Chapter 11
Viewers 4k

🏡 Chapter 11

မနက်ခင်းဈေး



ယနေ့အလုပ်ဆင်းပြီးနောက် ဖုန်းရီက ကန်တင်းကို အပြေးအလွှားသွားကာ ထမင်းနှစ်ပွဲဝယ်ယူပြီး အလူမီနီယမ်နေ့လည်စာချိုင့်ထဲထည့်၍ စက်ရုံမှထွက်လာခဲ့သည်။ ထို့နောက် ရွာမှ စက်ရုံသို့ သွားရာလမ်းတွင် ကျန်းလီယွင်ကို စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။


သူ ကျန်းလီယွင်ကို စက်ရုံသို့ မလာစေချင်ပေ။ ရှဲ့ဇူကန်းနှင့်လည်း မတွေ့ဆုံစေချင်သကဲ့သို့ စက်ရုံမှ နောင်ပြောင်တတ်သော လူရှုပ်များနှင့်လည်း မျက်နှာချင်းဆိုင် မတွေ့စေလိုပေ။


ထိုအချိန်၌ သူ့စိတ်ထဲတွင် ဗလောင်ဆူနေကာ ဗိုက်လည်းမဆာနိုင်ဘဲ ချိုင်းအောက်မှ ဝှက်၍ယူလာသော သူ့နေ့လည်စာကိုပင် မေ့သွားသည်။ 


သူ့ ချိုင်းအောက်မှ အလူမီနီယမ်နေ့လည်စာချိုင့်နှင့် ကြွေဇွန်းကို ထုတ်ကာ ကြက်ပေါင်ကို တစ်ကိုက် နှစ်ကိုက်စားလိုက်သည်။


ထမင်းနဲ့ ကြက်ပေါင်က အရမ်း အရသာရှိတာပဲ...


ပူပူလောလော ထမင်းအပူများကို ချိုင့်ထဲထည့်၍ ချိုင်းအောက်မှ ဝှက်သယ်လာသောကြောင့် သူ့ခန္ဓာကိုယ်မှာ အနည်းငယ် အပူလောင်သွားသည်။ သို့သော်လည်း ကိစ္စမရှိပေ။


“ကြက်ပေါင်က အခုထိ မကုန်သေးဘူးလား...”

ကျန်းလီယွင် တစ်ချက်ကြည့်လိုက်သည်။ ဖုန်းရီက ကောင်းမွန်စွာ စားသောက်ခြင်းမရှိသောအခါ သူမ သူ့အတွက် စိတ်မကောင်းဖြစ်မိသည်။


ဖုန်းလောင်တနှင့် ဖုန်းလောင်အာ့သာ စက်ရုံ၌ အလုပ်လုပ်ပါက ဖုန်းလောင်ထို (အဖေဖုန်း)မှာ အနည်းဆုံး ယွမ်နှစ်ဆယ်ပေးမည် ဖြစ်သည်။ ထို့ထက်ပင် ပေးဦးမည်။ ဖုန်းရီအတွက်မူ ဆယ်ယွမ်သာ ပေးသည်။ 


ထို့အပြင် နှစ်များစွာ ကြာပြီးနောက် ကုန်ဈေးနှုန်းများတက်လာသော်ငြားလည်း ဖုန်းရီ၏ရငွေမှာ ဆယ်ယွမ်ထက် ပိုများမလာပေ။


“အစ်မကို တွေ့ဖို့ လောနေခဲ့တာ...” 

ဖုန်းရီက ပြောသည်။


“ဒါဆို ...မနက်ဖြန် ငါလာခဲ့မယ်...”

