အပိုင်း ၁၃၃-၁၃၄
Viewers 23k

Part 133


မနက်စာစားနေသည့်အတောအတွင်း ကျန်းယန်ရှန့် သူ့ဖုန်းကိုငေးကြည့်နေမိသည်။ ရှုလီချန်က စာတိုလေးတစ်စောင်တောင် မပို့ထားတာက သူ့အတွက် နည်းနည်းတော့ထူးဆန်းနေ၏။ 


ဒီဘဝမှာ သူတို့တွေ အတန်းချင်းမတူတော့ အခေါ်အပြောလဲမရှိလို့ဖြစ်မည်ထင်သည်။ ရှုလီချန်က သူမကို အရင်ဘဝတုန်းကလောက် သဘောမကျတော့ဘူးဆိုတဲ့ သဘောများလား။ 

အရေးတော့မကြီးပါဘူး။ လူတိုင်းမှာ သူ့ဘဝနဲ့သူရှိပြီးသား။ အရင်ဘဝတုန်းကတောင် ဘွဲ့ယူတဲ့နေ့ပြီးသွားတာနဲ့ သူတို့တွေ ဝေးသွားတာမလို့ ကံစီမံရာကို လက်ခံထားတာ အကောင်းဆုံးပင်။ 


နေလည်စာစား ကျောင်းဆင်းချ်န်၌ ကျန်းကျစ်ယွမ်နှင့် ကျန်းယန်ရှန့်တို့ မျက်နှာချင်းဆိုင်တွေ့ခဲ့ကြသည်။ သူမက ဘာမှမဆိုဘဲ ခေါင်းကို ငြိမ့်ပြလိုက်ပြီး ဘေးဘက်ကို လမ်းဖယ်ပေးလိုက်သည်။ 


ကျန်းကျစ်ယွမ်က အနည်းငယ်ကျော်သွားပြီးမှ ရပ်ပြီး မေးသည်။ 


“ မနေ့က မှတ်စုတွေအကုန်လုံး မင်း လုပ်လာခဲ့ရဲ့လား ”


“ လုပ်လာခဲ့တယ်။ ကျေးဇူးပဲ ” 


ကျန်းကျစ်ယွမ်က ပြုံးပြလိုက်ပြီးနောက်


 “ မင်း နားမလည်တဲ့နေရာရှိရင် ငါ့ဆီလာမေးလို့ရတယ်နော် ”


ဒီအခြေနေကြီးက သိပ်အဆင်မပြေပေ။ ရိုင်းစိုင်းတယ်လို့ ထင်သွားလောက်ပေမဲ့ ကျန်းယန်ရှန့်က “ အင်း ” ဟုသာ အေးစက်စက်ပြန်ဖြေသည်။ ဒါက သူမ ကောင်းဖို့အတွက်ပဲမဟုတ်လား။  


ကျန်းကျစ်ယွမ်ကတော့ သူမ၏အေးစက်နေတဲ့စကားလုံးတွေကို သတိထားမိပုံတောင် မပေါ်ပေ။ 


ကျန်းယန်ရှန့်က ပုံမှန်ဆို မာနကြီးကာ အေးစက်စက်နိုင်ပြီး ဘယ်သူ့ကိုမှ တော်ရုံ စကားပြန်မပြောတတ်။ 


အတန်းဖော် သူငယ်ချင်းမတွေကတော့ သူမကို မကြောက်ကြဘဲ သူမကို အုပ်စုလိုက် ဝိုင်းစနောက်ရတာကို ကြိုက်ကြသည်။ ကျန်းယန်ရှန့်က အကူညီမဲ့ပုံပေါ်လေ သူတို့တွေ ပိုပျော်လေပင်။ 


ကောင်လေးတွေကတော့ သူမနဲ့ ခပ်ကင်းကင်းနေကြသည်။ ဒါပေမဲ့ သူတို့တွေထဲမှာမှ ကျန်းယန်ရှန့်က ကျန်းကျစ်ယွမ်အပေါ် အနည်းငယ် အမြင်မတူပုံပေါ်သည်။ 


