ ဆက်အိပ်လိုက်သည်။ ညသန်းခေါင်တွင် အရူး ရှုလီချန် ရစ်နေသည်ကို ခံရပြီးနောက် အိပ်ရေးပျက်သွားရသော်လည်း ပုံမှန်အချိန်တွင် နိုးလာလေသည်။
ကျန်းဟယ်လင်းက သူမကို ပြောလိုက်သည်။
"အစ်မ မျက်လုံးအောက်မှာ ဘာဖြစ်လို့ ညိုမဲနေရတာလဲ...."
မျက်ကွင်းညိုခြင်းအတွက် Facial mask သုံးချင်သော်လည်း သူမ မဝယ်ခဲ့ရပေ။ တကယ်တမ်းတွင် သူမသည် အသက် ၁၆နှစ်သာရှိသေး၍ မျက်နှာအသားအရေသည် အလွန်ကောင်းမွန်သောကြောင့် mask သုံးဖို့မလိုအပ်သေးပေ။သူမကလည်း ပြန်လည်မွေးဖွားလာကတည်းက ထိုကဲ့သို့ ပစ္စည်းမျိုး မဝယ်ခဲ့ပေ။ထို့ကြောင့် လိုရမည်ရ eye maskတစ်ခု ဝယ်မည်ဟု သူမ တွေးလိုက်မိလေ၏။
မနေ့က ဒါရိုက်တာ ရှယ် အလုပ်ရှုပ်နေမှန်း သူမ,သိသောကြောင့် နေ့ခင်းမှသာ ဖုန်းခေါ်ခဲ့သည်။
"သူ အမှားတစ်ခုခုလုပ်မိရင် ကျွန်မကို ဖုန်းဆက်လိုက်ပါနော်..ကျွန်မ သူ့ကို ချက်ချင်း ပြန်ခေါ်သွားပါ့မယ်..."
ဒါရိုက်တာရှယ် က ရယ်မောပြီး ပြောလိုက်သည်။
"မမလေးကျန်းက ရှောင်ရှု ကို အထင်သေး နေတာကိုး... ပြောစရာမလိုပါဘူး...သူ့ကို ဇာတ်ကားထဲ ထည့်ဖို့ ဆုံးဖြတ်လိုက်ပါပြီ... ကျောင်းမဖွင့်ခင် သူ့အတွက် ဇာတ်ဝင်ခန်းတွေ အကုန်ရိုက်ပေးမယ်လေ..."
"???"
ဒါရိုက်တာရှယ်က ဆက်ပြောပြန်သည်။
“သူ မနေ့ကတည်းက ကျွန်တော်တို့ကို တစ်ညလုံး ကူညီပေးတယ်လေ.... ပင်ပန်းပေမဲ့ တစ်ချက်မညည်းဘူး... ဒီနေ့လည်း အဖွဲ့သားတွေ အတွက် အစားအသောက်တွေ ဝယ်ကျွေးတယ်….”
ရှုလီချန်ကလား....
သူမ,သိတဲ့ ရှုလီချန် နဲ့ ဘာကြောင့် ကွာခြားနေတာပါလိမ့်....
"နောက်ပြီး ရှောင်ရှု သိုင်းပညာကို သင်ထားလိမ့်မယ်လို့ ကျွန်တော် တကယ်ကို မမျှော်လင့်ထားဘူး...ကျွန်တော်တို့မှာ ကိုယ်ခံပညာ တတ်ရမဲ့ ဇာတ်ကောင်တစ်ခုရှိတယ်...အဲ့တော့ ဆရာတစ်ယောက် ငှားဖို့လိုတာပေါ့....အခု သူ့ကြောင့် အဆင်ပြေသွားပါပြီ..."
"..."
'အမလေး...ကျေးဇူးမတင်ပါနဲ့...တော်ကြာရောင့်တက်နေမှဖြင့်...'