ကျန်းလီယွင်က အပြုံးလေးဖြင့် ပြောသည်။


ထို့သို့ စကားပြောနိုင်ရန် စက်ရုံသို့ လာတွေ့ခြင်းက နှစ်နာရီဝန်းကျင် ကြာမြင့်သည်။


တိုတောင်းသော အချိန်ကာလ မဟုတ်သော်လည်း သူမ အချိန်ရအောင် ပေးမည်ဖြစ်သည်။


သူမ လမ်းလျှောက်ရခြင်းကို သဘောကျကာ ထိုအချိန်တွင် သူမ စိတ်ကို ရှင်းလင်းရန်နှင့် သူမ အနာဂတ်အတွက် ချင့်ချိန်စဉ်းစားလေ့ရှိသည်။


“အစ်မ လီယွင်...ကျွန်တော်ပါ ရွာပြန်လိုက်ခဲ့မယ်....ဘာပဲဖြစ်ဖြစ် ကျွန်တော့်မှာ လုပ်စရာလည်း မရှိဘူးလေ...”

ဖုန်းရီမှ ပြောသည်။


ကျန်းလီယွင် အဘယ်ကြောင့် ရှဲ့ဇူကန်းအကြောင်းထုတ်မပြောသည်ကို သူ မသိပေ။ သို့ရာတွင် သူ့အတွက်မူ ကောင်းပေသည်။ သူလည်း ထုတ်မပြောလိုပေ။


ကျန်းလီယွင် တစ်ခဏမျှ တွေးကြည့်ပြီးနောက် ပြောလိုက်သည်။

“ငါတို့ မနက်ဖြန် ခရုကမ်းစပ်မှာ တွေ့ကြတာပေါ့...”


ခရုကမ်းစပ်ဆိုသည်မှာ အုတ်နှင့်ကြွေပြားစက်ရုံနှင့် ရွာကြားတွင် တည်ရှိပြီး သူမတို့ နှစ်ယောက်အတွက် သွားလာရ ပိုနီးပြီး အဆင်ပြေနိုင်မည်။


ရွာရောက်၍ ဖုန်းမိသားစုက သူ့ကို တွေ့သွားလျှင် အလုပ်ထဲပြန်ခိုင်းလိမ့်မည် ဖြစ်သည်။ 


“ခရုကမ်းစပ်က လူများတယ်နော်...” 

ဖုန်းရီ သိချင်စိတ်ဖြင့် ပြောလိုက်သည်။


“လူများတော့ ဘာဖြစ်လို့လဲ...”

ကျန်းလီယွင်မှ ပြန်ဖြေသည်။ 


တစ်ယောက်ယောက်မှ သူတို့ကို မြင်သွားလျှင် အထင်လွဲသွားနိုင်သည်။ အစပိုင်းတွင် ဖုန်းရီက ရွာသို့ တိတ်တဆိတ်ပြန်ပြီး မမြင်ကွယ်ရာနေရာလေးရှာကာ ကျန်းလီယွင်အလာကို စောင့်မည်ဟု စဉ်းစားထားခြင်းဖြစ်သည်။ ယခု ကျန်းလီယွင်မှ ခရုကမ်းစပ်တွင် တွေ့ကြရန် ပြောသောအခါ သူ သဘောတူလိုက်သည်။


“အဲ့နေရာက ရှုခင်းလေး သိပ်လှတာ...”

ကျန်းလီယွင်မှ မှတ်ချက်ပေးသည်။ ခရုကမ်းစပ်ဆိုသည်မှာ မြစ်အကွေ့တွင် တည်ရှိပြီး လွန်ခဲ့သော နှစ်အနည်းငယ်က အုတ်နှင့် ကြွေပြားစက်ရုံမှ ရွှံ့နွံများတူးထုတ်ကာ ရေ၌ပေါက်သော သစ်အယ်သီးပင်များဖြင့် အုပ်မိုးလျက်ရှိသည်။


မြစ်ကမ်းတစ်လျှောက်တွင် ကျူပင်များ၊ ဝါးပင်များဖြင့် ပြည့်နှက်နေပြီး နေရာတိုင်းက လှပနေသည်။ လူငယ်လူရွယ်များက ချစ်သူရည်းစားများနှင့် အေးအေးလူလူ အပန်းဖြေလမ်းလျှောက်ရန် လာလေ့ရှိသော နေရာပင် ဖြစ်သည်။ 


