Chapter 67
Viewers 9k

👻Chapter 67



ထိုသတင်းများကိုတွေ့လျှင် ရှီကျားအလွန်ပျော်ရွှင်သွားခဲ့လေသည်။ သူကချန်းထောင်အားဖုန်းထဲမှပြောလိုက်သည်။ 


"အင်း..ငါလည်းအတန်းဖော်တွေကိုမတွေ့ရတာကြာပြီလေ..မင်းမှာချင်တာတစ်ခုခုရှိလား"


ချန်းထောင်ကအလျင်အမြန်ဆိုလာခဲ့သည်။ 


"အရေးတကြီးပဲ အရေးတကြီးပဲ ညီကိုကျား..ကြည့်ရတာ တို့တွေအတန်းထဲက ကျန်းကြီးကအဖေဖြစ်နေပြီထင်တယ် ဒီတစ်ခါသူ့ကလေးကိုခေါ်လာမှာတဲ့..ငါကြည့်ရအောင် သူ့သားပုံကလေးနည်းနည်းရိုက်ခဲ့ပေးပါကွာ..ပြီးတော့ ..."


ရှီကျား အကုန်လုံးကိုသဘောတူခဲ့လေသည်။ 


၃ရက်မျှကြာပြီးနောက် ရှီကျားမှာ တက္ကစီတစ်စီးတားလျက် S မြို့တော်၏ ဇိမ်ခံစားသောက်ဆိုင်ကြီးထံထွက်လာခဲ့လေသည်။ ချန်းထောင်ပြောပုံအရဆိုလျှင် အခြားမြို့နယ်များမှလာကြမည့် သူငယ်ချင်းများလည်းရှိသည်ဟူ၍ပင်။ ကောလိပ်တွင်ရှိစဥ်က ထိုအတန်းဖော်များမှာSမြို့တော်မှ ထွက်ကုန်များကိုအလွန်နှစ်ခြိုက်တတ်ကြသည်။ သို့နှင့်ချန်းထောင်မှာ တွေ့ဆုံပွဲတွင် ထိုသူငယ်ချင်းများအတွက် အစားအသောက်တချို့ယူသွားပေးရန်မှာခဲ့လေသည်။ ၄င်းမှာလည်း လောက၀တ်ပြုမှုဟုသတ်မှတ်နိုင်လေသည်။


ဒင်ဆမ်းဘူးတချို့ကိုသယ်လျက် ရှီကျား စားသောက်ဆိုင်ထဲသို့၀င်လာခဲ့လေသည်။ ၀ိတ်တာက သူ့အား သီးသန်းခန်းတစ်ခန်းသို့ခေါ်သွားပေးခဲ့လေသည်။ တံခါးပွင့်လာသည်နှင့် သူ၏နှုတ်ခမ်းပေါ်မှ အပြုံးတို့တောင့်တင်းသွားခဲ့လေသည်။


ထိုသီးသန့်ခန်းထဲတွင် စားပွဲ၀ိုင်းကြီး၃၀ိုင်းရှိလေသည်။ ခရစ်စတယ်မီးဆိုင်းမှာ တွဲလွဲကျလျက် အခန်းထဲတွင် ထိုင်နေကြသောသူများ၏မျက်နှာများအပေါ် ဖြာကျနေခဲ့သည်။ ရှီကျားကိုမြင်လျှင် ထိုလူများမှာ ရုတ်ချည်းအေးခဲသွားခဲ့ကြလေသည်။ လျင်မြန်စွာပင် နာမည်ကြီး ဘရန်းအင်္ကျီတစ်ထည်၀တ်ထားသော အမျိုးသမီးမှာ ရှီကျားထံလျှောက်လာပြီး ပြုံးလျက်ဆိုလာခဲ့သည်။


"ရှီကျားလား..ငါကစာလေ့လာရေးအဖွဲ့က လျိုရန်လေ မှတ်မိသေးလား..လာ လာ လာ အမြန်ထိုင်..ဒီတိုင်းလာရောပေါ့ ဘာတွေ၀ယ်လာတာလဲ"


