Part 125
၀မ့်ချမ်မှာသူမ၏သွေးသောက်ညီအစ်မများက သူမကိုရောင်းစားလိုက်ပြီဖြစ်ကြောင်းမသိရှာချေ။
သူမ၏ခံစားချက်များကကောင်းမနေချေ။
သူမသည် ဤကျောင်းမှဆရာများက ကျန်းယန်ရှန့်ကိုဘက်လိုက်လွန်းသည်ဟု ခံစားရသည်။ သူမ၏အရင်ကျောင်းတုန်းကဆိုလျှင် သူမ၏မိဘများကကျောင်းကို အလှူငွေများများထည့်၀င်လေ့ရှိသဖြင့် သူမကိုဆိုလျှင် ဦးစားပေးကြသည်။
သူမ၏သွေးသောက်ညီအစ်မများ ရုံးခန်းကပြန်ထွက်လာလျှင် သူတို့ကျောင်းအုပ်ကြီးအား မည်သည်တို့ကိုပြောခဲ့ကြောင်း သူမမေးလိုသော်လည်း ပြန်မဖြေလိုပဲခေါင်းရှောင်နေကြသည်။
၀မ့်ချမ်မှာ သူမ၏မသိစိတ်မှ တစ်ခုခုမူမမှန်ဟု ခံစားမိသော်ငြား သူမကိုမည်သူကမျှ အမှန်အတိုင်းမပြောလိုကြချေ။ သူတို့အားလုံးပေါင်းပြီး ၀မ့်ချမ်ကိုသာအပြစ်လွှဲချဖို့လုပ်ပြီးမှတော့ ၀မ့်ချမ်နှင်ဘယ်လိုမှ ဆက်မပေါင်းနိုင်တော့ချေ။
ကျန်းယန်ရှန့်ကမူ လုံး၀ဂရုမစိုက်ချေ။ အပြစ်ဒဏ်ဘာညာဆိုသည်မှာ သူမအတိတ်ဘ၀တွင် ရိုးနေအောင်ကြုံရဖူးတာကြောင့် သူမအတွက်ပမွှားလေးပင်။
သူမက စာအသည်းအသန်ပြန်ကူး၍သာ အလုပ်ရှုပ်နေခဲ့သည်။ ၀မ့်ချမ်ကြောင့် သူမအတန်းချိန်တ၀က်လောက်လွတ်သွားသည်လေ။
သူမကအလွန်ရိုကျိုးစွာနှင့် အနာဂါတ်၏ချန်ပီယံဖြစ်လာမည့် ကျန်းဇီယွမ်ဆီသွားလိုက်သည်။ သူမဘာမှမပြောနိုင်ခင်မှာပင် ကျန်းဇီယွမ်က အပြုံးလေးနှင့် စာအုပ်ကိုကမ်းပေးလာသည်။
"ရော့ အမြန်ကူးလိုက်၊ ဒီနေ့အိမ်စာတွေအတော်များတယ်"
ကျန်းယန်ရှန့်မှာ "ကျေးဇူး"ဟုသာပြောနိုင်လိုက်သည်။
သူမတွင် သာမာန်မိန်းကလေးများကဲ့သို့ရှက်ရွံ့မှုတို့မရှိသည့်တိုင် ယောကျာ်းလေးတစ်ဦးလိုလည်း ပမာမခန့်ဖြစ်မနေပါချေ။
သူမကထူးကိုထူးခြားနေတာပင်။
ကျန်းဇီယွမ် စာရေးနေရင်းကနေမနေနိုင်ပဲခေါင်းကိုမော့၍ သူမ၏ကျောပြင်ကိုလှမ်းကြည့်လိုက်မိသည်။ သူ၏နှုတ်ခမ်းထောင့်တွင် အပြုံးစလေးတွဲခိုလျက်ပင်။
ထိုအပြုံးစလေးဖြင့်ပင် သူကခေါင်းကိုငုံ့လျက် တွက်လက်စပုစ္ဆာကိုပြန်လည်အာရုံစိုက်လိုက်တော့သည်။
