Part 5
ကျန်းယန်ရှန့် သူမရှေ့က ကောင်လေးကိုစိုက်ကြည့်လိုက်ရင်း မျက်နှာမှရေများကိုသုတ်လိုက်သည်။ သူမ အံ့အားသင့်သွားသည်မှာ ထိုကောင်လေးသည် အရမ်းငယ်နေသေးခြင်းပင်…
ကျန်းရှို့ချန်သည် ဒီနှစ်တွင် အသက် ၇ နှစ်ရှိပြီဖြစ်သည်။ ဒီအရွယ်ကလေးများသည် ရုတ်တရက် ပြောစကားနားမထောင်တတ်တော့ပေ။ သူသည် သူမကို အောင်မြင်စွာတိုက်ခိုက်လိုက်နိုင်သည့်အတွက် တကိုယ်လုံးယမ်းခါနေသည်အထိ အားပါးတရ ရယ်မောပြီး တဖက်သူကိုဒေါသထွက်အောင် ချဲ့ကားပြုမူနေတော့သည်။
အတိတ်တုန်းက အသက် ၁၅ နှစ်အရွယ် ကျန်းယန်ရှန့်သည် ဒေါသအလွန်ထွက်ခဲ့ကာ အောက်ထပ်အထိ သူ့နောက်သို့ပြေးလိုက်ခဲ့ပြီး ကျယ်လောင်စွာအော်ဟစ်ခဲ့သောကြောင့် လျန့်ယင်းယင်းက သူမကို တမင်နှောင့်နှေးအောင်လုပ်နေသည်ဟု စွပ်စွဲခြင်းကိုခံခဲ့ရသည်။ သူမတို့မိသားစု ဝင်ပေါက်ကိုရောက်သည့်အချိန်မှာတော့ အဖွား၏မွေးနေ့ပွဲသည် စတင်နေပြီဖြစ်သောကြောင့် အလွန်အရိုအသေမဲ့ခဲ့ရသည်။
အဖွား ၁ သည် သူမ၏အမျိုးများကြားတွင် မျက်နှာပျက်ခဲ့ရပြီး အလွန်စိတ်မကောင်းဖြစ်သွားသည်။ လျန့်ယင်းယင်းက ကျန်းယန်ရှန့်၏အချိန်ဖြုန်းမှုကြောင့် သူမတို့အားလုံး နှောင့်နှေးရသည်ဟု ရှေ့ကပိတ်ပြောခဲ့လေသည်။
ပို၍မုန်းစရာကောင်းသည့်အရာမှာ ကျန်းရှို့ချန်သည် သူ၏ရေပြွတ်သေနတ်လေးဖြင့် သူမနောက်တစ်ကြိမ်ထပ်လဲထားသောစကဒ်လေးကို မွေးနေ့ပွဲအပြီးတွင် ထပ်မံဖျက်စီးခဲ့သောကြောင့်ဖြစ်သည်။
ထိုအချိန်တွင် ကျန်းယန်ရှန့်သည် လျန့်ယင်းယင်းကိုသာ သူမမျက်လုံးထဲတွင် မုန်းတီးခဲ့သည်။ ထို့ကြောင့် မျက်မြင်သက်သေများရှေ့တွင် ကျန်းရှို့ချန်သည် ဆိုးသွမ်းပြီး သူမဘက်မှမမှားကြောင်းကို သက်သေပြချင်ခဲ့သည်။ ထို့ကြောင့် ကျန်းရှို့ချန်ကိုဆွဲထားရင်း ပတ်ဝန်းကျင်ကို ဂရုမစိုက်စွာဖြင့် ဒေါသတကြီး ထိုကိစ္စကိုအငြင်းပွားခဲ့သည်။
ထို့ကြောင့်ပင် ထိုကိစ္စက သူမအဖွားကို ပို၍မျက်နှာပျက်စေခဲ့သည်။
