Chapter 86
Viewers 21k

🎶 Chapter 86



"အစားအသောက်နှစ်သက်သူတစ်ယောက်၏ မှတ်တမ်း"ကို ကြည့်ပြီးသွားသောအခါ ဟယ့်ကျင်းယွင်က သူ အိမ်ပြန်တော့မည်ဖြစ်ကြောင်း ပြောလေသည်။


သူတို့နှစ်ဦးမှာ ပုံမှန်မဟုတ်သည့်အရာများ မဖြစ်ခဲ့သကဲ့သို့ ပုံမှန်အတိုင်း နှုတ်ဆက်စကားပြောခဲ့ကြသည်။


သို့သော် တံခါးပိတ်သွားကာမှ သူ၏ခန္ဓာကိုယ်မှ တောင့်တင်းနေမှုများ တဖြည်းဖြည်းပျောက်ကွယ်သွားသည်ကိုမူ ယဲ့ဇယ်တစ်ယောက်သာ သူ့ကိုယ်သူ သိလေသည်။


သက်ပြင်းအရှည်ကြီးချပြီးနောက် ယဲ့ဇယ်ရှစ် အနည်းငယ် ခါး‌ကြောလျှော့လိုက်မိသည်။ ထိုအခါမှသာ သူ့တစ်ကိုယ်လုံးရှိ ကြွက်သားများ ပြေ‌လျော့သွားတော့သည်။ 


ယဲ့ဇယ်ရှစ် အကြောင်းအရင်းကိုသေချာမတွေးနိုင်မီတွင် ဖုန်းသံမြည်လာသည်။ ယဲ့ဇယ်ရှစ် ပြတင်းပေါက်အပြင်သို့ မသိလိုက်ဘဲ ကြည့်လိုက်မိသည်။ အိမ်နီးချင်းဗီလာက မီးများ လင်းလာလေသည်။ ဟယ့်ကျင်းယွင် ပြန်ရောက်ပြီထင်သည်။


ဖုန်းကိုပြန်ကြည့်လိုက်သောအခါ ဟယ့်ကျင်းယွင်ဆီမှ ဝင်လာသော စာဖြစ်နေသည်။

"ငါ အိမ်ပြန်ရောက်ပြီ... စောစောအိပ်... ပြီးတော့ ကောင်းသောညပါ..."


ယဲ့ဇယ်ရှစ် ပြုံးလိုက်ပြီး စာပြန်လိုက်သည်။

"လောင်ရှီးရောပဲ... ကောင်းသောညပါ..."


စာပို့ပြီးသောအခါ ယဲ့ဇယ်ရှစ် ဧည့်ခန်းမီးများကို ပိတ်လိုက်ပြီး အပေါ်သို့ တက်သွားလိုက်သည်။ 


ရေချိုးပြီးနောက် ခရီးဆောင်အိတ်ကို သေချာထုတ်ပိုးပြီးကာမှ ယဲ့ဇယ်ရှစ် အိပ်ရာဝင်ရန် အသင့်ဖြစ်ခဲ့သည်။ 


ယဲ့ဇယ်ရှစ် မျက်လုံးမှိတ်ကာစရှိ‌သေးသော်လည်း တစ်ခုခုကို တွေးမိသွားသကဲ့သို့ သူ ရုတ်တရက် ထထိုင်လိုက်သည်။ ထို့နောက် နံဘေးရှိဖုန်းကို ယူလိုက်ပြီး Weiboကို ဖွင့်လိုက်သည်။ 


သူ Weiboကို ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် သူနှင့် ဟယ့်ကျင်းယွင်တို့နှင့်ပတ်သက်သည့် ခေါင်းစဉ်များကို အချိန်နှင့်တစ်ပြေးညီဖြစ်သည့် hot searchတွင် ထောက်ခံချက်ပေးထားသည်ကို တွေ့လိုက်ရသည်။


#ဒီနေ့ ဟယ့်ရှစ်ကို ဂုဏ်ပြုပြီးကြပြီလား...#"


ဟယ့်ကျင်းယွင် ပြောခဲ့သည်မှာ မှန်လေသည်။ "အစားအသောက်နှစ်သက်သူတစ်ယောက်၏ မှတ်တမ်း"ကို ထုတ်လွှင့်ပြီးသည်နှင့် သူတို့နှစ်ဦး၏ cpဖန်များက သိသိသာသာ တိုးပွားလာခဲ့သည်။


