အပိုင်း ၁၈၉-၁၉၀
Viewers 23k

Part 189


အဘွားကျန်းက တုန်လှုပ်နေသည့်သားဖြစ်သူကို ပြောလိုက်လေသည်။


"အင်းလေ...မိန်းကလေးမဟုတ်ရင် ယောက်ျားလေးပေါ့...ဘာဖြစ်လို့လဲ..."


မိခင်ဖြစ်သူကို ပြောနေရသည်မှာ ဘဲတစ်ကောင်ကို ပြောနေရသကဲ့သို့ ဖြစ်နေသည်ဟု ကျန်းဟွမ် ခံစားလိုက်ရလေသည်။


“မဟုတ်ဘူး...ဒီပရောဂျက်က ကောင်းတယ်ဆိုပြီး သူမရဲ့ အတန်းဖော်ကို အတူတူ ရင်းနှီးမြှပ်နှံဖို့ ခေါ်ထားတယ်လေ... အတန်းဖော် ယောက်ျားလေးကို  ဘာလို့ခေါ်ရတာလဲ..ဘာလဲ..အတန်းဖော် မိန်းကလေးအားလုံး သေကုန်ပြီလား...” 


"ငါမင်းကို မွေးပြီးကတည်းက ပညာမသင်ပေးခဲ့လို့များလား...."


"မဟုတ်ဘူးလေ..အမေကလည်း ယန်ယန်က ငယ်သေးတယ်..."


  "သူမကို သန်း ၃၀ ရင်းနှီးမြုပ်နှံဖို့ ခွင့်ပြုလိုက်ပြီလေ...ဒါတောင် ငယ်သေးတယ်လို့ မင်းထင်‌နေတာလား...မင်း ဦးနှောက်ထဲမှာ ဘာရှိလဲ... ရေတွေလား..."


ကျန်းဟွမ် က ကုလားထိုင်ပေါ် ထိုင်လိုက်ပြီး ပြောလိုက်သည်။


" ဒီမနက်က အဲ့ဒီကောင်လေး ရောက်လာတော့ ကျွန်တော့်ကို နှုတ်ဆက်တယ်...အဲ့ဒီကောင်လေးရဲ့ မိဘတွေက ဘယ်သူလဲဆိုတာ အမေ သိလား...”


 “ဘယ်သူတွေပဲ ဖြစ်ဖြစ်လေ...  သူ့သားအတွက် ယွမ် ၁၀သန်း ပေးနိုင်တဲ့ လူတွေပဲ...”  


“မဟုတ်ဘူး.. ပိုက်ဆံမျက်နှာပဲ ကြည့်လို့မရဘူး..ဒီကလေးရဲ့ မိသားစုက မကောင်းဘူး.." 


အဘွားကျန်း မျက်ခုံးပင့်မိသွားရသည်။ 


ကျန်းဟွမ်က သူသိထားသည့် အတင်းအဖျင်းများအကြောင်း အဘွားကျန်း ကို ပြောပြလိုက်လေသည်။


 " သူ့အဖေက အပြင်မှာ တရားမ၀င် သားတစ်ယောက် မွေးထားတယ်... သူနဲ့ တစ်ရွယ်တည်း.. ဒီတော့ ဒီမိသားစုမှာ ကြီးပြင်းလာတဲ့ ကလေးနဲ့ ယန်ယန့် ကို သူငယ်ချင်း ဖြစ်ခွင့်ပေးသင့်တယ်လို့ အမေထင်လား.." 


အဘွားကျန်းက စာဖတ်မျက်မှန်ကို ဖြည်းညှင်းစွာ ချွတ်ကာ ကျန်းဟွမ်ကို မေးလိုက်လေ၏။


 "ငါ့ကို ပြော..သူများတွေရဲ့ မိသားစုပုံစံက မမှန်ဘူးလို့ မင်းက ဘယ်လိုစိတ်မျိုးနဲ့ ပြောထွက်တာလဲ..." 


