Chapter 15
Viewers 2k

စမ်းသပ် သင်္ဘောတစ်စင်း။

 

ဝမ်ယုက ကုတင်ပေါ်တွင်လဲလျောင်းနေ၏။ သူ့မျက်လုံးများကိုဖွင့်လိုက်ပြီး အမှောင်ထုထဲက နေရာတစ်ခုကိုကြည့်လိုက်ပြီး နားရွက်များကိုထောင်ကာ သီချင်းဆိုသံတိုးတိုးလေးကို တိတ်တဆိတ်အာရုံဖမ်းကာလိုက် နားထောင်နေသည်။

 

သီချင်းဆိုသံက ဘယ်ကလာနေမှန်း သူမသိပေ။ ဒါပေမဲ့ သူ့ရဲ့ မတည်ငြိမ်နေတဲ့နှလုံးသားကို အေးချမ်းသွားအောင် လုပ်ပေးနိုင်သော သီချင်းတစ်ပုဒ် ဖြစ်‌လေသည်။

 

ဝမ်ယု သည် အစမ်းသပ်ခံတစ်ယောက်ဖြစ်သည်။ သူမွေးကတည်းက ဒါကိုသိပြီး ဝမ်ယုနားက သူတွေအားလုံးက ဒါတွေကို ဂရုမစိုက်သလို သူ့ကို ဘယ်သူမှ လူသားတစ်ယောက်အနေနဲ့ မသတ်မှတ်ထားကြပေ။

 

လူသားများ အတွက်မူ ဝမ်ယုက လက်ဝယ်ပိုင်ဆိုင်ထားသော သက်ရှိလက်နက်တစ်ခုသာ။

 

အခု ဒီအသုံးဝင်တဲ့ သက်ရှိလက်နက်က အနည်းငယ် ထိခိုက်ဒဏ်ရာတချို့ ခံစားနေရသည့်အတွက် ပြန်အစားထိုး ပြုပြင်နေခြင်း ဖြစ်သည်။

 

ထို့ကြောင့် ဝမ်ယုမှာ ဒီအစမ်းသပ်ခံသင်္ဘောဆီသို့ ပို့ခံထားရခြင်းဖြစ်၏။

 

ဒီအစမ်းသပ်ခံသင်္ဘော၏ အဓိကခရီးပန်းတိုင်က ‘နတ်’တူးမြောင်း ကိုဖြစ်သည်။

ထိုဧရိယာအတွင်းတွင် မူမမှန်တဲ့အရာတွေ ရှိမရှိ စုံစမ်းရန်။

 

ဝမ်ယု၏ခန္တာကိုယ်သည် မသိနိုင်သောအကြောင်းအရာများကြောင့် ယိုယွင်းပျက်စီးနေ၏။ သုတေသနပညာရှင်၏ စစ်ဆေးချက်အရ ဝမ်ယု၏ အတွင်းကလီစာများ လုပ်နိုင်စွမ်းက သိသိသာသာ နှေးကွေး လျော့နည်းလာနေသည် ဟူ၍။

စိတ်ပိုင်းဆိုင်ရာစစ်ဆေးမှုများအရလည်း ဝမ်ယုရဲ့ စိတ်ဝိညာဉ်က ပြိုလဲပျက်စီးနေပြီဖြစ်၏။

 

ပြောရလျှင် ဝမ်ယုသည် ကျီးအာသီးနှင့်တူ၏။ အပြင်ပန်းကကြည့်လျှင် နီရဲကာ ကောင်းမွန်နေသည် ထင်ရသော်လည်း တကယ်တမ်း သူက အတွင်းပိုင်းတွင် ညှိုးနွမ်းကာ ပုပ်ပွနေသည်။

 

ထိုးဆေး၏ အကျိုးဆက်နှင့် ပတ်သက်ပြီး ဝမ်ယု မယုံသင်္ကာ ပိုဖြစ်မိသည်။

 

သူ့ခန္ဓာကိုယ်သည် တဖြည်းဖြည်း ပြိုကျ ပျက်စီးနေသည်မှာ တကယ်ဖြစ်၏။ ဒါနဲ့ပတ်သက်ပြီး ဝမ်ယု ငြင်းစရာမရှိပေ။ သို့သော် စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများက သူ့တွင် စိတ်ကျဝေဒနာ ခံစားနေရသည်ဟု အဖြေထွက်နေ၏။ ဝမ်ယုက ထိုအဖြေကို မယုံကြည်ကြောင်း ပြောခဲ့သည်။

