Chapter 14
Viewers 4k

🏡 Chapter 14

ဆံပင်ညှပ်လိုက်ပြီ


ဖုန်းရီက ကြွေခွက်လေးကို အုပ်ထားသော အဝတ်စကို မပြီး ခွက်လေးကို ကြည့်သည်။ ထို့နောက် ပြန်ဖုံးအုပ်သည်။ မကြာမီတွင် မနေနိုင်ဘဲ အဝတ်စကို ‘မ’ပြီး ကြည့်ပြန်သည်။


သူ ခွက်ကို ကြည့်သောအခါတိုင်းတွင် သူ့စိတ်ခံစားချက်များ ပို၍ပို၍ ကောင်းလာခဲ့သည်။


ဖုန်းရီ၏ အိပ်ရာဘေးတွင် ထိုင်ကာ စာအုပ်ကို စိတ်မပါလက်မပါကြည့်နေသော ကျန်းလီဟိုင်က ဖုန်းရီ၏ လှုပ်ရှားမှုများကို သတိထားမိသည်။


ဖုန်းရီ ဘာဖြစ်နေတာပါလိမ့်...စပရင်လို အရမ်း စိတ်လှုပ်ရှားနေပုံပဲ...


ကျန်းလီဟိုင်က ကတ်ကစားရခြင်းကို မနှစ်သက်ပေ။ အုတ်နှင့် းကြွေပြားစက်ရုံ၌ အလုပ်လုပ်နေသော်လည်း အခြားအလုပ်ကြမ်းသမားများနှင့် သူနှင့် မတူဟု ကျန်းလီဟိုင်က အမြဲခံစားရသည်။


အခြားလူများ ကတ်ကစားနေချိန်တွင် သူက စာအုပ်ဖတ်နေသည်။ “မင်းဆက်သုံးဆက်၏ အချစ်ဇာတ်လမ်း” စာအုပ်ကို သူဖတ်နေသည်မှာ အကြိမ်ပေါင်းမရေတွက်နိုင်တော့ပေ။ စာအုပ်အနားများပင် တွန့်လိမ်ကောက်ကွေးနေပြီ ဖြစ်သည်။


သူအကြိုက်ဆုံးအရာက ရေဒီယိုမှ ထုတ်လွှင့်သော ကိုယ်ခံပညာပုံပြင်များ အကြောင်းပင်ဖြစ်သည်။


စက်ရုံမှ လူငယ်တစ်ယောက်က ငွေစုပြီး ရေဒီယိုတစ်လုံးဝယ်ခဲ့သည်။ ညနေတိုင်း နားဆင်လေ့ရှိပြီး ကျန်းလီဟိုင်ပါ နားထောင်လေ့ရှိသည်။ 


ဖုန်းရီလည်း နားထောင်ဖြစ်သည်။ ညကိုးနာရီ ရေဒီယိုမှ အစီအစဉ် စလာသောအခါ ကတ်ကစားနေသူများက ရပ်လိုက်ကြပြီး ငြိမ်ငြိမ်သက်သက်ဖြင့် အာရုံစိုက်နားထောင်ကြသည်။


နောက်ပိုင်းတွင် ပုံပြင်နားထောင်ရင်း အိပ်ပျော်သွားကြသည်။


ညရှစ်နာရီခွဲပြီဖြစ်ရာ ချည်ထည်ဝတ်ထားသော လူလတ်ပိုင်းအရွယ်တစ်ဦးမှ ကတ်ကစားနေသော စားပွဲပေါ်သို့ သူ့ကတ်များချ၍ ပြောလိုက်သည်။

“ဒီနေ့ တော်တော်ညနက်နေပြီ...နားကြရအောင်...”


“ဝမ်သထို...ဒီတစ်ကြိမ်မှာ မင်းနိုင်တာနော်...ငါတို့ကို မင်းမုန့်ကျွေးသင့်တယ်...”

လူတစ်ယောက်မှ ကြားဖြတ်ပြောလိုက်သည်။


“ငါနိုင်တာ နည်းနည်းလေးပါကွ...ဒါကို မင်းတို့ကို မုန့်ကျွေးစေချင်နေတာလား...”