ကျန်းယန်ရှန့်က ကျန်းကျစ်ယွမ်ကို မကြာခန မေးခွန်းတွေမေးလေ့ရှိပြီး သူ့မှတ်စုတွေကိုလည်းငှားလေ့ရှိသည်။ သူတို့နှစ်ယောက်က ယောက်ျားလေးနှင့် မိန်းကလေးချင်းမတူကြတာကြောင့် စာသင်ခုံတွေ ခြားခံထားရပြီး ကျန်းကျစ်ယွမ်က အဲ့လောက်ထိ စာမတော်ပေ။ ဒါတောင် ကျန်းယန်ရှန့်က အချို့ကျောင်းသားတွေလိုမျိုး အဆင့် 1-3 ဝင်တဲ့သူတွေဆီမှာ မမေးဘဲ ကျန်းကျစ်ယွမ်ဆီမှာသာ မေးတာဖြစ်သည်။


ကျန်းကျစ်ယွမ်က အနာဂါတ်မှာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲချန်ပီယံဖြစ်လာမှာကိုတော့ ဘယ်သူမှ မသိကြတာကြောင့် အခြားသူတွေ နေရာကကြည့်ရင် ကျန်းကျစ်ယွမ်အပေါ် ကျန်းယန်ရှန့်၏ အမြင်ကို ဘယ်လိုမှ နားမလည်နိုင်ဘဲ အတွေးပွားလာနိုင်သည်။ 


မုန်းလို့ ပုတ်ခတ်တာမျိုးမဟုတ်ဘဲ ယခုအရွယ်မှာဖြစ်တတ်သည့် ရင်ခုန်စိတ်လှုပ်ရှားနေသောအော်သံတွေနှင့် ပွဲဆူသွားနိုင်မည့်အတွေးမျိုးသာဖြစ်သည်။ 


ကျန်းယန်ရှန့်ဘက်ကတော့ ဘာမှမဖြစ်ပေ။အတန်းဖော်မိန်းကလေးများက ယခုကိစ္စကို တိုက်ရိုက်မေးလို့ သူမ တိုက်ရိုက်ပြန်ငြင်းပြီးပြီဖြစ်သည်။ သူမက စကားကို အေးစက်စက်ဖြင့် ပယ်ပယ်နှယ်နှယ်ပြောတတ်တာကြောင့် သူတို့က သူမနောက်ကို အကြောင်းမရှိ လိုက်ချောင်းမှာလည်း မဟုတ်ပေ။


သို့ေသာ် ကောင်လေးများဘက်၌မူ  ကျန်းကျစ်ယွမ်က အတန်းဖော်များထံမှ မကြာခဏ ဟာသလုပ်ပြီးစခံရလေ့ရှိသည်။ 


ကျန်းကျစ်ယွမ်က သူ့စိတ်တွေကို စာလုပ်တဲ့ထဲ နှစ်ထားပေမယ့် စာက တစ်ဘဝလုံး လေ့လာရတာမဟုတ်ပေ ။ ကျန်းယန်ရှန်ကလည်း အခုအရွယ်မှာ ကောင်ငယ်လေးတွေ၏ နှလုံးသားထဲကို နွေဦးလို နွေးထွေးမှုတွေဆောင်ကျဉ်းပေးနိုင်လောက်သည်အထိ ဆွဲဆောင်မှုရှိသည့် မိန်းမချောလေးပင်။ထို့ကြောင့် ဘေးလူတွေ ဝိုင်းစတာ မဆန်းတော့။


ကျန်းကျစ်ယွမ်က ကျန်းယန်ရှန့်၏ အေးစက်စက်နိုင်မှုတွေကို နားလည်ဖို့ တစ်ပတ်လောက်အချိန်ယူလိုက်ရသည်။ ကျန်းယန့်ရှန်၏ အေးစက်မှုတွေကို သဘောပေါက်သွားတော့ ဝမ်းနည်းစိတ်ကို ဖြေဖျောက်ဖို့ စိတ်တွေပြန်လည်တည်ဆောက်ရင်း ရက်အနည်းငယ် ထပ်ပြီးအချိန်ယူလိုက်ရသည်။


ဒီလိုနှင့် နှစ်ပတ်ကျော်အချိန်တွေ ကုန်လွန်သွားပြီး ခရစ္စမတ်သို့ရောက်လာသည်။ 


ဤပွဲတော်က တရုတ်မှာ ဈေးပွဲတော်၊ ကပွဲခုန်ပွဲ၊ ပျော်ပွဲရွှင်ပွဲတို့လိုမျိုးဖြစ်လာသော်လည်း ကျောင်းသားကျောင်းသူတွေနှင့်တော့ သက်ဆိုင်မှုမရှိပေ။ အထူးသဖြင့် ခရစ်စမတ်အကြိုနေ့နှင့် ခရစ်စမတ်နေ့ နှစ်ရက်လုံးက ဒီနှစ် ကျောင်းဖွင့်ချိန်ဇယားမှာ ပါတာကြောင့်ဖြစ်သည်။ 


