Chapter 16
Viewers 2k

လန်စီ ကြောက်လန့်တကြားဖြစ်သွားကာ ချွေးအေးများပင် ထွက်လာသည်။ သူ ပင်လယ်ပြင်ပေါ်ကို ထွက်လာမိတဲ့ ပထမဆုံးအကြိမ်အဖြစ် လူမြင်သွားမယ်မှန်း မျှော်လင့်မထားခဲ့ပေ။

 

အနက်ရောင်မုန်တိုင်း ပြီးသွားတာတောင် ပင်လယ်ပေါ်မှာ ဘာလို့ လူတွေ ရှိနေသေးတာလဲ?

 

အခုလောလောဆယ် လန်စီ့ စိတ်ခံစားချက်များ ရောထွေးနေလျက်ရှိသည်။ သူ အမြှီးကို ဟိုသည် ယမ်းခတ်လိုက်ကာ ရေထဲ၌ နိမ့်ချည် မြင့်ချည်ဖြင့် ကူးခတ်သွားလိုက်သည်။

 

လန်စီ သူဘာလို့ ရေသူတစ်ကောင် ဖြစ်လာရသလဲ ဆိုသည့်မေးခွန်းနှင့် ပတ်သက်ပြီး ကုန်းပေါ်သို့သွားကာ စုံစမ်းချင်သည်။ ထို့အတူ ဖြစ်နိုင်လျှင် သူ့အရင် လူသားဘဝအတိုင်းပဲ ဆက်နေချင်သေးသည်။

 

ဥပမာပြောရလျှင် မြေပြင်ပေါ် လမ်းလျှောက်ကာ ချက်ပြုတ်ထားသောအစားအစာမျိုးကို စားသောက်နေရတာမျိုးပေါ့။ အကောင်းဆုံးကတော့ ငါးကင် ပင် ။

 

သို့သော်လည်း လန်စီက ငတုံးတစ်ယောက် မဟုတ်သည့်အတွက် သူ့ကိုသာ အခြားလူများ မြင်သွားပါလျှင် ဖြစ်လာမည့် အကျိုးဆက်များကို မှန်းဆကြည့်ဖို့ တောင် မရဲပါပေ။

 

ငါးပြတိုက်တွင် အိမ်မွေးတိရစ္ဆာန် တစ်ကောင်လို မွေးမြူထားတာမျိုးလည်း ဖြစ်နိုင်သလို သုတေသနဌာနတွင် စမ်းသပ်ခံ ပစ္စည်းတစ်ခုအဖြစ် ခွဲစိတ်စစ်ဆေးခံရတာမျိုးလည်း ဖြစ်နိုင်သည်။ ဘယ်လိုရလဒ်မျိုးပဲ ဖြစ်လာပါစေ လန်စီကတော့ ထိုကဲ့သို့အဖြစ်မျိုးကို မကြုံချင်ပေ။

 

ထိုသို့တွေးမိတဲ့နောက် လန်စီ စိတ်ညှိုးရော်သွားကာ အမြှီးကို လှုပ်ယမ်းလိုက်ပြီး ရေနက်ပိုင်းထဲကို ငုပ်လျှိုးသွားဖို့ ပြင်လိုက်သည်။

 

သူ့ခန္ဓာကိုယ်ကို လှည့်လိုက်တဲ့အချိန်မှာပဲ သီချင်းသံတစ်ခုက နားထဲသို့ ဝင်ရောက်လာသည်။ သီချင်းဆိုသံမှာ ပြတ်တောင်းပြတ်တောင်း ဖြစ်နေပါသော်လည်း သံစဉ်မှာတော့ သူ ဆိုခဲ့သည့် သံစဉ်အတိအကျ ပင်။

 

လန်စီ အနည်းငယ် တုန့်ဆိုင်းနေပြီးတဲ့နောက် အံတင်းတင်းကြိတ်ကာ တိတ်တဆိတ် ရေကူးသွားလိုက်ပြီး သူ့မျက်နှာတစ်ဝက်ကို ရေမျက်နှာပြင်ပေါ်တွင် ဖော်ထားကာ သီချင်းသံထွက်လာသောနေရာဘက်ကို ဂရုတစိုက်ကြည့်နေခဲ့၏။

 

ထိုအခိုက်မှာပဲ ပင်လယ်ပေါ်တွင် မြောနေသော အသက်ကယ်လှေတစ်စင်းကို သူတွေ့လိုက်ရသည်။

 

လှေငယ်လေးသည် ပင်လယ်ရေလှိုင်းများ အတိုင်း နိမ့်ချည်မြင့်ချည် မြောပါနေခဲ့ပြီး မသိလျှင် ခဏအကြာ၌ ထိုပင်လယ်လှိုင်းလုံးကြီးများ၏ ဖုံးအုပ်ခြင်းကို ခံရတော့မည့်အတိုင်းပင်။

 

