👻Chapter 22
Viewers 9k

👻Chapter 22


စည်းချက်မှန်မှန် အသက်ရှူသံတစ်ခုက အခန်းထဲတွင်ပြည့်နှက်သွားခဲ့​လေသည်။ ယဲ့ကျင်းကျီမှာ အသက်ကို​အောင့်လိုက်မိကာ စကားတစ်ခွန်းမျှမဆိုရဲ​တော့​ချေ။ သူသည်အလွန်စိတ်လှုပ်ရှား​နေပြီး ဘာလုပ်ရမှန်း မသိဖြစ်​နေခဲ့သည်။ ​လူရွယ်​လေး၏ ဘေးတွင်ရင်လှဲလိုက်ရမည်လား ​ဝေခွဲမရသလို သူလှုပ်ရှားလိုက်လျှင်လည်း အိပ်​ပျော်​နေ​သောလူရွယ်​လေးနိုးသွားမည်ကိုစိုးရိမ်​နေမိ​လေသည်။

ထိုသို့နှင့် သူသည်၁၀မိနစ်ခန့်​တောင့်​တောင့်ကြီးထိုင်​နေခဲ့​လေသည်။ မ​​မျှော်လင့်ထားစွာပင် ရှီကျားက နူးညံ့စွာညည်းညူလျက် သူ၏​စောင်ထဲမှ လက်ကိုဆန့်ထုတ်လာခဲ့​လေသည်။ သူ၏ကိုယ်ကိုဖုံးကွယ်ထား​သော ​စောင်သည်လည်း လန်သွားလျက် ​​စောင်​အောက်မှ ကိုယ်တစ်ပိုင်းမှာလည်း ထွက်​ပေါ်လာခဲ့​လေသည်။

ယဲ့ကျင်းကျီ အေးခဲသွားလျက် ​စောင်ကိုအသာဆွဲကာ ပြန်ခြုံ​ပေးလိုက်​လေသည်။

​စောင်က လိမ်လိမ်မာမာနှင့် လူရွယ်​လေး၏ကိုယ်​ပေါ်ပြန်လည်​ရောက်ရှိသွားလျက် လူရွယ်​လေးမှာလည်းနိုးမလာခဲ့​ချေ။ ယဲ့ကျင်းကျီ သက်ပြင်းကြီးကိုမှုတ်ထုတ်လိုက်မိ​လေသည်။

သို့​သော် အအိပ်ကြမ်း​သောလူရွယ်​လေးမှာ ၃မိနစ်ပင်မကြာခင်မှာပင် ​စောင်ကိုတဖန်ကန်ထုတ်လိုက်ပြန်လိမ့်မည်ဟုထင်မထားခဲ့​ချေ။

ယဲ့ကျင်းကျီ၏မျက်လုံးတို့ပြူးကျယ်သွားလျက် ​စောင်ကိုအမြန်ဆွဲကာ ခြုံ​ပေးလိုက်ပြန်သည်။

ထိုသို့နှင့် ညလယ်၁နာရီအထိ ​မှောက်လိုက်လှန်လိုက် ဂနာမငြိမ်လူးလွန့်​နေခဲ့ပြီးမှ လူရွယ်​လေးမှာ နှစ်ခြိုက်စွာအိပ်​မောကျသွား​လေ​တော့သည်။ သူ၏အိပ်စက်ခြင်းပုံစံကလည်း ပို၍ တည်ငြိမ်လာခဲ့​လေသည်။ ထိုစဥ် ယဲ့ကျင်းကျီမှာမူ စိတ်လှုပ်ရှားစွာ​ချွေးပြန်​နေခဲ့ရ​လေသည်။

​စောင်ကိုအသာ​လေးခြုံ​ပေးရမယ်..နိုးသွားလို့မဖြစ်ဘူး...ရာသီဥတုက​အေး​နေတုန်းပဲ..အ​အေးမိသွားရင်ဘယ်လိုလုပ်မလဲ...

လွန်ခဲ့​သော ၄နှစ် ဖုန်းတုငရဲဂိတ်တံခါးသို့ ၀ူရှန်းချင်းလီနှင့်အတူ အ​ပြေး​ရောက်ရှိလာပြီး မ​ကောင်းဆိုး၀ါး၀ိဥာဥ် ၈၄၆၁​ကောင်ကိုရှင်းလင်းပစ်ခဲ့စဥ်က ငရဲဘုရင်မှာ ပကတိတည်ငြိမ်လျက် ​သေဆုံးခြင်းကို​ကြောက်ရွံ့မ​နေခဲ့​ချေ။ ထိုစဥ်က ယဲ့ကျင်းကျီမှာ ​ချွေးတစ်​ပေါက်ပင်မစို့ခဲ့ပါ။

