Chapter 21
Viewers 4k

🏡 Chapter 21



အုတ်နှင့် ကြွေပြားစက်ရုံသို့ အလုပ်စဝင်စဉ်က သူက အလွန်ကို ငယ်ရွယ်နေသောကြောင့် မနာခံဘဲ မနေနိုင်ခဲ့ပေ။ ထိုစဉ်က စက်ရုံသို့ အလုပ်ဝင်ခြင်းက သူ့ဘဝအတွက် ပိုကောင်းသော ရွေးချယ်မှုဖြစ်ခဲ့ပြီး ရသမျှ လစာများကို ဖုန်းမိသားစုထံသို့ ပို့ပေးကာ ကြီးပြင်းလာအောင် ကူညီပေးခဲ့သော ကြင်နာမှုကို ပြန်လည်ပေးဆပ်ခြင်းဖြစ်သည်။


သားအမိ ဆက်ဆံရေးက သူတို့ကြားတွင် မရှိပေ။


ဖုန်းရီက ကျန်းလီယွင်ကို ကြည့်ပြီး ထပ်မံမေးလိုက်သည်။

“အစ်မလီယွင်... တကယ် မထိုင်တော့ဘူးလား...”


ကျန်းလီယွင်က အခိုင်အမာပြောသည်။

“မထိုင်ဘူး...”


“ဒါဆိုလည်း ကောင်းပြီ...”

ဖုန်းရီက စိတ်မချမ်းမသာနှင့် လှည်းကို စတင်ဆွဲခဲ့သည်။


ကျိုးချောင်ရှားလား ... သူက ဘယ်သူလဲ...


ဖုန်းရီထွက်ခွာသွားသည်ကို မြင်သောအခါ ကျန်းလီယွင်က နောက်မှ လျင်မြန်စွာ ပြေးလိုက်သည်။ ကျိုးချောင်ရှားကိုမူ သူမ အကြည့်တစ်ချက်ပင် ပေးမနေပေ။ ကျိုးချောင်ရှားက သူမအပေါ်တွင် ဩဇာအရှိန်အဝါမရှိပေ။


သူမတို့ စက်ရုံဆီသို့ လမ်းလျှောက်လာစဉ် ကျန်းလီယွင်က သူမ၏ အစီအစဉ်များကို ပြောပြသည်။

“ငါ ဖက်ထုပ်အိုးကပ်ကြော် လုပ်တတ်တယ် ဆိုပေမယ့် အရင်က မီးသွေးမီးဖို မသုံးဖူးဘူး... ဒီတစ်ကြိမ် စက်ရုံက လူတွေကို ဖက်ထုပ်အိုးကပ်ကြော် လုပ်ကျွေးရင်း လေ့ကျင့်မလို့...”


ဖက်ထုပ်အိုးကပ်ကြော် ပြုလုပ်ရသည်မှာ မီးအရှိန်ကို ဂရုပြုရသည်။ ထို့ကြောင့် သူမက ဆိုင်မဖွင့်မီ ဦးဆုံး လေ့ကျင့်လိုခြင်းဖြစ်သည်။


အုတ်နှင့် ကြွေပြားစက်ရုံ၌ ဖက်ထုပ်အိုးကပ်ကြော် လေ့ကျင့်ခြင်းက ကောင်းမွန်သော အခွင့်အရေးတစ်ခုဖြစ်သည်။


ရှဲ့ဇူကန်း ပေါ်လာရင်ရော ... အဲ့လိုဆိုရင်... အဲ့လိုဆိုရင်... ငါ သူ့ကို မကြောက်ဘူး...


သူမတို့ စက်ရုံသို့ ရောက်သောအခါ မနက် ၉နာရီပင်ထိုးနေပြီ ဖြစ်သည်။


ကျန်းလီယွင်က ဖုန်းရီကို စက်ရုံဆေးပေးခန်းဘေးတွင် ပါကင်ထိုးခိုင်းပြီး ပစ္စည်းများကို ချခိုင်းသည်။ သူမက မီးသွေးမီးဖိုကို စတင်မီးမွှေးပြီး ဖက်ထုပ်အရွက်များ ပြင်ဆင်သည်။


“နောက်ကျရင် ငါတို့ ဆိုင်ဖွင့်ဖို့အတွက် အသားနုတ်နုတ်စဉ်းတာနဲ့ ဂျုံနယ်တာကို တစ်ရက်ကြို ပြင်ထားရမယ်... မနက်မှ လုပ်မယ်ဆိုရင် ငါတို့ အလျင်မမှီနိုင်ဘူး...”