ရှီကျားအသာပြုံးလျက်ဆိုသည်။ 


"ချန်းထောင်က ၀မ်ဟောင်ကျန်းနဲ့ကျန်တဲ့သူတွေက ဒါတွေကြိုက်တယ်ပြောလို့..သူတို့က နေ့လည်ကဟိုင်ချန်းကို လေယာဥ်စီးလာတယ် ပြီးရင်ညနေကျS မြို့ကိုရထားစီးလာရမှာ..ညကျလေယာဥ်ပြန်စီးရလိမ့်မယ်..သူတို့အချိန်မရမှာစိုးလို့ ဒါတွေနည်းနည်း၀ယ်လာတာ"


စားပွဲတစ်ဖက်တွင်ထိုင်နေသောအမျိုးသားမှာ ၄င်းကို ကြားလျှင် အလျင်အမြန်ဆိုလာခဲ့သည်။


"ဒင်ဆမ်းလေးတွေပဲကို ငါစားချင်ရင် ကြုံသလို၀ယ်စားလိုက်မှာပေါ့..ထောင်ကျစ်ကအရမ်းတွေးလွန်းတာပဲ..ကျေးဇူးပဲရှီကျား"


ရှီကျား အပြုံးမျက်နှာကိုချိတ်ဆွဲထားဆဲပင်။


"ရပါတယ်"


ထိုအခန်းထဲတွင်ထိုင်နေကြသူ တ၀က်ခန့်မှာprogrammerများဖြစ်သည်။ သူတို့၏အသားအရည်မှာ သိပ်မကောင်းလှချေ။ သို့သော် ဇိမ်ခံစားသောက်ဆိုင်ကြီးတွင်ထိုင်လျက် သူတို့ကိုယ်သူတို့ အထက်တန်းကျကျပြုမူနေကြလေသည်။ ရှီကျားမှာ တိတ်တဆိတ်စားသောက်နေခဲ့လေသည်။ ထို့နောက်ဖုန်းကိုဖွင့်လျက် ချန်းထောင်အား အနာဂတ်တွင် ဤသို့တွေ့ဆုံပွဲမျိုးကို ဘယ်တော့မှမတက်တော့ကြောင်း စာပို့လိုက်လေသည်။


ချန်းထောင်စာမပြန်သေးချေ။ ထိုစဥ်ရှီကျားမှာ စကားသံတစ်ခုကိုကြားလိုက်ရသေည်။


"အခုသတင်းတွေကိုတွေ့ပြီးပြီလား..ကြည့်ရတာ ၀မ်ယွီက လင်ရှောင်းကိုမသတ်ခဲ့ဘူးပဲ..သူကရှေ့ရက်တွေကပဲ လွတ်လာတယ်လေ"


"တွေ့သားပဲ..ငါပြောတယ်လေ..၀မ်ယွီကဒီလောက်ကောင်းတဲ့သူကို လင်ရှောင်းကိုဘာလို့သတ်ရမှာလဲ"


"အဲတုန်းက သူလင်ရှောင်းနဲ့ လက်ထပ်သွားတော့ သူ့ဘ၀ကအဆင်ပြေတယ်ထင်ခဲ့တာ..လင်ရှောင်းကသူ့ကိုအရမ်းကြိုက်တာလေ..သူ့မိသားစုကလည်းပိုက်ဆံရှိတယ်..သူ့ကိုယူလိုက်တာက ထီပေါက်သလိုပဲမဟုတ်ဘူးလား..လင်ရှောင်းကအဲလိုအိမ်တွင်းအကြမ်းဖက်တဲ့သူလို့ ဘယ်သူထင်ထားမှာလဲ"


လူအများမှာ သက်ပြင်းချလိုက်ကြလေသည်။ 


ရုတ်ချည်းခပ်တိုးတိုးအသံတစ်ခုကဆိုလာခဲ့သည်။ 


"လင်ရှောင်းဆီမှာ နှိပ်စက်ခံရလွန်းလို့ ၀မ်ယွီက ဒေါသမထိန်းနိုင်တော့ပဲ သတ်လိုက်တာရော မဖြစ်နိုင်ဘူးလား.."