လှေပေါ်တွင် မတ်တပ်ရပ်နေသော အနက်ရောင်ဆံပင်များနှင့်လူငယ်လေးတစ်ဦးလည်းရှိနေခဲ့ပါ၏။ သူက လှေရဲ့အနားများကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားကာ သူ့မျက်နှာမှာလည်း ဖျော့တော့နေပြီး အဝတ်အစားများမှာ မသေမသပ် ပွရွဲနေသည်။ ထိုသူက လန်စီရှိနေသောဘက်ကို ပြင်းပြသော စူးနစ်နစ်အကြည့်များဖြင့် ငေးကြည့်နေခဲ့ပြီး လန်စီအရင်က သီဆိုခဲ့သော သီချင်းကို ညည်းဆိုနေခဲ့လေသည်။

 

လန်စီ ပင်လယ်ပေါ်ကို ကိုယ်ယောင်ပြလိုက်သည့်အခိုက်မှာပဲ ထိုအနက်ရောင်ဆံပင်များနှင့် အမျိုးသား အကြည့်တွေက လန်စီ့အပေါ်သာ မြဲမြံနေခဲ့ပြီး ပြုံးပြလာသည်။

 

လန်စီ ပင်လယ်ထဲကို ပြန်ဆင်းပုန်းလိုက်သည်။

ဘာလို့ အဲ့ဒီလူက သူ့ကို ရှာနေတယ်လို့ ခံစားနေမိရတာပါလိမ့်?

 

ထိုအခိုက်မှာပဲ သူ့နှာခေါင်းဖျားကနေ ကွတ်ကီးအနံ့ကို ရုတ်တရက်ကြီး ရသွားသည်။

 

ကြည့်ရတာ အမဲသားအရသာဖြစ်သည့်ပုံပင်။

 

*ဂွီ*

 

လန်စီ ရုတ်တရက်ပင် ဆာလောင်လာခဲ့ပြီး အသက်ကယ်လှေလေး မြောနေသည့်ဘက်ကို သတိလက်လွတ် တိုးသွားလိုက်ပြီးကာမှ ချက်ချင်းပင် ရပ်တန့်လိုက်သည်။

 

လန်စီ ဘာတွေဖြစ်နေသလဲဆိုတာ အခုမှပဲ သေချာစဉ်းစားရတော့သည်။

 

မတိုင်ခင်က ဖြစ်ပွားသွားသော ပြင်းထန်သည့် အနက်ရောင်မုန်တိုင်းအကြောင်း စဉ်းစားမိသည့်အခါ လန်စီ ထိုအသက်ကယ်လှေ ပေါ်လာရသည့် အကြောင်းရင်းကို အနည်းငယ်တော့ မှန်းဆမိပါ၏။

 

ဒီအခြေအနေမှာဆို သင်္ဘောပေါ်မှ အသက်ရှင်ကျန်ခဲ့သူများသာဖြစ်ပေလိမ့်မည်။

 

လန်စီ ခဏလောက်တိတ်ဆိတ်နေခဲ့ပြီး ရွေးချယ်စရာမရှိ လှည့်သွားကာ ချက်ချင်းပင် ထိုနေရာကနေ ထွက်ခွာလာခဲ့တော့သည်။

အတွင်းစိတ်ထဲမှာ လူသားတစ်ယောက်‌ ဖြစ်နေသေးသည့်အတွက် လူတွေကို မစွန့်ပစ်‌နိုင်ပေ။ ထို့အတွက်ကြောင့် သူ ထိုနေရာကနေ လှည့်ထွက်လာခဲ့သည်။

 

ပင်လယ်ပြင်ပေါ်တွင် လူသားများသည် သူတို့ကိုယ်သူတို့ ကယ်တင်ရန် မလုပ်ဆောင်နိုင်ကြပါပေ။ ရေမရှိတဲ့ပြဿနာကို အသာထားလိုက်ရင်တောင် ပင်လယ်ထဲတွင် ဦးတည်ချက်မရှိ လွင့်မြောနေမည့် အသက်ကယ်လှေပေါ်မှ လူများသည် မကြာမီတွင် ဆာလောင်ပြီး သေသွားလိမ့်မည်။

 

သူ့ရဲ့သနားကြင်နာတတ်သော ကရုဏာတရားဖြင့် သူ ထိုနေရာမှ ကူးထွက်လာခဲ့၏။ သို့သော်ငြား သူအရှုံးမပေးပါဘဲ အနီးအနားတွင် ကျွန်းတစ်ကျွန်းလောက်ရှိမလားဆိုသည်ကို ရှာဖွေနေခဲ့သည်။

 

_

 