သူမက ရှင်းပြပေးသည်။ ဂျုံနယ်ခြင်းကို တစ်ညကြိုလုပ်ထားပါက ဂျုံသားက ပျော့ပျောင်းက ဖက်ထုပ်အသားက တင်းတင်းရင်းရင်းလေး ရှိပေမည်။


“သိပါပြီ...”

ဖုန်းရီက ကျန်းလီယွင်ပြောသမျှကို မှတ်သားထားသည်။


ထိုအချိန်တွင် စက်ရုံအလုပ်သမားအချို့က သူမတို့ကို သတိထားမိပြီး တစ်ယောက်က မေးမြန်းလိုက်သည်။ 

“ဖုန်းရီ... ဘာလုပ်နေတာလဲ... ဘာလို့ အလုပ်မလုပ်သေးတာလဲ...”


ဖုန်းရီက ပြန်ဖြေသည်။

“ကျွန်တော် အလုပ်ထွက်လိုက်ပြီ... နောက်ကျရင် စက်ရုံမှာ အလုပ်မလုပ်တော့ဘူး...”


စက်ရုံအလုပ်သမားက မေးမြန်းလာသည်။

“အနာဂတ်မှာ မင်း ဘာလုပ်မှာလဲ...”


“ကျွန်တော် အစ်မလီယွင်နဲ့ မြို့မှာ ဆိုင်ဖွင့်မလို့...”

ဖုန်းရီက ပြန်ဖြေသည်။


ကျန်းလီယွင်က ထပ်ဖြည့်ပြောလာသည်။

“ ဖုန်းရီ စက်ရုံမှာ အလုပ်လုပ်တုန်းက လူတိုင်းက သူ့ကို ဂရုစိုက်ပေးကြတယ်လေ... မနေ့က ကျွန်မ အားလုံးကို ဖက်ထုပ်အိုးကပ်ကြော် ကျွေးမယ်ပြောထားတာ... အဲ့ဒါကြောင့် ဒီနေ့ ကျွန်မတို့ ရောက်လာတာ... နေ့လည်ကျရင် ဖက်ထုပ် လာစားပါဦးနော်...”


ကျန်းလီယွင်က စက်ရုံအလုပ်သမားများကို ဖော်ဖော်ရွေရွေဖြင့် ပြောဆိုပြီးနောက် သူမတို့ သတင်းက စက်ရုံအနှံ့ ပျံ့နှံ့သွားသည်။


“ဖုန်းရီက ကျန်းလီယွင်ကို ဒီကို ခေါ်လာတယ်... မင်းတို့ သိပြီးကြပြီလား...”


“ဖုန်းရီက ပြောတယ်... သူအလုပ်ထွက်တော့ မလို့တဲ့...”


“သူက ကျန်းလီယွင်နဲ့ ဆိုင်ဖွင့်တော့မလို့တဲ့...”


“ကျန်းလီယွင်က ပြောတယ်... သူ ငါတို့အားလုံးကို ဖက်ထုပ်အိုးကပ်ကြော် ကျွေးမယ်တဲ့... ငါတို့ ခဏနေ သွားစားကြရအောင်...”


သူတို့ ဆွေးနွေးပြီးနောက် ပြောလက်စ ခေါင်းစဉ်မှ ကျန်းလီယွင်နှင့် ဖုန်းရီတို့ သမီးရည်းစားဆက်ဆံရေးဆီသို့ ပြောင်းသွားသည်။ 

“ငါ မနေ့က သူတို့အကြောင်းကြားတုန်းက မယုံခဲ့ဘူး... အခု ကြည့်ရတာတော့ အမှန်ဖြစ်ပုံပဲ...”


“ဖုန်းရီမှာ ဘာမှ မရှိဘူး... ဒါတောင် ကျန်းလီယွင်က ဖုန်းရီနဲ့ အတူရှိချင်သေးတယ်...”


