Chapter 85
Viewers 21k

🎶 Chapter 85



ဧည့်သည်အခန်းက ယဲ့ဇယ်ရှစ် အိပ်ခန်း၏ ဘေးကပ်ရပ်တွင်ရှိသည်။ ယဲ့ဇယ်ရှစ်၏အိမ် ဒုတိယအထပ်သို့ ဟယ့်ကျင်းယွင် ရောက်ဖူးသည်က ယခုက ပထမဆုံးအကြိမ်ဖြစ်လေသည်။ 


သူ တွေးထားသကဲ့သို့ မဟုတ်ဘဲ အခန်း၏အပြင်အဆင်က ရိုးရှင်းပြီး သပ်သပ်ရပ်ရပ်ရှိလှသည်။ 


"ဒါဆိုရင် ဟယ့်လောင်ရှီး... ဒီမှာ အရင်နားလိုက်ပါဦး... ကျွန်တော် နောက်မှ လာခေါ်လိုက်မယ်..." 

ယဲ့ဇယ်ရှစ် ဟယ့်ကျင်းယွင်ကို လက်ရမ်းပြလိုက်သည်။ 


ဟယ့်ကျင်းယွင် ခေါင်းညိတ်လိုက်သည်။


သူ အိပ်ရာပေါ်သို့ လှဲလိုက်သောအခါ သူ၏ ကြွက်သားများ ချက်ချင်းကို ပြေလျော့သွားလေသည်။ ဟယ့်ကျင်းယွင် တဖြည်းဖြည်းချင်း မျက်လုံးမှိတ်လိုက်သည်။ ရင်းနှီးနေသော ရနံ့တစ်ခုက နူးညံ့သည့် အိပ်ရာခင်းမှ ထွက်ပေါ်လာသည်။


ယဲ့ဇယ်ရှစ်ဆီက ရတတ်တဲ့ အမွှေးနံ့မျိုးပဲ...


ဟယ့်ကျင်းယွင်၏ နှုတ်ခမ်းမှာ ကော့ညွှတ်သွားပြီး ပို၍သက်တောင့်သက်သာရှိသည့် ပုံစံသို့ ပြောင်းအိပ်လိုက်သည်။ 


အခန်းထဲတွင် မီးလင်းလာသောအခါ ယဲ့ဇယ်ရှစ် tabletပေါ်ရှိ အချိန်ကို တစ်ချက်ကြည့်လိုက်သည်။ 


ညခုနှစ်နာရီထိုးပြီဖြစ်ကာ ဟယ့်ကျင်းယွင်ကို နှိုးရမည့် အချိန်ဖြစ်သည်။ 


ယဲ့ဇယ်ရှစ် tabletကို ပိတ်လိုက်ကာ အ‌ပေါ်ထပ်သို့ တက်သွားလိုက်သည်။ 


သို့သော် ယဲ့ဇယ်ရှစ် ဧည့်သည်ခန်းအရှေ့သို့ လျှောက်သွားလိုက်သည်နှင့် အကြောင်းပြချက်မရှိ အနည်းငယ် စိတ်လှုပ်ရှားသကဲ့သို့ ခံစားလိုက်ရသည်။ 


အတန်ကြာ တုံ့ဆိုင်းခဲ့ပြီးနောက် ယဲ့ဇယ်ရှစ် တံခါးကို ဖွင့်လိုက်သည်။ 


အခန်းထဲတွင် မီးမဖွင့်ထားပေ။ ပြတင်းပေါက်မှလာသော အလင်းရောင် မှိန်ဖျော့ဖျော့ကြောင့်သာ လူတစ်ယောက်၏ ပုံရိပ်ကို ခပ်ရေးရေး မြင်ရသည်။ 


ယဲ့ဇယ်ရှစ် အသက်တစ်ချက်ရှိုက်လိုက်ပြီး ညင်ညင်သာသာခေါ်လိုက်သည်။

"ဟယ့်လောင်ရှီး..."


