Chapter 15
Viewers 4k

🏡 Chapter 15

ဖက်ထုပ်အိုးကပ်ကြော်



အဖေရှဲ့က ကျန်းလီယွင် သူ့သားအား ငြင်းဆန်ခဲ့ခြင်းကို အနှေးနှင့် အမြန် နောင်တရလိမ့်မည့်ဟု တွက်ထားသည်။ ရှဲ့မိသားစု၏ ပိုင်ဆိုင်မှုမှာ အပြင်တွင် မြင်နေရသည်ထက် မရေမတွက်နိုင်အောင်ပင် ပို၍ များပြားပေသည်။


ထို့ကြောင့် အဖေရှဲ့က စိတ်မဆိုးသကဲ့သို့ ရှဲ့ဇူကန်းအား ခွင့်မပေးပေ။


ရှဲ့ဇူကန်းမှာ ရွေးချယ်စရာမရှိဘဲ စက်ရုံသို့ လာခဲ့ရသည်။ ထိုစဉ် လူတစ်ယောက်က သူအားမေးလိုက်သည်။

“ရှဲ့ဇသကန်း...ကျန်းလီဟိုင် ညီမနဲ့ မင်းနဲ့ အခြေအနေ ဘယ်လိုလဲ...”


ရှဲ့ဇူကန်းမှာ နှလုံးသား၏ အောက်ခြေမှ ဒေါသများ တလိပ်လိပ်တက်လာကာ သူ့အတွက် ဖြေရှင်းချက်တစ်ခု စဉ်းစားမိသည်။

“ ကျန်းလီဟိုင်ညီမလား... လူကတော့ အဆင်ပြေပါတယ်... သူ့စိတ်ထားကတော့ မကောင်းဘူး... ငါ့အမေကလည်း သူနဲ့ သဘောမတူဘူး...”


ထိုသူများက ကျန်းလီယွင် သူ့အား မကြိုက်သည်ကို သိသွားပါက လှောင်ပြောင်ကြမည် ဖြစ်သည်။ ထိုကြောင့် သူက ကျန်းလီယွင်အား စိတ်မဝင်စားပုံပြလျှင် အဆင်ပြေနိုင်သည်။


စိတ်ထဲ၌ ထိုသို့ တွေးလျက် ရှဲ့ဇူကန်းက စိတ်သက်သာရာရသွားသည်။


အဖေရှဲ့ ကျန်းလီယွင်ကို သဘောကျစဉ်က ကျန်းမိသားစုအကြောင်း စုံစမ်းထားခဲ့ရာ သူက ယုံကြည်ချက်ရှိရှိဖြင့် ပြောလိုက်သည်။

“ကျန်းလီယွင်မှာ အစ်မရှိတာ သိတယ်မလား... မြို့မှာ လက်ထပ်ဖို့ တခြားသူရဲ့ အိမ်မှာ ပိုက်ဆံမရတဲ့ အိမ်စေသွားလုပ်တာလေ... အခုတော့ စိတ်မမှန်တဲ့ သူနဲ့ လက်ထပ်သွားရတာ... ကျန်းလီယွင်ကလည်း သူ့အစ်မနဲ့ ဘာမှ မကွာဘူး... ငါ့ကို အမြဲကြိတ်ကြံနေတာ...ငါ့အမေကလည်း သူနဲ့ သဘောမတူဘူး...”


ထိုလူများက ကျန်းလီဖျင်အကြောင်း သိထားကြသည်။


သူမက လှပပြီး ဂျူနီယာအထက်တန်းကျောင်းပင် သွားတက်နိုင်သည်။ ကွန်မြူနတီမှ ကောင်လေးများစွာက သူမအား နှစ်သက်ကြသော်လည်း သူမက ဂရုပင် မစိုက်ခဲ့ပေ။


ရှဲ့ဇူကန်း၏ စကားများကို ကြားပြီးနောက် ထိုသူများ အားလုံး နားလည်သွားကြသည်။


ရှဲ့ဇူကန်းက သပုတ်လေလွင့် ပြောလေလေ စိတ်သက်သာလေလေ ဖြစ်ရာ ဆက်ပြောသည်။

“ကျန်းလီယွင်က မနေ့ကလည်း ငါ့အိမ်လာခဲ့သေးတယ်... ငါ့အမေက သူ့ကို အဝင်ကို မခံလိုက်ဘူး...”