“ဒါကိုတောင် အရင်က ရှဲ့ဇူကန်းက ပြောသေးတယ်... ကျန်းလီယွင်က ဆင်းရဲရတာကို မကြိုက်ဘဲ ချမ်းသာတဲ့သူတွေကိုပဲ သဘောကျတာတဲ့... “


“ဒီမိန်းကလေးက မိန်းမကောင်းလေးပဲ...”


အလုပ်သမားများ အထူးသဖြင့် ယောက်ျားသားများက ဖုန်းရီကို ကိုယ်ချင်းစာကြသည်။ သူ၏ ငွေကြေးပိုင်ဆိုင်မှုများကို စိတ်ထဲမထားသည့် လှပသော မိန်းကလေးမျိုးကို ပိုင်ဆိုင်သည်ဟု စိတ်ကူးကြည့်ကြသည်။


သူတို့နှစ်ယောက်၏ အနာဂတ်က မသေချာသော်လည်း ကျန်းလီယွင်က သူတို့၏ မျက်လုံးထဲတွင် ပို၍ နှစ်လိုဖွယ်ကောင်းလာသည်။ သို့ရာတွင် သူတို့အတွက် လက်ရှိတွင် အရေးအပါဆုံးအရာက ဖက်ထုပ်အိုးကပ်ကြော် စားရန်သာ ဖြစ်သည်။


စက်ရုံအလုပ်သမားများက သူမတို့အကြောင်း ဆွေးနွေးနေကြမည်ကို ကျန်းလီယွင် သိသော်လည်း သူမက စိတ်ထဲမထားပေ။ သူမက အာရုံစိုက်မှုများကိုလည်း ကြိုဆိုသည်။


နောက်ဆုံးတွင် ဤအရာက လူအများ၏ လွတ်လပ်မှုဖြစ်သည်။


ကျန်းလီယွင်က ဖက်ထုပ်ကြော်လေ့ကျင့်ရန် နှင့် သူမဖက်ထုပ်ကြော်များအကြောင်း စက်ရုံ၌ ကြော်ငြာရန် ယမန်နေ့ စက်ရုံသို့ လာစဉ်က ဆုံးဖြတ်ထားသည်။ ငွေကြေးအနည်းငယ် ကုန်ကျမည် ဖြစ်သော်လည်း ထိုကုန်ကျစရိတ်ကို သူမ စီမံနိုင်သေးသည်။


ထိုအကြောင်းကို တွေးရင်း ကျန်းလီယွင်က လှိမ့်တံကို ယူ၍ ဖက်ထုပ်အရွက်များကို ညင်သာစွာ လှိမ့်နေသည်။ ထိုစဉ် ဖုန်းရီက သူမဘေးတွင် ဖက်ထုပ်များ ထုပ်နေသည်။


ဖက်ထုပ်ထုပ်ခြင်းနှင့် မရင်းနှီးသော်လည်း ကျန်းလီယွင် လုပ်ပြသည်ကို ကြည့်ပြီး ဖုန်းရီက လျင်မြန်စွာ လေ့လာသင်ယူလိုက်သည်။ ဖုန်းရီက မည်သည့်အရာကိုမဆို သင်ယူလွယ် တတ်လွယ်သောသူဖြစ်သည်။


သူမတို့ လုံလောက်သော ပမာဏအထိ ဖက်ထုပ်များထုပ်ပြီးသောအခါ အပေါက်သုံးပေါက်ပါသော မီးဖိုက အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ ကျန်းလီယွင်က လက်အိတ်အထူဝတ်ပြီး ကြီးမားသော သံဒယ်ပြားကို မီးဖိုပေါ်သို့ တင်လိုက်ရင်း ဖက်ထုပ်ကြော်ရန် ပြင်ဆင်လိုက်သည်။


ဖက်ထုပ်အိုးကပ်ကြော်ရန်မှာ မီးအရှိန်ညီမျှစေရန်၊ ပုံမှန် ဒယ်ပြားကို လှုပ်ရှားပေးရန် လိုအပ်ပေသည်။ ထို့ကြောင့် ကျန်းလီယွင်က လက်အိတ်သာမက အဝတ်စုတ် နှစ်ခုပါ ပြင်ဆင်ထားသည်။ နောက်ပိုင်းတွင် သူမက လက်အိတ်ဝတ်၍ အဝတ်စုတ်များကို ကိုင်၍ ဒယ်ပြားကို လှုပ်ရှားနေသည်။


“ဖက်ထုပ်အိုးကပ်ကြော်တဲ့အခါ ဒယ်ပြားကို အဆက်မပြတ် လှုပ်ပေးနေရတာလား...”