 

ဝမ်ယုသည် သူက စိတ်ကျဝေဒနာ ဖြစ်နေခြင်းထပ် သူ့စိတ်ဝိဉာဏ်က အချို့မသိနိုင်သော အရာတစ်ခုနှင့် လဲလှယ်ခံရပြီး ထိုအရာက သူ့ကို တဖြည်းဖြည်း  လက်သင့်ခံလာအောင် ညို့နေသည် ဟု မြင်သည်။

 

သူ၏အမြင်၊ မှတ်ဉာဏ်များမှာ တစ်ခါတစ်လေ ရှုပ်ထွေးနေတတ်ပြီး သူနဲ့လုံးဝ မသက်ဆိုင်သည့် အရာများက တစ်ချိန်တည်း တွင် ရောနှော မြင်တွေ့နေတတ်လိမ့်မည်။

 

အဲဒီ့ ပြတ်တောင်းနေသော မှတ်ဉာဏ်များ မကြာမကြာပေါ်လာတတ်ခြင်း က ဝမ်ယု ကို တစ်ခါတစ်လေ သူ့ကိုယ်သူ မေးခွန်းထုတ်မိသည်။ သူက လူတစ်ယောက်တည်းရော ဟုတ်ရဲ့လား။ မသိနိုင်တဲ့ သတ္တဝါတစ်ကောင်ရဲ့ လက်ပါးစေရော မဖြစ်နိုင်ဘူးလား။

 

ဒီပြဿနာများကို အချိန်တိုင်း စဉ်းစားနေရခြင်းက ဝမ်ယုရဲ့ ပုံစံအနေအထားကို ပို၍ ထူးဆန်းစေပြီး လူတွေက ဝမ်ယုကို ပိုပြီး ဖယ်ကြဉ်ခဲ့ကြ၏။

 

ပြီးတော့ အခု ဝမ်ယု အိပ်မပျော်နိုင်တဲ့ရောဂါဝေဒနာကို အချိန်အကြာကြီးခံစားနေခဲ့ရသည်။ သူသည် အစမ်းသပ်ခံ သင်္ဘောပေါ် ရောက်လာပြီး ပင်လယ်မျက်နှာပြင်ပေါ်တွင် အစမ်းသပ်ခံသင်္ဘောဖြင့် ရေလမ်းခရီးကို ထွက်လာခဲ့၏။ သူက ဒီနောက်ဆုံးတာဝန်ကို ပြီးအောင် ထမ်းဆောင်ပြီးလျှင် သေခြင်းတရားနှင့် ရင်ဆိုင် ရလောက်သည်။ဘယ်လိုပဲဖြစ်ဖြစ်

သီချင်းလေးတစ်ပုဒ်သည် ဝမ်ယု၏ ငြိမ်သက်အေးချမ်းမှုကို နှောင့်ယှက်နေ၏။

 

သီချင်းဆိုနေသံက အလွန်သိမ်မွေ့နူးညံ့ပြီး တစ်ဝဲလည်လည်ဖြင့် ပင်လယ်မျက်နှာပြင်အောက်မှ ဖြည်းဖြည်းချင်း မြင့်တက်လာသော လေတိုက်လျှင် လွင့်မျောပျောက်ကွယ်သွားတတ်သော်လည်း နေရာတိုင်းသို့ ပြန့်ကျဲသွားတတ်သည့် ပင်လယ်မြူခိုးများကဲ့သို့ နေရာတကာမှ ကြားနေရသည်။

 

သီချင်းသံလေးကြောင့် ဝမ်ယု စိတ်ငြိမ်သက်ကာ အိပ်ပျော်သွားနိုင်တော့သည်။

 

အိပ်မောကျပြီးနောက် သူ့အိပ်မက်က နောက်ဆုံးတော့ မှောင်မည်းမနေဘဲ အနည်းငယ် လင်းရောင်ခြည်သန်းနေ ၏။

 

ထိုအလင်းရောင်လေးသည် အဖြူရောင်ငါးသေးသေးလေးနှင့်တူသည်။ ထိုငါးကလေးက ဝမ်ယု၏အေးစက်ကာ ရေခဲဖုံးလွှမ်းနေသော စိတ်ဝိညာဉ်နေရာ ၌ အေးဆေးစွာ ရေကူးခတ်နေသည် ကို သူက မျက်ရည်များဝဲကာ ကြည့်နေခြင်းဖြစ်၏။

