Chapter 22
Viewers 4k

🏡 Chapter 22

ဆိုင်ဖွင့်ရန် ပြင်ဆင်ခြင်း



ကျန်းမျိုးရိုးနှင့် စက်ရုံခေါင်းဆောင်ကို ဖက်ထုပ်များ အားလုံးပေးလိုက်ပြီး ကျန်းလီယွင်က ပြုံး၍ ကြည့်လိုက်သည်။


လူအားလုံး အသီးသီး ထွက်သွားကြသောအခါ ကျန်းလီယွင်က လှည်းပေါ်တွင် ထိုင်ပြီး မလှုပ်နိုင်တော့ပေ။


သူမ တစ်မနက်လုံး အလုပ်များခဲ့သောကြောင့် ပင်ပန်းနေပြီ ဖြစ်သည်။


“ဘာလို့ ဖက်ထုပ်တွေ အကုန် ပေးပစ်လိုက်ရတာလဲ... ငါ တစ်ခုပဲ စားရတယ်...”

ကျန်းလီဟိုင်က မကျေမနပ်ဖြင့် ပြောသည်။


“ဖုန်းရီဆို တစ်ခုတောင် မစားရသေးဘူး...”

ကျန်းလီယွင်က သူမ အစ်ကိုအား ကြည့်လိုက်သည်။ သူမနှင့် ဖုန်းရီ နှစ်ယောက်လုံး အလုပ်များနေသောကြောင့် သူမက တစ်ခုသာ မြည်းကြည့်လိုက်ရသော်လည်း ဖုန်းရီက တစ်ခုပင် မစားရသေးပေ။ သူမတို့ နှစ်ယောက်လုံး ယခု ဆာလောင်နေကြပြီ ဖြစ်သည်။


ကျန်းလီယွင်က ဆက်ပြောသည်။

“အစ်ကို ကန်တင်းကို သွားပြီး စားစရာ ကျန်သေးလား ကြည့်ပေးပါဦး... ကျန်သေးရင် နည်းနည်းလောက် ဝယ်လာပေးပါ...”


“ကောင်းပြီ...”

ကျန်းလီဟိုင်က ကန်တင်းသို့ ထွက်လာခဲ့သည်။


ဖက်ထုပ်တွင် ထည့်သော အသားများက ကုန်သွားပြီ ဖြစ်သော်လည်း ဖက်ထုပ်အရွက် အနည်းငယ် ကျန်သေးသည်။ ကျန်းလီယွင်က ကျန်နေသေးသော ဂျုံများကို ပါးလွှာပြီး ကြီးမားသော ပန်ကိတ်နှစ်ခုရအောင် လှိမ့်လိုက်ပြီး ဖုန်းရီကို ကြော်ခိုင်းလိုက်သည်။


မကြာမီတွင် ကြီးမားသော ပန်ကိတ်နှစ်ပွဲ ရရှိလာသည်။ ကျန်းလီဟိုင်ကလည်း တို့ဟူးဟင်းရည် တစ်ပန်းကန် သယ်လာပေးသည်။


တို့ဟူးဟင်းရည်တွင် ကြက်ဥအချို့ နှင့် ကော်မှုန့်များ ပါဝင်ပြီး စားချင်စဖွယ်ကောင်းလှသည်။


ကျန်းလီယွင်က ပန်ကိတ်တစ်ပိုင်းကို ယူ၍ ကျန်သော အပိုင်းများကို ဖုန်းရီကို ပေးလိုက်ပြီး တို့ဟူးဟင်းရည်နှင့် စတင်စားသောက်တော့သည်။


မနက်ဖြန် သူမ မြို့တွင် ဖက်ထုပ်ရောင်းမည့် သတင်းက လူများစွာထံသို့ ပျံ့နှံ့သွားလေသည်။


အုတ်စက်ရုံ၏ ဆေးပေးခန်းက စက်ရုံဝန်ထမ်းများသာမက အနီးအနားရှိ ဒေသခံများပါ လာရောက်၍ ဆေးကုသမှု ခံယူကြသည်။ ထို့အပြင် စက်ရုံအနီးရှိ ကလေးများကပါ လာရောက်ကစားလေ့ရှိသည်။


ယနေ့က စနေနေ့ဖြစ်ပြီး မနက်ပိုင်းတွင် ကျောင်းတက်၍ နေ့လည်ပိုင်းတွင် ကလေးများက ဆော့ရန် ရောက်လာကြသည်။ အနီးအနားရှိ ဒေသခံများကလည်း လာရောက်၍ ပျော်ပါးကြသည်။


အုတ်နှင့် ကြွေပြားစက်ရုံ၏ မြေနေရာက ကျယ်ဝန်းပြီး ဆိပ်ခံတံတားပါ ပါရှိသည်။ အချို့နေရာများကို ကန့်သတ်ထားသော်လည်း ကန်တင်းမှ စားသောက်ဖွယ်ရာများကိုမူ လာရောက်ဝယ်ယူနိုင်ကြသည်။


