Part 79
ကျန်းယန်ရှန့် က ကျန်းဟယ်လင်း ကို
ပြောလိုက်သည်။
"ရေသွားကူးတော့..."
"ဟုတ်ကဲ့..."
ထို့နောက် သူမ လျန့်ကျန်း ကို တစ်ချက် ကြည့်လိုက်ပြီးအပေါ်ထပ်သို့ တက်သွားလေသည်။
လျန့်ကျန်း ဒေါသကြောင့် တုန်ယင်နေပြီး တတိယထပ်ရှိ လျန့်ယင်းယင်း ၏ အခန်းသို့ ပြေးတက်သွားလိုက်သည်။
လျန့်ယင်းယင်းတစ်ယောက် အိပ်ပျော်နေတုန်း တံခါးကို အတင်းထုရိုက်သံကြောင့် လန့်နိုးလာ၏။
"ဘယ်အချိန်ရှိပြီလဲ...နင် ဘာတွေ ရူးနေတာလဲ...အိမ်သွားကြည့်ဖို့ အချိန်မတန်သေးဘူးနော်..."
"အန်တီ...ကျန်းယန်ရှန့် အရမ်းလွန်လွန်းတယ်...”
လျန့်ကျန်း က ဒေါသတကြီး တိုင်တန်းလေတော့သည်။
"သူမ ကျွန်တော့် ဖုန်းကို ရိုက်ခွဲပစ်လိုက်တယ်...အခု ကျွန်တော့်မှာ ဖုန်း မရှိတော့ဘူး..."
လျန့်ယင်းယင်း မူလက အိပ်ချင်မူးတူး ဖြစ်နေသော်လည်း ကျန်းယန်ရှန့် ၏ နာမည်ကို ကြားလိုက်သည်နှင့် ဆတ်ကနဲ ခေါင်းထောင်သွားသည်။
"ကျန်းယန်ရှန့်က ဘာဖြစ်လို့လဲ..."
“အဲ့ဒီကလေးမက စည်းမရှိ၊ကမ်းမရှိ ထိန်းမနိုင် သိမ်းမရ ဖြစ်နေတယ်... သူမက ကျွန်တော့်ဖုန်းကို ရေကူးကန်ထဲ ပစ်ချလိုက်တယ်...ဒါပေမဲ့ ကျွန်တော် ပြန်ဆယ်လိုက်ပါတယ်....အဲဒါကို ကျွန်တော့်လက်ထဲ လုပြီး ကြမ်းပြင်ပေါ်ကို ပစ်ပေါက်လိုက်ပြန်ရော... ကျွန်တော်က ပြန်လျော်ခိုင်းတော့ သူမက ဖုန်းအသစ် တစ်လုံး ပြန်ပေးမယ် တဲ့...အဲ့တော့ကျွန်တော်က ကြေအေးပေးလိုက်ပါတယ်... ဒါပေမဲ့ သူမ...သူမက ဖုန်းအသစ်ကိုလည်း ရိုက်ခွဲပစ်လိုက်ပြန်ရော...အခု နှစ်ယောက်လုံး ဖုန်းပျက်သွားတဲ့ အတွက် ကျေပြီလို့ပြောတယ်...ဟင်း... ပိုက်ဆံရှိတာနဲ့ လူကို စော်ကားလို့ ရမလား...”
“သူမက နင့်ဖုန်းကို ဘာလို့ ရိုက်ခွဲတာလဲ....နင် ဘာလုပ်ခဲ့လို့လဲ..."
လျန့်ယင်းယင်းသည် တူဖြစ်သူ အကြောင်းကို ကောင်းကောင်း သိပြီး ကျန်းယန်ရှန့် အကြောင်းကိုလည်း နောကျေနေသူ ဖြစ်သည်။ ကျန်းယန်ရှန့် သည် စိတ်အနှောက်အယှက် ပေးတတ်သော်လည်း လူတစ်ယောက်ကို ဒုက္ခ ပေးမည့်သူမဟုတ်ပေ။
"ဘာအကြောင်း ကြောင့်ပဲဖြစ်ဖြစ် သူများရဲ့ ဥစ္စာကို ဖျက်ဆီးတာ မှားတယ်...."
