🎶 Chapter 102
သို့သော်ငြား နောက်တစ်နေ့ မနက်စောစော သူအိပ်ရာနိုးလာချိန်တွင် ကောင်းရှူနှင့်နာနီကားက သူ့ကို စောင့်နေမည်ဟု ယဲ့ဇယ်ရှစ် မမျှော်လင့်ထားခဲ့ပေ။
ယဲ့ဇယ်ရှစ် တစ်ခဏမျှ တန့်သွားခဲ့သည်။
" 'အစားအသောက်နှစ်သက်သူတစ်ယောက်၏မှတ်တမ်း' ရိုက်ကူးရေးက စဖို့ ငါးရက်တောင် လိုသေးတယ် မဟုတ်ဘူးလား.."
ကောင်းရှူက ပြုံးလိုက်သည်။
"သခင်လေး...လွန်ခဲ့တဲ့နှစ်ရက်က ထောက်ခံချက်တစ်ခုကို လက်မှတ်ထိုးခဲ့တာကို မေ့သွားတာလား...ကျွန်တော် လာခေါ်မယ်လို့ ပြောခဲ့တယ်လေ..."
ယဲ့ဇယ်ရှစ် : "..."
တကယ် ရယ်တောင် မရယ်နိုင်တော့ဘူး...
သို့သော်ငြား သူ စာချုပ်ကို လက်မှတ်ထိုးခဲ့ပြီ ဖြစ်ကာ ယဲ့ဇယ်ရှစ် ဆန္ဒမရှိလျှင်ပင် ကောင်းရှူနှင့် သွားရုံသာ တတ်နိုင်ပေသည်။
သို့သော်လည်း သူ့တွင် မနင်ခင်းဘာမှ လုပ်စရာမရှိသည်ကို တွေးလိုက်မိသည်။ အင်္ဂလန်တွင်လည်း ညအချိန်သာ ရှိသေးပေသည်။ ဟယ့်ကျင်းယွင် နိုးသည်ကို အိမ်၌ စောင့်နေမည့်အစား လုပ်ငန်းကြော်ငြာကို ဦးစွာရိုက်လိုက်သည်က ပိုကောင်းပေသည်။
နေ့လည်ခင်း သူရိုက်ကူးပြီးစီးသွားချိန်တွင် ဟယ့်ကျင်းယွင်လည်း အိပ်ရာထလာမည်ပင်။ သူတို့ ထပ်ပြီးစကားပြောနိုင်ကာ သို့မဟုတ်လည်း ဗီဒီယိုကော်လ် ခေါ်နိုင်ပေသည်။
ဘယ်လောက်ပြည့်စုံလိုက်လဲ...
ယဲ့ဇယ်ရှစ် ရှုတင်နေရာသို့ ရောက်ချိန်မှသာလျှင် ဤတစ်ခေါက် ပူးပေါင်းဆောင်ရွက်သည့် ဒါရိုက်တာက
အသိအကျွမ်းတစ်ယောက် ဖြစ်နေသည်ကို သိလိုက်ရသည်။
ဒါရိုက်တာယန်ကလည်း ယဲ့ဇယ်ရှစ်ကို မြင်ရသည်ကို အလွန်ပျော်ရွှင်နေသည်။
"မင်းနဲ့အလုပ်ထပ်လုပ်ရတာကို ဝမ်းသာတယ်ကွာ..."
ယဲ့ဇယ်ရှစ် ဒါရိုက်တာယန်ကို အပြုံးလေးတစ်ခုနှင့်နှုတ်ဆက်လိုက်သည်။
"ဒါရိုက်တာယန် ဖြစ်နေမယ်လို့ ကျွန်တော် မထင်ထားဘူး..."
ဒါရိုက်တာယန် မျက်တောင်ခတ်လိုက်သည်။
"အဲ့လိုမဟုတ်ဘူးကွ...မင်းလို့ကြားကြားချင်းပဲ ချက်ချင်း ငါ့အဆက်အသွယ်တွေနဲ့ ညှိနှိုင်းလိုက်တာ..."