အိပ်ရာပေါ်ရှိ ထိုသူမှာ လှုပ်ရှားခြင်းမရှိပေ။


ယဲ့ဇယ်ရှစ် ခဏတွေးလိုက်ပြီး အခန်းထဲရှိ မီးကို ဖွင့်လိုက်သည်။ မီးရောင်က မျက်စိစူးသွားမည်စိုးသောကြောင့် ပိုငြိမ်သည့် အဝါရောင်မီးကိုသာ ဖွင့်လိုက်သည်။ 


မီးများလင်းသွားသည်နှင့် အခန်းလည်း ချက်ချင်းလင်းထိန်သွားခဲ့သည်။ 


အိပ်ရာဘက်သို့ ယဲ့ဇယ်ရှစ် ကြည့်လိုက်မိသည်။ အိပ်ပျော်နေသော ဟယ့်ကျင်းယွင်က မီးရောင်ကို သတိထားမိသွားဟန်ရသည် သူ၏ မျက်ခုံးများ အနည်းငယ် တွန့်ရှုံ့သွားသည်။ 


လည်ချောင်းရှင်းလိုက်ကာ ယဲ့ဇယ်ရှစ် ထပ်ခေါ်လိုက်သည်။

"ဟယ့်လောင်ရှီး..."


အိပ်ရာပေါ်ရှိလူမှာ တုံ့ပြန်မှုမရှိသေးပေ။


ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ်ရှိရာဘက်သို့ လှဲထားကာ တံခါးဘက်သို့ မျက်နှာမူထားခြင်းဖြစ်သည်။ ဤရှုထောင့်မှကြည့်လျှင် ဟယ့်ကျင်းယွင်၏ မျက်နှာတစ်ခြမ်းမှာ စောင်ပုံကြားထဲမြုပ်နေကာ ထိုသူ၏ နှာတံမြင့်မြင့်နှင့် မှိတ်ထားသော မျက်ဝန်းများကိုသာ မြင်နိုင်လေသည်။ ဟယ့်ကျင်းယွင်၏ ထင်ရှားပြတ်သားသော မျက်နှာအစိတ်အပိုင်းများက ယခုအချိန်တွင် မီးအလင်းရောင်ကြောင့် ပို၍နူးညံ့သွားသ‌ကဲ့သို့ပင်ဟု အကြည့်တစ်ချက်တွင် ယဲ့ဇယ်ရှစ် ခံစားလိုက်ရသည်။ 


ယဲ့ဇယ်ရှစ်၏ မျက်လုံးထဲတွင် အသစ်အဆန်းများစွာ မြင်လိုက်ရသည်။ ဟယ့်ကျင်းယွင်၏ အိပ်ပျော်နေသော မျက်နှာကို ယဲ့ဇယ်ရှစ် ယခုမှသာ ပထမဆုံး မြင်ဖူးခြင်းဖြစ်သည်။ 


ပုံခိုးရိုက်ခြင်းက မယဉ်ကျေးသည့်အပြုအမူ မဟုတ်လျှင် ယဲ့ဇယ်ရှစ် သူ့ဖုန်းကို ထုတ်ယူပြီး ဟယ့်ကျင်းယွင်၏ ပုံကို ရိုက်ယူထားမိမှာပင်။


သူ့စိတ်ထဲရှိ ခပ်ဆိုးဆိုးအတွေးများကို ရှင်းထုတ်လိုက်ပြီး ယဲ့ဇယ်ရှစ် ထပ်ခေါ်လိုက်သည်။

"ဟယ့်လောင်ရှီး... အိပ်ရာထရမယ့် အချိန်ရောက်နေပြီ..."


ဟယ့်ကျင်းယွင်မှာ မလှုပ်မယှက်ရှိနေဆဲဖြစ်ကာ သူ့အသက်ရှူသံက ပို၍ညင်သာလာသည်။ သူ နောက်ထပ် ‌‌အိပ်ပျော်သွားသကဲ့သို့ပင်။


ယဲ့ဇယ်ရှစ် ရုတ်တရက် အကြံအိုက်သွားရသည်။


ဒီလိုဆို ဟယ့်ကျင်းယွင်နိုးအောင် ငါ နှိုးနိုင်ပါဦးမလား...


အချိန်အတန်ကြာ ခဲခဲယဉ်းယဉ်းစဉ်းစားပြီးနောက် ယဲ့ဇယ်ရှစ် ခြေနှစ်လှမ်းစာမျှ ပိုတိုးသွားလိုက်ပြီး ဟယ့်ကျင်းယွင်ကို ထပ်ခေါ်ရန် ပြင်လိုက်သည်။ 


သူ ဒီတစ်ကြိမ်မှ မနိုးတော့ဘူးဆိုရင် ငါ ထပ်မခေါ်တော့ဘူး...