 "…"


အဘွားကျန်က မကျေနပ်စွာ မေးခွန်းထုတ်လိုက်ပြန်သည်။


“ဟယ်ဟယ်နဲ့ ရှို့ရှို့ကို ဘယ်တုန်းက မွေးခဲ့တာလဲ...ရှောင်မင် အဲဒီတုန်းက သေသွားပြီလား...အသက်ရှင်နေသေးလား...."


ကျန်းဟွမ် နဖူးတွင် ချွေးစို့လာရလေသည်။


 "မဟုတ်ဘူး...သူများတွေအကြောင်း ပြောနေတာ...အမေက ဘာလို့ ကျွန်တော်အကြောင်း ပြောနေရတာလဲ..." 


"သူများတွေက ငါ့ဆီလာပြီး အနှောင့်အယှက်မပေးဘူးလေ...မင်း ဘာလို့ ဒီလောက်မျက်နှာပြောင် တိုက်‌နေတာလဲ...ဒီလိုကိစ္စမျိုးကို မင်းမို့လို့ ပြောထွက်တယ်...ကိုယ့်ကိုယ်ကို မှန်ထဲပြန်ကြည့်လိုက်ဦး" 


ကျန်းဟွမ် မှားသွားသလို ခံစားလိုက်ရသည်။ 


“ကျွန်တော်က သူများတွေနဲ့ မတူဘူးလေ.... သူ့မိန်းမက ကျန်းမာနေတယ်...ရှောင်မင်က နှစ်တွေအကြာကြီး နေမကောင်းဖြစ်နေလို့ အိမ်ထောင်ရေး သုခကို ကျွန်တော် မခံစားခဲ့ရဖူးဘူး... အဲ့ဒီတော့ ကျွန်တော် သူတို့နဲ့ ဘယ်တူပါ့မလဲ..." 


“အဲ့ဒီတုန်းက ငါ မင်းတို့ကို ရိုးရာအတိုင်း မင်္ဂလာဆောင်ပါလို့ ပြောခဲ့တယ်...ဒါပေမယ့် မင်းက ခရစ်ယာန်ကျောင်းမှာပဲ ဆောင်မယ်လို့ ဇွတ်အတင်းပြောတယ်လေ... မင်း အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ဘာပြောခဲ့လဲ...မှတ်မိလား..…ဘဝ... ကျန်းမာရေးနဲ့ သေဆုံးတာက မင်းနဲ့ သူမကို မခွဲနိုင်ဘူးလို့ ပြောခဲ့တယ် မဟုတ်လား...မင်း ကတိတည်ခဲ့လို့လား...."


ကျန်းဟွမ်က တိတ်ဆိတ်နေလျက်။


"ရှောင်မင်အတွက် ငါ အမြဲဝမ်းနည်းနေခဲ့တယ်... ရှောင်မင့်ရဲ့ နောက်ဆုံးအချိန်မှာ ငါသွားတွေ့တော့ သူမဘဝရဲ့ ပျော်ရွှင်မှုတွေ ဆုံးရှုံးသွားရသလို ငါခံစားလိုက်ရတယ်...  ရှောင်မင် လောကကြီးထဲက ထွက်သွားတာကို စောင့်ပြီးမှ နောက်တစ်ယောက်ရှာ... ဒါဆို...မင်းကို ဘယ်သူမှ ပြောရဲမှာ မဟုတ်ဘူး...ရှောင်မင်က တမလွန်ကနေ ခွင့်လွှတ်နေမှာပါ... ဒါပေမယ့် မင်းဘာတွေ လုပ်ခဲ့သလဲ ဆိုတာ ကြည့်စမ်း.... မင်း ရှောင်မင့်ကို ငြိမ်းငြိမ်းချမ်းချမ်း ထွက်သွားနိုင်အောင်တောင် လုပ်မပေးနိုင်ဘူး...." 