နိုင်ငံခြားသားဆရာ၊ဆရာမတွေကတော့ “ မယ်ရီခရစ်စမတ်ပါ ”...လို့ နှုတ်ဆက်လိမ့်မည်။ ရှေးရိုးစွဲဆရာမတွေကတော့ “ ဘယ်က ခရစ်တော်မွေးနေ့လဲ။ ဒီနိုင်ငံမှာ သူတော်စင်ဆိုတာတစ်ယောက်ဘဲရှိတယ် သူ့ရဲ့မွေးနေ့ကလဲ တရုတ်ပြက္ခဒိန်ရဲ့ ဩဂုတ်လ 27 ရက်နေ့မှ ရောက်မှာ! ” လို့ အာပေါင်အာရင်းသန်သန် ပြောကြလိမ့်မည်။ 


မည်သို့ပင်ဆိုစေ ခရစ်စမတ်နေ့ရောက်တော့ ကျောင်းအုပ်ကြီးက အားလုံးကို ခရစ်စမတ်သစ်ပင်ပုံစံ တုတ်ထိုးချိုချဉ်တွေပို့ပေးခဲ့ပြီး “ မင်းတို့ကို ခုတော့ အချိုလေးတွေအရင်ကျွေးလိုက်မယ်။ မနက်ဖြန်တော့ မင်းတို့အကြိုက် လပတ်စာမေးပွဲလေး ပြန်စလိမ့်မယ်နော် ” လို့ အပြုံးလေးဖြင့် ကြေညာသွားခဲ့သည်။ 


သောက်ချီး! လပတ်စာမေးပွဲကို ကြိုက်တဲ့သူဘယ်မှာရှိလို့လဲ!


ကျောင်းသားတွေက ချိုချုဉ်ကို ကိုင်ထားရင်းနှင့်ပင် ပူညံပူညံလုပ်လိုက်ကြသည်။


စာမေးပွဲကာလမှာ နှစ်ရက်ကြာပြီး အဓိကဘာသာတွေကို တစ်ရက်၊ ကျန်တဲ့ဘာသာတွေကို တစ်ရက်ဖြေရသည်။ စာမေးပွဲပြီးလို့ နှစ်ရက်အကြာမှာတော့ စာမေးပွဲရလဒ်တွေထွက်လာ၏။


နေရာမှာအကြာကြီး ရပ်စောင့်နေရင်းမှ ကျန်းယန်ရှန့်ကိုတွေ့တော့ ရှုလီချန်က ရုတ်တရက်ကြီး မီးရထားဘူတာရုံနောက်မှ ထွက်လာသည်။ 


“ ငါ မင်းကို ပြောစရာ နှစ်ခုရှိတယ် ” သူက လက်ပိုက်လိုက်ရင်း ပြောသည်။ “ ပထမတစ်ခုက ဝမ့်ချမ် ကျောင်းပြောင်းသွားပြီ ”


ကျန်းယန်ရှန့် စက္ကန့်အတော်ကြာ ဆွံ့အသွားပြီးမှ သတိမထားမိဘဲ ပြန်မေးလိုက်သည်။ “ သူမက ဘာလို့ကျောင်းပြောင်းရတာလဲ။ ဘာလို့ပြောင်းသွားတာလဲ။ ဘာလို့လဲ။ ”


အရင်ဘဝတုန်းက သူမရော ရှုလီချန်ရော ကျောင်းထုတ်ခံခဲ့ရတာဖြစ်ပြီး ဝမ့်ချမ်ကတော့ မထိမခိုက်ရှိနေခဲ့တာဖြစ်သည်။ 


ဘာလို့ ဒီဘဝမှာ ဖြစ်စဉ်တွေအားလုံးက ပြောင်းပြန်ဖြစ်သွားရတာလဲ။ ဝမ့်ချမ်ကျောင်းထွက်သွားရတာက သူမကြောင့်မဟုတ်တာတော့ သေချာသည်။


ရှုလီချန်က အနည်းငယ် အံ့ဩသွားဟန်ပေါ်သည်။ သူ အမှန်တကယ်ပြောချင်ခဲ့တာက ဝမ့်ချမ်အကြောင်းမဟုတ်ပေ။ ဒီတိုင်းဘဲ စကားစလို့ရအောင်ပြောလိုက်တာဖြစ်ပြီး ကျန်းယန်ရှန့်က ဝမ့်ချမ်ကို ဒီလောက် ဂရုစိုက်လိမ့်မယ်လို့ မထင်ထားမိ။ 