ထိုစဉ် တစ်ယောက်က ထပြောသည်။ 

“ခဏလေးနေပါဦး... တစ်ခုခုတော့ မှားနေပြီ... သူ မနေ့က မင်းအိမ်လာတယ် ဟုတ်လား... ငါသူ့ကို ဖုန်းရီနဲ့အတူ ခရုကမ်းစပ်မှာ လမ်းလျှောက်နေတာ မြင်ခဲ့တယ်...”


ရှဲ့ဇူကန်း၏ မျက်နှာမှာ စိမ်းရာမှ နီမြန်းလာခဲ့သည်။


ရှဲ့ဇူကန်း၏ အမူအရာကို မြင်သောအခါ အားလုံးက တိတ်ဆိတ်သွားကြပြီး ရှဲ့ဇူကန်း၏ စကားများအား သံသယဝင်လာကြသည်။


ကျန်းလီဖျင်ကိစ္စများ ရှိခဲ့သော်လည်း ကွန်မြူနတီ၌ ကျန်းလီယွင်၏ ဂုဏ်သိက္ခာမှာ ကောင်းမွန်နေဆဲ ဖြစ်သည်။


ကျန်းလီဖျင်ကလည်း မမှားခဲ့ပေ။ 


သူမ လက်ထပ်ပြီး မြို့၌ နေချင်ခဲ့ရုံသာ။


ဘယ်သူကရော မြို့မှာ မနေချင်လို့လဲ...


ထိုအချိန်၌ ဖုန်းရီက သယ်ယူပို့ဆောင်ရေးဌာနသို့ ချဉ်းကပ်၍ သံဒယ်ပြားဝယ်ယူရန် ဆွေးနွေးနေခဲ့သည်။


သယ်ယူပို့ဆောင်ရေးဌာန၌ ဖုန်းရီနှင့် ဆက်ဆံရေးကောင်းသော “စွင်းကျင်ရှန်း”ဆိုသူရှိသည်။


စွင်းကျင်ရှန်းက စက်ရုံမန်နေဂျာနှင့် အဆက်အသွယ်ရှိရာ အသက်ဆယ့်ခုနှစ်နှစ် အရွယ်၌ပင် သယ်ယူပို့ဆောင်ရေးဌာနသို့ ဝင်ရောက်နိုင်ခဲ့သည်။ အခု အသက်နှစ်ဆယ့်နှစ်ပင် ရှိပြီ ဖြစ်သည်။


လွှမ်းမိုးနိုင်စွမ်းရှိသော မိဘများနှင့် အချစ်အကြောင်း စိတ်မဝင်စားသော စွင်းကျင်ရှန်းက ငွေရှာရန်သာ စိတ်ကူးရှိသောကြောင့် ငွေကြေးပြေလည်သည်။


ဖုန်းရီ၏ အဝတ်အများစုမှာ စွင်းကျင်ရှန်းထံမှ ပြန်ဝယ်ထားခြင်းဖြစ်သည်။


စွင်းကျင်ရှန်းက အညိုရောင် ချည်ကတ္တီပါ ဘောင်းဘီနှင့် ပေါ်လီအက်စတာ ရှပ်အင်္ကျီကို ဝတ်ဆင်ကာ နဖူးမှ ဝက်ခြံများကို ဖော်ပြီး ဆံပင်ကို အနောက်သို့ လှန်တင်၍ ဖြီးသင်ထားသည်။ 


ဖုန်းရီက စကားပြောသောအခါတွင်လည်း စွင်းကျင်ရှန်းက မှန်ကို ထုတ်၍ သူ့မျက်နှာမှ ဝက်ခြံများကို ညှစ်နေခဲ့သည်။


“ငါ မင်းပြောတဲ့ အဲ့လို ဒယ်ပြားမျိုး မြင်ဖူးတယ်... မြို့တော်က လူတွေက ပန်ကိတ်လုပ်တဲ့အခါ သုံးကြတယ်ကွ... သန်ဘက်ခါ သင်္ဘောထွက်ရင် ငါလိုက်သွားမှာ...မင်းဖို့ ဝယ်ခဲ့ပေးမယ်... ငါတို့ချင်း ရင်းနှီးနေတာပဲ သယ်ယူခတော့ ပေးမနေနဲ့တော့... ငါ့ကို ယွမ်နှစ်ဆယ် ကြိုပေးထားလိုက် ကျန်တာ နောက်မှ ကြည့်ရှင်းတာပေါ့...”

