Chapter 11
Viewers 1k

🧜 အခန်း ၁၁

ငါးပေါက်လေးတွေ မွေးတယ်လား



ထို့နောက် သူနှင့် ခြေတစ်လှမ်းအကွာ၌ ရပ်ကာ စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်နေသော ယွဲ့ကျန့်အား မြင်တွေ့လိုက်ရသည်။


ဘာလား... သိသွားတာလား... ဟုတ်လားလို့...


ယီနျို စာအုပ်အား အလျင်အမြန်ပိတ်ကာ နေရာလွတ်လက်ကောက်အတွင်း ပစ်ထည့်လိုက်ပြီး မည်သည်မျှ မဖြစ်ဟန်ဆောင်ကာ မေးလိုက်သည်။

“ဘာကိစ္စ ရှိလို့လဲ... ဘာလို့ ဗိုလ်ချုပ်ယွဲ့က ဒီကို ရောက်လာတာလဲ...”


ယွဲ့ကျန့် : “…”


မင်းသားလေးမှာ သူ့အားမြင်တွေ့ရန် စောင့်မျှော်နေလိမ့်မည်ဟု တွေးထင်ထားမိခဲ့သော်လည်း တစ်ဖက်လူမှာ သူ့အား စိတ်ထဲ၌ ကြိမ်းမောင်းဆူဆဲနေလိမ့်မည်ဟု မျှော်လင့်မထားချေ။ ထို့အပြင် သူ့အား ဗိုလ်ချုပ်ယွဲ့ (တပ်မှူးယွဲ့) ဟု ခေါ်ဆိုခြင်းက သူတို့နှစ်ဦးအား အလွန်ဝေးကွာသည်ဟု ခံစားမိသည်။


သို့သော် ထိုအကြောင်းအား သေသေချာချာ စဉ်းစားပြီးနောက် သူနှင့် မင်းသားလေးမှာ သိရှိချိန် မကြာသေးသဖြင့် ရင်းနှီးဟန်ဖြင့် ခေါ်ဆိုရန် မဖြစ်နိုင်ပေ။


ယွဲ့ကျန့် မျက်မှောင်ကြုတ်ကာ မင်းသားလေး၏ ရင်နာဖွယ်မေးခွန်းအား လျစ်လျူရှုရန် ကြိုးစားလိုက်သည်။ ထို့နောက် ပုံမှန်လေသံဖြင့် ဆိုသည်။

“မင်းသားလေး တစ်ယောက်တည်း ထောင့်မှာ ထိုင်နေတာ တွေ့လိုက်လို့ ကိုယ် လာကြည့်တာ...”


“အိုး...”

ယီနျို ခေါင်းညိတ်လိုက်ပြီး အတော်တုံ့ဆိုင်းနေဟန်ပင်။


သူဖတ်နေသည့် စာအုပ်အား ယွဲ့ကျန့် မြင်မိခြင်း ရှိ၊ မရှိ ယီနျို မေးကြည့်ချင်သော်လည်း ထိုသို့ မေးလိုက်မည် ဆိုပါလျှင် သူဖုံးကွယ်လိုသော အရာအား ထုတ်ဖော်ပြမိသလို ဖြစ်သွားနိုင်သည်။


ကံကောင်းစွာဖြင့် ယီနျို ဆက်လက်တွေဝေခြင်း မရှိခင်မှာပင် ယွဲ့ကျန့်မှ ဦးစွာမေးလာသည်။

“ခုနက မင်းသားလေး ကြည့်နေတာ ဘာများလဲ...”


ယီနျို စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်ပြီးနောက် ယွဲ့ကျန့် မေးခွန်းထုတ်ခြင်း၏ အဓိပ္ပါယ်မှာ ထိုစာအုပ်အား ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ခြင်းမရှိဟု ဆိုလိုခြင်းဖြစ်ကြောင်း တွေးလိုက်မိသည်။


ထို့နောက် အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်းမရှိဘဲ လိမ်ညာမှုပြုလိုက်သည်။

“မက်ခါပြုပြင်နည်းအဖြာဖြာပါ...”