ယဲ့ဇယ်ရှစ် ပြုံးလိုက်သည်။
ရင်းနှီးနေသည့်ဒါရိုက်တစ်ယောက်နှင့် ရိုက်ကူးရသည်က ဝမ်းသာစရာပင်။ နံနက်ခင်းတစ်ခုလုံးရိုက်ကူးပြီးသွားပြီးနောက် နှစ်ဖက်လုံး အလွန်ကျေနပ်သွားခဲ့ကြသည်။
မွန်းတည့်ချိန်မှသာ ယဲ့ဇယ်ရှစ်၏အခြေအနေက တစ်ခုခုမှားနေသည်ကို ဒါရိုက်တာယန်က သတိထားမိသွားသည်။
အဓိကဖြစ်နေသည်မှာမူ အောက်ပါအတိုင်းပင် ဖြစ်၏။ သုံးမိနစ်ကနေ ငါးမိနစ်တိုင်းတွင် သူက ကောင်းရှူကို သူ့ဖုန်းအကြောင်း မေးလိမ့်မည်ဖြစ်သည်။ သို့သော် ကောင်းရှူက ဖုန်းကို သူ့အားပေးလိုက်သည့်အခါတွင်မူ သူက တစ်ချက်ကြည့်ပြီးနောက် ကောင်းရှူကို ပြန်ပေးလိမ့်မည်သာ ဖြစ်သည်။
အနားယူပြီးနောက် ယဲ့ဇယ်ရှစ်က ဆိုဖာပေါ်တွင် လှဲနေပြီး သူ့ဖုန်းကိုလည်း ကြည့်နေခဲ့သည်။ သို့သော် သူ Wechat ကိုနှိပ်ပြီးနောက် အမြဲ အလျင်အမြန်ပင် ထွက်သွားခဲ့သည်။ နောက်ဆုံးစက္ကန့်တွင် သူက ဖုန်းကို လော့ခ်ဖွင့်လိုက်ကာ နောက်တစ်စက္ကန့်မှာပင် ဖုန်းကို ထပ်ပိတ်လိုက်ပြန်၏။
ဤသို့ ထပ်ခါတလဲလဲ လုပ်ပြီးနောက်တွင် အကြိမ်ပိုများလာသည့်အခါ ကောင်းရှူက တစ်ခုခုမှားနေသည်ကို ခံစားလိုက်ရသည်။
ဒါရိုက်တာယန်လည်း ရောက်လာကာ မေးလိုက်သည်။
"ဘာကိစ္စရှိလို့လဲ...သူ့ကြည့်ရတာ အာရုံများများနေသလိုပဲ..."
ကောင်းရှူ တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး ဒါရိုက်တာယန်ကို ပြောလိုက်သည်။
"ကျွန်တော် မေးကြည့်လိုက်ပါ့မယ်..."
ကောင်းရှူ လျှောက်မသွားမီမှာပင် သူ့နံဘေးရှိ ဝန်ထမ်းက နားထောင်ပြီး အပြုံးတစ်ခုနှင့်ပြောလိုက်သည်။
"ယဲ့လောင်ရှီး ကြည့်ရတာ ချစ်မိနေပြီး သူ့ချစ်သူက သူ့ကိုစာပို့မှာက်ို စောင့်နေတဲ့ သူနဲ့တူတယ်..."
ကောင်းရှူနှင့် ဒါရိုက်တာယန်က သူမအား တစ်ချိန်တည်းမှာပင် လှည့်ကြည့်လိုက်ကြသည်။
ဝန်ထမ်းက တန့်သွားပြီးမှ သူမတစ်ခုခုအမှား ပြောလိုက်မိသည်ကို သဘောပေါက်သွားကာ သူမကိုယ်သူမ ဟဒါသတကြီး ဆူပူလိုက်ပြီးမှ သူမလက်များကို လျင်မြန်စွာ ယမ်းပြလိုက်သည်။
"ကျွန်မက နောက်တာပါ..."
ကောင်းရှူနှင့် ဒါရိုက်တာယန်က တစ်ချိန်တည်းမှာပင် လေးလေးနက်နက် တွေးမိလိုက်သည်။
နောက်တာလား...