စွင်းကျင်ရှန်းမှ ပြောလိုက်သည်။


“ကျေးဇူးပါ အစ်ကိုစွင်း...”

ဖုန်းရီမှပြောပြီး ယွမ်နှစ်ဆယ် ထုတ်ပေးလိုက်သည်။


စွင်းကျင်ရှန်းနှင့် ဆွေးနွေးပြီးနောက် ဖုန်းရီက ခံစားချက်ကောင်းမွန်စွာဖြင့် နေ့လည်၌ ဆံပင်ညှပ်ဆိုင်သို့ သွားခဲ့သည်။ ငါးဆယ်ဆင့် ကုန်ကျကာ သူ့အတွက် ဆိုင်၌ ဆံပင်ညှပ်သည့် ပထမဆုံးအတွေ့အကြုံဖြစ်ခဲ့သည်။


ဖုန်းမိသားစုက သူ့အား ဆံပင်ညှပ်ရန် ပိုက်ဆံမပေးပေ။ သူ ငယ်စဉ်က ကျန်းလီယွင်မှ ကပ်ကြေးကိုင်ကာ သူ့ဆံပင်အား ညှပ်ပေးခဲ့ခြင်းဖြစ်သည်။ ပထမတွင် ကြည့်ရဆိုးခဲ့သော်လည်း နောက်ပိုင်းတွင် လက်ခံနိုင်ဖွယ် ဖြစ်လာခဲ့သည်။


သူ အုတ်နှင့် ကြွေပြားစက်ရုံသို့ အလုပ်ဝင်သောအခါ ကိုယ်တိုင် ဆံပင်ညှပ်ဖြစ်ခဲ့သည်။


ဆိုင်တွင် ဆံပင်ညှပ်ကျွမ်းကျင်သူက ဆံပင်ညှပ်ပေးသောအခါ သူ သက်တောင့်သက်သာမဖြစ်ခဲ့ပေ။ ဆံပင်ညှပ်ဆရာက မည်သည်ပုံစံညှပ်ပေးရမလဲ မေးမြန်းသောအခါတွင်လည်း သူက တိုတိုသာညှပ်ပေးရန် ပြောခဲ့သည်။


ဆံပင်ညှပ်ဆရာက သူ့အား ခေါင်းလျှော်ပြီး ခေါင်းတုံးဆံတောက်ညှပ်၍ ဘေး၌ လိုင်းအစင်းများ ဖော်ပေးလိုက်သည်။


အုတ်နှင့် ကြွေပြားစက်ရုံသို့ ပြန်ရောက်လာသောအခါ သူ စွင်းကျင်ရှန်းထံသို့ သွားလိုက်သေးသည်။ 


ဖုန်းရီကို မြင်သောအခါ စွင်းကျင်ရှန်းက လုပ်လက်စကို ရပ်တန့်ပြီး မကျေမနပ်ပြောလိုက်သည်။

“မင်း...မင်း...ငါ သယ်ယူခ ယူတော့မယ်...”


ဖုန်းရီက စွင်းကျင်ရှန်းအား ရှုပ်ထွေးနေသော အကြည့်ဖြင့် ကြည့်ပြီး နားမလည်နိုင်ဖြစ်နေသည်။


ထိုစဉ် အခြားသူများကလည်း ဖုန်းရီအား သတိပြုမိလာသည်။

“ဖုန်းမျိုးနွယ် ကောင်လေး...သန့်ရှင်းပြီးတော့လည်း မင်းက အတော်လေး ကြည့်ကောင်းသားကွ…လူချောလေး ဖြစ်သွားပြီကွ...ဒီပုံဆို မင်းကို သားမက်တော်ချင်တဲ့ သူတွေ တန်းစီနေမှာပဲ...”