 

ဝမ်ယု စိတ်အဆင်မပြေ ဖြစ်နေခဲ့ရသည့် ရက်များတွင် ဒီသီချင်း သည် နေ့နေ့ညည အမြဲ ဆိုနေခြင်း ဖြစ်သည်။ ဝမ်ယု ခေါင်းကိုက်နေသည့် အချိန်မှာပင် ဒီသီချင်းက ဝမ်ယုအာရုံကို ဖမ်းစားနေ၏။

 

ဘယ်သူများပါလိမ့်။

 

ဒီသီချင်းဆို နေသံက ဘယ်ကနေလာတာလဲ။

 

ပို၍ အံ့ဩစရာကောင်းသည်က ဒီသီချင်းသံကို ဝမ်ယု တစ်ယောက်တည်းသာ ကြားနေရခြင်းဖြစ်သည်။

 

ကမ္ဘာ့ပျက်ကပ်(Doomdays)ဓာတ်ခွဲခန်း ဆီက အဆင့်မြင့်ကိရိယာပါသော အစမ်းသပ်ခံ သင်္ဘော ပင် ဒီသီချင်း တည်နေရာကို မစုံစမ်းနိုင်ပေ။ ဒါဆို ဒီသီချင်းဆိုနေတာက သူ့အတွက် သီးသန့်ဆို နေတယ်ဆိုတဲ့ သဘောလား။

 

ထိုအခိုက်အတန့်လေး၌ ဝမ်ယုသည် သူ့ဖြစ်တည်မှုက အဓိပ္ပာယ်ရှိကြောင်း ပထမဆုံးအကြိမ် ခံစားမိခြင်း ဖြစ်သည်။

 

သူက သက်ရှိလက်နက်သာသာ မဟုတ်တော့ဘဲ သူ့နာကျင်မှု ကို အနည်းငယ် နှစ်သိမ့်ပေးနိုင်သော တစ်စုံတစ်ယောက်ကို ရှာတွေ့ခဲ့၏။

 

သူ ပထမဆုံးအကြိမ် အသက်ရှင်နေချင်မိခြင်း ဖြစ်သည်။

 

သို့သော် ဒီနေ့ တစ်ချိန်တည်းမှာပင် ဝမ်ယု အကြာကြီး စောင့်ဆိုင်းနေခဲ့သော်လည်း သီချင်းသံက မပေါ်လာခဲ့ပေ။

 

သူ မျက်မှောင်ကြုတ်မိသည်။

 

“ဒေါက် ဒေါက်”

 

ဝမ်ယု၏ အခန်းတံခါးကိုခေါက်သံထွက်ပေါ်လာသည်။

 

ဝမ်ယု မကျေမနပ်ဖြင့် နှုတ်ခမ်း စူလိုက်သည်။

 

စစ်သားတစ်ယောက်၏ အမူအကျင့်အရ သူချက်ချင်းမတ်မတ်ထိုင်လိုက်ကာ တံခါးက ပွင့်လာခဲ့သည်။

 

သုတေသနပညာရှင် တစ်ယောက်က တံခါးအပြင်ဘက်တွင် မတ်တပ်ရပ်နေသည်။ သူက အဖြူရောင်ဂျူတီကုတ် တစ်ထည်ကို ဝတ်ထားပြီး စိုးရိမ်ပူပန်နေဟန်ပေါ်သည်။

 

"ဗိုလ်မှူး မကောင်းတော့ဘူး။ ပင်လယ်ပိုင်နက် ဧရိယာထဲမှာ ရုတ်တရက် အနက်ရောင်မုန်တိုင်းကြီးတစ်ခု တိုက်လာတယ်”

 

ဝမ်ယု ခဏလောက် အံ့ဩသွားပြီးနောက် သူ့အနက်ရောင်သူငယ်အိမ်များက ကျုံ့သွားကြသည်။ သူချက်ချင်း သုတေသနပညာရှင်ကို ဖယ်ကျော်ကာ သင်္ဘောစမ်းသပ်ခန်းထဲသို့ ဦးတည်ကာ ခြေလှမ်းကျဲများဖြင့် အမြန်လျှောက်သွားလိုက်သည်။

 

သုတေသနပညာရှင် က ဝမ်ယုရဲ့ စိတ်ခံစားမှု အလျောက်လုပ်လိုက်သော အပြုအမူကို မြင်ပြီး အံ့ဩသွားရပြီး ဝမ်ယု အလျင်လိုနေသော နောက်ကျောကို ကြည့်လိုက်ကာ သက်ပြင်းချလိုက်သည်။