အသက် ၁၅ နှစ်အရွယ်သာရှိသေးသည့် ကျန်းယန်ရှန့်သည် သူမအပြုအမူက ဆွေမျိုးများကြားတွင် မျက်နှာပျက်စရာဖြစ်သွားပြီး သူတို့နှင့်ပိုဝေးကွာသွားသည်ကို မသိခဲ့ပေ။
အထူးသဖြင့် သူမ ဖခင်နှင့် သူမအဖွားတို့ပင်ဖြစ်သည်။
ထိုအချိန်တွက် ကျန်းယန်ရှန့်သည် အသက် ၇ နှစ်သာရှိသေးသော ကျန်းရှို့ချန်ကို စိုက်ကြည့်ရင်းရုတ်တရက်ရယ်လိုက်ကာ ‘’ အေး… ကောင်းပြီလေ… နင်ဒီလိုထပ်လုပ်ဦးမယ်ဆိုရင် အဖေ့ကိုပြောပြီး နင့်ဖင်ကိုရိုက်ခိုင်းဖို့ ငါပြောလိုက်မယ်…’’
ကျန်းမိသားစုအတွင်း ကလေးများကို မရိုက်နှက်သည်မှာ အခြေခံအကျဆုံးအချက်ဖြစ်သည်။ ကျန်းယွမ်သည် ကျန်းရှို့ချန်ကို ရတနာတပါးကဲ့သို့ဆက်ဆံသည်ဟု သတ်မှတ်၍ရသည်။ ထိုအကြောင်းကို ကလေးဖြစ်သည့် ကျန်းရှို့ချန်ပင် နားလည်သည့်အတွက် သူ့အစ်မကို ကြောက်လန့်ခြင်းမရှိစွာဖြင့် လျှာထုတ်ပြောင်ပြရင်း သူမ ဒေါသကိုဆွလိုက်တော့သည်။
‘’..လာ…လာ…လာ… လာလေ…’’ ပြောရင်းနှင့် ထွက်ပြေးသွားလေသည်။
……….
‘’စိတ်မဆိုးနဲ့နော်… စိတ်မဆိုးနဲ့ … သူက ကလေးပဲရှိသေးတာ…’’ အန်တီလောက သူမကို အခန်းထဲပြန်ခေါ်သွားရင်း ‘’ သမီးမောင်လေးဖြစ်ချင်သလို သူနဲ့သွားပြီးရန်မဖြစ်နဲ့နော်.. သူက ငယ်သေးတယ်လေ…’’
ကျန်းယန်ရှန့်သည် အပျိုဖော်ဝင်ပြီးနောက် သူမ၏ဒေါသသည် ပို၍ဆိုးလာသည်။ သူမသည် လျန့်အမျိုးသမီးနှင့် သုံးရက်မှ ငါးရက်အထိကြာအောင် ရန်ဖြစ်နိုင်သည်။ သို့သော် သူမသည် အရွယ်ရောက်နေပြီဖြစ်သည့်အတွက် ထိုမိန်းမနှင့် ရန်ဆက်မဖြစ်နိုင်ပေ။ ပိုဆိုးသည်မှာ လျန့်ယင်းယင်းသည် ကျန်းယွမ်အား အိပ်ယာထဲတွင် စကားသုံးခွန်းလောက်နှင့် နားထောင်အောင်ပြောနိုင်လေသည်။ ထို့ကြောင့် မတည်ငြိမ်သောခံစားချက်များနှင့် ကျန်းယန်ရှန့် သည် ကျန်းယွမ်အား တွေ့သည်နှင့် အမြဲလိုလိုအော်ဟစ်နေတတ်သည်။
အဆုံးတွင် ခံစားရသူမှာ ကျန်းယန်ရှန့်သာဖြစ်သည်။
အန်တီလောက နားလည်စွာဖြင့် သူမလက်မောင်းကို တင်းကြပ်စွာဆုပ်ကိုင်လိုက်သည်။ အန်တီလောသည် သူမကို သူတို့နှင့်ရန်ဖက်မဖြစ်ရန် အကြိမ်ကြိမ်အကြံပေးခဲ့သော်လည်း သူမ နားမထောင်ခဲ့ပေ။