ထိုရသစုံရှိုး၏ ပထမဆုံးအပိုင်းပြီးဆုံးပြီး တစ်နာရီအကြာတွင် Hot search ပေါ်တွင် ရှိုးနှင့်ပတ်သက်သည့် ခေါင်းစီးများ လေး၊ငါး၊ခြောက်ခုခန့် ဝင်ရောက်လာခဲ့သည်။ ထိုအထဲမှ သုံးခုမှာ ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင်တို့ဖြင့် ပတ်သတ်လေသည်။


သတ်မှတ်ချက်အမြင့်ဆုံးတစ်ခုမှာ #ဒီနေ့ ဂုဏ်ပြုပြီးပြီလား# ဆိုသည့်တစ်ခုဖြစ်သည်။ 


ယဲ့ဇယ်ရှစ် ထိုသည်ကို ဝင်ကြည့်လိုက်သည်။ ယခုတစ်ခေါက်ပို့စ်မှာ marketing အကောင့်များမှ တင်ခြင်းမဟုတ်ဘဲ ဖန်တစ်ယောက်က တင်လိုက်ခြင်းဖြစ်သည်။ 


@ဟယ့်ရှစ်cpအလံကို မြင့်မြင့်မြှောက်ထားသူ: "ဒီနေ့ကတော့ တကယ် ရူးလောက်စရာနေ့တစ်နေ့ပဲ... ရုပ်ရှင်ဧကရာဇ်ဟယ့်က လူတစ်ယောက်အပေါ်ကို ဘယ်လိုတုန်နေအောင်ချစ်ရမလဲဆိုတာ သိတာပဲ...#ဂျယ်လီ# #ဂျယ်လီ# ..."


#ဓာတ်ပုံ# #ဓာတ်ပုံ# #ဓာတ်ပုံ#


ယဲ့ဇယ်ရှစ်တစ်ယောက် အဖြေရှာမရဖြစ်သွားသောကြောင့် ဓာတ်ပုံများကို နှိပ်ကြည့်လိုက်သည်။


ပထမပုံမှာ ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ်၏လက်ကို ဆွဲထားသည့်ကာတွန်းပုံ ဖြစ်သည်။ ဒုတိယပုံမှာ သူတို့နှစ်ဦး ပရိုဂရမ်အဖွဲ့ဆီမှ လက်ချင်းတွဲကာ ထွက်ပြေးနေသည့်ပုံဖြစ်ပြီး နောက်ဆုံးပုံမှာ မိုးပြာရောင် ဖန်သားနံရံ‌ဘေးတွင် ပင်လယ်ကြီးကို ကြည့်နေခဲ့သော ယဲ့ဇယ်ရှစ်ကို ဟယ့်ကျင်းယွင်က တံခါးအနားမှ ပြုံးကာရပ်ကြည့်နေခဲ့သောပုံဖြစ်သည်။


[ဘုရားရေ... နောက်ဆုံးပုံက... ရုပ်ရှင်ဧကရာဇ်ဟယ့်ရဲ့ မျက်ဝန်းတွေထဲမှာ ကြယ်လေးတွေရှိနေတယ်... အဲ့ဒီအကြည့်က အရမ်းကို ကြင်နာယုယမှုတွေအပြည့်နဲ့ပဲ...]


[လခွမ်း... တခြားဘာပြောစရာရှိသေးလဲ... မရှိရင် ငါနဲ့ လာစကားပြောလိုက်: ဟယ့်ရှစ်က အစစ်အမှန်ပဲ...]


