Chapter 12
Viewers 4k

🏡 Chapter -12

ကိုယ်ပိုင်လျှို့ဝှက်ချက်များ



ကျန်းလီယွင်က ဈေးကို အစမှအဆုံးသို့ လျှောက်ပတ်ကြည့်ပြီးနောက် ပြန်လာခဲ့သည်။


ကောက်ပဲသီးနှံအရောင်းဆိုင်က မဖွင့်သေးသော်လည်း အသားဆိုင်က ဖွင့်နေပြီ ဖြစ်သည်။ အစိုးရပိုင် အသားအရောင်းဆိုင်မှ ဝက်သားရောင်းသူက စိတ်ထားမကောင်းပေ။ ထိုသူက ဝယ်သူများကို ရွေးချယ်ခွင့်မပေးသည်ကို သတိထားမိပြီး တစ်စုံတစ်ယောက်မှ အသားအစိတ်အပိုင်း အနည်းငယ်သာ လိုချင်ပါက ထိုသူက အသားကို အပိုင်းအကြီးဖြတ်တောက်လိုက်သည်ကို ကျန်းလီယွင်က ဘေးမှ ရပ်ကြည့်နေရာမှ မြင်တွေ့ခဲ့ရသည်။


ကံအားလျော်စွာပင် အစိုးရပိုင် အသားဆိုင်ဘေးကပ်ရပ်တွင် ပုဂ္ဂလိကအသားဆိုင်အချို့ ရှိနေပေသည်။ ထိုသူများ၏ စိတ်နေသဘောထားမှာ မဆိုးလှပေ။ ထို့ကြောင့် တန်းစီနေသော လူအုပ်ကြီးကို ဆွဲဆောင်ထားနိုင်သည်။


ထိုလူများနှင့် စကားစမြည်ပြောရင်း ကျန်းလီယွင်က ဂျုံမှုန့်၊ ဝက်သား၊ ပဲပိစပ်ဆီ စသည်တို့ကို လေ့လာနေခဲ့သည်။ ယခင်ဘဝ၏ အတွေ့အကြုံများကို အသုံးပြု၍ ဖက်ထုပ်ကြော်၏ ကုန်ကျစရိတ်ကို တွက်ချက်နေခဲ့၏။


ဖက်ထုပ်ကြော်ရောင်းချရန် ဆုံးဖြတ်လိုက်သော အကြောင်းအရင်းမှာ သူမ မည်သို့ ချက်ပြုတ်ရမည်ကို သိသောကြောင့်ပင်ဖြစ်သည်။


ယခင်ဘဝ၌ ကွာရှင်းပြီးနောက် သူမက ကျောင်းရှေ့တွင် ခေါက်ဆွဲပြုတ်၊ ဟင်းခတ်အမွှေးအကြိုင် ငါးမျိုးဖြင့် ကြော်ထားသော တို့ဟူးကြော်၊ တို့ဟူးပုပ်နှင့် မုန်လာဥကိတ်များကို ရောင်းချခဲ့သည်။


ထိုအရာများက ဒေသရိုးရာအစားအစာများဖြစ်ရာ မနက်ဈေး၌ ရောင်းချနေသူများ ရှိပြီးဖြစ်သည်။


ထိုအစားအစာများကို ရောင်းချခြင်းက တော်ရုံသင့်ရုံသာ ငွေရနိုင်သည်။ ထို့ကြောင့် သူမက လက်ဆတ်သော မုန့်အချို့ကို ရောင်းချရန် တွေးဆနေသည်။


တိုက်ဆိုင်စွာဖြင့်ပင် သူမ၏ အစ်မ ကျန်းလီဖျင်က သူမအား “မြောက်ပိုင်းသားတွေက နှစ်ကူးရောက်ရင် ဖက်ထုပ်စားကြတယ်...”ဟူ၍ ပြောပြဖူးသည်။ တစ်စုံတစ်ယောက်က ဒယ်ပြားဖြင့် ဘန်းမုန့်ရောင်းနေသည်ကို မြင်ခဲ့ရာ သူမက ဒယ်ပြားဖြင့် ကြော်ရသော ဘန်းမုန့်များနှင့် ဖက်ထုပ်များကို စတင်ရောင်းချခဲ့သည်။


သူမ၏ ဖက်ထုပ်ကြော်များမှာ မြို့ထဲတွင် တစ်မူထူးခြားကာ လွန်စွာ ရောင်းကောင်းခဲ့သည်။


အစပိုင်းတွင် သူမက နေ့စဉ် မနက်စောစီးစွာ ထ၍ ဖက်ထုပ်အရွက်ကို လှိမ့်ကာ ဖက်ထုပ်များ ပြုလုပ်သည်။