သေချာပေါက် ကန်တင်းရှိ စားစရာများက အမျိုးအစားစုံလင်သော်လည်း အကန့်အသတ်နှင့် ဖြစ်သည်။


ကျန်းလီယွင်အနားတွင် လူအုပ်ကြီး စုပြုံလျက်ရှိပြီး ဖက်ထုပ်အိုးကပ်ကြော်နှင့် ပတ်သက်၍ စုံစမ်းကြသည်။ ကလေးများက သူတို့မိဘများအား ဝယ်ကျွေးရန် ပူဆာကြသည်။ 


“ကျွန်မ မနက်ဖြန် မြို့ထဲမှာ ဆိုင်ဖွင့်မှာ... ဖက်ထုပ်အိုးကပ်ကြော် တစ်ခုကို တစ်ဆင့်နဲ့ ရောင်းမှာ ... လူတိုင်းပဲ လာအားပေးကြပါဦးနော်...”

ကျန်းလီယွင်က လူအုပ်ကြီးကို အပြုံးလေးဖြင့် ပြောလိုက်သည်။


သူမက ထိုသူများနှင့် စကားစမြည် ပြောနေစဉ်တွင် ဖုန်းရီက အဆောင်သို့ပြန်၍ သူ့ ကိုယ်ပိုင် ပစ္စည်းများကို သိမ်းဆည်းပြီး လှည်းပေါ်သို့ တင်နေသည်။


သူမတို့ ထွက်ခွာလာပြီးနောက်တွင် ဖုန်းရီက အုတ်နှင့် ကြွေပြားစက်ရုံတွင် ထပ်မံ၍ အလုပ်လုပ်တော့မည် မဟုတ်ပေ။


နေ့လည် ၂နာရီ မတိုင်မီ သူမတို့ ပြန်လာကြပြီး လမ်းတွင် ဆိုဖာစက်ရုံသို့ ဝင်၍ သူမ အလုပ်ထွက်ကြောင်း သတင်းပို့ခဲ့သည်။


သူမ မူလတွင် ခွင့်တင်ပြီး ဆိုင်ဖွင့်ရန် စီစဉ်ထားခဲ့သည်။


ဆိုဖာစက်ရုံက အုတ်နှင့် ကြွေပြားစက်ရုံကဲ့သို့ပင် အလုပ်လုပ်သည့် နေ့အပေါ် အခြေခံထားတွက်ချက်၍ လစာပေးခြင်းဖြစ်သည်။ တစ်ရက်၏ လုပ်ခမှာ ၂ယွမ်နှင့် ၅ဆင့် ရရှိသည်။


သူမ အလုပ်မသွားပါက ဝင်ငွေမရရှိနိုင်ပေ။ စက်ရုံတွင် အလုပ် အလွန်မများသောကြောင့် ခွင့်ယူရန် လွယ်ကူသည်။


ထိုအချိန်က သူမ တွေးခဲ့သည်မှာ ဆိုင်ဖွင့်၍ ငွေမရှာနိုင်ခဲ့လျှင်လည်း စက်ရုံအလုပ်၌ အချိန်မရွေး ပြန်ဝင်နိုင်သည် ဟူ၍ဖြစ်သည်။


သူမ သေချာတွေးတောပြီးနောက် စက်ရုံ၌ တစ်ရက် အလုပ်လုပ်ပါက လုပ်အားခ ၂ယွမ်မျှသာ ရနိုင်သည့်အပြင် ဖော်မလင်နှင့် တိုက်ရိုက်ထိတွေ့ရသည့် အလုပ်ဖြစ်နေသည်။ တွယ်ကပ်နေရန် အကြောင်းအရင်းမရှိပေ။


သူမ အလုပ်ထွက်မည်။


ကျန်းလီယွင် ဆိုဖာစက်ရုံ၌ အလုပ်လုပ်ခဲ့သော ကာလများတွင် သူမက အိမ်သို့ ထမင်းပြန်စားသောကြောင့် စက်ရုံ၌ သူမ၏ ကိုယ်ပိုင်ပစ္စည်းများမှာ သောက်ရေထည့်သော ရေဘူးသာ ရှိသည်။ ကျန်းလီယွင်က ရေဘူးကို ကိုင်ပြီး စက်ရုံမှ ထွက်လာသောအခါ ကျန်းရှောင်ရှင်းက သူမနှင့် ခွဲခွာရန် ဝန်လေးနေခဲ့သည်။ သို့ရာတွင် သူမထံ၌မူ သံယောဇဉ်ဟူ၍ မရှိလှပေ။


အမှန်တွင် သူမက ဆိုဖာစက်ရုံနှင့် ပတ်သက်သော ကိစ္စများကို မမှတ်မိတော့ပေ။


သူမ၏ ဘဝအသစ်ကို ယခုအချိန်မှ စ၍ စတင်တော့မည် ဖြစ်သည်။


ယခုဘဝတွင် သူမက ယခင်နှင့် မတူသော လမ်းကြောင်းဖြင့် စတင်ပြီ ဖြစ်သည်။


ကျန်းလီယွင်နှင့် ဖုန်းရီက အနာဂတ်ကို မျှော်တွေးရင်း ကျန်းအိမ်သို့ ပြန်လာခဲ့သည်။ ဘေးအိမ်မှ လူအိုကြီးဖုန်း၊ ကျိုးချောင်ရှား၊ ဖုန်းလောင်တ နှင့် ဖုန်းလောင်အာ့တို့က သူမတို့ဆီ လျှောက်လှမ်းလာသည်။