သူက သူ့မျက်ခုံး ပင့်တင်လိုက်ပြီး အားရဝမ်းသာဖြင့်ပြောသည်။ 


“ အတန်းထဲကကောင်မလေးတွေဆီကနေ ကန်ထုတ်တာ ခံလိုက်ရတာလေ။ ဟိုတစ်ခါ မင်း နောက်ကိုလိုက်ပြီး အနိုင်လိုက်ကျင့်တဲ့ သူ့နောက်လိုက်ကောင်မလေးတွေဆီကနေပေါ့ ”


အဖြစ်အပျက်တွေက အရမ်းကို မြန်လွန်းလှသည်။ ဝမ့်ချမ်ကသာ တခြားသူတွေကို ဦးဆောင်အနိုင်ကျင့်ခဲ့တာဖြစ်ပြီး သူမ ကိုယ်တိုင် အခုလိုပြန်ခံရလိမ့်မယ်လို့ လုံးဝမမျှော်လင့်ထားမိပေ။ 


သူဖွဲ့ထားတဲ့အုပ်စုက သူတို့ကောင်းစားရေးအတွက် ဝမ့်ချမ်ကိုရောင်းစားလိုက်တာပေါ့လေ။ အဲ့တာကြောင့် ဝမ့်ချမ်ရဲ့အပြစ်ပေးချက် ထွက်လာတာကိုး။


ဒါက သူတို့ သူငယ်ချင်းဆက်ဆံရေးက မခိုင်မာလို့ ဒီတိုင်း သူတို့အဖွဲ့ကွဲသွားကြတာဖြစ်မည်။ 


ဒီလိုတွေလုပ်ပြီးသွားတော့ သူတို့တွေကိုယ်တိုင်က စိတ်ထားမကောင်းတဲ့သူတွေဖြစ်တာကြောင့် ဝမ့်ချမ်ဆီက ခွင့်လွှတ်မှုကို ရနိုင်ဖို့လည်းမမျှော်လင့်ထားကြ။ 


ဒါက ဝမ့်ချမ်အား တခြားတစ်ဖက်ကို ကန်ထုတ်နိုင်ဖို့ တစ်ခုတည်းသော နည်းပင်။ 


သူတို့တွေက အုပ်စုဖွဲ့ပြီး ဝမ့်ချန်ကို အရာမသွင်းဘဲထားတာ အဝေးရောက်သွားအောင် တွန်းပို့ခဲ့ကြတာ ဖြစ်သည်။ 


ဝမ့်ချမ်က လှသည်။ ‌တခြားသူတွေက အရေးမလုပ်လို့လည်း ကျောင်းပြောင်းသွားမှာမဟုတ်။ ဒါပေမယ့် ရှုလီချန့်က အဲ့အုပ်စုထဲမှာ ပါနေရင်တော့ ပြောလို့မရပေ။


ရှုလီချန်က ရှစ်တန်းမှာ ဂန်းစတားဆိုပြီး နာမည်ကျော်ကြားသည်။ သူက ဝမ့်ချမ်ကို နင်းချေဖို့ ခြေတစ်လှမ်းစလိုက်တာနှင့် ဝမ့်ချမ် အတန်းထဲမှာ ဘယ်လိုမှနေလို့ရမှာမဟုတ်တော့ပေ။ 


ရီ အထက်တန်းကျောင်းက အခန်းတွေကို အဆင့်အလိုက်ခွဲတာဖြစ်သည်။ ဝမ့်ချမ်၏ အဆင့်အလိုက်သာ အဲ့ဒီကျောင်းကိုပြောင်းပေးလိုက်ပါက သူမကို ထားစရာနေရာရှိမှာမဟုတ်။ ဒီအတွက် သူမက မိသားစုတွေကို ရန်လုပ်ကာ တခြားကျောင်းကို ပြောင်းပေးဖို့ တောင်းဆိုခဲ့သည်။ 