 

"တကယ်တမ်းတော့ ဗိုလ်မှူးဝမ်ယုက အပြင်ပန်းက အေးစက်ပေမဲ့ အတွင်းစိတ်က ပူလောင်နေရတာ”

 

ဝမ်ယု တကယ်ပဲ အပြင်ပန်းက အေးစက်ပြီး အတွင်းစိတ်က ပူလောင်နေပြီလား။

 

သေချာပေါက် မဟုတ်ပါဘူး။ ဒီညမှာ သီချင်းဆိုသံက ပျောက်သွားသည့်အကြောင်းကို ရုတ်တရက် တွေးမိခြင်း ဖြစ်သည်။ဒီည အနက်ရောင်မုန်တိုင်းရှိလို့ မကြားရတာများလား။

 

သီချင်းကို ဆိုနေတဲ့သူက ဒီသီချင်းကို ဆက်ဆိုနိုင်ပါ့မလား။

 

သင်္ဘောစမ်းသပ်ခန်း၏ တံခါးကိုဖွင့်လိုက်ပြီး အထဲက သုတေတနပညာရှင်များစွာက ထိတ်ထိတ်ပျာပျာဖြင့် အလုပ်လုပ်နေကြသည်။ ထို့နောက် အထဲမှ စက်ကိရိယာများကလည်း မရပ်မနား တတီတီမြည်နေကြ၏။

 

တာဝန်ရှိသူတစ်ယောက်က ဝမ်ယုဝင်လာတာကို မြင်သောအခါ ချက်ချင်းရှေ့သို့လျှောက်လာပြီး သူက နှဖူးပေါ်တွင် ဇောချွေးများပြန်‌နေကာ အမြန် အစီရင်ခံလိုက်၏။

 

"ဗိုလ်မှူး ဒီ အနက်ရောင်မုန်တိုင်းက ပြင်းအားအဆင့် 96 လောက်ထိ မြင့်တဲ့အတွက် အရမ်းကြီးတဲ့ အနက်ရောင်မုန်တိုင်းတစ်ခုပဲ”

 

ထိတ်ထိတ်ပျာပျာ ဖြစ်နေသော သုသေသနပညာရှင်နှင့်ယှဉ်လျှင် ဝမ်ယု က အလွန် တည်ငြိမ်နေသည်။ သူခေါင်းငြိမ့်ပြကာ သူသိကြောင်းပြကာ အမိန့်ပေးနေသည်။

 

"မုန်တိုင်း မလာခင် စုဆောင်းမိတဲ့ သတင်းအချက်အလက်တွေ အကုန်လုံးကို ပြန်သတင်းပို့လိုက်”

 

တာဝန်ရှိသူက မွန်းကြပ်သွား၏။

 

ဒါက သူတို့ရဲ့ နောက်ဆုံး တာဝန် ဖြစ်မည်ဟု တန်းသိလိုက်သည်။

 

ပြင်းအားအဆင့် 96 ရှိသော အနက်ရောင်မုန်တိုင်းနှင့် သူတို့ပြန်သွားနိုင်ဖို့ မဖြစ်နိုင်ပေ။ သူတို့လုပ်နိုင်သော တစ်ခုတည်းသော အရာက ဒီပင်လယ်ထဲ၌ သေခြင်းတရားကို တည်ငြိမ်စွာ ရင်ဆိုင်ရန်သာ။

 

ဒါက ရှောင်လွှဲ မရနိုင်သောဝမ်းနည်းစရာ  စတေးမှုကြီးတစ်ခုသာဖြစ်သည်။

 

တာဝန်ရှိသူ က ခနဲ့ပြုံးပြုံးလိုက်၏။

 

ဒါပေမဲ့ ဝမ်ယုက အရေးမလုပ်ပေ။

သူသည် သုတေသနပညာရှင်ကို အဝေးသို့ တိုးကာဖယ်လိုက်ပြီး သူ့လက်ထဲမှ စက်တွေကို ထိန်းချုပ်သော ကိရိယာကို ဆွဲယူလိုက်သည်။ ထို့နောက် ပင်လယ်နက်ထဲသို့ အမြန်စူးစမ်းရှာဖွေလိုက်၏။

 