ယီနျို၏ အမူအရာနှင့် လေသံမှာ လွန်စွာရိုးသားနေသောကြောင့် ယွဲ့ကျန့်ပင်လျှင် သူလိမ်နေခြင်း ဟုတ်၊ မဟုတ် မပြောနိုင်ပေ။


မင်းသားလေးမှာ မည်သည်ကြောင့် မက်ခါပြုပြင်နည်းအဖြာဖြာအား ရုတ်တရက်ဆန်စွာ ဖတ်ရှုနေခြင်းအား ယွဲ့ကျန့် မစဉ်းစားဘဲ မနေနိုင်ချေ။ 

ဟူယိချန်းနဲ့ ပတ်သက်နေတာများလား…


ထိုသို့တွေးမိပြီးနောက် ယွဲ့ကျန့်၏ စိတ်ခံစားချက်က ပိုမိုရှုပ်ထွေးလာသည်။


မင်းသားလေး၏ စိတ်ထဲ၌ ဟူယိချန်းမှာ သနားစဖွယ် ကြာပန်းဖြူလေးဖြစ်နေချိန် သူ့အား သစ္စာဖောက်၊ မနာလိုကောင်၊ ထိုးသွင်းစက်(အဟမ်း)အဖြစ် သတ်မှတ်ထားသည်။


ကြာပန်းဖြူလေးမှာ မင်းသားလေးအား သူနှင့်အပြိုင် လုယူခြင်း မရှိသေးသော်လည်း ၎င်းအား ရှင်းလင်းပြီးနောက်၌ မင်းသားလေး ပို၍ပင် သနားစိတ်ဝင်သွားနိုင်သည်။


ထိုအရာအားလုံးမှာ မင်းသားလေး၏ စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်ကြောင်း ယွဲ့ကျန့် သိရှိထားသည့်တိုင် သိလိုစိတ်နှင့် ဒေါသအား မထိန်းချုပ်နိုင်ပေ။ 


ဘာအမှားလုပ်ခဲ့မိလို့လဲ... မင်းသားလေးရဲ့ စိတ်ထဲက ငါ့ပုံရိပ်က ဘာကြောင့် ရုတ်တရက် ဆိုးဝါးသွားရတာတုန်း...


မင်းသားလေးမှာ သူနှင့်ပတ်သက်၍ စိတ်ကူးယဉ်နေခြင်း (အဟမ်း) မရှိကြောင်း သိသာလှသည်။ 


အချုပ်ဆိုရလျှင် မင်းသားလေးထံ၌ အလယ်တန်းဒုတိယနှစ်ရောဂါ မရှိဟု ခံစားမိသော်လည်း ပိုမိုပြင်းထန်လာသော စိတ်ထွေပြားမှု ရှိနေဟန်ပင်။


ဘယ်လိုပဲဖြစ်ဖြစ် ဗိုလ်ချုပ်တစ်ယောက်ဖြစ်တဲ့ငါက ဘယ်နားကများ သစ္စာဖောက်တစ်ယောက်နဲ့ တူနေရတာလဲ…


*


ဖက်ဒရယ်စစ်တပ်အား အလုံးစုံအနိုင်ရပြီးနောက် စခန်းတစ်ခုလုံး အောင်ပွဲခံကြသည်။


ယွဲ့ကျန့်မှာ ခေတ္တမျှသာ ပေါ်လာပြီးနောက် ထွက်ခွာသွားလေသည်။


စာအုပ်ထဲမှ ဇာတ်ကွက်အား ကြောက်ရွံ့သောကြောင့် ယီနျိုက ယွဲ့ကျန့်အား စတင်ရှောင်ရှားနေပြီး အောင်ပွဲအခမ်းအနားကိုပင် ဆင်နွှဲခြင်း မရှိပေ။


ထိုအခြင်းအရာအား ယွဲ့ကျန့် သတိပြုမိခြင်း မရှိချေ။ သူ၏အခန်းသို့ ပြန်ရောက်ပြီးနောက် အချိန်တစ်ခုကြာအောင် တိတ်တဆိတ် ထိုင်နေမိသည်။