ထိုနှစ်တွင် ချွေးမဖြစ်သူ ဆုံးပြီးမှသာ အဘွားကျန်းသည် ကျန်းဟယ်လင်းနှင့် ကျန်းရှို့ချန် တို့ရှိနေကြောင်း သိလိုက်ရသဖြင့် သူမ ဒေါသထွက်ခဲ့ရသည်။ သို့သော် တစ်ဖက်တွင် ကွယ်လွန်သွားသော ချွေးမဖြစ်ပြီး ကျန်တစ်ဖက်တွင် သူမ၏ လူမမည် မြေးကလေးများဖြစ်လေသည်။ ထို့ကြောင့် သေသွားသည့် ချွေးမအတွက် မြေးကလေးများကို စွန့်လွတ်ဖို့ မဖြစ်နိုင်ပေ။


ကျန်းဟွမ်၏ မျက်လုံးများတွင် မျက်ရည်တို့ ဝေ့သီနေရ၏။


“ကျွန်တော်…ရှောင်မင် မဆုံးခင်က ယန်ယန့်ကို ဘယ်တော့မှ စိတ်ဆင်းရဲအောင် မလုပ်ပါဘူးလို့ သူမကို ကျိန်ဆိုပြောခဲ့တယ်... ကျွန်တော် လိပ်ပြာသန့်တယ်...တကယ်လည်း ကျွန်တော်  ယန်ယန်ကို ပါးစပ်နဲ့တောင် အပြစ်မပြောဖူးဘူး....ပြီးတော့ ကျွန်တော် ယန်ယန် လက်ထပ်မယ့် အချိန်အထိ ကျွန်တော် အကောင်းဆုံး လုပ်ပေးမှာပါ.....”


"မင်း သူမကို စိတ်မဆင်းရဲစေရပါဘူးဆိုတာ ပိုက်ဆံကိစ္စလို့ မင်းထင်နေတာလား..." 


ကျန်းဟွမ် ၏ မျက်လုံးများတွင် ရှုပ်ထွေးနေသော အကြည့်များ ပေါ်လာသည်။ အဘွားကျန်း က သက်ပြင်းချလိုက်သည်။ 


“မင်း ဘယ်တော့ အသိဥာဏ် ရှိလာမှာလဲ…”


ကျန်းယန်ရှန့် တို့၏ စာချုပ်ကိစ္စသည်  ချောမွေ့စွာ ပြီးဆုံးသွားလေသည်။ ကျန်းဟွမ်သာဆိုလျှင် ယခုကိစ္စများကို ဌာနတစ်ခုအား တာဝန်ပေးလိမ့်မည် ဖြစ်သည်။ သို့သော် သူမမှာ စီးပွားရေးကို နားမလည်သူဖြစ်၍ ကျန်းဟွမ်နှင့် အဘွားကျန်းတို့က ဖြစ်စဉ်အကြောင်း ပြောပြခဲ့ခြင်းသာ ဖြစ်လေသည်။


ကိစ္စအားလုံးပြီးသောအခါ မိုလင်းက ပြောလိုက်သည်။ 


“ဒါဆို ညီမမှာ ပြောစရာရှိသေးလား...” 


 ကျန်းယန်ရှန့်က ရှေ့နေဖြစ်သူကို တစ်ချက်ကြည့်လိုက်ရာ ရှေ့နေက သူမကို  ခေါင်းညိတ်ပြလေသည်။ 


ကျန်းယန်ရှန့်က "မရှိတော့ပါဘူး..." ဟု ပြောမည်ပြုစဉ် ရှုလီချန်က လက်ကိုမြှောက်လိုက်ရင်း ထအော်လိုက်သည်။


 "ကျွန်တော့်မှာ ရှိပါတယ်..." 


'နင့်ကိုယ်နင် စာသင်ခန်းနေတယ်လို့ ထင်နေတာလား..'


ထို့နောက် တစ်ချိန်လုံး အိပ်ငိုက်နေသော ကိုယ်တော်ချောက ပြောလိုက်ပြန်သည်။


"ရုပ်ရှင်ထဲမှာ ကျွန်တော်လည်း ပါချင်တယ်..." 