ယနေ့အတွက်အိမ်စာက အမှန်တကယ်များလှသည်။ ကျန်းယန်ရှန့်လည်းညစာကို အမြန်အပြီးသတ်လိုက်ရလေသည်။
ညစာစားပွဲ၀ိုင်းတွင် ကျန်းဟယ်လင်းမှာ သူမကိုခဏခဏခိုးကြည့်ရင်း တစ်ခုခုပြောချင်နေခဲ့သည်။
သို့သော်ကျန်းယန်ရှန့်ကမူ တွက်လက်စပုစ္ဆာကိုသာ တွေးတောနေမိသဖြင့် ၄င်းကိုသတိမထားမိချေ။
သူမအိမ်စာတွေအကုန်လုပ်ပြီးသောအခါခုံနောက်ကိုမှီလျက် အသက်ရှူထုတ်လိုက်သည်။
သေစမ်း
အထက်တန်းကျောင်းသားဘ၀က ခက်ခဲတာပဲ
ခြေလက်ဆန့်ပြီးသည်နှင့်သူမ အောက်ထပ်သို့ဆင်း၍ ညလယ်စာမုန့်တချို့သွားရှာဖွေလိုက်သည်၊
မုန့်တချို့စားပြီး သောက်စရာတချို့နှင့်အအေးယူပြီးပြန်တက်လာစဥ် ကျန်းဟယ်လင်၏ အခန်းတံခါးကပွင့်ဟလာခဲ့သည်။ သူမကတံခါးကြားမှချောင်းကြည့်နေသည်။
"ဘာလုပ်နတောလဲ"
ကျန်းယန်ရှန့်က တံခါးကြားမှနေ၍ သူမနဖူးကို လက်ညှိုးဖြင့်ထိုးလိုက်သည်။
"မအိပ်သေးဘူးလား"
ကျန်းဟယ်လင်ကတံခါးကိုကျယ်ကျယ်ဟလိုက်ကာ သူမကိုလက်ကိုဆွဲလျက်အတွင်းသို့ခေါ်လိုက်သည်။
"အာ့ကျဲကိုပြောစရာရှိတယ်"
ကျန်းယန်ရှန့်မှာ အခန်းထဲသို့ဆွဲထည့်ခံလိုက်ရပြီး
"ဘာပြောမလို့လဲ အမြန်ပြောပြီးအိပ်တော့ ကလေးတွေကညနက်တဲ့အထိမနေသင့်ဘူး"
"အာ့ကျဲလည်းအိပ်မှမအိပ်တာ၊"
သူမကမကျေမနပ်ဆိုလိုက်သည်။
"အထက်တန်းကျောင်းသူနဲ့လာယှဥ်လို့ရမလား"
ကျန်းယန်ရှန့်ကသူမခေါင်းကိုဖွလိုက်ပြီး
"ငါ့မှာအိမ်စာတွေဘယ်လောက်များလဲသိလား၊ နင့်မှာအိမ်စာဘယ်လောက်ရှိလို့လဲ၊ ပြောစရာရှိတာပြော ဘာလဲ"
ကျန်းဟယ်လင်က သူမ၏နဖူးကိုမကျေမနပ်ပွတ်သပ်လိုက်ကာ
"ချင်ဟောင်ကိုသိလား၊ သမီးအရင်တစ်ခါပြောဖူးတဲ့တစ်ယောက်လေ"
ကျန်းယန်ရှန့်လည်းမျက်တောင်ခတ်လိုက်ကာ
"ဘာဖြစ်လို့လဲ"
ကျန်းဟယ်လင်းကချောင်းဟန့်ကာဆိုလိုက်သည်။
"သမီး အာ့ကျဲပြောခိုင်းတာကိုသူ့ကိုပြောလိုက်တယ်"
"..."ကျန်းယန်ရှန့်ဆွံ့အသွားခဲ့သည်။
"အခုမှပြောတာလား၊ ငါပြောထားတာဖြင့် ဘယ်လောက်ကြာပြီလဲ"
