Part 75
လျန့်ကျန်း ကုမ္ပဏီမှ ပြန်ရောက်သောအခါ လျန့်ယင်းယင်း က ပြောလေသည်။
“အခန်းရှာဖို့ အေဂျင်စီကို ချက်ချင်းဆက်သွယ်လိုက်...ဒီအပတ်ထဲ သွားကြည့်...”
လျန့်ယင်းယင်း က အိမ်ငှားခကို ပေးမယ်ဟု ကတိပေးထားသော်လည်း လျန့်ကျန်းမှာ ဇိမ်ခံအိမ်ကြီးမှ မထွက်ချင်ပေ။
ယခင်က အိမ်ပြောင်းမည်ဟု ကျေကျေနပ်နပ် သဘောတူထားသော်လည်း
အိပ်ခန်း၊ရေချိုးခန်း၊ ခြံဝန်းကျယ်ကျယ်နှင့် ရေကူးကန်ကြီး စသည်တို့ကို လုံးဝမစွန့်ခွာချင်ပေ။
လျန့်ယင်းယင်း က အိမ်ငှားခကို ပေးဆောင်ရန် သဘောတူခဲ့ သော်ငြားလည်း ဗီလာကို ငှားပေးမည် မဟုတ်ပေ။ သူသည် တန်ဖိုးကြီးသော တိုက်ခန်းတစ်ခန်းကို ငှားထားသော်လည်း ဆုံးရှုံးမှုများ ရှိနေဦးမည် ဖြစ်ပြီး BMW ကားအိုလေးကိုပင် စီးနိုင်မည် မဟုတ်တော့ပေ။
မကြာမီ လျန့်ကျန်းသည် မြေအောက်ရထားကို တိုးဝှေ့စီးရသော သာမန်ဝန်ထမ်းတစ်ဦး ဖြစ်ပေတော့မည်။
“ဒီမှာနေဖို့ မစဉ်းစားနဲ့....အခန်းကောင်းကောင်း ရှာမလား...မရှာဘူးလား...နင့်ပစ္စည်းတွေကို ထုပ်ပိုးပြီး နောက်အပတ်ကျ ထွက်သွား.. နင်ကြိုက်တဲ့ နေရာမှာနေ....ငါဂရုမစိုက်ဘူး..."
လျန့်ကျန်း သည် အဒေါ်ဖြစ်သူကို စိတ်ဆိုးသော်လည်း သဘောတူရမည် ဖြစ်သည်။ထို့နောက် လျန့်ကျန်းက အခန်းထဲသို့ ပြန်ရောက်သောအခါ အေးဂျင့်ကို ဖုန်းဆက်လိုက်ပြီး သူလိုချင်သည့် အခန်းပုံစံ အတိအကျကို ပြောပြလိုက်သည်။
သောကြာနေ့တွင် အေဂျင်စီက လျန့်ကျန်းကို ဖုန်းပြန်ခေါ်ပြီး တန်ဖိုးကြီး တိုက်ခန်းများ၏ ဓာတ်ပုံများကို ပို့လိုက်သည်။
“တစ်လကို ငှားခ ဘယ်လောက်ကျလဲ...”
"ပထမ အခန်းက တစ်လ ယွမ် ၃၀၀၀၀ ဒုတိယ အခန်းက က တစ်လ ယွမ် ၂၈၀၀၀ တတိယ အခန်းက သေးတဲ့အတွက် တစ်လကို ယွမ် ၂၀၀၀၀ ပါ...."
လျန့်ကျန်း : “…”
လျန့်ကျန်း ၏ မွေးရပ်မြေတွင် အိပ်ခန်းတစ်ခန်းနှင့် ရေချိုးခန်းပါသည့် အခန်း ကို ငှားရမ်းခမှာ တစ်လလျှင် ယွမ် ၆၀၀ သာရှိပြီး ဈေးဆစ်လိုက်လျှင် ယွမ် ၅၀၀ နှင့် ရနိုင်သည်။
ထိုအေးဂျင့်က လန့်ကျန်းကို သူဌေးဖောက်သည်တစ်ဦးဟု ထင်ကာ တန်ဖိုးကြီး တိုက်ခန်းများကို ရှာဖွေပေးခဲ့သည်။လျန့်ကျန်း သည် အိမ်ငှားခများကို ကြားရသောအခါ လန့်သွားမိသည်။
အေးဂျင့်က အိမ်ကိုလာကြည့်ရန်အတွက် ရက်ချိန်းယူရန် ပြောနေလေသည်။
“ကျွန်တော် အလုပ်များနေလို့ လာဖြစ်မယ်မထင်ဘူး... နောက်မှ ဆက်သွယ်လိုက်မယ်..."