အဆုံးတွင် သူမအနားရှိ အမျိုးများမှာ ထွက်ခွာသွားကြပြီး ဒီမိသားစုတွင် သူမသည် အပြင်လူတစ်ယောက်ကဲ့သို့ဖြစ်လာသည်။ မိသားစုလေးယောက်မှာ ချစ်ချစ်ခင်ခင်ရှိနေကြပြီး သူမတော့ မပါဝင်ခဲ့ပေ။
သူမ ပြန်လည်မွေးဖွားလာချိန်မှာတော့ ကျန်းယန်ရှန့်သည် တူညီသောအမှားကို မလုပ်တော့ဟု သူမကိုယ်သူမ ကတိပေးလိုက်သည်။
သူမ အန်တီလောလက်ကိုပုတ်လိုက်ရင်း ‘’ ရပါတယ်… ဒီကောင်ဆိုးလေးကို သမီးစိတ်မဆိုးတော့ပါဘူး…’’
အန်တီလောက စိတ်သက်သာရာရစွာဖြင့် လက်လွှတ်လိုက်ပြီး အဝတ်လဲခန်းထဲသို့ သူမကို နောက်တစ်ကြိမ်တွန်းလိုက်ကာ ‘’ အဲ့လိုမှပေါ့… သူ့ကိုလစ်လျူရှုထားလိုက်…’’
ကျန်းယန်ရှန် အဝတ်အစားလဲနေချိန်တွင် အန်တီလောက အပြင်မှစောင့်ပေးနေသည်။ ထို့နောက် သူမသည် ကျန်းယန်ရှန့် တစ်ယောက်တည်းတီးတိုးပြောနေသည်ကို ကြားလိုက်ရသည်။ ‘’ ဒါပေမယ့်လဲ… အဲ့ဒီ ကျန်းရှို့ချန်ကို ထိန်းသိမ်းရမယ်လေ… မဟုတ်ရင် ဒီကလေးကြီးလာတဲ့အခါ ဘယ်လိုအမှိုက်မျိုးဖြစ်လာမယ်ဆိုတာ ငါမသိတော့ဘူး…’’
အန်တီလောက နောက်တစ်ကြိမ်စိတ်ပူသွားပြီး… ‘’ သူ့အဖေနဲ့ အမေရှိနေတာပဲကွယ်… သမီးက ဘယ်လိုသွားထိန်းရမှာလဲ… သမီးက ကျောင်းကိုသာသွားပြီး လိမ်လိမ်မာမာနဲ့ စားကြိုးစားရုံပဲလေ’’
အဝတ်လဲခန်းသည် တိတ်ဆိတ်သွားပြီးနောက် အဝတ်အစားလဲနေသံကို အန်တီလော ကြားလိုက်ရသည်။
အဲ့တော့ဘာဖြစ်လဲ… သူက ကျန်းရှို့ချန်ရဲ့ အဖေဖြစ်နေသလို ကျန်းယန်ရှန့်ရဲ့ ဖခင်လည်း ဟုတ်တာပဲလေ…
ကျန်းယန်ရှန့် စကပ်အသစ်လဲပြီးနောက် အောက်ထပ်သို့ဆင်းလာခဲ့သည်။ သူမ ပထမထပ်သို့ရောက်သည်နှင့် အောက်ထပ်ရှိလူများကို လှမ်းကြည့်လိုက်သည်။
ခြေသံကြားလိုက်သည့်အတွက် ကျန်းယွမ်က ခေါင်းကိုမော့ရင်း မျက်မှောင်ကြုတ်လိုက်သည်။ သို့သော် သူက တတ်နိုင်သမျှကြင်နာသည့်လေသံဖြင့် ‘’ ယန်ယန်… မြန်မြန်လေး…’’
ကျန်းယန်ရှန့် အလျင်အမြန်အောက်ထပ်သို့ ဆင်းလာရင်း လျန့်ယင်းယင်းကိုကြည့်လိုက်ကာ ‘’ ဟမ့်..’’