နောက်ပိုင်းတွင် စီးပွားရေးကျယ်ပြန့်တိုးတက်လာသောအခါ သူမတစ်ယောက်တည်း မနိုင်တော့ပေ။ ထိုအချိန်တွင် သူမကလည်း ကိုယ်တစ်ပိုင်းအကြောသေနေသောကြောင့် ဖက်ထုပ်အရွက်ပြုလုပ်ရန် စက်ဝယ်ခဲ့ပြီး စက်ဖြင့် ဖက်ထုပ်ထုပ်ခဲ့သည်။


ယခုကာလတွင် စက်များ မပေါ်သေးရာ သူမကိုယ်တိုင် ဖက်ထုပ်အရွက်ပြုလုပ်ရမည်ဖြစ်သည်။ ထိုဖက်ထုပ်များမှာ ယနေ့ခေတ်၏ စားသုံးသူများကြားတွင် ရေပန်းမစားသေးပေ။


စက်ဖြင့် ပြုလုပ်သော ဖက်ထုပ်အရွက်မှာ ပါးလွှာကာ စားမကောင်းပေ။ နောက်နှစ်ပိုင်းနှစ်ဆယ်ကြာ ကာလမှ စားသုံးသူများက နှစ်ခြိုက်ကြသော်လည်း ယနေ့ခေတ် စားသုံးသူများမှာ ကြိုက်နှစ်သက်လိမ့်မည် မဟုတ်ပေ။


ဈေးဆိုင်လေး စဖွင့်မည် ဆိုပါက သူမ အရင်းအနှီးလိုအပ်သည်။ ကျန်းလီယွင်၌ လက်ရှိ သူမ စုဆောင်းထားသောငွေမှာ လုံလောက်ခြင်းမရှိပေ။ သူမ သူများဆီမှ ချေးငှားရမည်။


အဖေကျန်းတွင် ယွမ်တစ်ထောင် နှစ်ထောင်ဝန်းကျင် ရှိနိုင်သည်။


လက်တလောနှစ်များတွင် သူမတို့ မောင်နှမ သုံးယောက်သား အလုပ်လုပ်ခဲ့ပြီး သူမ အဖေကို လစဉ် ယွမ်တစ်ရာကျော် ထောက်ပံ့ခဲ့သည်။ အိမ်အသုံးစရိတ်မှ လွဲလျှင် သူမတို့ ငွေစုနိုင်ခဲ့သည်။


အဖေကျန်းနှင့် အမေကျန်းတို့က ကျန်းလီဟိုင် လက်ထပ်နိုင်ရန် ငွေကို ကြိုးစား၍ စုဆောင်းပေးခဲ့သည်။


သူမတို့ ဒေသတွင် လက်ထပ်နိုင်ရန် အနည်းဆုံး အုတ်ဖြင့်ဆောက်သော အိမ်နှစ်လုံး၊ ပရိဘောဂများနှင့် ယွမ်မြောက်များစွာ လိုအပ်သည်။ သတို့သမီးမိသားစုဘက်မှ သတို့သားအား စက်ဘီး၊ အပ်ချုပ်စက်နှင့် ရေဒီယိုများ ဝယ်ပေးစေလိုကြသည်။


အဖေကျန်းတွင် အိမ်ဆောက်ရန် အုတ်နှင့်ကြွေပြားကဲ့သို့ ပစ္စည်းများ မဝယ်နိုင်ရာ အိမ်တစ်လုံးပင် မဆောက်နိုင်ပေ။ ထိုနှစ်အဆုံးတွင် ကျန်းလီဟိုင်က သူ့လက်တွဲဖော် ”ဟွမ်” နှင့် ဆက်ဆံရေးအဆုံးသတ်သွားပြီး ပြတ်စဲသွားကြသည်။


ကျန်းလီယွင်က ငွေငါးဆယ်ဆင့်သုံးပြီး ဘန်းမုန့်နှစ်ခု၊ ဆားစိမ်ဟင်းသီးဟင်းရွက်များ နှင့် တို့ဟူးဖြင့် မနက်စာ ဗိုက်ဖြည့်ခဲ့သည်။ 


ဘန်းမုန့်နွေးနွေးလေးအား စားရင်း ဆိုဖာစက်ရုံသို့ လမ်းလျှောက်သွားခဲ့သည်။ စက်ရုံ အလုပ်ချိန်မတိုင်မီ သူမ ရောက်သွားခဲ့သည်။