ကျန်းဟယ်လင်" အဲဒါကြီးကိုရုတ်တရက်ကြီးဘယ်လိုပြောနိုင်မှာလဲ အချိန်ယူပြီးစဥ်းစားရသေးတာပေါ့"
"နင်ကတကယ်ငကြောက်ပဲ"
ကျန်းယန်ရှန့်ကနှာခေါင်းရှုံ့လိုက်ကာ
"အဲဒီတော့နင်ဘာပြောလိုက်လဲ၊ သူကရောဘယ်လိုပြန်ပြောလဲ"
ကျန်းဟယ်လင်ကလက်ချောင်းတွေကိုလိမ်ရင်း
"သူကသမီးရဲ့ ကျစ်ဆံမြီးကိုထပ်လာဆွဲတယ်လေ အဲမှာစည်းထားတဲ့ သားရည်ကွင်းလည်းပြတ်သွားပြီး သမီးလည်းအရမ်းစိတ်တိုသွားတယ်လေ အဲဒါနဲ့သူ့ကို မေးလိုက်တယ်"
ကလေးမလေးကသူ့ဘ၀မှာ
တစ်ခါမှမကြုံဖူးတဲ့အဖြစ်အပျက်ကိုကြုံလိုက်ရပုံဖြင့်
"အဲဒီမှာသူက.."
ဖြစ်ချင်တော့ထိုအချိန်တွင် ကျန်းဟယ်လင်းကကျောင်း၏ကော်ရစ်တာထောင့်တွင်ရှိနေတာဖြစ်သည်။ သူမကလွန်စွာစိတ်တိုနေသော်လည်း အနီးအနားတွင် သူမအတန်းထဲကတစ်ယောက်ကိုမှမတွေ့ရချေ။ ကျန်းဟယ်လင်ကသတ္တိကိုစုစည်းလျက် ကောင်လေး၏မျက်လုံးကိုစူးစိုက်ကြည့်ကာ
"ချင်းဟောင် နင်ငါ့ကိုကြိုက်နေတာလား"
ထို့နောက်တွင်သူမရှေ့မှ စိတ်ရှုပ်စရာကောင်ဆိုးလေးမှာ လည်ပင်းမှစ၍ နားရွက်ဖျားနှင့် မျက်နှာတစ်ခုလုံးနီရဲသွားသည်ကိုတွေ့လိုက်ရတော့သည်။
ကောင်လေးမှာရုတ်ချည်းသတ္တိမရှိတော့သလို ကြောက်ရွံ့နေသောရှဥ့်ငယ်လေးတစ်ကောင်လိုအမြီးတန်းလျက်ထွက်ပြေးသွားတော့သည်။
"ပြီးတော့ဘာလဲ" ကျန်းယန်ရှန့်ကအအေးကိုတငုံသောက်လိုက်ပြီး သူမညီမဖြစ်သူကိုနားထောင်နေလိုက်သည်။
ကျန်းဟယ်လင်ကဆိုသည်
"ပြီးတော့ သူသမီးကိုစကားလာမပြောတော့ဘူး
၊သမီးသူ့ကိုကြည့်လိုက်တိုင်း သူကဒီလိုကြီး"
ထို့နောက်သူမက ရှက်ရွံ့စွာခေါင်းငုံ့ပြီး ဖိနပ်ထိပ်ဖျားလေးများကိုကြည့်နေဟန်လုပ်ပြလိုက်သည်။
ကျန်းယန်ရှန့်ရယ်လိုက်ကာ
"မင်းချက်ကောင်းကိုထိလာတာပဲလေ"
ကျန်းဟယ်လင်၏ပြသနာမှာမူ ဤကားအစသာရှိသေး၏။
"သမီးအခုဘာလုပ်သင့်လဲဟင် ၊ သူသမီးကို စကားလာပြောပါဦးမလား၊ သူသမီးကိုလာစဦးမှာလား၊ သမီးဘာလုပ်ရမလဲဟင်၊ သမီးအရင်သူ့ကိုစကားသွားပြောသင့်လား၊ ဒီတိုင်းမသိချင်ယောင်ဆောင်လိုက်ရမလား"