မရှောင်လွှဲနိုင်သည့် မုန်တိုင်း ထဲတွင် သူသေသွားရလည်း ဂရုမစိုက်သလို သူ့နောက်က လူအုပ်စုကိုပင် ပိုဂရုမစိုက်ပေ။

သူအခုအလုပ်ချင်ဆုံးအရာက အနက်ရောင်မုန်တိုင်းမလာခင် သီချင်းဆိုနေသူကို ဘယ်သူမှန်း သိချင်မိသည်။

 

ဘယ်လိုပဲဖြစ်ဖြစ် ကိရိယာကို အကြိမ်ရေ အချို့ မောင်းကြည့်ပြီးနောက် ဝမ်ယု တွေဝေသွားသော အမူအရာသာ ပြ၏။

 

သူ့လက်ကိုမြှောက်ကာ သူ့ခေါင်းထိပ်ကို ဝိုးတိုးဝါးတားနှင့် လှမ်းကိုင်လိုက်သည်။

 

သူ၏မှတ်ဉာဏ်ထဲတွင် တစ်စုံတစ်ယောက်က သီချင်းလေးကို ညည်းကာ သူ့ဆံပင်ထိပ်လေးကို ငြင်သာစွာ ပွတ်သပ်ပေးနေခဲ့သည်။

 

ဝမ်ယု စူးစမ်းရှာဖွေတာကို ရပ်လိုက်ပြီး သူရုတ်တရက် နားလည်သွားခဲ့သည်။

 

အကယ်လို့ မုန်တိုင်းက တကယ်သာကြီးမည်ဆိုလျှင် သူ သီချင်းဆိုနေတဲ့သူကို မရှာနိုင်တာက ပိုကောင်းလိမ့်မည်။

 

 

အနက်ရောင်မုန်တိုင်း မလာခင် ရှေးဦးမုန်တိုင်းလက္ခဏာများ ပြနေ၏။

 

စစချင်းတွင် ပင်လယ်ကြီးက မငြိမ်မသက်ဖြစ်နေပြီး ပင်လယ်ထဲက သတ္တဝါမျိုးစုံသည် နေရာအစုံတွင် အပြင်မထွက်ရဲဘဲပုန်းနေကြရသည်။

 

ပင်လယ်လှိုင်းများကလည်း တခြားလှိုင်းများနှင့်စာလျှင် အတော်မြင့်၏။ လေကလည်း နေရာတိုင်းတွင် တိုက်နေပြီး တိမ်တိုက်တွေကလည်း စုပြုံလာသည်။

ထို့နောက် ရုတ်တရက်ကြမ်းတမ်းသောမုန်တိုင်းများ ထန်လာကာမွှေနှောက်ဖျက်ဆီးနေပြီး မိုးကလည်း မြင်ကွင်းတစ်ခုလုံးကို ဖုံးလွှမ်းကာရွာနေ၏။

 

နေ့ခင်းဘက်ပဲရှိသေးသော်လည်း ဒီနေရာတွင် မှောင်မည်းနေကာ တိမ်တိုက်များကိုဖြတ်၍ အလင်းရောင်တစ်ခုမှ ဝင်မလာနိုင်ခဲ့ပေ။

 

လန်စီ ပင်လယ်အောက်ခြေတွင် အနက်ရောင်မုန်တိုင်းကို မြင်ဖူးခဲ့သည်။ ရာသီဥတု က မူမမှန်တော့တာကို သူ တွေ့လိုက်သည်။ အနက်ရောင်အကျိုးအပဲ့များ ပင်လယ်ထဲသို့ မျောပါလာသည်ကို တွေ့လိုက်ရ၏။ အရင်ကထပ် ပို အန္တရာယ်များသော အနက်ရောင်မုန်တိုင်းတစ်ခု က သူ့ကို စောင့်ကြိုနေတာကို သိခဲ့လိုက်ရသည်။

 

ထိုကြောင့် လန်စီသည် ဆည်းဆာပင်လယ်အော်ဆီသို့ သွားမည့်အကြံကို ခဏရပ်ဆိုင်းဖို့ တွန့်ဆုတ်မ‌နေဘဲ သူအရင်က ရှာတွေ့ထားသော ဂူတစ်ခုထဲသို့ အတင်းဝင်ပုန်းလိုက်ရသည်။ ပုန်းနေ‌သော ငါးအုပ်စုတစ်သိုက်နှင့် ရှိနေပြီး သူက ကြက်သေသေနေကာ မုန်တိုင်းကျော်ဖြတ်သွားရန် စောင့်ဆိုင်းနေ၏။