ရှီကျား၏အမူအယာမှာ အေးစက်သွားလျက် ထိုအသံလာရာကိုချက်ချင်းခေါင်းလှည့်ကြည့်လိုက်လေသည်။


ယောကျာ်း၂ယောက်နှင့် မိန်းမ၃ယောက်မှာ ထိုနေရာတွင်ထိုင်နေပြီး မည်သူက၄င်းကိုဆိုလိုက်မှန်း မပြောနိုင်ချေ။


သို့သော် သီးသန့်ခန်းထဲတွင် အသံများပို၍ ထွက်လာခဲ့လေသည်။


"အဲဒီလူသတ်သမားက အိမ်ထဲမှာပုန်းနေတယ်ဆိုတာကြီးကရော..တီဗွီဒရာမာကြီးနဲ့တူမနေဘူးလား..ငါကတော့မဖြစ်နိုင်ဘူးပဲ ခံစားရတယ်.."


"ဟုတ်တယ်..ငါမှတ်မိတာတော့ ဒုတိယနှစ်တုန်းက ၀မ်ယွီက လူသတ်တဲ့ သွေးထွက်သံယိုကားတွေကြည့်ရတာကြိုက်တယ်လေ..ကြည့်ကောင်းတယ်လို့တောင်ပြောသေးတယ်..အဲတုန်းက ငါ့မှာကြောက်လိုက်တာသေမလိုပဲ"


"ကျောင်းတုန်းကတော့ လင်ရှောင်းကမဆိုးဘူးထင်ခဲ့တာ..လင်ရှောင်းနဲ့ငါက ဘေးချင်းကပ်အခန်းဖော်တွေလေ..သူကငါတို့ကိုအမြဲစားဖို့ခေါ်ပြီး သစ္စာလည်းရှိတယ်..၀မ်ယွီကလှတာကိုး..သူ့ကိုဖောက်ပြန်နေတယ်ထင်ပြီးရိုက်တာနေမှာပေါ့..၀မ်ယွီတကယ်ဖောက်ပြန်ခဲ့တယ်ထင်လား"


“ဘယ်သိမလဲ..ရှေ့လက ငါ၀မ်ယွီmomentတင်ထားတာတွေ့တယ်..ကော်ဖီဆိုင်မှာလိုပဲ ...ဒါပေမယ့်လင်ရှောင်းနဲ့တော့မဟုတ်ဘူး..ဘယ်သူလဲတော့မသိဘူးနော် ..."


သူ၏နှလုံးသားမှာ တစထက်တစအေးစက်လာခဲ့လေသည်။


ကျက်သီးထဖွယ်အေးစက်မှုတစ်ခုကအဘက်ဘက်မှ တိုက်ခိုက်လာခဲ့လေသည်။


ဧပြီလတွင် S မြို့တော်၌ နေဦးရာသီမှာနွေးထွေးကာ ပန်းများပွင့်လန်းနေကြသည်။ သို့သော်ဤ သီးသန့်ခန်းထဲတွင် ရှီကျားမှာ သူ၏နှလုံးသားအောက်ခြေထိတိုင် အေးစက်နေခဲ့လေသည်။


စားသောက်ပြီးနောက် လျိုရန် ရောက်ရှိလာခဲ့လေသည်။ ထို့နောက် အပြုံးဖြင့် ရှီကျားအား ကာရာအိုကေခန်းသို့လိုက်မည်လားမေးခဲ့သည်။ ရှီကျားမှာ သူ၏ကုတ်ကိုဆွဲယူလျက်ပြုံးပြလိုက်လေသည်။


"တော်ပါပြီ..ဒီနေ့လုပ်စရာရှိသေးလို့..ခွင့်ပြုပါဦး"


လျိုရန်က အကြိမ်ကြိမ်ဖိတ်ခေါ်ခဲ့သော်လည်း ရှီကျားမှာ အကြိမ်ကြိမ်ငြင်းပယ်ခဲ့လေသည်။ ထိုသီးသန့်ခန်းမှထွက်လာချိန်တွင် သူ၀ယ်လာသော ဒင်ဆန်းမှာထိုအခန်းထဲတွင် သည်အတိုင်းကျန်နေခဲ့ကာ မည်သူမျှယူမသွားကြချေ။ သူ တိတ်တဆိတ်ပင် ထိုစျေးမကြီးလှသောဒင်ဆမ်းများကိုယူလျက် စားသောက်ဆိုင်မှ ထွက်လာခဲ့တော့သည်။


