အပိုင်း ၇-၈
Viewers 27k

Part 7


ကျန်းဟွမ်၏ ခံစားချက်များကို ကျန်းယန်ရှန့် နားလည်နိုင်သည်။ ထိုမိန်းကလေးသည် ကျန်းအိမ်သို့ ဝင်လာကတည်းက သူမနှင့်တကယ့်ညီအစ်မဖြစ်ချင်ခဲ့သည်။ သူမသည် အမြဲလိုလို ကျန်းယန်ရှန့် အနားသို့ကပ်နိုင်ရန် ကြိုးစားလေ့ရှိသော်လည်း ကျန်းယန်ရှန့်ဘက်မှ သူမကို ဂရုမစိုက်ခဲ့ပေ။


သို့သော်လည်း ကျန်းယန်ရှန့်သည် ကျန်းဟွမ်​၏ ခံစားချက်များကို နားမလည်ခဲ့ပေ။


သို့သော် ဒီနေ့မှာတော့ ကျန်းယန်ရှန့်သည် လျန့်ယင်းယင်းကိုနှိပ်ကွပ်ခဲ့သော်လည်း ကျန်းဟွမ်မှာ အနည်းငယ်ပျော်နေပုံရသည်။


အတိတ်တုန်းကဆိုလျင် သူမ လျန့်ယင်းယင်းနှင့် စကားများလိုက်သည်တပြိုင်နက်  ကျန်းဟွမ်မှ ကူကယ်ရာမဲ့စွာဖြင့် အမြဲတမ်း လျန့်ယင်းယင်းဘက်မှ ရပ်တည်လေ့ရှိသည်။


အန်တီလော ကပင်လျင် ‘’ အဲ့လောက် ဒေါသမထွက်နဲ့လေ… ဒါက ကိစ္စသေးသေးလေးကို… သမီးအဖေက သမီးအတွက်စိတ်မကောင်းဖြစ်နေမှာပေါ့… ဒါပေမယ့် သမီးက သူ့ကိုအခုလိုမျိုး အမြဲတမ်းအော်ဟစ်နေမယ်ဆိုရင် ဘယ်ကောင်းပါ့မလဲ… အခုကြည့်စမ်း… သမီးအဖေက သူ့မိန်းမဘက်ကနေပြောပေးနေပြီမဟုတ်လား…’’


သို့သော် ထိုအချိန်တုန်းက ကျန်းယန်ရှန့်သည် သူမစကားကို နားမထောင်ဘဲ ဒေါသတကြီးဖြင့် ‘’ ဘာလို့ သမီးကစိတ်မဆိုးရမှာလဲ… သူက သမီးအမေအတွက်တောင် ငဲ့ကြည့်ပေးတာမဟုတ်ဘူး…’’


မကောင်းတဲ့ကောင်မက ခွေးနဲ့ပဲထိုက်တန်တယ် မဟုတ်ဘူးလား…


အန်တီလော သက်ပြင်းသာချနိုင်တော့သည်။


ကျန်းဟွမ် ၏ နားမလည်နိုင်သော ခံစားချက်များကို ဘေးဖယ်ထားလိုက်ချိန်တွင် ကျန်းယန်ရှန့်မှာ လျန့်ယင်းယင်းအပေါ်  ပို၍ပင်အာရုံစိုက်နိုင်လာသည်။


ဒီနေ့တွင် မိသားစု ၅ ယောက်လုံး အပြင်ထွက်မည်ဖြစ်သောကြောင့် ကားသမားကိုမောင်းခိုင်းမည့်အစား  ကျန်းဟွမ်ကိုယ်တိုင် ကားမောင်းလိုက်သည်။ လျန့်ယင်းယင်းသည် ကျန်းဟွမ်ဘေးရှိ ထိုင်ခုံတွင်ထိုင်နေပြီး ကျန်းယန်ရှန့်မှာ ကားမောင်းသူထိုင်ခုံ၏နောက်ဘက်တွင် ထိုင်ရသည်။ ကောင်စုတ်လေး ကျန်းရှို့ချန်သည် လျန့်ယင်းယင်းထိုင်ခုံ၏နောက်တွင်ထိုင်နေပြီး ကျန်းဟယ်လင်းသည် အလယ်တွင် ဆန်းဝှစ်ကဲ့သို့ ကြားညှပ်ပါလာသည်။


ထိုကဲ့သို့ ထိုင်ခုံအနေအထားအရ ကျန်းယန်ရှန့်သည် လျန့်ယင်းယင်း၏ ဘေးတိုက်မျက်နှာကို တိုက်ရိုက်မြင်ရသည်။