ကျန်းယွန်က မကြားချင်ယောင်ဆောင်လိုက်ရင်း ပေါ့ပေါ့ပါးပါးမေးလိုက်သည်။ ‘’ ဘာလို့ကြာနေတာလဲ…’’
ကျန်းယန်ရှန့်က သူကိုလှမ်းကြည့်လိုက်ရင်း သူ့ နှ လုံးသားထဲမှ နားမလည်နိုင်စွာ ခံစားလိုက်ရသည်။
သူမသည် အလွန်ဆူညံကာ ပြဿနာပတ်ရှာတတ်သူဖြစ်သည်။ ကျန်းဟွမ်သည် သူမနှင့်သူအမေအပေါ် စိတ်မကောင်းဖြစ်နေသည့်အတွက် သူမလုပ်ရပ်များသည် မှန်ကန်သည်ဟု တွေးခဲ့မိသည်။ သို့သော် ယခုအချိန်တွင် သူမ တည်ငြိမ်နေသွားကာ သူ့ကိုကြည့်ရင်း နားလည်လာပြီဖြစ်သည်။ အာရုံစိုက်ခံချင်တဲ့ကလေးတွေကသာ ဆိုးရွားတဲ့ကိစ္စကိုလုပ်ကြတာမဟုတ်လား…
ဟုတ်ပါတယ်.. အရမ်းဝမ်းနည်းဖို့ကောင်းတာပဲ…
အခုတော့ ကျန်းယန်ရှန့် ရှင်းရှင်းလင်းလင်း မြင်ရပြီဖြစ်သည်။ သူမ အတိတ်တုန်းက လုပ်ခဲ့သမျှအရာအားလုံးကို လျစ်လျူရှုလိုက်ပြီဖြစ်သည်။ သူမ လိုချင်သည်မှ ဒီလူဆီမှ သူမကိုပို၍ ဂရုစိုက်ခြင်းပင်ဖြစ်သည်။
နောက်ဆုံးသူမ ရခဲ့သည်မှာ သူ၏စိတ်မရှည်မှုများသာဖြစ်သည်။ သူမ သေဆုံးချိန်တွင် သူသည် မျက်ရည်အနည်းငယ်သာကျခဲ့ပြီး အဆင်ပြေသလိုအသုဘချဖို့ ပြောခဲ့သည်။
ရယ်စရာကောင်းလိုက်တာနော်….
ကလန်ကဆန်လုပ်တတ်ပြီး မိတ်ကပ်တွေထူလဗျစ်နဲ့ မောက်မာတတ်တဲ့ ကျန်းယန်ရှန့်ဆိုတာ တကယ်တော့ အချစ်မရတဲ့ ကလေးတစ်ယောက်သာသာပါပဲလား…
ရယ်စရာကောင်းလိုက်တာ…
သနားစရာကောင်းလိုက်တာ…
ကျန်းယွမ်သည် သူ့သမီး၏ ရှုပ်ထွေးသည့်အကြည့်အောက်တွင် မသက်မသာဖြစ်လာကာ ‘’ ဘာဖြစ်လို့လဲ… ဘာလို့မပြောတာလဲ…’’
သူ့သမီး ဒီနေ့ဘာဖြစ်နေလဲဆိုတာ သူ မသိပေ။ မနေ့က သူမသည် သူ၏ဒုတိယဇနီးနှင့် စကားများပြီး အော်ဟစ်နေခဲ့သည်။ သို့သော် ဒီနေ့မှာတော့ သူမသည် အတော်လေးတိတ်ဆိတ်နေပြန်သည်။ ထို့အပြင် နားလည်ရခက်သော အကြည့်ဖြင့် သူကိုစိုက်ကြည့်နေပြန်သည်။
အဲ့ဒါက အတော်လေးကို စိတ်အနှောက်အယှက်ဖြစ်စေတာပဲ…
ကျန်းယန်ရှန့် သူမ မျက်လုံးကို အောက်သို့လွှဲလိုက်သည်။
အတိတ်ဘဝတုန်းက သူမအတွက် အချစ်နှင့်ဂရုစိုက်မှုများဆိုသည်မှာ ပျောက်ကွယ်ခဲ့ပြီဖြစ်သည်။ ဒီဘဝမှာတော့ ထိုအရာများကို သူမ ထပ်မတောင်းဆိုချင်တော့ပေ။ အပြင်လူမပြောနဲ့ အတွင်းလူတွေဆီကတောင်မှ မလိုချင်တော့ပေ။