ကောင်းရှူ တိတ်ဆိတ်သွားသည်။
ဒါရိုက်တာယန်လည်း စတင်ပြီး သူ့ကိုယ်သူ တွေးတောလိုက်သည်။
ဝန်ထမ်းက လူနှစ်ယောက်၏ တည်ကြည်လေးနက်နေသည့် အမူအရာကို မြင်လိုက်ချိန်တွင် ပျာယာခတ်သွားသည်။
ငါတော့ အမှားတစ်ခုခု ပြောလိုက်မိပြီထင်တယ်...
သူမ အချိန်အကြာကြီး အနားမနေရဲတော့ဘဲ တစ်ခုခုကို အကြောင်းပြကာ အဝေးကိုလစ်ထွက်သွားတော့သည်။
ဝန်ထမ်း အဝေးကို လျှောက်သွားချိန်တွင် ဒါရိုက်တာယန်က ကောင်းရှူအား တစ်ချက်ကြည့်ကာ နူးညံ့စွာ ပြောလိုက်သည်။
"ကြည့်ရတာ အဲ့လိုပုံပေါက်နေတာပဲ...မင်းစိုးရိမ်ရင်လည်း ရှင်းသွားအောင် နောက်မှ သူ့ကိုမေးကြည့်လိုက်ပေါ့..."
ကောင်းရှူ၏အမူအရာက အလွန်အမင်းကို လေးနက်တည်ကြည်နေကာ ခေါင်းခါပြီး ပြောလိုက်သည်။
"မဟုတ်ဘူး သူ မမှားဘူး..."
ဝန်ထမ်းဆီက ထိုကဲ့သို့ အမှတ်ရစေသည့် စကားကြားပြီးနောက်တွင် နောက်ဆုံး၌ ကောင်းရှူ သတိရလိုက်သည်။
လွန်ခဲ့တဲ့နှစ်ရက်က ယဲ့ဇယ်ရှစ် အနည်းငယ် ထူးဆန်းနေသည်ဟု သူတွေးမိခဲ့သည်မှာ အံ့သြစရာမရှိတော့ပေ။ သို့သော်ငြား မည်သည်က ထူးဆန်းနေသည်မှန်း သူသတိမထားမိခဲ့ချေ။
ထိုစာရွက်လေးလည်း ရှိပေသေးသည်။ ယဲ့ဇယ်ရှစ်က သူ့အား အထူးတလည် ဖုန်းခေါ်ပြီး ၎င်းက ပရိသတ်တစ်ယောက်က ပေးခဲ့ခြင်းမဟုတ်ဟုလည်း ပြောခဲ့သေး၏။
ထိုအချိန်က ကောင်းရှူ မသင်္ကာဖြစ်ကာ အနည်းငယ်မျှပင် သံသယဝင်လိုက်မိသေး၏။
အဲဒါကို အခုပြန်တွေးကြည့်ရင် အဲ့အချိန်တုန်းက ငါ့သံသယက လုံးဝမမှားဘူးပဲ...
သခင်လေးက ချစ်မိနေတာပဲဖြစ်ရမယ်...
ဒါရိုက်တာယန်က ဖျောင်းဖျလိုက်သည်။
"ပြောရရင်လည်း လူငယ်တွေအတွက် ချစ်မိနေပြီဆိုတာက ပုံမှန်ပါပဲကွာ...ဇယ်ရှစ် ဘာပြော..."
"အဆင်ပြေပါတယ် ဒါရိုက်တာယန်..."
ကောင်းရှူ ဒါရိုက်တာယန် စကားကို ဖြတ်ပြောလိုက်သည်။
"ဒါရိုက်တာယန် ဘာကို ဆိုလိုတာလဲဆိုတာ ကျွန်တော် သိပါတယ်...ဒီလိုကိစ္စမျိုးကို ကျွန်တော် သေချာပေါက် ဝင်စွက်ဖက်မှာ မဟုတ်ပါဘူး...ဒါပေမဲ့လည်း သခင်လေးကို ကျွန်တော် စကားပြောဖို့တော့ လိုနေသေးတယ်..."