လျန့်ကျန်းသည် အလုပ်ဆင်းပြီးနောက် ကျန်းအိမ်သို့ ပြန်ရောက်သောအခါ၊ လျန့်ယင်းယင်း ကို ထိုအခန်းများကိုပြလိုက်သည်။
လျန့်ယင်းယင်း က ရယ်ချင်စိတ်ကို အတင်း မြိုသိပ်ထားသည်။အိမ်ငှားခကို ပေးမည်ဟု သူမက ပြောခဲ့၍ အဆင့်မြင့်တိုက်ခန်းများ ကိုသာ ရှာလာခဲ့သည်။
"နင့် လစာက ဘယ်လောက်လဲ... ဒီလိုအခန်းမျိုးမှာ နင် ဘယ်လိုလုပ်နေနိုင်မှာလဲ....ကိုယ့်ကိုကိုယ် မှန်ထဲပြန်ကြည့်...နင်နဲ့ တန်ရဲ့လားလို့..."
"အခန်းငှားခ ပေးမယ်လို့ အန်တီပြောထားတယ် မဟုတ်လား...."
“နင် ဒီလောက်ကြီး မျက်နှာပြောင်တိုက်မယ်လို့ ငါမထင်ထားလို့ပေါ့....”
"ဒါဆို ကျွန်တော် ဘာလုပ်ရမလဲ....ကျွန်တော် ရှာတဲ့အခန်းကိုလည်း အန်တီက မကြိုက်ဘူး...ကျွန်တော်် ဘယ်မှာ နေရမှာလဲ..."
"အခန်းတွေကို ပြန်ကြည့်စမ်း...ပြန်ကြည့်လိုက်..."
လျန့်ယင်းယင်း ၏ တိုက်တွန်းမှုအောက်တွင် လျန့်ကျန်း သည် ကွန်ပျူတာကို ဖွင့်ပြီး အိမ်ခြံမြေအေဂျင်စီ၏ ဝဘ်ဆိုဒ်သို့ ဝင်ရောက်လိုက်သည်။
လျန့်ယင်းယင်း သည် ဇိမ်ခံတိုက်ခန်း များကို ရှာနေသော လျန့်ကျန်းကို လှမ်းရိုက်လိုက်သည်။
“နင့် လစာ ဘယ်လောက်လဲ....နင် အဲဒီ တိုက်ခန်းတွေမှာ နေဖို့ တတ်နိုင်လို့လား.... ရုံးမှာရှိတဲ့ နင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ဘယ်လိုအခန်းမျိုးမှာ နေနေလဲဆိုတာ ကြည့်လိုက်..."
အလုပ်လုပ်ရန် ကေမြို့သို့ရောက်လာသော တစ်ကိုယ်ရေ တစ်ကာယ လူငယ်များသည် ဆင်ခြေဖုံးရပ်ကွက် တစ်ခုတွင် အုပ်စုဖွဲ့၍ ငှားရမ်း နေထိုင်လေ့ရှိကြသည်။
"အဲ့ဒီလို အိမ်စုတ်မှာ ဘယ်လိုလုပ်နေနိုင်မှာလဲ..."
“အိမ်စုတ် ဟုတ်လား...အဲ့ဒီ အိမ်စျေးကို ကြည့်လိုက်...အိမ်စုတ်တောင် နင် တစ်သက်လုံး မဝယ်နိုင်ဘူး....နင်က သူဌေးကြီးလား..."