ကြည့်ရတာ ဟယ့်ကျင်းယွင် မနေ့ညက ကောင်းကောင်းမအိပ်ခဲ့ရဘူးထင်တယ်... မဟုတ်ရင် သူ့မျက်လုံးအောက်က ညိုပြာနေတာကို ဘယ်လိုရှင်းပြမှာလဲ...


"ဟယ့်လောင်ရှီး..."

ယဲ့ဇယ်ရှစ် အိပ်ရာနံဘေးသို့ သွားလိုက်ပြီး စောင်ပေါ်သို့ အသာပုတ်လိုက်သည်။

"ဟယ့်လောင်ရှီး... ညစာစားဖို့ ထတော့လေ..."


ဟယ့်ကျင်းယွင် အတန်ကြာသည်အထိ မလှုပ်ရှားသည်ကို မြင်သောအခါ ယဲ့ဇယ်ရှစ် စောင်ကို ထပ်ပုတ်ရန် လက်မြှောက်လိုက်သည်။ ထိုအချိန်တွင် သူ့လက်က စောင်ကိုမထိမီ လက်တစ်ဖက်က ဆွဲယူလိုက်သည်ကို ခံလိုက်ရသည်။


"ပြဿနာ မရှာစမ်းပါနဲ့..."

ဟယ့်ကျင်းယွင်၏ အသံမှာ အိပ်ချင်မူးတူးဖြင့် အနည်းငယ် အက်ရှနေခဲ့သည်။


ယဲ့ဇယ်ရှစ်၏လက်ကို ဆုပ်ကိုင်ထားသော နွေးထွေးသည့်လက်မှာ အနည်းငယ်အားပါသောကြောင့် ယဲ့ဇယ်ရှစ် ရုန်းမထွက်နိုင်ခဲ့ပေ။


"ပြဿနာ မရှာစမ်းပါနဲ့..."

ဟယ့်ကျင်းယွင်က အက်ရှသောအသံဖြင့် ထပ်ပြောလာသည်။ 

"ငါ့ကို ခဏလောက် ထပ်အိပ်ခွင့်ပေး..."


အဆုံးသတ်အသံက နက်ရှိုင်းလှကာ ယဲ့ဇယ်ရှစ်၏ အကြားအာရုံထဲတွင် စွဲထင်ကျန်ရစ်ခဲ့သည်။ ထိုလေသံထဲတွင် လွှမ်းမိုးချုပ်ကိုင်လိုသည့် အရိပ်အငွေ့များပင် ပါနေသည်။


ယဲ့ဇယ်ရှစ်၏ မျက်နှာရှိ အပူချိန်မှာ ရုတ်တရက် ပူနွေးလာခဲ့ရပြီး သူ့ ခန္ဓာကိုယ်လည်း လှုပ်ရှားခြင်း ရပ်တန့်သွားသည်။ 


ဒီလိုမျိုးနဲ့ ငါ ဘယ်လိုလုပ် လှုပ်နိုင်တော့မှာလဲ... 


ဒါပေမယ့်... ဟယ့်လောင်ရှီးက ငါ့လက်ကို ကိုင်ထားတယ်လေ...


သူထွက်သွားချင်လျှင်ပင် ယဲ့ဇယ်ရှစ်တစ်ယောက် ထွက်မသွားနိုင်တော့ပေ။


ထိုသူ၏ လက်ချောင်းများက သွယ်လျနေကာ လက်ဆစ်များက ပြေပြစ်လှသည်။ လက်သည်းများကိုလည်းသေသပ်စွာ တိတိရိရိ ညှိထားသည်။ လက်ချောင်းတစ်ဝိုက်တွင် အသားမာ သေးသေးလေးရှိနေသောကြောင့် ကိုင်ထားရသည်က တစ်နည်းတစ်ဖုံ ကြမ်းရှရှလေးဟု ခံစားရသည်။ 


ဆက်သွယ်ထား‌သောလက်များမှတစ်ဆင့် ဟယ့်ကျင်းယွင်၏ ခန္ဓာကိုယ်အပူချိန်က ယဲ့ဇယ်ရှစ်ထံသို့ အဆက်မပြတ် စီးဆင်းလာခဲ့သည်။ 


ယဲ့ဇယ်ရှစ် ထိုလက်ကို အတန်ကြာ ငေးကြည့်နေရင်း လွန်ခဲ့သည့်တစ်ပတ်က လက်ချင်းတွဲထားသည်ဆိုသည့် ပို့စ်ကို အမှတ်ရမိသွားသည်။


လက်ချင်းတွဲတာလား...