[ဘုရားရေ... ငါက တကယ့်ကို ဖြတ်လျှောက်ဖန်စစ်စစ်တစ်ယောက်ပါ... ဒါပေမယ့် ရုပ်ရှင်ဧကရာဇ်ဟယ့်ရဲ့ မျက်ဝန်းတွေထဲက အကြည့်က အရမ်းကို ဆွဲဆောင်မှုရှိတာပဲ... အရှေ့တန်းကညီမကို ဗီဒီယို သွားကြည့်ဖို့ အကြံပေးချင်တယ်... အဲ့ဒီပုံရဲ့ မူလက ရုပ်ရှင်ဧကရာဇ်ဟယ့်က ရှစ်ရှစ်ကို ညစာစားဖို့လာခေါ်တဲ့အချိန်လေ... ဒါပေမယ့် ရှစ်ရှစ်က တံခါးကိုပိတ်မထားခဲ့ဘူးလေ အဲ့ဒီမှာ ရုပ်ရှင်ဧကရာဇ်ဟယ့်က ဝင်လာခဲ့ပြီး အဲ့ဒီမြင်ကွင်းကို မြင်လိုက်ရတာပဲ... အစက ကင်မရာက ရှစ်ရှစ်ကို အဓိကရိုက်နေတာလေ ပြီးတော့မှ ရုပ်ရှင်ဧကရာဇ်ဟယ့်ကို ချိန်လိုက်တာ အဲဒီအချိန်မှာ ရုပ်ရှင်ဧကရာဇ်ဟယ့် ပြုံးလိုက်တာကို ရိုက်မိသွားတာလေ... အားးးး...အဲ့ဒီမြင်ကွင်းကလေ တကယ်ကို ရိုက်ချက်ကောင်းပဲ... ]


[အပေါ်ကညီမပြောတာနဲ့တင် ငါ ဗီဒီယိုကို ကြည့်ချင်သွားပြီ...]


[ဟုတ်ပ...ဟုတ်ပ... ဟုတ်ပ... ရုပ်ရှင်ဧကရာဇ်ဟယ့်ရဲ့ အပြုံးနဲ့တင် အဲ့ဒီအပိုင်းလေးကို ခဏခဏကြည့်နေတာ ဆယ့်နှစ်ကြိမ်မကတော့ဘူး... အဲ့ဒီအပိုင်းလေးက အရမ်းကိုချိုတာပဲ... ရုပ်ရှင်ဧကရာဇ်ဟယ့် ရှစ်ရှစ်ကို ကြည့်ပြီး ပြုံးလိုက်တဲ့အပြုံးက တကယ်ကို စစ်မှန်တာပဲ... ပြီးတော့ အဲဒီအပြုံးက ဒီအမေအိုကြီးရဲ့အသည်းနှလုံးကို အရည်ဖျော်ဖို့ရာ လုံလောက်တယ်...]


[မင်းတို့ သတိထားမိလားတော့ မသိဘူး ပထမပုံမှာဆိုရင် ဟယ့်လောင်ရှီးက ရှစ်ရှစ်လက်ကို အရင်ဆွဲလိုက်ပေမယ့် ရှစ်ရှစ်က မရုန်းကန်ဘဲ အသာတကြည်လိုက်သွားခဲ့တာနော်... ဝူးးးးး... အရမ်းကောင်းတာပဲ... ငါ့ရဲ့cpက အစစ်အမှန်ပဲ...]


[နောက်ဆုံးပုံက ငါအကြိုက်ဆုံးကဗျာကို တစ်ပုံစံတည်း ပုံဖော်ပြလိုက်သလိုပဲ: "မင်းက တံတားပေါ်မှာရပ်ပြီး ရှုခင်းကိုကြည့်နေတုန်း ရှူခင်းကိုကြည့်နေခဲ့တဲ့သူက မင်းကိုကြည့်လိုက်တယ်" အဲ့ဒီလိုမျိုးလေ အရမ်းကို လှပတာပဲ...]


[မယုံနိုင်စရာပဲ... နောက်ဆုံးပုံကို မြင်လိုက်ရတုန်းက ငါလည်း အဲ့ဒီစာပိုဒ်ကို တွေးနေခဲ့တာ...]


[နောက်ဆုံးပုံက တကယ်ကိုအံ့ဩဖို့‌ ကောင်းတာ... ငါ့ကိုလည်း cpဖန်ထဲ ထည့်ပေးကြပါတော့...]


["အစားအသောက်နှစ်သက်သူတစ်ယောက်၏ မှတ်တမ်း"ရဲ့ ပထမပိုင်းကိုကြည့်ပြီး ငါပြောချင်တာကတော့ ရုပ်ရှင်ဧကရာဇ်ဟယ့်က ရှစ်ရှစ်ကို အရမ်းအလိုလိုက်တာပဲ... ရှစ်ရှစ်က ငါးစားချင်တယ်လည်းပြောရော သူက ပရိုဂရမ်အဖွဲ့ကို ချက်ချင်းထားပစ်ခဲ့ပြီး ရှစ်ရှစ်နဲ့အတူ ငါးမျှားဖို့ထွက်သွားတာနော်... ရှစ်ရှစ်အတွက် ငါးချက်ပေးဖို့အတွက် သူတို့နှစ်ယောက် အတူတူ မစ်ရှင်တွေကို ဂရုတစိုက်လုပ်တာက အရမ်းချိုမြိန်တာပဲ...]