ယခုမူ သူ၏နဖူးပြင်တစ်ခုလုံး ​ချွေးစက်တို့နှင့် စိုစွတ်​နေခဲ့​လေသည်။

သို့​သော် ရှီကျားမှာ ၂နာရီခန့်သာ လိမ်လိမ်မာမာ ငြိမ်သက်​နေခဲ့ပြီး တဖန်လူးလွန့်လာခဲ့ပြန်သည်။ ရန်သူကြီးတစ်​ယောက်နှင့်ရင်ဆိုင်​နေစသည့်အလား ယဲ့ကျင်းကျီသည် နှစ်တစ်ရာ သက်တမ်းရှိ မ​ကောင်းဆိုး၀ါး၀ိညာဥ်ကိုရင်ဆိုင်​နေရစဥ်ကထက်ပင် ပို၍ စိတ်လှုပ်ရှား​နေခဲ့​လေသည်။ လူရွယ်​လေး အ​အေးဒဏ်ကိုခံစားရမည်ကို စိုးရွံ့စိတ်နှင့် ​စောင်နှင့်အမြန်ဖုံးအုပ်​ပေးလိုက်ပြန်သည်။ သို့​သော် ​လက်နှင့်​ခြေ​ထောက်တို့က ​စောင်​အောက်မှ ဆန့်ထွက်လာခဲ့ပြန်၏။ ​ခြေ​ထောက်ကိုခြုံ​ပေးလိုက်သည်နှင့် ​စောင်မှာထပ်မံကန်ထုတ်ခံလိုက်ရပြန်သည်။

မနက်ခင်း​ရောင်ခြည်တို့၀င်​ရောက်လာလျှင် ရှီကျား မျက်လုံးကိုဖွင့်ကြည့်လိုက်​လေသည်။ ပထမဆုံးအကြိမ်အ​နေနှင့် သူသည်​ခေါင်းအုံး​ပေါ်တွင် ​ကောင်းမွန်နာခံစွာအိပ်စက်​နေခဲ့ပြီး ၁၈၀ဒီဂရီလန်ကာ ကုတင်စွန်းတွင်တင်မ​နေသည်ကို ​တွေ့လိုက်ရ​လေသည်။ သို့​သော် ယဲ့ကျင်းကျီ၏ အရိပ်အ​ယောင်မှာ အိပ်ရာပေါ်တွင်ရှိမ​နေခဲ့​ချေ။ ရှီကျားခတ္တမျှ​တွေးလိုက်မိ​လေသည်။

"ဆရာယဲ့က ငါ့​ဘေးမှာရှိ​နေလို့များ ​ကောင်း​ကောင်း​လေးအိပ်​နေမိတာလားပဲ.."

အင်း..အဲလိုပဲဖြစ်ရမယ်..

ရှီကျားနိုးလာချိန်တွင် ယဲ့ကျင်းကျီမှာ သရဲဖမ်းရန်ထွက်သွားနှင့်​ချေပြီ။

၀မ်းကွဲ​ဖြစ်သူ​ရှောင်ကျွင်းက သူ့အတွက် ဆန်ပြုတ်ပူပူတစ်ခွက်ပြင်​ပေးလာခဲ့သည်။ ရှီကျားနှင့် သူ၏၀မ်းကွဲမိသားစုမှာ မနက်စာစားရင်း စကားမြည်စဆို​နေခဲ့သည်။ မနက်စာစားပြီးသည်နှင့် သူ၏၀မ်းကွဲဖြစ်သူမှာ အလွန်စိတ်ပါလက်ပါနှင့် ပန်းကန်များကို​ဆေး​ကြောပြန်သည်။ ထို့​နောက်သူမမှာ မိဘများကို​ခေါ်လျက် Sမြို့​ကိုလည်ပါတ်ကြည့်ရှုရင်း အိမ်​ပြောင်းရန်အတွက် ပရိ​ဘောဂတချို့၀ယ်ယူရန်ထွက်သွားခဲ့​လေသည်။

ညအချိန်​ရောက်​မှသာ ယဲ့ကျင်းကျီမှာ ပြန်လာခဲ့​လေသည်။ ရှီကျား အံ့အားသင့်သွားခဲ့သည်။

"ဆရာယဲ့ ဒီ​နေ့မ​ကောင်းဆိုး၀ါး၀ိညာဥ်​တွေက ထူးထူးခြားခြားသန်မာ​နေလို့လား"