သူတို့ ယနေ့ သတင်းများကို စုံစမ်းခဲ့ရာ ဖုန်းရီနှင့် ကျန်းလီယွင် ချိန်းတွေ့နေပြီဖြစ်ကြောင်းနှင့် ကျန်းလီယွင်နှင့်အတူ မြို့၌ ဆိုင်ဖွင့်မည့်အကြောင်းများကို သိလာရသည်။


ကျန်းလီယွင်က ဖုန်းရီကို တစ်ခုခုပြောလိုက်၍သာ အုတ်စက်ရုံကို အလုပ်မသွားတော့ခြင်းဖြစ်မည်။


ကျိုးချောင်ရှားက ကျန်းလီယွင်ကို မြင်သည်နှင့် ပြောလိုက်သည်။

“ကျန်းလီယွင်... နင် ဖုန်းရီကို ဘာပြောလိုက်တာလဲ... ဘာလို့ ဖုန်းရီက စက်ရုံကို အလုပ်မသွားတော့တာလဲ...”


လူအိုကြီးဖုန်းကလည်း နောက်မှ ဆက်ပြောလာသည်။

“မင်းက အရွယ်ရောက်ပြီးသား မိန်းကလေးဖြစ်လို့ ဆိုင်ဖွင့်တာက ထားပါဦး ... လူငယ်လေးတစ်ယောက်ကို ကူညီခိုင်းမယ်ပေါ့... မင်းက အရှက်မရှိတာပဲ...”


“ကျန်းလီယွင်... ဖုန်းရီနဲ့ ရင်းနှီးတယ်ဆိုပြီး ချော့မော့ပြီး ပိုက်ဆံမပေးဘဲ အလုပ်ခိုင်းချင်နေတာမလား...”

ဖုန်းလောင်တက ကျန်းလီယွင်ကို အော်ဟစ်လာသည်။


ဖုန်းမိသားစု၏ ဒုတိယသားဖြစ်သော ဖုန်းလောင်အာ့ကမူ ဖုန်းရီကိုသာ ရည်ရွယ်၍ ရန်တွေ့သည်။

“ဖုန်းရီ... မင်း သားရဲကောင်... တိရစ္ဆာန်ကောင်...”


ဖုန်းမိသားစု၏ ဒုတိယသားမှာ ကျန်းလီယွင်ကို သဘောကျနေသူ ဖြစ်သောကြောင့် ဖုန်းရီနှင့် ကျန်းလီယွင် တွဲနေကြသောအခါ ဖုန်းရီကို အနိုင်ရချင်နေသည်။


ကျန်းလီယွင်ကမူ ဖုန်းမိသားစု ဒရမ်မာဇာတ်လမ်းတွဲ ရိုက်နေသည်ကို စိတ်အနှောင့်အယှက် မဖြစ်ပေ။


ဖုန်းမိသားစုဝင်အားလုံးက သူမတို့ ကျန်းအိမ်သို့ ရောက်ရှိနေသည်။


ဖုန်းမိသားစု၏ ဒုတိယသားက တိုက်ခိုက်ချင်ပုံရသောကြောင့် ဖုန်းရီကို သူမ အနောက်သို့ ပို့လိုက်ပြီး ဖုန်းမိသားစုကို သူမကိုယ်တိုင် ရင်ဆိုင်သည်။


ထိုမိသားစုနှင့် သူမ ရန်မဖြစ်လိုပေ။ အငြင်းပွားခြင်းက ပြဿနာကို ပြေလည်စေမည် မဟုတ်ပေ။ ကျန်းလီယွင်က ပြောလိုက်သည်။

“လတိုင်း ဖုန်းရီ ရသမျှ လစာတွေကို သိမ်းပြီး ဆယ်ယွမ်ပဲ ပေးသုံးပြီးတော့ သူ ဘယ်လို အလုပ်လုပ်ပြီး ရှင့်ကို ထောက်ပံ့ရမလဲ...”


“မိသားစုတိုင်း အတူတူပဲ...”