ဒါရိုက်တာ ရှယ်က ရှုလီချန် သည် ဇာတ်ကောင်အတွက် အဆင်ပြေသည်ဟု ယုံကြည်ထားပြီ ဖြစ်၍ ကျန်းယန်ရှန့် စကားက သူ့စိတ်ကို မပြောင်းလဲနိုင်တော့ပေ။ ယခင်ဘဝက ဒါရိုက်တာ ရှယ်သည် ပရော်ဖက်ရှင်နယ်တစ်ဦးဖြစ်ပြီး တရုတ်နိုင်ငံ၏ စိတ်ကူးယဉ်-သိပ္ပံ ရုပ်ရှင်များကို နိုင်ငံတကာအဆင့်သို့ တစ်ရှိန်ထိုး ပို့ဆောင်ပေးသည့် 'နေအဖွဲ့အစည်းမှ ထွက်ခွာခြင်း' ကဲ့သို့သော ဘောက်စ််အော့ဖစ်တွင် နာမည်ကောင်းရခဲ့သည့် ရုပ်ရှင်ကို ရိုက်ကူးထားသူ ဖြစ်သည်။ ထို့ကြောင့်ကျန်းယန်ရှန့် သူ့အမြင်ကို ယုံကြည်ရန်သာ ရှိတော့သည်။
“ဒါဆိုလည်း ကျေးဇူးပြုပြီး တတ်နိုင်သမျှ မြန်မြန်ရိုက်ပေးပါနော်... မကြာခင် ကျောင်း ပြန်ဖွင့်တော့မယ်... ဆောင်းရာသီ အားလပ်ရက်အတွက် သူ့အိမ်စာတွေလည်း မပြီးသေးဘူး...”
ဖုန်းထဲတွင် ရယ်မောသံများထွက်ပေါ်လာသည်။
ထိုနေ့နံနက်တွင် ဥက္ကဌယွဲ့သည် ထမင်းစားပွဲ၌ တစ်ရက်တာ ပျောက်သွားသော ယွဲ့စုန့် နှင့်အတူ စားသောက်ကြလေသည်။
ဥက္ကဌယွဲ့ က နှုတ်ဆက်လိုက်သည်။
"မနေ့ညက ပြန်ရောက်တာလား..."
"ဟုတ်ကဲ့.... နည်းနည်း နောက်ကျသွားပါတယ်..."
ယွဲ့စုန့်က ပြောလိုက်သည်။
ထို့နောက် ဥက္ကဌယွဲ့ က အခြေအနေများကို မေးမြန်းလိုက်ရာ ယွဲ့စုန့် က ပြောလိုက်သည်။
“ကျွန်တော်ကတော့ အရမ်းကောင်းတယ်လို့ မြင်ပါတယ်...သူတို့ဆီမှာ ရင်းနှီးမြုပ်နှံဖို့ စီစဉ်ထားပါတယ်...”
ဥက္ကဌ ယွဲ့ က ခေါင်းညိတ်လိုက်သည်။
"မင်းကိုယ်တိုင် ကိုင်တွယ်နိုင်မှာပါ..."
ဤကိစ္စသည် ယွဲ့စုန့် ၏ ပထမဆုံး ရင်းနှီးမြှုပ်နှံမှု မဟုတ်ပေ။ယွဲ့စုန့် တက္ကသိုလ် တက်ပြီးကတည်းက ဥက္ကဌယွဲ့က သူ့ကို စီးပွားရေးဆိုင်ရာ အခွင့်အလမ်းအချို့ပေးခဲ့ပြီး သူ့ကိုယ်တိုင် ဆုံးဖြတ်ချက်များ ချမှတ်ခွင့် ပြုထားသည်။
ထို့နောက် ယွဲ့စုန့် က မနက်စာ အနည်းငယ် စားပြီးသည်နှင့် မေးလိုက်သည်။
"အဘိုး...ရှင်းနမ်အုပ်စု က အဘွားကြီး စုန့်လန်ယင်းကို သိလား...."
" သူမအကြောင်းကို ကြားဖူးပါတယ်... ဒါပေမယ့် သူမနဲ့ တစ်ခါမှ စီးပွားရေးအရ မဆက်ဆံဖူးဘူး... ဘာဖြစ်လို့လဲ..."