ဖုန်းရီက ကျန်းလီယွင်၏ လှုပ်ရှားမှုများကို မြင်ပြီး ကျန်းလီယွင်ကို မေးလိုက်သည်။


“ဟုတ်တယ်...”

ကျန်းလီယွင်က ပြုံး၍ ဖုန်းရီကို လက်တွေ့ လုပ်ပြသည်။


ဖုန်းရီက ပြောလိုက်သည်။

“အစ်မလီယွင်... ဒယ်ပြားကို ပြန်ချလိုက်... ကျွန်တော်လုပ်လိုက်မယ်...”


ကျန်းလီယွင်ဆီမှ လက်အိတ်ကို ယူလိုက်သည်။


ကျန်းလီယွင်က ပြောသည်။

“ငါ အတွေ့အကြုံယူနေတာ...”


ဖုန်းရီက မရမက အတင်းပြောဆိုသည်။

“သံဒယ်ပြားက လေးပြီး ပူတယ်... ကျွန်တော်ပဲ လုပ်လိုက်မယ်... အစ်မက ဘေးကနေ ကျွန်တော့်ကို သင်ပေးပေါ့...”


ကျန်းလီယွင် မီးဖိုပေါ်မှ ဒယ်ပြားကို ကိုင်လိုက်သောအခါ ဖုန်းရီ၏ နှလုံးခုန်နှုန်းမှာ ဟန်ချက်မညီတော့ပေ။ 

သူ အပူလောင်သွားရင် ဘယ်လိုလုပ်မလဲ...


လေးလံသော သံဒယ်ပြားက ကားတာယာကဲ့သို့ ကာထားသောကြောင့် သူမ အပူမလောင်နိုင်ပေ။


ဖက်ထုပ်ကို ကျန်းလီယွင်ကို ကြော်ခိုင်းလို့ မဖြစ်သေးပါဘူး...


ကျန်းလီယွင်က ဖုန်းရီ သူမကို စိတ်မချဖြစ်နေသည်ကို သတိပြုမိသည်။ ဖုန်းရီ၏ စိတ်ရင်းအမှန်ဖြင့် ဂရုစိုက်မှုများကြောင့် ကျေနပ်ဝမ်းသာနေမိသည်။


ယခင်ဘဝအကြောင်း ပြောရမည်ဆိုပါက သူမတို့ လက်ထပ်ပြီးနောက်တွင် ဖုန်းရီက ဖက်ထုပ်ကြော်ခြင်းကို ကူညီပေးပြီး သူမက ဝှီးချဲပေါ်တွင် ထိုင်ကာ ဖက်ထုပ်ထုပ်လေ့ရှိသည်။ ဖုန်းရီက အမှန်ပင် လူကောင်းဖြစ်သည်။ ရှဲ့ဇူကန်းကမူ အိမ်မှုကိစ္စများကို အကူအညီ မပေးသည့်အပြင် ညအခါ ကလေးငိုပါကလည်း ပြဿနာရှာလေ့ရှိသည်။ 


ကျန်းလီယွင်က ပြုံး၍ လက်အိတ်ကို ချွတ်လိုက်သည်။ 

“ကောင်းပြီ... နင်ပဲ လုပ်လိုက်... ငါသင်ပေးမယ်...”