ကျန်းယန်ရှန့်ခဏမျှတွေးလိုက်ပြီးနောက်ပြောလိုက်သည်။
"ဒီလိုမျိုးဖော်ထုတ်ခံလိုက်ရပြီးမှတော့ သူမင်းကိုလာစရဲတော့မှာမဟုတ်ဘူး၊ မင်းအတွက်ကတော့ သူ့ကိုစကားပြန်ပြောသင့်မပြောသင့် ကိုယ့်ဘာကိုယ်ဆုံးဖြတ်ပေါ့"
ကျန်းဟယ်လင်၏မျက်နှာမှာ အတန်ငယ်နီရဲလျက်
"ဒီတော့သူသမီးကိုတကယ်ကြိုက်နေတာပေါ့နော်"
ဘာကိုမျှမဆိုပဲ ကျန်းယန်ရှန့်ကသူမ၏ပါးလုံးလုံးလေးနှစ်ဖက်ကိုဖြစ်လိုက်ကာ
"ဘာတွေတွေးနေတာလဲ ၊ မူလတန်းကျောင်းမှာ ရည်းစားထားလို့မရဘူးနော်၊ အထက်တန်းရောက်တဲ့အထိစောင့်ဦး၊ မဟုတ်သေးဘူး တက္ကသိုလ်ရောက်တဲ့စောင့်"
ကျန်းယန်ရှန့်အနေဖြင့် အထက်တန်းကျောင်းတွင် ရည်းစားထားရသည်မှာလည်းဆိုးလှသည်မထင်ပါ၊ထိုအရွယ်ခံစားချက်များကစစ်မှန်ပြီးအပြစ်ကင်းသည်။
Xxxxxx
Part 126
သို့သော်သူမ၏ညီမဖြစ်သူကမူ အလွန်တုံးအပြီး အတွေ့အကြုံမရှိသေးချေ။ ကျောင်းတွင်ရည်းစားထားလျှင်တောင် အလိမ်ခံရဖို့များလှသည်။
ထို့ကြောင့်တက္ကသိုလ်ရောက်အောင်စောင့်မှဖြစ်မည်။
သူမကျောင်းသို့ရောက်လျှင်ကားမရပ်ခင်ပင်
ရှောင်ကျိုး၏စကားသံကိုကြားလိုက်ရသည်။
"ဟိုကောင်လေးရောက်နေပြန်ပြီ"
ကျန်းယန်ရှန့်လှည့်ကြည့်လိုက်လျှင် အမှန်တကယ်ကို ရှုလီချန်၏ကားကရောက်နှင့်နေသည်ကိုတွေ့လိုက်ရတော့သည်။
သူမကားထဲကထွက်လာသည်ကိုမြင်လျှင် ရှုလီချန်လည်းတံခါးဖွင့်ပြီး သူမထံပြေးလာခဲ့သည်။
နှစ်နှင့်ချီအောင် လေ့ကျင့်ရေးဆင်းဖူးတာကြောင့် သူ၏ကိုယ်အချိုးအစားမှာ တခြားကောင်လေးများထက် တောင့်တင်းကာ ကြည့်ကောင်းနေခဲ့သည်။
သူကပြေးလာနေရင်းသူ၏ငယ်ရွယ်မှုနှင့် အင်အားတို့က ပွင့်အန်ကျလာသည့်နှယ်၊
ကျန်းယန်ရှန့်မနေနိုင်ပဲ နေရောင်အောက်မှ မြင်ကွင်းကို နှစ်ကြိမ်ခန့်ကြည့်လိုက်မိသည်။
မနက်ခင်းနေရောင်အောက်မှ ရှုလီချန်ကမျက်ခုံးကိုပင့်လျက် အပြုံးလေးဖြင့်
"ငါမင်းကို မနေ့က အတန်းပြီးကတည်းကရှာချင်နေတာ ဒါပေမယ့် မင်းကပြန်နှင့်ပြီလေ ၊ ဘာလို့အစောကြီးပြန်သွားရတာလဲ"