ဖုန်းရီ၏ အဖေက ပြောသည်။


“ကောင်းပြီ... မိသားစုတိုင်းက အတူတူပဲဆိုရင် ... ကျန်တဲ့ မိသားစုဝင်တွေကိုလည်း အတူတူ လုပ်ခိုင်းလိုက်လေ... မနက်ဖြန် ကျွန်မ ကွန်မြူနတီက အလယ်တန်းကျောင်းကို သွားမယ်... ဖုန်းဝမ်ပင်းရဲ့ အတန်းပိုင်ဆရာမနဲ့ အတန်းဖော်တွေကို သွားပြောလိုက်မယ်... ဖုန်းရီကို ဒုက္ခမပေးဖို့ ဖုန်းဝမ်ပင်းကို ပြောလိုက်မယ်... သူ့အစ်ကိုက ငယ်ငယ်ကတည်းက အခက်အခဲတွေကို ရုန်းကန်နေရချိန်မှာ စာတောင် မသင်ခဲ့ရဘူး... အသက်၁၆နှစ်မှာ အလုပ်စလုပ်နေရပြီ... အမြဲ ဆာလောင်ပြီး ပင်ပန်းနေတာ...”

ကျန်းလီယွင်မှ ပြောလိုက်သည်။


ဖုန်းဝမ်ပင်းဆိုသည်မှာ ဖုန်းရီ၏ အမေနှင့် ပထွေးဖုန်းတို့မှ မွေးဖွားလာသော ဖုန်းရီ၏ အမေတူ ဖအေကွဲညီဖြစ်ပြီး ဖုန်းရီထက် အသက်၆နှစ်ငယ်သည်။ ဤနှစ်တွင် အသက်၁၃နှစ်ပြည့်ပြီဖြစ်ပြီး ဂျူနီယာအထက်တန်းကျောင်းကို တက်နေပြီ ဖြစ်သည်။


ကျောင်းတွင် အဆင့်များကောင်းသောကြောင့် မိဘများက ဝမ်ပင်းအပေါ် မျှော်လင့်ချက်များ ထားကြသည်။


ထိုအသက်အရွယ်ကလေးများက သူတို့၏ ဂုဏ်သတင်းအပေါ် အလွန် ဂရုစိုက်ကြသည်။


အဖေဖုန်းနှင့် ကျိုးချောင်ရှားတို့က တိတ်ဆိတ်သွားကြသည်။


ကျန်းလီယွင်က ဆက်ပြောသည်။

“ဖုန်းလောင်အာ့ လက်ထပ်တော့မယ်လို့ ကျွန်မ ကြားတယ်... သူ့ညီကို တွန်းအားပေးပြီး အလုပ်လုပ်ခိုင်းတဲ့အကြောင်း ကျွန်မ တခြားသူတွေနဲ့ ဆွေးနွေးရလည်း ကိစ္စမရှိဘူး...”


“မင်း...”

အဖေဖုန်းမှ ဒေါသတကြီး အော်ဟစ်လိုက်သည်။


ကျေးလက်ဒေသတွင် လက်တွဲဖော်ရှာရခြင်းက မိန်းကလေးများထက် ယောကျ်ားလေးများက ပို၍ ခက်ခဲသည်။ 


ကျန်းလီယွင်သာ အပြင်ဘက်တွင် သတင်းများ လျှောက်လွှင့်ပါက ဖုန်းလောင်အာ့၏ ဂုဏ်သိက္ခာစွန်းထင်းပြီး နာမည်ပျက်မည် ဖြစ်သည်။ ဖုန်းလောင်အာ့သာ မိန်းကလေးကို ကိုယ်တိုင်ရှာဖွေပြီး သိမ်းသွင်းစည်းရုံးခြင်းမပြုနိုင်ပါက ဤတစ်သက် လက်တွဲဖော်ရနိုင်မည် မဟုတ်ပေ။


သို့ရာတွင် ဖုန်းလောင်အာ့က ထိုသို့ အရည်အချင်းရှိသူ မဟုတ်ပေ။


ထိုအချိန်တွင် ကျိုးချောင်ရှားက ဖုန်းရီကို ကြည့်ပြီး ပြောလာသည်။

“နင် အလုပ်မသွားရင် ငါ့ကို အမေလို့ မသတ်မှတ်နဲ့တော့...”


ဖုန်းရီက ကျန်းလီယွင်၏ ကာကွယ်ပေးမှုကြောင့် ကျေနပ်နေသည်။


ကျန်းလီယွင်က ငါ့ရှေ့မှာ မားမားမတ်မတ် ရပ်တည်ပေးတယ်... ကောင်းလိုက်တာ...


ကျိုးချောင်ရှား၏ စကားများကို ကြားရသောအခါ ဖုန်းရီက တွေဝေခြင်း အလျဉ်းမရှိဘဲ ပြောလိုက်သည်။

“ဒါဆိုလည်း မေ့လိုက်တာပေါ့...”