[ဟုတ်တယ်... ပြီးတော့ နောက်တစ်ရက်ည သူတို့အတူတူ ဟင်းချက်ရတော့ ရုပ်ရှင်ဧကရာဇ်ဟယ့်က ရှစ်ရှစ်ကို ညကျရင် ဘာစားချင်လဲဆိုပြီး မေးတာ‌နော်... တခြားဧည့်သည်တွေကိုတော့ သူမမေးခဲ့ဘူး...]


[ရှစ်ရှစ်က ငါးကိုတကယ်ကြိုက်မှန်း ငါသိလိုက်ရပြီ...]


[ဘယ်လိုပဲဖြစ်ဖြစ်... ငါအခု သုံးသပ်ကြည့်ရသလောက်တော့ ဒီcpက တကယ်ပဲလို့ ငါထင်တယ်... သူတို့ကစုံတွဲတွေပဲ...]


[ဒါဆို သူတို့က တကယ်ကြီးတွဲနေတာပေါ့...]


[ဟုတ်ချင်မှလည်းဟုတ်မှာ... ရှိုးထဲက သူတို့ဆက်ဆံရေးက ချိုမြိန်ပြီး ရုပ်ရှင်ဧကရာဇ်ဟယ့်ကလည်း ရှစ်ရှစ်အတွက် အားလုံးကို ဂရုစိုက်ပြီး လုပ်ပေးနေပေမယ့် သူတို့နှစ်ယောက်ကြားမှာ နည်းနည်းလေး စည်းခြားနေသလိုပဲ... သူတို့နှစ်ယောက်ရဲ့ လက်ရှိအခြေအနေက ဒီလိုထင်တယ်... တစ်ဖက်က သူ့ရဲ့ခံစားချက်တွေကို ထုတ်ပြနေပေမယ့် တခြားတစ်ဖက်က လျစ်လျူရှုနေသလိုမျိုးပေါ့... ပြောရရင် ရုပ်ရှင်ဧကရာဇ်ဟယ့်က သူ့စိတ်သူ သိပြီးဖြစ်ပေမယ့် ရှစ်ရှစ်ကအခုထိ သဘောမပေါက်သေးတာမျိုးပေါ့... ငါတို့အခေါ်ဆို တစ်ဖက်သတ်အချစ်လို့ ပြောရမှာပေါ့...]


[ဆက်ပြောပါဦး... သူတို့က ရှိုးထဲမှာ အရမ်းချိုတာပဲ... သူတို့အခုထိ မတွဲကြသေးဘူးပေါ့လေ... ဟုတ်လား...]


[တစ်ဖက်သတ်အချစ်က ဖြစ်နိုင်ချေအရှိဆုံးလို့ ငါလည်းထင်တယ်... ရုပ်ရှင်ဧကရာဇ်ဟယ့်က တစ်ဖက်သတ်အချစ်ဇုန်ထဲ ရောက်နေရရှာတာပဲ... ငါက စိတ်ပညာလေ့လာနေတာလေ...(ငါ့ရဲ့တစ်ဘဝလုံးကို cpလေ့လာတဲ့နေရာမှာ ကုန်ဆုံးလိုက်တော့မယ်... တကယ်ကို ငါပီသတာပဲ...) ]


[ဟားဟားဟားဟား... အပေါ်ကညီမက အရမ်းချစ်ဖို့ကောင်းတာပဲ ငါလည်းပဲ တစ်ဖက်သတ်အချစ်ဆိုတာကို ထောက်ခံတယ်... ဒီလိုစဉ်းစားကြည့်တော့လည်း ငါတို့ရဲ့cpက နည်းနည်းတော့ ဒီလောကကြီးကို စိတ်ပျက်စေတယ်နော်...]