စားသောက်ဆိုင်အ၀င်၀တွင်ရပ်လျက် လူတိုင်းမှာ ကားယူလာသော အတန်းဖော်များကိုစောင့်နေခဲ့ကြသည်။ ထို့နောက် ကာရာအိုကေဆီမောင်းထွက်သွားခဲ့ကြလေသည်။ ရှီကျားတက္ကစီပေါ်တက်လျက် ထွက်လာခဲ့တော့သည်။


 á€žá€°á€€á€Źá€¸á€á€śá€á€Ťá€¸á€€á€­á€Żá€•á€­á€á€şá€œá€­á€Żá€€á€şá€á€ťá€­á€”á€şá€á€˝á€„á€şá€•á€„á€ş တစုံတယောက်၏စကားသံကိုကြားလိုက်ရလေသည်။


"တို့တွေ ပထမနှစ်တုန်းက ၀မ်ယွီကရှီကျားကိုစာပေးဖူးတယ်မလား..သူနဲ့ရှီကျားက တစ်မြို့ထဲမှာပဲ..သူကရှီကျားနဲ့တော့ ဇယားတွေရှိမနေလောက်ပါဘူးနော်"


ရှီကျားမှာ ထိုမရင်းနှီးသော်လည်း တချိန်တည်းတွင်ရင်းနှီးနေပြန်သော အတန်းဖော်ဆိုသူများကို အေးစက်စွာတစ်ချက်ကြည့်လိုက်လေသည်။


တက္ကစီဒရိုင်ဘာမှမေးလာခဲ့သည်။


"ဘယ်ကိုသွားမလဲ"


ကြားထဲတွင် အညိုရောင်မှန်တစ်ချပ်ခြားလျက် ရှီကျားမှာ ထိုအတန်းဖော်အုပ်စုအား စိုက်ကြည့်နေခဲ့လေသည်။ ထိုလူများမှာ သရဲများထက်ပင် ဆိုးရွားသည်ဟု သူရုတ်ချည်းခံစားလိုက်ရသည်။


တက္ကစီဒရိုင်ဘာမှနောက်တစ်ကြိမ်မေးလာခဲ့လေသည်။ ရှီကျားမှာ လေးလံစွာ သက်ပြင်းချလျက်ပြုံးလိုက်သည်။ 


"ဦးလေး ကျွန်တော် ပန်းခြံဘက်ကိုပြန်မှာပါ"


"အိုကေ"


ကားမှာထိုစားသောက်ဆိုင်ရှေ့မှာ ဖြည်းညှင်းစွာထွက်ခွာလာပြီး ရှီကျားမှာတစ်ချက်မှ လှည့်မကြည့်ခဲ့ချေ။ ချန်းထောင်အားထိုတွေ့ဆုံပွဲတွင်ဘာဖြစ်ခဲ့သည်ကိုပြောပြလိုက်လျှင် ချန်းထောင်မှာ အစက်၆စက်ပို့လာခဲ့လေသည်။ ၅မိနစ်မျှကြာပြီးနောက် ချန်းထောင်ကဆိုလာသည်။


:【 ညီကိုကျား..ငါလည်းနောင်ကျရင် မသွားတော့ဘူး..ဒီလောက်အလုပ်များတာကို အဓိပ္ပါယ်မရှိဘူး】


ရှီကျားမှာ စခရင်ပေါ်မှစာကိုဖတ်လျက် မျက်လုံးကိုမှိတ်လိုက်လေသည်။ မကြာလိုက်ခင်မှာပင် ဖုန်းထပ်မြည်လာခဲ့လေသည်။ ရှီကျားတချက်ကြည့်လိုက်သည်။ 


: 【 ညီကိုကျား ဧပြီ၃၀တောင်ရောက်တော့မယ်..ငါSမြို့ကိုပြန်လာပြီး မင်းကိုတွေ့မယ်လေ ? 】


ရှီကျား၏နှုတ်ခမ်းထောင့်တို့တွန့်ကွေးသွားခဲ့သည်။ အတော်ကြာပြီးနောက်ရှီကျားရိုးရှင်းစွာတုန့်ပြန်လိုက်သည်။