ကောင်းရှူ ပြောသည်ကိုကြားပြီး ဒါရိုက်တာယန်လည်း စိတ်သက်သာရာရကာ ခေါင်းညိတ်လိုက်သည်။ အနားယူချိန်က ကုန်ဆုံးခါနီးနေသည်ကို သူမြင်ချိန်တွင် ဝန်ထမ်းများအား နောက်ရိုက်ကူးရေးအတွက် ပြင်ဆင်ကြရန် အသိပေးလိုက်သည်။
ထိုအချိန်မှာပင် ယဲ့ဇယ်ရှစ် က နောက်ဆုံးတွင် ဟယ့်ကျင်းယွင်ထံမှ မက်ဆေ့ချ်တစ်စောင်ကို ရလိုက်ပြီး သူ၏စိုးရိမ်ပူပန်မှုများနှင့် စိတ်အနှောင့်အယှက် ဖြစ်မှုများက ရုတ်ချည်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။
ယဲ့ဇယ်ရှစ် ဟယ့်ကျင်းယွင်ကို သူ ရှုတင်ရိုက်စရာရှိသေးသည်ဟု ပြောလိုက်ပြီးနောက် ဖုန်းကိုချကာ တစ်စက္ကန့်အတွင်းပင် အလုပ်ထဲသို့ စိတ်ကို ပြန်သွင်းလိုက်သည်။
မျက်နှာတစ်ပြင်လုံးက အကောင်းမြင်စိတ်များ စိတ်ကြည်သာနေမှုများဖြင့် ပြည့်ဝနေပြီး ဒါရိုက်တာယန်အား ပုံများ မြန်မြန်ရိုက်ပေးရန် ပြောမိလုနီးပါးပင်ဖြစ်သွားရသည်။ ဓာတ်ပုံရိုက်သည့် အခန်းကဏ္ဍပြီးသွားပြီးနောက် ဟယ့်ကျင်းယွင်ထံ မက်ဆေ့ချ်များပို့တော့မည် ဖြစ်သည်။
ယဲ့ဇယ်ရှစ်၏ ထိုကဲ့သို့ သိသာထင်ရှားလှသည့်ပြောင်းလဲမှုများကို သဘာဝကျစွာပင် ကောင်းရှူနှင့် ဒါရိုက်တာယန်က မြင်ပေသည်။
ဒါရိုက်တာယန်က ယဲ့ဇယ်ရှစ်အား အမှန်တကယ်ပင် သဘောကျပေသည်။ ထ်ို့ကြောင့် လိုအပ်သည့် အကြောင်းအရာအားလုံး ရိုက်ကူးပြီးစီးသွားသည့်နောက်တွင် မူလက အပိုင်းအနည်းငယ် ပိုမိုရိုက်ကူးရန် စီစဥ်ထားခဲ့သည်။ သို့သော်ငြား ၎င်းတို့ကို ရိုက်မည့်အစား ယဲ့ဇယ်ရှစ်အား သွားခွင့်ပြုလိုက်သည်။
သေချာပေါက်ပင် အလုပ်စောစော ပြီးသွားသည့်အတွက် ယဲ့ဇယ်ရှစ်က အလွန်ပျော်ရွှင်နေခဲ့ပြီး ဓာတ်လှေကားမှ ကားပါကင်ထံသွားသည့် လမ်းတစ်လျှောက်တွင် ဟယ့်ကျင်းယွင်နှင့် မက်ဆေ့ချ်များပင် အပြန်အလှန် ပို့နေလိုက်သေးသည်။
ယဲ့ဇယ်ရှစ် နာနီကားထဲသို့ မဝင်မီအထိ ဤအရာအားလုံးကို ကောင်းရှူက တိတ်တဆိတ် စောင့်ကြည့်နေခဲ့ပြီး ပြောလိုက်သည်။
"သခင်လေး ချစ်မိနေပြီလား..."