ဆိုဖာစက်ရုံက မနက်ခုနှစ်နာရီခွဲ လုပ်ငန်းစတင်၍ နေ့လည် ဆယ့်တစ်နာရီ ခွဲတွင် ထမင်းစားနားပြီး နေ့လည်တစ်နာရီတွင် အလုပ်ပြန်စ၍ ညနေငါးနာရီ အလုပ်သိမ်းသည်။ မနက်ပိုင်းတွင် အလုပ်ချိန်မှာ လေးနာရီကြာပြီး ညနေပိုင်းတွင်လည်း လေးနာရီကြာ အလုပ်လုပ်ရသည်။ ထိုသို့ဖြင့် တစ်ရက်လျှင် ရှစ်နာရီ အလုပ်လုပ်ကြရသည်။


စက်ရုံမှာ သင့်တော်သော အရွယ်အစားရှိသော်လည်း တစ်ထပ်အဆောက်အအုံများသာ ဖြစ်ရာ စက်ရုံတစ်ခုလုံးအား ခြုံကြည့်ပါက နေရာ မကျယ်ဝန်းပေ။


စက်ရုံတွင်းသို့ ကျန်းလီယွင် ဝင်လိုက်သည်နှင့် မကောင်းသော အနံ့အသက်များ ရှုလိုက်မိသည်။ ထိုအနံ့မှာ ဖော်မလင်အနံ့ပင်ဖြစ်သည်။


စက်ရုံကြမ်းပြင်ကို ပလပ်စတစ်အခင်းထူထူဖြင့် ခင်းကျင်းထားပြီး ဆိုဖာများ ပြုလုပ်ရန် အမျိုးမျိုးသော ပစ္စည်းများကို စုပုံထားသည်။ အချို့ အမျိုးသမီး၊ အမျိုးသားများက ပစ္စည်းပုံဘေးတွင် စကားဝိုင်းဖွဲ့ပြောနေကြသည်။


စက်ရုံမန်နေဂျာက ဆေးလိပ်သောက်နေဆဲပင် ဖြစ်သည်။


နှစ်အနည်းငယ်ကြာပြီးနောက် ဤဆိုဖာစက်ရုံ ပိတ်သိမ်းလိုက်ရခြင်းမှာ အံ့ဩဖွယ်မဟုတ်ပေ။


ထိုအချိန်များ၌ စက်ရုံအလုပ်သမားများက စက်ရုံနှင့် အချိန်ကုန်စေရန်သာ လာရောက်ကြခြင်းဖြစ်ပြီး အလုပ်ပြီးမြောက်မှုနှုန်းမှာ အလွန်နိမ့်သည်။ ထို့ကြောင့် နောက်ပိုင်းတွင် စီးပွားရေးလုပ်ငန်းရှင်များက ထိုလုပ်ငန်းများကို သိမ်းယူသွားခြင်းဖြစ်သည်။


ကျန်းလီယွင် ဆိုဖာစက်ရုံ၌ အလုပ်မလုပ်တော့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သည်။ သူမ နောက်ထပ် လုပ်နိုင်မည် မဟုတ်ဟု ထင်ထားသော်လည်း ဖြည်းဖြည်းချင်း လုပ်သွားရင်း သူမ လုပ်နိုင်သေးကြောင်း သိလာရသည်။


ရွာ၌ရှိသော စက်ရုံအသေးလေးများဖြစ်ရာ အလုပ်သမားများက အရည်အချင်းများစွာ မလိုအပ်ပေ။


အတိတ်တွင် သူမက ထိုစက်ရုံသို့ လုပ်အားပေးလာကူညီရင်းဖြင့် အလုပ်တစ်နေရာ ရလာခဲ့ခြင်းဖြစ်သည်။ 


မနက် ခုနှစ်နာရီခွဲသောအခါ အလုပ်စရန် အချိန်မှန် “အချက်ပေးခေါင်းလောင်း အလန်း”အသံမြည်လာသည်။ 


စက်ရုံမန်နေဂျာက ဆေးလိပ်အား မြေပေါ်ပစ်ချ၍ ဖိနပ်ဖြင့် တက်နင်းကာ မီးငြှိမ်းလိုက်သည်။ “အချက်ပေးခေါင်းလောင်း အလန်း”သံကို ပိတ်လိုက်ပြီး လူတိုင်းအား အလုပ်စလုပ်ရန် အချက်ပြလိုက်သည်။


ဆိုဖာများကို သစ်သားဘောင်များဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။


အလုပ်သမားများက သစ်သားဘောင်များကို တပ်ဆင်ကာ အတွင်း၌ စပရင်များ ထည့်ရသည်။ ထို့နောက် အတွင်း၌ ရေမြှုပ်ဖြည့်ပြီး အပေါ်က လယ်သာအစွပ်ဖြင့် ပတ်ရသည်။