ကျန်းယန်ရှန့်သည် လျန့်ယင်းယင်းတစ်ယောက် ဤမျှငယ်ရွယ်နေဦးမည်ဟု မထင်ခဲ့မိပေ။


သူမ နားလည်သလောက်ဆိုလျင် လျန့်ယင်းယင်း သူမရှေ့တွင်ပေါ်လာစဉ်က စုန်းမအိုကြီးတစ်ယောက်ကဲ့သို့ပင်။ လျန့်ယင်းယင်းသည် သူမဘဝကိုဖျက်ဆီးရန်ရောက်လာသည့် အကြီးမားဆုံးသော တောင်တစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။


သို့သော် တကယ်တမ်း လျန့်ယင်းယင်းတစ်ယောက် ကျန်းဟယ်လင်းကို မွေးစဉ်အခါက အသက် ၂၀ အရွယ်သာရှိသေးသည်။ ဒီနှစ်တွင် သူမ အသက် ၂၉ နှစ်သာရှိသေးသည့်အတွက် ၃၀ တန်းထဲသို့မဝင်သေးပေ။


ကျန်းယန်ရှန့် သေဆုံးခဲ့ချိန်တွင် အသက် ၂၁ နှစ်သာရှိသေးသည်။ ပြန်လည်မွေးဖွားလာသော ကျန်းယန်ရှန့်၏ အမြင်အရ သူမနှင့် လျန့်ယင်းယင်းသည် အသက်အရွယ် မတိမ်းမယိမ်းဟု ယူဆ၍ရသည်။


ကျန်းယန်ရှန့် သူမကိုကြည့်လိုက်ပြီးနောက် စိတ်ထဲရှိ ကြီးမားသောတောင်(အရိပ်မဲ)မှာ နာကျင်စွာဖြင့် တဖြည်းဖြည်းပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။


တိတ်ဆိတ်နေသော ကားထဲတွင် ကျန်းဟယ်လင်း၏ ရွံရှာနေသောအသံက ပြန့်လွှင့်လာသည် ‘’ ဒီဟာကို ဘာလို့ယူလာသေးတာလဲ…’’


ကျန်းရှို့ချန်က ချက်ခြင်းပင်တုန့်ပြန်လိုက်သည်။ ‘’ ငါယူလာတော့ ဘာဖြစ်လဲ…’’


‘’ ငါက နင့်အစ်မနော်… အဲ့ဒါကြောင့် မေးတာပေါ့…’’


‘’နင်ဘာဖြစ်နေတာလ အစ်မ… သွားစမ်းပါ… ဒါ နင့်ကိစ္စမဟုတ်ဘူး…’’


ကျန်းရှို့ချန်သည် လျန့်ယင်းယင်း၏မျက်လုံးထဲတွင် ပန်းသီးလေးဖြစ်သည့်အတွက် စကားပြောရာမှာအလွန်ရိုင်းစိုင်းသည်။ သူ၏အသံသည် ပြောနေရင်းနှင့်ပင် ကျယ်လောင်လာသည်။ အလုံပိတ်ထားသော ကားထဲတွင် ထိုအသံသည် ထူးခြားစွာကျယ်လောင်နေပြီး ခေါင်းကိုက်လာစေသည်။


ထိုအသံကို ကျန်းဟွမ် လည်း သည်းမခံနိုင်တော့သည့်အတွက် ကျန်းရှို့ချန်ကို ဆူတော့မည့်အချိန်တွင် ကျန်းယန်ရှန့်၏ အေးစက်သောအသံက သူ့အနောက်မှ ထွက်ပေါ်လာသည်။ 


‘’တိတ်စမ်း…’’


ထိုကဲ့သို့အခြေအနေမျိုးတွင် ကျန်းယန်ရှန့်သည် မကြာခဏဆိုသလိုပင် တခြားသူများကိုပါ ထပ်ပေါင်းခေါင်းကိုက်စေသည့်အသံဖြင့် အော်ဟစ်လေ့ရှိသည်။ သို့သော် ဒီနေ့မှာတော့ အကြီးဆုံးသမီးက အတော်လေး မူမမှန်ပေ။


ကျန်းဟွမ်မတတ်သာစွာြဖင့် နောက်ကြည့်မှန်မှတဆင့် လှမ်းကြည့်လိုက်ချိန်တွင် နက်မှောင်နေသော ကျန်းယန်ရှန့်၏ အကြည့်များနှင့် ဆုံလိုက်ရသည်။