ဝမ်သထိုမှ မျက်မှောင်ကြုတ်၍ ပြောသည်။


“ဒါဆို...ထပ်ကစားကြတာပေါ့...မင်းထပ်နိုင်ရင် ငါတို့ကို ဝယ်ကျွေးရမယ်...”

လူတိုင်းက ဝမ်သထိုအား ဆက်ကစားရန် တိုက်တွန်းခဲ့သည်။


ဝမ်သထိုက ယနေ့ ကံကောင်းနေသော်လည်း ယွမ်တစ်ဆယ်အထိ မနိုင်သေးပေ။ မူလက သူ နိုင်သောငွေများကို အိတ်ကပ်ထဲထည့်ကာ တိတ်တဆိတ်ရှောင်ထွက်သွားချင်သော်လည်း သူ့ကို မိသွားပြီး ထွက်သွားခွင့်မပေးပေ။


သူနိုင်ထားသော ငွေအပုံထဲမှ ငါးယွမ်ကို ယူကာ ဖုန်းရီအား စီးကရက်နှင့် မြေပဲလှော်များ သွားဝယ်ခိုင်းလိုက်သည်။


ဖုန်းရီက အားရဝမ်းသာစွာဖြင့် ပိုက်ဆံယူပြီး အပြေးအလွှားသွားခဲ့သည်။


ဝမ်သထိုက မရယ်ဘဲ မနေနိုင်တော့ပေ။

“ဒီကောင်လေး...မြေပဲလှော် တော်တော်ကြိုက်ပုံပဲ...”


မည်သည့်အလုပ်ပင် ခိုင်းစေကာမူ ဖုန်းရီက တက်တက်ကြွကြွလုပ်ကိုင်ပေးသောကြောင့် ဖုန်းရီအား မုန့်ဖိုးများ စားစရာများ ခွဲဝေပေးရခြင်းကို စိတ်မရှိကြပေ။


ဖုန်းရီအား ခိုင်းစေခြင်းက စိတ်ချရပေသည်။


အခြားသူများအား လက်တိုလက်တောင်းခိုင်းဖူးသော်လည်း ဖုန်းရီကဲ့သို့ စိတ်တိုင်းမကျရပေ။


ထိုအကြောင်းကို လူတိုင်းက ရင်ထဲ၌ ရှင်းရှင်းလင်းလင်း သိထားကြသည်။


ဖုန်းရီ မုန့်ထွက်ဝယ်သောအခါ လူတိုင်းက ခြေထောက်ဆေးကြောခြင်း၊ အိပ်ရာပြင်ခြင်း၊ အိပ်ရာဘေးရှိ ပွနေသော ပစ္စည်းများအား နေရာချခြင်း၊ နိုင်ထားသော ငွေကြေးများအား ရေတွက်ကာ အနိုင်အရှုံးဆုံးဖြတ်ခြင်း စသည်တို့ကို ပြုလုပ်ရင်း စောင့်ဆိုင်းနေကြသည်။ 


ကျန်းလီဟိုင်က အာရုံများ ပျံ့လွင့်ကာ ထိုအခိုက်အတန့်တွင် စိတ်နှင့်လူနှင့် မကပ်ပေ။ ဖုန်းရီက အိပ်ရာဘေးမှ ခွက်ကို အဝတ်ဖြင့် ‘အုပ်ဖုံး’ကာ ‘မ’ကာဖြင့် တစ်ယောက်ထဲ အလုပ်ရှုပ်နေသည်ကို မြင်ထားသောကြောင့် ကျန်းလီဟိုင်ကလည်း အုပ်ထားသော အဝတ်အား ‘မ’ကာ စပ်စုမိသည်။


အဝတ်ဖြင့် အုပ်ထားသော ကြွေခွက်တွင် “ချောင်းထိုရွာ ဆိုဖာစက်ရုံ” ဟူသော စာသားကို တွေ့ရသည်။


သူတို့၏ ရွာတွင် အိမ်တိုင်းနီးပါး၌ ထိုကဲ့သို့သော ကြွေခွက်များ များစွာရှိပေသည်။ သို့ရာတွင် ဖုန်းရီနှင့် သိသော သူများမှာ များစွာ မရှိပေ။


ဒီခွက်က ငါ့ညီမဆီက များလား...