ဟယ့်ကျင်းယွင်က ယနေ့သူချက်ထားသည့် ငါးကြော်ပုံကို ပို့ထားကာ ယဲ့ဇယ်ရှစ် ၎င်းကို လောဘတကြီးကြည့်နေခဲ့သည်။ ကောင်းရှူ၏စကားများကို ကြားလိုက်ချိန်တွင် သူ့လက်များ တုန်ယင်သွားခဲ့သည်။ မူလက သူ သွားရည်ယိုနေသည့် emoji ပို့ချင်ခဲ့သော်လည်း လက်တုန်သွားသည့်အတွက် "ငါမင်းကို သေသွားအောင် တူနဲ့ ထုပစ်မယ်" ကို မတော်တဆ နှိပ်လိုက်မိသွား၏။
ယဲ့ဇယ်ရှစ် မျက်ခုံးများ မြင့်တက်သွားကာ အလျင်အမြန် မက်ဆေ့ချ်ကို ပြန်ဖျက်လိုက်သည်။
"ဘာလို့ အဲ့လိုပြောရတာလဲ..."
ယဲ့ဇယ်ရှစ် ကောင်းရှူကို တစ်ချက်ကြည့်ကာ တွေးပင်မတွေးဘဲ ငြင်းလိုက်သည်။
"အဲ့လိုမျိုးကိစ္စ မရှိပါဘူး..."
သို့သော် ယဲ့ဇယ်ရှစ် မက်ဆေ့ချ်ပြန်ဖျက်သည့် အချိန်က နှေးလွန်းနေသေးကာ ဟယ့်ကျင်းယွင်က ၎င်းကိုမြင်သွားလေ၏။
အမျိုးသားက ??? သုံးခုနှင့် ပြန်ဖြေလိုက်သည်။
ယဲ့ဇယ်ရှစ် စာရိုက်လိုက်သည်။
"ကျွန်တော် လက်ချော်ပြီး မှားပို့လိုက်တာ..."
စာပို့ပြီးနောက် သားရည်ယိုနေသည့် emoji ကို ထပ်တွေ့သွားပြီး ပို့လိုက်သည်။
ဟယ့်ကျင်းယွင် : "လွန်သွားပြီ..."
ယဲ့ဇယ်ရှစ် : "?"
ဟယ့်ကျင်းယွင် : "ကိုယ်မင်းကြောင့် နာကျင်သွားပြီ...အခုမှ ပြန်ဖျက်လည်း အသုံးမဝင်တော့ဘူး..."
ယဲ့ဇယ်ရှစ် နှုတ်ခမ်းကော့တက်သွားသည်။
ဘာလို့ဒီလူက အဲ့လောက် ချစ်ဖို့ကောင်းနေရတာတုန်း...
ကောင်းရှူ ယဲ့ဇယ်ရှစ်ကို ပိုမိုရှုပ်ထွေးနက်နဲသည့်အမူအရာနှင့် ကြည့်လိုက်သည်။
သူ ဝတ်ကျေတမ်းကျေ ပြောနေတာပဲ...
ကောင်းရှူ လည်ချောင်း ရှင်းလိုက်သည်။
"သခင်လေး ကျွန်တော့်ကို လိမ်စရာမလိုပါဘူး...ကျွန်တော် အကုန်သိပါတယ်..."
ယဲ့ဇယ်ရှစ်၏ စာရိုက်နေသည့် လက်ချောင်းများက ရပ်သွားပြီး ကောင်းရှူကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
"ဘာကို သိတာလဲ..."
"သခင်လေး ချစ်မိနေပြီဆိုတာ ကျွန်တော် သိတယ်..."
ကောင်းရှူ တည်ငြိမ်လေးနက်စွာ ပြောလိုက်သည်။
"တစ်ဖက်လူက ဘယ်သူလဲဆိုတာတော့ အခု ကျွန်တော် မသိပေမဲ့ သခင်လေး သေချာပေါက် ချစ်နေပြီ...ဒါတော့ ကျွန်တော် သေချာတယ်..."
ယဲ့ဇယ်ရှစ် : "..."
ငါ ဘယ်လိုပြန်ဖြေလိုက်သင့်လဲ...