 

အချိန်တွေ တဖြည်းဖြည်းကုန်သွားကာ ထို ကြီးမားသောအနက်ရောင်မုန်တိုင်းကြီးသည် နှစ်ရက်ကြာ တိုက်ခတ်ခဲ့သည်။

 

လန်စီ ဂူထဲတွင် နှစ်ရက်ကြာနေခဲ့သည်။သို့သော် ဝင်ဆာ သူ့ဘေးမှာ မပါသည့်အတွက်ကြောင့် လန်စီ အနည်းငယ် စိုးရိမ်ပူပန်နေခဲ့သည်။

 

သူ သူ့ကိုယ်သူ အတင်း အာရုံလွှဲရန် ကြိုးစားနေ၏။ သို့သော် သူ မတော်တဆ အခြားကြောက်စရာကောင်းသော စက်ကွင်းကြီးတစ်ခုထဲသို့ ပြုတ်ကျသွားသည်။

 

သူ နေရောင်ကို စတင်တမ်းတမိလာ၏။

 

လန်စီ သည် သူက နွေးထွေးသော နေရောင်အောက်တွင် နေပူဆာလှုံကာ ချက်ပြုတ်ထားသော အစားအစာမျိုးစုံ ကို စားနေသည်ဟုပင် အိပ်မက်မက်နေခဲ့သည်။

 

သို့သော် အိပ်မက်က နိုးလာသောအခါ သူက ပင်လယ်အောက်ခြေ၌သာရှိနေသေးပြီး ဒီနေရာတွင် ဘာနေရောင်၊ဘာအပူရှိန်မှ မရှိပေ။လန်စီ ထိတ်ထိတ်ပျာပျာဖြင့် ပင်လယ်ဆီသို့ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ပြန်သွားရန် တွေးလိုက်၏။

 

ပင်လယ်၏သမီးတော် (Little mermaid) ရေသူမလေး ဇာတ်လမ်း ကဲ့သို့ ဖြစ်သည်။

 

ဂူထဲက ငါးကလေးများ တဖြည်းဖြည်း အပြင်သို့ထွက်သွားသောအခါ အပြင်ကအနက်ရောင်မုန်တိုင်းက ရပ်သွားကြောင်း လန်စီ သိခဲ့ရသည်။ ပြီးတော့ သူချက်ချင်း အပြင်ထွက်ကာလုပ်စရာရှိတာစလုပ်၏။ သူ့ဘာသာ စားသောက်ပြီးနောက် ရေစီးကြောင်းကို ဆန်တက်သွားရန် မစောင့်နိုင်တော့ပေ။

 

အပြင်တွင် မိုးနှင့်လေများ ရပ်တန့်သွားပြီဖြစ်ပြီး ပြန့်ကျဲ့နေသော တိမ်မည်းများကိုဖြတ်ကျော်ကာ နေရောင်ခြည်က ပင်လယ်မျက်နှာပြင်ပေါ်သို့ဖြာကျနေသည်မှာအံ့ဩစရာကောင်းလှသည်။

 

ပိုပြီး တင့်တယ်စရာကောင်းသည်မှာ အဖြူရောင်ရေသူထီးလေး က ပင်လယ်လှိုင်းတွေကို ခုန်ကျော်လိုက်တိုင်း သူနဲ့အတူပါလာသော ပြန့်စင်သွားသောရေစက်ကလေးများကြောင့် ရောင်စုံသက်တန့်ကလေးများပေါ်လာသည်။ ထို့နောက် သူ့ရဲ့ အဖြူရောင်ကြေးခွံများကလည်း နေရောင်ခြည်ကိုအလင်းပြန်သည့်အတွက် အံ့ဩစရာကောင်းလှအောင် တဖျပ်ဖျပ်တောက်ပနေ၏။

 

ပင်လယ်ပေါ်ကမြင်လိုက်ရသူအားလုံးက အံ့ဩမှင်သက်သွားကြကာ ရေသူထီးအဖြူလေးကို ကြည့်နေခဲ့ကြသည်။ ထို့နောက် တစ်စုံတစ်ယောက်က မထိန်းနိုင်ဘဲ အာမေဋိတ်သံတစ်ခု ထွက်လာခဲ့၏။

 