ငါ့ ဒုတိယညီမက ဘာလို့များ ဖုန်းရီကို ဒီခွက်ပေးရတာပါလိမ့်...


ကျန်းလီဟိုင် ခွက်အတွင်းသို့ ကြည့်လိုက်ရာ ဆားစိမ်ဟင်းရွက်များကို တွေ့ရသည်။


ဆားစိမ်ဟင်းရွက်တွေပါလား...


နေပါဦး...စောစောက ဖုန်းရီရဲ့ အပြုအမူက ဘာပါလိမ့်...


ကျန်းလီဟိုင်က တွေးတွေးဆဆဖြင့် ထိုခွက်အား အဝတ်ဖြင့် ပြန်အုပ်လိုက်သည်။


ဖုန်းရီက လျင်မြန်စွာ ပြန်လာပြီး စီးကရက် ရှစ်ဘူးနှင့် မြေပဲလှော်အထုတ်အကြီးကို ဝယ်လာခဲ့သည်။ 


အစီခံပါသော ဈေးအသက်သာဆုံး စီးကရက်က တစ်ထုတ်ကို ငါးဆယ်ဆင့်၊ မြေပဲလှော်က တစ်ယွမ်ကျသင့်သည်။


ဝမ်သထိုက စီးကရက်များကို ယူကာ သူ့ထံ ငွေရှုံးသွားသူတို့အား ဝေမျှပေးသည်။ မြေပဲလှော်ပေးရန် ထိုသူများအား ပန်းကန်လုံး သွားယူခိုင်းသည်ကို ကြားသောအခါ ဖုန်းရီက သူ့ကိုယ်ပိုင် ပန်းကန်လုံးကို အလျင်အမြန် သွားယူခဲ့သည်။


ဝမ်သထိုက ဖုန်းရီကိုလည်း မြေပဲလှော် တစ်ပန်းကန်ပေးခဲ့သည်။ ဖုန်းရီက ပျော်ရွှင်စွာ လက်ခံယူပြီး မနက်ဖြန် ကျန်းလီယွင်နှင့် အတူစားရန် သိမ်းထားလိုက်သည်။ သူ၏ အိပ်ရာအနားသို့ ရောက်သောအခါ သူ့နှလုံးခုန်နှုန်းမှာ စည်းချက်မမှန်တော့ပေ။


သူအုပ်ထားခဲ့သော ခွက်ကို တစ်ယောက်ယောက်က ထိခဲ့သည်။ 


ဖုန်းရီက ကျန်းလီဟိုင်အား တစ်ချက်ကြည့်လိုက်ပြီး အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရသည်။


ကျန်းလီဟိုင်က ဖုန်းရီ၏ အပြစ်ရှိပုံရသော မျက်နှာပေးကို မြင်သောအခါ သူ့သံသယများ ပိုကြီးထွားလာသည်။


သူ တစ်ယောက်ယောက်ကို ကြိုက်လျှင် ဖြစ်သည့်ပုံက ဖုန်းရီ ယခု ဖြစ်နေသကဲ့သို့ပင် ဖြစ်သည်။ 

ဖုန်းရီက ငါ့ညီမအပေါ် ခံစားချက်ရှိနေတာများလား...


ကျန်းလီဟိုင်က ဖုန်းရီအား စေ့စေ့စပ်စပ်ကြည့်၍ တိုက်ရိုက်မေးလိုက်သည်။

“လီယွင်က မင်းကို ဘာလို့ ဆားစိမ်ဟင်းရွက်တွေ ပေးတာလဲ...”


ဖုန်းရီက တစ်ခဏမျှ တွေးကြည့်ပြီးနောက် ပြန်ဖြေသည်။

“အစ်မလီယွင်က ကျွန်တော့်ကို အောက်ခြေပြားတဲ့ သံဒယ်ပြားအကြီး ဝယ်ခိုင်းတာ...”


ကျန်းလီဟိုင်က မေးသည်။

“အဲဒါက ဈေးမကြီးဘူးလား...သူ့မှာ ပိုက်ဆံရှိလို့လား...”