ယခင် ဘဝ၌ သူမ ရှဲ့ဇူကန်းနှင့်အတူ လမ်းလျှောက်ခဲ့ဖူးပြီး ယခု ဘဝတွင်မူ သူမ ဖုန်းရီနှင့် သာ အတူရှိချင်သည်။ 


မှောင်လာသောအခါ ကျန်းလီယွင်က ဖုန်းရီ ထမင်းနှင့် ကြက်ပေါင် စားပြီးသည်အထိ စောင့်ပေးပြီးနောက်

“ငါ ပြန်တော့မယ်” ဟု ပြောလိုက်သည်။


သူမ မိသားစုက ညနေစာကို စောစီးစွာ စားလေ့ရှိသည်။ ဖုန်းရီထံ သွားတွေ့သော လမ်းကြောင်းမှာ အချိန်အနည်းငယ်ကြာမြင့်သောကြောင့် အိမ်ပြန်ရန် အတော်လေး နောက်ကျနေပြီဖြစ်သည်။


မြစ်ကမ်းနံဘေးက မြေဆီမြေဩဇာကောင်းမွန်ပြီး လူနေထူထပ်သည်။ လူတိုင်းက တစ်ယောက်နှင့် တစ်ယောက်သိနေကြရာ လုံခြုံပြီး ညဘက် တစ်ယောက်တည်း လမ်းလျှောက်ထွက်လျှင်ပင် ပြဿနာမရှိပေ။ 


သို့ရာတွင် သူမက ညဘက် တစ်ယောက်တည်း လမ်းမလျှောက်လိုပေ။


“ကျွန်တော် အိမ်ပြန်လိုက်ပို့ပေးမယ်...”

ဖုန်းရီက ချက်ချင်း ကမ်းလှမ်းလိုက်သည်။


“မလိုပါဘူး...နင်လည်း ပြန်နားတော့လေ...”

ကျန်းလီယွင်က ငြင်းပယ်လိုက်သည်။


သူမတို့ စကားပြောနေစဉ် သူမတို့အနီးအနားသို့ လမ်းလျှောက်လာသော လူအုပ်ကို သတိထားမိသည်။ ဖုန်းရီက အလျင်အမြန် လမ်းတစ်ဖက်ခြမ်းသို့ ရွှေ့သွားသည်။ ကျန်းလီယွင်က ဖုန်းရီအားပြုံးပြီး ကြည့်နေသည်။ သူမထံ၌ ကူးစက်တတ်သော ရောဂါပိုးရှိသကဲ့သို့ သူမကို ရှောင်ကာ အကွာအဝေးတစ်ခု ခွာထားသည်။


“လီယွင်...”

ခေါ်သံတစ်ခုထွက်လာသည်။ သူမတို့ဆီ ချဉ်းကပ်လာသူများထဲမှ တစ်ယောက်မှာ သူမအစ်ကို ကျန်းလီဟိုင်ဖြစ်ကြောင်း သတိထားမိသည်။ 


“အစ်ကို...”

ကျန်းလီယွင် နှုတ်ဆက်လိုက်သည်။ 


“နင် ဘာလို့ ဒီရောက်နေတာလဲ...”

ကျန်းလီဟိုင်က ဖုန်းရီအား သံသယဖြင့် ကြည့်ကာ မေးလိုက်သည်။ 


“ငါ ဖုန်းရီကို လာတွေ့တာ...” 

ကျန်းလီယွင်က ပွင့်ပွင့်လင်းလင်းဖြေသည်။


ကျန်းလီဟိုင်က သူ့ညီမစကားကို မယုံပေ။ သူမ ဤနေရာတွင် ဖုန်းရီကို လာတွေ့ခြင်းက မဖြစ်နိုင်ဟု သူထင်သည်။ သူမ ရှဲ့ဇူကန်းအကြောင်း စုံစမ်းရန် လာခြင်းသာ ဖြစ်ရမည်။