ဒီအတွက် သူမမိဘတွေက ကျောင်းကိုရောက်လာပြီး အတန်းမှူးကို ရန်လုပ်ခဲ့သည်။ သူတို့က သူတို့သမီးကို မတရားစွပ်စွဲခံရတာရယ် အပြစ်ပေးခံရတာရယ် နှစ်ခုစလုံးအတွက် နစ်နာသူလို့ယုံကြည်ထားကြပြီး တခြားကောင်မလေးတွေက ဝမ့်ချမ်ကို သူ့ကိုယ်သူအပြစ်တင်အောင် အယုံသွင်းထားကြတာလို့ ထင်ထားကြသည်။


အတန်းမှူးမှာ ဒေါသထွက်လွန်းလို့ သွေးတောင်ဆောင့်တက်သွားရသည်။ 


ခရစ်စမတ်နေ့တုန်းက လပတ်စာမေးပွဲကို မဖြေဘဲ ထွက်သွားတာက ဝမ့်ချမ်ကိုယ်တိုင် မဟုတ်ပါလား။


Xxxxx


Part 134


ကျန်းယန်ရှန်က ဒီလိုအလှည့်အပြောင်းမျိုးကို ဒီဘဝမှာ ကြုံရလိမ့်မယ်လို့ မထင်ထားခဲ့ပေ။ လူတိုင်း၏ ဘဝလမ်းကြောင်းက အနည်းနှင့်အများတော့ ပုံစံကွဲသွားကြသည်။ ကြည့်ရတာ ဝမ့်ချမ်ဖြစ်ရပ်၏ တိုက်ရိုက်အမှုက ရှုလီချန်အပါအဝင် အုပ်စုငယ်လေးများ၏ ဖယ်ကျဉ်းထားမှုကြောင့်ဟု ထင်ရသည့်တိုင် သေချာမြင်တတ်လျှင်တော့ ဒါတွေဖြစ်ရသည့်မူရင်းအကြောင်းအရင်းမှာ ပြောင်းလဲသွားသော ကျန်းယန်ရှန့်ကြောင့်ဆိုတာ တွေ့ရလိမ့်မည်။ 


ကျန်းယန်ရှန့် အရင်နှင့်မတူတော့တာက သူ့ဘေးနားကလူတွေကို အနည်းငယ်ဖြစ်စေ ကြီးကြီးမားမားဖြစ်စေ သက်ရောက်စေခဲ့၏။ 


ရှုလီချန်က ကျန်းယန်ရှန့်၏မျက်နှာအမူအရာကို မဖတ်နိုင်သော်လည်း ဝမ့်ချမ်ကိစ္စကြောင့် အနည်းငယ် ထိတ်လန့်တုန်လှုပ်သွားတာတော့ သိသည်။ သူမက ဘာအတွက် ထိတ်လန့်ရတာလဲ။ သူမကိုယ်သူမ ဘယ်သူဆိုတာသိလာအောင် သင်ပေးခဲ့တာက ဝမ့်ချမ်မှ မဟုတ်တာလေ။


“ ဟေ့! ” ရှုလီချန်က ခေါ်လိုက်သည်။ 


“ မင်း ဝမ့်ချမ်နဲ့ မခွဲချင်ဖြစ်နေတာလား ” သူက အပြုံးတစ်ခုဖြင့်မေး၏။ 


ထိုအခါမှ ကျန်းယန်ရှန့်က အသိစိတ်ပြန်ကပ်လာကာ နောက်ပြောင်ကျီစယ်ခံနေရတာကို မသိသလိုနေလိုက်ပြီး သူ့ကို တဲ့တိုးဘဲမေးလိုက်သည်။ 


“  ပထမတစ်ခုက ဘာလဲဆိုတာဘဲပြောရသေးတာနော် ဒုတိယတစ်ခုကရော ”


အမှန်တကယ်တော့ သူမ အရေးလုပ်ပြီးမေးနေစရာမလိုပေ။ ဒါပေမယ့် သူမ မေးလိုက်တော့ ရှုလီချန်က ပြောချင်လွန်းလို့ သူ့အမြီးလေး မိုးပေါ်ထောင်တက်သွားသလိုပင်။ 


သူက အောင်နိုင်သူကြီးတစ်ယောက်လို ပြုံးလိုက်ပြီး စာရွက်လိပ်တစ်ခုကိုထုတ်ကာ ကျန်းယန်ရှန့်လက်ထဲကို ထည့်ပေးလိုက်သည်။ 


“ ဖွင့်ကြည့်လိုက် ”


အဲ့တာက ဘာသာရပ်ရမှတ်တွေ၏ မိတ္တူဖြစ်ပြီး ရှုလီချန်၏ ရမှတ်တွေကို အသားပေးဖော်ပြထားသည့် စာရွက်တစ်ရွက်ဖြစ်သည်။ 