လျန့်ယင်းယင်းက လျန့်ကျန်း ၏ ခေါင်းရှောင်လိုက်သည့် စကားကို ကြားလိုက်သည်နှင့် ကျန်းယန်ရှန့် ကို တစ်ခုခုလုပ်ခဲ့မှန်း သူမ သိလိုက်သည်။ လျန့်ယင်းယင်း က မေးခွန်းအနည်းငယ် ထပ်မေးသော်လည်း လျန့်ကျန်း က ရှင်းရှင်း လင်းလင်းမပြောဘဲ တုံ့ဆိုင်းနေပြန်သည်။ကျန်းယန်ရှန့် သည် သူမ၏ ရန်သူ ဖြစ်သည်။ယခုမူ လျန့်ကျန်း ၏ စကားကို နားထောင်ရင်း မည်သူက နစ်နာခဲ့သည်ကို မဝေခွဲတတ်တော့ပေ။
"နင် သူ့ (မ)ကို ကောင်းကောင်း ဆက်ဆံ...သူ့ ကို မနှောင့်ယှက်နဲ့...ဘာပဲဖြစ်ဖြစ် သူမဟာ နင့်ဦးလေး ရဲ့ သမီးပဲ.... တစ်ကယ်လို့ ပြဿနာဖြစ်ခဲ့ရင် နင့်ဦးလေးက နင့်ဘက်က ပါမယ်ထင်နေလား...."
သူမ ဆူပူလိုက်သော်လည်း စိတ်ထဲတွင် တူဖြစ်သူအတွက် စိတ်မကောင်း ဖြစ်သွားမိသည်။
"ကောင်းပြီ...ငါ နင့်ကို ဖုန်းတစ်လုံး ပေးမယ်...ငါ့မှာ အပို ရှိတယ်..."
လျန့်ကျန်း ဝမ်းသာသွားရသည်။ထို့နောက် အိမ်ကိစ္စအတွက် အဒေါ်ဖြစ်သူကို ပြောကြည့်လိုက်သည်။
"အိမ်ကို မြန်မြန် သွားကြည့်ရအောင်လေ...ဒီနေ့ လက်မှတ်ထိုးရမယ်...ဒါဆို မနက်ဖြန် တနင်္ဂနွေနေ့ကျရင် ရွှေ့လို့ရတယ်...."
လျန့်ယင်းယင်း ဖရာရီကားကို သူမကိုယ်တိုင် မောင်းပြီး လျန့်ကျန်းနှင့်အတူ အေးဂျင့်ပြမည့် အိမ်သို့ သွားကြလေသည်။
အိမ်ခြံမြေအေးဂျင့်သည် လျန့်ယင်းယင်း ၏ အဝတ်အစားများ၊ အိတ်များနှင့် လက်ဝတ်ရတနာများကို ကြည့်လိုက်ရာ သူဌေးမ ဖြစ်ကြောင်း သိလိုက်၍ သူမကို မြှောက်ပင့် ပြောဆိုတော့သည်။
ထို့နောက် သူဌေးမနောက်မှ လိုက်လာသော လူငယ်ကို ကြည့်လိုက်ရုံဖြင့် ပိုင်းလုံးကောင်ဟု တွက်ဆမိသည်။
လျန့်ကျန်းတစ်ယောက် အေးဂျင့်၏ အကြည့်ကို အစပိုင်းတွင် နားမလည်ခဲ့သော်လည်း နောက်ပိုင်းတွင် လျန့်ယင်းယင်း “အန်တီ” ဟု ခေါ်လိုက်ရာ အေးဂျင့်၏ အကြည့်များ ရုတ်တရက် ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။
ဘာကြီးလဲ...