မနေ့ကကျန်းယန်ရှန့်မှာ အိမ်စာတပုံကြီးကိုကြည့်လျက် ကားထဲ၀င်ကာပြန်သွားခဲ့သည်။
"လုပ်စရာအိမ်စာတွေမှအများကြီး" ကျန်းယန်ရှန့်ဂရုမစိုက်စွာဖြေလိုက်သည်။
"နင်ရောအိမ်ကိုပြန်ပြီး လုပ်စရာအိမ်စာတွေမရှိဘူးလား၊ ငါကနင့်ကိုစောင့်ပြီး အချိန်ဖြုန်းရမှာလား"
ရှုလီချန်ဆွံ့အသွားလေသည်။
သူကစကားလမ်းကြောင်းလွှဲလျက်
"မနေ့ကဘယ်လိုဖြစ်သွားတာလဲ မင်းရုတ်တရက်ကြီး စိတ်လွတ်သွားတယ်နော်"
အမှန်တော့ အတင်းအဖျင်းတွေကလည်း သိပ်မဆိုးအရွားကြီးမဟုတ်ခဲ့ ၊ ကျန်းယန်ရှန့်သာအိမ်မှဒရိုင်ဘာကို ကျောင်း၌စောစောလာကြိုခိုင်းခဲ့လျှင် ရှင်းသွားမည့်ကိစ္စပင်။
ရှုလီချန်သိလိုသည်က ကျန်းယန်ရှန့်သည်ယခင်အတိုင်း အေးဆေးနေကာ သူ့ကိုလျစ်လျူရှိနေဦးမည်လား၊ ဒါမှမဟုတ် ဤကစားပွဲကိုရပ်လိုက်တော့မလားဆိုတာပင်။ သို့သော် ကျန်းယန်ရှန့်မှာ တစ်လုံးမှမပြောပဲတံခါးကိုဆောင့်ပိတ်လိုက်မည်မထင်ထားရာ ဒေါသထောင်းခနဲထွက်သွားမိသည်။
သူမ၏မနေ့က ဒေါသတကြီးရိုက်နှက်နေပုံကိုသတိရလျှင် ရှုလီချန်မျက်လုံးတို့တောက်ပသွားခဲ့သည်။
ကျန်းယန်ရှန့်ကမေးလိုက်သည်။.
"ဒီလပါတ်စာမေးပွဲတုန်းက နင့်အဆင့်ဘယ်လောက်လဲ "
"..."ရှုလီချန် "ဟမ်"
ကျန်းယန်ရှန့်သည် အညှာအတာမဲ့စွာပင်
"အတန်းတူထဲက အဆင့်၁၀၀ထက်ကျော်တဲ့သူတွေနဲ့ငါစကားမပြောဘူး"
ပြောပြီးသည်နှင့် သူမ၏လက်တို့ကိုခါလျက်ထွက်သွားတော့သည်။
ရှုလီချန်မှာအကြောင်သားကျန်ရစ်လျက်ပင်။
အတော်ကြာမှကျန်းယန်ရှန့်၏ကျောပြင်ကိုကြည့်လျက်ကျိန်ဆဲလိုက်တော့သည်။
"သေစမ်း"
ကျန်းယန်ရှန့်အတန်း၈မှတစ်စုံတယောက်ကို ရိုက်နှက်သည့်သတင်းကနောက်ဆုံးတွင် အတန်း၂ဆီရောက်လာခဲ့သည်။ တတန်းလုံးကတော့'၀ိုး'ခနဲပင်။
အတန်း၈မှကောင်မလေးများမှာ စရိုက်မကောင်းလှပဲ တခြားအတန်းမကောင်းကြောင်းကိုလည်းလျှောက်ပြောကြသေးသည်။ ၄င်းကိုအတန်း၂ကကျောင်းသားတို့ကလက်မခံချင်ကြချေ။ ထို့ကြောင်းအတန်း၂ကလူမှန်သမျှကျန်းယန်ရှန့်ကိုထောက်ခံကြလေသည်။