သူမက နောက်ဆုံးအဆင့်ကို တာဝန်ယူရသည်။ 


သူမက ဆိုဖာတစ်ခုလုံးကို လယ်သာဖြင့် ပတ်၍ သစ်သားဘောင်နှင့် လယ်သာကိုတွဲ၍ ပုံစံဖော်ကာ သီချုပ်ရသည်။


၎င်းက အသေးစိတ် ဂရုစိုက်ရသော်လည်း များစွာ ခက်ခဲခြင်းမရှိပေ။


သူမဘေး၌ အခြားသူများက မတူညီသော အလုပ်များကို လုပ်နေသည်ဖြစ်ရာ သူမလည်း နှေးကွေးစွာဖြင့် လုပ်ကိုင်နေသည်။


သူမ၏ လုပ်ဖော်ကိုင်ဖက်များထဲမှ တစ်ဦးမှာ ပါးစပ်ထဲ၌ လက်အပြည့် သံမှိုများငုံကာ အလုပ်လုပ်နေသည်။ ဆိုဖာသို့ သံရိုက်ရန် လိုအပ်ပါက ပါးစပ်ထဲမှ ထွေးထုတ်၍ သံရိုက်သည်။


ကျန်းလီယွင်က သူမလည်း ယခင်ဘဝက ထိုသို့ ပြုလုပ်ခဲ့ရကြောင်း သတိရမိသည်။ ထိုအချိန်က ထိုသို့ပြုလုပ်ရသည်မှာ ပြဿနာမရှိဟု ထင်ခဲ့သည်။ ပါးစပ်ထဲ၌ သံများထည့်ငုံထားပါက အလုပ်လုပ်ရသည်မှာ လွယ်ကူမြန်ဆန်ပြီး လက်နှစ်ဖက်လုံးဖြင့် ပြုလုပ်နိုင်သည်ဟုပင် တွေးခဲ့မိသည်။


ထိုသို့ အလုပ်လုပ်သည်ရသည်မှာ ဖော်ပြရန် အမှန်ပင် အလွန် ခက်ခဲပေသည်။


လက်ဖြင့် ပြုလုပ်ထားသော်လည်း ဆိုဖာ၏ အရည်အသွေးမှာ မဆိုးလှပေ။ သူမ လက်ထပ်သောအခါကလည်း သူမကိုယ်သူမ ဆုချသောအားဖြင့် ဆိုဖာတစ်ခုပင် ဝယ်ခဲ့သေးသည်။


“လီယွင်...နင် ရှဲ့ဇူကန်းကို ဘယ်လိုမြင်လဲ...”

ကျန်းလီယွင်နှင့် ရှဲ့ဇူကန်းအား မိတ်ဆက်ပေးသော အမျိုးသမီးက မေးလိုက်သည်။


ထိုအမျိုးသမီးကို မြင်သောအခါ ကျန်းလီယွင်က အနည်းငယ် မှင်တက်မိသည်။


သူမက ကျန်းလီယွင်နှင့် အတူ ဆိုဖာစက်ရုံတွင် အလုပ်အတူလုပ်ခဲ့သော လုပ်ဖော်ကိုင်ဖက်ပင်ဖြစ်သည်။ ကျန်းလီယွင် ရှဲ့ဇူကန်းနှင့် ကွာရှင်းသောအခါတွင် သူမကို ကျန်းလီယွင်အား အားပေးကူညီခဲ့သည်။


သူမလည်း ကျန်းလီယွင်ကဲ့သို့ပင် အိမ်ထောင်ရေးကံမကောင်းပေ။ သူမ၏ ယောက်ျားမှာ ချမ်းသာကြွယ်ဝလာပြီးနောက် သူမအား ကွာရှင်းခဲ့သည်။


သို့ရာတွင် သူမက အဆင်ပြေစွာ နေနိုင်ခဲ့သည်။ သူမ ကွာရှင်းသောအခါ သူမ၏ သမီးဖြစ်သူအား သူမနှင့်အတူ ခေါ်မထားပေ။ နောက်ပိုင်းတွင် သူမ၏သမီးက ခင်ပွန်းဟောင်း၏ ကုမ္ပဏီအား လက်လွှဲယူကာ သူမအား အိမ်ကြီးတစ်အိမ် ဝယ်ပေးခဲ့သည်။


သူမအားလပ်သောအချိန်များတွင် စေတနာ့ဝန်ထမ်းပြုလုပ်ခဲ့သည်။


“အစ်မကျန်း ... အခုအချိန်မှာ ကျွန်မ လက်မထပ်ချင်သေးဘူး...”