ကျန်းယန်ရှန် : “ အင်း... ”


ရှုလီချန်က ဂုဏ်ဆာနေတဲ့လေသံနှင့်ပြောသည်။ 


“ ဘာပြချင်တာလဲ မင်းမြင်ရဲ့လား ”


ကျန်းယန်ရှန့်က သူမခေါင်းကိုပြန်မော့လိုက်ရင်း 


“ ငါ ဘိတ်ချီးအယောက်တစ်ရာနဲ့စကားမပြောဘူးဆိုတာ နောက်ဆုံးတစ်ယောက်ကနေရေရင် အပေါ်ဘက်ကို တွက်သွားတာကိုပြောတာနော် ”


“ ငါသိတယ် မင်းသဘောပေါက်မှာမဟုတ်ဘူးဆိုတာ ” ရှုလီချန်အသံက ပိုပြီးဂုဏ်ဆာလာသည်။ “ ငါ့အဆင့်ကို သေချာကြည့်လိုက်စမ်း။ နောက်ဆုံးတစ်ယောက်ကနေ အပေါ်ဘက်ကို ပြန်ရေတွက်သွားရင် ငါ့အဆင့်က 101 နေရာမှာကွ ”


အဲ့တာဆို friend request ကို လက်ခံထားတာတောင် စာတစ်စောင်မှမပို့တာက ဒီအကြောင်းတွေကို မပြောမိအောင် ထိန်းထားတာပေါ့လေ။ 


ဒါက ရှုလီချန်ရဲ့စရိုက်ဆိုတာ ပြောနေစရာတောင်မလိုဘူး။ 


တကယ်တော့ သူတို့နှစ်ယောက်မှာ တူနေတာတွေ အတော်များသည်။ သူတို့နှစ်ယောက်လုံး အခက်အခဲတွေဖြေရှင်းရတာကို ကြိုက်၏။ နောက်ပြီး ဒုတိယတစ်ခုက...


“ မင်းတွက်တာ မှားသွားပြီ ”


ကျန်းယန်ရှန်က ခံစားချက်မပါဘဲ ပြောသည်။ 


ရှုလီချန် ခေတ္တကြောင်အမ်းသွား၏။ “ ဘာကြီး! မဖြစ်နိုင်လိုက်တာ! ”


“ မင်းတွက်ထားတာက အရင်ကျောင်းသားဟောင်းတွေရဲ့ အရေအတွက်နဲ့ဘဲ ” 


ကျန်းယန်ရှန့်က ပြောနေရင်းဖြင့် ပိုပြီး အမှုအရာကင်းမဲ့လာသည်။


 “ ဝမ့်ချန်က ခရစ်စမတ်နေ့ကတည်းက ကျောင်းပြောင်းခံရတာလေ။ သူက လပတ်စာမေးပွဲကိုတောင် ဖြေတာမဟုတ်ဘူး။ အဲ့တာကြောင့် မင်းက တစ်နှစ်လုံးစာအတွက် နောက်ဆုံးကနေ ရေရင် အယောက်တစ်ရာမြောက်ဘိတ်ချီးကောင်ဘဲ ”


ကျန်းယန်ရှန်က ပြောပြီးတော့ စာရွက်ကို ရှုလီချန်ရဲ့ရင်ဘတ်မှာ ပြန်ကပ်ပေးလိုက်သည်။ 


သူမက လက်ကိုဝေ့ပြရင်း အဝေးကိုလျှောက်သွား၏။


ရှုလီချန်ကတော့ စာရွက်ကို ကျစ်ကျစ်ပါအောင်ဆုတ်လိုက်ရင်း ခေါင်းငုံကျသွားတော့သည်။ 


သူက မယုံနိုင်စွာဖြင့် မိတ္တူစာရွတ်ကို ပြန်ဖွင့်လိုက်ပြီး တကယ်လားဆိုတာ ပြန်ကြည့်နေမိသည်။ တစ်နေရာဖယ်လိုက်ရင် သူက တကယ်ဘဲ နောက်ဆုံးကနေ တွက်ရင် အယောက်တစ်ရာမြောက်ဘတ်ချီးဖြစ်သွားမှာလား။ 