ကျန်းဟွမ် နားမလည်နိုင်စွာဖြင့် စိတ်ထဲတုန်လှုပ်သွားပြီး ကားကိုသာအမြန်မောင်းလိုက်တော့သည်။


ကျန်းယန်ရှန့်သည် ကျန်းရှို့ချန်ကို အမြဲလိုလိုအော်ဟစ်ခဲ့သောကြောင့် ကျန်းရှို့ချန်က ကြောက်လန့်ခြင်းမရှိပေ။


လျန့်ယင်းယင်းသည် သူမတို့သုံးယောက်တည်းသည်သာ မိသားစုဟူသောအတွေး ကလေးနှစ်ယောက်အပေါ်ရိုက်သွင်းခဲ့သော်လည်း ကျန်းဟယ်လင်းမှာ လက်မခံခဲ့ပေ။ သို့သော် ကလေးဖြစ်သည့် ကျန်းရှို့ချန်ကတော့ လုံးဝကို နားထောင်ခဲ့လေသည်။ သူ၏ ကလေးဆန်သော နှလုံးသားထဲတွင် ထိုစိတ်ရှုပ်စရာကောင်းသော အစ်မ တည်ရှိနေရသည့်အကြောင်းကို နားမလည်နိုင်ပေ။ သူမသည် သူ၏အမေနှင့် အမြဲလိုလိုစကားများနေသည့်အတွက် သူမသာ အိမ်မှာမရှိလျင် ပိုကောင်းမည်ဟု ခံစားမိသည်။


လျန့်ယင်းယင်း ကလည်း  ကျန်းယန်ရှန့်ကို ကြောက်စရာမလိုကြောင်း အမြဲပြောခဲ့သည်။ ကျန်းယန်ရှန့်မှ သူကို အမြဲတမ်းအော်ဟစ်ခဲ့သော်လည်း ဘယ်တုန်းကမှ ရိုက်နှက်ခြင်းမရှိပေ။ အကောင်စုတ်လေးများသည် အမြဲလိုလို သူတို့ထက် အားနည်းသော သူများကိုအနိုင်ကျင့်တတ်ကာ အားကြီးသူများကို ကြောက်လန့်တတ်သည်မှာ သဘာဝပင်ဖြစ်သည်။


သို့သော် ဒီနေ့မှာတော့ သူ၏အစ်မက ခါတိုင်းကဲသို့ မအော်ဟစ်တော့သည် သူ့အား အေးစက်စွာဖြင့်ကြည့်ပြီး ‘တိတ်စမ်း’ ဆိုသည့် စကားတစ်ခွန်းသာပြောလိုက်သည့်အတွက် ကျန်းရှို့ချန် ရုတ်တရက် အရှက်ရသွားသည်။ သူနှင့် သူ့အစ်မကြားတွင် တစ်ခုခုကွာခြားသည်ဟု အမြဲလိုလိုတွေးခဲ့သည်။


ကလေးများသည် တခြားသူ၏ အန္တရာယ်၊ ရက်စက်တတ်မှု၊ ကြောက်စရာကောင်းမှုများကို အလိုလို အသိလွယ်တတ်ကြသည်။


ထို့ကြောင့် ကျန်းယန်ရှန့် အော်လိုက်ချိန်တွင် သူ့စိတ်ထဲမှ တစ်စုံတစ်ခုသော အန္တရာယ်ကို ခံစားလိုက်မိသည်။


ကျန်းယန်ရှန့်သည် တစ်ကြိမ်သေဆုံးပြီးနောက် ယခုဘဝတွင် ကောင်းမွန်စွာနေထိုင်သွားရန် ဆုံးဖြတ်ထားကြောင်းကို သူ မသိပေ။ ကျန်းယန်ရှန့်၏ နှစ်ဘဝစာ အငြိုးများသည် သူမမျက်လုံးထဲတွင်ရှိနေပြီး ကျန်းရှို့ချန်မှာ ထိုအကြည့်ကြောင့်ပင် ကြောက်လန့်သွားခဲ့သည်။


ကျန်းရှို့ချန်သည် အကူအညီရလိုရငြား ထိုင်ခုံရှေ့မှ သူ့အဖေကိုလှမ်းကြည့်လိုက်သော်လည်း ကျန်းဟွမ်ဆီမှ အကြည့်တစ်ချက်ကလွဲ၍ ဘာမှ ထူးမလာခဲ့ပေ။ ထို့ကြောင့် အမေဖြစ်သူကို လှမ်းကြည့်လိုက်ချိန်တွင် သူမက ခေါင်းကိုလှည့်ကာ ကျန်းဟယ်လင်း အား’’ မောင်လေးနဲ့ စကားမများနဲ့လေ…’’ ထို့နောက် အရှေ့သို့ ပြန်လှည့်သွားလေသည်။ 