သူမ ဘဝကို ကောင်းကောင်းနေဖို့သာ အာရုံစိုက်တော့မည်ဖြစ်သည်။
xxxxxx
Part 6
မိသားစု၏ဒေါသကြီးသော သမီးကြီးသည် အံ့အားသင့်စရာကောင်းလောက်အောင် တည်ငြိမ်နေလေသည်။ ထို့နောက် သူမသည် တည်ငြိမ်အေးဆေးသည့်လေသံဖြင့် ‘’ သမီးအကျီလဲပြီးတာနဲ့ ကျန်းရှို့ချန်က ရေသေနတ်နဲ့ သမီးကိုပက်သွားတဲ့အတွက် သမီးအကျီပြန်လဲခဲ့ရတယ်… အဲ့ဒါကြောင့် အချိန်ကုန်သွားတာပါ…’’
တည်ငြိမ်ပြီး အေးစက်သည့် မိန်းကလေး၏အပြုအမူက ကျန်းယွမ်ကို အံ့အားသင့်စေသည်။
ကျန်းရှို့ချန်သည် အသက် ၇/၈ နှစ်ရှိပြီဖြစ်၍ ဒီအသက်အရွယ်သည် လူတိုင်းကို စိတ်အနှောက်အယှက်ပေးတတ်လေသည်။ ထိုကဲ့သို့သော အရှုပ်များက အိမ်တွင် နေ့တိုင်းလိုလိုဖြစ်နေသည်။ အထူးသဖြင့် ယခုလို နွေရာသီအားလပ်ရက် ကလေးများအိမ်မှာရှိနေချိန်တွင်ဖြစ်သည်။ ထိုအရာများသည် ပုံမှန်လိုဖြစ်နေပြီး ကျန်းယန်ရှန့်သည် အမြဲတမ်းအော်ဟစ်နေတတ်သည်။ သို့သော် ဒီနေ့မှာတော့ သူ၏သမီးသည် အံ့အားသင့်စရာကောင်းလောက်အောင်ပင် တည်ငြိမ်နေလေသည်။
ပုံမှန်အချိန်တွေမှာ သူမသာ ဒီလိုမျိုးပြောနေရင် သိပ်ကောင်းမှာပဲ… နေတိုင်း အိမ်မှာဆူညံသံတွေ ဘယ်သူက စိတ်ရှုပ်ချင်မှာလဲ…
ကျန်းယွမ်က ချက်ချင်းပင် မျက်နှာတည်သွားပြီး ‘’ ရှို့ရှို့… မင်းအစ်မရဲ့ စကတ်ကို စိုအောင်လုပ်လိုက်တာလား…’’
ကျန်းရှို့ချန်က ချက်ချင်းပင် ‘’ သားမလုပ်ဘူး…’’
အိမ်ရှိလူတိုင်းသည် သူလိမ်နေသည်ကို သိပြီးဖြစ်သည်။ ရေသေနတ်လေးသည် သူ့လက်ထဲတွင်ရှိနေပြီး လှေကားပေါ်မှ ပြေးဆင်းလာသည်ကို လူတိုင်းတွေ့လိုက်သည်။
ဒုတိယသမီး ကျန်းဟယ်လင်းက ‘’ သူပဲလေ… အခုပဲ အမေ့ကိုပြောပြနေတာ… သူက အမကြီးကို ရေနဲ့ပက်ခဲ့တယ်ဆိုပြီး…’’
လျန့်ယင်းယင်းသည် သစ္စာဖောက်သွားသော သူမ ၏ မိုက်မဲသည့်သမီးကို စိတ်ဆိုးသွားကာ ချက်ချင်းပင် သူမလက်မောင်းကိုဆွဲလိုက်ရင်း ‘’ တိတ်စမ်း… နင်စကားမပြောရင် ဘယ်သူကမှ နင့်ကိုတုံးတယ်လို့ထင်မှာမဟုတ်ဘူး’’
သားအမိနှစ်ယောက် ငြင်းခုန်နေစဉ် ကျန်းယန်ရှန့်၏မျက်လုံးများသည် ကျန်းဟယ်လင်းဆီသို့ ရောက်သွားသည်။