ကျန်းလီယွင်နှင့် ရှဲ့ဇူကန်း တွေ့ဆုံခဲ့ကြောင်း ကျန်းလီဟိုင် သိလိုက်ရသောအချိန်မှ စ၍ သူမနှင့် သဘောထားကွဲလွဲခဲ့သည်။ ရှဲ့ဇူကန်းကို မည်သည်မျှ မလုပ်နိုင်သော်လည်း ရင်ထဲတွင် တနုံ့နုံ့နှင့် ဒေါသထွက်နေဆဲဖြစ်သည်။


ညနေစာစားပြီးနောက် သူလုံလောက်စွာ တွေးပြီး အိမ်ပြန်ကာ သူ့ညီမအား ရှဲ့ဇူကန်းနှင့် မပတ်သက်ရန် ဖျောင်းဖျရမည်ဟု ဆုံးဖြတ်လိုက်သည်။ 


သို့ရာတွင် အပြင်လူရှိနေသောကြောင့် ကျန်းလီဟိုင်က ပြောလိုက်သည်။

“လီယွင်... နောက်ကျနေပြီ...အမြန်ပြန်ကြစို့...”


သူစကားပြောပြီးလျှင်ပြီးချင်း ကျန်းလီယွင်၏ လက်မောင်းအား ဆွဲ၍ ပြန်ရန် တွန်းအားပေးလိုက်သည်။


ကျန်းလီယွင်က ဖုန်းရီကို လက်ပြနှုတ်ဆက်ပြီး ကျန်းလီဟိုင်နောက်သို့လိုက်ပါသွားသည်။


မူလတွင် ကျန်းလီဟိုင်က စက်ရုံမှ လုပ်ဖော်ကိုင်ဖက်များဖြင့် လာခဲ့သော်လည်း အခြားလူများက အဓိပ္ပါယ်အပြည့် မျက်လုံးများဖြင့် ကြည့်ကာ တမင်ပင် ခြေလှမ်းများနှေး၍ အရှိန်လျှော့လိုက်ကြသည်။


သူတို့က ဖုန်းရီနှင့် အတင်းပြောလိုသော်လည်း ဖုန်းရီက အလျင်အမြန်ထွက်သွားသောကြောင့် စကားပြောရန်အခွင့်အရေးမရလိုက်ပေ။


အနည်းငယ်မျှ လမ်းလျှောက်ပြီးနောက် ကျန်းလီဟိုင်မှ ရှဲ့ဇူကန်းအကြောင်း ဝေဖန်ကာ သူ့အတွေးများကို စတင်ဖော်ထုတ်လာခဲ့သည်။

“အဲ့ ရှဲ့ဇူကန်းက ဘာမှ အဖြစ်ရှိတဲ့ ကောင်မဟုတ်ဘူး...အမြဲ သူ့အဖေအပေါ် မှီခိုပြီး သူများကို အနိုင်ကျင့်နေတာ...ဘာအလုပ်မှ မလုပ်ဘဲ လစာယူရနေတဲ့ ကောင်...”


ကျန်းလီယွင် နားထောင်ပြီးနောက် ပြုံးရင်း ပြောလိုက်သည်။

“ညီမ သိပါတယ်...”


ကျန်းလီဟိုင် ဆက်ပြောသည်။ 

“ဒါဆို... ဘာလို့ သူနဲ့ ဘလိုင်းဒိတ်သွားတွေ့တာလဲ...နင် သူ့လို လူမျိုးနဲ့ လက်မထပ်သင့်ဘူးနော်...”


“အဲဒါ ညီမ လုပ်ဖော်ကိုင်ဖက်တွေက ဆွဲခေါ်သွားလို့ သူနဲ့ တွေ့ဖြစ်သွားတာ...ညီမ သူနဲ့ လက်ထပ်ဖို့ အစီအစဉ်မရှိပါဘူး...”