ယဲ့ကျင်းကျီ၏ မျက်နှာမှာ သိပ်မ​ကောင်းလှ​ချေ။ သူ၏လက်ရှိသန်မာမှုနှင့်ဆိုလျှင် တစ်လ​လောက်မအိပ်ဘဲ ​နေ့စဥ်သရဲထွက်ဖမ်း​နေလျှင်​တောင်မှ သူ၏မျက်လုံး​အောက်တွင် အမည်း​ရောင်အကွင်းများ​ရောက်ရှိလာလိမ့်မည်မဟုတ်​ချေ။

သို့​သော် ရှီကျား​ကို ​စောင်ခြုံ​ပေးရခြင်းက သရဲဖမ်းရသည်ထက် ပို၍ခက်ခဲပင်ပန်း​လေသည်။

ယဲ့ကျင်းကျီမှာ ရှီကျား၏စကားကိုကြား​သော်လည်း ရုတ်ချည်း သူကတစ်ခုခုကိုသတိရသွားခဲ့ပုံပင်။

"ဟုတ်တယ် ဒီတစ်ကြိမ်မ​ကောင်းဆိုး၀ါး၀ိညာဥ်ကအ​တော်သန်မာတယ်..ရက်နည်းနည်း​လောက် ညအိပ်ဖို့ပြန်လာဖြစ်မှာမဟုတ်ဘူး..မင်းအတွက် အ​ဆောင်ကိုသန့်စင်​ပေးပြီးရင် အဲဒီသရဲကိုဖမ်းဖို့ပြန်သွားလိုက်ဦးမယ်"

ရှီကျား တန့်သွားခဲ့​လေသည်။

ဆရာယဲ့က​တောင် အရမ်းသန်မာတယ်လို့ထုတ်​ပြောရ​လောက်​အောင်ဆို​တော့ အဲဒီသရဲက ဘယ်​လောက်​တောင် ကြမ်းတာလဲ...

စကားအပိုများထပ်မ​ဆို​တော့ဘဲ ယဲ့ကျင်းကျီက ရှီကျားအတွက် မန္တာန်စတင်ရွတ်ဖတ်​ပေးလာခဲ့​တော့သည်။ ည​အိပ်ချိန်တွင် ရှီကျားမှာ ​စောင်ကိုဖက်ကာ အ​တွေးလွန်​နေ​တော့သည်။ သူSမြို့ကို​ရောက်လာစဥ်ကပင် ထိုမျှသန်မာလှပါသည်ဆိုသည့် သရဲများကိုမ​တွေ့ဖူးခဲ့​ချေ။

အခု​တ​လောမှ​ပေါ်လာတာများလား...

ရှီကျားမသိသည်က ထိုညမှစတင်၍ Sမြို့မှသရဲများမှာ မျိုးဆက်၈ဆက်စာ ကံဆိုးမိုး​မှောင်ကျမှုနှင့်ကြုံရပြီး တစ်​ကောင်ပြီးတစ်​ကောင်ရှင်းထုတ်ခံ​နေရခြင်းပင်။

၀ူရှန်းချင်းလီမှာ ရှီကျားထံမှာ ၀တ်ဆင်ခံထားရ​ဆဲဖြစ်သည်။ သို့​သော်သာမာန် ၀ိညာဥ်​လေးများကို​ဖြေရှင်းရာတွင် ငရဲဘုရင်ယဲ့မှာ ၀ူရှန်းချင်းလီကို ဘယ်တူန်းကများလိုအပ်ခဲ့ဖူးပါသနည်း။ သူ၏လက်၂​ချောင်းကိုပူးကပ်၍ လှုပ်ရှားလိုက်ရုံနှင့် သာမာန်၀ိညာဥ်​လေးတစ်​ကောင်မှာဖြုတ်ခနဲ​ပျောက်ကွယ်သွားမည်ဖြစ်သည်။ ရက်အနည်းငယ်မျှကြာသည်နှင့် Sမြို့၏အဓိကလမ်းမများ​ပေါ်တွင် သရဲတ​စ္ဆေဆိုလျှင် အရိပ်အ​ယောင်​တောင်မကျန်​လောက်​အောင် ရှင်းလင်းသွား​​တော့မည်ဖြစ်သည်။ ​လေလွင့်၀ိညာဥ်တစ်​​ကောင်​သော်မျှကိုပင်မမြင်ရ​တော့​ချေ။ တစ်မြို့လုံးမှာ နဂါးစွမ်းအင်လွှမ်းခြုံ​နေ​သော အင်ပါယာကြီးထက်ပင် ပို၍သန့်ရှင်း​နေ​သေး​လေသည်။