ကျန်းဟယ်လင်းသည် သူမထက် ၆ နှစ်ငယ်ပြီး ယခုအချိန်တွင် အသက် ၉ နှစ်ရှိပြီဖြစ်သည်။ သူမ၏ နောက်ဆုံးသွားသည် ယခုနှစ်မှ ပေါက်လာခြင်းဖြစ်ပြီး ပို၍ချောမောလာသည်။ သူမသည် မသိနားမလည်တတ်သည့် ဖြူစင်သော ချစ်စရာကလေးမလေးနှင့် တူနေသည်။
လျန့်ယင်းယင်းမှ သူမကိုမွေးဖွားခဲ့ပြီး ဒီကျန်းမိသားစုထဲသို့ ခေါ်သွင်းလာသည်မှာ သူမအတွက် သနားစရာပင်…
လျန့်ယင်းယင်းတွင် ကျန်းရှို့ချန်နှင့် ကျန်းဟယ်လင်းရှိသော်လည်း ကျန်းယန်ရှန့်မိခင်သေဆုံးသည့်အချိန်တွင် သူမ သားလေးရှိခဲ့သောကြောင့် ထိုသားအပေါ်တွင်သာ မျက်နှာသာပေးခဲ့သည်။ ကျန်းဟယ်လင်းအတွက် အိမ်ရှိ အကူများနှင့်သာ အမြဲလိုလို ပစ်ထားလေ့ရှိပြီး သူမကို ဂရုမစိုက်ပေ။
သို့သော် သူမ သေဆုံးချိန်မှာတော့ အမှန်တကယ်ငိုကြွေးခဲ့သူမှာ ကျန်းဟယ်လင်းဖြစ်သည်။
ထိုမိန်းကလေးသည် ဝမ်းနည်းစွာငိုကြွေးနေပုံမှာ သူမ၏အစ်မ ဖြစ်သူကိုဆုံးရှုံးခဲ့ရသည့်၀မ်းနည်းမှုတို့ထင်ဟပ်နေသည်။
လျန့်ယင်းယင်းသည် ထိုအသုံးမကျသည့် သမီးကြောင့် အမြဲလိုလိုစိတ်တိုခဲ့ရသည်။ ထို ငတုံးမလေးသည် သူမနှင့်ရန်သူကို ခွဲမခြားတတ်ပေ။ သူမသည် အမြဲလိုလိုပင် သစ္စာဖောက်ကာ ကျန်းယန်ရှန့်အတွက် ပြောပေးလေ့ရှိသည်။ သူမလက်မောင်းကို ဆုပ်ကိုင်ပြီးနောက် အခုအချိန်ထိ နားမလည်ဖြစ်နေသေးသည့် ကျန်းဟယ်လင်း၏နားကို လိမ်ဆွဲပစ်လိုက်သည်။
ကျန်းယွမ်သည် ကလေးများကို ရိုက်နှက်ခြင်းအပေါ် ခွင့်မပြုပေ။ ကျန်းယန်ရှန့် မိခင်ရှိစဉ်ကတည်းကပင် ကျန်းယန်ရှန့်သည် ဘယ်တုန်းကမှ အရိုက်မခံရပေ။ လျန့်ယင်းယင်းသည် ကလေးကိုမရိုက်သော်လည်း ထိုအပြုအမူက သူ့အမြင်တွေ အတော်လေး အဆင်မပြေပေ။
ကျန်းယွမ်မှ လျန့်ယင်းယင်းကို ဆူပူရန်ပြင်လိုက်စဉ် ကျန်းယန်ရှန့်က ရုတ်တရက်လက်ဆန့်တန်းကာ လျန့်ယင်းယင်းလက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်လေသည်။
ကျန်းယွမ် တိတ်တဆိတ် အော်မိတော့သည်။ ‘ ငါတို့အပြင်သွားတော့မှာလေ… ရန်မဖြစ်ကြပါနဲ့တော့လား…’
‘’သွားရအောင် …’’ အော်ဟစ်ရမည့်အစား ကျန်းယန်ရှန့်က အေးစက်စွာဖြင့်ပြောလိုက်သည်။ ‘’ နားရွက်ထဲမှာ အရိုးနုတွေရှိတယ်… အခုလိုလိမ်ဆွဲလိုက်လို့ နားပင်းသွားရင် ဘယ်လိုလုပ်မလဲ.. ကိုယ့်သားသမီးကို စိတ်မပူဘူးလား…’’