ဖုန်းရီက ချက်ချင်း ကြိုးစားကြည့်သည်။


ကျန်းလီယွင်က ဘေးမှ စောင့်ကြည့်ပေးပြီး သူ့ကို သတိပေးနေသည်။ ထို့နောက် သူမက ဒယ်ပြားကို အခေါက်ရေ အနည်းငယ်မ'ပြီး ထိပ်ကားဇွန်းပြားဖြင့် ဖက်ထုပ်အောက်ခြေများ ရွှေရောင်သန်းပြီး ကောင်းမွန်စွာ ကျက်မကျက် သေချာအောင် ပြုလုပ်သည်။


မီးသွေးမီးဖို၏ အရှိန်က လွန်စွာ မပြင်းသော်လည်း ဖက်ထုပ်များ တူးမသွားအောင် သတိထား၍ လုပ်ကိုင်ရပေမည်။ ထို့ကြောင့် ဖက်ထုပ်ကြော်ခြင်းက အနည်းငယ် နှေးကွေးပြီး နောက်ဆုံးတွင် သူမတို့နှစ်ယောက်၏ ပထမဆုံးအကြိမ် ဖက်ထုပ်ကြော်များ ရရှိလာသည်။


ကျန်းလီယွင်က တစ်ခုကို မြည်းကြည့်ပြီး အရသာ အလွန်ရှိသည် သိလိုက်သည်။


သူမတို့၏ ဖက်ထုပ်ကြော်က ကောင်းမွန်စွာ ပြင်ဆင်ထားပြီး အရောင်အဆင်းနှင့် အနံ့အရသာ ကောင်းမွန်လှသည်။


ထိုအချိန်တွင် နေ့လည် ထမင်းစားနားချိန် ရောက်လာသဖြင့် စက်ရုံမှ လူများက ဖုန်းရီတို့ဆီ စုဝေးရောက်ရှိလာသည်။


ထိုသူများကို တွေ့ပြီးနောက် ကျန်းလီယွင်က ချက်ချင်း ပြောလိုက်သည်။

“အားလုံးပဲ... ဖုန်းရီနဲ့ ကျွန်မ လုပ်ထားတဲ့ ဖက်ထုပ်အိုးကပ်ကြော်လေး မြည်းကြည့်ပါဦး... အများကြီးတော့ မလုပ်ထားလို့... တစ်ယောက် နည်းနည်းစီ ရမယ်နော်...”


ဖုန်းရီက ထိပ်ကားဇွန်းပြားဖြင့် ဖက်ထုပ်များကို အိုးအကြီးမှ အသေးသို့ ပြောင်းရွှေ့လိုက်ပြီး ဒုတိယတစ်သုတ် ကြော်ရန် အဆင်သင့်ဖြစ်နေလေသည်။ ကျန်းလီယွင်က ပထမအသုတ် ဖက်ထုပ်များကို ခွဲဝေပေးလိုက်သည်။


“အစ်ကိုဝမ်... ဒါ အစ်ကို့အတွက်...”


“ဦးလေးကျန်း... ကျေးဇူးပြုပြီး မြည်းကြည့်ပါဦး...”


“အစ်ကိုလီ... အစ်ကို့အတွက်ပါ...”


...


စွင်းကျင်ရှန်း နေ့လည်စာဗန်းကို သယ်၍ သူမတို့ဆီ ရောက်လာသောအခါ ကျန်းလီယွင်က ဖက်ထုပ်ကြော်နှစ်ခုကို ပေးလိုက်သည်။

“အစ်ကိုစွင်း... အိုးတွေ ဝယ်ပေးလို့ ကျေးဇူးတင်ပါတယ်...”


ဖုန်းရီနှင့် ယမန်နေ့က စကားပြောဆိုပြီးနောက် ကျန်းလီယွင်က စွင်းကျင်ရှန်းက ဖုန်းရီကို ဂရုစိုက်ပေးကြောင်း သိလာရပြီး ကျေးဇူးတင်မိသည်။ ထိုသို့ ဖက်ထုပ်များ ဝေပေးနေစဉ် သူမအစ်ကိုကျန်းလီဟိုင် ရောက်ရှိလာသည်။


သူ့ညီမက ဝက်သားများ ဖြည့်ထားသော ဖက်ထုပ်အိုးကပ်ကြော်များကို စက်ရုံအလုပ်သမားများထံ ဝေပေးနေသည်ကို တွေ့သောအခါ ကျန်းလီဟိုင်က သွေးတက်လာသည်။ 

ဘာလို့ အိမ်အတွက် မသိမ်းထားတာလဲ... ဘာလို့ စက်ရုံမှာ လာဝေနေရတာလဲ...