ငါ့ကို ဒီအေးဂျင့်က သူဌေးမတွေနား ချူစားတတ်တဲ့ သိုက်တူးတဲ့လူလို့ ထင်နေတာလား....သေစမ်း
လျန်းကျန်းသည် ကျန်းအိမ်ကြီးမှ ထွက်လာပြီးနောက် အိပ်ခန်းတစ်ခန်းနှင့် ဧည့်ခန်းတစ်ခန်းပါသော ဟောင်းနွမ်း စုတ်ချာလှပြီး ၄၀ စတုရန်းမီတာသာ ကျယ်ဝန်းသည့် တိုက်ခန်းငယ်လေးကို စိတ်ပျက်နေမိသည်။
လျန့်ယင်းယင်း က အေးဂျင့်ကို ပြောလိုက်သည်။
"ကဲ...စာချုပ်ချုပ်ကြတာပေါ့..."
အေးဂျင့်က စိတ်မသက်မသာဟန်ဖြင့် ပြောလေသည်။
“ဒီလိုအခန်းကို အလုပ်လုပ်ဖို့ ကေမြို့ကို ရောက်လာတဲ့ လူငယ်တွေက ငှားကြတာ....”
အေးဂျင့်က ဖရာရီစီးလာသည့် လျန့်ကျန်းသည် ဤအခန်းကို မငှားနိုင်ဟု တွက်ဆထားခြင်း ဖြစ်သည်။
လျန့်ယင်းယင်းက လျန့်ကျန်းကို အေးစက်စွာပြောလိုက်သည်။
“ဒီအခန်းကို မကြိုက်ရင် နင်ကိုယ်တိုင် ရှာ...အိမ်ငှားခကို ငါမပေးဘူး..နင့်ဘာသာနင်ပေး...”
အဆုံးတွင် လျန့်ကျန်းသည် အတွင်းခန်း အလှဆင်ထားသည့် အိမ်ကို ရွေးချယ်ကာ အေးဂျင့်နှင့် စာချုပ်ချုပ်ခဲ့သည်။
အပြန်လမ်းတွင် လျန့်ယင်းယင်းက လျန့်ကျန်း ၏ စူပုပ်နေသော မျက်နှာကို ကြည့်ပြီး စိတ်တိုသွားသည်။
“အဲဒီမျက်နှာက ဘာဖြစ်တာလဲ...နင့်အမေ သေသွားတာကျနေတာပဲ.... အိမ်ငှားခ ပေးပြီးပြီလေ...နင် ဘာလိုချင်သေးလို့လဲ..."
"မိသားစုဆိုတာ အတူနေရမယ်မလား...ဘာလို့ အတူနေလို့ မရတာလဲ...."
“ဘယ်သူ့မိသားစုလဲ...”
"ကျွန်တော်တို့ နှစ်ယောက်လုံးက လျန့် မျိုးရိုးလေ အဲ့တော့ မိသားစုလေ..."
"ငါက အိမ်ထောင် ကျသွားပြီလေ...အခု ကျန်းကတော် ဖြစ်သွားပြီ....နင်နဲ့ မိသားစု မဟုတ်တော့ဘူး..နင့်ပစ္စည်းတွေကိုသာ မနက်ဖြန် ပြောင်းဖို့ အသင့်ပြင်ထားလိုက်..."
လျန့်ကျန်း ကျန်းအိမ်သို့ ပြန်ရောက်သောအခါ ပစ္စည်းများကို မထုပ်ပိုးချင်တော့ဘဲ သေလောက်အောင်ပင် ငြီးငွေ့လာသည်။ ထို့နောက်လျန့်ယင်းယင်း ပေးထားသော ဖုန်းအသစ်ကို ကိုင်လိုက်ပြီး ကုတင်ပေါ် လှဲချလိုက်ပြီး သူငယ်ချင်း တစ်ယောက်ဆီ ဖုန်းဆက်လိုက်သည်။
“အန်တီရဲ့ အိမ်မှာ နေရတာ အဆင်ပြေပါတယ်...ဒါပေမယ့် ဦးလေးရဲ့ ပထမဇနီးရဲ့ သမီးက စိတ်ပုပ်လိုက်တာ.....”