ကျန်းယန်ရှန့် မိခင်ရှိတုန်းကဆိုလျင် သူမသည် စန္ဒယား၊ စစ်တုရင်၊ ပန်းချီနှင့် လက်ရေးလှပညာရပ် ၄ ခုကို သင်ယူခဲ့သည့်အပြင့် တိုက်ကွမ်ဒိနှင့် Sanda ကိုပါသင်ကြားခဲ့သည်။ နောက်ပိုင်းတယ် ကျန်းယန်ရှန့်သည် ထိုပညာရပ် ၄ ခုကို စွန့်လွှတ်ခဲ့သော်လည်း တိုက်ခိုက်ခြင်းကိုတော့ ဆက်လေ့လာဆဲပင်ဖြစ်သည်။
ထိုကဲ့သို့ပြင်းထန်သည့် လေ့ကျင့်ခန်းများ မလုပ်ဘူးဆိုလျင် သူမ နှလုံးသားထဲက ခံစားချက်များကို ထိန်းချုပ်နိုင်မည်မဟုတ်ပေ။
ယခုအချိန်တွင် ကျန်းယန်ရှန့်သည် အသက် ၁၅ နှစ်သာရှိသေးသော်လည်း တစ်နှစ်ပတ်လုံးလေ့ကျင့်မှုများကြောင့် သန်မာနေကာ သူမ၏ခွန်အားများကို လျန့်ယင်းယင်း မတွန်းလှန်နိုင်ပေ။
လျန့်ယင်းယင်းက အော်ဟစ်လိုက်သည်။ ‘’ အား… နာတယ်…’’
ကျန်းယန်ရှန့်က အေးစက်စွာဖြင့် နှာခေါင်းရှုံ့လိုက်ရင်း ‘’ ဒါကိုနာတယ်ဆိုတာသိသေးတယ်ပေါ့… ဒါဆို ကလေးကကော မနာတတ်ဘူးထင်လို့လား…’’
လျန့်ယင်းယင်း က ကျန်းဟယ်လင်းနားရွက်ကိုလွှတ်လိုက်ရင်း ‘’ လွှတ်စမ်း.. ယောကျာ်း… ယောကျာ်း… သူ ကျမကို နာအောင်လုပ်တယ်..’’
တစ်ယောက်မှာ သူ၏သမီးရင်းဖြစ်ပြီး တစ်ယောက်မှာ နူးညံ့သည့်ဇနီးသည်ဖြစ်သည်။ နှစ်ယောက်လုံးသည့် သူ့အတွက်အဖိုးတန်သည့်အတွက် ကျန်းယွမ် က ‘’ အိုကေ.. အိုကေ… သူမကို လွှတ်လိုက်တော့… အခုသွားရအောင်… အမေ စိတ်ဆိုးတော့မယ်… ပြီးတော့ တခြားသူတွေလဲရှိသေးတယ်လေ… ‘’
ကျန်းယန်ရှန့် အဖွားအကြောင်းကြားလိုက်သည်နှင့် ကျန်းရှို့ချန်တစ်ယောက် တုန်လှုပ်သွားသည်။
ထိုအံ့အားသင့်စရာကောင်းသည့်အဖွားကြီးသည် ကျန်းမိသားစု၏ တကယ်ခေါင်းဆာင်ပင်ဖြစ်သည်။
သူမ ကိုမကြောက်သည့် တစ်ဦးတည်းသောသူမှာ ကျန်းယန်ရှန့်သာဖြစ်သည်။
ကိုယ့်ကိုကိုယ်မချစ်တဲ့သူ ဒါမှမဟုတ် တခြားသူတွေကို မုန်းနေတဲ့သူတွေကို ဘာလို့များကြောက်နေရမှာလဲ…
ထိုသို့သောလူမျိုးကို မိသားစုစာရင်းမှ ထုတ်ပယ်မည်ဟု အဖွားက တင်းမာစွာပြောခဲ့ဖူးသည်။ သို့သော် သူမက ဂရုမစိုက်ပေ။ အဘယ့်ကြောင့်ဆိုသော် သူမအမေချန်ထားခဲ့သည့် အမွေများက သူမအတွက် ဖူလုံသောကြောင့်ပင်ဖြစ်သည်။