သူတို့ စက်ရုံတွင် လူတစ်ရာမှ နှစ်ရာ ဝန်းကျင်ရှိသည်။ လူတိုင်းကို ဖက်ထုပ် တစ်ခု / နှစ်ခု ဝေပေးမည် ဆိုပါက များစွာ ကုန်ကျမည် ဖြစ်သည်။ 

ဒါတွေ အကုန် ငါ့အတွက်ပဲ ချန်ထားပေးလိုက်တာ မကောင်းဘူးလား...


သို့ရာတွင် သူ မည်သည်မှ မပြောနိုင်ပေ။ ပြောလိုက်ပါက သူ့ကို ကပ်စေးနည်းသည်ဟု ထင်ကြမည် ဖြစ်သည်။


ကျန်းလီဟိုင်က နေ့လည်စာဗန်းကို ကိုင်ပြီး လူအုပ်ကြီးကို တိုးဝှေ့၍ ရှေ့သို့ သွားလိုက်သည်။

“လီယွင်...”


ကျန်းလီယွင်က ကျန်းလီဟိုင်ကို ပြုံးပြပြီး ဖက်ထုပ်တစ်ခု ထည့်ပေးရင်း ပြောလာသည်။

“အစ်ကို... ဖက်ထုပ်တွေက အားလုံးအတွက် မလောက်မှာ စိုးလို့ ... အခု တစ်ခုပဲ ပေးလိုက်မယ်... နောက်ပိုင်း ဖက်ထုပ်ပိုရင် ထပ်ပေးမယ်နော်...”


ကျန်းလီဟိုင် “...”


ငါ တစ်ခုပဲ ရတာလား...


သူ တစ်ခုသာ ရသော်လည်း ၎င်းက ဖက်ထုပ်အိုးကပ်ကြော်ဖြစ်သည်။


ယမန်နေ့က သူ ဖက်ထုပ်အိုးကပ်ကြော် သုံးခု စားခဲ့ရာ အလွန် အရသာရှိပေသည်။


တူကို သုံးပြီး ဖက်ထုပ်အိုးကပ်ကြော်ကို တစ်ကိုက် ကိုက်လိုက်သည်။ သူ့မျက်လုံးများ ပြုးကျယ်တောက်ပလာသည်။


ဒီနေ့ ဖက်ထုပ်ကြော်က မနေ့ကထက်တောင် ကောင်းသေးတယ်...


ထိုအရာက ပုံမှန်ဖြစ်သည်။ လတ်ဆတ်စွာ ချက်ချင်း ကြော်ထားသော ဖက်ထုပ်ကြော်က အိမ်၌ ကြော်ပြီး သယ်လာသော ဖက်ထုပ်ကြော်ထက် သံသယမရှိ ပိုကောင်းပေလိမ့်မည်။


ကျန်းလီဟိုင်က ဖက်ထုပ်ကြော်ကို စားကောင်းသည်ဟု ခံစားရသကဲ့သို့ အခြားသူများလည်း ထိုသို့ပင်ဖြစ်သည်။


ပုံမှန်အားဖြင့် အပြုတ်များ စားနေရသဖြင့် ရုတ်တရက် ဆီနှင့် ကြော်လှော်ထားသော ဖက်ထုပ်ကြော်များကို စားရသောအခါ ပျော်ရွှင်မိကြသည်။


“ဒီ ဖက်ထုပ်အိုးကပ်ကြော်တွေက အရမ်း အရသာရှိတာပဲ...”


“အပေါ်က အခွံက ကြွပ်ရွရွ အနံ့မွှေးမွှေးလေးနဲ့ ဆီနဲ့ နည်းနည်းလေး ကျွမ်းအောင် ကြော်ထားတာ... ကြိုက်လိုက်တာ...”


“အထဲက သွပ်ထားတဲ့ အသားက အရမ်းအရသာရှိတာပဲ...”


“ဖုန်းရီ... မင်းဒါတွေကို ရောင်းဖို့ ပြင်နေတာမလား... လူတွေ သေချာပေါက် ဝယ်စားကြမှာ...”