ဝမ်ယုသည် သင်္ဘော၏ထိပ်ဦးပိုင်း‌တွင် မတ်တပ်ရပ်နေခဲ့ပါ၏။ ရေသူထီးလေး ရေပြင်ပေါ် ပေါ်လာပြီးနောက် သူ့ဘက်ကို တိတ်တိတ်လေးလှမ်းကြည့်နေတာကို သိသည့်အတွက် သူပြန်လှမ်းကြည့်လိုက်သည့်အခါ ရေသူထီးလေးမှာ ချက်ချင်းပင် လှည့်ထွက်သွားခဲ့လေ၏။

 

ဒီလို သတိကြီးကြီးထားတတ်မှုလေးက ဝမ်ယုကို စိတ်အနှောင့်အယှက်ဖြစ်မသွားစေဘဲ သူ့မျက်ဝန်းများထဲတွင် အပြုံးများဖြင့် ပြည့်နှက်သွားခဲ့သည်။ ထိုရေသူထီးလေးက မှန်ကန်သည့်လမ်းကို ရွေးချယ်သွားမှန်း သူသိ လေသည်။

 

ဝမ်ယု၏နောက်တွင်တော့ အနီရောင်ဆံပင်များနှင့် လူငယ်လေးသည် ဘာမှမရှိတော့သော မုန့်ထုပ်အခွံကို လွှင့်ပစ်ကာ မျက်မှောင်ကျုံ့ပြီး ပြောလာလေ၏။

 

"ဘော့စ် ဖြုန်းတီးလိုက်မိပြီ"

 

ဝမ်ယု ဘာမှမပြောဘဲ ထိုင်ချလိုက်သည်။

 

ရို့စ် သင်္ဘောရဲ့ အရိပ်ကျတဲ့နေရာမှာ ပုံးကွယ်နေတဲ့လှော်တက်ကို ရှာတွေ့သွား၏။ ထို့နောက် လှော်တက်ကို ယူကာ ဝမ်ယုကို လှမ်းပေးလိုက်သည်။ ဝမ်ယုရဲ့နံဘေးတွင် ထိုင်နေသော ကားလ်မှာ စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။

 

"ဗိုလ်မှူး ခုလေးတင် ဆိုလိုက်တဲ့သီချင်းက ဘာလဲ"

 

ဝမ်ယု လှော်တက်ကိုလှမ်းယူလိုက်ပြီး သူ့ဘေးနားတွင် ချထားလိုက်ကာ သူ့ကိုယ်သူ ပြန်ပြောနေသကဲ့သို့ ရှင်းပြလေ၏။

 

"ရေသူတွေက သီချင်းဆိုရတာ ကြိုက်တယ်လို့ကြားဖူးတယ် ပြီးတော့ သူတို့အသံကလည်း အရမ်း နားထောင်ကောင်းတယ်တဲ့"

 

ကားလ် တိတ်တဆိတ်နဲ့ မျက်ဆံတွေ လှိမ့်လိုက်ပြီး လှော်တက်ကို ဆွဲယူလိုက်ကာ ဝမ်ယု ဦးနှောက်က နေရောကောင်းရဲ့လားလို့ တွေးလိုက်သည်။ ထို့နောက် သိချင်စိတ်ဖြင့်

 

"အဲ့တာဆို ဘော့စ် အခုလေးတင် ရေသူတစ်ကောင်ကို တွေ့လိုက်လို့လား"

 

ဝမ်ယု ခေါင်းကိုမော့ကာ ကားလ်ကို နားမလည်နိုင်သော အကြည့်ဖြင့် ကြည့်နေပြီး ခေါင်းလည်းမခါသလို ခေါင်းလည်းညိတ်မပြခဲ့ပေ။

 

"တော်လောက်ပြီ ရှင်တို့ကိုယ်ရှင်တို့ 'ပင်လယ်ပြင်ရဲ့သမီးတော်(Little Mermaid)' ပြဇာတ်ကို ရောက်နေတယ်များ ထင်နေတာလား"

 

ရို့စ်တစ်ယောက်ခမျာ အကူအညီမဲ့နေရပြီး မကျေမနပ်ဖြင့် ပြောလိုက်သည်။

 

"ကိုယ့်ကိုယ်ကိုပဲ အရင်ကယ်ကြရအောင် ဟုတ်ပြီလား"

 

"ပြောတာပဲ"

ကားလ်က ဆက်ပြောလိုက်၏။

 

"ငါတို့အခု ဘယ်ရောက်နေမှန်းတောင် မသိဘူးလေ  လှော်တော့ လှော်နေတာပဲ တော်ကြာ ကမ်းခြေနဲ့ ပိုဝေးသထက်ဝေးတဲ့နေရာကို လှော်နေတာဆို ဘယ်လိုလုပ်မလဲ"

 

ရို့စ်ခမျာ ဘာမှဆက်မပြောနိုင်ပဲ နင်သွားရကာ ကားလ်ကို ဒေါသတကြီးဖြင့်သာ စိုက်ကြည့်လိုက်နိုင်တော့သည်။

 

" ဒီနေ့ညအထိတော့ စောင့်လိုက်ဦး"

 

ဝမ်ယုပြောလိုက်သည်။

 