“ . . . ” ရှုလီချန် ထိုစာရွက်ကို လုံးချေပစ်လိုက်သည်။ 


ဒါက အရမ်းကို ဝမ်းနည်းဖို့ကောင်းတယ်။ 


မီးပွိုင့်မိနေတာကြောင့် ကားက ရထားဘူတာရုံမှ မီတာတစ်ရာအကွာမှာ ရပ်နေခဲ့သည်။ ရှောင်ကျိုးက နောက်ကြည့်မှန်ထဲကို ခဏခဏလှမ်းကြည့်နေရာမှ နောက်ဆုံးတော့ မမေးဘဲမနေနိုင်တော့ချေ။ 


“ သခင်မလေးယန်ယန် ဘာလို့ ဒီနေ့အရမ်းပျော်နေတာလဲ ”


ကားထဲကို ဝင်လာကတည်းက ကျန်းယန်ရှန့်က အဆက်မပြတ်ပြုံးနေတာကို သူ မြင်နေရသည်။ 


ကျန်းယန်ရှန် ဒါမျိုးကို အကြိမ်ပေါင်းများစွာ ကြုံတွေ့ပြီးပြီဖြစ်သည်။ မပြုံးမိအောင်ကြိုးစားကြည့်ပေမယ့် မရပေ။ ခံနိုင်ရည်အလွန်မှာတော့ နဖူးပေါ်လက်တင်ရင်း အော်ရယ်ချင်စိတ်ကြောင့် တစ်ကိုယ်လုံး တသိမ့်သိမ့်တုန်လာတော့သည်။


“ ဘာမှမဟုတ်ပါဘူး။ ငတုံးကောင်တစ်ကောင်လေ... ”


သူမက ပြုံးစိစိဖြင့် နှုတ်ခမ်းကို ကိုက်လိုက်ပြီး ဘာမှဆက်မပြောတော့ပေ။ 


ကျန်းအိမ်တော်မှာ အလုပ်ခန့်ခံရပြီးတည်းက အခုအချိန်ထိ ကျန်းယန်ရှန် ဒီလောက်ထိပြုံးပျော်နေတာမျိုး တစ်ခါမှ မမြင်ဖူးခဲ့ဖူးဘူးလို့ ရှောင်ကျိုးကတော့ တွေးနေမိသည်။ 


နောက်တစ်နေ့ရောက်သော်....


ကျန်းကျစ်ယွမ် သူ့ကိုယ်သူ ဆုံးဖြတ်ချက် ခိုင်မာစွာချလိုက်ပြီ။ ညနေ ကျောင်းဆင်းတော့ သူက ကျန်းယန်ရှန့်ကို ဆွဲရပ်လိုက်သည်။ 


ကျန်းယန်ရှန့်က အနည်းငယ်အံ့ဩသွားဟန် ပေါ်သည်။ ကျန်းကျစ်ယွမ်နှင့် သူမ ကြားထဲမှာရှိနေသည့် ကွာခြားချက်တွေကို သတိထားမိကတည်းက ကျန်းယန်ရှန့်ကို စကားမပြောဖြစ်တာ ရက်အနည်းငယ်ကြာပြီဖြစ်သည်။ 


“ ဘာကိစ္စရှိလို့လဲ ” သူမက မေးသည်။


ကျန်းကျစ်ယွမ်က စိတ်ဂဏှာမငြိမ်တာ‌ဖြစ်နေတာကြောင့် အနည်းငယ်တုံ့ဆိုင်းသွားပြီးမှ


 “ ဟိုဟာ...ခုရက်ပိုင်း ‌ဘာလို့ သင်ခန်းစာမေးခွန်းတွေအကြောင်း လာမမေးတော့တာလဲ ”


ကျန်းယန်ရှန့်က စိတ်ထဲမှာ သူ့ဟာသူ တွေးလိုက်သည်။ ဒါက တမင်တကာလုပ်နေသလိုများဖြစ်နေတာလား။ ရိပ်မိ‌နေတဲ့လူတွေရော ရှိနေမလား...ဆိုပြီး။


“ ခုနောက်ပိုင်းက ေကာရှောင်ရှောင်ဆီမှာဘဲ မေးတော့တာမလို့။ သူက ငါ့ရှေ့မှာ ထိုင်တာလေ ” 


ကျန်းယန်ရှန်က ပြောသည်။


 “ နင့် နေရာက ငါနဲ့ တော်တော်ဝေးလို့ ”


ဒါက လိမ်နေတာဆိုတာ ကျန်းကျစ်ယွမ် ရှင်းရှင်းလင်းလင်းသိသည်။ ကောရှောင်ရှောင်က ကျန်းယန်ရှန့်ရှေ့မှာထိုင်တာမှန်ပေမယ့် သူနှင့်စကားပြောဖို့ သူ့ဆီကို အမြဲလာလေ့ရှိသည်။ 