သူတို့ကကျန်းယန်ရှန့်ကိုအထင်ပင်ကြီးနေကြသေး၏။
"ကျန်းယန်ရှန့်လို့ကိုမပြောရဘူး"သူတို့ကဆိုသည်။
၀မ့်ချမ်၏အပေါင်းအပါများထံမှအတင်းပြောခံလိုက်ရသောအုပ်စုကလည်း ကျန်းယန်ရှန့်အား
"စိတ်မပူပါနဲ့ ငါတို့ဆရာကြီးဆီသွားပြီး နင့်အတွက်သက်သေခံပေးလို့ရတယ်၊ သူတို့ကအရင်စလွန်တာ"
ကျန်းယန်ရှန့်ကနှုတ်ခမ်းထောင့်စွန်းတို့ကိုကွေးညွတ်လျက်
"သာမာန်အပြစ်ဒဏ်လေးသာသာပါ၊ ငါ့အတွက်အေးဆေး"
'ဟေးကျန်းယန်ရှန့်၊ နင်အဲသလိုပဲ စိတ်ရှိတိုင်း နတ်ဆိုးဆန်ဆန်မပြုံးလို့မရဘူးလား၊ ငါတို့အနာဂါတ်မှာ ကောင်လေးရှာဖို့ စံချီစံညွှန်းတွေသေအောင်မြင့်သွားတော့မှာပဲ"
ရလဒ်အရ အတန်း၈မှသူများမှာ အတန်း၂မှကျန်းယန်ရှန့်တစ်ယောက် တစ်စုံတစ်ယောက်ကိုရိုက်နှက်ပြီးကျောင်းစည်းကမ်းကိုချိုးဖောက်ခဲ့သည့်အတွက် အပြစ်ပေးခံရမည်လောစောင့်နေကြစဥ် သူတို့၏မျက်နှာများခပ်ပြင်းပြင်းအရိုက်ခံလိုက်ရပြန်သည်။
အပြစ်ဒဏ်ကကျိန်းသေပေါက်ရှိခဲ့သည်။ သို့သော်ကျန်းယန်ရှန့်အတွက်မဟုတ်ခဲ့ချေ။
၀မ့်ချမ်မှာကိုယ်ရေးအချက်အလက်တွင် မှင်နီတားခံရပြီး ကျန်ငါးဦးမှာတော့ ပြင်းထန်သော သတိပေးချက်ကိုလက်ခံခဲ့ရသည်။
ရှုလီချန်၏ယခင်ကအပြစ်ဒဏ်မှာသာမန်သတိပေးချက်သာဖြစ်ပြီး ၀မ့်ချမ်၏အပြစ်ဒဏ်မှာသူ့ထက်ပိုဆိုးရွားလှသည်။
၄င်းကိုကြေညာလိုက်ချိန်တွင် အတန်း၈တစ်ခုလုံးဆူညံသွားတော့သည်။
ကျောင်းအုပ်ကြီးမှာ အတန်းချိန်ကြား၌ဆယ်မိနစ်ခန့်ယူကာ စင်မြင့်ပေါ်မှ စည်းမျဥ်းစည်းကမ်းများ၊ လူ့အခွင့်အရေး၊ နှင့် ကျောင်းတွင်းအနိုင်ကျင့်မှုများကို ပြင်းထန်စွာရှုံ့ချကြောင်း ခိုင်မာစွာဆိုခဲ့သည်၊
"ငါတို့ရီကျောင်းတော်ကြီးက သမိုင်းကောင်းနဲ့ တည်ရှိလာတာ၊ ဆန်ထဲရောနေတဲ့ ကြွက်ချေးလေးတစ်တုံးကြောင့်တော့အပျက်ဆီးမခံနိုင်ဘူး"