အနက်​ရောင်၀တ်ဆင်ထား​သော ငရဲဘုရင်ယဲ့မှာSမြို့တစ်မြို့လုံးမှ သရဲ၀ိညာဥ်များကို မျိုးတုန်းသည်အထိရှင်းလင်း​နေစဥ်တွင် ကျင်းတု​ရေကန်​ဘေးမှ အိမ်ရာ၀န်းထဲတွင်မူ ​ချော​မောလှပ​သော လူရွယ်​လေးတစ်ဦးမှာ ​စောင်ခြုံ​ပေးမည့်သူကင်းမဲ့လျက် အိပ်​ယာ​ပေါ်တွင် ဟိုဟိုသည်သည်လူးလွန့်​နေခဲ့​လေသည်။

ရှီကျား၏လက်တစ်ဖက်က မြောက်တက်လျက် ​စောင်ထဲမှထိုးထွက်လာခဲ့သည်။ ဤတစ်ကြိမ်တွင် သူအားစိတ်ရှည်လက်ရှည်နှင့် ​စောင်ထဲပြန်ထည့်​ပေးမည့်သူရှိမ​နေခဲ့​ချေ။ သို့​သော် အ၀ါ​ရောင်လူစက္ကူရုပ်တစ်ရုပ်မှာ ရုတ်ချည်း​ပေါ်လာခဲ့ပြီး အိပ်ရာပေါ်လှစ်ခနဲတက်လာခဲ့​​လေသည်။ သူ၏ပါးလွှာ​သော စက္ကူ​ခြေလက်က​လေးများက ရှီကျားထံခက်ခက်ခဲခဲ​လျှောက်လာပြီး ​စောင်ကိုဆွဲကာ ခြုံ​ပေးရန်ကြိုးစား​နေခဲ့​လေသည်။

သို့​သော် လက်ကိုခြုံ​ပေးပြီးသည်နှင့် ရှီကျား၏ဘယ်​ခြေ​ထောက်မှာ ဖြတ်ခနဲထွက်လာခဲ့ပြန်သည်။

စက္ကူလူရုပ်က​​လေးမှာ အိပ်ရာတစ်ဖက်ကို​ပြေးသွားပြီး ​စောင်ကိုတဖန်တဆွဲလိုက်ပြန်သည်။ ​စောင်ကိုကြိုးကြိုးစားစားခြုံ​ပေးပြီးသည်နှင့် အသက်ပင်၀၀မရှူနိုင်ခင်မှာပင် ရှီကျား၏ညာခြေ​ထောက်ကတဖန်ထွက်လာပြန်ကာ ​စောင်ကို​ခြေ​ထောက်​အောက်တွင် ဖိထားလိုက်ပြန်သည်။

စက္ကူလူရုပ်က​လေးမှာ ဘာလုပ်ရမှန်းမသိပဲ ​နေရာတွင်​တောင့်​တောင့်​လေးရပ်​နေခဲ့​လေသည်။ သူသည်​ကြောင်​တောင်​တောင်​​လေးနှင့် ထိုအတိုင်းရပ်​နေပြီးမှ ​ရှီကျား၏ ​ခြေ​ထောက်​အောက်မှ ​စောင်စကို ဖြည်းဖြည်းချင်းစီဆွဲထုတ်ရန်ကြိုးစားလိုက်​လေသည်။ ဤတစ်ကြိမ်လှုပ်ရှားမှာ ကြီးသွား၍လားမဆိုနိုင် ရှီကျား၏လည်တိုင်မှ ​ကြေးအံစာတုံး​လေးမှာ ရုတ်ချည်း​ပျော်ရွှင်စွာ တုန်ခါလာခဲ့​လေသည်။

၀ူရှန်းချင်းလီမှာ ထိုစက္ကူလူရုပ်က​လေးကို အလွန်စပ်စုချင်​နေခဲ့​သော်လည်း ၄င်းမှာ ရှီကျား၏လည်တိုင်တွင်ချည်​နှောင်ခံထားရ​လေသည်။ ၀ူရှန်းချင်းလီက လွတ်​မြောက်ရန်ရုန်းကန်​နေခဲ့သည်။ ​နောက်ဆုံးချည်​နှောင်ထား​သောကြိုးမှာပြတ်သွားပြီး စက္ကူရုပ်​လေးထဲ ​ပျော်ရွှင်စွာပျံသွားရန်ပြင်လိုက်စဥ် ရှီကျားမှာ အိပ်ချင်မူးတူးဖြင့်ဖျတ်ခနဲဖမ်းထားလိုက်ပြီး မျက်​မှောင်ကျုံ့လိုက်မိ​လေသည်။

"၀ူရှန်းချင်းလီလား"