ငါအခု မချစ်သေးဘူးဆိုပေမယ့်လည်း မကြာခင် ချစ်တော့မှာပဲလေ...
သို့သော် ယဲ့ဇယ်ရှစ်က ၎င်းကို ဝန်မခံနိုင်ပေ။
"မဟုတ်ပါဘူး...တကယ် မဟုတ်ဘူး..."
ယဲ့ဇယ်ရှစ် မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်သည်။
ယဲ့ဇယ်ရှစ် သူ့အား အမှန်ပြောပြလိမ့်မည် မဟုတ်သည်ကို ကောင်းရှူ သိပေသည်။ သူ သက်ပြင်းဖျော့ဖျော့ချကာ ပြောလိုက်သည်။
"သခင်လေး ကျွန်တော့်ကို နားလည်မှုလွဲနေတာနေမှာ ကျွန်တော် သခင်လေး ချစ်နေတာကို တားဖို့ရည်ရွယ်ချက် မရှိပါဘူး..."
တစ်စက္ကန့်ရပ်သွားပြီးမှ ကောင်းရှူ ဆက်ပြောလိုက်သည်။
"သခင်လေး အချစ်ရေးကို တည်ဆောက်ပြီးသွားရင် ကျွန်တော့်ကို ပြောပြဖို့ပဲ မျှော်လင့်တာပါ...အဲ့ဒါမှ နောက်ပိုင်း သခင်လေးရဲ့ အချစ်ရေးအကြောင်း ဖော်ထုတ်ခံလိုက်ရရင် လူထုနဲ့ပတ်သတ်ပြီး ကျွန်တော်တို့ မဆိုင်းမတွ ချက်ချင်း ကိုင်တွယ်ဖို့ ပြင်ဆင်နိုင်မှာမလို့ပါ..."
ယဲ့ဇယ်ရှစ် ခေါင်းညိတ်လိုက်သည်။
ကောင်းရှူ သူ့အား တားလိမ့်မည် မဟုတ်သည်ကို သူသေချာပေါက် သိပေသည်။ သို့သော် ကောင်းရှူက သူ့အား တားချင်လျှင်ပင် အခြားဖက်ကလူကိုမူ တားနိုင်လိမ့်မည် မဟုတ်သည်ကို သူခြေလှမ်းပေါင်းတစ်သောင်း နောက်ဆုတ်ပြီးပင် ပြောနိုင်ပေ၏။
သို့သော် ပြဿနာက သူ ယခု အမှန်တကယ်ကြီးကို ဟယ့်ကျင်းယွင်နှင့် ချစ်သူဆက်ဆံရေး မဖြစ်သေးပေ။
ငါ အဲ့ဒါကို ဘယ်လိုပြောရမလဲ...
သူ ထိုသည်ကိုတွေးပြီး ယခုလောလောဆယ် ဖုန်းကိုချလိုက်ကာ အေးတေးတည်ငြိမ်စွာ ပြောလိုက်သည်။
"အတွင်းရေးမှူးကောင်း ဘာကိုဆိုလိုတာလဲ ဆိုတာကို ကျွန်တော် နားလည်ပါတယ်...ဒါပေမဲ့ ကျွန်တော် တကယ်ကို မချစ်သေးတာပါ..."
ကောင်းရှူ မျက်မှောင်ကြုတ်လိုက်သည်။
"တကယ် မဟုတ်ဘူးပေါ့..."
ယဲ့ဇယ်ရှစ် ဖုန်းက ထပ်ပြီးတုန်ခါလာကာ ဟယ့်ကျင်းယွင်ထံက မက်ဆေ့ချ်ကို တစ်ချက်ကြည့်လိုက်သည်။
ဟယ့်ကျင်းယွင် : "အနာသက်သာအောင် သေချာပေါက် မင်းလေမှုတ်ပေးရမယ်နော်..."