သူငယ်ချင်းဖြစ်သူက မေးလိုက်သည်။
"ဘာဖြစ်လို့လဲ...."
လျန့်ကျန်း တုံ့ဆိုင်းသွားသည်တစ်အိမ်လုံးက ကျန်းယန်ရှန့်ကို အလေးပေးကာကွယ်ကြောင်းကို ပြော၍မဖြစ်ပေ။ယနေ့ သူများ သမီးပျိုလေး ရေကူးဝတ်စုံနေပုံအား ဓာတ်ပုံခိုးရိုက်ခဲ့သည် ဟုလည်း ပြော၍မဖြစ်ပြန်ပေ။နောက်ဆုံး သူ့ဖုန်းဖျက်ဆီးခံရသည့် အကြောင်းကိုလည်း ပြောရမှာ လည်းရှက်သည်။
"ဘာပဲဖြစ်ဖြစ် သူမက ဆိုးတယ်...သူမကိုမွေးတာ ငါ့အဒေါ်မှ မဟုတ်တာ... အဲ့တော့ ငါ့ဝမ်းကွဲညီမလည်း မဟုတ်ဘူး...စိတ်ထားပုပ်တဲ့ ကောင်မလေးပဲ....”
Xxxxxxx
Part 80
သူငယ်ချင်း ဆိုသည်မှာ အဖြစ်အပျက်၊အကျင့်စရိုက်များ တူညီနေမှသာ ပေါင်းသင်း၍ ရနိုင်လေသည်။
“ကလေးမလေးကို မင်းက မနိုင်သေးဘူးလား.... သူမရဲ့ စကတ် အောက်ခြေ နားလေးတွေကို ဓာတ်ပုံရိုက်ပြီး အွန်လိုင်းပေါ် တင်လိုက်..အဲ့ဒါဆို ပြီးသွားပြီ...”
“သူမ အဖေက သူဌေးလေ..…ငါ ဂျေးအောင်း နေရမှာပေါ့...”
ကျန်းဟွမ် သည် တစ်မနက်လုံး အပြင်ထွက်နေပြီး နေ့ခင်းဘက် အိမ်ပြန်ရောက်လျှင် ရေကူးကန်ဘေးတွင် အိမ်အကူအဒေါ် များမှာ တပြုံးပြုံးဖြစ်နေသည်ကို တွေ့လိုက်ရသည်။အကြောင်းမှာ ကလေးနှစ်ယောက်သည် ရေကန်ထဲတွင် ရေကူးနေကြခြင်း ဖြစ်လေသည်။
ထို့နောက် ကျန်းဟွမ်က နှစ်ခြိုက်စွာ ပြုံးလိုက်ပြီး အပေါ်ထပ်သို့ တက်သွားလိုက်သည်။
အခန်းထဲတွင် လျန့်ယင်းယင်းကို တွေ့လိုက်ရ၍ ကျန်းဟွမ် အံ့သြသွားသည်။
"မင်း အပြင်မထွက်ဘူးလား..."
"တစ်နေကုန် အပြင်ထွက်ရတာ မကြိုက်ဘူး..."
လျန့်ယင်းယင်း က ချွဲပျစ်သည့် အသံဖြင့် ပြောလိုက်သည်။
"ကျွန်မ ဒီနေ့ လျန့်ကျန်း နဲ့ တိုက်ခန်းကို သွားကြည့်တယ်...အိပ်ခန်းတစ်ခန်းပါတဲ့ တိုက်ခန်းကို ငှားလိုက်ပြီလေ....မနက်ဖြန် သူ ပြောင်းလိမ့်မယ်...ယောက်ျား...ကျွန်မ မတော်ဘူးလား..."