ကျန်းလီယွင်မှ ပြောလိုက်သည်။ သူမ လုပ်ဖော်ကိုင်ဖက်၏ မျိုးရိုးမှာ “ကျန်း”ဖြစ်ပြီး အမည်မှာ “ကျန်းရှောင်ရှင်း”ဖြစ်သည်။


ကျန်းလီယွင်နှင့် ရှဲ့ဇူကန်းတွေ့ဆုံခဲ့သည့် ညက အခြေအနေကို ကြည့်ရသည်မှာ ကျန်းလီယွင်က လက်ထပ်ရန် လောနေခြင်းမျိုး မရှိသည့်အပြင် ကျန်းလီယွင်က ရှဲ့ဇူကန်းမှာ သူမနှင့် သင့်တော်ခြင်းမရှိဟု ဆုံးဖြတ်ပြီးသည်ကို သူမ(ကျန်းရှောင်ရှင်း)သိသည်။ 


သို့ရာတွင် ကျန်းရှောင်ရှင်းက ရှဲ့ဇူကန်းအား အထင်ကြီးရာ သူမ မေးလိုက်သည်။

“လီယွင်... ရှဲ့မိသားစုက ချမ်းသာတယ်... သူတို့မှာ ရေဒီယို၊ တီဗီက စလို့ လျှပ်စစ်ပန်ကာအဆုံး ပိုင်တယ်…သူတို့ မိသားစုက နေ့တိုင်း အသားတောင် စားနိုင်ကြတယ်...ရှဲ့မိသားစုနဲ့ လက်ထပ်လိုက်ရင် ဘဝကို သက်တောင့်သက်သာ ဖြတ်သန်းရမှာ... နင်အဲ့နေ့က သူနဲ့ တွေ့ကြည့်တာ အဆင်မပြေခဲ့လို့များလား...”


ယခင်ဘဝ၌ ကျန်းလီယွင်သည်လည်း ရှဲ့ဇူကန်း၏ မိသားစုကို အထင်ကြီးခဲ့ပြီး သို့ရာတွင် ယခုအချိန်တွင်မူ သူမ တိုးညှင်းစွာ ပြောလိုက်သည်။

“အစ်မကျန်း... ကျွန်မ တကယ်တော့ သူက အရပ်ပုတယ်လို့ ထင်တယ်...ကျွန်မအတွက် ရုပ်ရည်က အဓိက မကျပါဘူး...ဒါပေမဲ့ အဲ့နေ့က ရုပ်ရှင်ရုံက အပြန်မှာ သူမတ်တတ်ရပ်တော့ ကျွန်မထက်တောင် အရပ်ပုသေးတယ်...ကျွန်မက အရပ်ရှည်တဲ့လူမျိုးကို လိုချင်တာ...”


ကျန်းလီယွင် သိသလောက် သူမနှင့် ရှဲ့ဇူကန်းမဆုံမီက မိန်းကလေးပေါင်းများစွာက သူ့အား ငြင်းဆန်ခဲ့သည်။


ရှဲ့ဇူကန်းက ထိုအရာကို တေးမှတ်ထားပြီး ကျန်းလီယွင်နှင့် လက်ထပ်ပြီးနောက် ထိုအမျိုးသမီးများက အမြင်မရှိသူများဟု ရံဖန်ရံခါ ပြောဆိုလေ့ရှိသည်။


သို့ရာတွင် သူ ထိုအမျိုးသမီးများကို ပြဿနာရှာခြင်း မရှိခဲ့ပေ။


ထိုအမျိုးသမီးများက သူမနှင့် မတူဘဲ ကံအလွန်ကောင်းသည်။ သူမက ကွာရှင်းပြီးနောက် ဆက်တိုက် အရှက်ရခဲ့ရသည်။ ရှဲ့ဇူကန်းကြောင့် ကိုယ်တစ်ပိုင်းပင်အကြောသေသွားခဲ့ရသည်။


ယခု ဘဝတွင်တော့ သူမ ရှဲ့ဇူကန်း၏ ဘလိုင်းဒိတ်တွေ့ခဲ့သော မိန်းကလေးများထဲမှ တစ်ယောက်သာ ဖြစ်လိုပြီး သူနှင့် လက်မထပ်လိုပေ။


ကျန်းလီယွင်က ရှဲ့ဇူကန်း၏အဖေက အုတ်နှင့် ကြွေပြားစက်ရုံမှ ငွေပမာဏများစွာအား အလွဲသုံးစားလုပ်သည်ဟု တိုင်ကြားရန်ပင် တွေးမိသည်။ သို့ရာတွင် ထိုနယ်ပယ်က ကျဉ်းမြောင်းသောကြောင့် လူများက တစ်ဦးကို တစ်ဦးကာကွယ်ပေးကြသည်။ အမည်မဖော်လိုသူ အနေဖြင့် တိုင်ကြားလျှင်ပင် အကျိုးသက်ရောက်မှု မရှိနိုင်ပေ။ သူမအမည်အရင်းဖြင့် တိုင်ကြားလျှင်လည်း အန္တရာယ်များနိုင်သည်။ သူမ၏ လုံခြုံဘေးကင်းမှုက ပထမဦးစားပေးဖြစ်သည်။