အုတ်နှင့် ကြွေပြားစက်ရုံက ဖုန်အပြည့်ဖြင့် ဖုန်းရီအပါအဝင် လူတိုင်းက ညစ်ပတ်နေလေ့ရှိသည်။ သူက စက်ရုံတွင် နေ့တိုင်း နေသဖြင့် အာရုံမစိုက်မိပေ။ အခြားလူများထက်ပင် ပိုတောင် ညစ်ပတ်နေနိုင်သေးသည်။ ငယ်ရွယ်သော်လည်း ဖုန်းရီ၏ သွင်ပြင်ကြောင့် မည်သူကမျှ စိတ်ဝင်စားခြင်း မရှိပေ။ 


သို့ရာတွင် ယနေ့၌ သူက မျက်နှာသစ် ခေါင်းလျှော်ထားပြီး ဆံပင်ညှပ်ထားသည်။ သူ့ပုံစံမှာ တက်တက်ကြွကြွဖြင့် ချစ်စဖွယ်ကောင်းလှသည်။ လူတိုင်းက သူ့အား အတော်လေး ပိန်ပါးသော်လည်း ကြည့်ကောင်းကြောင်း ချီးမွမ်းကြသည်။


သူ့ပတ်ဝန်းကျင်မှ သူများထံမှ ချီးကျူးစကားများ ကြားရသောအခါ ဖုန်းရီက စိတ်ရှုပ်ထွေးလာခဲ့သည်။


သူ ကလေးဘဝမှ အရွယ်ရောက်လာသည့်တိုင် ကျန်းလီယွင်မှ လွဲ၍ အခြားသူများထံက ချီးကျူးစကားများ မကြားခဲ့ဖူးပေ။


ကျန်းလီယွင်ကမူ သူ့ကို ချီးကျူးလေ့ရှိသည်။ သူ ကလေးဘဝတွင် ဆံပင်များ ရှည်လာသောအခါ ကျန်းလီယွင်က ကျစ်ဆံမြီးကျစ်ပေးပြီး သူအား ကြည့်ကောင်းကြောင်း ချီးမွမ်းပေးတတ်သည်။ နောက်တွင် သူမ နောက်လိုက်၍ ကျောင်းတက်သောအခါတွင်လည်း သူ့အား ထက်မြက်ကြောင်း ချီးကျူးပေးခဲ့သည်။ 


သို့ရာတွင် အခြားသူများက သူ့အား မချီးကျူးဖူးပေ။


အခု...ငါက တကယ် ကြည့်ကောင်းတာလား...ကျန်းလီယွင်ရော ငါ့ကို ကြိုက်လောက်လား...


တစ်ခဏမျှ တွေးဆပြီးနောက် ဖုန်းရီက စွင်းကျင်ရှန်းအနားသို့ ကပ်ကာ ပြောလိုက်သည်။

“အစ်ကိုစွင်း...ကျွန်တော့်ကို မှန် ခဏငှားပေးလို့ ရမလား...”


စွင်းကျင်ရှန်းက နှာမှုတ်ပြီး သူ့အိတ်ကပ်ထဲမှ လက်ဖဝါးအရွယ် မှန်ကိုထုတ်ကာ ဖုန်းရီကို ပေးလိုက်သည်။


အင်္ကျီအသစ်၊ ဆီလိမ်းပုံသွင်းထားသော ဆံပင်နှင့် လက်ပတ်နာရီပတ်ထားသော စွင်းကျင်ရှန်းက ဖုန်းရီထက် ပိုကြည့်ကောင်းသည်။


စွင်းကျင်ရှန်းက ဖုန်းရီထက် ငွေကြေးပိုပြေလည်ခြင်းက သူ့(စွင်းကျင်ရှန်း)အတွက် စိတ်သက်သာရာ ရစေသည်။


မှန်လေးကို ကိုင်ရင်း ဖုန်းရီ သူ့ကိုယ်သူ သေချာ စစ်ဆေးနေမိသည်။ သူ့ကိုယ်သူ ဤမျှ ကြည့်ကောင်းလိမ့်မည် မထင်ခဲ့ပေ။


သူ အလွန်ပိန်ပါးနေသည်ဟု ထင်မိသည်။


သို့ရာတွင် သူက တဖြည်းဖြည်း ကြီးထွားလာပြီ ဖြစ်သည်။


အုတ်နှင့် ကြွေပြားစက်ရုံက ကြီးသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် သေးငယ်သော နေရာလေးပင် ဖြစ်သည်။ မည်သည့် သတင်းအချက်အလက်မဆို လျင်မြန်စွာ ပျံ့နှံ့သွားသည်။