လေထုသည် ရုတ်တရက် တိတ်ဆိတ်သွားသည်။ ကျန်းယန်ရှန့်က  အရူးကောင် ရှုလီချန်ကို အံကြိတ်သံဖြင့် လှမ်းပိတ်လိုက်သည်။


 "ကျောင်းကဖွင့်တော့မယ်....နင်ကစားရမဲ့ အချိန်မဟုတ်ဘူး..."


'နင် အိမ်စာတွေ ပြီးပြီမလို့လား...အစကတည်းက ဒီလိုမှန်းသိရင် ငါ နင့်ကိုမခေါ်ခဲ့ပါဘူး...'


ရှုလီချန်၏ စိတ်ဆန္ဒကို လိုက်လျောပြီး ဒါရိုက်တာကို ဇာတ်ညွှန်းပြောင်းခိုင်းရန် မဖြစ်နိုင်တော့ပေ။


သူမ၏ ယခင်ဘဝတွင် ရှုလီချန်က "နေအဖွဲ့အစည်းမှ ထွက်ခွာခြင်း " အကြောင်း ကြွားဝါခဲ့လေသည်။ 


"အခန်းတိုင်းကို ဒါရိုက်တာက ကိုယ်တိုင် ရွေးချယ်ထားတာ... သရုပ်ဆောင်တွေကလည်း ဇာတ်ဝင်ခန်းနဲ့ အရမ်းကိုက်ညီတယ်ဟာ...အဲဒါကိုကြည့်လိုက်တာနဲ့ ဒါရိုက်တာရဲ့ အစွမ်းကို သိနိုင်တယ်.....ဇာတ်ကွက်ကို လိုက်လျော ညီထွေဖြစ်အောင် ပြုပြင်ပြီးတော့ မူရင်းဇာတ်လမ်းရဲ့ ချို့ယွင်းချက်တွေကိုလည်း ပြင်ထားလို့  မူရင်းထက်ကို ပိုကောင်းတယ်…."


'အရူး... နင် အကြိုက်ဆုံး ရုပ်ရှင်ကို နင့်လက်နဲ့ မဖျက်ဆီးချင်စမ်းနဲ့....'


ရှုလီချန်က ပြောလိုက်ပြန်သည်။ 


"ရက်နည်းနည်း လိုသေးတယ်မဟုတ်လား...." 


Xxxxxx


Part 190


အကယ်၍ ရှုလီချန်သာ အမှန်တစ်ကယ် သရုပ်ဆောင်လိုက်လျှင် ဤဇာတ်ကား ပေါက်သွားလိမ့်မည်ဟု ကျန်းယန်ရှန့် အာမ,မခံနိုင်တော့ပေ။ 


 'သူ့ကို ရင်းနှီမြုပ်နှံဖို့ မခေါ်ခဲ့သင့်ဘူး...'


သူမ နောင်တရရုံသာ ရှိတော့သည်။


ကျန်းယန်ရှန့်သည် ရှုလီချန်ကို လှမ်းပိတ်ရန် မိုလင်းအပြောကို စောင့်နေလိုက်သေးသည်။


မိုလင်းက ရယ်ချင်စိတ်ကို မြိုသိပ်ထား၍ ပြောလိုက်လေသည်။


"စောစောကတည်းက မစ္စတာရှု ပြောလိုက်ရမှာ... ရှင့်ရဲ့အတွေးကို ပြောပြပြီး သဘောတူမလားဆိုတာ သိရအောင် ရုပ်ရှင် အဖွဲ့သားတွေနဲ့ ဆက်သွယ်ပေးပါ့မယ်...."


 ရှုလီချန်က လူတိုင်း၏ အကြည့်ကို သဘောပေါက်လိုက်သဖြင့် ပြောလိုက်သည်။


 "သိပ်လည်း စိတ်မပူပါနဲ့....  ကျွန်တော် အရေးကြီးတဲ့ ဇာတ်ဝင်ခန်းကို မလိုချင်ပါဘူး... တစ်ခန်းလောက်ဆိုရင် ရပါပြီ....."