လျန့်ယင်းယင်းသည် သူမသားဖြစ်သူကို အလိုလိုက်ထားသော်လည်း အဆုံးမှာတော့ လူသားတစ်ဦးပင်ဖြစ်သည်။ အလုံပိတ်ကားထဲတွင် ထိုကဲ့သို့သော ခေါင်းကိုက်လောက်သည့် ဆူညံသံမျိုးကို မည်သူက သည်းခံနိုင်မည်နည်း…


ကျန်းယန်ရှန့်က သူ့အား မရိုက်နှက်သလို ဆူပူခြင်းလဲမရှိပေ။ ထိုအရာက အကျိုးသက်ရောက်ပုံပေါ်ကာ လျန့်ယင်းယင်းတစ်ယောက် ကျန်းရှို့ချန်ဘက်မှ မရပ်တည်ခဲ့ပေ။


မိဘများ၏ အားပေးမှုကိုမရသောကလေးသည် သဘာဝအတိုင်း အလိုလိုကြောက်လန့်လာသည်။


ထို့ကြောင့်  ကျန်းရှို့ချန်တစ်ယောက် နာခံစွာဖြင့် ပါးစပ်ပိတ်လိုက်တော့သည်။


ကျန်းဟယ်လင်းသည် အမှားတစ်ခုမှမလုပ်ဘဲ အဆူခံလိုက်ရသည့်အတွက် အတော်လေးဝမ်းနည်းနေသည်။ သို့သော်လည်း အရင်ကတည်းကပင် လျန့်ယင်းယင်းဆီမှ အဆူခံရသူသည် သူမ တစ်ယောက်တည်းသာဖြစ်သည်။


ကလေးမလေးသည် ခေါင်းကိုငုံ့ထားက မျက်ရည်များကျလုလုဖြစ်လာသည်။ သူမသည် နှာခေါင်းရှုံ့လိုက်ရင်း ခေါင်းမော့ကာ ကျန်းယန်ရှန့်ကို ကြည့်လိုက်သည်။


‘ သူမက ဘာလိုချင်တာလဲ… သူမဆီက ချော့မော့တာကိုလား ‘ ကျန်းယန်ရှန့် တွေးလိုက်မိသည်။


ကျန်းယန်ရှန့် တစ်ဖက်သို့လှည့်ကာ အပြင်သို့ကြည့်နေဟန်ဆောင်လိုက်သည်။


အနည်းငယ် စိတ်မလုံမခြုံဖြစ်သွားသော ကျန်းဟယ်လင်းသည် ဝမ်းနည်းစွာဖြင့် သူမလက်များကို ခြေထောက်ကြားထဲသို့ထည့်ကာ ဒူးခေါင်းကိုကြောင်စီစီဖြင့် စိုက်ကြည့်နေသည်။


စိတ်ပိုင်းဆိုင်ရာအရပြောရလျင် လက်များကို မကြာခဏဖွက်တတ်သော ကလေးများသည် လုံခြုံမှုမရှိကြပေ။


အရွယ်ရောက်လူကြီးများဖြစ်စေချင်သည့်အတိုင်း ကားထဲတွင် တိတ်ဆိတ်သွားသည်။ ကျန်းဟွမ်သည် ခံစားချက်များကောင်းမွန်လာပြီး လျန့်ယင်းယင်းသည်လည်း စိတ်သက်သာရာရစွာဖြင့် သက်တောင့်သက်သာြဖစ်လာသည်။


အချိန်အတော်ကြာပြီးနောက် ကျန်းယန်ရှန့်သည် ရေသေနတ်လေးကိုင်ထားဆဲဖြစ်သော ကျန်းရှို့ချန်ကို လှမ်းကြည့်လိုက်သည်။


ကောင်းတယ်… အရင်ဘဝတုန်းကလိုမျိုး ထိုသေနတ်လေးကို ကျန်းရှို့ချန် ယူမလာမှာ သူမ စိုးရိမ်ခဲ့မိသည်။ ဒီလောက်ဆို လုံလောက်ပါပြီလေ…


Xxxxxx


Part 8


လမ်းတွင် မီးပွိုင်မမိခဲ့သည့်အတွက် တစ်မိသားစုလုံး အချိန်မီရောက်လာခဲ့သည်။ နောက်မကျသည့်အတွက် ရိုသေမှုမရှိခဲ့သည့် အကြောင်းအရာလည်း မဖြစ်တော့ပေ။