ရှဲ့ဇူကန်းနှင့် ကျန်းလီဟိုင် ညီမတို့ ဘလိုင်းဒိတ် ကျရှုံးခြင်း သတင်းက မကြာမီပင် လူသိများလာခဲ့သည်။


ကျန်းလီဟိုင်က စက်ရုံမှ လူများအား သဘောမကျသကဲ့သို့ ထိုသူများကလည်း သူ့အား သဘောမကျပေ။


ရှဲ့ဇူကန်းကမူ မတူပေ။


စက်ရုံမှ အလုပ်သမား အများစုမှာ သာမန်လူများဖြစ်ရာ ရှဲ့ဇူကန်းကို မကြိုက်သော်လည်း မတတ်နိုင်ပေ။


ရှဲ့ဇူကန်းက ကျန်းလီယွင်ကို ရှဲ့မိသားစုမှ လက်မခံကြောင်း၊ ယမန်နေ့ညက ကျန်းလီယွင်က သူ့ထံ အလည်အပတ်လာခဲ့သော်လည်း အိမ်သို့ ဝင်ခွင့်မပေးခဲ့ကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။


သို့ရာတွင် ယမန်နေ့ညက ကျန်းလီယွင်က ဖုန်းရီနှင့်အတူ ရှိနေခြင်းဖြစ်သည်။


“တစ်နေ့က ကျန်းလီယွင် စက်ရုံကို လာသေးတယ်... အဲ့တုန်းက ဖုန်းရီကိုပဲ လာရှာတာ... ရှဲ့ဇူကန်းအကြောင်း လုံးဝကို မဟဘူး...”


“ငါ မနေ့က ကျန်းလီယွင်နဲ့ ဖုန်းရီ စကားပြောနေတာ တွေ့ခဲ့တယ်...”


“မနေ့ညက ကျန်းလီယွင်က ဖုန်းရီနဲ့ အတူ ခရုကမ်းစပ်ကို သွားခဲ့တာ… ရှဲ့အိမ်ကို ဘယ်တုန်းကမှ မသွားခဲ့ဘူး...”


“ရှဲ့ဇူကန်းက သူတို့မိသားစုက ကျန်းလီယွင်ကို သဘောမကျဘူး ပြောနေတာ... ငါတော့ မယုံပါဘူး...”


...


ထိုအဖြစ်အပျက်များကို မြင်တွေ့ရပြီးနောက် ထိုလူများက သဘာဝကျကျပင် ပို၍ သိချင်စိတ် ဖြစ်လာရာ ကျန်းလီဟိုင်ကို သွားမေးကြသည်။


ကျန်းလီဟိုင်က ရှဲ့ဇူကန်းကို လက်ခံလိုက်ရန်အတွက် ကျန်းလီယွင်အား ဖျောင်းဖျရန် အကြံထုတ်နေခိုက် ဝရုန်းသုန်းကားအခြေအနေကို ထပ်မံရင်ဆိုင်လိုက်ရသည်။


ရှဲ့ဇူကန်းက ပျင်းရိပြီး အရည်အချင်းမရှိသော်လည်း ကျန်းလီယွင်သာ သူနှင့် လက်ထပ်လိုက်ပါက သူမ သက်တောင့်သက်သာ ဘဝတွင် နေထိုင်နိုင်မည်။ 


ဆိုဖာစက်ရုံမှ အလုပ်မှာ များစွာ ကောင်းမွန်ခြင်းမရှိပေ။ ထိုနေရာ၌ အလုပ်လုပ်သော ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်ဆိုလျှင် ကိုယ်ဝန်ပါ ပျက်ကျသွားခဲ့ဖူးသည်။ ထိုနေရာက လေထုမှာ အဆိပ်အတောက်ပြင်းထန်သည်ဟု ဆိုကြသည်။


ကျန်းလီယွင်သာ ရှဲ့ဇူကန်းနှင့် လက်ထပ်လိုက်ပါက သူမ အုတ်နှင့် ကြွေပြားစက်ရုံ ကန်တင်း၌ အလုပ်လုပ်နိုင်ကောင်းလုပ်နိုင်ပေမည်။ ထိုနေရာက အလုပ်လုပ်ရ လွယ်ကူပြီး လစာ ကောင်းသောကြောင့် သူမ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်လိမ့်မည်။