ထို အာမေဋိတ်သံက ရေသူထီးအဖြူလေးကို ချက်ချင်းလန့်သွားစေသည့်အတွက် နောက်ပြန်လှည့်ကြည့်ကာ ချက်ချင်း ရေထဲသို့ ငုပ်လျှိုးသွားသည်။ အကြည့်တစ်ချက်သာဖြစ်၏။ မျက်မြင်တွေ့ခဲ့ရသူတွေအားလုံးက ရေသူထီးရဲ့မျက်နှာကို မြင်လိုက်သောအခါ သူတို့အကုန်လုံး မူးဝေသွားပြီး ဒါက ကမ္ဘာပေါ်မှာ ရှိနေတာမဟုတ်ဘဲ ကောင်းကင်သုခဘုံကို ရောက်နေသည်ဟု သံသယဝင်သွားကြရသည်။

 

ထိုမှမဟုတ်လျှင် ဒဏ္ဏာရီထဲတွင်သာ ရှိသော ထိုလှပသည့်သတ္တဝါလေးကို မြင်ခဲ့ကြောင်း သူတို့ဘယ်လိုရှင်းပြနိုင်မလဲ။

 

"ဆရာ ကျွန်တော့်ကို တစ်ချက်လောက် ပါးရိုက်ကြည့်ပါ”

 

တစ်ခုတည်းသော သက်ကယ်လှေပေါ်တွင် လူသုံးယောက်က ဘောင်ကို တင်းကျပ်စွာဖက်ထားကြသည်။ လှေက အပေါ်အောက် လှုပ်ရှားနေသည့်အတွက် သူတို့ထဲက ဆံပင်အနီရောင်နဲ့လူက သူ့ခေါင်းကို တိတ်တိတ်လေး လှည့်ကြည့်လိုက်ပြီး သူနဲ့အနီးဆုံးဖြစ်သောဆံပင်အနက်ရောင်နဲ့လူကို အတည်ပေါက်ဖြင့် လှမ်းပြောလိုက်၏။

 

"ပြင်းပြင်းသာ ရိုက်ထည့်လိုက်ပါ။ ကျွန်တော် ကိုယ့်ဘာသာကို စိတ်ခြောက်ခြားပြီး ပုံရိပ်တွေ လျှောက်မြင်နေမိတယ် ထင်လို့”

 

အနက်ရောင်ဆံပင်နဲ့လူငယ်က တိတ်ဆိတ်နေပြီး အနီရောင်ဆံပင်နဲ့ လူငယ်ကို လျစ်လျူရှုလိုက်သည်။ အဲ့အစား သူက အဖြူရောင် ရေသူထီးလေး ပြန်ထွက်လာမည့်အချိန်ကို စောင့်နေကာ ခုနကပေါ်လာခဲ့သောနေရာကို စိုက်ကြည့်နေ၏။

 

နောက်ဆုံးလူကတော့ မိန်းမတစ်ယောက် ဖြစ်သည်။ သူမက ခေါင်းကိုလှည့်လာပြီး အနီရောင်ဆံပင်နဲ့လူငယ်ကို ပြုံးပြပြီး ပါးရိုက်ချလိုက်သည်။

 

“ဖြောင်း”

 

"ဝိုး ရိုစ့် မင်းဘာလုပ်တာလဲ ငါက ဗိုလ်မှူးကို ရိုက်ခိုင်းတာလေ မင်းကိုမဟုတ်ဘူး”

 

အနီရောင်ဆံပင်နဲ့လူငယ်က ချက်ချင်းကန့်ကွက်၏။

 

ရို့စ်လို့ခေါ်သောမိန်းကလေးက ဆူလိုက်သည်။

 

"ကားလ် မရှုပ်စမ်းနဲ့…တကယ်လို့ အင်အားတွေ အရမ်းပိုနေရင် လှေကိုပဲ ကောင်းကောင်းလှော်သင့်တယ်”

 

"ဘယ်ကလှေကို သွားလှော်ရမှာလဲ"

 

အနီရောင်ဆံပင်နဲ့လူငယ်က ဖျော့တော့စွာပြောသည်။

 

"အဲ့ဒီရေသူထီးကို ကျွန်းတစ်ခုလောက်ကူရှာပေးဖို့ မေးလိုက်တာက ပိုကောင်းအုန်းမယ်”

 

ထိုလူ ၃ ယောက်သည် မုန်တိုင်းကြားမှ ရှင်ကျန်ရစ်သူများဖြစ်ကြသည်။

 