 ကျန်းယန်ရှန့် က ခါးသီးစွာ ပြောလိုက်သည်။


 


"နင်က ဘာလုပ်ချင်တာလဲ...."


"ငါတို့ပိုက်ဆံကို ရင်းနှီးမြှုပ်နှံထားတယ်လေ....အဲ့ဒါကြောင့် အနည်းဆုံး ငါတို့နှစ်ယောက်ထဲက တစ်ယောက်ယောက် ပါသင့်တယ်လို့ ငါထင်တယ်... ဒီလိုမှမဟုတ်ရင် ရိုက်ကွင်းကို...ဘယ်လိုတွေရိုက်နေလဲ... ပိုက်ဆံတွေ ဘယ်မှာသုံးနေလဲ ဆိုတာ ငါတို့ မသိနိုင်ဘူးလေ... နင်ရော ဘယ်လိုထင်လဲ..."


သို့သော် ကျန်းယန်ရှန့်မှာ ရှုလီချန် အကြောင်းကောင်းကောင်း သိသဖြင့်  တွေးကြည့်လိုက်လျှင်ပင် အမှန်တရားက ထွက်လာလေသည်။ 


"နင်က အဲ့ဒီတိုက်ခိုက်ရေးဝတ်စုံကို ဝတ်ချင်နေတာ မဟုတ်လား..."


တိုက်ခိုက်ရေးဝတ်စုံကို နိုင်ငံခြားမှ စိတ်ကြိုက် မှာယူထားပြီး ကုန်ကျစရိတ်မှာ ယွမ်  ၇ သိန်း ကျော်၍ အလေးချိန်မှာ ၇၀ ကီလိုဂရမ် ရှိသည်။ ထိုဝတ်စုံသည် ဟိုက်ဒရောလစ်မြှင့်တင်ပေးသည့် ကိရိယာကို တပ်ဆင်ထားပြီး ဒီဇိုင်းမှာလည်း အလွန်သေသပ်သည်။ ရှုလီချန်မှာ ထိုဝတ်စုံကိုမြင်လိုက်သညနှင့် အနားမှမခွာနိုင်အောင်ပင် ဖြစ်နေခဲ့သည်။


သို့ရာတွင် တိုက်ခိုက်ရေးဝတ်စုံမှာ အနည်းငယ်သာရှိ၍ သရုပ်ဆောင်များမှာ ထိုဝတ်စုံကို အလှည့်ကျ ဝတ်ဆင်ကြပြီး ဇာတ်ဝင်ခန်းများကို သီးခြားစီ ရိုက်ကူးမည် ဖြစ်သည်။ နောက်ပိုင်းတွင် တည်းဖြတ်လိုက်သည့်အခါ အာကာသယာဉ်ပေါ်ရှိ လူတိုင်း ဝတ်ဆင်ထားသည့် ပုံပေါ်သွားသည်။  ထို့အပြင် ထိုဝတ်စုံကို ဝတ်ဆင်ရန် ထောက်ကူအဖွဲ့၏ အကူအညီကို ယူရမည် ဖြစ်လေသည်။ရှုလီချန်က အလုပ်ပြီးအောင်စောင့်ပြီး စမ်းဝတ်ကြည့်ချင်သော်လည်း ကျန်းယန်ရှန့်က သူ့အင်္ကျီစကိုဆွဲကာ အတင်းအကျပ် လေယာဉ်ပေါ် ခေါ်လာခဲ့၍ သူ မဝတ်ခဲ့ရခြင်း ဖြစ်လေသည်။ 


“ဟူး...” 