: 【 အိုကေ 】


လေးရက်မျှကြာပြီးနောက်ရှီကျားမှာ မနက်ခင်းစောစောအပြင်သို့ထွက်သွားခဲ့လေသည်။ ယဲ့ကျင်းကျီမှာ အိမ်သန့်ရှင်းရေးလုပ်နေစဥ်မှာပင် တံခါးဘလ်သံကိုကြားလိုက်ရသည်။ သူလည်းအံ့အားသင့်လျက် အိမ်တံခါးဆီလျှောက်သွားလိုက်လေသည်။ သူတံခါးကိုဖွင့်လိုက်ချိန်တွင် စျေး၀ယ်အိတ်များကိုဆွဲထားသော ဖက်တီးလေးတစ်ဦးမှာလည်း သူ့အား အံ့အားသင့်စွာကြည့်နေခဲ့လေသည်။


ချန်းထောင်မှာ ရှုပ်ထွေးစွာဆိုသည်။


"ငါအိမ်မှားလာတာလား"


ယဲ့ကျင်းကျီ သူ့အား ကြောင်တောင်တောင် စိုက်ကြည့်နေခဲ့လေသည်။ 


ချန်းထောင်မှာ နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လျက် တံခါးနံပါတ်ပြားကိုကြည့်လိုက်သည်။


"အမ်..မမှားပါဘူး..ဒါကညီကိုကျားအိမ်ပါပဲ..ဒါပေမယ့်တံခါးတော့ပြောင်းသွားသလိုပဲ"


ယဲ့ကျင်းကျီမှာ တည်ငြိမ်စွာဆိုလိုက်သည်။


"ရှီကျားကိုရှာနေတာလား"


ချန်းထောင်ခေါင်းညိတ်လိုက်သည်။


"အင်း..ဒီနေ့ ညီကိုကျားကိုလာတွေ့မယ်ပြောထားတယ်လေ"


ယံ့ကျင်းကျီငုံ့ကြည့်လိုက်သော် ချန်းထောင်၏ခြေရင်းတွင် ခရီးဆောင်အိတ်ကလေးတစ်အိတ်ကိုတွေ့လိုက်ရလေသည်။ ကြည့်ရသည်မှာတစ်နေရာရာကပြန်လာပုံပင်။


ယဲ့ကျင်းကျီကဆိုသည်။


"သူအစောကြီးအပြင်ထွက်သွားတာ"


ချန်းထောင်လည်း အိတ်ကိုဆွဲလျက်၀င်လာခဲ့လေသည်။ ၄င်းကိုကြားသော် သူ၏လက်ထဲမှ စျေး၀ယ်အိတ်များကိုချလျက်ဆိုသည်။


"သြော် အပြင်ထွက်သွားပြီကို"


ဂျိန်း..


အိမ်အပြင်မှ မိုးခြိမ်းသံတစ်ခုကိုကြားလိုက်ရလေသည်။ ယဲ့ကျင်းကျီအပြင်ကိုလှမ်းကြည့်လိုက်လျှင် မိုးအသည်းအသန်စရွာလာသည်ကိုသာတွေ့လိုက်ရတော့သည်။ ပြင်းထန်သောမိုးမှာ Sမြို့အား ရေပေါ်မြို့တော်အဖြစ်ပြောင်းလဲပစ်လိုက်လေသည်။


ကောင်းကင်မှာ ရုတ်ချည်းမည်းမှောင်သွားခဲ့ကာ ကမ္ဘာကြီးတစ်ခုလုံးတိတ်ဆိတ်သွားခဲ့လေသည်။


ဧပြီလတွင်Sမြို့တော်၌ ဤသို့ပြင်းထန်သောမိုးမျိုးအလွန်ရှားပါးလေသည်။ လမ်းပေါ်တွင်လူအများမှာ မိုးခိုရန်နေရာများကို အပြေးအလွှားရှာဖွေနေခဲ့ကြလေသည်။ တက္ကစီတစ်စီးမှာ မြို့ထဲမှ လျှင်မြန်စွာထွက်ခွာလာခဲ့သည်။ မြို့ပြင်မှ သင်္ချိုင်းသို့ရောက်ချိန်တွင် ပဲသီးတစ်လုံးအရွယ်မိုးသီးမိုးပေါက်များကျဆင်းနေခဲ့လေသည်။


ရှီကျားမှာ တက္ကစီဒရိုင်ဘာအား ပိုက်ဆံပေးလိုက်ကာ ထီးကိုဖွင့်ဆောင်းလျက် သင်္ချိုင်းထဲသို့၀င်လာခဲ့လေသည်။