သူမ ထိုကိစ္စကို ဒီအတိုင်းထားလိုက်တော့သည်။
ကျန်းဟယ်လင်းက သူမမိခင်လက်မှလွတ်သည်နှင့် ကျန်းယန်ရှန့်နောက်သို့ရောက်သွားတော့သည်။
ဒီနေ့ သူမ အတော်လေးအံ့အားသင့်ကာ အတော်လေးလဲပျော်ရွှင်နေသည်။ သာမန်အားဖြင့် သူမကို ဂရုမစိုက်သည့် သူမအစ်မသည် ဒီနေ့သူမအတွက်ပြောပေးခဲ့သည့်အပြင် မမျှော်လင့်စွာဖြင့်ပင် သူမကို ကာကွယ်ပေးခဲ့သည်။
သူမ မိခင်သည် သူမမောင်လေးနှင့် သူမအမေသည်သာ အရင်းနှီးဆုံးသူတွေအဖြစ် မှတ်ယူရန် အမြဲတမ်းပြောခဲ့သည်။ ကျန်းယန်ရှန့်သည် ဒီအတိုင်းအပြင်လူသာဖြစ်သည်။
သို့သော် သူမ၏မောင်လေးသည် အတော်လေးစိတ်ရှုပ်စရာကောင်းပြီး နေ့တိုင်းလိုလို သူမကို အနိုင်ကျင့်လေ့ရှိသည်။ သူမ မိခင်က သူမမောင်လေးဒီလိုဖြစ်နေခြင်းသည် တက်ကြွပြီးချစ်ဖို့ကောင်းသည်ဟု အမြဲလိုလိုချီးကျူးလေ့ရှိသည်။
‘’ယောကျာ်းလေးဆိုတာ အဲ့လိုပဲဖြစ်နေရမယ်လေ…’’ သူမ မိခင်က ထိုကဲ့သိုပြောလေ့ရှိသည်။
လျန့်ယင်းယင်းအတွက် ထိုကလေးက သူမ မွေးဖွားခဲ့သည့်သားတစ်ယောက်ဖြစ်သည့်အပြင့် သူမဘဝကိုပါ ပြောင်းလဲပေးခဲ့သည့် ကလေးတစ်ယောက်ပင်မဟုတ်ပါလား…
သို့သော် ကျန်းဟယ်လင်းအတွက်မူ ကျန်းယန်ရှန့်သည် သူမ မိခင်နှင့်အမြဲလိုလို စကားများသော်လည်း သူမကို လျစ်လျူရှုထားကာ ဘယ်တုန်းကမှ အနိုင်ကျင့်ခြင်းမရှိပေ။
ထို့ကြောင့် သူမ၏ မောင်လေးနှင့် အစ်မကြားတွင် ကျန်းဟယ်လင်းသည် ကျန်းယန်ရှန့်ကို ပို၍နှစ်သက်လေသည်။
လူတိုင်းထွက်သွားချိန်တွင် ကျန်းဟယ်လင်းနှလုံးသားထဲမှ သူမ၏အစ်မဖြစ်သူ သူမလက်ကိုဆွဲထားဖို့ တောင့်တနေမိသည်။
ကံမကောင်းစွာဖြင့် ကျန်းယန်ရှန့်က သူမလက်လွှတ်ချလိုက်ကာ အပြင်ဘက်သို့လှမ်းကြည့်လိုက်လေသည်။
‘’မြန်မြန်…’’ ကျန်းယန်ရှန့် အသံက ရုတ်တရက်ထွက်ပေါ်လာသည်။
ကျန်းဟယ်လင်း ရုတ်တရက် မော့ကြည့်လိုက်စဉ် ကျန်းဟန်ရှန့်က စိတ်မရှည်စွာဖြင့် သူမကိုကြည့်နေပြီး ‘’ မြန်မြန်လာလေ… အခုမသွားရင် ငါတို့နောက်ကျတော့မယ်…’’
ကျန်းဟယ်လင်းမျက်လုံးထဲ အလင်းများတောက်ပလာပြီး သူမနောက်သို့ပြေးလိုက်တော့သည်။
ကျန်းယန်ရှန့်က နှာခေါင်းရှုံ့လိုက်ရင်း အပြင်ဘက် ပတ်ဝန်းကျင်သို့လှမ်းကြည့်လိုက်သည်။
xxxxxx