ယဲ့ဇယ်ရှစ်၏မျက်နှာက ရုတ်ခြည်းပင် အနည်းငယ် ပူတက်လာခဲ့လေ၏။
ဟယ့်ကျင်းယွင် ဒီလောက်ကလေးဆန်မှန်း အရင်တုန်းက ငါဘာလို့မသိခဲ့ရတာတုန်း...
"တကယ် မဟုတ်ပါဘူးဆို..."
ယဲ့ဇယ်ရှစ် အသက်ပြင်းပြင်းတစ်ချက် ရှုလိုက်သည်။ တစ်ခဏတန့်သွားပြီးမှ ထပ်ပေါင်းပြောလိုက်လေ၏။
"ဒါပေမဲ့ သိပ်တော့မကြာလောက်တော့ဘူး..."
ကောင်းရှူက 'ထင်ထားတဲ့အတိုင်းပဲ' ဟူသော မျက်နှာအမူအရာကို ပြလိုက်သည်။
သို့သော် ကောင်းရှူအတွက် ယဲ့ဇယ်ရှစ်က တစ်စိတ်တစ်ပိုင်းကိုသာ ပြောပြရန် ဆန္ဒရှိပေ၏။ ဤအခြေအနေကိုချိုးဖျက်ပြီး သူ ထပ်မေးလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ကောင်းရှူ ပြောလိုက်သည်။
"ဒီကိစ္စမှာ တကယ်လို့ သခင်လေးဘက်က အခြေအနေတိုးတက်မှု တစ်ခုခုများ ရှိခဲ့ရင် ကျွန်တော့်ကို နည်းနည်းလောက်ဖြစ်ဖြစ် အသိပေးလို့ရမလား..."
ယဲ့ဇယ်ရှစ်က ဟယ့်ကျင်းယွင်၏မက်ဆေ့ချ်ကို စာပြန်နေခြင်းဖြစ်ပြီး ဤသည်ကို ကြားလိုက်ချိန် တုံ့ဆိုင်းမနေဘဲ ခေါင်းညိတ်လိုက်သည်။
"ကောင်းပါပြီ စိတ်မပူပါနဲ့ အတွင်းရေးမှူးကောင်း..."
ယဲ့ဇယ်ရှစ် ပြောလိုက်သည်။
ကောင်းရှူ စိတ်သက်သာရာရစွာ သက်ပြင်းသာချလိုက်ကာ အနာဂတ်ခရီးစဥ်နှင့် ပတ်သက်သည်ကို ယဲ့ဇယ်ရှစ်အား အကြမ်းဖျင်း ပြောလိုက်သည်။
ယဲ့ဇယ်ရှစ်မှာမူ ဟယ့်ကျင်းယွင်နှင့် မက်ဆေ့ချ် အပြန်အလှန် ပို့ရသည်နှင့် အလွန်အလုပ်များနေခဲ့သည်။ ထို့ကြောင့် သူ သာမာန်အကြံဥာဏ်တစ်ခုသာ မှတ်မိလိုက်၏။
နောက်တစ်နေ့ ကားထဲဝင်ပြီး လေဆိပ်သို့ မသွားမီအထိ သူအနည်းငယ် ရှုပ်ထွေးနေဆဲပင်။
"ဒီတစ်ခေါက် ရှူတင်ချိန်က အဲ့လောက်တောင်စောတာလား..."
ယဲ့ဇယ်ရှစ် မျက်မှောင်ကြုတ်လိုက်သည်။
ကောင်းရှူ ခေါင်းညိတ်လိုက်သည်။
"ကျွန်တော် သခင်လေးကို မနေ့ညက ပြောခဲ့တယ်လေ...ဟယ့်လောင်ရှီးက အဲ့မှာမရှိတော့ သခင်လေးနဲ့လည်း ရင်းနှီးပြီသား အသိအကျွမ်းတစ်ယောက်ဖြစ်တဲ့ ရှန်ဇယ်ယ်ွီက သူ့နေ့ရာကို ယူလိမ့်မယ်လို့..."
ယဲ့ဇယ်ရှစ် : "..."
ငါ မနေ့ညတုန်းက တကယ်ကို လုံးဝ နားမထောင်ခဲ့မိဘူး...
🎶🎶🎶