ကျန်းလီယွင်က ရှင်းပြလိုက်သည်။


သူမ၏ယခင်ဘဝက ပိုမိုကောင်းမွန်သော ဘဝမျိုးတွင် နေထိုင်နိုင်ရန် ရှဲ့ဇူကန်းကို လက်ထပ်ခဲ့သည်။ သို့ရာတွင် လက်ရှိဘဝတွင် တူညီသော အမှားမျိုး ထပ်လုပ်လိမ့်မည် မဟုတ်ပေ။


“ဘာလို့ ဒီနေ့ စက်ရုံကို လာတာလဲ...နှစ်ခါတောင်...”

ကျန်းလီဟိုင်မှ မေးလိုက်သည်။


ကျန်းလီယွင်က တုန့်ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။

“ဖုန်းရီကို လာရှာတာ... နှစ်ခါစလုံး...”


ကျန်းလီဟိုင်က လမ်းလျှောက်ခြင်း ရပ်တန့်ကာ တစ်ယောက်ထဲ တွေးနေသည်။

ငါ့ ညီမက စက်ရုံကို နှစ်ခါတောင် လာတယ်... နှစ်ခါလုံးလည်း ဖုန်းရီကို လာရှာတယ်...


အကယ်၍ ဖုန်းရီနေရာတွင် အခြား တစ်ယောက်ယောက်သာ ဖြစ်ပါက သူ့ညီမ ချိန်းတွေ့နေသည်ဟု ထင်မိပေမည်။ သို့ရာတွင် ဖုန်းရီပ...


သူက(ဖုန်းရီ) ငယ်စဉ်ကတည်းက သူ့ညီမ၏ အရိပ်ဖြစ်ခဲ့သည့်အပြင် အလွန် ငယ်ရွယ်နေဆဲပင်ဖြစ်သည်။


ကျန်းလီဟိုင်က အများကြီး မတွေးဘဲ မေးလိုက်သည်။

“သူနဲ့ ဘာပြောကြတာလဲ...”


ကျန်းလီယွင်မှ ပြန်ဖြေသည်။

“ညီမ စီးပွားရေးအသေးလေးတစ်ခု စလုပ်ချင်လို့ ...သူ့အကူအညီ လိုတယ်...”


သူမနှင့် ဖုန်းရီအကြောင်း လူများ သိခြင်း မသိခြင်းကို စိတ်ပူခြင်းမရှိပေ။ သို့ရာတွင် သူမအစ်ကိုနှင့် သူမက များစွာ နီးကပ်ခြင်းမရှိပေ။ ထို့ကြောင့် အရာရာတိုင်းကို ပြောပြရန်မှာ မဖြစ်နိုင်ပေ။


ပြီးတော့ ငါ့အစ်ကို… ဘယ်သူသိမလဲ... ငါက အရာအားလုံးကို ပြောပြလိုက်လို့... တကယ်လ်ို့ အစ်ကို က ဖုန်းရီကိုများ မနာလို ဝန်တိုဖြစ်ခဲ့ရင် ဘယ်လိုလုပ်မလဲ...


သူမအစ်ကိုက ရှဲ့ဇူကန်းကို မနှစ်မြို့ပေ။ ဖုန်းရီကိုလည်း မျက်နှာသာပေးလိမ့်မည် မဟုတ်ပေ။ အမှန်တွင် သူက ရှဲ့ဇူကန်းကိုပင် အနည်းငယ်မျှ ပိုသဘောကျနေနိုင်သည်။


ယခင်ဘဝ၌ သူမနှင့် ရှဲ့ဇူကန်း နီးစပ်လာသောအခါ ကျန်းလီဟိုင်က မကျေမနပ်ဖြစ်ခဲ့သည်။ သို့ရာတွင် သူမအရှေ့တွင် မကျေနပ်ကြောင်း ဖော်ပြခြင်းမှ လွဲ၍ သူ မည်သည့်အရာမျှ မလုပ်ခဲ့ပေ။ သူမနှင့် ရှဲ့ဇူကန်း လက်ထပ်ပြီးနောက် ရှဲ့ဇူကန်း၏ အဆက်အသွယ်များမှ တစ်ဆင့် ကျန်းလီဟိုင်က အကျိုးအမြတ်ရခဲ့သည်။ ပို့ဆောင်ရေးဌာန၌ နေရာတစ်ခုပင် ရလာခဲ့သည်။ ထို့နောက်တွင် သူက မည်သည်မျှ မပြောတော့ပေ။