မိုးစက်များမှာ သူ၏ထီးမျက်နှာပြင်မှတဆင့်စီးကျသွားလျက် တပေါက်ပေါက်အသံများမြည်နေခဲ့လေသည်။ ဆံပင်နက်တို့နှင့်လူရွယ်လေးမှာ သင်္ချိုင်းအစောင့်အား ရည်မွန်စွာနှုတ်ဆက်လိုက်လေသည်။ ထို့နောက် သူသည်အနက်ဆုံးအပိုင်းထံသို့ တိုက်ရိုက်ပင်၀င်လာခဲ့လေသည်။ ရှီကျားမှာ အုတ်ဂူလေးတစ်ခုရှေ့တွင် ဒူးထောက်ချလျက်၄င်းပေါ်မှ မိုးရည်များကို ဖယ်ချနေခဲ့သည်။


သည်းထန်စွာရွာသွန်းနေသောမိုးအောက်တွင် ထိုသင်္ချိုင်းထဲ၌ ရှီကျားတစ်ယောက်တည်းသာရှိနေခဲ့လေသည်။ 


သူသည် ထိုအုတ်ဂူလေးအား စိတ်ရှည်လက်ရှည်သန့်ရှင်းပေးနေခဲ့လေသည်။ မိုးကပြင်းထန်လွန်းနေသည်။ သူသည်ထီးကိုရှေ့သို့ငိုက်လျက် အုတ်ဂူလေးကို မိုးထားပေးလိုက်လေသည်။ သူ၏ကျောပြင်မှာမူ မိုးရည်စက်များဖြင့် စိုရွှဲလာလေတော့သည်။


ရိုးရှင်းသော အဖြူရောင်ဂန္ဓမာတစ်ပွင့်နှင့် စတိုးဆိုင်လေးမှ ရိုးရိုးကိတ်မုန့်လေးတစ်ဘူး..


ရှီကျားမှာ ၄င်းတို့ကို အုတ်ဂူလေးပေါ်တင်လိုက်လေသည်။ ထို့နောက် ခေါင်းကိုမော့လျက် အဖြူအမည်းဓါတ်ပုံအား ပြုံးလျက်ကြည့်နေခဲ့လေသည်။


"ပါး..ကျွန်တော့်ပါးကိုတွေ့ဖို့ရောက်နေတယ်..ဒီနေ့မိုးအရမ်းသည်းတာပဲ..လွန်ခဲ့တဲ့၆နှစ်တုန်းကလည်း ဒီလိုအသည်းအသန်ရွာတာပဲနော်..ကျွန်တော်ပါးကြိုက်တဲ့ကိတ်၀ယ်လာတယ်..ကျွန်တော်တို့မိသားစုကမဆင်းရဲတော့ဘူး ကျွန်တော်ပါးကို ပိုကောင်းတာတွေ၀ယ်ကျွေးနိုင်ပြီ..ဒါပေမယ့်ပါးကကျွန်တော့်ကိုတွေ့ဖို့ပြန်မလာတော့ဘူး..ကျွန်တော်ပါးဘာကြိုက်သလဲတောင် မသိရတော့ဘူး"


မိုးစက်ကလေးတစ်စက်မှာ လေနှင့်အတူလွင့်လျက် အဖြူအမည်းဓါတ်ပုံကိုလာစင်ခဲ့လေသည်။ ရှီကျားမှာ လက်ကိုင်ပု၀ါကိုမြှောက်လျက် ဂရုတစိုက်သုတ်ဖယ်လိုက်လေသည်။


"မနှစ်ကပါးကိုလာတွေ့တုန်းက ကျွန်တော်ဘွဲ့တောင်မရသေးဘူး..ဒီနှစ်တော့ဘွဲ့ရပြီ..ပြီးတော့ ကျွန်တော့်အထင်တော့ သိပ်မဆိုးတဲ့အလုပ်တစ်ခုအခုရထားတယ်..သြော် ဟုတ်သား အဲဒီဆရာပေးခဲ့တဲ့ကျောက်က မောက်ထိုင်ကျောက်လို့ခေါ်တယ်တဲ့..အခုတလောကျွန်တော်စိတ်၀င်စားစရာတွေအများကြီး တွေ့ရကြုံရတယ် .ပါးကိုပြောပြမယ်"