[ဆိုတော့ အခုလက်ရှိအခြေအနေက ရှစ်ရှစ်ရဲ့ အခုအချိန်ထိ အတွေးတွေကို ငါတို့မသိနိုင်သေးဘူးလို့ ဆိုလိုတာပေါ့... ရုပ်ရှင်ဧကရာဇ်ဟယ့်ကတော့ ရှစ်ရှစ်ကို တစ်ဖက်သတ်ချစ်နေတာလို့တော့ ငါတို့သေချာတယ်ပေါ့...အဲ့ဒီလိုလား...]


"..."


မှတ်ချက်များက များစွာရှိလေသည်။ သို့သော်လည်း ယဲ့ဇယ်ရှစ် အောက်သို့ဆက်ဆွဲကြည့်လေ သူ ပို၍ ထိတ်လန့်လာလေ ဖြစ်သည်။ 


အားလုံးက ဘာတွေလဲ...


ဟယ့်လောင်ရှီးက ငါ့ကို တစ်ဖက်သတ်ချစ်နေတယ်ဆိုတာ သူတို့ ဘာကိုပြောချင်တာလဲ... 


မင်းတို့အင်တာနက်အသုံးပြုသူတွေက တစ်နေ့လုံး cpပဲလိုက်တွဲနေပြီးတော့ ဒီလိုမျိုး မျက်နှာလွှဲခဲပစ် ကောက်ချက်ချလိုက်လို့မရဘူးလေ...


နောက်ဆုံးဓာတ်ပုံကို ကြည့်ရင်းဖြင့် ယဲ့ဇယ်ရှစ်တစ်ယောက် ညက ဟယ့်ကျင်းယွင်နှင့်အတူ ရှိုးကို ကြည့်ခဲ့သည့်အကြောင်းကို ပြန်မစဉ်းစားဘဲ မနေနိုင်တော့ပေ။ ပရိုဂရမ်အဖွဲ့မှာ ထိုအခန်းကို ရှုထောင့်ပေါင်းစုံမှ ရိုက်ကူးခဲ့သည်။ ယဲ့ဇယ်ရှစ် ထိုအခန်းကို မြင်လိုက်ရစဉ်က သူလည်း လန့်သွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ထိုအခန်းကို ရိုက်ကူးခဲ့ရသည်ကို သူ လုံးဝမမှတ်မိသောကြောင့်ဖြစ်သည်။ ဟယ့်ကျင်းယွင်က သူ့ကို အနောက်မှ ထိုလောက်အထိ ကြာအောင် ရပ်‌ကြည့်နေခဲ့သည်ကို သူ တကယ်ကို မသိခဲ့ချေ။


ထိုအချိန်က ယဲ့ဇယ်ရှစ် ဟယ့်ကျင်းယွင်ကို 'ဘာဖြစ်လို့ ချက်ချင်းမခေါ်တာလဲ' ဟုပင် မေးခဲ့သေးသည်။


ဟယ့်ကျင်းယွင်၏ မျက်ဝန်းများက ဖန်သားပြင်ထက်တွင် ကြည့်နေလျက်ပင်။ ယဲ့ဇယ်ရှစ် ပြောသည်ကို သူ ကြားလိုက်သောအခါ သူ နောက်ကိုလှည့်မကြည့်သော်လည်း ဟယ့်ကျင်းယွင်၏ နှုတ်ခမ်းထောင့်မှာ အနည်းငယ် တွန့်ကွေးသွားလေသည်။

"မင်းကြည့်ရတာ ရှုခင်းကြည့်ရတာကို တကယ်သဘောကျနေတယ်ထင်လို့... အဲ့ဒါကြောင့် မခေါ်ခဲ့တာ..."


"အင်းးး..." 

ယဲ့ဇယ်ရှစ် အသံပြုလိုက်ပြီး များများစာစားဆက်မတွေးခဲ့ပေ။


သို့သော် ယခု အင်တာနက်အသုံးပြုသူများ၏ မှတ်ချက်များကို ကြည့်ရင်းဖြင့် ယဲ့ဇယ်ရှစ် သူ့ကိုယ်သူ သံသယဝင်လာပြီဖြစ်သည်။


ငါက တကယ်ပဲ လေထုအခြေအနေကို မဖတ်တတ်တာများလား...


ဒါပေမယ့် ငါနဲ့ ဟယ့်လောင်ရှီးကြားထဲက ဆက်ဆံရေးက ပုံမှန်လို့ထင်ရတာပါပဲ... 