“မနက်ဖြန်... ငါ့သား မြို့သွားရင် ဖက်ထုပ်အိုးကပ်ကြော် ဝယ်ဖို့ မှာလိုက်မယ်...”


...


ကျန်းလီယွင်က သူတို့အား တစ်ယောက်တစ်ခုပေးပြီးသော်လည်း မဝသေးဘဲ ထပ်၍ စားချင်သေးသည်။ သို့ရာတွင် စက်ရုံတွင် လူများစွာ ရှိပြီး ပါဝင်ပစ္စည်းများက မလောက်ငှသောကြောင့် ထပ်တောင်းရန် တွန့်ဆုတ်နေမိသည်။


ကောင်းပြီလေ... မနက်ဖြန် သူတို့ ဆိုင်ဖွင့်မှပဲ အိမ်က လူတွေအတွက် ဝယ်ကျွေးတော့မယ်...


အချိန်တိုအတွင်း ဖက်ထုပ်အိုးကပ်ကြော် ပထမအသုတ်က ကုန်သွားခဲ့သည်။ နောက်မှ ထပ်မံရောက်လာသောသူများက ဖုန်းရီ ကြော်နေသော ဒုတိယအသုတ်ကို စောင့်ရမည်ဖြစ်သည်။


ဖုန်းရီ၏ ပထမဆုံးအကြိမ် ဖက်ထုပ်အိုးကပ်ကြော်ခြင်းဖြစ်ပြီး နှေးကွေးစွာ လုပ်ကိုင်နေသော်လည်း ဖုန်းရီက အနည်းငယ် ပျာယာခတ်နေသည်။


ထိုအချိန်တွင် စက်ရုံခေါင်းဆောင်များက ထိုသတင်းကို ကြားမိသည်။ ဖုန်းရီက အလုပ်ထွက်မည့်အကြောင်း ယနေ့ စက်ရုံသို့ သတင်းလာပို့သဖြင့် သိထားကြသည်။


အုတ်နှင့် ကြွေပြားစက်ရုံက အစိုးရပိုင်စက်ရုံများနှင့် ကွာခြားသည်။ အလုပ်ထွက်ခြင်း၊ ခွင့်ယူခြင်းအတွက် ရိုးရှင်းစွာ အသိပေးလိုက်ရုံပင် ဖြစ်သည်။ စက်ရုံတွင် အလုပ်သမား ပြတ်လပ်ခြင်းမရှိသည့်အပြင် စက်ရုံတွင် ဝင်ရောက်အလုပ်လုပ်လိုသူများလည်း အများအပြား ရှိသောကြောင့် စက်ရုံခေါင်းဆောင်များက ဖုန်းရီအလုပ်ထွက်ခြင်းကို များစွာ စိုးရိမ်ပူပန်ခြင်းမရှိပေ။


“ကျန်းလီယွင်က တော်တော်လေး လည်ဝယ်တာပဲ...”


“သူက အားလုံးကို ဖက်ထုပ်ဝေပေးမယ်ပြောပြီး အမှန်က သူ လက်တွေ့လေ့ကျင့်နေတာ...”


ထိုစဉ် လူတစ်ယောက်မှ စကားဝိုင်းသို့ ကြားဖြတ်ပြောလာသည်။

“ငါ သူ့ကို တွေ့ဖူးတယ်... သူက တော်တော်ကြည့်ကောင်းတယ်... ဖုန်းရီလို အိမ်မရှိ အလုပ်အကိုင်မကောင်းတဲ့ သူနဲ့ ချိန်းတွေ့လိမ့်မယ်လို့ မထင်ထားမိဘူး...”


ပထမလူက ထပ်ပြောလာသည်။

“အမှန်ပဲ… အချိန်က စကားပြောသွားမှာ... သူ ဖုန်းရီနဲ့အတူ အလုပ်ကြိုးစားရင် သူတို့ ကိုယ်ပိုင်အိမ် ပိုင်ဆိုင်နိုင်မှာပါ...”