လျန့်ကျန်းက စားပွဲကို ဗြန်းကနဲ ပုတ်လိုက်သည်။
"ကျွန်တော်က သူဌေး မဟုတ်ပေမယ့်...ကျွန်တော့် ဦးလေးက သူဌေးပါ...အန်တီ ကျွန်တော့်ကို ဒီလိုနေရာမျိုးမှာ နေစေချင်လို့လား....ရှက်လိုက်တာ...ရှက်လိုက်တာ...”
"ငါကတော့ မရှက်ဘူး... ငါ ကေမြို့ကိုရောက်လာတုန်းက မြေအောက်ခန်းမှာ နေခဲ့ရတာ...အိမ်သာတောင် မရှိဘူး...ညကျ အပေါ့အပါးသွားချင်ရင် ရပ်ကွက်ထဲက အများသုံးအိမ်သာကို သွားရတယ်...နင့်အဘိုး အဘွားတွေကို ထောက်ပံ့နိုင်ဖို့ ပိုက်ဆံကို ခြွေတာရတာ....နင်သိရဲ့လား...”
လျန့်ယင်းယင်းက အသားကုန် အော်ဟစ်၍ ပေါက်ကွဲနေလေသည်။
"ဒါပေမဲ့ အခု အန်တီ ချမ်းသာနေပြီ မဟုတ်လား..."
"ငါချမ်းသာတာ နင်နဲ့ ဘာဆိုင်လို့လဲ...."
“ဟယ်ဟယ် တောင် တစ်လကို မုန့်ဖိုး ယွမ် ၁၀၀၀၀ ရတယ်…”
“လျန့်ကျန်း ငါ နင့်ကို နားလည်အောင် ပြောမယ်...ဟုတ်တယ်...ငါ့မှာ ပိုက်ဆံရှိတယ်...ဟယ်ဟယ် က တစ်လကို ယွမ် ၁၀,၀၀၀ မုန့်ဖိုးရတယ်....ဒါပေမယ့် ဒါတွေက ကျန်းမိသားစုရဲ့ ငွေတွေ...နင်နဲ့မဆိုင်ဘူး... ကျန်း မိသားစုမှာ သခင် တစ်ယောက်တည်း ရှိတယ်.. သူက ရှို့ရှို့ ပဲ....ကျန်းမိသားစုရဲ့ သခင် လို့ နင့်ကိုယ်နင် မှတ်မနေနဲ့.... နင့်ရဲ့ မျိုးရိုးက လျန့် ပဲ..."
Xxxxxxx
Part 76
လျန့်ကျန်း သူ၏မျိုးရိုးအမည် လျန့် ကို အလွန်မုန်းတီးနေမိသည်။
ငါ့ မျိုးရိုးနာမည်က ကျန်း ဘာလို့မဟုတ်ရတာလဲ...တကယ့်ကို စိတ်ပျက်စရာပဲ...
သူ အဒေါ်ဖြစ်သူ၏ စကားကို နောက်ဆုံးတွင် နားထောင်လိုက်ရပြီး အခန်းတစ်ခန်းကို အွန်လိုင်းတွင် ရွေးလိုက်၍ စနေနေ့တွင် အိမ်ကိုကြည့်ရန် ကိုယ်စားလှယ်နှင့် ချိန်းဆိုလိုက်သည်။
"မနက်ဖြန် လိုက်ပို့ပေးမယ်..နင့်လို ကေမြို့ကို အခုမှ ရောက်တဲ့ သူတွေက မြေအောက်ခန်းမှာ အုပ်စုလိုက် ငှားနေကြတယ်... နင့်လို အိပ်ခန်းတစ်ခန်းနဲ့ ဧည့်ခန်းတစ်ခန်းပါတဲ့ တိုက်ခန်းမျိုးကို ဘယ်သူမှ မငှားနိုင်ကြဘူး...”
လျန့်ကျန်း အိပ်ရာပေါ်တွင် လဲလျောင်းရင်း သက်ပြင်းချလိုက်သည်။
ကြီးမားသော ဇိမ်ခံအိမ်ကြီးမှ ပြိုကျပျက်စီးနေသော အိမ်အိုကြီးတစ်ခုသို့....