"အရင်ဆုံး ကြယ်တွေ ကြည့်ပြီး ဘယ်နေရာရောက်နေလဲဆုံးဖြတ်ရမယ် မလှော်ခင် ဘယ်ဘက်ကို ရောက်နေတာလဲဆိုတာ သိဖို့စောင့်မှရမယ်။ အခုတော့ ရှိသမျှအင်အားသုံးပြီး လှေပေါ်မှာ ဘာတွေ့မလဲ ရှာကြတာပေါ့။ အရေးကြီးဆုံးအချက်က ငါတို့အခြေအနေကို သေချာနားလည်ထားဖို့ပဲ"

 

ကျန်နှစ်ယောက်မှာ ခေါင်းငြိမ့်ပြ၍ စတင်လုပ်ဆောင်ကြတော့သည်။

 

ဝမ်ယုကတော့ နေရာမှာပင် ထိုင်နေလျက် စောနက ရေသူထီးလေး‌ရှိနေခဲ့သောနေရာကို တစ်ချက် လှမ်းကြည့်လိုက်သေးသည်။

 

ရေသူလေးသည် သူတို့ကို ဒီတိုင်းထားခဲ့တာ မဟုတ်ဟု သူ့မသိစိတ်က သိနေသည်။

 

အမှန်ဆိုလဲ လန်စီ သူတို့ကို ဒီတိုင်းထားခဲ့တာ မဟုတ်ပေ။

သူ ပင်လယ်ထဲတွင် အသည်းအသန်ကြိုးစားကာ ကျွန်းတစ်ခုကို ရှာဖွေနေခဲ့ခြင်းဖြစ်၏။

 

သူရှာတွေ့သွားသည့်ကျွန်းမှာ အလွန်ကိုကြီးမားလှသည့်အပြင် မည်သူမှလည်း ရှိမနေခဲ့ပေ။ ကျွန်း၏နေရာကို မှတ်သားပြီးသည့်နောက် သူအမြန်ပြန်သွားခဲ့၏။

 

ငါးပေါက်လေးခမျာ အရမ်းကို ပင်ပန်းနေရလေသည်။

 

လန်စီ ပင်လယ်ပြင်ပေါ်တွင် မြောနေသော အသက်ကယ်လှေကို ပြန်ရှာတွေ့သည့်အချိန်တွင် ညဘက် နောက်ကျသည့် အချိန်ဖြစ်နေပြီဖြစ်၏။

 

ကောင်းကင်ယံတွင် ကြယ်တာရာများနှင့် ပြည့်နှက်နေကာ အဖြူရောင် နဂါးငွေ့တန်းတစ်ခုသည်လည်း ‌အနက်ရောင်ကောင်းကင်ပေါ်တွင် ဖြတ်သန်း‌နေလျက်ရှိ၏။

 

လန်စီ ပင်လယ်ထဲတွင် တိတ်တဆိတ်ကူးခတ်လာရင်း သူ့ခေါင်းပေါ်ရှိ ကောင်းကင်ယံကို မော့ကြည့်လိုက်သည့်အခါတွင် နှလုံးသားတစ်ခုလုံး အေးချမ်းငြိမ်သက်ခြင်းများဖြင့် ပြည့်လျှံသွားရတော့သည်။

 

ကြယ်များ ပြန့်ကျဲနေသော ကောင်းကင်ယံသည် သူမြင်ခဲ့ဖူးသော ကောင်းကင်ယံများထက် ပိုမိုလှပနေခဲ့၏။ ထို့ပြင် နဂါးငွေ့တန်းကိုလည်း ဤမျှလောက် တစ်ခါမှ ရှင်းရှင်းလင်းလင်း မမြင်ဖူးခဲ့ပါချေ။

 

ကမ္ဘာပေါ်ရှိ လူသားများ၏ထူထပ်သိပ်သည်းနေမှုသည် ညကောင်းကင်ကို မြင်နိုင်ဖို့ရာအတွက် အလွန် ဈေးကြီးပေးရသော အရာတစ်ခုလို ပင်။ လန်စီ၏မှတ်ဉာဏ်များထဲတွင် မြို့ပြ၏ညကောင်းကင်သည် ကြယ်များ ဟိုတစ်စ ဒီတစ်စပြန့်ကျဲနေရုံသာ ရှိသည်။ သူအပျော်စီးသင်္ဘောပေါ်ကို ရောက်လာတုန်းကတော့ ကုန်းပတ်ပေါ်မှနေ၍ မော့ကြည့်ခဲ့ရသော ည‌ကောင်းကင်ယံတွင် နဂါးငွေ့တန်းများကိုတောင် မမြင်ဖူးခဲ့ပါချေ။

 

ဤပြောင်းလဲမှုသည် လူ့အဖွဲ့အစည်း၌ ဖြစ်ပျက်နေသည့်အရာများကို ညွှန်ပြနေသည်လား?