ဒါဆို အခုရော ဟယ့်ကျင်းယွင်နဲ့ လက်ချင်းတွဲထားတယ်လို့ ခေါ်လို့ရလား... 


သူငယ်ချင်းတွေက သေချာပေါက် လက်ချင်းတွဲလို့ရတာပေါ့... ဒါပေမယ့် အခုအချိန်မှာ ငါ့နှလုံးသားက ဘာဖြစ်လို့ အရမ်းခုန်နေရတာလဲဆိုတာကို ဘယ်သူရှင်းပြပေးနိုင်မလဲ...


သေချာပေါက်ကို ဒါက သူငယ်ချင်း အချင်းချင်း လက်ချင်းတွဲတာပဲလေ... 


ရင်ဘက်ထဲရှိ နှလုံးခုန်နှုန်းက ပို၍ ပြင်းထန်လာသည်။ အချိန်တစ်ခုကြာသောအခါ အခန်းထဲရှိ လေထုပင် ပါးလွှာလာသကဲ့သို့ ယဲ့ဇယ်ရှစ်၏ အသက်ရှူနှုန်းက မဆိုသလောက် မြန်ဆန်လာရသည်။


ဒီအတိုင်းတော့ ဆက်သွားလို့ မရတော့ဘူး... 


ယဲ့ဇယ်ရှစ် သူ့လက်ကို ဆွဲထုတ်ရန် ကြိုးစားလိုက်သည်။ 


ယခုအကြိမ်က ယခင်အကြိမ်များလောက် မခဲယဉ်းတော့ချေ။ ယဲ့ဇယ်ရှစ် အနည်းငယ် လှုပ်ရှားရုံသာရှိသေးသော်လည်း ဟယ့်ကျင်းယွင်က လွှတ်ပေးလိုက်သည်။ 


လက်အလွှတ်ခံလိုက်ရသည်နှင့် ယဲ့ဇယ်ရှစ် စိတ်သက်သာရာရသွားသည်။ 


ထိုခဏတွင် ယဲ့ဇယ်ရှစ်တစ်ယောက် ဟယ့်ကျင်းယွင်ကို နောက်ထပ်မနှိုးရဲတော့ပေ။


ထားလိုက်ပါ... ဟယ့်လောင်ရှီးကို သူနိုးတဲ့အထိ အိပ်ခိုင်းလိုက်ပါတော့မယ်... ညစာအတွက်ကတော့ ပါဆယ်မှာစားလိုက်လို့ရတာပဲ...


ယဲ့ဇယ်ရှစ် အခန်းမီးကို ပြန်ပိတ်လိုက်ပြီး အခန်းထဲမှ တိတ်တဆိတ် ပြန်ထွက်သွားသည်။ တံခါးပိတ်သွားသည်နှင့် သူ့မျက်နှာကို လက်ဖြင့်အုပ်ကိုင်မိလိုက်သည်။ 


ဘာဖြစ်လို့ သူ့မျက်နှာက အရမ်းပူနေရတာလဲ... 


တစ်ချိန်တည်းမှာပင် အခန်းထဲရှိ ဟယ့်ကျင်းယွင်ကလည်း တဖြည်းဖြည်းလူးလှိမ့်လာခဲ့ပြီး ယဲ့ဇယ်ရှစ်ကို မိနစ်အနည်းငယ်ခန့် ဆုပ်ကိုင်ခဲ့သော သူ့လက်ကို မြှောက်ကြည့်လိုက်ကာ သူ့မျက်နှာပေါ် အုပ်တင်ထားလိုက်သည်။


ငါ ဘာတွေလုပ်ခဲ့မိတာလဲ... 