မဟုတ်မှ... ဟယ့်ကျင်းယွင်က ငါ့ကိုကြိုက်နေတာများလား...


ယဲ့ဇယ်ရှစ် နှုတ်ခမ်းစူလိုက်ပြီး အတွေးနွံထဲ နစ်သွားရသည်။


သူတို့နှစ်ယောက်က ဆက်ဆံရေးအလွန်အဆင်ပြေကြသည်။ ဟယ့်ကျင်းယွင်က သူ၏အစ်ကိုကြီးကဲ့သို့ပင် အမြဲတမ်း သူ့အတွက်တွေးပေးပြီး အာရုံစိုက်ပေးတတ်သည်။ ယဲ့ဇယ်ရှစ်၏ အမြင်တွင် ဟယ့်ကျင်းယွင်က အလွန်ဂရုစိုက်ပေးတတ်သည့် သူငယ်ချင်းတစ်ယောက်ပင်။ 


ဟယ့်ကျင်းယွင်အနားတွင် နေရသည်က အလွန်သက်တောင့်သက်သာရှိသည်။ သူ အများကြီးတွေးစရာမလိုဘဲ သူပြောချင်သည်ကို ပြော၍ရပြီး သူလုပ်ချင်သည်ကို လုပ်၍ရသည်။


အရေးကြီးဆုံးအချက်မှာ ဟယ့်ကျင်းယွင်၏ ဟင်းချက်လက်ရာက အရသာရှိဆဲဖြစ်သည်။


ထိုအစား သူအဖြေရှာရမည်က သူကိုယ်တိုင်၏ အပြုအမူပင်ဖြစ်သည်။


မနေ့ညက ဟယ့်ကျင်းယွင်က ငါ့လက်ကို ကိုင်လိုက်တာနဲ့ ဘာဖြစ်လို့ ငါက မျက်နှာတွေပူလာရတာလဲ...


အဆုံးတွင် ယဲ့ဇယ်ရှစ်တစ်ယောက် အဖြေတစ်ခုကို စဉ်းစားမိသွားလေသည်။

"အခုနောက်ပိုင်း ရာသီဥတုက ပိုပူလာလို့နေမှာ..." 


ဧပြီလကုန်ဆုံးပြီး မေလအစဖြစ်သောကြောင့် ရာသီဥတုက တဖြည်းဖြည်း ပူလာပြီဖြစ်သည်။ ကြည့်ရသည်မှာ အခန်းထဲတွင် ပြတင်းပေါက်တစ်ပေါက်မှ ဖွင့်ထားပုံမရပေ။ ဟယ့်ကျင်းယွင်၏ လက်ပေါ်ရှိ အပူချိန်က အလွန်မြင့်သောကြောင့် အပူကိုခံစားရသည်မှာပုံမှန်ပင်ဖြစ်သည်။


ယဲ့ဇယ်ရှစ် လူးလှိမ့်လိုက်ပြီး ဖုန်းကိုဘေးနားချထားလိုက်သည်။ 


ငါတော့ အဲဒီလိုပဲ တွေးလို့ရတာပဲ... 


အင်တာနက်ပေါ်က မှတ်ချက်တွေကတော့ မတွေးတာကောင်းတယ်... ပြီးတော့ ဟယ့်ကျင်းယွင်လည်း အဲဒီအချိန်တုန်းက အိပ်ပျော်နေခဲ့တာပဲလေ... 


ထိုအချိန်တွင် တစ်နေ့လည်ခင်းလုံးအိပ်ခဲ့သော ဟယ့်ကျင်းယွင်မှာ အားမာန်အပြည့်ဖြင့် Weibo တွင် ရှာဖွေနေလေသည်။


နာရီအနည်းငယ်အတွင်းမှာပင် ဟယ့်ရှစ်cpဖန်ဒမ်းမှာ နှစ်ဆဖြစ်သွားကာ ပို့စ်အရေအတွက်နှင့် ကျော်ကြားမှုနှုန်းမှာလည်း မိုးထိထိုးတက်သွားသည်။ 


ပို၍အရေးကြီးသည်မှာ ဟယ့်ရှစ်cpက သာမန်စီးပွားရေးအရ cpမျိုးမဟုတ်တော့ဘဲ ထိုသို့ hot search များတက်လာပြီးနောက်တွင် အင်တာနက်တစ်ခွင်လုံးနီးပါးကပင် ပျော်ပျော်ရွှင်ရွှင် cpတွဲပေးနေကြပြီဖြစ်သည်။


ဒါဆို အခုမေးခွန်းက: ယဲ့ဇယ်ရှစ်က ဘယ်လိုတွေးပြီး ဘာတွေဆက်လုပ်မှာလဲ...