ကျန်းလီဟိုင်က ရှဲ့ဇူကန်းအကြောင်း မကောင်းပြောရခြင်းမှာ သူ၏ညီမကို ရှဲ့ဇူကန်းက သင့်တော်သော လက်တွဲဖော် မဟုတ်ကြောင်း သိစေရန်ဖြစ်သည်။


သို့ရာတွင် သူ၏ညီမက ရှဲ့ဇူကန်းအကြောင်း လုံးဝကို ဂရုမစိုက်သောအခါ ဝါဂွမ်းကို လက်သီးနှင့် ထိုးသကဲ့သို့ ခံစားလိုက်ရသည်။


ကျန်းလီယွင်က ထပ်ပေါင်းပြောခဲ့သည်။

“အစ်ကို... တကယ်လို့ ရှဲ့ဇူကန်းက မေးခဲ့ရင် ညီမ လက်တလော လက်တွဲဖော် မရှာချင်သေးတဲ့အကြောင်း ပြောလိုက်နော်...”


ကျန်းလီယွင်က ရှဲ့ဇူကန်းကို လွန်စွာ မနှစ်မြို့သော်လည်း ယခု အခြေအနေတွင် ပဋိပက္ခမဖြစ်ချင်ပေ။


ရှဲ့ဇူကန်း၏ အဖေတွင် လွှမ်းမိုးနိုင်သော အဆက်အသွယ်များရှိရာ သူမ မယှဉ်နိုင်ပေ။ ထို့အပြင် ယခုအခြေအနေတွင် ရှဲ့ဇူကန်းက သူမအား ထိခိုက်အောင် မလုပ်ရသေးပေ။


ရှဲ့ဇူကန်းနှင့် အရှုပ်အထွေးထဲသို့ ရောမပါချင်ပေ။ သူမ၏ ဘဝတိုးတက်ရေးအတွက် ပိုက်ဆံရှာရန် အာရုံစိုက်ရပေမည်။


ကျန်းလီဟိုင်က တစ်ခဏမျှ ပြောစရာ စကားပျောက်ရှပြီး နားဝေတိမ်တောင်ဖြစ်သွားရသည်။


ကျန်းလီယွင်က မေးလိုက်သည်။

“အစ်ကို... အိမ်ပြန်လိုက်ခဲ့မှာလား...”


သူ၏မိဘများနှင့် တစ်ခန်းထဲတွင် အိပ်ရမည့်အကြောင်းတွေးမိသောအခါ ကျန်းလီဟိုင် ရုတ်တရက် အိမ်မပြန်ချင်တော့ပေ။ 

“ငါ...စက်ရုံပဲ ပြန်တော့မယ်...”


ယခင်က သူ လူပျိုဖော်ဝင်စအရွယ်တွင် “အသက်ပဲ ဒီလောက် ကြီးနေပြီ... မိဘတွေနဲ့ အခန်းမျှသုံးတုန်းလား”ဟု လှောင်ပြောင်ခံခဲ့ရသည်။


သူမျှော်လင့်ထားသည့်အတိုင်း ကျန်းလီယွင်က လက်ပြနှုတ်ဆက်ကာ အိမ်ပြန်သွားသည်။


ကျန်းလီယွင် အိမ်ပြန်ရောက်သောအခါ အဖေကျန်း(ကျန်းထော့ကျိုး)နှင့် ကျန်းလီယွီက မအိပ်သေးပေ။


သူမပြန်လာသည်ကို မြင်သောအခါ အမေကျန်းက နူးညံ့သော အသံလေးဖြင့် ပြောလာသည်။

“နောက်ကျနေပြီ... သမီး အိပ်ရာစောစောဝင်နော်...”