ခန်းမ အဝင်ဝတွင် သူမ၏ အဒေါ်နှင့်ဦးလေးသည် ဧည့်ကြိုအနေဖြင့် မတ်တပ်ရပ်နေကြသည်။ ကျန်းယွမ်နှင့် ကျန်းယန်ရှန့်တို့သည် မိသားစုနှင့်အတူ လမ်းလျောက်ဝင်သွားပြီး ဆွေမျိုးများနှင့် ဝမ်းသာစွာနှုတ်ဆက်နေကြသည်။


အဓိကမယားကြီးနေရာရရန် သားဖြစ်သူကို အားကိုးနေရသော အငယ်အနှောင်းဖြစ်သည့် လျန့်ယင်းယင်းသည် သူမ၏ မစ်ကျန်းဆိုသောနေရာကိုပြသနိုင်ချင်သည့်အတွက် ထိုကဲ့သို့သော လူသိရှင်ကြား အခမ်းအနားပွဲများကို တက်ရောက်ရာတွင် အလွန်နှစ်သက်သည်။


ကျန်းယန်ရှန့်နှင့် ကျန်းဟယ်လင်းကို လူကြီးများက လှပစွာကြီးပြင်းလာသည့်အတွက် ဂုဏ်ယူစွာဖြင့် ချီးကျူးနေကြသည်။


ကျန်းရှို့ချန်တစ်ယောက်တည်းသာလျင် တံခါးဝမှ အထဲသို့ဝင်ရန် စိတ်စောနေခဲ့သည်။ လျန့်ယင်းယင်းက သူအား ခပ်တင်းတင်းဆွဲထားပြီး အထဲသို့ဝင်ခွင့်မပေးပေ။ သူမက သူ့အားတင်းမာသည့်မျက်နှာထားဖြင့် ‘’ ရှို့ရှို့… လူကြီးတွေကိုနှုတ်ဆက်လိုက်လေ…’’


ကျန်းရှို့ချန်က စိတ်မပါစွာဖြင့် တခြားသူများကို နှုတ်ဆက်လိုက်သည်။


သူတို့၏ အဒေါ်နှင့် ဝမ်းကွဲများက အပြုံးလေးဖြင့် ‘’ အရမ်းချစ်ဖို့ကောင်းတာပဲ… ကျားပေါက်လေးနဲ့တောင်ဆင်တယ်..’’


ကျန်းဟွမ် ကရှက်ရွံ့စွာပြုံးလိုက်သည်။


ကလေးများကို ပြုစုစောင့်ရှောက်ခြင်းသည် အတော်လေးခက်ခဲပြီး မိဘများအနေဖြင့် အတော်လေးစိတ်ရှည်ရသည်။ ကျန်းဟွမ်သည် ကျန်းယန်ရှန့်အပေါ် အမြဲစိတ်ရှည်ခဲ့သည်။ တကယ်တမ်း သူမ ငယ်ရွယ်စဉ်အချိန်က သူမ မိခင်ကသာ သူမကိုစောင့်ရှောက်ခဲ့သည်။ နောက်ပိုင်း သူ့ဇနီးဖြစ်သူ နာမကျန်းဖြစ်လာသော်လည်း အကြီးဆုံးသမီးလေးသည် လိမ်မာရေးခြားရှိစွာဖြင် စကားနားထောင်သည့်အတွက် စိတ်မပူခဲ့ရပေ။


သို့သော် ကျန်းရှို့ချန်လေး မွေးလာချိန်တွင် သူ့အသက် ၄၀ နီးပါးရှိပြီဖြစ်သည့်အတွက် ငယ်ရွယ်စဉ်ကအချိန်နှင့် မယှဉ်နိုင်တော့ပေ။ ထို့အပြင့် သူ့တွင် ကလေး ၁ ယောက်တည်းသာမက ၃ ယောက်ရှိလာပြီဖြစ်သည်။


အကြီးဆုံးသမီး ကျန်းယန်ရှန့်သည် သူမ၏ အမေအသစ်နှင့် မောင်ညီမလေးအသစ်များကို ပြင်းထန်စွာ ဆန့်ကျင်ခဲ့သည်။ သက်လတ်ပိုင်းအရွယ်ရောက်လာသည် အမျိုးသားတစ်ယောက်အနေဖြင့် သူ၏သားကို အလိုလိုက်ခဲ့မိသည်။ ထို့ကြောင့် ယခုအချိန်တွင် ကျန်းရှို့ချန်သည် ခပ်ဆိုးဆိုး ကလေးတစ်ဦးအဖြစ်ကြီးပြင်းလာတော့သည်။