ယဲ့ဇယ်ရှစ် စောင်ကိုပုတ်ပြီး သူ့ကိုခေါ်နှိုးစဉ်က ဟယ့်ကျင်းယွင် မနိုးသေးပေ။ ထို့ကြောင့် သူ မသိလိုက်ဘဲ ယဲ့ဇယ်ရှစ်လက်ကို ဆုပ်ကိုင်မိသွားခြင်းဖြစ်သည်။


သို့သော် တစ်ဖက်လူ၏လက်ကို ဆုပ်ကိုင်မိလိုက်ခါမှ တစ်ခုခုမှားနေပြီဖြစ်ကြောင်း သူ သတိပြုမိလိုက်သည်။


ထိုလက်လေးက အလွန်အေးစက်နေပြီး နူးညံ့နေကာ ကိုယ်သင်းနံ့လေးကလည်း အလွန်ရင်းနှီးနေခဲ့သည်။ ထိုသူက ယဲ့ဇယ်ရှစ်ပင်။


ယဲ့ဇယ်ရှစ်မှန်း သိလိုက်ရသည်နှင့် ဟယ့်ကျင်းယွင် လက်လွှတ်ပေးလိုက်သင့်သည်။


သို့သော် သူ မလွှတ်ပေးချင်ခဲ့ပေ။


သူ လက်မလွှတ်ပေးချင်ရုံသာမက ထိုလက်လေးကို ဆက်လက်ဆုပ်ကိုင်ထားချင်မိသည်။


လက်ကိုဆုပ်ကိုင်ထားခြင်းကို အားမရသေးဘဲ သူ ယဲ့ဇယ်ရှစ်ကို ဆွဲခေါ်ပြီး ခဏလေး အတူနေချင်မိခဲ့သည်။


ကံကောင်းထောက်မစွာဖြင့် သူ၏ စိတ်မှာ ရှင်းလင်းနေသောကြောင့် ထိုသို့လုပ်၍မရကြောင်းကို ဟယ့်ကျင်းယွင်တစ်ယောက် နားလည်လေသည်။


သို့သော် တစ်ယောက်ယောက်က သင့်ကိုလာနှိုးခဲ့ပြီး ထိုသူ၏လက်ကို ကိုင်ထားလျက်သားဖြင့် နိုးလာခဲ့ပါက ထိုအခြေအနေက နည်းနည်း ကြောင်တောင်တောင်နိုင်ပေလိမ့်မည်။ 


ဟယ့်ကျင်းယွင် သူ့မျက်ခုံးနှစ်ဖက်ကို စုကျုံ့လိုက်မိသည်။ 


သူ တစ်ဖက်သို့ လှိမ့်လိုက်ပြန်သည်။ သူလှုပ်ရှားလိုက်သည်နှင့် အိပ်ရာခင်းဆီမှ ရင်းနှီးနေသော ရနံ့လေးက နှာခေါင်းနားတွင် သင်းပျံ့လာပြန်သည်။ 


ဟယ့်ကျင်းယွင် တဖြည်းဖြည်းနှင့် စိတ်တည်ငြိမ်လာခဲ့သည်။ 


အမှန်ပြောရလျှင် ယဲ့ဇယ်ရှစ်က ယခုအခြေအနေကို ထူးဆန်းသည်ဟု ခံစားရသည်ကလည်း မကောင်းသည်တော့ မဟုတ်ပေ။ 


ယဲ့ဇယ်ရှစ် မေးခွန်းများမေးလာပါက အလိုက်သင့်ပြန်ဖြေရင်းဖြင့် အခြေအနေကို ရှေ့ဆက်တိုးနိုင်လေသည်။ 


ဟယ့်ကျင်းယွင်၏ နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားလေသည်။ 

အကြာကြီး မျှားထားခဲ့ရတာ နောက်ဆုံးတော့ ပိုက်ကွန်သိမ်းချိန်ရောက်ပြီပေါ့...


မဟုတ်လျှင် ထိုငါးလေးက ထွက်ပြေးသွားလိမ့်မည်။ 


နာရီဝက်ခန့် အိပ်ရာပေါ်တွင် ငြိမ်သက်စွာ လှဲလျောင်းခဲ့ပြီးနောက် ဟယ့်ကျင်းယွင် အိပ်ရာထဲမှ ထွက်ခဲ့ပြီး အောက်ထပ်သို့ ဆင်းသွားလိုက်သည်။ 


လှေကားမှ အသံကြား၍ ယဲ့ဇယ်ရှစ် တစ်ချက်မော့ကြည့်လိုက်သောအခါ ဟယ့်ကျင်းယွင်နှင့် အကြည့်ချင်းဆုံသွားရသည်။


ယဲ့ဇယ်ရှစ်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုပေါ်လာသည်။

"ဟယ့်လောင်ရှီး... နိုးပြီလား..."