 

လန်စီ ထိုမေးခွန်းကို သံသယဖြစ်စွာ တွေးတောနေခဲ့လေ၏။ အဝေးရှိ အသက်ကယ်လှေပေါ်တွင်တော့ ဘာအသံမှ မကြားရပါချေ။ လန်စီ ပင်လယ်ထဲမှနေ၍ ထို‌လှေပေါ်မှ လှုပ်ရှားမှုများကို တိတ်တိတ်ကလေး စောင့်ကြည့်နေခဲ့လေသည်။

 

သူ့လက်ထဲက ငါးအသားတုံးများကိုစားကာ ဗိုက်ဖြည့်ပြီးသည့်နောက်တွင် လန်စီ အသက်ကယ်လှေနားကို တဖြည်းဖြည်းချဉ်းကပ်သွားကာ သူ့ခေါင်းလေးကို ရေပေါ်ဖော်၍ တစ်ချက်ကြည့်လိုက်၏။

 

အသက်ကယ်လှေထဲတွင် လူသုံးယောက်ရှိနေခဲ့သည်။ သူတို့ပုံစံများမှာ အလွန်ကို ပင်ပန်းနေကြသည့်ပုံဖြစ်ပြီး မျက်လုံးများကိုမှိတ်၍ အကန့်လေးထဲတွင် လဲလျောင်းကာ အိပ်ပျော်နေကြလေသည်။

 

လန်စီ စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်၏။ လန်စီ လှေ၏ပဲ့ကိုင်သည့်နေရာနားကို တိတ်တဆိတ်တိုးသွားလိုက်ကာ လှေ၏ဦးတည်ရာကို လူမနေသည့် ကျွန်းဘက်သို့ ပြောင်းရန်လုပ်လိုက်သည်။

 

မမျှော်လင့်ထားစွာဖြင့် လန်စီပဲ့ကို ဦးတည်ရာပြောင်းရန် အရေပြားတွဲဆက်နေသော လက်ချောင်းများရှိသည့်လက်ဖြင့် ခက်ခက်ခဲခဲတွန်းနေစဉ်တွင် နွေးထွေးသော လက်ဖဝါးတစ်ဖက်က ရုတ်တရက်ကြီး သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လာ၏။

 

"ကာ့"

 

လန်စီအလွန်ပင် ထိတ်လန့်သွားရ၏။ သူမော့ကြည့်လိုက်သည့်အခါတွင် စောနတုန်းကမှ အိပ်ပျော်နေခဲ့သော အနက်ရောင်ဆံပင်များနှင့်လူသည် ဘယ်အချိန် နိုးလာခဲ့မှန်းမသိလိုက်ရဘဲ သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ ပြုံးပြနေသည်ကို တွေ့လိုက်ရ၏။

 

"ငါးပေါက်လေး"

 

သေစမ်း၊ ဖမ်းမိသွားပြီ။

 

လန်စီ ကြောက်လန့်တကြားဖြင့် သူ့ပါးစပ်များကို ဖွင့်လိုက်သည်။ သူထိုအမျိုးသားကို  ဆွဲကိုက်ဖို့ ကြိုးစားလိုက်သည့်အချိန်မှာပဲ ထိုဆံပင်အနက်ရောင်များနှင့်လူသည် သူထိုသို့ပြုလုပ်မည်ကို သိရှိနေသည့်အလား ပလတ်စတစ်အိတ်တစ်လုံးကို သူ့ပါးစပ်ထဲသို့ ထိုးထည့်လိုက်လေသည်။

 

လန်စီ : "...."

 

သူ ပါးစပ်ထဲက ပလတ်စတစ်အိတ်ကိုသာ ကိုက်ထားရကာ ကြောင်အနေမိသည်။

 

"မင်း ကိုယ်ပြောတာ နားလည်လား"

 

ထိုအမျိုးသားက သူ့ကိုလွှတ်မပေးခဲ့ပါဘဲ အပြုံးတစ်ခုနှင့် ဆက်ပြောလာသည်။

 

"ကိုယ် ဘာမှမလုပ်ပါဘူး"

 

သူလန်စီ့ကို နူးညံ့ပျော့ပြောင်းသော မျက်ဝန်းများဖြင့် ကြည့်ကာ ပြောလိုက်သည်။

 

"မင်း ကိုယ်တို့ကို ကယ်ပေးဖို့လုပ်နေတာလား ကျေးဇူးတင်ပါတယ်"

 

လန်စီ : "...."