ယွဲ့စုန့် က ပြုံးပြီးပြောလိုက်သည်။
"မစ္စမိုပြောခဲ့တဲ့ အထက်တန်း ကျောင်းသား နှစ်ယောက်ထဲက တစ်ယောက်က အဲ့ဒီ အဘွားကြီးရဲ့ မြေးပေါ့.. သူမရဲ့ အဖေနာမည်က ကျန်းဟွမ် လို့ သိရတယ်...အဘွားကြီးမှာ သားနှစ်ယောက် ရှိတယ်... မစ္စတာ ကျန်းဟွမ် က သားအကြီးဆုံးလား...ဒုတိယသား လားမသိဘူး...”
"ငါက ငါ့မြေးကို ငယ်ငယ်ရွယ်ရွယ်နဲ့ စီးပွားရေး လောကထဲမှာ အောင်မြင်နိုင်ဖို့ စိတ်ပူပန်နေမိတာ...ကြည့်ရတာ ငါ့ထက် စိတ်ပူကြတဲ့ သူတွေရှိသေးတာပဲ.... ”
"ဘာပဲဖြစ်ဖြစ် သူမက အရမ်းတော်တဲ့ ကလေးမလေးပါ...အရင်က ကျွန်တော့်အစ်မရဲ့ ပရဟိတလေလံပွဲ တစ်ခုတုန်းက သူမကို တွေ့ဖူးတယ်...သူမကို သူ့မိဘတွေက အလေးအနက်ထားပြီးကိုတက်ခိုင်းတဲ့ပုံပဲ....”
ယွဲ့မိသားစုသည် မျိုးဆက် သုံးဆက် ဆင်းသက် လာခဲ့သည်။ ယွဲ့စုန့် တွင် ဝမ်းကွဲ မောင်နှမများ မရှိသောကြောင့် စောစောက သူပြောခဲ့သော အစ်မဖြစ်သူသည် မိခင်ဖြစ်သူဘက်မှ တော်စပ်သော ဦးလေး၏ သမီးကို ဆိုလိုသည်။
ယွဲ့စုန့်သည် ငယ်စဉ်ကတည်းက ဥက္ကဌယွဲ့ နှင့်အတူ ကုမ္ပဏီအတွင်း ဝင်ထွက် သွားလာခဲ့သည်။ ကုမ္ပဏီရှိ လူတော်တော် များများကလည်း သူ့ကို ဥက္ကဌ၏ မြေးမှန်း သိထားကြသည်။ငယ်စဉ်ကတည်းက ကုမ္ပဏီတစ်ခု၏ အခြေခံလုပ်ငန်းများနှင့် ရင်းနှီးရန် လိုအပ်သဖြင့် ယွဲ့စုန့်သည် ရွှယ့် မိသားစုထံတွင် သွားနေခဲ့သေးသည်။ထိုကုမ္ပဏီတွင် မည်သူမှ သူ့ကို မသိသောကြောင့် အလုပ်လုပ်ရသည်မှာ ပို၍ အဆင်ပြေသည်။ထို့ကြောင့် တစ်ဖက်တွင် သူသည် သာမန် ကောလိပ်ကျောင်းသား ဖြစ်ပြီး ဦးလေးဖြစ်သူ၏ ကုမ္ပဏီတွင် အောက်ခြေ စီးပွားရေး လုပ်ငန်းများနှင့် ရင်းနှီး ကျွမ်းဝင်သော လူငယ်တစ်ယောက် ဖြစ်သည်။တစ်ဖက်တွင်မူ သူက ဥက္ကဌယွဲ့ ၏ အမွေဆက်ခံသူဖြစ်နေပြန်သည်။
“သားသမီးတွေကို တန်ဖိုးထားတဲ့ မိသားစုတွေဟာ အမြော်အမြင် ကြီးမားတဲ့ မိသားစုတွေပဲလေ...ငယ်ငယ်တုန်းက မင်းအဖေကို ကောင်းကောင်း မဆုံးမခဲ့ရဘူး...စကားမစပ်..သူအခု ဘယ်မှာလဲ...”