သူ(ကျန်းလီဟိုင်)က သူ၏လစာတစ်ဝက်ကိုသာ အိမ်သို့အပ်သောကြောင့် လကုန်ကာလများတွင် ကျန်းမိသားစုက ငွေကြေးမပြေလည်တတ်ပေ။ ကျန်းလီယွင်ကလည်း သူမလစာများကို မိသားစုထံ အပ်ရသောကြောင့် သူမထံတွင် ငွေပိုငွေလျှံမရှိနိုင်ပေ။


ဖုန်းရီက ချက်ချင်း ပြန်ဖြေသည်။

“ကျွန်တော့်မှာ ပိုက်ဆံရှိတယ်လေ...”


ကျန်းလီဟိုင်က မူလတွင် ဖုန်းရီအား မကျေမနပ်ဖြစ်မိသော်လည်း ထိုအကြောင်းကြားရသောအခါ ကိုယ်ချင်းစာစိတ်သာ ခံစားရတော့သည်။


ကျန်းလီဟိုင်က သူ့ညီမနှစ်ယောက်အား နားလည်သည်။


ကျန်းလီဖျင်က ပြောစရာမလိုအောင်ပင် ငွေမက်သည်။


ကျန်းလီယွင်က လက်တွေ့သမားဖြစ်၍ အနည်းငယ် သာပေသည်။ ယခင်က ကျန်းလီဟိုင်၏ သူငယ်ချင်းတစ်ယောက်က ကျန်းလီယွင်ကို အမှန်တကယ် ကြိုက်နှစ်သက်ခဲ့ပြီး သူမနှင့် ဆက်ဆံရေး တိုးတက်ချင်ခဲ့သည်။ သူမက ထိုလူ့မိသားစုမှာ ဆင်းရဲသောကြောင့် သူမ စိတ်မဝင်စားကြောင်း တိုက်ရိုက်ထုတ်ပြောခဲ့သည်။


ကျန်းလီဟိုင်၏ သူငယ်ချင်းက မည်မျှပင် ဆင်းရဲနေစေကာမူ ဖုန်းရီထက်စာလျှင် သာပေသည်။ ထို့ကြောင့် ကျန်းလီယွင်က ဖုန်းရီအား လက်ထပ်ရန် စဉ်းစားလိမ့်မည် မဟုတ်ပေ။


တစ်ဖက်တွင် ဖုန်းရီက ကျန်းလီယွင်အပေါ်၌ အချိန်၊ ခွန်အားများကို မြှုပ်နှံ၍ ချစ်ခင်ပြီး သစ္စာရှိရှာသည်။


ကျန်းလီယွင်က ဖုန်းရီ၏ ငွေများကို လက်ခံထားသောကြောင့် ဖုန်းရီအား ကောင်းမွန်စွာ ဆက်ဆံနေခြင်း ဖြစ်ပေမည်။


အတိတ်တွင် ကျန်းလီယွင်က ဂျူဂျူဘီအပင် ပေါ်တက်ခူးပြီး သူမ အစ်ကိုထက် ဖုန်းရီကို ပေးခဲ့သည်။


ကျန်းလီဟိုင်က သက်ပြင်းချလျက် ဖုန်းရီနှင့် သူကိုယ်တိုင်အတွက် စိတ်မကောင်းဖြစ်နေမိသည်။


အို...ငါ့ညီလေး...ကျန်းလီယွင်ကို သဘောကျနေရှာတယ်...သနားစရာကောင်းလိုက်တာ...


ဒါပေမယ့် ငါ့ညီမကရော ဘာလို့များ ရှဲ့ဇူကန်းကို လက်မထပ်ချင်တာပါလိမ့်...