တခြားအတန်းများမှကျောင်းသားများမှာဘာဖြစ်နေမှန်းမသိကြသည်မို့အတန်း၈ကတစ်ယောက်ကိုမေးလိုက်သည်။သို့သော် မိမိတို့မှာကျန်းယန်ရှန့်၏လက်ဖ၀ါးအောက်မှာပြားပြား၀ပ်ခဲ့ရသည်ကို အဘယ်သို့ပြောနိုင်မည်နည်း။ ကျန်းယန်ရှန့်က သူတို့၏ခေါင်းတွေကိုဖိထားပြီး အမျိုးသမီးအိမ်သာထဲက ဘေစင်မှရေတွေကိုသောက်စေခဲ့သည်။ ထိုသည်မှာ ရွံစရာကောင်းပြီးရှက်ဖွယ်လည်းကောင်းလှ၏။ သူတို့ဘာဆိုဘာမှမပြောလိုပေ။
သို့သော်ရှုလီချန်ကတော့မနေနိုင်ချေ၊
"သူတို့ကကျန်းယန်ရှန့်ကိုပညာပေးချင်တာလေ၊ ပြီးတော့ဟိုကသူတို့ကိုပညာပေးတာသာခံလိုက်ရတယ်"
မနေ့ကကျန်းယန်ရှန့်၏တိုက်ကွက်များကိုပြန်မြင်ယောင်လျက် လူတိုင်းက'ကျွတ်ကျွတ်'ဟုစုတ်သတ်လိုက်ကြသည်။
တစ်စုံတစ်ယောက်က ရှုလီချန်၏လည်ပင်းကိုဖက်လျက် စနောက်လိုက်သည်။
"မိုက်သားပဲ ဒါဆိုဒီတစ်ခါမင်းနဲ့ ၀မ့်ချမ်နဲ့ စုံတွဲလိုက်အပြစ်ဒဏ်ဖြစ်သွားတာပေါ့"
ရှုလီချန်သူ့အားတွန်းထုတ်လိုက်သည်။
"ထွက်သွား"
ထိုတစ်ယောက်ကမကျေမနပ်ဆက်ပြောလာသည်။
"ကျန်းယန်ရှန့်ကဖြင့် မာရေကျောရေနဲ့ ၊ဘ၀င်ကမြင့်သေးတယ်၊ မင်းက၀မ့်ချမ်ကိုပဲလိုက်သင့်တာ"
ရှုလီချန်ခြေထောက်ကိုမြှောက်လျက်သူ့အားကန်ထည့်လိုက်တော့သည်။
ခေါင်းလောင်းထိုးပြီးနောက်တွင်ရှုလီချန်အတန်းသို့ပြန်လျက် နေရာတွင်ထိုင်လိုက်သည်။ သို့သော်ကျန်းယန်ရှန့်မနက်ကပြောခဲ့သည်ကသူ၏ခေါင်းထဲရောက်လာခဲ့သည်။
'အဆင့်၁၀၀ထဲတောင်မ၀င်တဲ့သူတွေနဲ့စကားပြောမနေဘူး'
ဘယ်လို သောက်ကျိုးနည်း ဟာသလဲ
ရှုလီချန်ဘ၀တွင်ယခုအသက်အရွယ်ထိထိုကဲ့သို့စကားမျိုးအပြောမခံရဖူးချေ။ ကျောင်းစာမေးပွဲရလဒ်တွေကဘာအရေးပါလို့လဲ၊ ကျောင်းမှာကောင်းကောင်းလုပ်ပြီး ဆရာ၀န်ကြီးတွေဖြစ်သွားတော့ရော၊
အလွန်ဆုံးတစ်လကို ၁သန်းထက်ပိုရှာနိုင်လို့လား၊
ပြီးတော့သူ့မှပိုက်ဆံရှိနေသ၍အဲဒီလူတွေကိုခေါ်ခိုင်းလို့မရဘူးလား၊
သို့သော်ကျန်းယန်ရှန့်၏လေသံတွင် မိမိတို့နှစ်ဦးမှာ မျိုးတူလူသားပင်မဟုတ်ကြသလို ငြင်းပယ်ခြင်းအပြည့်အ၀ပါရှိလေသည်။