ကျန်းလီဟိုင်က ကျန်းလီယွင်ကို မည်သို့ မည်ပုံ အကြံပေးရန် တွက်ချက်နေခိုက် ရှဲ့ဇူကန်းက ကျန်းလီယွင်နှင့် ကျန်းလီဖျင်အကြောင်း မကောင်းသတင်းဖြန့်နေသည်ကို ကြားလိုက်ရသည်။ ကျန်းလီယွင်က သူ့အား တွယ်ကပ်နေကြောင်းကို အခိုင်အမာပင် ပြောနေသေးသည်။


ကျန်းလီဟိုင်က ဒေါသအမျက်ချောင်းချောင်းထွက်ကာ ပြောလိုက်သည်။

“ဒီကောင် ဘာအဓိပ္ပါယ် မရှိတာတွေ ပြောနေတာလဲ... ငါ့ညီမက သူနဲ့ တစ်ခါပဲ တွေ့ဖူးတာ... သူနဲ့တောင် ဆက်ရှိနေချင်တာ မဟုတ်ဘူး...”


“ငါ့ ညီမ စက်ရုံကို လာတာ သူ့အကြောင်း စုံစမ်းဖို့ မဟုတ်ဘူး... ဖုန်းရီကို အကူအညီ လာတောင်းတာကွ...”


“ငါ့ညီမက အခု လက်ထပ်ဖို့ ဘာအစီအစဉ်မှ မရှိဘူးကွ...”


...


ကျန်းလီဟိုင်က ရှဲ့ဇူကန်းကို အမှန်ပင် ဆူငေါက်ပြစ်ချင်သော်လည်း သူ မလုပ်ရဲပေ။


အုတ်နှင့် ကြွေပြားစက်ရုံမှ လူများက ကျန်းလီဟိုင်၏ စကားကို ယုံကြည်ကြသည်။ ကျန်းလီယွင်၏ သဘောထားကို အခြေခံကြည့်ပါက သူမသာ တစ်ယောက်ယောက်ကို သဘောကျနေပါက ထိုသူမှာ ဖုန်းရီပင် ဖြစ်မည်။


ပုံမှန်အခြေအနေတွင် လူတိုင်းက ကျန်းလီယွင်နှင့် ဖုန်းရီက အတွဲဟု တွေးနိုင်သော်လည်း ယခုမူ ထိုအခြေအနေမျိုးမဟုတ်ပေ။


ဖုန်းရီက စွင်းကျင်ရှန်းထံမှ သံဒယ်ပြားဝယ်သော သတင်းကို စက်ရုံမှ အလုပ်သမားများ သိထားကြသည်။ အသက်အရွယ်ကြီးသော အလုပ်သမားများက ကျန်းလီယွင်နှင့် ဖုန်းရီက ဤစက်ရုံ၌ပင် အရွယ်ရောက်လာကြောင်း၊ ကျန်းလီယွင်က ဖုန်းရီထက်ပင် အရပ်ရှည်ခဲ့ကြောင်း၊ ကွန်မြူနတီတစ်လျှောက် အတူ ကစားခဲ့ကြကြောင်း မှတ်မိနေသေးသည်။


ကျန်းလီယွင်က မက်မွန်ပင်ပေါ်တက်၍ မက်မွန်သီး ခိုးခူးကာ ဖုန်းရီက အပင်အောက်မှ ကောက်ပေးသော မြင်ကွင်းကြောင့် ရယ်ခဲ့ရသေးသည်။ အသီးခိုးပြီး နှစ်ယောက်သား ထွက်ပြေးသွားကြသည်။


အရေးအကြီးဆုံးမှာ ဖုန်းမိသားစုက ဖုန်းရီအား လက်ထပ်ပွဲစီစဉ်ပေးမည် မဟုတ်ပေ။

ဖုန်းရီမှာ အိမ်တစ်လုံးတောင် မရှိတာ ကျန်းလီယွင်ကို ဘယ်လိုလက်ထပ်နိုင်မှာလဲ...


ဤအရာက မဖြစ်နိုင်ပေ။


လူအချို့က ဖုန်းရီအား စနောက်ကြသည်။ 

“ဖုန်းရီ...မင်း ကျန်းလီယွင်နဲ့ ခရုကမ်းစပ် သွားခဲ့တယ်ဆို...”