ကျန်းယန်ရှန့် ၏ရှေ့နေက သက်ပြင်း တစ်ချက်ချလိုက်သည်။


 မိုလင်းမှာ ပြုံးမြဲ ပြုံးနေသော်လည်း သူမ၏ နှုတ်ခမ်းထောင့်များမှာမူ  လှုပ်နေကြလေသည်။


ရှုလီချန်မှာ မျက်နှာကြီး နီရဲနေကာ လည်ပင်းကို အကြောင်းပြချက်မရှိ ပွတ်သပ်လိုက်သည်။ 


" နင်ဘာပြောတာလဲ....ငါက အဲ့လောက် အ,ပါ့မလား... အရင်းအနှီးအတွက် လုပ်တာပါ…”


ကျန်းယန်ရှန့်က မိုလင်းကို ပြောလိုက်သည်။


 “သူက ဝတ်စုံကိုပဲ ဝတ်ချင်နေတာမို့ သူ့ကို စိတ်မပူပါနဲ့...ရုပ်ရှင်မှာ သူ ပါဖို့ မလိုပါဘူး...ကဲ ဆက်လုပ်ကြရအောင်နော်..." 


"ဟေး ဟေး .."


ရှုလီချန်က သူ့တစ်ကိုယ်လုံး စားပွဲပေါ်တွင် လှဲအိပ်လိုက်သည်။


 “ဝတ်ချင်တယ်...ဝတ်ချင်တယ်..."


 “ဒါဆို ဒါရိုက်တာရှယ် နဲ့ ဆွေးနွေးပြီး  တိုက်ခိုက်ရေး ဝတ်စုံကို ဝတ်ဆင်နိုင်တဲ့ အသေးအဖွဲ ဇာတ်ကောင်နေရာကို ပေးလိုက်ပါလား.... တကယ်အဆင်မပြေရင် သူ့ကို တစ်ကြိမ်ပဲ ဝတ်ခွင့်ပေးပြီး သူစိတ်ကျေနပ်အောင်  ဗီဒီယိုပဲ ရိုက် ပေးလိုက်ပါနော်...”


 ကျန်းယန်ရှန့်က မိုလင်းကို ပြောလိုက်သည်။


 “အစ်မ ဒါရိုက်တာနဲ့ စကားပြောကြည့်မယ်လေ....” 


ကျန်းယန်ရှန့်က ရှုလီချန်ကို ပြောလိုက်၏။


 "ငါ နင့်ကို စည်းကမ်းချက် သုံးချက်ပြောမယ်...နင် ဇာတ်ကားထဲပါရမယ်ဆိုရင် နင်စိတ်ကြိုက် သရုပ်ဆောင်လို့တော့ရတယ်...ဒါပေမယ့် ဇာတ်ညွှန်းကို ပြောင်းပြီး ဇာတ်ဝင်ခန်းတွေ  ထည့်ခွင့်မပြုဘူး...နင်က အလုပ်လုပ်နေတဲ့ သူတွေကို ဆရာကြီးမလုပ်ရဘူး...ဒါရိုက်တာရှိတယ်...သူ စီစဉ်လိမ့်မယ်...” 


"ငါ လုံးဝမလုပ်ဘူး...စိတ်ချ..." 


ကျန်းယန်ရှန့် စိတ်အေးသွားရပြီး လှစ်ကနဲ ပြုံးလိုက်ရာ မိုလင်းက သူမကို မျက်စိတစ်ဖက်မှိတ်ပြပြီး လက်မထောင်ပြလိုက်သည်။


အားလုံးပြီးသွား၍ ရှေ့နေများမှာ ပစ္စည်းများကို ထုပ်ပိုးပြီး ထွက်သွားကြသည်။


ကျန်းယန်ရှန့်က မိုလင်းကို မေးလိုက်သည်။


 “အစ်မမို ဘယ်တော့ လေယာဉ်ပေါ်တက်မလဲ...” 


 “ဒီနေ့ နေ့လည်ကျရင် ဖောက်သည် တစ်ယောက်နဲ့ တွေ့ရမှာဆိုတော့ ညနေမှ လေယာဉ်တက်ဖြစ်မယ်...” 