မိုးစက်များအဆက်မပျက်ကျဆင်းနေသံက ရှီကျား၏အသံကိုဖုံးလွှမ်းနေခဲ့လေသည်။ လူရွယ်လေး၏နှုတ်ခမ်းထောင့်တို့မှာတွန့်ကွေးလျက် သူကြုံတွေ့ခဲ့ရသမျှကိုပြောပြနေခဲ့လေသည်။


သူမ၏သားအတွက် အသားကိုလှီးကာ ၀ိညာဥ်ကိုချည်နှောင်ပေးခဲ့သော မိခင်.. အန်တီတို့မိသားစုကြုံခဲ့ရသော ကိုယ်တုမိစ္ဆာ.. လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ကျော်မှ ပထမချင်အင်ပါယာ၏သင်္ချိုင်းဂူ..ကျိရင် နှင့် ပထမအင်ပါယာ ထို့နောက် လွန်ခဲ့သောရက်ပိုင်းမှဖြစ်ပျက်ခဲ့သော ချိုးဟူ၏ အဆိပ်ပြင်းအမျိုးသမီး လူသတ်မှု..


"ပြီးခဲ့တဲ့၂လမှာကျွန်တော်တစ်ခါမှမမြင်ဖူးတဲ့ ကမ္ဘာသစ်ကြီးကိုမြင်ခဲ့ရတယ်..ကျွန်တော်ငယ်ငယ်တုန်းက ပါးကျွန်တော်ကို အဲဒီဆရာသခင်တွေကိုရှာဖို့ အမြဲခေါ်သွားခဲ့တာ..လွန်ခဲ့တဲ့၂လမှာ ကျွန်တော်အဲဒီဆရာသခင်တွေအများကြီးပဲတွေ့ခဲ့ရတယ်.. ကျွန်တော့်ယင်စွမ်းအင်ကိုဖိနှိပ်ထားဖို့နည်းလမ်းလည်းရှိနေပြီ..ဒါကိုကြည့်..ကျောက်မဟုတ်ဘူး..ပျံလွန်တော်မူသွားတဲ့ ဆရာတော်တစ်ပါးလုပ်ခဲ့တဲ့ ဗုဒ္ဓအဆောင်လေးပဲ..ကျွန်တေည်လူတွေအများကြီးနဲ့ဆုံခဲ့တယ်..တချို့ကအားကိုးလို့မရပဲပေါ့ပျက်ပျက်နိုင်ပေမယ့်..သူတို့လူကောင်းတွေပဲ..တချို့ကတကယ်ပဲ အရမ်းကောင်းလွန်းတယ်..ကျွန်တော့်ကိုကူညီပေးခဲ့တဲ့တစ်ယောက်က ယဲ့ကျင်းကျီတဲ့"


Sမြို့တော် အိမ်ယာ၀န်းတစ်ခုအတွင်းတွင် ဆရာယဲ့မှာ ချက်ပြုတ်ခြင်း၌အာရုံစိုက်နေစဥ် ရှီကျားမှာသူ၏အမည်ကိုရုတ်တရက်ခေါ်လာသည်ကိုကြားလိုက်ရလေသည်။ သူ၏ဟင်းသီးဟင်းရွက်များဆေးကြောနေသောလက်များမှာရုတ်ချည်းတန့်သွားခဲ့ကာ အပြုံးရိပ်သဲ့သဲ့စွက်နေသော အသံလေးမှာ သူ၏နားထဲသို့၀င်ရောက်လာခဲ့လေသည်။


"ဆရာယဲ့ကလူကောင်းပဲ..သိပ်ကောင်းလွန်းတယ်..ကျွန်တော်တို့စတွေ့တုန်းက ကျွန်တော့်ယင်စွမ်းအင်ကိုဖိနှိပ်ဖို့အတွက် သူ့မှော်ရတနာကိုငှားပေးခဲ့တယ်..ပြီးတော့ကျွန်တော့်အတွက် ဒီအဆောင်ကိုလည်းရှာပေးခဲ့သေးတယ်..ကျွန်တော်တစ်ယောက်ဆီကကြားတာတော့ ရွှမ်းရွှယ်လောကက လူတွေကဆရာယဲ့ကို သိပ်ဂရုမစိုက်ကြဘူးတဲ့..သူတို့ကဆရာယဲ့ကိုနည်းနည်းကြောက်ကြလို့ဖြစ်မယ်..ဆရာယဲ့ကတကယ်တော့ သိပ်ဖြူစင်လွန်းတယ်..တကယ့်ကိုကောင်းလွန်းတာပါ"