ဟယ့်ကျင်းယွင်လည်း ခပ်ရေးရေးပြုံးနေခဲ့ကာ ခေါင်းညိတ်လိုက်သည်။

"အင်း..."


"ကျွန်တော် ပါဆယ်မှာထားတာက ခဏနေရင်ရောက်တော့မယ်... ပြီးရင် ကျွန်တော်တို့ စားရင်းနဲ့ "အစားအသောက်နှစ်သက်သူတစ်ယောက်၏ မှတ်တမ်း"ကို အတူတူကြည့်လို့ရပြီ..."


ဟယ့်ကျင်းယွင် မျက်မှောင်ကြုတ်လိုက်သည်။

"ကြည့်ရတာ ငါ အိပ်တာလွန်သွားတယ်ထင်တယ်... ငါထချက်လိုက်ရမှာကို..."


"လောင်ရှီးက ပင်ပန်းနေခဲ့ရတာပဲ... လောင်ရှီး ကောင်းကောင်းအနားယူသင့်တယ်... ညစာအတွက် ဘာဖြစ်လို့ စိတ်ပူနေမှာလဲ... ပါဆယ်မမှာလို့ မရတာလဲ မဟုတ်ဘဲနဲ့..." 


ဟယ့်ကျင်းယွင် အောက်ထပ်ကို အမြန်ဆင်းလာပြီး ယဲ့ဇယ်ရှစ်ဘေး‌တွင် ဝင်ထိုင်လိုက်ကာ သဘာဝကျကျ ဟန်ဆောင်နေလိုက်သည်။

"စောနက ခေါ်နှိုးတာကို ကြားလိုက်ရသလိုပဲ..."


ယဲ့ဇယ်ရှစ်၏ နားရွက်ဖျားလေး အနည်းငယ်လှုပ်ခတ်သွားကာ TVကြည့်နေသည့် သူ၏မျက်ဝန်းများမှာ လှုပ်ရှားခြင်းမရှိ တည်ငြိမ်လျက်ပင်။ ထို့နောက် သူ ပုံမှန်အတိုင်း ခေါင်းညိတ်ပြလိုက်သည်။ 

"ဟုတ်တယ်... ကျွန်တော် လောင်ရှီးကို လာနှိုးသေးတယ်... ဒါပေမယ့်..."


ယဲ့ဇယ်ရှစ် အသံကိုဆွဲလိုက်ပြီး ဟယ့်ကျင်းယွင်ကို လှည့်ကြည့်လိုက်သည်။ 

"မအောင်မြင်ခဲ့ဘူးလေ... လောင်ရှီး ဆက်အိပ်ချင်နေသေးတယ်လို့ ကျွန်တော်ထင်တာနဲ့ ... ဒီအတိုင်းအိပ်ပါစေဆိုပြီး ပြန်ထွက်လာခဲ့လိုက်တာ... "


ယဲ့ဇယ်ရှစ်၏ မျက်နှာအမူအရာကို ဟယ့်ကျင်းယွင် သေချာအကဲခတ်ပြီး သူ ဆက်ပြောလိုက်သည်။

"ဟုတ်လား... မနေ့ညက နည်းနည်းပင်ပန်းသွားတာနဲ့ မင်း အထဲဝင်လာပြီး နှစ်ခါခေါ်နှိုးတာကို ဝါးတားတားပဲ ကြားလိုက်ရတာ... ပြီးတာနဲ့ ပြန်အိပ်ပျော်သွားရော..."


သူ "ဝင်လာပြီး" ဆိုသည့်စကားကိုအနည်းငယ် အသားပေးပြောလိုက်သည်။


သို့သော်လည်း ယဲ့ဇယ်ရှစ်က နားလည်ပုံပေါ်ပေ။ သူ ခေါင်းညိတ်ပြီး ထောက်ခံလိုက်သည်။

"ဟုတ်တယ်... လောင်ရှီး တော်တော်ကို အိပ်ပျော်နေခဲ့တာ..."