မင်းသားလေးမှာ စိတ်ကူးယဉ်စာအုပ်များ၏ လွှမ်းမိုးမှုကြောင့် သူ့အား ရုတ်တရက် အေးစက်စွာ ဆက်ဆံခြင်းဖြစ်မည်ဟု ခန့်မှန်းမိသည်။


ယွဲ့ကျန့် မစိုးရိမ်ဘဲ မနေနိုင်ချေ။ ထိုအကြောင်းအား စဉ်းစားပြီးနောက် ဝေးလံသော အင်ပါယာမြို့တော်၌ ရှိနေသည့် ယွဲ့ကောထံသို့ ခေါ်ဆိုလိုက်သည်။


ယွဲ့ကော ဟူသည်မှာ ယွဲ့ကျန့်၏ အစ်ကိုကြီးဖြစ်သည်။ ထိုသူက စစ်တပ်ရှိ စိတ်ပိုင်းဆိုင်ရာ ပြဿနာများနှင့် စိတ်စွမ်းအား ထိခိုက်ထားသော စစ်သားများအား ကုသမှုပေးသည့် စိတ်ဝိညာဉ်ကုထုံးပညာရှင်တစ်ဦး ဖြစ်သည်။ 


ညီဖြစ်သူထံမှ ခေါ်ဆိုမှု လက်ခံရရှိချိန်၌ ယွဲ့ကောမှာ အလွန်အံ့အားသင့်သွားလေသည်။ စစ်ပွဲအနိုင်ရရှိသည့်အတွက် ဦးစွာ ဂုဏ်ပြုစကားဆိုပြီးနောက် မဝံ့မရဲ မေးလိုက်သည်။


“‌ခေါင်းကိုက်ပြန်ပြီလား...”


မေးပြီးသည်နှင့် မကျေမနပ်ဖြင့် တတွတ်တွတ် ပြောလေသည်။

“မင်း ဒီနေ့ မက်ခါမောင်းခဲ့သေးလား... မင်းရဲ့ စိတ်စွမ်းအား အခြေအနေက အရမ်းအန္တရာယ်ရှိတဲ့ အခြေအနေကို ရောက်နေတယ်လို့ ငါမပြောဘူးလား... မက်ခါမောင်းဖို့ လုံးဝ လုံးဝ မသင့်တော်ဘူးကွ... ပြီးတော့ မင်းရဲ့ စိတ်စွမ်းအင်ပင်လယ် လုံးလုံးလျားလျား ပြိုကွဲပြီး ရူးမသွားချင်ဘူးဆိုရင် ခပ်မြန်မြန်လေး ကုသမှုခံယူမှရမယ်...”


စိတ်စွမ်းအင်ပင်လယ်မှာ စိတ်စွမ်းအင်အရင်းအမြစ်ပင် ဖြစ်သည်။ စိတ်စွမ်းအင်ပင်လယ် ပြိုကွဲသွားသည်နှင့် ရူးသွပ်သွားနိုင်သည်။


ယွဲ့ကျန့် နဖူးအား လက်ဖြင့်အသာပွတ်လိုက်သည်။ အစ်ကိုဖြစ်သူသာ သတိမပေးခဲ့လျှင် ယခင်ကဲ့သို့ မကြာခဏ ခေါင်းမကိုက်တော့ကြောင်း မေ့လုနီးနီးပင်။


အထူးသဖြင့် နောက်ဆုံးအကြိမ် မက်ခါမောင်းပြီးနောက် နာကျင်မှုကြောင့် မအိပ်နိုင် ဖြစ်ခဲ့သင့်သော်လည်း မင်းသားလေး အနားယူရန် လိုက်ပါပို့ဆောင်ပေးပြီးနောက် သူသည်လည်း မြေအောက်စခန်း၌ ခေတ္တမျှ အိပ်ပျော်ခဲ့သည်။


မင်းသားလေးအကြောင်း တွေးမိသည့်အခါ ယွဲ့ကျန့်က သူ့အရေးကိစ္စအား ဘေးသို့ပို့ကာ ယွဲ့ကော၏ ဆူညံပူညံသံအား နှောင့်ယှက်လိုက်သည်။

“ကျွန်‌တော် ခေါင်းမကိုက်ပါဘူး... စိတ်ပိုင်းဆိုင်ရာပြဿနာတချို့ကို ဆွေးနွေးချင်လို့ အစ်ကို့ကို ခေါ်လိုက်တာ...”