ဟယ့်ကျင်းယွင် ထိုသို့တွေးနေခဲ့ခြင်းဖြစ်သည်။ သူ့နှုတ်ခမ်းမှာ တဖြည်းဖြည်း ကွေးတက်သွားရင်း hot search ကိုနှိပ်ကြည့်လိုက်သည်။


@ဟယ့်ရှစ်cpအလံကို မြင့်မြင့်မြှောက်ထားသူဆိုသည့် အကောင့်တင်ထားသည့် Weiboပို့စ်ကို ဟယ့်ကျင်းယွင်လည်း မြင်လိုက်ရသည်။


ရှိုးမှ ထိုအခန်းကို ယဲ့ဇယ်ရှစ်အိမ်တွင် ကြည့်လိုက်ရသောအခါ ဟယ့်ကျင်းယွင်နောက်ကျောမှ ကြက်သီးမွေးညှင်းများပင် ထောင်သွားရသည်။ ယဲ့ဇယ်ရှစ်၏ မေးခွန်းက သူ့ကို စိတ်လှုပ်ရှားစေခဲ့သည်။ သူ ယဲ့ဇယ်ရှစ်ကိုပင် လှည့်မကြည့်ရဲခဲ့ပေ။ ထို့ကြောင့် သူ၏စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ရန်အတွက် သူ ပြုံးရုံသာ ပြုံးနိုင်ခဲ့သည်။ 


ယဲ့ဇယ်ရှစ်အား အမှန်တရားကိုစောစောသိစေချင်သော်လည်း ဟယ့်ကျင်းယွင်က ထိုသည်ကို မပြင်မဆင်ရသေးဘဲ မသိစေချင်ပေ။


ကံကောင်းထောက်မစွာဖြင့် ယဲ့ဇယ်ရှစ်က အများကြီး မမေးခဲ့သောကြောင့် ဟယ့်ကျင်းယွင် သက်ပြင်းချနိုင်ခဲ့သည်။


သို့သော်ယခုတွင်မူ အင်တာနက်တစ်ခုလုံးက သူတို့၏cpဖန်များ ဖြစ်လာကြကာ အချို့ ကောက်ချက်များဆိုလျှင် အမှန်တကယ်ဖြစ်နေသည်။ ဟယ့်ကျင်းယွင်တစ်ယောက် သူ့ရင်ထဲတွင် မျှော်လင့်ချက်သေးသေးလေးတစ်ခု ရုတ်တရက် ပေါ်ပေါက်လာသည်။

ဒီတစ်ကြိမ်တော့ ယဲ့ဇယ်ရှစ် တစ်ခုခုကို သဘောပေါက်သွားလောက်မှာပါနော်...


အိပ်မက်နတ္ထိဖြစ်ခဲ့သည့် ညတစ်ညမှာ ကုန်ဆုံးသွားလေပြီဖြစ်သည်။

 

×××××


နောက်တစ်နေ့နံနက်စောစောတွင် ယဲ့ဇယ်ရှစ်ကို လေဆိပ်လိုက်ပို့ရန်အတွက် ယဲ့ဇယ်ရှစ်အိမ်သို့ ကောင်းရှူ ရောက်လာခဲ့သည်။


အိမ်ထဲမှ အပြင်သို့ထွက်လာရင်း ယဲ့ဇယ်ရှစ် တစ်ဖက်ဗီလာသို့ ကြည့်မိသည်။ 

ဟယ့်ကျင်းယွင် အိပ်နေတုန်းနေမှာပါ...