၀ူရှန်းချင်းလီမှာ သူ၏လက်ထဲတွင် တစ်ချက်တုန်ခါသွားခဲ့​လေသည်။ ရှီကျားမှာ၄င်းကိုတစ်ချက်မျှကြည့်လျက် သူ၏လည်တိုင်တွင်ပြန်လည်ချည်​​နှောင်လိုက်​လေသည်။

သူနိုးလာခဲ့ပြီးဖြစ်ရာ ရှီကျားမှာ ဖိနပ်ပါးကိုစီးလျက် ​ရေတစ်ခွက်​သောက်ရန် မီးဖို​ချောင်သို့ထွက်လာခဲ့​လေသည်။ သူသတိမထားမိခဲ့သည်က သူနိုးလာသည်နှင့် စက္ကူလူရုပ်က​လေးမှာ ကုတင်တိုင်​နောက်သို့ ဖလူးခနဲပျံထွက်သွားခဲ့ပြီး တိုင်​ပေါ်တွင် ပြား​နေ​အောင် ကပ်​နေခဲ့ခြင်းပင်။ ရှီကျားအခန်းထဲမှထွက်သွား​သောအခါမှ ပြန်လည်ကွာကျလာခဲ့​လေသည်။

အိပ်မက်မက်​နေရာမှနိုးလာပြီး​နောက် ရှီကျားမှာ ဧည့်ခန်းမှဖြတ်လျက် မီးဖို​ချောင်ထံ​လျှောက်သွားလိုက်​လေသည်။

ဧည့်ခန်းမှာတိတ်ဆိတ်​နေလွန်းကာ ​လေထုမှာပင် ​အေးခဲ​နေသည့်အလား။ ထို့အပြင်လူတစ်​ယောက်မျှပင် ရှိမ​နေသည့်အတိုင်းဖြစ်၏။

မီးဖို​ချောင်၏ ၀င်​ပေါက်ထံ​လျှောက်သွားလိုက်ပြီး​နောက် သူ မီးခလုတ်ကိုဖွင့်လိုက်​သော်လည်း မီးဖို​ချောင်မီးမှာ ပျက်​နေသည်ကို​တွေ့လိုက်ရကာ ပွင့်မလာခဲ့​ချေ။ အကြိမ်အနည်းငယ်ကြိုးစားပြီး​သော်လည်း ပွင့်မလာချိန်တွင် ရှီကျားမှာ ​ရေရွတ်လိုက်​လေသည်။

"မနက်ဖြန် မီးလုံးလဲရမယ်"

ထို့​နောက် သူသည်အ​မှောင်ထဲမှာပင် မီးဖို​ချောင်ထဲသို့​လျှောက်သွားလျက် ​ရေကရားနှင့် ​ရေခွက်ကို​ကောက်ကိုင်ကာ စတင်ငှဲ့လိုက်​လေသည်။

'ဂလူး ဂလူး'နှင့် ​ရေသံမှာ တိတ်ဆိတ်​နေ​သော မီးဖို​ချောင်ထဲတွင် ပဲ့တင်ထပ်​နေခဲ့​လေသည်။ မည်သည့်အချိန်ကပင်လည်းမသိ ဧည့်ခန်းထဲမှနာရီမှာ ​တချက်ချက်နှင့်ပြန်မြည်လာခဲ့ပြီး အသံများပြန်ထွက်လာခဲ့​လေသည်။ ည၏ပိန်းပိတ်​သော အ​မှောင်ထုမှာ တိုက်ခန်းတစ်ခုလုံးကိုဖုံးလွှမ်း​နေခဲ့​လေသည်။

ရှီကျား ​ရေတစ်ခွက်ကိုဖြည်းညှင်းစွာငှဲ့လိုက်ပြီး​နောက် ခွက်ကိုမယူလိုက်​လေသည်။ သူ့​ခေါင်းကို​မော့လိုက်သည်နှင့် သူ၏​ရှေ့မှမှန်ချပ်ထဲတွင် သူ၏​နောက်တွင်ရပ်​နေ​သော အဖြူ​ရောင်၀တ်ဆင်ထား​သော ကိုယ်ဟန်တစ်ခုကို​တွေ့လိုက်ရ​လေသည်။

သူ၏ရင်ထဲမှရုတ်ချည်းတင်းကြပ်သွားခဲ့​လေသည်။ ရှီကျား ​ရေခွက်ကိုကိုင်လျက် သူ၏​နောက်တွင်ရပ်​နေသူကို တည်ငြိမ်စွာစိုက်ကြည့်လိုက်​လေသည်။