အဘိုးဖြစ်သူ ပြောလိုက်သည်နှင့် ယွဲ့စုန့် က သူ့ဖုန်းကို ထုတ်၍ တစ်ချက်ကြည့်လိုက်ပြီးနောက် အဘိုးဖြစ်သူထံ ဖုန်းကို လှည့်ပြလိုက်သည်။
ဖုန်းထဲမှ ဓာတ်ပုံထဲတွင် တိမ်ဖြူများက ကောင်းကင်တစ်ခွင် နိမ့်ဆင်းနေပြီး နေရောင်ကလည်း တောက်ပနေလေသည်။ လူလတ်ပိုင်းအရွယ် စုံတွဲတစ်တွဲသည် အဖြူရောင် ကမ်းခြေပေါ်တွင် နေပူဆာလှုံနေကြရင်း နှစ်ယောက်သား မျက်နှာချင်းဆိုင်ကာ တစ်ဦးကို တစ်ဦး ပြုံးပြနေကြသည်။
အဘိုးယွဲ့မှာ နေရာတွင်ပင် နှလုံးဖောက်သွားရချင်သည်။
"ငါ အသက်ကြီးနေပေမဲ့ ထွန်တုံးကို လုံ့လစိုက်ပြီး ဆွဲနေတုန်း...ငါ့သားက ဘဝကို သာယာယာယာ ဖြစ်နေပြီလေ... ဒီလိုသားမျိုး မွေးရကျိုး မနပ်လိုက်တာ...”
ယွဲ့စုန့် က အဘိုးကို နှစ်သိမ့်လိုက်သည်။
"ရပါတယ်..အဖိုးမှာ မြေးတစ်ယောက်ရှိသေးတယ်လေ...အဖိုး တတ်နိုင်သမျှ အနားယူနိုင်ဖို့ ကျွန်တော် အများကြီး ကြိုးစားပါ့မယ်..."
“မင်းက ထီးနန်းကို သိမ်းပိုက် ချင်နေတာလား...မင်းအလှည့် မရောက်သေးဘူး...မင်းအဘိုးက နောက်ထပ် အနှစ်ငါးရာတောင် လုပ်နိုင်သေးတယ်..."
"…"
'ဒါဆို အဘိုးက ဘယ်တော့မှ အနားမယူချင်တာလား...'
မိုလင်း သူမ၏ မြို့သို့ ပြန်သွားကာ အလုပ်များ ဆက်လုပ်နေသည်။ သူမတွင် လူ ၂၀၀ ခန့်ရှိသော ကုမ္ပဏီတစ်ခုရှိပြီး ဤမြို့တွင် ၂ ပတ်ခန့် နေ၍ အလုပ်လုပ်ရဦးမည် ဖြစ်သည်။ထို့နောက် အလုပ်များပြီးသွားပါက ကေမြို့သို့ ပြန်သွားရမည် ဖြစ်သည်။သူမ ကွန်ပြူတာနှင့် အလုပ်ရှုပ်နေစဥ် ရုတ်တရက် ယွဲ့စုန့်ထံမှ ဖုန်းဝင်လာသည်။
"ကျွန်တော် ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်လိုက်ပါပြီ..."
မိုလင်းမှာ ယခုချက်ချင်း ရွှေနဂါးတစ်ကောင် အပိုင်ရသွားသလို ခံစားလိုက်ရ၏။
“ရှင် ဘယ်လောက် ရင်းနှီးမြှုပ်နှံဖို့ ရည်ရွယ်ထားလဲ....”
"အရင်ဆုံး ယွမ် သန်း ၁၀၀ ရင်းနှီး မြှုပ်နှံပါ့မယ်..."
ယွဲ့စုန့်ပါ ရင်းနှီးမြှုပ်နှံမည်ဖြစ်၍ မိုလင်း သည် ကေမြို့သို့ နောက်တစ်ခေါက် ပြန်သွားရမည် ဖြစ်သည်။သို့သော် သူမ ပြန်ရောက်သည်မှာ မကြာသေး၍ ပြန်သွားရန် မဖြစ်နိုင်သေးပေ။ထို့ကြောင့် သူမက အလုပ်များကို ၂ ရက်အတွင်း လက်စသတ်ခဲ့ပြီး ဝန်ထမ်းများနှင့် ညှိနှိုင်းကာ ကေမြို့သို့ ပြန်လာခဲ့လေသည်။
Xxxxxxx
Part 194
ယွဲ့စုန့်သည် သူ၏ ဝမ်းကွဲ ရွှယ်ရှင်းထုန်ကို မေးမြန်းနေသည်။
"ရှင်းနမ် အုပ်စု က မစ္စစုန့် ရဲ့ မြေးမလေးကို သိလား...."