ပြီးတော့သူမကစနောက်နေခြင်းမဟုတ်ချေ။ သူမကအမှန်တကယ်ကြီးကိုသူ့ကိုအထင်သေးနေပုံပင်။
ရှုလီချန်မှာ ရှင်းထုတ်မရသော အစိုင်အခဲကြီးတစ်ခုသူ၏ရင်ထဲတွင်လာဆို့နေသလိုခံစားလိုက်ရသည်။
သူကစာမေးပွဲရလဒ်ကြေညာချက်ကိုသွားကြည့်ကာ သူ၏အဆင့်ပေါ်မှလူများကိုရေတွက်လိုက်သည်။
၄င်းတို့မှာ အယောက်၉၀ကျော်ပင်။
ရှုလီချန်းထိုင်ခုံနောက်မှီတွင်လက်တင်လိုက်ကာ နှုတ်ခမ်းကိုဖိလျက် နှဖူးပေါ်မှဆံပင်များလွင့်သွားအောင်မှုတ်ထုတ်လိုက်သည်။
လူအများစုတွင် မိမိကိုယ်ကိုယ်တန်ဖိုးထားလေးစားမှူရှိသည်။ ရှုလီချန်အား'အဆင့်၁၀၀ထဲတောင််မ၀င်တဲ့သူတွေနဲ့စကားပြောမနေဘူး'ဟုဆွပေးခဲ့ပြီးနောက်တွင် သူကအမှန်တကယ်ကို သူမကိုဆက်မလိုက်တော့ချေ။
ကျန်းယန်ရှန့်သည် ငြိမ်းချမ်းစွာစာလေ့လာရန်ပြင်ဆင်လိုက်တော့သည်၊
မကြာခင်မှာပဲ ဒုတိယအကြိမ်လပါတ်စာမေးပွဲပြီးသွားပြီးနောက် ရလဒ်ထွက်လာသည့်အခါ ကျန်းယန်ရှန့်သွားကြည့်လေသည်။ သူမသည်ယခင်ကထက်၂ဆင့်ခန့်ပိုတက်လာသော်ငြား သိပ်ထူးထူးခြားခြားပြောင်းလဲမှုတော့မရှိချေ။
ကျန်းဇီယွမ်ကိုကြည့်လိုက်လျှင် အတန်းထဲတွင်အရှည်ဆုံးဖြစ်နေသည်မှအပအလွန် တိတ်ဆိတ်ကာ သတိထားမိရန်ခက်လှသည်။ သူ၏အဆင့်သည်လည်းထိုနည်းတူပင်၊ တိတ်တဆိတ်နှင့်တရွေ့ရွေ့တက်လျက်သာ။
နောက်ဆုံးသူမမနေနိုင်ပဲ အဆင့်သတ်မှတ်ချက်တို့ကိုနောက်တစ်ကြိမ်ကြည့်လိုက်မိပြန်သည်။ နောက်ဆုံးတစ်ကြိမ်ကရှုလီချန်၏အဆင့်မှာနောက်ဆုံး၁၀ယောက်ထဲအပါအ၀င်ဖြစ်ကြောင်းသူမမှတ်မိသည်။
ကျန်းယန်ရှန့်လည်းအလျင်အမြန်ရှာကြည့်လျှင် လွယ်ကူစွာပဲရှာတွေ့သွားခဲ့သည်။
ရှုလီချန်မှာဤတစ်ကြိမ်တွင် အဆင့်ဒါဇင်ကျော်ခန့်အထိတောင်ကျော်တက်လာခဲ့လေသည်။ ထိုဘိတ်ချေးအတန်းမှအဆင့်များမှာ ၁မှတ်၂မှတ်လောက်နှင့်ပင် အဆင့်တစ်ခုနှစ်ခုလောက်ကျော်တက်နိုင်လောက်မှန်းသူမသိသည်။ သို့သော်လည်း....
ကျန်းယန်ရှန့် သူမ၏နှုတ်ခမ်းထောင့်လေးကော့အောင် မပြုံးမိပဲမနေနိိုင်ခဲ့ချေ။
Xxxxxx