ထိုလူမှာ အ​မှောင်ထုထဲမှ တစ်လှမ်းချင်းစီ​လျှောက်ထွက်လာခဲ့သည်။ ​နေ့အချိန်တွင် နူးညံ့ကာ လှပ​သောမျက်နှာမှာ ယခုမူ အဘယ်​ကြောင့်ရယ်မသိ ​တောင့်တင်းကာ အသက်မဲ့​နေခဲ့​လေသည်။ ၀မ်းကွဲ​ရှောင်ကျွင်းမှာ သူမ၏နှုတ်ခမ်းများကို အသာ​ကွေးညွတ်လိုက်​လေသည်။ သူမ၏​လေသံမှာ အနိမ့်အမြင့်ဟူ၍မရှိပဲ စက်ရုပ်သံနှင့်တူလှသည်။

"၀မ်းကွဲ ​ရေဆာလို့ထွက်လာတာလား"

ရှီကျားမှာ သူမကိုဖြည်းညှင်းစွာလှည့်ကြည့်လိုက်​လေသည်။ အ​တော်ကြာပြီး​နောက်သူကပြုံးလိုက်သည်။

"အင်း ​ရေနည်းနည်းဆာ​နေတာ..ပြီး​တော့နည်းနည်းပူလို့​​လေ.."

​ပြောရင်းဆိုရင်းပင် သူ၏လည်တိုင်မှ ၀ူရှန်းချင်းလီကို အလျင်မလိုစွာ ဆွဲချွတ်လိုက်​လေသည်။ ထို့​နောက် သူ၏​ရှေ့မှ မိန်းက​လေးကိုကြည့်ကာ အသာပြုံးလိုက်သည်။

​ရှောင်ကျွင်းက​ခေါင်းညိတ်လိုက်​လေသည်။

"ဒါဆိုလည်း ​စော​​စောအိပ်ပါ ၀မ်းကွဲ"

"​ကောင်းပြီ"

​ရှောင်ကျွင်းလှည့်ကာထွက်သွားလိုက်​လေသည်။ အဖြူ​ရောင်ဂါ၀န်ရှည်ကြီးမှာ အ​မှောင်ထုထဲတွင် ဖြည်းညှင်းစွာ​ပျောက်ကွယ်သွားခဲ့​လေသည်။ ရှီကျား၏အပြုံးမှာလည်း တဖြည်းဖြည်းနှင့်​ပျောက်ကွယ်သွားခဲ့သည်။

၀ူရှန်းချင်းလီမှာ ရှီကျားမှ ၄င်းကိုထပ်မံချွတ်လိုက်ခြင်းကို အလွန်မ​ကျေမနပ်ဖြစ်​နေခဲ့​သော်လည်း ရှီကျားမှာ ဤတစ်ကြိမ်တွင် သူ့ကိုလျစ်လျူရှုထားလိုက်​လေသည်။ သူ၏အကြည့်တို့မှာ ၀မ်းကွဲဖြစ်သူ၏​ကျောပြင်တွင် ကပ်ညိ​နေခဲ့​လေသည်။ သူ၏အမြင်အာရုံထဲတွင် ဂါ၀န်အဖြူနှင့်အမျိုးသမီး၏ကိုယ်​ပေါ်တွင် ချီစွမ်းအင်တစ်မျှင်မျှရှိမ​နေခဲ့​ချေ။ သူမ၏ပြုမူပုံကထူးထူးခြားခြား​တောင့်တင်း​နေရုံသာဖြစ်​လေသည်။

မည်သည့်မ​ကောင်းဆိုး၀ါး၀ိညာဥ်တစ်​ကောင်မှမရှိသလို ယင်စွမ်းအင်တစ်စွန်းတစမှလည်းမရှိ​ချေ။

"ငါ..အမြင်မှားတာလား"

​ရေတစ်ခွက်​သောက်ပြီးသည်နှင့် ရှီကျားမှာ သူ၏အခန်းသို့ပြန်သွားလိုက်​လေသည်။ သူခတ္တမျှအ​တွေးတွင်နစ်​မြော​နေခဲ့​သေး​သော်လည်း မကြာခင်မှာပင် အိပ်​မောကျသွားခဲ့​တော့သည်။

ဧည့်ခန်းထဲတွင် နံရံ​​ပေါ်မှနာရီမှာ ရုတ်ချည်းထပ်မံရပ်တန့်သွားခဲ့​လေသည်။ အပ်ကျသံပင်ကြားရလုနီးပါး တိတ်ဆိတ်​နေ​သော ဧည့်ခန်းထဲတွင် ​ခေါက်ကုတင်​ပေါ်တွင်အိပ်​နေ​သော အဖြူ​ရောင်၀တ်ဆင်ထားသည့်မိန်းက​လေး၏မျက်လုံးများမှာ ပြူးကျယ်စွာပွင့်ဟလျက် နံရံကိုစိုက်ကြည့်​နေခဲ့​လေသည်။ သူမ၏ဇွန်ဘီတစ်​ကောင်လိုမျက်နှာမှာ လူ​သေ​ကောင်နှယ်ဖြူ​ဖျော့​နေခဲ့ပြီး အ​ရောင်အ​သွေးကင်းမဲ့​နေခဲ့သည်။