သူသာ ကိုယ့်ဒူးကိုယ်ချွန်ပြီး ကေမြို့ကို အလုပ်လုပ်ရန် လာခဲ့ပါက မြေအောက်ခန်းထဲတွင် နေနိုင်ပေလိမ့်မည်။ သို့သော် ယခု လျန့်ကျန်းသည် ကျန်းမိသားစု၏ စည်းစိမ်ကို မြင်ဖူးသွားပြီ ဖြစ်သည်။
ဇိမ်ခံအိမ်ကြီးတွင် နေထိုင်ပြီး BMW စီးနိုင်ခဲ့သော လျန့်ကျန်းက တိုက်ခန်းကျဉ်းလေးထဲတွင် နေထိုင်၍ မြေအောက်ရထားတို့စီးရမည့် ဘဝကို စိတ်အပျက်ကြီး ပျက်နေလေသည်။
လျန့်ယင်းယင်း က တိုက်ခန်းကိုကြည့်ရန် သွားမည်ဟု ပြောထားသဖြင့် လျန့်ကျန်း အိပ်ရာ စောစောထလိုက်သည်။သို့သော် မနက် ၁၀ နာရီခွဲ သည် လျန့်ယင်းယင်း အတွက် စောလွန်းနေသေးသည်။
ထို့ကြောင့် သူ ဆဲလ်ဖုန်းဖြင့် အိမ်အနှံ့ကို ဓာတ်ပုံမျိုးစုံ ရိုက်ပြီး လှည့်ပတ်ကြည့်နေလိုက်သည်။
မနက်အိပ်ရာနိုးသောအခါ ကျန်းယန်ရှန့် အချိန်ကိုကြည့်လိုက်ပြီး ရေကူးရန် ဆုံးဖြတ်လိုက်သည်။ထို့ေနာက် သူမသည် ရေကူးဝတ်စုံကို ၀တ်လိုက်ပြီး အပေါ်ရုံ အင်္ကျီကို ထပ်၀တ်၍ ဘေးအခန်းတံခါးကို ခေါက်လိုက်သည်။
"ကျန်းဟယ်လင်း အိပ်ရာထတော့....ရေသွားကူးကြရအောင်...."
အခန်းထဲက ကလေးမလေး၏ အိပ်ချင်မူးတူး အသံက မပီမသကြားရသည်။
“ အင်း…လာမယ်...”
ကျန်းယန်ရှန့် က သူမကို စောင့်မနေဘဲ အောက်ထပ်သို့ အရင်ဆင်းသွားသည်။
လျန့်ကျန်းတစ်ယောက် ရေကူးကန်ဘေးတွင် ဓါတ်ပုံများရိုက်နေမှန်း မည်သူမှ မသိပေ။
ကျန်းယန်ရှန့် : “…”
မနက်အစောကြီးတွင် သည်းမခံနိုင်စရာ မြင်ကွင်းကို ကျန်းယန်ရှန့် တွေ့လိုက်ရသည်။ သူမသည် မျက်လုံးကို မှိတ်လိုက်ပြီး အပေါ်ရုံအင်္ကျီကို ချွတ်ကာ လက်နှစ်ဖက်ကို ဆန့်တန်း၍ ရေထဲသို့ ခုန်ဆင်းလိုက်သည်။
ထိုအချိန်တွင် ဆယ်လ်ဖီရိုက်နေသည့် လျန့်ကျန်း မှာ ရေထဲသို့ ပြုတ်ကျမတတ် ဖြစ်သွားပြီး ဖုန်းကို ရေစင်သွား၍ အနားရှိ တဘက်နှင့် သုတ်လိုက်သည်။ ထို့နောက် မျက်နှာကို သုတ်ပြီး လှည့်ကြည့်လိုက်လျှင် ရေကူးကန်ထဲတွင် ရေကူးနေသော ကျန်းယန်ရှန့် ကို တွေ့လိုက်ရသည်။
သူမ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာဖြစ်နိုင်တယ်။