“စိတ်ပိုင်းဆိုင်ရာပြဿနာလား..”

ယွဲ့ကော အလွန်အံ့အားသင့်သွားသည်။ အလျင်စလိုပင် ခပ်မတ်မတ်ထိုင်ပြီးနောက် မေးလေသည်။

“မင်း ဖြစ်နေတာလား... စစ်ပွဲအပြီး ရောဂါများလား...”


“ကျွန်တော် မဟုတ်ဘူး...”


ယွဲ့ကျန့် မျက်မှောင်ကြုတ်ကာ စကားစီပြီးနောက် ပြောသည်။

“ကျွန်တော် အခုတလောမှ တွေ့တဲ့လူတစ်ယောက်ပါ... ကျွန်တော်က သူ့ကို သဘောကျနေပါတယ်ဆိုပြီး အမြဲတမ်း စိတ်ကူးယဉ်နေတယ်လေ... သူနဲ့ ကျွန်တော်က... အာ... ပြောရရင် အဲဒါကို အချစ်လို့ ထင်နေတာ...”


“ခုနောက်ပိုင်း သူ့ရဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတွေက ပိုပိုပြီး ဆိုးလာတယ်.. နောက်တစ်ယောက်ကလည်း သူ့ကို သဘောကျနေတယ်လို့ တွေးနေပြီး ကျွန်တော်ကလည်း အဲဒီလူကို မနာလိုဖြစ်နေတယ်တဲ့လေ... ပြီးတော့ ကျွန်တော်က လူဆိုးတစ်ယောက်ဖြစ်ပြီး အင်ပါယာကို သစ္စာဖောက်မှာတဲ့... အဲဒါတွေ့က စိတ်ကူးယဉ်ရုံတင် မကဘဲ လက်တွေ့ကိုပါ သက်ရောက်နေတာ...”


“အဲဒါ မင်းသားလေးလား...”

ယွဲ့ကောက တိုက်ရိုက်ဆိုသည်။


ယွဲ့ကျန့် : “…” 

ဘယ်လိုများ သိသွားတာတုန်း...


ယွဲ့ကောမှာ ယွဲ့ကျန့် စဉ်းစားနေသည့်အရာအား သိနေပုံရသည်။

“ငှက်တောင် ဥ မဥတဲ့ မင်းရဲ့စခန်းမှာ မင်းက လတ်တလော ဘယ်သူနဲ့‌ တွေ့ချင်နေတာတုန်း... ဖြစ်ချင်းဖြစ် တော်ဝင်ကိုယ်စားလှယ်အဖွဲ့ဝင်ပဲ ဖြစ်မှာပေါ့.. အဲဒီထဲကမှ မင်းသားလေးက မင်းရဲ့ အာရုံကို ဖမ်းစားဖို့ အဖြစ်နိုင်ဆုံးပဲ...”


ယွဲ့ကျန့် : “အိုး...”


“ပြီးတော့ နောက်ဆုံးရသတင်းတွေမှာ ဖော်ပြထားတာပဲ မလား... မင်းက မင်းသားလေးကို အရမ်းပဲ အလိုလိုက်နေပြီး သူ့အတွက် မက်ခါစစ်သည်တွေကိုတောင် ပြပွဲလုပ်ခိုင်းလိုက်သေးတာတဲ့...”


ယွဲ့ကျန့် : “ဘယ်သတင်းဌာနက လက်လွတ်စပယ် ရေးနေတာတုန်း...”


“အဓိကအချက်က အဲဒါ မဟုတ်ဘူး..”

ယွဲ့ကော အလေးအနက်ပြောသည်။

“မင်း အဲဒီအကြောင်း ပြောတုန်းက.. မင်းရဲ့ အမူအရာကကွာ... ကျွတ် ကျွတ်... အရမ်းပဲ မတူဘူးနော်...”


“ဘာက မတူတာလဲ...”