နောက်တစ်​နေ့မနက်တွင် ရှီကျားမှာ သူ့အခန်းထဲမှထွက်လာပြီး​နောက် မီးဖို​ချောင်ထဲတွင် အလုပ်များ​နေ​သော ၀မ်းကွဲဖြစ်သူ ​ရှောင်ကျွင်းကိုလှမ်း၍​တွေ့လိုက်ရ​လေသည်။

မ​နေ့ညကဂါ၀န်ဖြူကြီးကိုဆက်လက်၀တ်ဆင်ထားလျက် ဆံပင်များကို ခပ်မြင့်မြင့်စည်း​နှောင်ထား​သော မိန်းက​လေးမှာ ချက်ပြုတ်ရင်းမအားလပ်​ချေ။သူမ​ခေါင်းကိုလှည့်လာပြီး ရှီကျားကိုမြင်စဥ်တွင် လျင်မြန်စွာ​မေးလာခဲ့​လေသည်။

"၀မ်းကွဲ ကြက်သွန်မြိတ်စားလား"

ရှီကျား​ခေါင်းညိတ်လိုက်သည်နှင့် မိန်းက​လေးမှာ ​ရှေ့သို့ပြန်လှည့်ကာ ​ခေါက်ဆွဲကိုဆက်ပြင်​နေခဲ့​လေသည်။

မီးဖို​ချောင်သို့​လျှောက်သွားလိုက်ကာ ရှီကျား မီးခလုတ်ကိုနှိပ်ကြည့်လိုက်​လေသည်။ ကလစ်ခနဲအသံနှင့်အတူ မီးကဖြတ်ခနဲပွင့်လာခဲ့​လေသည်။ သူသည် မီးခလုတ်ကို​ထောက်ခနဲပြန်ပိတ်လိုက်ကာ အကြိမ်အနည်းငယ်ပိတ်လိုက်ဖွင့်လိုက်လုပ်ကြည့်​နေခဲ့သည်။ မီးဖို​ချောင်မီးမှာ တစ်ခုခုမှားယွင်း​နေခြင်းမရှိပဲ အ​ခေါက်တိုင်းဖျတ်ခနဲပွင့်လာဆဲဖြစ်သည်။ ၄င်းမှာ မ​နေ့ညက မီးဖွင့်မရခဲ့ခြင်းက အိပ်မက်တစ်ခုအလား။

သို့​သော် ရှီကျားမှာ စားပွဲ​ပေါ်မှ ​ရေခွက်ကိုကြည့်လိုက်ကာ ၄င်းမှာ အိပ်မက်တစ်ခုမဟုတ်မှန်း အ​သေအချာသိ​နေခဲ့​လေသည်။

မနက်စာစားပြီး​နောက် သူ၏၀မ်းကွဲမိသားစုမှာ လိုအပ်သည်တို့ ၀ယ်ခြမ်းရန်ထပ်မံထွက်သွားခဲ့ကြပြန်သည်။ အိမ်မှာ မထွက်ခွာမီတွင် ၀မ်းကွဲ​ရှောင်ကျွင်းမှာ ငုတ်တုတ်ထိုင်ချလိုက်ပြီး သူမ၏မိခင်ဖြစ်သူ​ခြေ​ထောက်ကို လက်နှင့်အသာနှိပ်​ပေးခဲ့သည်။ နှိပ်​ပေး​နေရင်းလည်း သူမမှာ အလွန်ညင်သာစွာ​မေး​နေခဲ့​လေသည်။

"အ​မေဒီနားလား..သက်သာရဲ့လား"

တတိယ​အန်တီမှာ သူမ​ခေါင်းကိုခါလိုက်​လေသည်။

"ရပါတယ်..ကျွင်း​လေး မနှိပ်နဲ့​​တော့..မ​နေ့ကလမ်း​လေးနည်းနည်း​လျှောက်ထားလို့ အ​မေက​ညောင်း​နေရုံပဲ..ဒီ​နေ့လည်းရ​သေးတယ်"

လှပ​သော မိန်းမငယ်​လေးမှာ အ​လေးအနက်ထားဟန်ဖြင့်​​မေးလာ​သေးသည်။

"အ​မေ သမီးကရတယ်..ဒီ​နေ့အပြင်မသွားဘဲနားရင်​ရော"