ဖုန်းမိသားစုက တိတ်ဆိတ်သွားပြီး ကျန်းလီယွင်ကမူ မရယ်ဘဲ မနေနိုင်တော့ပေ။


“မိန်းမပဲ လိုအပ်တယ်... အမေ မလိုအပ်ဘူး...” ဟူ၍ ပြောလိုက်သကဲ့သို့ပင် ဖြစ်သည်။


သူမ ယခင်က များစွာ ပူပန်ခြင်းမရှိပေ။


အမှန်တွင် ဖုန်းရီက ငယ်ရွယ်စဉ်က သူ့အမေကို များစွာ ဂရုစိုက်ခြင်းမရှိပေ။ အရွယ်ရောက်မှ ရုတ်တရက်ကြီး ဂရုစိုက်ပေးသည်က အဓိပ္ပါယ်မရှိပေ။


ကျန်းလီယွင်က ပြောလိုက်သည်။

“ဖုန်းရီကို စက်ရုံမပို့ဖို့က ကျွန်မ ဆုံးဖြတ်ချက်ပဲ... ကျွန်မဆီမှာပဲ အလုပ်ကူခိုင်းမလို့... သူတောင် သဘောတူနေတာကို ... ဘာက ပြဿနာလဲ...”


သူမ ဖုန်းရီဘက်သို့ လှည့်၍ မေးလိုက်သည်။

“ဖုန်းရီ ... နင်သဘောတူလား...”


ဖုန်းရီက မတုံ့မဆိုင်းဘဲ ခေါင်းညိတ်လိုက်သည်။

“ကျွန်တော် သဘောတူတယ်...”


ဖုန်းမိသားစုက လွန်စွာမှ ဒေါသထွက်သွားပြီး စိတ်မချမ်းမြေ့စွာဖြင့် ပြန်ထွက်သွားသည်။


သူတို့တွင် ရွေးချယ်စရာမရှိပေ။ 

ကျန်းမိသားစုနဲ့ ရန်ဖြစ်ဖို့လား... မဖြစ်နိုင်ဘူး...


ညာဘက်အိမ်က အဖေကျန်း၏ အိမ်ဖြစ်ပြီး ဘယ်ဘက်အိမ်က ဦးလေးကျန်း၏ အိမ်ဖြစ်သည်။ သူတို့သာ ရန်ဖြစ်ပါက ဦးလေးကျန်းက ရန်ပွဲကို ဖျန်ဖြေပေးမည် မဟုတ်ဘဲ ရန်ပွဲထဲ ပါဝင်လာမည်ဖြစ်သည်။ ဦးလေးကျန်း၏ သားနှစ်ယောက်ပါ အဖေကျန်းကို ကူညီပေလိမ့်မည်။


အရေးအကြီးဆုံးအရာမှာ ဖုန်းရီ၏ ဆန္ဒဖြစ်သည်။


ဖုန်းရီ ကိုယ်တိုင်က စက်ရုံ၌ အလုပ်မသွားလိုသောကြောင့် သူတို့က ဓားကိုင်၍ ခြိမ်းခြောက်လျှင်လည်း မရနိုင်ပေ။


ကျန်းလီယွင်ကလည်း အခြေအနေကို ရိပ်မိသောကြောင့် ဖုန်းမိသားစုနှင့် ပြဿနာဖြစ်သည်အထိ မသွားခဲ့ပေ။


အဖေကျန်းနှင့် အမေကျန်းက မူလက မည်သည်မှ ဝင်မပြောဘဲ တိတ်ဆိတ်နေသော်လည်း ယခုတွင် ဖုန်းရီကို ရှုပ်ထွေးသော အမူအရာများဖြင့် ကြည့်နေကြသည်။


အခြားအကြောင်းပြချက်ကြောင့်မဟုတ်ဘဲ ဖုန်းရီကအံ့အားသင့်ဖွယ် “အမေ မလိုဘူး”ဟု ကြေညာလိုက်သောကြောင့်ပင် ဖြစ်သည်။


ဖုန်းရီက သူ့အမေနှင့် ပထွေးတို့၏ လွှမ်းမိုးမှုမရှိဘဲ ကျန်းမိဘများကို ကြည့်ပြီး ပြုံး၍ ပြောလိုက်သည်။ 

“ဦးလေးကျန်း... အန်တီ... အိမ်မှာ လုပ်စရာ အလုပ်တွေ ရှိရင် ကျွန်တော့်ကို ပြောပါ...”


ကျန်းလီယွင်က သန့်ရှင်းသော သစ်သားရေပုံးကို ယူ၍ ဖုန်းရီကို လှမ်းပေးရင်း ပြောလိုက်သည်။

“ဒုတိယဦးလေးအိမ်ကို သွားပြီး ရေနည်းနည်း ခပ်လာပေး...”


သူမတို့ ကျန်းအိမ်တွင် ရေပိုက်မရှိပေ။ သောက်ရေအတွက် ရေတွင်းမှ ရေကို ကြိုချက်၍ သောက်ကြရသည်။ ဦးလေးကျန်းအိမ်တွင် ရေတွင်း ရှိသည်။


စိုက်ခင်းများကို ရေလောင်းရန်အတွက်မူ မြစ် သို့မဟုတ် ရေကန်မှ ရေကို သယ်ယူရသည်။ သူမတို့၏ အိမ်အရှေ့တွင် ရေကန်လေးရှိသည်။