‘’ အထဲဝင်တော့လေ… အကြီးဆုံးအဒေါ်ဆို ရောက်ကတည်းက ငါ့အမေနဲ့ စကားပြောနေတာကြာပေါ့…’’ ကျန်းဟွမ်၏ ဝမ်းကွဲကပြောလိုက်သည်။ 


ကျန်းဟွမ် မိန်းမနှင့်ကလေးကိုခေါ်ကာ သူ့အမေကိုရှာဖို့ အထဲဝင်သွားတော့သည်။


လျန့်ယင်းယင်းသည် မိသားစုထဲတွင် မည်သူက ပြောရအခက်ဆုံးဖြစ်သည်ကိုသိသည့်အတွက် ကျန်းရှို့ချန်ကို ဆွဲကာ တိတ်တဆိတ်သတိပေးလိုက်သည်။ 


‘’ အဖွားရှေ့မှာ ကောင်းကောင်းမွန်မွန်နေနော်… ပြဿနာတစ်ခုခုသာဖြစ်ရင် သားရဲ့ဂိမ်းတွေသိမ်းထားပြီး တစ်ပါတ်လောက်ပေးဆော့မှာမဟုတ်ဘူး…’’


ခပ်ဆိုးဆိုးကလေးများသည် ရိုက်နှက်သည်ကိုမကြောက်သော်လည်း သူတို့၏ဂိမ်းစက်များကို အသိမ်းခံရမည်ဆိုလျင် မခံစားနိုင်ကြပေ။ 


တစ်မိသားစုလုံး၏ရှေ့သို့ ရတနာနှင့်တူသော အဖွားအိုနှစ်ယောက်သည် ကျက်သရေရှိစွာရောက်လာတော့သည်။


‘’အန်တီ… တောင်တန်းကဲ့သို့အသက်ရှည်ပြီး ပင်လယ်ကြီးကဲ့သို့ကျန်းမာပါစေ’’ ကျန်းဟွမ်က အပြုံးလေးနှင့် လက်သီးဆုပ်ကာ ပြောလိုက်သည်။


အဒေါ်ဖြစ်သူသည် လျန့်ယင်းယင်းကိုသဘောမကျသော်လည်း တူ ဖြစ်သူကိုသဘောကျသည့်အတွက် ‘’ ကြည့်ဦး ဘယ်လောက်တောင်ချိုသာနေတဲ့ ကျန်းဟွမ်လဲ… ‘’ ထို့နောက် သူမက ‘’ ဘာလို့ ဒီလောက်ကြာနေရတာလဲ…’’


သူတို့ရောက်သွားချိန်သည် နောက်မကျသလို စောလည်းမစောပေ။


သို့သော် သူတို့၏ သွေးသားဆက်သွယ်မှုအရ အချိန်ပိုစောလာသင့်သည်။ တူ တစ်ယောက်အနေဖြင့် ကျန်ဟွမ်သည် ယခုအချိန်မှရောက်လာခဲ့သည်။ ထို့ကြောင့် ပြည့်ဝသည့်လေးစားမှုကို မဖော်ပြနိုင်ပေ။


သူ့အဒေါ်မျက်နှာမှာ အနည်းငယ် ညှိုးသွားသည်။


ကျန်းဟွမ်က အပြုံးလေးဖြင့် ‘’ ကျွန်တော်က ဒီအတိုင်းပုံမှန်လာလို့ရတာမဟုတ်ဘူးလေ… ကျွန်တော့မိသားစုတွေရှိသေးတာကို… ဒီမှာကြည့်ပါဦး… ကဲ… ကျေနပ်ပြီလား….’’


ထို့နောက် သူက ကျန်းယန်ရှန့် နှင့် ကျန်းဟယ်လင်းကို အရှေ့သို့တွန်းလိုက်သည်။ သူ၏ ခပ်ဆိုးဆိုးသားလေးသည် ပြဿနာတက်စေနိုင်သော်လည်း သမီးနှစ်ယောက်မှာ ပွဲရှိသက်ကြီးရွယ်အိုများ စိတ်ကျေနပ်ရန်အတွက် လုံလောက်လေသည်။