"မဆိုးပါဘူး..."
လျန့်ယင်းယင်း က ကျန်းဟွမ် အဝတ်အစား ချွတ်နေသည်ကို ကြည့်နေရင်း မချိုမချဉ် မျက်နှာထားနှင့် မေးလိုက်သည်။
“ရှင် ဘာလုပ်မလို့လဲ...”
"ကလေးတွေနဲ့ ရေသွားကစားမလို့..."
လျန့်ယင်းယင်းသည် ကလေးနှစ်ယောက် ရေကစားနေကြမှန်း သိသော်လည်း ကျန်းဟွမ် ၏ ခါးကို နောက်မှ သိုင်းဖက်လိုက်သည်။
"တစ်ယောက်ယောက်ကလည်း ကစားချင်လို့ တဲ့..."
ကျန်းဟွမ် ထိုစကား၏ အဓိပ္ပါယ်ကို သဘောပေါက်သွားပြီး လျန့်ယင်းယင်းကို အိပ်ယာပေါ် လှဲချလိုက်သည်။
ထို့နောက် ကျန်းဟွမ် အောက်ထပ်သို့ဆင်းလာသောအခါ ကလေးနှစ်ယောက်သည် ရေကူးကန်ထဲမှ တက်လာပြီ ဖြစ်သည်။
ကျန်းရှို့ချန်က ရေချိုးပြီး ရေခဲမုန့်စားနေလေသည်။ကျန်းဟွမ် က ပြုံးပြီး သူ့သားဖြစ်သူ၏ ခေါင်းကို ပွတ်သပ်လိုက်သည်။
"သားရဲ့မမ ဘယ်မှာလဲ..."
"အပေါ်ထပ်မှာ..."
သားအဖနှစ်ယောက် စကားပြောနေစဉ် ကျန်းဟယ်လင်း သည်လည်း ရေချိုးပြီး၍ အပေါ်ထပ်မှ ဆင်းလာနေသည်။ ကျန်းဟယ်လင်းသည် ဆံပင်ကို ခြောက်အောင် ဒရိုင်ယာ မှုတ်ထား၍ သူမ၏ ဆံပင်ရှည်များသည် နက်မှောင်ပြီး ပျော့ပျောင်းနေကာ မျက်နှာလေးမှာလည်း ပန်းနုရောင် သန်းနေလေသည်။
ကျန်းဟွမ် သည် သမီးဖြစ်သူကို ကြည့်လိုက်ပြီး လက်ယပ်ခေါ်လိုက်သည်။
"ဒီကိုလာပါဦး သမီး..."
ကျန်းဟယ်လင်း က ကျန်းဟွမ် ကိုမြင်လျှင် ပြေးလာ၏။
"အဖေ ပြန်ရောက်ပြီလား..."
ကျန်းဟွမ် က ပြုံးပြီး မေးလိုက်သည်။
"ဒီနေ့ ဘာတွေလုပ်ခဲ့လဲ..အဖေ့ကို ပြောပါဦး..."
ကျန်းဟယ်လင်း က ပြန်မဖြေဘဲ ကျန်းဟွမ် ၏ လက်မောင်းကို ဖက်လိုက်ပြီး ထမင်းစားခန်းမှ ဆွဲခေါ်သွားသည်။
"အဖေ သမီးမှာ ပြောစရာရှိတယ်..."
ချစ်ရာသမီးလေး က ဖခင်ဖြစ်သူကို တိုးတိုးလေး ပြောချင်နေပုံရသည်။
"ဘာကိစ္စရှိလို့ ဒီလောက်တောင် လျှို့ဝှက်နေရတာလဲ....ပြောပါဦး..."
"ဒီမနက် အစ်မက ဝမ်းကွဲအစ်ကိုကြီးရဲ့ ဖုန်းကို ရေကူးကန်ထဲကို ပစ်ချလိုက်တယ်...."