ဖုန်းရီက ရှက်၍ မျက်နှာမှာ ပန်းရောင်သန်းလာသည်။

“အစ်မလီယွင်က ကျွန်တော့်ကို အကူအညီတောင်းတာလေးရှိလို့ပါ...”


ကျန်းလီယွင် စက်ရုံမှ လူများ သူတို့နှစ်ယောက်အကြောင်း လျှောက်ပြောကြသည်ကို ကြားလျှင် သူမ ဝမ်းနည်းသွားမည်ကို ဖုန်းရီ ကြောက်ကာ စိုးရိမ်မိသည်။


ထို့နောက် ယနေ့အတွက် အလုပ်များ ပြီးချိန်တွင် သူ့အတွက် အစားအသောက်များ ယူပေးရန် တစ်ယောက်ယောက်အား အကူအညီတောင်းရန်အတွက် သတ္တိမွေးလိုက်သည်။ လျင်မြန်စွာ ရေချိုး၍ စွင်းကျင်ရှန်းထံမှ ဝယ်ထားပြီး တစ်ခါမှ မဝတ်ရသေးသော အင်္ကျီအသစ် အစုံလိုက်ထုတ်ကာ ဝတ်ဆင်လိုက်သည်။


သူ့အဝတ်ဗီရိုက အကန့်အသတ်နှင့် ဖြစ်သည်။ သူ ကျန်းလီယွင်နှင့် တွေ့စဉ်က ဝတ်ခဲ့သော အင်္ကျီများမှာ နွေဝတ်များဖြစ်ရာ နွေတစ်လျှောက်လုံး ဝတ်ဆင်ခဲ့သောကြောင့် ဟောင်းနွမ်း စုတ်ပြဲကာ စွန်းထင်းနေသည်။ ယခု ထုတ်ဝတ်သော အင်္ကျီမှာ အသားကောင်းပြီး သစ်လွင်သော်လည်း သူနှင့် အနည်းငယ် တိုနေသည်။


စွင်းကျင်ရှန်းက ဖုန်းရီထက် အနည်းငယ် ပို၍ တောင့်တင်းကာ အရပ်ပုသည်။ နွေအဝတ်များက ဖုန်းရီနှင့် ကွက်တိကျသော်လည်း လက်ရှည် ရှပ်အင်္ကျီများနှင့် ဘောင်းဘီရှည်များက သူနှင့်အနည်းငယ် တိုနေသည်။


မည်သို့ပင်ဆိုစေကာမူ ယခင် ဖုန်းအိမ်၌ နေရစဉ်ကထက် အများကြီး ကောင်းလာသည်။


ရေချိုးပြီးနောက် ဖုန်းရီက ကျန်းလီယွင် ပေးထားသော ဆားစိမ်ဟင်းရွက်ဖြင့် ညနေစာကို စားလိုက်ပြီး ကြွေခွက်ကို ယူ၍ ခရုကမ်းစပ်ဆီသို့ ဦးတည်ခဲ့သည်။


ထိုကြွေခွက်ထဲသို့ မြေပဲလှော်များ ဖြည့်ရန်လည်း သူ မမေ့ပေ။


ကျန်းလီယွင် ခရုကမ်းစပ်သို့ ရောက်သောအခါ အဝေးမှ ဖုန်းရီအား သူမ လှမ်းမြင်လိုက်သည်။


ဖုန်းရီက ဆံပင်ညှပ်၍ အဝတ်အသစ်များ ဝတ်ဆင်ထားသော်လည်း ဖုန်းရီကို သူမ တစ်ချက်ကြည့်ရုံဖြင့် မှတ်မိနိုင်သည်။


“ဖုန်းရီ...”

သူမ အော်ခေါ်လိုက်သည်။


“အစ်မလီယွင်...”