ယွဲ့ကျန့် အမူအရာကင်းမဲ့စွာဖြင့် မေးသည်။


ယွဲ့ကော ဘောပင်အား လက်ဖြင့်ဆော့ကစားနေရင်း ပြောသည်။

“ဘယ်လိုလဲဆိုတော့... အချစ်ဝဲဂယက်ထဲ သက်ဆင်းမိနေသလိုပေါ့...”


ထိုသို့ပြောပြီးနောက် ယွဲ့ကော စိတ်ကျေနပ်စွာဖြင့် သက်ပြင်းချလေသည်။

“နောက်ဆုံးတော့ ငါတို့မိသားစုရဲ့ အငယ်ဆုံးလေးက ဂေါ်ဖီထုပ်စားနည်းကို သိသွားပြီပေါ့... အား...”


ယွဲ့ကျန့် : “…” 

အမှိုက်လိုဆရာဝန်...


“အစ်ကို အရည်အချင်းစစ်စာမေးပွဲ ပြန်ဖြေသင့်နေပြီ...”

ထိုသို့ပြောပြီးနောက် ယွဲ့ကျန့် ဖုန်းချဟန်ပြုသည်။


“နေပါဦး...”

ယွဲ့ကော အလျင်မြန် တားလိုက်ပြီးနောက် ပြောသည်။


“စိတ်မဆိုးစမ်းပါနဲ့ကွ.. ပြဿနာကို အရင်ဆုံးပြောကြမယ်... ငါထင်တာ မှန်တယ်မလား... အဲဒီလူက မင်းသားလေး ဟုတ်တယ်မလား...”


ယွဲ့ကျန့် : “…”


ယွဲ့ကျန့် ခေတ္တမျှ တိတ်ဆိတ်ပြီးနောက် စကားနှစ်လုံး ပြောလာသည်။

“ဟုတ်တယ်...”


“ဆိုတော့ ငါ့အရည်အချင်းနဲ့ပတ်သက်ပြီး ဘာပြဿနာမှ မရှိဘူး... ပြောရမယ်ဆိုရင် မင်းက ဘာဖြစ်လို့ မင်းသားလေး စိတ်ထွေပြားမှုဖြစ်တာနဲ့ ပတ်သက်ပြီး အရမ်းစိုးရိမ်နေရတာလဲ... တခြားလူကသာ မင်းက သူ့ကို သဘောကျနေတယ်ဆိုပြီး စိတ်ကူးယဉ်နေမယ်ဆိုရင် အခုလိုပဲ တုံ့ပြန်မှာလား... လုံးဝပဲ... မင်းစရိုက်နဲ့ဆိုရင် အဲဒီလူကိုတောင် အရမ်းမုန်းသွားဦးမှာ...”


“ပြီးတော့ အဲဒီအကြောင်းကို စစသိတော့ မင်း စိုးရိမ်ခဲ့လား... ဒါမှမဟုတ် တခြားသူတွေကိုပါ စိတ်ကူးထဲထည့်ပြီး မင်းကို လူဆိုးတစ်ယောက်လို ဆက်ဆံပြီး အပြင်မှာပါ ရှောင်နေတာကို သိလိုက်တော့မှ စိုးရိမ်လာတာလား...”


ယွဲ့ကောက ယွဲ့ကျန့်အား ထပ်ကာထပ်ကာ ထိုးနှက်နေရင်း ပြုံးလေသည်။


ယွဲ့ကျန့် ထိုအကြောင်းအား မသိစိတ်မှ တွေးလိုက်မိပြီး နှစ်စက္ကန့်မျှ ကြာပြီးနောက် —


နေပါဦး... ငါတော့ ယွဲ့ကောရဲ့ ကစားခံနေရပြီ...


ယခင်က စိုးရိမ်ခြင်း မရှိခဲ့သည်မှာ မင်းသားလေး ရူးသွပ်နေသည်ဟု သံသယမရှိခဲ့သောကြောင့်ပင်။ ယခုအခါ သူ့ထံ၌ သံသယများ ရှိလာသောကြောင့် စိုးရိမ်စိတ်ဝင်သည်မှာ ပုံမှန်ပင်။


“အစ်ကိုက သူများတွေကို ဦးနှောက်ဆေးတာ အရမ်းတော်တယ်နော်...”