ကျန်းယန်ရှန့် အံ့သြသွားရသည်။ မိုလင်းက ကေမြို့ကို ယခုကိစ္စအတွက် သီးသန့်လာမည်ဟု ထင်ထားပြီး မိုလင်းမှာ ဤမျှအလုပ်ရှုပ်လိမ့်မည်ဟု ထင်မထားပေ။


 မိုလင်း၏ ခန္ဓာကိုယ်တွင် သန်စွမ်းသော တက်ကြွမှုများ ရှိနေကြပြီး သူမတို့ ကျောင်းသားနှစ်ယောက်နှင့်ပင် မိုလင်း၏ ဖျတ်လတ်မှုကို ယှဉ်၍မရပေ။


 "အစ်မ အချိန်ရှိလား... အစ်မနဲ့ နေ့လည်စာ စားချင်တယ်..." 


 "ရတယ်လေ...."


ရှုလီချန်က ပြောလိုက်သည်။


 “ငါလည်းစားမယ်…”


 “အစ်မ ဒီမြို့ရဲ့ အထူးအစားအသောက်တွေ စားပြီးပြီလား....ညီမ လိုက်ကျွေးမယ်လေ..."


မိုလင်း ပြန်ပြောမည်ပြုစဉ် ရုတ်တရက် တံခါးကို တစ်စုံတစ်ယောက်က တွန်းဝင်လာလေသည်။ ကျန်းယန်ရှန့် လှည့်ကြည့်လိုက်ရာ အဘွားကျန်း၏ အတွင်း‌ရေးမှူးကို တွေ့လိုက်ရလေသည်။ 


 “မမလေး ယန်ယန်...လုပ်ငန်းကိစ္စ ပြီးပြီလား...” 


 “ပြီးပါပြီ...ဘာဖြစ်လို့လဲ..." 


"ဥက္ကဌ က မမလေးရယ်... မစ္စမိုရယ် ..မမလေးရဲ့ သူငယ်ချင်းတို့ကို ထမင်းစားစေချင်ပါတယ်တဲ့..." 


ကျန်းယန်ရှန့်က ပြုံးပြီး မိုလင်းကို ဆွဲခေါ်လိုက်သည်။ 


"ဒါဆို အစ်မမို... နေ့လည်စာကို အဖွားနဲ့ စားလိုက်ရအောင်နော်... " 


သူမတို့နှစ်ယောက်သည် ရင်းနှီးကြသည်မှာ မကြာသေးသော်လည်း မိုလင်းက အဘွားကျန်း နှင့် ထမင်းမစားစရာ အကြောင်းမရှိဟု ကျန်းယန်ရှန့် တွေးလိုက်မိသည်။


မိုလင်းက ပြုံးလိုက်ပြီး အတွင်းရေးမှူးကို ပြောလိုက်သည်။


 “ကျေးဇူး အများကြီးတင်ပါတယ်...” 


 မိုလင်းသည် ကေမြို့ကို မလာခင်က ကျန်းယန်ရှန့်၏ မိသားစု နောက်ခံကို တစ်ချက် ရှာကြည့်လိုက်ရာ မိသားစု အကြီးအကဲဖြစ်သူမှာ ကျန်းယန်ရှန့် ၏ အဘွားမှန်း သိခဲ့ရလေသည်။ထို့အပြင်မိုလင်း၏အလုပ်သည် ထိုကဲ့သို့သော လူကြီးများနှင့် ပိုမိုရင်းနှီးရန် လိုအပ်လေသည်။ 


ရှုလီချန်လည်း နေ့လည်စာစားရန်လိုက်လာသည်။


 အဘွားကျန်းသည် အလွန်ကြင်နာတတ်ပြီး ချစ်စရာကောင်းသော်လည်းကျန်းယန်ရှန့်၏ အဖေဖြစ်သူမှာ  အနည်းငယ် ထူးဆန်းသည်။  


ကျန်းဟွမ် ရှုလီချန်ကို ကြည့်နေပုံမှာ ဆိုက်ကိုသမားတစ်ယောက်နှင့် ပိုတူလေသည်။


Xxxxxx