ဖုန်းရီက ထိုအရာအားလုံးနှင့် ရင်းနှီးပြီးဖြစ်သည်။ အုတ်စက်ရုံ၌ အလုပ်မလုပ်မီကလည်း ကျန်းမိသားစုအိမ်တွင် ရေခပ်ရန် မကြာခဏ ကူညီပေးလေ့ရှိသည်။ ထို့ကြောင့် သစ်သားရေပုံးကို ယူ၍ ရေခပ်ရန် ထွက်သွားတော့သည်။


ဖုန်းရီ သွားသည်ကို ကြည့်ပြီး ကျန်းလီယွင်က သူမ၏ အတိတ်ဘဝမှ အဖြစ်အပျက်များကို ပြန်တွေးနေမိသည်။


သူမ၏ ယခင်ဘဝတွင် ဖုန်းရီက အိမ်၏ အဝေး၌ အလုပ်လုပ်ပြီး ဖုန်းမိသားစုနှင့် အဆက်အသွယ်ဖြတ်ခဲ့သော်လည်း ဖုန်းမိသားစုထံသို့ ပိုက်ဆံပို့ပေးနေဆဲဖြစ်သည်။


သူမသာ မရှိခဲ့ပါက ရွာသို့ ပြန်လာမည် မဟုတ်ပေ။


လူပင်လယ်ထဲတွင် သူသာ ပြန်လာချင်စိတ်မရှိပါက ဖုန်းမိသားစုမှ လိုက်ရှာနိုင်မည် မဟုတ်ပေ။


ထိုအကြောင်းကို တွေးမိသောအခါ ကျန်းလီယွင်၏ ရင်ခုန်သံ စည်းချက်များ လွဲချော်လာသည်။


သူမက ယခု ဖုန်းရီနှင့် အတူရှိနေပြီ ဖြစ်သည်။


ဖုန်းရီ၏ သဘောထားကို ကြည့်ရသည်မှာ ဖုန်းမိသားစုကို လုံးဝ ဂရုစိုက်သည့်ပုံ မပေါ်သော်လည်း သူမကိုမူ ဂရုစိုက်သည်။


ဖုန်းရီက ပိတ်ရက်များတွင် ပြန်လာပြီး သူမကို လာကြည့်ကာ သူမ၏ သတင်းများကို စုံစမ်းနေပုံ ရသည်။ သူမ ကွာရှင်းပြီးနောက် ဖုန်းရီက ရွာသို့ ပြန်လာခဲ့ပြီး မြို့၌ အလုပ်လုပ်ခဲ့သည်။ မနက်တိုင်း သူမ၏ မနက်စာဆိုင်သို့ လာရောက်ပြီး နေ့လည်စာနှင့် ညနေစာအတွက်ပါ ထုတ်ပိုးသယ်သွားလေ့ရှိသည်။


ကျန်းလီယွင်၏ လက်များ တုန်ယင်လာပြီး သူမက အသက်ပြင်းပြင်းရှုလိုက်သည်။ ထို့နောက် ဖုန်းရီ အုတ်စက်ရုံမှ သယ်လာသော ပစ္စည်းများကို နေရာချပေးသည်။


ထို့နောက် ဖုန်းရီက ရေသယ်၍ ပြန်ရောက်လာသည်။ 

“အစ်မလီယွင်... ကျွန်တော့်ဘာသာ လုပ်လိုက်ပါမယ်...”


ကျန်းလီယွင်က လုပ်လက်စကို ရပ်ပြီး ပြောလိုက်သည်။

“ငါတို့... ဆိုင်နာမည်ဆိုင်းဘုတ် ရေးရအောင်...”


သူမက အနီရောင်စာရွက်ကို စားပွဲပေါ်တွင် တင်ပြီး “မြောက်ပိုင်းက ဖက်ထုပ်အိုးကပ်ကြော်” ဟူ၍ စာလုံး၄လုံးရေးထိုးလိုက်သည်။ အနီရောင်စာရွက်က မကြာသေးမီ ရက်များက ဝယ်လာခြင်းဖြစ်ပြီး သူမ ရေးရန် အချိန်မရသေး၍ မရေးရသေးခြင်းဖြစ်သည်။


ထိုအောက်တွင် “ ၁ခုကို ၁၀ဆင့်၊ ၆ခုယူလျှင် ၅၀ ဆင့်” ဟူ၍ ထပ်ဖြည့်လိုက်သည်။


သူမ၏ လက်ရေးက မလှပသော်လည်း ရှင်းလင်းသည်။ စာရေးပြီးနောက် သူမ စိတ်များ တည်ငြိမ်လာသည်။


မည်သို့ပင်ဆိုစေကာမူ သူမတို့ ကောင်းမွန်စွာ ရှင်သန်နေကြသေးသည်။ ယခင်ဘဝတွင် သူမ၌ ပိုက်ဆံရှိသော်လည်း မပျော်ရွှင်ခဲ့ရပေ။ ယခုတွင် သူမက ပိုက်ဆံရှာနေပြီး ဖုန်းရီနှင့် အတူ ယခင်ဘဝမှ မပြုလုပ်ခဲ့ရသည်များကို ပြုလုပ်ရန် အစီအစဉ်များစွာ ရှိသည်။


ဖုန်းရီက စားပွဲပေါ်မှ စာရွက်အနီကို ကြည့်ပြီး မေးလိုက်သည်။

“ဖက်ထုပ်အိုးကပ်ကြော် ၆ခုကို ဆင့် ၅၀လား...”