ယွဲ့ကျန့် အသက်မပါစွာ ပြောသည်။


ယွဲ့ကျန့် ခေါင်းမာနေပြန်ပြီဟု ယွဲ့ကော အကြည့်တစ်ချက်နှင့်ပင် သိလေသည်။ ထို့ကြောင့် သက်ပြင်းသာ ချမိတော့သည်။

“မင်းကိုယ်မင်း ရှင်းရှင်းလင်းလင်း မမြင်သေးဘူးပဲ...”


“ထားလိုက်ပါတော့... လူနာအကြောင်း ပြောကြမယ်...”


ယွဲ့ကော ပြောလက်စ အကြောင်းအရာအား အဆုံးသတ်ပြီးနောက် စကားဆက်သည်။


“ငါသိသလောက်တော့ မင်းသားလေးမှာ စိတ်ပိုင်းဆိုင်ရာပြဿနာဆိုတာ မရှိပါဘူး... ကလေးဘဝတုန်းက ပြန်ပေးဆွဲခံခဲ့ရပြီး သူ့ရဲ့ စိတ်အခြေအနေက... စိတ်ဖိစီးမှုနဲ့ သံသယလွန်ကဲမှုလို့ ကြားဖူးတယ်... ဒါပေမဲ့ ကုသပြီးပြီတဲ့...”


“မင်းပြောတာကို နားထောင်ရသလောက်တော့ ရောဂါပြန်ထတာများလား...”


ထိုသို့ကြားပြီးနောက် ယွဲ့ကျန့်၏ စိတ်ရှုပ်ထွေးသွားသည်။


ပြန်ပေးဆွဲခံရတာဆိုတော့ မင်းသားလေးက ငါ ကယ်ခဲ့တဲ့ ကလေးများလား...


စစ်အကယ်ဒမီမှ ဘွဲ့ရပြီးစ၌ လူငယ်တစ်ဦး၏ အားအင်တက်ကြွမှုအပြည့် ရှိနေဆဲဖြစ်ကြောင်း ယွဲ့ကျန့် အမှတ်ရမိသည်။ ပြန်ပေးဆွဲမှုများအား ဖြေရှင်းရာ၌ ဓားစာခံများအား တတ်နိုင်သမျှ အမြန်ဆုံး ကယ်တင်နိုင်ရန်သာ အရှိန်အဟုန်ဖြင့် လုပ်ဆောင်ခဲ့ပြီး များစွာစဉ်းစားတွေးတောခြင်း မပြုခဲ့ပေ။ ထို့ကြောင့် မင်းသားလေးမှာ ကယ်တင်ခံပြီးနောက် သေဆုံးလုနီးနီး ဖြစ်ခဲ့ရသည်။


မင်းသားလေးအား လူနာတင်ယာဉ်ရှိရာသို့ သယ်ဆောင်သွားခဲ့သည့် ခံစားချက်အား ယခုထက်တိုင် အမှတ်ရနေဆဲပင်။ အားနည်းကာ သနားစဖွယ်ကောင်းသော ဒဏ်ရာရ ကြောင်ပေါက်လေးသဖွယ်ပင်။


အဲ့အဖြစ်အပျက်ပြီးတဲ့နောက် မင်းသားလေးမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ရှိခဲ့တာလား…


ယွဲ့ကျန့် ထိုအကြောင်းအား ပြန်တွေးနေရင်းမှာပင် ရုတ်တရက်ဆိုသလို ဦးခေါင်းတစ်ခုလုံး နာကျင်လာသည်။ အချိန်ကြာမြင့်စွာ ထိခိုက်ထားသော စိတ်စွမ်းအင်ပင်လယ်မှာ ဓားသွားထက်ထက်ဖြင့် လှီးဖြတ်ခံနေရသကဲ့သို့ပင်။


မက်ခါမောင်းနှင်တဲ့ အကျိုးဆက်များလား...


ယွဲ့ကျန့်‌ တွေးနေရင်းဖြင့် ဦးခေါင်းအား လက်ဖြင့်အုပ်လိုက်ပြီး မျက်နှာမှာလည်း ဖြူဖျော့နေသည်။


“ဟေ့... ဘာဖြစ်တာလဲ... မြန်မြန်‌လေး ဆေးကုသခန်းထဲ သွားလှဲနေလိုက်...”