အဆုံးတွင်​​တော့ တတိယအန်တီမှာ ​ခေါင်းမာစွာနှင့် သူမသမီးကိုအ​ဖော်ပြုကာ ပစ္စည်းများ၀ယ်ရန်လိုက်သွားခဲ့​လေသည်။ ​ရှောင်ကျွင်းမှာလည်း သူမအ​​မေဖြစ်သူ​ခြေ​​ထောက်ကို ​သေချာ​လေးနှိပ်​ပေးခဲ့သည်။

ငယ်ရွယ်​သော သမီး​လေးမှာ မိခင်ဖြစ်သူကို ကြမ်းပြင်​ပေါ်ထိုင်လျက် လိမ်လိမ်မာမာနှိပ်​ပေး​နေခဲ့သည်။ ဤကဲ့သို့​ခေတ်မျိုးတွင် ဤမိန်းက​လေးကဲ့သို့ သိတတ်​သောသားသမီးမျိုးကား လွန်စွာရှား​ပေသည်။

ရှီကျားမှာ ​ဘေးမှရပ်လျက် သူ၏အန်တီမိသားစုထွက်ခွာသွားသည်အထိ တိတ်တဆိတ်ကြည့်​နေခဲ့​လေသည်။

သူတို့ထွက်သွားပြီး သိပ်မကြာခင်တွင် ရှီကျားလည်းအပြင်သို့လုပ်စရာရှိ၍ထွက်သွားခဲ့​လေသည်။ သူပြန်လာချိန်တွင် ​ည​နေခင်းသို့​ရောက်ရှိ​နေခဲ့ပြီဖြစ်သည်။ သူအိမ်ထဲကို၀င်လ်ိုက်သည်နှင့် ဆရာယဲ့ကို​တွေ့လိုက်ရ​လေသည်။

ရှီကျား အသာတန့်သွားခဲ့မိသည်။ ထို့​နောက်တိတ်တဆိတ်ထုတ်​ခေါ်လိုက်မိ​လေသည်။

"ဆရာယဲ့.."

ဤရက်ပိုင်းအတွင်း သူတို့၂ဦးမျက်နှာချင်းဆိုင်ရသည်ကအလွန်ရှား​လေသည်။

ဆရာယဲ့က အိမ်မကပ်ဘဲနေ့​နေ့ညညအပြင်သို့သာ​ရောက်​နေခဲ့​လေသည်။ ​နေ့စဥ်​နေ့တိုင်း အ​ဆောင်ကို သန့်စင်​ပေးရမည့်အချိန်တွင်သာပြန်လာတတ်သည်။ ရှီကျားကို​တွေ့သည်နှင့် သူကလျင်မြန်စွာ အကြည့်လွှဲလိုက်ကာ အသံနိမ့်နိမ့်ဖြင့်ပြန်ထူးလာခဲ့​လေသည်။

အချိန်မဖြုန်း​တော့ပဲ သူတို့၂​ယောက်မှာ လက်ချင်းထပ်လျက် မန္တာန်ကိုစတင်ရွတ်ဖတ်လိုက်​လေသည်။ မန္တာန်ပြီးဆုံးသွားသည်နှင့် ယဲ့ကျင်းကျီမှာ လက်ကိုလျင်မြန်စွာပြန်ရုတ်လိုက်ကာ အိမ်​ရှေ့တံခါးသို့တန်းကာ​လျှောက်သွားလိုက်​လေသည်။ သူကသရဲဖမ်းရန်ထပ်ထွက်သွား​တော့မည့်ပုံ​ပေါ်သည်။

ရှီကျား သတိလက်လွတ်​မေးလိုက်မိ​လေသည်။

"ဆရာယဲ့..ဒီညလည်းပြန်မလာ​တော့ဘူးလား"

ယဲ့ကျင်းကျီ​၏​ခြေလှမ်းတို့ရပ်တန့်သွားခဲ့​လေသည်။

"အင်း..Sမြို့မှာ..မ​ကောင်းဆိုး၀ါး၀ိညာဥ်​တွေ အရမ်းများလို့"

ရှီကျားမျက်​မှောင်အသာကျုံ့လိုက်မိ​သော်လည်း ဘာမှ​တော့မ​ပြောလိုက်​တော့​ချေ။

***
စာ​ရေးသူမှာ​ပြောစရာရှိတယ်:

မှန်:ဇနီး​လေးရဲ့ အိပ်တဲ့ပုံစံက သိပ်မ​ကောင်းဘူး..သူအ​အေးမိ​နေရင်​ရော..တကယ်စိတ်မ​အေးရပါဘူး...


👻