ကျန်းလီယွင်က ပြုံးလိုက်သည်။

“ဟုတ်တယ်... ၆ခုကို ဆင့် ၅၀...”


ဤခေတ်ကာလရှိ လူများမှာ ငွေကြေး မပြေလည်မှုများ ရှိသောကြောင့် လူအများစုက ဖက်ထုပ်အိုးကပ်ကြော် ၁ခု ၂ခုသာ စားနိုင်သည်။ ထိုအရာက သူမတို့ စီးပွားရေးအတွက် အကျိုးမများပေ။ ယခု ၆ခုကို ဆင့် ၅၀ဖြင့် ရောင်းချပါက ဈေးသက်သာ၍ တန်သောကြောင့် လူများက ပိုဝယ်ကြပေလိမ့်မည်။


ဆိုင်းဘုတ်ရေးပြီးနောက် ကျန်းလီယွင်က မနက်ဖြန် ဆိုင်ဖွင့်ရန် လိုအပ်သော အရာများကို စတင်ပြင်ဆင်တော့သည်။


ညနေစာ စားပြီးသည့်တိုင် လုပ်စရာများက ကျန်နေသေးသည်။ ဖုန်းရီက ဝက်သားသွားဝယ်၍ အစာသွပ်ရန် စဉ်းပေးသည်။ သူမက ဖက်ထုပ်အရွက် ပြုလုပ်ရန် ဂျုံနယ်ရသည်။


သူမတို့ တစ်နေ့လုံး အလုပ်များခဲ့ရာ ည၉နာရီမှ အားလုံးပြီးစီးသွားခဲ့သည်။


ယမန်နေ့ညက ဖုန်းရီက ကောင်းစွာ မအိပ်လိုက်ရပေ။ ယခု သူက အဆက်မပြတ် သမ်းဝေနေသည်။


အဖေကျန်း၊ အမေကျန်းနှင့် ကျန်းလီယွီက အိပ်ရာဝင်သွားကြပြီဖြစ်သည်။


ကျန်းလီယွင်က ဖုန်းရီ၏ လက်မောင်းကို ကိုင်၍ ညင်သာစွာ နှိပ်နယ်ပေးသည်။


သူမ ယခင်ဘဝက ဖက်ထုပ်များ စတင်ရောင်းစဉ်က သံဒယ်ပြားကို မကြာခဏ ‘မ’ရသည်ကြောင့် လက်မောင်းများ ရက်ပေါင်းများစွာ ကြာသည်အထိ ကိုက်ခဲနေတတ်သည်။


နောက်ပိုင်းမှ တဖြည်းဖြည်းအသားကျလာပြီး သူမ လက်မောင်းများ နာကျင်ခြင်း ရပ်သွားခြင်း ဖြစ်သည်။


ဖုန်းရီက အားသုံးရသော အလုပ်များနှင့် အသားကျနေပြီ ဖြစ်သော်လည်း သူ့လက်မောင်းများက ကိုက်ခဲနေဆဲဖြစ်သည်။


ကျန်းလီယွင်က သူ့လက်မောင်းကို ဆုပ်ကိုင်လိုက်သောအခါ ဖုန်းရီက တောင့်တင်းသွားသည်။


မကြာသေးမီရက်များတွင် ကျန်းလီယွင်နှင့် နေ့စဉ် တွေ့ဆုံဖြစ်ပြီး အချိန်များစွာ အတူရှိနေခဲ့ကြသော်လည်း ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု မရှိခဲ့ပေ။ 


ကျန်းလီယွင်က လက်နှစ်ဖက်ဖြင့် သူ့လက်မောင်းများကို မြဲမြံစွာ ဆုပ်ကိုင်ထားသည်။


ဖုန်းရီက သူ့တစ်ကိုယ်လုံး ထိုလက်ကလေးများ၏ ချုပ်ကိုင်မှုအောက်သို့ ရောက်ကာ မလှုပ်ရှားနိုင်တော့ပေ။


ကလေးဘဝမှ စတင်၍ ကျန်းလီယွင် သူ့လက်များကို ကိုင်ထားပေးလျှင် သူ့ကို ဖက်ထားပေးလျှင် သူ ပျော်ရွှင်လေ့ရှိသည်။ ယခုတွင် ပြောရန်ပင် မလိုပေ။


ကျန်းလီယွင်နှင့် မဆုံမီက လောကကြီးတစ်ခုလုံးနှင့် အလွှာခြားထားသကဲ့သို့ သူခံစားရပြီး ကျန်းလီယွင်က သူနှင့် ကမ္ဘာကြီးကို ချိတ်ဆက်ပေးသော ကြိုးလေးဖြစ်ခဲ့သည်။


သူမနှင့် နီးကပ်လေလေ သူ အလွန်အမင်း စိတ်လှုပ်ရှားလေလေ ဖြစ်သည်။


“ဒီနေ့ စောစောအိပ်တော့... မနိုးမှာလည်း စိတ်မပူနဲ့... ငါ့မှာ နှိုးစက်နာရီရှိတယ်... ငါမနက်ဖြန် လာနှိုးလိုက်မယ်...”