ယွဲ့ကောက စိုးရိမ်ပူပန်စွာဖြင့် ယွဲ့ကျန့်အား တိုက်တွန်းလိုက်သည်။


ဤနာကျင်မှုမှာ ယွဲ့ကျန့်အတွက် သည်းမခံနိုင်လောက်သည့်တိုင်အောင် မဟုတ်ပေ။ ဦးခေါင်းအား လက်ဖြင့်အုပ်ကာ ခေတ္တမျှ အနားယူရန်သာလိုသည်။


၁၀ မိနစ်ကြာပြီးနောက် နာကျင်မှု သက်သာလာသော်လည်း ရုတ်တရက်ဆိုသလို မင်းသားလေး၏ အတွေးများအား ကြားလိုက်ရသည်။


[ရှေ့တန်းက ပြဿနာတွေကတော့ ဖြေရှင်းပြီးပြီ.. ယွဲ့ကျန့်နဲ့ ခပ်ဝေးဝေးမှာ နေသရွေ့တော့ ငါ့ကို အဝါရောင်ကိစ္စတွေ လုပ်နိုင်မှာ မဟုတ်ဘူး...]


[သူက ငါ့ကို အချိန်အကြာကြီး အသည်းအသန်ဖြစ်နေတာလေ... မရရင် သေတော့မလိုပဲ... သူနဲ့ ခပ်ဝေးဝေး မနေနိုင်ရင် ဘယ်လိုလုပ်ရပါ့...]


[မဖြစ်ဘူး... မဖြစ်ဘူး... နည်းလမ်းတစ်ခုခု စဉ်းစားမှပဲ...]


[နေပါဦး... ငါက ဘာကို ကြောက်နေရတာလဲ... ငါက အဓိကဇာတ်ကောင်လေ... အဓိကဇာတ်ကောင်ဆိုတာ ကိုယ်ပိုင်သိစိတ် နိုးထပြီး ဇာတ်ကွက်ရဲ့ ထိန်းချုပ်မှုက ရုန်းထွက်ရမှာ... ဝတ္ထုထဲမှာဆိုရင် အဲဒါကို ကမ္ဘာကြီးရဲ့ ဗဟိုချက်... ကမ္ဘာကြီးရဲ့သားတော်... ကံတရားရဲ့ရင်သွေးလို့ ခေါ်ကြတာမလား... ယွဲ့ကျန့်ဆိုတာ အသိစိတ် နိုးမထနိုင်တဲ့ လူသာသာလေးပဲဟာကို...]


ယွဲ့ကျန့်က နံရံမှ ၁၀ မီတာအကွာသို့ တိတ်တဆိတ်ရွှေ့လိုက်ပြီး ရုတ်တရက်ဆိုသလို ခေါင်းကိုက်ခြင်း၊ ချွေးစေးထွက်ခြင်း မရှိကြောင်း သိလိုက်ရသည်။


စိတ်ဖိစီးမှုဟုတ်လား... အချစ်ခံရောဂါကွ... ပြီးတော့...


“မင်းသားလေးရဲ့ အခြေအနေက ပြင်းထန်လာပြန်ပြီ...”

ယွဲ့ကျန့် အမူအရာကင်းမဲ့စွာ ပြောသည်။


“ဘာဖြစ်တယ်...”

စိုးရိမ်နေသော ယွဲ့ကောမှာ စိတ်ရှုပ်ထွေးသွားဟန်ပင်။


“အခု သူ့ကိုယ်သူ ကမ္ဘာကြီးရဲ့ ဗဟိုချက်... ကံကြမ္မာရဲ့သားတော်လို့ ထင်နေတယ်...”


ယွဲ့ကော : “…”


“သူ့ရောဂါလက္ခဏာတွေကို ငါသိပြီ...”


ယွဲ့ကျန့် : “ဘာတဲ့လဲ...”


ယွဲ့ကော : “အလယ်တန်းဒုတိယနှစ်ရောဂါ...”



🧜🧜🧜