"ဟင်..."
ယွဲ့စုန့် က ခပ်မြန်မြန် ပြောလိုက်သည်။
“ကျွန်တော် ရင်းနှီးမြှုပ်နှံမဲ့ ပရောဂျက်မှာ သူမလည်း ရင်းနှီးမြှုပ်နှံထားတယ်..ဒါကြောင့် ကျွန်တော်က သိချင်တဲ့သဘောပါ..."
ရွှယ်ရှင်းထုန်က အံ့သြသွားပြီး သူ့ကို သေသေချာချာ မေးလိုက်သည်။
"မစ္စတာ ကျန်းဟွမ်ရဲ့ သမီးလား...အင်း...ငါလည်း သေချာ မသိဘူး..."
ယွဲ့စုန့် စိတ်ပျက်သွားရသည်။
"ဒါဆို သူမ နာမည်က ဘာတဲ့လဲ..."
ရွှယ်ရှင်းထုန်က ခဏစဉ်းစားပြီး မသေချာ မရေရာစွာဖြင့် ပြောလိုက်ပြန်သည်။
"သူမနာမည်က ကျန်း...ယန်ယန် ထင်တယ်..."
ကျန်းယန်ယန်...
ယွဲ့စုန့်သည် မိန်းကလေး၏ အေးစက်သော မျက်နှာကို ပြန်တွေးကာ ဤနာမည်သည် သူမ၏ စိတ်နေစိတ်ထားနှင့် မကိုက်ညီကြောင်း ခံစားလိုက်ရသည်။
ကျန်းဟွမ်ဆိုတဲ့လူကလည်း သူ့သားသမီးတွေကို နာမည်ပေးတာ ညံ့လိုက်တာ....
ထို့နောက် ကေမြို့သို့ မိုလင်းရောက်လာသောအခါ သူ သိခွင့်ရသွားလေသည်။
"ရှင်းနမ် အုပ်စုက မစ္စကျန်း နဲ့ မစ္စမို တို့ ဘယ်လို တွေ့ခဲ့တာလဲ..."
ယွဲ့စုန့်က မိုလင်းကို မေးလိုက်သည်။
မိုလင်းက ခပ်ဆတ်ဆတ် ပြန်မေးလိုက်သည်။
“ရှင် ဘယ်သူ့ဆီကနေ သိလာတာလဲ....”
"ဒါရိုက်တာရှယ်နဲ့ သူများတွေဆီက ကြားခဲ့တာပါ..."
“ကံတရားပါပဲ....ရွှေကျန်းမှာရှိတဲ့ ဘဏ္ဍာရေးဖိုရမ်မှာ ကျွန်မ ချော်လဲပြီး ခြေထောက်ကို ဒဏ်ရာရတုန်းက မစ္စကျန်းက ကျွန်မကို ကူညီပေးခဲ့တာလေ…”
သူမက ကျန်းယန်ရှန့်နှင့် သိကျွမ်းခဲ့ရပုံကို ယွဲ့စုန့်အား ပြောပြလိုက်လေသည်။
“မစ္စကျန်းက ငယ်ပေမယ့် စိတ်ဓာတ်ထက်မြက်တယ်လေ....ပြီးတော့ သာမန် မိန်းကလေးတွေနဲ့လည်း မတူဘူး ..."