 

သူ ထိုအမျိုးသား‌အား စိတ်ရှုပ်စွာ ငေးကြည့် လိုက်ကာ အရူးလုပ်ရန် ကြိုးစားလိုက်သည်။

 

"ကိုယ့်နာမည်က ဝမ်ယု မင်းမှာရော နာမည်ရှိလား"

 

ဝမ်ယု လန်စီ့ရဲ့ပါးစပ်ထဲက ပလတ်စတစ်အိတ်ကို အားနေသော လက်တစ်ဖက်ဖြင့် ညှပ်လိုက်ကာ ဆွဲယူရန် လုပ်လိုက်သည်။

 

"ကိုယ်ပြောတာကို နားလည်လား။ မင်းပါးစပ်ထဲကဟာကို ထုတ်ပေးမယ် ကိုယ့်ကိုမကိုက်ရဘူးနော်"

 

ထိုစကားကိုကြားသည့်အခါ လန်စီခဏလောက် တွေးနေပြီးတဲ့နောက် ပါးစပ်ကို ဖြည်းညင်းစွာဟလိုက်ပြီး ဝမ်ယုကို သူ့ပါးစပ်ထဲက အိတ်ကို ဆွဲထုတ်စေလိုက်သည်။

 

"မင်းကိုယ်ပြောတာ တကယ်နားလည်တာပဲ"

 

ဝမ်ယု လန်စီ့ရဲ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသောလက်များအား ယခုအထိ လွှတ်မပေးသေးချေ။ သူလန်စီ့ကို ကြည့်ကာ အသံနိမ့်နိမ့်ဖြင့် ပြောလိုက်၏။

 

"မင်းသီချင်းဆိုတာ အရမ်းနားထောင်ကောင်းတယ်"

 

လန်စီ မျက်တောင်ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားရပြီး ထူးဆန်းသလို ခံစားခဲ့ရလေသည်။

 

ဒီလူက သူသီချင်းဆိုတာ ဘယ်လိုသိသွားတာလဲ?

 

အမှန်တော့ လန်စီ ရေထဲကို ငုံ့ဆင်းကာ ဝမ်ယုကို ပင်လယ်ရေထဲသို့ဆွဲချသွားလို့ရပါ၏။ သို့သော်ငြား သူ ထိုကဲ့သို့လုပ်ရန် မရွေးချယ်ခဲ့ပေ။ အကြောင်းမှာကား ဝမ်ယုက သူ့ရဲ့ကြင်နာမှုကို ပွင့်ပွင့်လင်းလင်း ဖော်ပြထားတာဖြစ်ပြီး သူ့အရင်ကဆိုခဲ့သော ရှည်လျားသည့်သံစဉ်ကိုလည်း တစ်ထပ်တည်းကျအောင် လိုက်ဆို နိုင်ခဲ့သေးသည်လေ။

 

လန်စီ ခဏမျှ တွေးတောနေပြီးသည့်နောက်တွင် အသံကို နှိမ့်ကာ အလေးအနက်ပြောလိုက်၏။

 

"ရာ့ ... ကာ့ ..."

 

ငါ့နာမည်က လန်စီပါ။ ငါပြောတာ နားလည်လား?

 

ဝမ်ယု၏ အမူအရာမှာ တွေဝေသွားဟန်အပြည့်။ သူ နှုတ်ခမ်းနားကို လက်ချောင်းလေးဖြင့် ကာပြလိုက်ပြီး

 

"ငါးပေါက်လေး မငိုနဲ့လေ။ ဒါကမင်းနဲ့ကိုယ့်ကြားက လျှို့ဝှက်ချက်လေးပဲ။ တခြားသူတွေမသိစေရဘူး"

 

ဤအဖြေမဟုတ်သောအဖြေက လန်စီ့ကို စိတ်ရှုပ်ထွေးသွားစေခဲ့သည်။အချိန်တော်ကြာသွားတာတောင် ဝမ်ယုက သူပြောသမျှကို နားမလည်နိုင်ခဲ့ပါချေ။ ဘာလို့တန်းတူ မဟုတ်ရတာလဲ။ လန်စီ စိတ်ရှုပ်သွားလေသည်။

 

ထို့နောက်တွင် လန်စီ့ရဲ့အကြည့်များက ဝမ်ယုကိုကျော်ကာ ဝမ်ယု နောက်ဘက်ကလူနှစ်ယောက်‌ဆီသို့ ကျရောက်သွား၏။

အကန့်လေးထဲမှ လူနှစ်ယောက်မှာ အိပ်ပျော်နေကြလေ၏။

တော်သေးတာပေါ့။

 

လန်စီ စိတ်သက်သာရာရသွားသောပုံစံဖြင့် သက်ပြင်းတစ်ချက်ချကာ သူ့လက်ကောက်ဝတ်ပေါ်ရှိလက်ကို လှမ်းကိုက်ရန် ပြင်လိုက်သည်။

ဝမ်ယု အလိုအလျောက်ပင် သူ့လက်ကို နောက်ပြန်ရုတ်လိုက်ကာ လန်စီက သူ့ကို ခြောက်ရုံသာ‌ ခြောက်လိုက်တာဖြစ်ကြောင်း သဘောပေါက်သွားသည့်အခါတွင်တော့ မျက်ဝန်းများက ကွေးညွတ်သွားရ၏။