ကျန်းလီယွင်က ဖုန်းရီကို အကြံပေးသည်။


ဖုန်းရီက ခေါင်းညိတ်လိုက်သည်။


ကျန်းလီယွင်က ဆက်ပြောသည်။ 

“သွားကြရအောင်... ငါ ဦးလေးရုံဝမ်းအိမ် လိုက်ပို့ပေးမယ်...”


ဖုန်းရီတွင် ပစ္စည်းအချို့ ပါသောကြောင့် သူ တစ်ယောက်တည်း မသယ်နိုင်ပေ။


ကျန်းလီယွင်က ဖုန်းရီကို ဦးလေးရုံဝမ်းအိမ်သို့ လိုက်ပါစောင့်ရှောက်ပေးသည်။


ယနေ့ နေ့လည်က သူမ ဦးလေးရုံဝမ်းနှင့် တိုင်ပင်ဖြစ်သည်။ ဖုန်းရီကို နေစရာပေးပါက ဦးလေးရုံဝမ်းကို တစ်လလျှင် ၅ယွမ်ပေးမည်ဖြစ်သည်။


ဦးလေးရုံဝမ်းကလည်း သဘောတူခဲ့သည်။ ၅ယွမ်ဟူသော ငွေပမာဏက မများသော်လည်း အသား ၄ / ၅ ပေါင် ဝယ်၍ ရသည်။


ကျန်းလီယွင်က သူမ အခန်းကို ပြန်သွားပြီး နှိုးစက်နာရီကို ၄နာရီ၌ နှိုးစက်ပေးထားသည်။ ထို့နောက် နာရီကို လက်ထဲတွင် ပိုက်၍ စောင်ခြုံ၍ အိပ်သည်။


သူမ၏ လျှို့ဝှက်စုငွေများ ဖုန်းရီ၏ ပိုက်ဆံများအပြင် သူမ မိဘများထံမှ ချေးထားသည့် ငွေ ယွမ်၂၀၀ပါ ကုန်ပြီဖြစ်သည်။ အဓိကအားဖြင့် သူမ လိုအပ်မည့် ပစ္စည်းများကို ဝယ်ယူလိုက်သောကြောင့် ဖြစ်သည်။


သူမ လွန်ခဲ့သောရက်များက ဝယ်လာခဲ့သော နှိုးစက်နာရီက သူမ၏ အချိန်ထိန်းစက်ကိရိယာ ဖြစ်လာသည်။


သူမ ခုတင်ဘေးတွင် နာရီကို မထားရခြင်းမှာ သူမ ညီမလေး ကျန်းလီယွီနှင့် အခန်းမျှ သုံးရသောကြောင့် ဖြစ်သည်။ ကုတင်ဘေးတွင် ထားပါက နာရီ မြည်လာသောအခါ ကျန်းလီယွီပါ နိုးလာမည် စိုး၍ ဖြစ်သည်။


နာရီကို ပိုက်ထားလျှင် မတူပေ။ လှုပ်ရှားမှုရှိပါက သူမ ချက်ချင်း နိုးလာမည် ဖြစ်ပြီး နာရီကို ပိတ်လိုက်နိုင်သည်။


လက်ရှိနှိုးစက်နာရီက အတော်လေး စိတ်ဝင်စားစရာကောင်းသည်။ ဘတ်ထရီသုံးရန် မလိုဘဲ နေ့စဉ် လည်ပတ်ခြင်းအပေါ်တွင် မှီခိုသည်။ လည်ပတ်ခြင်း ရပ်သွားပါက နာရီလက်တံများ မရွေ့လျားတော့ပေ။ နာရီတွင် နှိုးစက်ပေးထားပါက ကောင်းမွန်စွာ လည်ပတ်လေသည်။


မနက် ၄နာရီတွင် နှိုးစက်ထမြည်သောအခါ ကျန်းလီယွင်က အိပ်ရာထကာ ဧည့်ခန်းသို့ တိတ်တဆိတ်သွား၍ ဖက်ထုပ်များ စတင် ထုပ်သည်။


ဖက်ထုပ်များကို နာရီဝက်မျှ ထုပ်ပြီးသောအခါ သူမ ပစ္စည်းအားလုံးတို့ကို ထုပ်ပိုးလိုက်သည်။ ၅နာရီ ထိုးခါနီးတွင် သူမ ဦးလေးရုံဝမ်းအိမ်သို့ သွားပြီး ဖုန်းရီကို နှိုးလိုက်သည်။


သူမတို့ မြို့သို့ သွားပြီး ဖက်ထုပ်အိုးကပ်ကြော်များ ရောင်းကြမည်ဖြစ်သည်။



🏡🏡🏡