ဝမ်ယု ထင်ထားသလိုပင် အနက်ရောင်မုန်တိုင်းက ရက်စက်စွာဖြင့် သူတို့သင်္ဘောကို တစ်စစီဖြစ်အောင်လုပ်ပြီး သူတို့ကလွဲလို့ ကျန်တဲ့ သင်္ဘောသားတွေ အကုန်လုံးကို သတ်ပစ်လိုက်ကာ သူတို့ကို ဒီအခြေအနေထိဖြစ်အောင် လုပ်လိုက်၏။

 

ဒီလောက်ကြီးမားသော မုန်တိုင်းကြီးက ရုတ်တရက် တိုက်ခတ်လာလိမ့်မည်ဟု ဘယ်သူမှ ကြိုတွေးမထားခဲ့မိပေ။ ပင်လယ်နတ်ဘုရားက ရုတ်တရက် ဒေါသူပုန်ထခြင်းနှင့် တူ၏။

 

ဝမ်ယု က တစ်လျှောက်လုံး တိတ်ဆိတ်နေပြီး သူ့ပြူးကျယ်နေသော သူငယ်အိမ်များက အာရုံ ပြန်စုစည်းသွားကြကာ သူရဲ့အသက်မဲ့နေခြင်းက ပြန်ပျောက်ကွယ်သွားပြီး လက်ရှိ လောကထဲသို့ ပြန်ရောက်လာ၏။သူ့အဖွဲ့သား နှစ်ယောက်ကို လှမ်းပြောလိုက်သည်။

 

“ဘာစားစရာရှိလဲ”

 

ရိုစ့် ခဏတာ စဉ်းစားသွားပြီး ပြန်ပြော၏။

 

"ဟုတ် သက်ကယ်လှေ ပေါ်မှာ လေလုံအောင် ဖိသိပ်ထားတဲ့ ဘီစကစ်တွေနဲ့ အသားခြောက်တွေ ရှိတယ်”

 

"တစ်ထုတ်ကို ဖောက်လိုက်ပြီး အဲ့ဒီရေသူထီးကို ဒီကိုလှမ်းခေါ်လို့ရမရ ကြည့်ကြည့်လိုက်”

 

ဝမ်ယု ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

 

"ဒါပေမဲ့ ဒါက ကျွန်မတို့ရဲ့နောက်ဆုံးရိက္ခာပဲ။”

 

ရိုစ့်က မကျေမနပ်ဖြစ်နေကာ

 

“အဲ့တော့ ဘာလုပ်လို့ရမှာ မို့လို့လဲ အကယ်လို့ ရေသူထီးက ရောက်လာပြီး ကျွန်မတို့ကို စားချင်ရင် ဘယ်လိုလုပ်မလဲ။ ဗိုလ်မှူးဝမ်ယု စိတ်လျှော့ပါအုန်း”

 

ရို့စ်ကို အေးတိအေးစက် မျက်စောင်းထိုးကြည့်ပြီးနောက် သူ့ဘာသာသူ လုပ်ရန် တုံ့ဆိုင်းမနေဘဲ ဘီစကစ်တစ်ထုပ်ကို ဆွဲဖြဲကာ ပင်လယ်ထဲသို့ ကြဲချလိုက်သည်။

 

ကျန်တဲ့နှစ်ယောက်က တားသော်လည်း အရာမရောက်သည့်အတွက် နောက်ဆုံးတွင် အံကြိတ်ကာ လက်လျှော့ရလိုက်သည်။ သို့သော် တစ်ချိန်တည်းမှာပဲ သူတို့က လှေအစွန်းကို အတင်းဆိတ်ကာ တိတ်တဆိတ် ရှေးရှုမျှော်လင့် နေမိသည်။ ထိုမဖြစ်စလောက် ဘီစကစ်လေးက ထိုလှပသောသတ္တဝါထီးလေး ကို စိတ်ကူးထားသလို ဆွဲဆောင်နိုင်ရန် မျှော်လင့်နေ၏။

 

ဝမ်ယု သူ့လက်များကို အသုံးပြု၍ ဘီစကစ်များကို နည်းနည်းချင်းစီ ခြေလိုက်ပြီးနောက် ပင်လယ်ထဲသို့ လွင့်မျောသွားစေသည်။ တစ်ချိန်တည်းမှာပင် သူ့အသံကို တိုးကာ ထူးခြားသော အသံဖြင့် သူ့ဘာသာသူ ရေရွတ်နေ၏။

 

"ငါးကလေးရေ...ငါ့ရဲ့ငါးကလေး...

ဒီကိုအမြန်လာပေးနော်..."

 

End 15