ကျန်းဟွမ် : “…”
ကျန်းဟယ်လင်း က ဆက်ပြောပြန်သည်။
“နောက်တော့ ဝမ်းကွဲ အစ်ကိုကြီးက ရေကန်ထဲ ခုန်ဆင်းပြီး ကောက်လိုက်ပေမယ့် အစ်မက ရေကူးကန်ဘေးကို လွှင့်ပစ်လိုက်ပြန်ရော...ဖုန်းက ကွဲသွားတာပေါ့...အစ်ကိုကြီးက ဒေါသအရမ်းထွက်ပြီး အစ်မကို ချက်ချင်းပြန်လျှော်ခိုင်းတယ်.... အစ်မကလည်း ဖုန်းအသစ်ကို ပေးမယ်ဆိုပြီး ပြလိုက်တယ်...နောက်တော့ အစ်မက အ့ဒီဖုန်းအသစ်ကို 'ကျေပြီ' လို့ ပြောပြီး ရိုက်ခွဲလိုက်တယ်....”
“…”
“သမီးအစ်မက ဘာလို့ ဒီလိုလုပ်တာလဲ....”
"သမီးလည်း မသိဘူး...."
“ အစ်မရေကူးနေတုန်း အစ်ကိုကြီးက အိမ်ပတ်ပတ်လည်ကို ဓာတ်ပုံလျှောက်ရိုက်နေတယ်လေ...အစ်မ ရေကန်ထဲက တက်လာတော့ အစ်ကိုကြီးရဲ့ ဖုန်းကို တောင်းတယ်....အစ်ကိုကြီးက မပေးတော့ အစ်မက ဖုန်းကို ရေကန်ထဲကို ပစ်ချလိုက်တာ...."
လျန့်ကျန်း သည် ကျန်းယန်ရှန့် ရေကူးနေသော ပုံကို တမင်တကာ ဓာတ်ပုံရိုက်ခဲ့မှန်း ကျန်းဟွမ် သဘောမပေါက်ပေ။
လျန့်ကျန်း သည် အိမ်ပတ်ပတ်လည်ကို ဓာတ်ပုံရိုက်နေ၍ ကျန်းယန်ရှန့် စိတ်အနှောက်အယှက် ဖြစ်သွားသည်ဟု ရိုးရိုးသာ ထင်ခဲ့သည်။ သူ အကြိုက်ဆုံးအချက်မှာ သမီးဖြစ်သူက လျန့်ကျန်းကို သင်ခန်းစာသင်ပေးလိုက်ခြင်းကို ဖြစ်သည်။
"ကိုယ်မကြိုက်တာကို မကြိုက်ကြောင်း ထုတ်ပြောဝံ့တဲ့....သမီးကြီးကို ချီးကျူးရမှာပဲ..."
“သူတို့လည်း ရန်ဖြစ်မလို ဖြစ်သေးတယ်....”
"ဟင်.."
“အစ်ကိုကြီးက နောက်ကနေ အစ်မပခုံးကို ထိမယ်လုပ်တာ အစ်မက ကန်ထည့်လိုက်လို့ အစ်ကိုကြီး ပစ်လဲကျသွားတယ်....သူ မထနိုင်ခင် အစ်မက သူ့လက်ကို လိမ်ချိုးလိုက်ပြီး ကြမ်းပြင်ပေါ် ဖိထားလိုက်တာ...မထနိုင်တော့ဘူးလေ...အဖေ....အစ်မက အရမ်း တော်တာပဲ....”
ကျန်းဟွမ်သည် သမီးအကြီးဆုံးက လျန့်ကျန်းကို သင်ခန်းစာပေးနေသည့် မြင်ကွင်းကို စိတ်ကူးကြည့်မိသည်။
ထို့နောက် ချစ်စရာကောင်းသည့် သမီးငယ်ကို ပြောလိုက်သည်။
"ဟယ်ဟယ်...သမီးအစ်မလို ဖြစ်ချင်လား..."
Xxxxxxx