လျန့်ကျန်း ဒေါသထွက်သွားသော်လည်း သူ ပေါက်ကွဲလို့ မဖြစ်ပေ။သူမသည် ဤမိသားစုတွင် မည်သူကမှ မနှောင့်ယှက်ဝံ့သည့် မိန်းကလေး ဖြစ်သည်။
သူမ ရေကူးကန်ထဲ ရောက်နေစဉ်တွင် သူက အကြံတစ်ခု ရသွားသည်။
ငယ်ရွယ်သော မိန်းကလေးများ၏ ညစ်ညမ်း ဗီဒီယိုများကို သူ မကြိုက်သော်လည်း အလွန်လှပသောမိန်းကလေးဆိုလျှင် သဘောကျလေသည်။
ကျန်းယန်ရှန့် ၏ ခန္ဓာကိုယ်သည် ကောင်းစွာ မဖွံ့ဖြိုးသေးသော်လည်း သူမ၏ နှင်းကဲ့သို့ ဖြူဖွေးဖွေး အသားအရေသည် ရေထဲတွင် တောက်ပြောင်နေပြီး ဖြောင့်စင်း ရှည်လျားသော ခြေတံနှစ်ချောင်းနှင့် ခါးသေးသေးလေးမှာ အလွန် အသည်းယားစရာ ကောင်းနေတော့သည်။
ရေထဲတွင် သူမသည် ငုံ့ချည်၊ ပေါ်ချည် ရေကူးနေ၍ ရေသူမတစ်ကောင်ကဲ့သို့ ကဗျာဆန်လှသည်။ လျန့်ကျန်း က အနီးနားကို လှည့်ပတ်ကြည့်လိုက်ရာ မည်သူမျှ မရှိသည်ကို တွေ့လိုက်ရပြီး ဖုန်းကို မြှောက်လိုက်သည်။
"အစ်ကိုကြီး....ဘာလုပ်နေတာလဲ..."
ကျန်းဟယ်လင်း ၏ အသံသည် ရုတ်တရက် ထွက်ပေါ်လာပြီး လျန့်ကျန်း ထိတ်လန့်သွားကာ ဖုန်းမှာ ပြုတ်ကျလုနီးပါးဖြစ်သွားသည်။
"လန့်သွားတာပဲ...နင် ဘာလို့တိတ်တိတ်လေး လာရတာလဲ...."
ကျန်းဟယ်လင်း သည် ရေကူးဝတ်စုံလဲခဲ့ပြီး အပေါ်ရုံ အင်္ကျီကို ထပ်ဝတ်ထားသည်။သူမသည် လျန့်ကျန်း ကို သံသယဖြင့် ကြည့်၍ အမူအရာ ပျက်နေမှန်း သတိထားမိသွားသည်။
"အစ်ကိုကြီး ဘာလုပ်နေတာလဲ...."
“ဘာမှမလုပ်ပါဘူး…ဒီကို ဆယ်လ်ဖီ ရိုက်ဖို့ ရောက်လာတာပါ...ဘာဖြစ်လို့လဲ...နင်...ရေကူးမလို့လား..."
လျန့်ကျန်းက စကားလမ်းကြောင်းလွှဲလိုက်သည်။
"ဟုတ်တယ်...အစ်ကိုကြီးလည်း ရေကူးမလို့လား..."
"မဟုတ်ဘူး....မနက်စာသွားစားမလို့ အစ်ကိုလည်း...နေ့တိုင်းရေကူးပြီး ကောင်းကောင်း လေ့ကျင့်ခန်းလုပ်သင့်တယ်နော် ...ဟားဟား..."
လျန့်ကျန်း လှည့်ထွက်မည်ပြုစဉ် အေးစက်သော အသံတစ်သံက ထွက်ပေါ်လာလေသည်။
“ ရပ်လိုက်...”
လျန့်ကျန်း လှည့်ကြည့် လိုက်သောအခါ ရေကန်ထဲမှ တက်လာသည့်ကျန်းယန်ရှန့်ကို တွေ့လိုက်ရသည်။
သူမက ရေကူးမျက်မှန်ကို ကုလားထိုင်ပေါ် ပစ်ချလိုက်ပြီး လျန့်ကျန်းကို စူးရဲစွာ စိုက်ကြည့်ပြီး အေးစက်စွာပြောလိုက်သည်။
"ဖျက်လိုက်..."