ကျန်းလီဟိုင်က ယမန်နေ့ညက ကျန်းလီယွင်ကို ရှဲ့ဇူကန်းအား လက်မထပ်ရန် ဖျောင်းဖျလိုသော်လည်း အမှန်တကယ်ပင် ကျန်းလီယွင်က ထိုသူအား လက်မထပ်လိုကြောင်း ပြောလာသောအခါ စိတ်ရှုပ်ထွေးသွားသည်။


ကျန်းလီယွင်သာ ရှဲ့ဇူကန်းနှင့် လက်ထပ်ခဲ့ပါက သူသည်လည်း အဆက်အသွယ်ဖြင့် သယ်ယူပို့ဆောင်ရေးဌာနသို့ ဝင်ရောက်နိုင်ပေလိမ့်မည်။


သူ့လစာများ တိုးလာမည့်အပြင် သယ်ယူပို့ဆောင်ရေးဌာန၌ လုပ်ကိုင်စဉ် တစ်လျှောက်လုံး ငွေပိုရှာနိုင်ပေမည်။


တကယ်လို့ ကျန်းလီယွင်က ရှဲ့ဇူကန်းကို ငြင်းခဲ့ရင်... 


ရှဲ့ဇူကန်းက ငါ့အတွက် အနှောင့်အယှက် ဖြစ်လာမှာလား...


ကျန်းလီဟိုင်က တစ်ရက်လုံး သူ့အတွေးများနှင့် နပန်းလုံးနေခဲ့ပြီး ရှဲ့ဇသကန်းနှင့် မတွေ့စေရန် ရှောင်နေခဲ့သည်။ ရှဲ့ဇူကန်းမှလည်း သူ့ထံ ချဉ်းကပ်လာခြင်း မရှိပေ။


ဖုန်းရီက ကျန်းလီဟိုင် သူ့အား ဆူပူမည်ကို စိတ်ပူနေခဲ့သော်လည်း ကျန်းလီဟိုင်က ငြိမ်ကျသွားသောအခါ အံ့အားသင့်သွားခဲ့သည်။ ကျန်းလီဟိုင်အား တစ်ချက်ကြည့်၍ မြေပဲလှော်များကို တိတ်တဆိတ် သိမ်းဆည်းလိုက်သည်။


အတိတ်တွင်မူ ဖုန်းရီက ကျန်းလီဟိုင်အား မြေပဲလှော်များ မျှကျွေးလေ့ရှိသည်။ ယခုတွင် ထိုအရာအားလုံးက ကျန်းလီယွင်အတွက်ပင် ဖြစ်သည်။


နောက်တစ်ရက်တွင် ကျန်းလီယွင်က ယခင်နေ့များ ကဲ့သို့ပင် မြို့ထဲသို့ စောစီးစွာ ထွက်လာခဲ့သည်။


ဤအကြိမ်တွင် သူမ မြို့မှ မနက်ဈေးသို့ မသွားတော့ဘဲ လူနေရပ်ကွက်သို့ သွားခဲ့သည်။


သူမက ဖက်ထုပ်အိုးကပ်ကြော်ရန် မီးအား လုံလောက်မှုရှိသော အပေါက်သုံးပေါက်ရှိသည့် မီးသွေးမီးဖို လိုချင်သည်။ 

[T/N: ယခုမှ စ၍ ဖက်ထုပ်ကြော်အစား ဖက်ထုပ်အိုးကပ်ကြော်ဟု သုံးသွားပါမည်။]


အသစ်ဝယ်ခြင်းက အလွန်ဈေးများပေရာ သူမက အဟောင်းတစ်ခု ဝယ်ရန် လိုက်ရှာနေခြင်း ဖြစ်သည်။


ကျေးလက်ဒေသတွင် လူနေမှုအဆင့်အတန်းက အတော်နိမ့်ကျနေသော်လည်း မြို့တွင်မူ ဂတ်စ်အရည်များဖြင့်ပင် ချက်ပြုတ်နေကြပြီဖြစ်သည်။


ထိုကြောင့် အဆိုပါ မသုံးဖြစ်တော့သော မီးသွေးမီးဖိုများကို သူမ ဝယ်နိုင်ပေလိမ့်မည်။


ကျန်းလီယွင်က အဒေါ်ကြီးများအား မသုံးဖြစ်တော့သော မီးသွေးမီးဖိုများ ရောင်းရန်ရှိမရှိ မေးမြန်းခဲ့သော်လည်း သူမ လိုချင်သော အပေါက်သုံးပေါက်ပါသော မီးဖိုကို မရခဲ့သေးပေ။