ယမန်နေ့က ဟယ့်ကျင်းယွင်၏ ခရီးစဉ်အကြောင်းကို ယဲ့ဇယ်ရှစ် မေးခဲ့သည်။ ဟယ့်ကျင်းယွင်က နေ့လည်ပိုင်းတွင် လုပ်စရာတစ်ခုခုရှိသောကြောင့် ညနေခင်းလေယာဉ်ဖြင့်သာ ထွက်ခွာမည်ဖြစ်သည်။


ဟယ့်ကျင်းယွင်‌ဆီသို့ ယဲ့ဇယ်ရှစ် စာပို့မည်အလုပ်တွင် ဟယ့်ကျင်းယွင်ဆီမှ အသံဖိုင်တစ်ခု ဝင်ရောက်လာခဲ့သည်။

"ဇယ်ရှစ်... အခု အိမ်ကထွက်နေပြီလား..."


ယဲ့ဇယ်ရှစ် အပေါ်သို့ မော့ကြည့်လိုက်သောအခါ ဟယ့်ကျင်းယွင်က ဒုတိယထပ် လေသာဆောင်မှနေ၍ သူ့ကို ပြုံးကာ လက်ရမ်းပြနေသည်ကို တွေ့လိုက်ရသည်။


"ဟုတ်တယ်..."

ယဲ့ဇယ်ရှစ် သူ၏နှုတ်ခမ်းထောင့်ကို မထိန်းချုပ်ထားနိုင်တော့ဘဲ ပြုံးမိသွားသည်။

"ဒါဆို ကျွန်တော်အရင်သွားနှင့်ပါ့မယ်... နောက်မှ တွေ့မယ်နော်..."


"အန္တရာယ်ကင်းပါစေ ပြီးတော့ ဂရုစိုက်ဦး..."

ဟယ့်ကျင်းယွင် အော်ပြောလိုက်သည်။


"ဟုတ်ကဲ့..."

ယဲ့ဇယ်ရှစ် ကားထဲသို့ အရင်ဝင်သွားလိုက်သည်။


ဟယ့်ကျင်းယွင်ကို ကောင်းရှူနှုတ်ဆက်လိုက်ပြီးမှ သူလည်း ကားထဲသို့ ဝင်လာခဲ့သည်။ 


သူ ကားထဲသို့ရောက်သည်နှင့် ကောင်းရှူ မေးလိုက်မိသည်။

"သခင်လေး ရုပ်ရှင်ဧကရာဇ်ဟယ့်က ဘယ်တုန်းက သခင်လေးနဲ့ အိမ်နီးချင်းဖြစ်သွားတာလဲ..."


ယဲ့ဇယ်ရှစ် ခဏကြောင်သွားပြီး မေးလိုက်မိသည်။

"ကျွန်တော် မပြောဖူးဘူးလား..."


"မပြောဖူးဘူး..."

ကောင်းရှူ အသံနက်ကြီးဖြင့် ပြောလိုက်သည်။


ယဲ့ဇယ်ရှစ် ခေါင်းညိတ်လိုက်သည်။

"ကြည့်ရတာ မပြောမိဘူးနဲ့တူတယ်... ဟုတ်ပြီလေ... အခုသိသွားပြီမလား..."


ကောင်းရှူ: "..."


ကောင်းပါပြီ သခင်လေးရဲ့ အိမ်နီးနားချင်းအကြောင်းကို မစုံစမ်းမိတဲ့ ငါ့ကိုပဲ အပြစ်တင်လိုက်ပါတော့... 


ကောင်းရှူခမျာ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ရပြီး ပြောလိုက်သည်။

"သခင်လေး အိမ်ပြောင်းရလိမ့်မယ်..."


"ဟမ်..."

ယဲ့ဇယ်ရှစ် ရုတ်တရက် ထိတ်လန့်သွားသည်။ 

"ဘာဖြစ်လို့ ပြောင်းရမှာတာလဲ..."


ကောင်းရှူ၏ အကြည့်က အလေးအနက်ဖြစ်သွားသည်။


"ဘာဖြစ်လို့လဲဆိုတော့... အခု သခင်လေးတို့နှစ်ယောက်မှာ cpဖန်တွေက အများကြီးရှိလာပြီလေ... သခင်လေးအတွက်နဲ့ ပြီးတော့ ရုပ်ရှင်ဧကရာဇ်ဟယ့်အတွက်ရော ရေကန်ဘေးက ဗီလာကနေ ခဏလောက် ပြောင်းနေဖို့ ကျွန်တော် အကြံပေးချင်တယ်..."



🎶🎶🎶