နူးညံ့ပြီး ချစ်စဖွယ်ကောင်းကော ကလေးမလေးများကို ဘယ်သူက မနှစ်သက်ပဲ နေမှာလဲ…


သူ့အဒေါ်က ကလေးများ၏လက်ကိုဆွဲကာ ‘’ သမီးက အသက်ကြီးလာပြန်ပြီ… အဖွားတို့ယန်ယန်လေးက အရမ်းကိုလှတာပဲ…ပြီးတော့.. အဖွားတို့ရဲ့ ဟယ်ဟယ်လေးကလဲ အရမ်းလှလာတယ် …’’ သူမ ထိုကလေးများကို အလွန်နှစ်သက်လေသည်။


ကျန်းယန်ရှန့်က ချိုမြိန်စွာပြုံးလိုက်ပြီး ‘’ အဖွားက အလှဆုံးသူပါနော်… ဒီနေ့ ဒီနေရာမှာ အလှဆုံးက အဖွားပဲ…’’


သူမ အဖွားသည် အသက် ၇၀ ဝန်းကျင်ရှိပြီး ဆံပင်များသပ်သပ်ရပ်ရပ်ပြင်ဆင်ထားသည်။ သူမ နားမှ တန်ဖိုးကြီးနားကပ်ကလည်းတောက်ပနေပြီး တခြားရတနာများနှင့်လိုက်ဖက်နေသည်။ သူမ အသားအရေသည် အသက်အရွယ်ကြောင့် အနည်းငယ်ရှုံ့တွနေသော်လည်း လက်သည်းများကိုတိကျစွာညှပ်ထားပြီး နှုတ်ခမ်းနီအရောင်အတိုင်းပင် အနီရောင်ဆိုးထားသည်။


ဒီအဖွားကြီးသည် ချမ်းသာသည့်မိသားစုတွင်မွေးဖွားလာပြီး အမြဲတမ်းချမ်းသာခဲ့ခြင်းဖြစ်သည်။ သူမသည် တသက်လုံးလှပလာခဲ့သလို အသက်ကြီးလာသည့်အချိန်တွင်လည်း အလှအပကိုနှစ်သက်ဆဲဖြစ်သည်။ သူမ မြေးဖြစ်သူဆီမှ ထိုစကားကိုကြားရသောအခါ တုန်တုန်ရီရီဖြင့် ရယ်တော့သည်။


ကျန်းဟယ်လင်းကလည်း ‘’ အဖွား.. ပျော်ရွှင်စရာမွေးနေ့ ဖြစ်ပါစေလို့ ဆုတောင်းပါတယ်နော်..’’


သူမသည် ၄ တန်းတက်ရန်အတွက် စောင့်နေရသူဖြစ်သည်။ မူလတန်းကျောင်းသူဖြစ်သည့် သူမသည် ကျန်းယန်ရှန့်လောက် စကားပြောမကောင်းပေ။ ထို့အပြင့် သူမ အဖွားဖြစ်သူ ဘယ်လိုစကားမျိုးနှစ်သက်သည်ကို မသိသော်လည်း သူမသည်ချစ်စဖွယ်ကောင်းလေသည်။ အဖွားက သူ့မျက်နှာလေးကိုညှစ်လိုက်ပြီး ပျော်ရွှင်စွာဖြင့် ‘’ ဟိုနားမှာ တခြားကလေးတွေလဲရှိတယ်… သွားကစားချေ..’’


လှပသော မြေးမလေးနှစ်ယောက်သည် ကျန်းဟွမ်၏အခက်ခဲကို ကယ်ဆယ်ပြီးနောက် ကျန်းယန်ရှန့်၏ အဖွားဖြစ်သူ မျက်နှာမှာ အနည်းငယ်မဲမှောင်နေသည်။ (အဖွားနှစ်ယောက်နော်.. ပထမ ဆုတောင်းပေးတာက ကျန်းဟွမ်ရဲ့ အဒေါ် အခုက ကျန်းဟွမ်ရဲ့အမေ)


ကျန်းယန်ရှန့်က အရင်စခေါ်လိုက်သည် ‘’ အဖွား ‘’


သူမ အနောက်မှ ကျန်းဟယ်လင်းက လိုက်လာကာ နှုတ်ဆက်လိုက်သည်။


လျန့်ယင်းယင်းက သူမတို့ကြားထဲသို့ဝင်မနှောက်ယှက်ရဲပေ။  နောက်ဆုံးတွင် သူမက ကျန်းရှို့ချန်လက်ကိုဆွဲကာ အဖွားနှစ်ယောက်ကြားသို့ တွန်းလိုက်ရင်း  ‘’ ရှို့ ရှို့…. အဖွားတွေကို နှုတ်ဆက်လိုက်ဦး…’’ ပြောရင်းနှင့် ကျန်းရှို့ချန်လက်ကို မသိမသာဆွဲညှစ်လိုက်သည်။


အနည်းငယ် နာကျင်သွားသည် ကျန်းရှို့ချန်သည် မျက်နှာအမူအရာမကောင်းစွာဖြင့် ‘’ အဖွား… အဘွား..’’ 