တစ်ချိန်တည်းမှာပင် နှစ်ယောက်လုံး တိတ်ဆိတ်သွားသည်။ 


ဟယ့်ကျင်းယွင် နှုတ်ခမ်းကိုစုလိုက်ပြီး သူ့ဘေးရှိ ယဲ့ဇယ်ရှစ်ကို လှည့်ကြည့်လိုက်သည်။


ဘာလို့ ဘာမှ မမေးရတာလဲ...


ယဲ့ဇယ်ရှစ်တစ်ယောက် သူ့ရင်ထဲတွင်သာ သက်ပြင်းချလိုက်မိသည်။


ဟယ့်လောင်ရှီးက အိပ်ပျော်နေခဲ့တာဆိုတော့ ငါ့လက်ကိုကိုင်ပြီး ခဏလောက် အိပ်ပျော်သွားတာကို မမှတ်မိဘူးဆိုတဲ့သဘောပေါ့...


တော်သေးတယ်... တကယ်ကို တော်သေးတယ်... 


လေထုအခြေအနေက တဖြည်းဖြည်းတိတ်ဆိတ်လာသောကြောင့် ဧည့်ခန်းထဲရှိ TVမှ ကြော်ငြာအသံကိုသာ ကြားနေရသည်။


ထိုစဉ် ရင်းနှီးနေသည့်ပုံရိပ်တစ်ခုက ထွက်ပေါ်လာသည်။ ထို‌ကြော်ငြာက ယဲ့ဇယ်ရှစ်၏ Bulgari ကြော်ငြာ ဖြစ်သည်။


ယဲ့ဇယ်ရှစ် ထိုပုံများကို အနည်းငယ် ရှက်မိသောကြောင့် လိုင်းပြောင်းမည်အလုပ်တွင် ဘေးနားရှိ ဟယ့်ကျင်းယွင်က နောက်ဆုံးတွင် စကားပြောလာသည်။

"ဒါရိုက်တာက သူ့အလုပ်သူ ကောင်းကောင်းသိတာပဲ..."


"ဟမ်..."

ယဲ့ဇယ်ရှစ် ခေတ္တမျှ ကြောင်သွားသည်။


ဟယ့်ကျင်းယွင်ပြောလာသည်။ 

"နောက်စီစဉ်က "အစားအသောက်နှစ်သက်သူတစ်ယောက်၏ မှတ်တမ်း" မလား... မင်းရဲ့ ကြော်ငြာကို အရင်ပြပြီးရင် တခြားဧည့်သည်တွေရဲ့ ကြော်ငြာကိုပြလိမ့်မယ် အဲ့ဒီလိုနဲ့ ဖန်တွေကို ဒီလိုင်းကို ရွှေ့လာအောင်လုပ်တာလေ..."


ဟယ့်ကျင်းယွင် ပြောသည်မှာ အတိအကျပင်။


မိနစ်အနည်းငယ် အကြာတွင် TVမှ ယဲ့ဇယ်ရှစ်၊ ယို့ကျားနှင့် ဝေ့ပေတို့၏ ကြော်ငြာများကို အသီးသီး ထုတ်လွှင့်ခဲ့သည်။


ယဲ့ဇယ်ရှစ်၏ ကြော်ငြာကို နှစ်ကြိမ်ခန့် ထုတ်လွှင့်ပြီးသောအခါ ယဲ့ဇယ်ရှစ် မျက်မှောင်ကြုတ်လိုက်ပြီး သူ မနေနိုင်တော့ဘဲ နံဘေးရှိ ဟယ့်ကျင်းယွင်ကို မေးခွန်းမေးလိုက်သည်။ 

"ဟယ့်လောင်ရှီး... ကျွန်တော့်မှာ မေးစရာရှိတယ်..."


ဟယ့်ကျင်းယွင် ရင်ခုန်သွားကာ အနည်းငယ် ခပ်မတ်မတ်ပြင်ထိုင်လိုက်မိပြီး အသက်အောင့်ထားမိသည်။


နောက်ဆုံးတော့ မေးပြီလား...


အသက်တစ်ချက်ရှူလိုက်ပြီး ဟယ့်ကျင်းယွင် ပြုံးလိုက်သည်။

"ရတယ်... ဆက်ပြောလေ..."