ကျန်းလီယွင်က ရှဲ့ဇူကန်းအား အရပ်ပုသောကြောင့် လက်မထပ်လိုကြောင်း သိရသောအခါ ကျန်းရှောင်ရှင်းက အကြံပေးခြင်းမပြုတော့ပေ။ သူမက ကျန်းလီယွင်သာ သဘောတူပါက သတို့သမီးခန်းဝင်ပစ္စည်းများစွာ ရနိုင်ကြောင်း၊ ထိုလက်ဖွဲ့များဖြင့် အိမ်ဆောက်ကာ ကျန်းလီဟိုင် လက်ထပ်ရန် စီစဉ်နိုင်ကြောင်း ဆက်လက်ပြောဆိုနေခဲ့သည်။


ကျန်းလီယွင်က ထိုအရာမှာ ရယ်ရကြောင်း ခံစားရကာ ပြောလိုက်သည်။

“ကျွန်မ မိဘတွေက သတို့သမီးခန်းဝင်ပစ္စည်း လက်မခံကြဘူး...”


ကျန်းလီဖျင် မြို့၌ လက်ထပ်စဉ်က အမေကျန်းက ခန်းဝင်ပစ္စည်းတောင်းခံခြင်း မရှိခဲ့သကဲ့သို့ ယခင် ဘဝ သူမလက်ထပ်စဉ်ကလည်း တောင်းခံခြင်း မရှိခဲ့ချေ။


အမေရှဲ့ တစ်ခါက ကျန်းလီယွင်မှာ သူမကိုယ်သူမ ရက်ရောစွာ ကမ်းလှမ်းသည်ဟု တွေးကာ မာနကြီး ဘဝင်မြင့်ခဲ့သည်။ ထိုအရာကို သုံးပြီး သူမသားရှဲ့ဇူကန်း၏ နာမည်ဂုဏ်သတင်း၊ ဆွဲဆောင်မှုကို မြှင့်တင်ခဲ့သေးသည်။


ထိုအရာကို သိသော်အခါ ကျန်းလီယွင်က သတို့သမီးတင်တောင်းလက်ဖွဲ့ပစ္စည်းများကို မရမက အပြင်းအထန်တောင်းဆိုကာ မပေးပါက သူမ မိဘအိမ်သို့ ချက်ချင်းပြန်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ ထို့နောက်တွင် အမေရှဲ့မှာ လက်လွတ်စပယ် စကားမပြောရဲတော့ပေ။


ဆိုဖာစက်ရုံ၌ အလုပ်လုပ်ရသည်မှာ ငြီးငွေ့ဖွယ်ကောင်းသည်။


စက်ရုံမန်နေဂျာ၏ အမေက ချက်ပြုတ်ကာ နေ့လည်စာကို စက်ရုံမှ ကျွေးမွေးသည်။ သို့ရာတွင် ကျန်းလီယွင်က စက်ရုံတွင် မည်သည့်အခါမှ စားလေ့မရှိပေ။


သူမအိမ်သို့ ပြန်ကာ နေ့လည်စာစားလေ့ရှိသည်။ အိမ်တွင် ယနေ့ ပဲပိစပ်နှင့် ဆောင်းသခွားသီးပေါင်းသည်။


“အဖေ...ညနေစာကို ကြက်ဥပေါင်းပေးနော်...တစ်ယောက်တစ်လုံး စားရအောင်...ဆားစိမ်ဟင်းသီး ဟင်းရွက်တချို့လည်း ပေါင်းပေးနော်... ပြီးတော့ ဖရုံစေ့လည်း လှော်ပေးနော် ...” 

ကျန်းလီယွင် အဖေကျန်းအား ပြောလိုက်သည်။ 


ကျန်းအိမ်တွင် ကြက်အချို့ မွေးမြူကာ နေ့စဉ် ကြက်ဥများ ရရှိသဖြင့် ပြဿနာမရှိပေ။ အတိတ်တွင်မူ အဖေကျန်းက ငွေပိုငွေလျှံများရရန် ကြက်ဥများ ရောင်းလေ့ရှိသည်။


ပြန်တွေးကြည့်ရရင်... အခုအချိန်မှာ ကြက်ဥရောင်းတာက ပိုက်ဆံဘယ်လောက် ရနိုင်မှာလဲ...ကြက်ဥတွေကို အိမ်မှာ ချက်စားလိုက်တာကမှ ကုန်ကျစရိတ် သက်သာပြီး ကျန်းမာရေးအတွက် အထောက်အကူဖြစ်ဦးမယ်...