ယွဲ့စုန့် က ခေါင်းညိတ်လိုက်ပြီး သူ့စိတ်ထဲတွင် 'ကျန်းယန်ရှန့်' ၏ ရုပ်သွင်ကို ပြန်အမှတ်ရလာလေတော့သည်။
ရှုလီချန်သည် ကျောင်းပြန်မဖွင့်မီ ကေမြို့သို့ အမြန်ပြန်လာခဲ့သည်။ ဒါရိုက်တာရှယ်က သူ့အတွက် ဇာတ်ဝင်ခန်းများကို အလောသုံးဆယ် ရိုက်ကူးပေးခဲ့လေသည်။အစပိုင်းတွင် ရှုလီချန်မှာ တံခါးစောင့်အဖြစ် သရုပ်ဆောင်ရသော်လည်း တိုက်ခိုက်ရေးဝတ်စုံကို ဝတ်ဆင်ရသည့် အတွက် အလွန်ပျော်နေခဲ့သည်။ထို့အပြင် သူက ပြောစကားနားထောင်တတ်ပြီး စေတနာထားတတ်သူဖြစ်၍ ဒါရိုက်တာကလည်း သူ့ကို ချစ်ခင်လာသည်။ သူကလည်း အငြိမ်မနေပေ။ ရိုက်ကူးရေးပြီး၍ တိုက်ခိုက်ရေးဝတ်စုံကို ချွတ်ပြီးသည်နှင့် ရိုက်ကူးရေး အဖွဲ့သားများကို အပြေးအလွှားသွားကာ ကူညီတတ်သည်။ထို့ကြောင့်ပင် လူတစ်ချို့က သူ့ကို အကူအလုပ်သမားဟု ထင်မှတ်နေ၍ လက်တိုလက်တောင်း ခိုင်းလ်ိုက်ကြသေးသည်။
တစ်နေ့တွင် ဒါရိုက်တာရှယ်မှာ ရိုက်ကူးနေစဉ် ပြေးလွှား၍ ကူညီနေရှာသော ရှုလီချန်ကို သတိထားမိသွားသည်။
ဒါရိုက်တာ ရှယ်: "…"
ရှုလီချန်၏မိသားစုမှာ ယွမ်သန်းပေါင်း များစွာချမ်းသာကြောင်းကို သူ သိထားသော်လည်း ကျန်အဖွဲ့သားများမှာ မသိကြဘဲ ခိုင်းနေကြ၍ သူအလွန်အမင်း သနားသွားရသည်။
ထို့နောက် ဇာတ်ဝင်ခန်းတစ်ခုတွင် အက်ရှင်နည်းပြ သည် တိုက်ခိုက်နည်းကို သရုပ်များအား ပြောပြနေချိန်တွင် ရှုလီချန်က ကစားကွက် နှစ်ကွက်၊ သုံးကွက် ကို ကစားပြလိုက်ရာ ဒါရိုက်တာရှယ် သူ့ကို သဘောတွေ့သွားရသည်။
အက်ရှင် ဒါရိုက်တာက ပြောလိုက်သည်။
"ရှောင်ရှုက ... လေ့ကျင့်ထားတာလား..."
ရှုလီချန်က ဂုဏ်ယူစွာပြောလိုက်သည်။
"ကျွန်တော် ခြောက်နှစ်သား အရွယ်ကတည်းက လက်နက်မဲ့တိုက်ခိုက်တာကို လေ့ကျင့်နေတာ အခုဆို ၁၀ နှစ်ရှိပါပြီ..."
သူ့ကစားကွက်ကို ရိုက်ကူးစဉ်ကသေသပ်သည်ဟု အဖွဲ့သားများအားလုံး ခံစားမိကြသည်။ထို့အပြင် ရှုလီချန် သည် သရုပ်ဆောင်အဖြစ် ပွဲဦးထွက်နိုင်သော ချောမောသည့်မျက်နှာကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
ထို့ကြောင့် ဒါရိုက်တာရှယ်က ရှုလီချန် ကို ဇာတ်ကောင်တစ်ယောက် အဖြစ် ထည့်သွင်းခဲ့ခြင်း ဖြစ်လေသည်။
ရှုလီချန် တွေးလိုက်မိသည်။
"ဒါပဲလေ...အလုပ်ကြိုးစားထားလို့ ပြန်မြတ်တာပဲ..."