ယခုလက်ရှိတွင် အပေါက်တစ်ပေါက်သာ ပါသော မီးဖိုက ဖက်ထုပ်အိုးကပ်ကြော်လျှင် နှေးကွေးသောကြောင့် အဆင်မပြေပေ။


ကျန်းလီယွင်က အပေါက်တစ်ပေါက်ပါသော မီးဖိုအား နောက် သူမတတ်နိုင်မှ ဝယ်မည်ဟု ဆုံးဖြတ်ထားသည်။ ထိုမီးဖိုကို ဖက်ထုပ်အိုးကပ်ကြော်နှင့်အတူ ရောင်းချမည့် ဘန်းမုန့်များ နွှေးရန်၊ ကြက်ဥလက်ဖက်ရည် ပြုလုပ်ရန်၊ ခေါက်ဆွဲဟင်းရည်နွှေးရန်အတွက် အသုံးပြုနိုင်မည် ဖြစ်သည်။


သူမက နှစ်ယွမ်ဖြင့် မီးဖိုအဟောင်းကို ဝယ်ယူ၍ ဆိုဖာစက်ရုံသို့ သယ်သွားသည်။


သူမက ဆိုင်ဖွင့်မည်ဖြစ်သော်လည်း ဆိုဖာစက်ရုံမှ အလုပ်အား ချက်ချင်း ထွက်လိုက်မည် မဟုတ်ပေ။


အမျိုးမျိုးသော လိုအပ်ချက်များအတွက် အချိန်လိုအပ်သောကြောင့် ထိုကာလအတွင်းတွင် အပိုဝင်ငွေ ရရှိနိုင်ရန် စက်ရုံ၌ အလုပ်လုပ်နေဦးမည်ပင် ဖြစ်သည်။


မီးသွေးမီးဖို၊ မီးသွေးများ၊ သံဒယ်ပြားနှင့် အခြားပစ္စည်းများ မြို့သို့ သယ်ယူရန်အတွက် ယာဉ်တစ်စီး သူမ လိုအပ်သည်။ 


အသင့်တော်ဆုံး ရွေးချယ်မှုမှာ သုံးဘီးဆိုက်တွဲဖြစ်သော်လည်း ထိုအရာက ဈေးမသက်သာပေ။ သူမ ဦးလေးထံမှ တွန်းလှည်းအား ငှားရန်သာ သူမတတ်နိုင်သည်။


တွန်းလှည်းဆိုသည်မှာ လယ်သမားများက စပါး၊ မီးမွှေးရန် သစ်ကိုင်းများ စသည်တို့ကို သယ်ယူရာတွင် သုံးလေ့ရှိသော ယာဉ်တစ်မျိုးဖြစ်သည်။ အတိတ်တွင် သစ်သားဖြင့် ပြုလုပ်ကြပြီး မကြာသေးခင် နှစ်များက သံကိုယ်ထည်ဖြင့် အလယ်တွင် သစ်သားတန်းများပါသော လှည်းများအား ဝယ်ယူလာကြသည်။ 


ထိုလှည်းအား အသုံးပြုရန် အင်အားလိုအပ်သော်လည်း ကိစ္စကြီးမဟုတ်ပေ။


ကျန်းလီဖျင်က မြို့တွင် နေသောကြောင့် ကျန်းလီယွင်၏ ပစ္စည်းများအား သူမထံ၌ သိမ်းဆည်းထားပါက အဆင်ပြေနိုင်သည်။ သို့ရာတွင် ကျန်းလီဖျင်က အိမ်မှ ထွက်ခွာသွားပြီ ဖြစ်သောကြောင့် သူမက အကူအညီမတောင်းချင်ပေ။


နေ့တိုင်း သွားလိုက် ပြန်လိုက်ဖြင့် တွန်းလှည်းအား ဆွဲသွားပါက အတော်လေး ပင်ပန်းပေမည်။ မီးသွေးမီးဖို၊ မီးသွေး၊ သံဒယ်ပြားနှင့် ပစ္စည်းအစုံ အားလုံးပေါင်းလျှင်ပင် သူမ ဆွဲရလေ့ရှိသော ပြောင်းနှံစားပင်များကဲ့သို့ လေးလိမ့်မည် မဟုတ်ပေ။