ကျန်းလီယွင်နှင့် ကျန်းလီယွီက အိပ်ခန်းသို့ အတူဝင်ခဲ့ကြသည်။ ထိုမတိုင်ခင်က သူမတို့ ညီအစ်မသုံးယောက်က တစ်ခန်းမျှသုံးရသည်။ ကျန်းလီဖျင်မှ အိပ်ရာတစ်ခုသုံး၍ ကျန်းလီယွင်နှင့် ကျန်းလီယွီက အိပ်ရာတစ်ခုကို မျှသုံးရသည်။ ယခုတွင် ကျန်းလီဖျင်က အိမ်ထောင်ကျပြီးဖြစ်ရာ ကျန်းလီယွင်နှင့် ကျန်းလီယွီက ကိုယ်ပိုင်အိပ်ရာများ ရလာသည်။


ကျန်းလီယွင်က အိပ်ရာပေါ် လှဲလျောင်းရင်း ကျန်းလီယွီအား ကျောင်းတက်ရသော အတွေ့အကြုံအား မေးမြန်းလိုက်သည်။ ကျန်းလီယွီက ကျန်းလီယွင်နှင့် အရင်းနှီးဆုံးဖြစ်ရာ ကိစ္စများစွာအား တက်တက်ကြွကြွ ပြောပြနေပေသည်။ ကျန်းလီယွင်က အာရုံစိုက် နားထောင်ပေးရင်း သူမပင် မသိလိုက်ဘဲ အိပ်ပျော်သွားခဲ့သည်။


ကျန်းမိသားစုအိမ်အပြင်တွင် ဖုန်းရီက သူမနောက်သို့ တိတ်တဆိတ်လိုက်ပါခဲ့ပြီး မီးရောင်မှိန်ပြပြ ပြတင်းပေါက်အား ကြာမြင့်စွာ စောင့်ကြည့်ပြီးမှ ထွက်ခွာသွားခဲ့သည်။


ကျန်းလီယွင်က ကောင်းမွန်စွာအိပ်စက်သွားခဲ့ပြီး မနက် မိုးမလင်းမီ၌ နိုးထလာခဲ့သည်။


သူမ၏ တင်းရင်းသော အသားအရေများကို ကိုင်ကြည့်ရင်း ပျော်ရွှင်မှုများ ပြည့်နှက်လာပြန်သည်။


သူမက အမှောင်ထဲတွင် အပြင်ဝတ် အဝတ်အစားများ လဲလှယ်ကာ အိမ်မှ တိတ်တဆိတ် ထွက်လာခဲ့သည်။


အဖေကျန်းက အသက်အရွယ်ရလာပြီး အိပ်ချိန်နည်းလာခဲ့သည်။ သူက နိုးနေခဲ့ပြီး မီးဖိုချောင်ထဲ၌ အုတ်ဂျုံယာဂု ချက်ပြုတ်နေခဲ့သည်။


“အဖေ...သမီး မြို့ထဲမှာ လုပ်စရာလေးရှိလို့...မနက်စာ မစားတော့ဘူး...”

ကျန်းလီယွင်က တိုးညှင်းစွာ ပြောလိုက်သည်။


“ကောင်းပြီ...”

အဖေကျန်းက ပြန်ဖြေသည်။


ကျန်းလီယွင် ပြုံးကာ နှင်းများ ဖုံးလွှမ်းနေသော မြေပြင်သို့ ခြေချကာ အိမ်မှ ထွက်လာခဲ့သည်။


ဤနေရာတွင် လူဦးရေထူထပ်ရာ ကုန်ပစ္စည်း ဝယ်လိုအားလည်း များပေသည်။ သူမ မနက်ဈေးသို့ ဦးတည်ပြီး သွားခဲ့သည်။


ကွန်မြူနတီတွင် ဖြစ်စေ မြို့တွင် ဖြစ်စေ မနက်ဈေးရှိသည်။ 


သူမအိမ်အနီးနားရှိ မြို့မှာ “ကျို့ချွင်းမြို့” ဟုခေါ်သည်။ ထို့မြို့သို့ ဖြတ်သန်းစီးဆင်းသော အကောက်အကွေ့ ကိုးခုရှိသော မြစ်အား အစွဲပြုပြီး ထိုသို့ ခေါ်ဝေါ်ကြခြင်းဖြစ်သည်။