 

"မင်းတကယ် ကိုယ့်ကို ကယ်ဖို့လာတာပဲ"

 

နောက်‌ဆုံးအကြိမ်တုန်းက ပြောခဲ့သည့်စာသားမှာ အမေးသဘောသက်ရောက်ပြီး ယခုတစ်ခေါက် ပြောသည်မှာတော့ အတည်ပြုချက် ဖြစ်သွားကာ စကားလုံးမှာလည်း 'ကိုယ်တို့' ဆိုသည်ကနေ 'ကိုယ်' ဆိုသောစကားလုံးကို ပြောင်းလဲသွားလေ၏။

 

လန်စီ မျက်ဆံလှိမ့်ပြလိုက်ပြီး ဝမ်ယု၏ရှေ့မှာတင် အသက်ကယ်လှေကို တွန်းရန် ကြိုးစားလိုက်သည်။

 

ဝမ်ယု လန်စီ၏ လှုပ်ရှားမှုများကို ကြည့်ကာ မျက်တောင်တစ်ချက်ခတ်လိုက်ပြီးကာမှ နားလည်သွားရ၏။

 

"မင်း လှေကို အဲ့ဒီဘက် သွားခိုင်းချင်တာလား"

 

လန်စီ အမြန်ခေါင်းငြိမ့်ပြလိုက်သည်။

 

"ဘာလို့လဲ အဲ့ဒီဘက်မှာ တစ်ယောက်ယောက်ရှိလို့လား"

 

လန်စီ ခဏတွေးလိုက်ပြီးတဲ့နောက် ခေါင်းခါပြလိုက်၏။

 

"အဲ့ဒီဘက်မှာ ကျွန်းရှိတာလား"

 

လန်စီ ခေါင်းငြိမ့် ပြလိုက်ပြန်သည်။

 

"ကျေးဇူးတင်ပါတယ်"

ဝမ်ယု ကိုယ်ကို ညွှတ်လိုက်ကာ လန်စီ ရှောင်နေတာကို ဂရုမစိုက်ပါဘဲ လန်စီ့ခေါင်းလေးကိုပုတ်ပေးလိုက်သည်။

 

လန်စီ ဝမ်ယု လက်တွေကို ရှောင်နေပြီး ထိုသူကို သွားများ ဖြဲပြလိုက်ကာ လှေကို စတင်ပြီး တွန်းရန် ကြိုးစားလိုက်သည်။

 

သို့သော်လည်း လှေကကြီးမားနေသည့်အပြင် လှေပေါ်မှာလည်း လူသုံးယောက်ရှိနေသည့်အတွက် ရေသူထီးလေးမှာ အရည်အချင်းရှိရင်တောင် တွန်းလို့မရနိုင်ပါချေ။

 

လန်စီ ခဏလောက်တွေးပြီးသည့်နောက် လှေရဲ့ရှေ့ ဘက်ကို သွားကာ ရှေ့ကနေဆွဲရန် ကြိုးစားလိုက်သည်။ အလုပ်ဖြစ်မဖြစ်ကိုတော့ မသေချာ။

 

"အင်း မင်းအဲ့လို လုပ်စရာမလိုပါဘူး"

 

လန်စီ့ ရည်ရွယ်လျက်ကို သိသွားသည့်အခါ ဝမ်ယု ရှေ့တိုးသွားလိုက်ပြီး လန်စီ၏ကြိုးစားနေမှုကို ရပ်တန့်ခိုင်းလိုက်သည်။

 

လန်စီ ဝမ်ယုကို သံသယမျက်ဝန်းများဖြင့် မော့ကာကြည့်လိုက်၏။

 

ဘာလို့လဲ။

 

အဲ့ဒီလူက အသက်မရှင်ချင်တော့လို့လား။

 

လန်စီ့ရဲ့ သံသယမျက်ဝန်းတွေကို တွေ့သည့်အခါ ဝမ်ယု နောက်ဘက်က နှစ်ယောက်ကို အေးစက်သော အမူအရာဖြင့် ညွှန်ပြလိုက်သည်။

 

"သူတို့နှစ်ယောက်ကို လှော်ခိုင်းလိုက်မယ်"

 

လန်စီ : "...."