ကျန်းလီယွင်က ကျန်းမာပြီး မည်သည်ကိုမျှ မကြောက်ပေ။


သူမက ပေါ့ပါးသွက်လက်သော ခြေလှမ်းများဖြင့် အလုပ်သို့ ပြန်ခဲ့သည်။


သူမ ဆိုဖာစက်ရုံ၌ အလုပ်လုပ်နေစဉ် လက်အနားနှင့် ကော်လံတွင် ဒီဇိုင်းဖော်ထားသော အပြာရောင်ရှပ်အင်္ကျီအသစ်ဝတ်ဆင်လာသော ကျန်းရှောင်ရှင်းက သူမအနားသို့ ချဉ်းကပ်ကာ မေးလိုက်သည်။

“လီယွင်...နင် တကယ်ပဲ ရှဲ့ဇူကန်းနဲ့ လက်မထပ်ချင်တာလား...”


“ဟုတ်တယ်...”

ကျန်းလီယွင်က အခိုင်အမာ ဖြေဆိုလိုက်သည်။


အနည်းငယ်တွေးတောပြီးနောက် ကျန်းရှောင်ရှင်းက ဆိုသည်။

“အဲဒါလည်း ကောင်းတာပါပဲ...”


ရှဲ့မိသားစုက အမှန်ပင် အဆင့်အတန်းမရှိပေ။ ဘလိုင်းဒိတ်များ ကျရှုံးခဲ့ရသည်မှာ ပုံမှန်ပင် ဖြစ်ပြီး ထိုကဲ့သို့ မြေရှင်ပဒေသရာဇ်စနစ်နှင့် မိသားစုအား မည်သူမျှ လက်ထပ်ချင်လိမ့်မည် မဟုတ်ပေ။ ယမန်နေ့ညက ရှဲ့မိသားစုက လွန်စွာ ဒေါသထွက်ပြီး ကျန်းလီယွင်အား သေးသိမ်စေခဲ့သည်။


အကယ်၍ ကျန်းလီယွင်သာ ထိုမိသားစုနှင့် လက်ထပ်ခဲ့ပါက သူမ သေချာပေါက် နောင်တရလိမ့်မည် ဖြစ်သည်။


အလုပ်လုပ်ရင်း စကားစမြည်ပြောနေစဉ် ကျန်းရှောင်ရှင်းက သည်းမခံနိုင်တော့ဘဲ ကျန်းလီယွင်အား ပြောပြလာသည်။

“ရှဲ့ဇူကန်းအမေက နင့်ကို သူ့အိမ်လာပြီး ထမင်းချက်ပေးခိုင်းသေးတယ်...သူ့ကိုယ်သူ ဘာထင်နေလဲ မသိဘူး...”


ကျန်းလီယွင်က ရယ်မောကာ မှတ်ချက်ပြုသည်။


ထိုအရာက ယခင်ဘဝက ဖြစ်ခဲ့သည့်အတိုင်းပင်ဖြစ်သည်။


ထိုအချိန်က သူမ ရှဲ့မိသားစု၏ အခြေအနေများကို အတော်လေး စိတ်တိုင်းကျသောကြောင့် ရှဲ့ဇူကန်း နှင့် ပိုမိုသိရှိနားလည်စေရန် ကြိုးစားခဲ့သည်။ ထိုအရာများကို သိလာရသော်လည်း သူမ စိတ်မကွက်ခဲ့ပေ။ သို့ရာတွင် သူမ ရှဲ့အိမ်သို့ သွား၍ ထမင်းဟင်းမချက်ပေးနိုင်ပေ။


သူမ ရှဲ့မိသားစု၏ အခြေအနေများကို အတော်လေး စိတ်တိုင်းကျသော်လည်း ရှဲ့ဇူကန်းမရှိလျှင် မဖြစ်သော အနေအထားမဟုတ်ပေ။ သဘာဝကျကျပင် သူမကိုယ်သူမ နှိမ့်ချလိမ့်မည် မဟုတ်ပေ။