သူတို့ရွာတွင် မိန်းမများက လယ်အလုပ်များ မလုပ်သကဲ့သို့ ယောက်ျားအများစုမှာ အိမ်မှုကိစ္စများ ပြုလုပ်လေ့မရှိပေ။ 


သို့ရာတွင် အဖေကျန်းက ခြေထောက်တစ်ဖက် ထော့ကျိုးဖြစ်နေရာ သူ၏ လယ်လုပ်နိုင်သော အရှိန်နှုန်းက ကျန်းလီယွင်ထက်ပင် နှေးပေသည်။ အမေကျန်းကလည်း ကျန်းမာရေးမကောင်းရာ ထိုနှစ်များအတွင်း အိမ်မှုကိစ္စများကို အဖေကျန်းမှ ပြုလုပ်ခဲ့သည်။


ကျန်းလီယွင် ပြောသော စကားကို ကြားပြီးနောက် အဖေကျန်းက သဘောတူခဲ့သည်။


သူတို့အိမ်တွင် ဆားစိမ်ဟင်းသီးဟင်းရွက်နှင့် ဖရုံစေ့ အလုံအလောက်ရှိသည်။ ကျေးလက်နေလူများက ဖရုံပင်များ စိုက်ပျိုးကြသည်။ တစ်ခါတစ်ရံတွင် ဖရုံသီးအား ဟင်းအနေဖြင့်စားသည်။ အခြားအချိန်များတွင် ဖရုံသီးများက အဓိက အစားအစာပင် ဖြစ်သည်။ ဖရုံသီးကို စားပြီးနောက် ဖရုံစေ့များကို မုန့်အဖြစ်စားရန် အခြောက်ခံကြသည်။ အခြောက်ခံထားသော ဖရုံစေ့များကို အလွယ်တကူ ကြော်၍ စားနိုင်သည်။ ဖရုံပင်စိုက်ပျိုးသော ကျေးလက်ဒေသခံများ နည်းပါးသော်လည်း ဖရုံစေ့မှာ သင့်တော်သော မုန့်ပဲသရေစာဖြစ်နေဆဲပင် ဖြစ်သည်။


နေ့လည်စာစားပြီးနောက် ကျန်းလီယွင်က မီးသွေးမီးဖိုနှင့် အပေါက်ပါသော မီးသွေးခဲများ အကြောင်း စုံစမ်းရန် အိမ်မှ ထွက်ခွာလာခဲ့သည်။


သူမက ဈေးနှုန်းစုံစမ်းရန်သာမက မည်သည့်ဆိုင်မှ မီးသွေးခဲက အရည်အသွေးကောင်းသည်ကိုပင် ရှာဖွေရပေသည်။


အပေါက်များပါသော မီးသွေးခဲ ပြုလုပ်ရခြင်းက လွယ်ကူရိုးရှင်းသည်။ ကျေးလက်ဒေသတွင် ကိုယ်ပိုင် တစ်နိုင်တစ်ပိုင် လုပ်ငန်းများရှိရာ အပေါက်များပါသော မီးသွေးခဲများ ပြုလုပ်ရောင်းချကြသည်။ အကယ်၍ ရွှံ့အနည်းငယ်သာ ထည့်ပါက မီးလောင်အားကောင်းပြီး လျင်မြန်စွာ ကုန်သွားမည် ဖြစ်သည်။ အကယ်၍ ရွှံ့များစွာ ထည့်လိုက်ပါက မီးစွဲရန် ခက်ခဲပြီး မီးလောင်အား မကောင်းပေ။ မီးသွေးခဲ ဝယ်ရခြင်းကပင် ဗဟုသုတရှိရန် လိုအပ်သည်။


ပတ်ဝန်းကျင်၌ မေးမြန်းစုံစမ်းပြီးနောက် သူမ ယခင် ဘဝက မှာယူသုံးစွဲခဲ့သော မီးသွေးဆိုင်မှာ ဖွင့်လှစ်ရောင်းချနေပြီ ဖြစ်ကြောင်း သိခဲ့ရသည်။ သူမ ထိုဆိုင်ကသာ ဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။


နေ့လည်တွင် ကျန်းလီယွင် ဆိုဖာစက်ရုံသို့ ပြန်ရောက်လာခဲ့သည်။ စက်ရုံမန်နေဂျာမှ မည်သည်မျှ မဆိုပေ။ သူမတို့ စက်ရုံတွင် သူမက အလုပ်အကြိုးစားဆုံး၊ အရည်အချင်းအရှိဆုံးတစ်ယောက်ပင်ဖြစ်သည်။