ဖုန်းရီ ကျန်းလီယွင်ကို မြင်သည်နှင့် မပြုံးဘဲမနေနိုင်ပေ။


ဤနေရာရှိ လူများမှာ ကျေးလက်ဒေသနေသူများ ဖြစ်သောကြောင့် တစ်ဦးကို တစ်ဦး ချီးမွမ်းလေ့ မရှိပေ။ တိတ်ဆိတ်ခြင်းဖြင့် နေတတ်ပြီး သူတို့၏ ခံစားချက်များကို စကားလုံးများအဖြစ်သို့ ပြောင်းလဲသည်က ရှားသည်။


ကျန်းလီယွင်သည်လည်း ယခင်က ထိုကဲ့သို့ပင်။ အပြောထက်အလုပ်ကို ဦးစားပေးသူဖြစ်သည်။ ယခင်ဘဝတွင် သူမ သားကို သင်ကြားပေးသောအခါ သူမက ချီးကျူးခြင်း၊ အသိအမှတ်ပြုခြင်း၏ အကျိုးကျေးဇူးများကို စာအုပ်များ၌ ဖတ်ရှုခဲ့ရသည်။


ကျန်းလီယွင်က ပြောသည်။

“ဖုန်းရီ... ဒီဆံပင်ကေအသစ်နဲ့ စိတ်သစ်လူသစ်ဖြစ်သွားသလိုပဲ... နင်နဲ့ အရမ်းလိုက်တယ်... ချောင်းထိုရွာမှာ နင်က အချောဆုံး လူငယ်လေးပဲ...”


ဖုန်းရီက ရီဝေဝေဖြင့် မတ်တပ်ရပ်ရင်း ဆောင်းရာသီ၌ အသားစွပ်ပြုတ် ပူပူလေး သောက်လိုက်ရသကဲ့သို့ ခြစ်ခြစ်တောက်ပူသော နွေခေါင်ခေါင်တွင် ရေခဲချောင်း စားလိုက်ရသကဲ့သို့ လန်းဆန်းအေးမြသွားသည်။


အစ်မလီယွင်ရဲ့ မျက်လုံးထဲမှာ ငါက ကြည့်ကောင်းတယ်တဲ့လား... ငါ ဒီပုံစံအတိုင်း ထိန်းထားရမယ်...


ကျန်းလီယွင်က ကြွေခွက်အား ကြည့်ကာ ပြောလိုက်သည်။

“ငါ ဒီနေ့ ကြက်ဥမွှေကြော် ယူလာတယ်... ပူတုန်းလေး စားလိုက်ဦး...”


စက်ရုံများမှာ ထိုကာလက ပွဲတော်အချိန်ဖြစ်သဖြင့် စက်ရုံနာမည်ပါသော ကြွေခွက်များကို စက်ရုံအလုပ်သမားများအား ဝေပေးခဲ့သည်။ သူမ တို့အိမ်တွင် ထိုခွက်များစွာ ရှိသည်။


ဖုန်းရီက ထစ်ထစ်ငေါ့ငေါ့ ဖြင့် ပြောလိုက်သည်။

“ကျွန်တော်လည်း မြေပဲလှော်တွေ ယူလာတယ်...”


“ငါ မြေပဲလှော် ကြိုက်တယ်... အတူတူ စားကြရအောင်...”

ကျန်းလီယွင်က ပြုံးရင်း ပြောလိုက်သည်။


သူမတို့ ခေတ်ကာလ၌ ကလေးများက သကြားနှင့် ဂျက်ကရီများကို သကြားလုံးအနေဖြင့် စားခဲ့ကြရသည်။ နေကြာစေ့များ မြေပဲများက အလွန်ကောင်းမွန်သော မုန့်ပဲသရေစာများ ဖြစ်သည်။

[T/N: “ဂျက်ကရီ” ဆိုတာ ချိုတဲ့ စားစရာတစ်ခုလို့ ထင်ပါတယ်။ ]


“ဒါပေါ့... ဒါပေါ့...”

ဖုန်းရီက ကြောင်ကြောင်အအဖြင့် ခေါင်းညိတ်သည်။


ကျန်းလီယွင်က မရယ်ဘဲ မနေနိုင်ဖြစ်သွားပြီး ဖုန်းရီ ဆံပင်များအား ပွတ်ပေးလိုက်သည်။


ဖုန်းရီ၏ ဆံပင်များက အလွန် တိုနေသောကြောင့် အပေါ်သို့ ထောင်မတ်၍ မာမာကြမ်းကြမ်း ဖြစ်နေသည်။


ထိုမျှဖြင့် မလုံလောက်ဘဲ ဖုန်းရီက သူ့ခေါင်းကို သူမလက်ဖဝါးနှင့် ပွတ်သပ်လိုက်သေးသည်။


ကျန်းလီယွင်၏ လက်ဖဝါးမှာ တရွရွခံစားလိုက်ရသည်။



🏡🏡🏡