“ကျို့ချွင်းမြို့”မှာ ယခင်ဘဝ သူမ မသေဆုံးမီကထက်စာလျှင် အတော်ပင် သေးငယ်နေသည်။


မနက် အာရုဏ်မတက်မီ ဒေသခံ လယ်သမားများ၊ နေထိုင်သူများက အမျိုးမျိုးသော ဈေးဆိုင်များ ခင်းကျင်း ရောင်းချကြသောကြောင့် မြို့၏ အရှည်ဆုံးလမ်းမှာ မနက်ဈေးအသွင် ပြောင်းသွားလေသည်။


......


စက်ဘီးဘဲလ်သံ၊ လူများ အရောင်းအဝယ်လုပ်နေသံ၊ ဈေးဆစ်နေသံများဖြင့် လေထုမှာ ဆူညံပြီး ပျားပန်းခပ်နေသည်။ ထိုအရာက သူမနှင့် မစိမ်းသက်ပေ။


သူမ၏ ယခင်ဘဝတွင် ဤနေရာ၌ ဈေးဆိုင်ငယ်လေး ဖွင့်ပြီး ငွေအနည်းငယ် ရှာဖွေဖူးသည်။


ထိုအချိန်က သူမ၌ အသိဉာဏ် ဗဟုသုတမှာ အားနည်းလှရာ သာမန်ပစ္စည်းများ ရောင်းချခဲ့သောကြောင့် ထင်သလောက် ငွေမရှာနိုင်ခဲ့ပေ။


ဤဘဝ၌ မတူတော့ပေ။


ကျန်းလီယွင်က မနက်စာဆိုင်များ ဈေးဆိုင်များကို သေချာ အာရုံစိုက်စစ်ဆေးခဲ့သည်။


မြို့ထဲ၌ အစိုးရပိုင် ဆိုင်ခန်းများပင် ရှိပြီး လူပေါင်းစုံမှ ဝင်ထွက်သွားလာကြသည်။ ခေါက်ဆွဲများ၊ ဘန်းမုန့်များ၊ ဒိုးနပ်ချောင်းများ၊ ဘန်းမုန့်ပေါင်းများ စသည်တို့ကို ရောင်းချကြသည်။


၁၉၈၀နှစ်များနောက်ပိုင်းတွင် ကိုယ်ပိုင်ဆိုင်များ ဖွင့်လှစ်ရောင်းချခွင့်ပြုခဲ့ရာ လူအချို့က ဘန်းမုန့်များ ပြုလုပ်၍ မနက်ခင်းဈေး၌ ကိုယ်တိုင်ရောင်းချကြသည်။ ဖော့ဘူးထဲသို့ ဘန်းမုန့်များထည့်ကာ ထိုဘူးများကို အိပ်ရာခင်းများဖြင့် ပတ်ထားပြီး ”ဘန်းမုန့်ပူပူလေးတွေ ရမယ်…သုံးခုမှ တစ်ယွမ်ထဲနော်...ဘန်းမုန့်...”ဟု အော်ဟစ်ရောင်းချကြသည်။


မနက်ဈေးသို့ လျှောက်ပတ်ကြည့်ပြီးနောက် ကျန်းလီယွင်က ကြော်ထားသော ပန်ကိတ်များ၊ ဖက်ထုပ်များကို ရောင်းချခြင်း မရှိသေးကြောင်း သတိထားမိသည်။ ဖက်ထုပ်ပြုတ်များပင် ရောင်းသူမရှိသေးပေ။


ဤအဓိပ္ပါယ်ကို သူမနားလည်သည်။


သူမတွင် ဒယ်ပြားတစ်ခုဝယ်ရန်သာ ကျန်တော့သည်။


သူမ လိုချင်သော ဒယ်ပြားမျိုးကို မြို့ထဲ၌ မရနိုင်ပေ။



🏡🏡🏡