သို့သော် ကျန်းယန်ရှန့်က ဒါရိုက်တာ ရှယ်ကို ဖုန်းဆက်ပြီး ခဏအကြာတွင် သူ စိတ်ကူးယဉ်ထားသမျှ ရေစုန်မျောရ လေသည်။
ညနေစာကို တစ်ဖွဲ့သားလုံး အတူစားသောက်နေကြစဉ် ဒါရိုက်တာရှယ်က
ပြောလိုက်သည်။
"ဆောင်းရာသီ အားလပ်ရက် အတွက် မင်း အိမ်စာတွေ ပြီးပြီလား..."
အားလုံး၏ မျက်လုံးများက ရှုလီချန် ထံတွင် စူးစိုက်နေကြသဖြင့် သူက လည်ပင်းကို ရှက်ရွံ့စွာ ကုတ်လိုက်ပြီး ပြောလိုက်သည်။
"ပြီးပါပြီ.."
"တကယ် ပြီးတာလား..."
"ပြီးခါနီးနေပြီ..."
"ပြီးခါနီးပြီ..ဒါဆို မပြီးသေးဘူးပေါ့..."
ဤသို့ဖြင့် ရှုလီချန်သည် ရိုက်ကူးရေးနေရာတွင် လေးရက်သာ နေခဲ့ရပြီး ကေမြို့သို့ အမြန် ပြန်လာခဲ့ရခြင်း ဖြစ်သည်။ပြီးခဲ့သော ရက်များအတွင်း အိမ်စာများကို အပြီးရေးလိုက်သည်။
အမေရှု ပြန်ရောက်သောအခါ သားဖြစ်သူ၏ အခန်းကို သွားကြည့်လိုက်ရာ သားဖြစ်သူမှာ ဂိမ်းဆော့မနေဘဲ စာကြည့်စားပွဲတွင် ထိုင်နေသည်ကို မြင်လိုက်ရသဖြင့် သူမ အံ့သြသွားရလေသည်။
"သား ဘာလုပ်နေတာလဲ..."
"ကျွန်တော့် အိမ်စာတွေကို ပြီးအောင် ရေးနေတာလေ..."
ရှုလီချန်သည် မိဘများ၏ အိမ်ထောင်ရေးအကြောင်းကို သိပြီးကတည်းက အမေဖြစ်သူနှင့် ယခင်ကထက် ပို၍ နီးစပ်လာသည်။
အမေရှုသည် အပြင်ထွက်ချိန်တိုင်း မျက်နှာဖုံးတစ်ခုကို ၀တ်ဆင်သွားပြီး အိမ်ပြန်ရောက်လျှင်လည်း ခင်ပွန်းသည်ရှေ့တွင် ထိုမျက်နှာဖုံးကို ၀တ်ဆင်ရသေးသည်။ ယခုမူ သားဖြစ်သူရှေ့တွင် ထိုမျက်နှာဖုံးသည် ရုတ်တရက် ကွာကျသွားပြီး သူမ မျက်လုံးများမှာ ရုတ်တရက် နီရဲလာကြလေသည်။
"အမေ ဘာလုပ်နေတာလဲ...ကျွန်တော် ဒီမှာအိမ်စာ လုပ်နေတာကို ..ဟာဗျာ..."
ရှုလီချန် တစ်ကိုယ်လုံး ထုံကျင်သွားရသည်။မိခင်ဖြစ်သူက သူ့ကို ဆူပူ ကြိမ်းမောင်းသည်ကို ခံနိုင်ရည်ရှိသော်လည်း မိခင်ဖြစ်သူ၏ မျက်လုံးများ နီရဲလာသည့်အခါ သူ မခံစားနိုင်တော့ပေ။ထို့နောက် သူက တစ်ရှူးကို အမြန် ဆွဲထုတ်လိုက်သည်။
အမေရှု၏ မျက်လုံးထဲတွင် မျက်ရည်များ ရစ်ဝဲနေသော်လည်း အပြုံးတစ်ပွင့်ကို ဆင်မြန်းထားလေသည်။သူမက သားဖြစ်သူ၏ ပခုံးကို တင်းတင်းဆုပ်ကိုင်ကာ ပြောလိုက်သည်။
“သားက တကယ့်ကို လူကြီးဖြစ်နေပြီပဲ...အမေ ပျော်လိုက်တာ...."
Xxxxxx