အဲ့တာတောင် ဘာလို့ ကျန်းယန်ရှန့်က ဒီကိစ္စကို လိမ်နေတာလဲ။


ဆယ်ကျော်သက်လေးက စိတ်ဂဏှာမငြိမ်ဖြစ်နေတာ ပျောက်သွားဟန်ပေါ်ပြီ မျက်လွှာချကာ ခဏလောက် တစ်စုံတစ်ခုကိုပြန်စဉ်းစားနေတော့သည်။


“ အတန်းဖော်တွေက ဟာသလုပ်ကြတာ မင်း ကြားမိသွားလို့လား ”


ကျန်းယန်ရှန်က သူ့အပြောကို ထူးဆန်းနေသလိုပုံစံဖြင့် ကြည့်ကာ 


“ ဘယ်လို ဟာသမျိုးကိုပြောတာလဲ ”


“ မင်းနဲ့ငါ့ကို ဟာသလုပ်ကြတာကိုပြောတာ ”


သူဆိုလိုတာက အတန်းထဲကကောင်လေးတွေ ပျင်းလို့အလုပ်စရာမရှိတိုင်း လျှောက်ပြောနေကြတဲ့ဟာတွေကိုဆိုတာ ကျန်းယန်ရှန့် နားလည်လိုက်သည်။ အဲ့ဒီကောင်တွေက ကျန်းယန်ရှန့်ရှေ့မှာတော့ အဲ့လိုမလုပ်ရဲကြ။ ဒါပေမယ့် တစ်ခါတစ်လေတော့ ရှောင်လွှဲမရဘဲ သူတို့ဟာသလုပ်ပြီး ရယ်နေတာကို သူမ ကြားရတတ်သည်။ 


သူမက စိတ်မဝင်စားဟန်ဖြင့် ပုခုံးတွန့်လိုက်ပြီး 


“ သူတို့က ဒီတိုင်းစနေကြတာဘဲဟာ။ အသားပဲ့ပါသွားတာမှမဟုတ်။ အဲ့တော့ ငါလဲ ဂရုစိုက်မနေဘူးလေ ”


သူမက ပြန်လည်တွေးဆလိုက်ရင်းဖြင့် “ မင်း မကြိုက်ရင်တော့ သူတို့ကို ငါသွားပြောလိုက်ပါ့မယ် ”


သူမက ဟာသလုပ်ခံနေရတာကို ဂရုမစိုက်ဘူးဆိုရင်လဲ ဘာကြောင့်သူ့ကို ရှောင်နေရတာလဲ။ 


နောက်ဆုံးတော့ ကျန်းကျစ်ယွမ်က မေးလိုက်သည်။ 


“ အဲ့တာဆိုရင် မင်း ဘာလို့.... ”


သူတို့အသက်အရွယ်အတွက် ဒီလို တဲ့တိုးမေးတာက အနည်းငယ်တော့ ကသိကအောက်နိုင်၏။ ကျန်းကျစ်ယွမ်က စိတ်ပူပန်မှုကြောင့် အောက်နှုတ်ခမ်းကို လျှာဖြင့်သပ်ကာ ခေတ္တဆိုင်းငံ့နေပြီးမှ သူ့စကားကို အပြီးသတ်လာသည်။


 “ ...ငါ့ကို ရှောင်နေတာလဲ။ ငါ မင်းကို စိတ်ဆိုးအောင် လုပ်မိသွားတာရှိလို့လား ”


ကောင်ငယ်လေး၏မျက်လုံးတွေက ရွှန်းလဲ့တောက်ပနေပြီး မျက်လုံးထဲမှာ အကြံအစည်မရှိ၊ ရန်လိုမှုမရှိဘဲ စမ်းရေကြည်လေးလို ကြည်လင်လှသည်။


ဒီလို အကြည့်မျိုးနှင့် ငေးကြည့်နေတာကို ခံရတာက စိတ်ကို ရှင်းသန့်သွားစေသလိုပင်။


ကျန်းယန်ရှန့်မှာ မနာလိုတောင် ဖြစ်သွားရသည်။ 


ဆယ့်ငါးနှစ်အရွယ် လူတစ်ယောက်က ဒီလိုမျိုးလေးရှင်သန်နေတာတဲ့လား။


Xxxxxx