ထိုအချင်းအရာကို အတွေ့အကြုံရင့်ကျက်နေပြီဖြစ်သော လူကြီးများက သိသည့်အတွက် ပျင်းရိစွာဖြင့် ‘’ အိုကေ… သား အစ်မတွေနဲ့သွားဆော့လေ…’’


ကျန်းရှို့ချန်သည် ‘သွားကစား’ ဆိုသည့် ခွင့်ပြုချက်ရလိုက်သည်နှင့်တပြိုင်နက် အမေဖြစ်သူ၏ ဆုပ်ကိုင်ထားခြင်းမှ ခန္ဓာကိုယ်ကိုလှုပ်ရမ်းလိုက်ကာ ကလေးများဆော့နေသည့်နေရာသို့ ပြေးသွားတော့သည်။


လျန့်ယင်းယင်းသည် ဒေါသထွက်သွားသော်လည်း အကြီးအကဲများရှေ့တွင် မလုပ်ရဲသည့်အတွက် တောင်းပန်ပြုံးလေးတစ်ခု ပြုံးပြလိုက်သည်။


အဖွားအိုနှစ်ယောက်မှာ အချင်းချင်း စကားပြောနေကြပြီး သူမအား မမြင်ဟန်ဆောင်နေကြသည်။ သူမတို့ကြားသို့ လျန့်ယင်းယင်း ဝင်ပြောချင်သော်လည်း မတတ်နိုင်ခဲ့ပေ။ ထိုအခြေအနေကို ဝင်ထိန်းရန်အတွက် ကျန်းဟွမ်လည်း မတတ်နိုင်ပေ။ ထို့ကြောင့် ပြုံးရုံသာ ပြုံးနေတော့သည်။


ကျန်းဟယ်လင်းသည် နားလည်ပုံရသော်လည်း အတိအကျ မသိသေးပေ။ ထို့ကြောင့် အစ်မ ဖြစ်သူမှ သူမတို့ကို သဘောမကျသောကြောင့်ဟုသာ နားလည်လိုက်တော့သည်။


ထိုအဖြစ်အပျက်များကိုကြည့်ရင်း ကျန်းယန်ရှန့်၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခုဖြစ်သွားသည်။


တကယ်တမ်းတွင် ထိုအဖွားအိုနှစ်ယောက်ကို သူမ မသေဆုံးခင် ၂ နှစ် ၃ နှစ်ခန့် က မတွေ့ခဲ့ရပေ။


အကြောင်းပြချက် မယ်မယ်ရရ မရှိသော်လည်း သူမ၏အပြုအမူဆိုးများကြောင့်ပင်ဖြစ်မည်။ အထူးသဖြင့် အဖွားဖြစ်သူမှ ကျန်းဟွမ်အား အနာဂါတ်တွင် ယခုကဲ့သို့မိသားစုတွေ့ဆုံပွဲသို့ သူမအားခေါ်မလာဖို့ ပြောခဲ့သောကြောင့်ဖြစ်သည်။


ကျန်းယန်ရှန့်သည် ထိုအချိန်တုန်းက အတော်လေး ပေါက်ကွဲနေကာ အမျိုးများကို တစ်ယောက်မှမတွေ့ချင်ခဲ့ပေ။ ထို့ကြောင့် သူမ ပျော်ရွှင်စွာဖြင့် သူတို့အားလုံးကို လျစ်လျူရှုခဲ့လေသည်။


သို့သော် ယနေ့တွင် သူမ၏ အရင်ပုံစံကိုပြောင်းလဲခဲ့ပြီး လူကြီးများနှင့် ပိုမိုနီးကပ်စေရန် စတင်လုပ်ဆောင်တော့သည်။ အကြောင်းအရင်းသည် ရိုးရှင်းပါသည်။ အဖွားနှစ်ယောက်လုံးသည် ချမ်းသာကြွယ်ဝသော ဘဝမှလာခဲ့သူများဖြစ်သည့်အတွက် လျန့်ယင်းယင်းကို မစ်ကျန်းအနေဖြင့် မမြင်တွေ့လိုသောကြောင့်ပင်…


Xxxxxxx