 

ဒီလူက အုပ်စုရဲ့ ခေါင်းဆောင်ကိုး။

 

အမှန်တော့ လန်စီ အတွေးများ မှန်သွားရသည်။

 

"တခြားကိစ္စပြောရအောင်"

 

ဝမ်ယု သူ့လက်ထဲက ပလတ်စတစ်အိတ်ကို ဖွင့်ဖောက်လိုက်ကာ အသားခြောက်တစ်ချို့ကို ဆွဲထုတ်လိုက်ပြီး လန်စီ့ထံ လှမ်းပေးလိုက်သည်။

 

"နေရာပြပေးလို့ ဆုချတဲ့အနေနဲ့ အမဲသားခြောက်ပေးမယ်လေ"

 

လန်စီ ဝမ်ယုရဲ့လက်ထဲက အမဲသားခြောက်ကို ကြည့်ရင်း တံတွေးမြိုချလိုက်ရာ ပင်လယ်ရေတစ်ငုံတောင် ပါးစပ်ထဲရောက်လာ၏။

 

သူဘယ်လောက်အထိ အဲ့လိုဟာတွေကို စားချင်နေလဲ‌ဆိုတာ ဘုရားသာသိလိမ့်မည်။ အမြဲတမ်းငါးအသားတွေပဲ စားနေရတာကြောင့် သူဆက်ပြီး သည်းမခံနိုင်တော့ပေ။

 

သူဝမ်ယုကို တုန့်ဆိုင်းစွာကြည့်လိုက်ပြီး တစ်ဖက်လူက ရိုးသားသည့်ပုံစံလေး ဖြစ်နေသည်ကိုတွေ့လိုက်ရသည်။ နောက်ဆုံးမှာတော့ သူသတိအပြည့်ဖြင့် ရှေ့ကိုတိုးသွားကာ ထိုလူကျွေးသော အမဲသားခြောက်ကို ကိုက်စား လိုက်တော့သည်။

 

နောက်တစ်နေ့ မနက်ခင်းတွင် ကားလ်နဲ့ရို့စ်မှာ နိုးလာပြီး လှေ၏ထိပ်ဦးပိုင်းတွင် မတ်တပ်ရပ်နေသော ဝမ်ယုကို တွေ့လိုက်ရသည်။ သူတို့နှစ်ယောက်၏ ခြေရင်းဘက်တွင်လည်း အလွန်ကြီးမားသော ငါးသေနှစ်ကောင်ကို တွေ့လိုက်ရ၏။

 

ရို့စ်နဲ့ကားလ် နှစ်ယောက်လုံး ကြက်သေသေသွားလေ၏။ ခဏကြာသည့် အချိန်မှသာ ကားလ်က အံ့အားတကြီး ပြောလိုက်သည်။

 

"ဘော့စ် ပင်လယ်ထဲမှာ ငါးမျှားလိုက်တာလား"

 

ဝမ်ယုက အေးဆေးတည်ငြိမ်စွာဖြင့် လှည့်ကြည့်လာလေသည်။

 

"ဟုတ်တယ်"

 

ထို့နောက် အေးစက်စွာ ပြောလိုက်သည်။

 

"စားချင်ရင် ကိုယ့်ဘာသာ ကြိုက်သလိုလုပ်စားကြ ပြီးရင်တော့ လှေလှော်ရမယ်"

 

"ဘယ်ကို သွားမလို့လဲ"

 

ကားလ်တစ်ယောက် ရှုပ်ထွေးသွားရသည်။ မနေ့ညတုန်းက သူတို့ ဘယ်ရောက်နေတယ်ဆိုတာတောင် မှန်းဆလို့ မရနိုင်ခဲ့တာ မဟုတ်လား။

 

မည်သို့ပင်ဆိုစေကာမူ သူတို့ အားလုံးမှာစစ်သားများဖြစ်သည့်အတွက် ရွက်လွှင့်ခြင်းနဲ့ ပတ်သက်သည့် ဗဟုသုတများ လုံးဝမရှိကြပေ။ ပစ္စည်းကိရိယာတွေ ရှိပါသော်လည်း အညွှန်းစာအုပ်ကိုတော့ လေ့လာပြီးရင်း လေ့လာရမှာပဲ ဖြစ်သည်။

 

ဝမ်ယု အနောက်ဘက်အရပ်ကို ညွှန်ပြကာ သေချာနေသည့် လေသံဖြင့်ပြောလိုက်သည်။

 

"အဲ့ဒီဘက်အတိုင်း သွားမယ်"

 

ဝမ်ယုရဲ့ညွ န်ပြနေသော လက်ချောင်းများကို ကြည့်ရင်း ရို့စ် တုန့်ဆိုင်းစွာဖြင့်မေးလိုက်သည်။

 

"ကျွန်မတို့ မှားသွားရင်ရော?"

 

"မှားမှာ မဟုတ်ဘူး"

 

ဝမ်ယု ပြောလိုက်သည်။

 

"မြန်မြန်လုပ် အရင်‌ဆုံး သန့်တဲ့ရေတွေ စုလိုက် ပြီးရင်ငါးကို စားလို့ရပြီ မင်းတို့အားရှိမှ လှေလှော်နိုင်မှာ"

 

သင်္ဘော၏ထိပ်ဦးပိုင်းအောက်တွင်တော့ လှပလွန်းသောအဖြူရောင်ငါးအမြှီးလေးသည် ဆတ်ခနဲလှုပ်ရှားသွားကာ ပင်လယ်ရေထဲသို့ ငုံ့ဆင်းသွားလေသည်။

 

———

Ch 16 End .....