ထို့အပြင် မိမိကိုယ်ကိုယ်ကို နှိမ့်ချခြင်းက ကောင်းမွန်သော ရလဒ်မရနိုင်ကြောင်း ကျန်းလီဖျင်၏ အတွေ့အကြုံများမှ သတိပေးနေခဲ့သည်။


ကျန်းလီဖျင်က အလယ်တန်းကျောင်းတက်စဉ်ကပင် သူမချစ်သူနှင့် ချစ်ကျွမ်းဝင်ခဲ့ပြီး နှစ်ပေါင်းများစွာ အတူရှိခဲ့ကြသည်။ သူမချစ်သူကောင်လေးမိသားစု၏ ချမ်းသာကြွယ်ဝမှုကို အစပြု၍ ချစ်ခဲ့ခြင်းဖြစ်သော်လည်း ထိုနှစ်များတွင် ကျန်းလီဖျင်က ထိုအိမ်သို့ သွား၍ အိမ်မှုကိစ္စများ၊ ချက်ပြုတ်ခြင်းတို့ကို ပြုလုပ်ပေးခဲ့သည်။


သူမထိုသို့ လုပ်ပေးလေလေ သူမအား ထိုမိသားစုမှ အထင်အမြင်သေးလေ ဖြစ်သည်။ ကျန်းလီဖျင်အား ထိုမိသားစုမှ ငှားရမ်းထားသော အိမ်အကူဟုပင် အပြင်၌ သတင်းလွှင့်ခဲ့ကြသေးသည်။


ကျန်းလီဖျင်အား ရှင်းထုတ်၍ အခြားမြို့သို့ပင် မိသားစုလိုက် ပြောင်းရွှေ့သွားကြသေးသည်။


ကျန်းလီယွင်က ကျန်းရှောင်ရှင်းနှင့် စကားပြောရင်း အလုပ်လုပ်ကိုင်နေသောကြောင့် စက်ရုံမှ သူမလုပ်ဖော်ကိုင်ဖက်များအကြောင်း သိလာရသည်။


တစ်ဖက်တွင် အုတ်နှင့်ကြွေပြားစက်ရုံ၌ ရှဲ့ဇူကန်းက ဒေါသအမျက်ချောင်းချောင်းထွက်နေသည်။


ကျန်းလီယွင် သူ့အား ငြင်းဆန်လိုက်ခြင်းမှာ သူ့အား အရှက်ခွဲလိုက်ခြင်းပင် ဖြစ်သည်။


ကျန်းမိသားစု၏ ဆင်းရဲသောအခြေအနေဖြင့် သူ သူမနှင့် အတူရှိပေးသည်က သူမအား မျက်နှာသာ ပေးခြင်းဖြစ်သည်။ 

ကျန်းလီယွင်က ငါ့ကို ငြင်းရဲတယ်ပေါ့...ဘယ်လိုတောင် ရဲတင်းနေတာပါလိမ့်...


အဓိကအချက်မှာ အုတ်နှင့်ကြွေပြားစက်ရုံရှိ လူတိုင်းက ရှဲ့ဇူကန်းနှင့် ကျန်းလီယွင် ဘလိုင်းဒိတ်တွေ့ခဲ့ကြောင်း သိနေကြခြင်းဖြစ်သည်။ ထိုလူများက ကျန်းလီယွင် သူ့အား စိတ်မဝင်စားကြောင်း သိသွားပါက သူအား လှောင်ပြောင်သရော်ကြပေလိမ့်မည်။


ရှဲ့ဇူကန်းက အလုပ်ကို မသွားချင်သော်လည်း အဖေရှဲ့မှ သူ့အား ခွင့်မပေးပေ။


အဖေရှဲ့က ကျန်းလီယွင်၏ မိသားစုအခြေအနေကို သိထားသောကြောင့် သူ့သား ထိုသို့ ငြင်းပယ်ခံရခြင်းကို စိတ်ထဲ မထားပေ။


ကမ္ဘာပေါ်မှာ မိန်းမဆိုလို့ သူတစ်ယောက်တည်း ရှိတာမှ မဟုတ်တာ...



🏡🏡🏡