ချီးကျူးခံနေရသောဆရာယဲ့၏ မျက်နှာနှင့်နားရွက်တို့မှာ နီရဲလာခဲ့တော့သည်။ သူက အလျင်အမြန်ပင် အသီးအရွက်များဆေးကြောခြင်းကိုအရှိန်မြှင့်လိုက်လေသည်။ မကြာလိုက်ခင်မှာပင် သူသည် ရှီကျားက သရုပ်ဆောင်ခြင်းနှင့်ပတ်သက်သည်တို့ကိုပြောနေသည်အား ကြားလိုက်ရလေသည်။ ယဲ့ကျင်းကျီမှာ လျင်မြန်စွာပင် သူ၏အသိစိတ်ကို ရှီကျားထံမှ ဖယ်ရှားလိုက်လေသည်။


ဆရာတစ်ချိန်ကပြောခဲ့ဖူးသည်မှာ ဇနီးမှမပြောလိုသောအကြောင်းအရာများကို မိမိမှာခိုးနားမထောင်သင့်ကြောင်း ဇနီးမှာလွန်စွာစိတ်ဆိုးလိမ့်မည်ဟူ၍ပင်။


လူသူကင်းမဲ့သော သင်္ချိုင်းထဲတွင် ရှီကျားမှာ အုတ်ဂူတစ်ခုဘေးတွင်ထိုင်လျက် ပြုံးရွှင်စွာ စကားဆိုနေခဲ့သည်။ မိုးနှင့်တိမ်တိုက်များ ပြိုကွဲသွားခဲ့သည်မှာကြာလေပြီ။ သည်းထန်သောမိုးတိတ်သွားပြီးနောက် တောက်ပသော နေရောင်မှာ ကုန်းမြေအပေါ်ဖြာကျလျက် အရာရာတိုင်းမှာ အသက်၀င်လာခဲ့လေသည်။ နွေဦးရာသီရောက်ရှိလာပြီဖြစ်သည်။


သူ၏နောက်ဆုံးသရုပ်ဆောင်ခဲ့သော ဇာတ်လမ်းအကြောင်းကိုပြောပြီးနောက် ရှီကျားမှာ အုတ်ဂူပေါ်မှ ဓါတ်ပုံကိုကြည့်လျက် တိတ်ဆိတ်သွားခဲ့လေသည်။ သူသည် အနက်ရောင်ထီးကိုကိုင်ထားဆဲဖြစ်ကာ အုတ်ဂူပေါ်မိုးထားပေးဆဲဖြစ်သည်။ သူသည်ခေါင်းငုံ့လျက်သား အချိန်အတော်ကြာငေးစိုက်ကြည့်နေခဲ့လေသည်။


ရုတ်ချည်းဆိုသလိုပင် လူရွယ်လေးသည်သူ၏ခေါင်းကိုအုတ်ဂူပေါ်သို့ အညှာအတာမဲ့စွာဆောင့်ချလိုက်လေသည်။ 


"ပါး..ပါး..ကျွန်တော်သာ ရွှမ်းရွှယ်လောကအကြောင်းစောစောသိခဲ့ရင်..ဆရာယဲ့နဲ့ ဖေးယွီကိုသာစောစောတွေ့ခဲ့ရရင်..ပါးအသက်ရှင်နေဦးမှာလား..ပါးကျွန်တော့်ကိုပြောပါ.."


"ပါး..ကျွန်တော့်ကြောင့်..ကျွန်တော့်ကြောင့် မသေခဲ့လောက်ဘူးမလား.."


မျက်ရည်စက်များမှာသူ၏ပါးပြင်မှာဖြည်းညှင်းစွာစီးကျလာခဲ့လေသည်။ နေသာသော နွေဦးရက်ကလေးတွင် မိုးသည်တိတ်သွားခဲ့ပြီးဖြစ်သော်လည်း မျက်ရည်များကတော့ဆက်လက်စီးဆင်းနေခဲ့လေသည်။



👻