စက်ရုံခေါင်းဆောင်များက ရေရှည်ကို မျှော်ကြည့်နိုင်ကြသည်။ ထိုစဉ်တွင် ရှဲ့ဖူ (အဖေရှဲ့)က မူလက ကျန်းလီယွင်ကို ချွေးမအဖြစ် ရွေးထားသည့် ကိစ္စများက ကမှောက်ကမဖြစ်သွားသဖြင့် တိတ်တဆိတ်ဖြင့်သာ ဇာတ်ရည်လည်အောင် နားထောင်နေသည်။


အဖေရှဲ့က မည်သည်မှ ဝင်မပြောပေ။


မူလတွင် အမေရှဲ့က ကျန်းလီယွင်ကို အကောင်းမမြင်သောကြောင့် ရှဲ့ဇူကန်းနှင့် ကျန်းလီယွင်တို့၏ ဘလိုင်းဒိတ်မှာ အလွန်သာမန်သာဖြစ်သည်။ သူမတို့က ရုပ်ရှင်အတူကြည့်၍ စကားပြောကြရုံသာဖြစ်သည်။


ကျန်းလီယွင်က ရှဲ့မိသားစုအကြောင်းများကို မသိပေ။


ထို့ကြောင့် ကျန်းလီယွင်က လက်တွဲဖော်ကို လျင်မြန်စွာ အပြောင်းအလဲလုပ်သည်ဟု အပြစ်တင်ချင်သော်လည်း အပြစ်မတင်နိုင်ပေ။ 


ခေါင်းဆောင်ကျန်းက ထ၍ ပြောလာသည်။

“ငါ သွားကြည့်လိုက်ဦးမယ်...”


ထိုခေါင်းဆောင်က ဆေးပေးခန်းနားသို့ ရောက်လာသောအခါ ကျန်းလီယွင်က အလုပ်သမားများအား ဖက်ထုပ်များ ဝေပေးပြီး ဖြစ်သည်။ အိုးထဲတွင် အခု ၃၀ခန့်သာ ကျန်တော့သည်။


“လီယွင်... ဖက်ထုပ်ဘယ်နှခုကျန်သေးလဲ... ငါ့အဖေအတွက် ဝယ်ချင်လို့ ငါ့အတွက် အကုန်ထည့်ပေးလိုက်...”

ခေါင်းဆောင်ကျန်းက ပြုံး၍ တောင်းဆိုလိုက်သည်။


ခေါင်းဆောင်တစ်ယောက် ဖြစ်သောကြောင့် ဖက်ထုပ်များကို အလကားစားပါက နေရခက်ပေမည်။ သူကိုယ်တိုင်ကလည်း မြောက်ပိုင်းမှ နာမည်ကြီးဖြစ်သော ဤဖက်ထုပ်များကို မစားဖူးသဖြင့် မြည်းစမ်းကြည့်လိုသည်။


ဘာလို့ ပိုက်ဆံပေးမဝယ်ရမှာလဲ...


“ဦးလေးကျန်း... ကျွန်မက ဦးလေးဆီက ပိုက်ဆံ ဘယ်လို လက်ခံနိုင်မှာလဲ... ဒီဖက်ထုပ်တွေကို ဦးလေးအတွက် အခမဲ့ ထည့်ပေးလိုက်ပါမယ်...”

ကျန်းလီယွင်က ပြုံး၍ ပြောလိုက်သည်။


ဖက်ထုပ်လေးနည်းနည်းအတွက်နဲ့ ဘာလို့ စက်ရုံခေါင်းဆောင်ဆီက ပိုက်ဆံယူနေမှာလဲ... ဖုန်းရီ ဒီစက်ရုံမှာ အလုပ်မလုပ်တော့ဘူးဆိုရင်တောင် သူတို့နဲ့ ဆက်ဆံရေးကောင်းရှိထားတာ ကောင်းတယ်...


စက်ရုံအလုပ်သမားများထံမှ စားကောင်းကြောင်း တုံ့ပြန်ချက်များ ကြားရသောအခါ မနက်ဖြန် မြို့၌ စီးပွားရေးစလုပ်ရန်နှင့် သူမ၏ စီးပွားရေးအောင်မြင်မည်ဟု ယုံကြည်ချက်ရှိလာသည်။



🏡🏡🏡