ညနေ ငါးနာရီ၌ အလုပ်သိမ်းပြီးနောက် ကျန်းလီယွင်က အိမ်ပြန် ညစာစားခဲ့သည်။ စားပြီးနောက် သူမက ဆားစိမ်ဟင်းရွက်များကို ကြွေခွက်ထဲထည့်ကာ ဖရုံစေ့လှော်အား အဝတ်အိတ်ထဲ ထည့်သည်။ သူမဝေစု ကြက်ဥအား မစားဘဲ အိတ်ကပ်ထဲ ထည့်ယူလာခဲ့သည်။ ထို့နောက် ဖုန်းရီအား တွေ့ရန် ခရုကမ်းစပ်သို့ ထွက်လာခဲ့သည်။


အုတ်နှင့်ကြွေပြားစက်ရုံ အလုပ်သိမ်းချိန်မှာ ဆိုဖာစက်ရုံနှင့် အတူတူပင် ဖြစ်သည်။ ကျန်းလီယွင် ရောက်သောအခါ ဖုန်းရီက ကြိုရောက်နေပြီဖြစ်သည်။


“နင် ညစာစားခဲ့ပြီလား...ဟင်းသီးဟင်းရွက်ရော စားရဲ့လား...”

ကျန်းလီယွင်မှ မေးသည်။


“ကျွန်တော်စားပြီးပြီ... ဟင်းသီးဟင်းရွက်လည်း စားတယ်...”

ဖုန်းရီက ပြန်ဖြေသည်။


ယမန်နေ့က ကျန်းလီယွင်မှ သူ့အား ပိုက်ဆံချွေတာ မနေဘဲ ဟင်းသီးဟင်းရွက်အချို့လည်း ဝယ်စားရန် ပြောခဲ့သည်။ ယနေ့ ညစာစားချိန်ရောက်သောအခါ သူက ဟင်းသီးဟင်းရွက်များ ဝယ်မစားဘဲ လုပ်ဖော်ကိုင်ဖက်များထံမှ ရသော ဆားစိမ်ဟင်းသီးဟင်းရွက်များဖြင့်သာ စားခဲ့သည်။


ဤနှစ်များတွင် သူက တိတ်တဆိတ် ငွေစုဆောင်းခဲ့သည်။ သူ့လက်ထဲတွင် တစ်လလျှင် ဆယ်ယွမ်သာ ရှိသည်ဟု လူတိုင်းက သိထားကြသည်။ သူက ငွေရှာရန် အဝတ်လျှော်ပေးခြင်း၊ ဖိနပ်အရောင်တင် ပေါလစ်တိုက်ပေးခြင်း တို့ကို ပြုလုပ်ပြီး ငွေအနည်းငယ် ရှာနိုင်ခဲ့သည်။ စက်ရုံ၌ အချိန်ပိုကြေးပေးရာ အခွင့်အရေးရပါက သူက အချိန်ပိုဆင်း၍ အပိုငွေရှာခဲ့သည်။


သူက ပိန်ပါးနေသောလည်း အလုပ်ကောင်းစွာ လုပ်နိုင်သည်။ အပိုအလုပ်များလုပ်ရင်း ငွေတစ်ရာယွမ်ကျော် စုဆောင်းနိုင်ခဲ့သည်။


ယခင်ဘဝတွင် ဖုန်းရီက ဖရုံစေ့ အလွန်ကြိုက်ခဲ့သည်။ သူက သရေစာ စားလေ့မရှိသောလည်း ဖရုံစေ့ကိုမူ စားလေ့ရှိသည်။


ဖုန်းရီက ပျော်ရွှင်သွားသည်။


ကျန်းလီယွင်က သူငယ်စဉ်က ကဲ့သို့ပင် သူအား ဂရုစိုက်ပေးနေဆဲပင်ဖြစ်သည်။


သူစုဆောင်းငွေများအားလုံးကို ပိတ်စအိတ်လေးထဲ ထည့်ကာ ကျန်းလီယွင်အား ပေးရင်း ပြောလိုက်သည်။

“အစ်မလီယွင်...စီးပွားရေးစလုပ်မယ်ဆို အရင်းအနှီးလိုမှာလေ...ဒါတွေကို အရင်းအနှီးအနေနဲ့ သုံးလိုက်...”


ကျန်းလီယွင်က တစ်ခဏမျှ ကြက်သေသေသွားသည်။ သူမ ငွေအိတ်ကို ဖွင့်ကြည့်လိုက်ရာ ငွေစများ ငွေလက်မှတ်များကို တွေ့လိုက်ရသည်။


ငွေစက္ကူစများ ဖြစ်သော်လည်း ငွေအိတ်ကို ကိုင်ရင်း သူမလက်ထဲတွင် လေးလံမှုကို ခံစားလိုက်ရသည်။



🏡🏡🏡