ယဲ့ဇယ်ရှစ် မျက်မှောင်ကြုတ်ထားဆဲဖြစ်ပြီး TVကို လက်ညှိုးထိုးပြကာ သိချင်စိတ်အပြည့်ဖြင့် မေးလိုက်သည်။

"ဘာဖြစ်လို့ ကျန်တဲ့လူသုံးယောက်ရဲ့ ကြော်ငြာတွေကိုပဲပြပြီးတော့ လောင်ရှီးရဲ့ ကြော်ငြာကိုမပြရတာလဲ... ဟယ့်လောင်ရှီး... လောင်ရှီးမှာ ကြော်ငြာရိုက်ထားတာ မရှိဘူးလား..."


ဟယ့်ကျင်းယွင်: "..."


ငါ ဘာတွေမျှော်လင့်နေမိတာလဲ...


ဟယ့်ကျင်းယွင် မသိမသာ သက်ပြင်းချလိုက်မိသည်။

"ပြီးခဲ့တဲ့နှစ်က ကြော်ငြာလက်မခံခဲ့ဘူး..."


"ဟင်... ဘာဖြစ်လို့လဲ..."

ယဲ့ဇယ်ရှစ် စပ်စုလိုက်သည်။


ဟယ့်ကျင်းယွင်ခမျာ သူ့ရင်ထဲတွင်သာ သက်ပြင်းချလိုက်ရသည်။

မင်းကို ငါ့ကြော်ငြာပေးခဲ့တာလေ...


(T/N - Bulgari ကြော်ငြာလေးပါ😆)


"အခုနှစ်ပိုင်း အချိန်စာရင်းက တော်တော်ကြပ်နေတာ... ပြီးတော့ ရုပ်ရှင်အတွက်လည်း ပြင်ဆင်ရသေးတာဆိုတော့ အချိန်မရှိလို့... "

ဟယ့်ကျင်းယွင် ပြုံးလျက်သာ ပြောလိုက်သည်။


"အဲ့ဒါပဲလား..."

ယဲ့ဇယ်ရှစ် မူလက တစ်ခုခု ထပ်ပြောချင်သေးသော်လည်း သူဆက်မပြောနိုင်မီ ပါဆယ်ရောက်ကြောင်း ဖုန်းဝင်လာခဲ့သည်။ 


ယဲ့ဇယ်ရှစ် ပါဆယ်ယူပြီး ပြန်‌လာသောအခါ ရသစုံရှိုးကို စလွှင့်နေပြီဖြစ်သည်။ 


သူတို့နှစ်ယောက် စားရင်းဖြင့် ရှိုးကို စကြည့်လိုက်ကြသည်။ 


သူတို့နှစ်ယောက် လက်ချင်းတွဲသည့် နေရာသို့ရောက်သောအခါ ဟယ့်ကျင်းယွင် မနေနိုင်ဘဲ ယဲ့ဇယ်ရှစ်ကို တစ်ချက် လှည့်ကြည့်လိုက်မိသည်။


ထိုအချိန်တွင် ယဲ့ဇယ်ရှစ်လည်း ဟယ့်ကျင်းယွင်ကို လှည့်ကြည့်လိုက်သောကြောင့် နှစ်ယောက်သား မျက်လုံးချင်းဆုံမိပြန်သည်။ 


ယဲ့ဇယ်ရှစ် လန့်သွားကာ ချက်ချင်း အဝေးသို့ အကြည့်လွှဲလိုက်သည်။ 


ဟယ့်ကျင်းယွင်၏ နှုတ်ခမ်းမှာမူ ကွေးညွတ်သွား‌လေသည်။ 


TVတွင် ကြည့်ရသည်က အွန်လိုင်းမှ တိုက်ရိုက်လွှင့်သည်ကို ကြည့်ရသည့်ထက် ပိုကောင်းလေသည်။ ဖန်သားပြင်တွင် တက်လာတတ်သည့် မှတ်ချက်များမရှိသောကြောင့်ဖြစ်သည်။


သို့သော်လည်း ထိုအခန်းက စိတ်ကူးယဉ်ဆန်ဆဲ ဖြစ်သည်။


ရုတ်တရက် ဟယ့်ကျင်းယွင်တစ်ယောက် ယဲ့ဇယ်ရှစ်ကို ခေါ်လိုက်သည်။

"ဇယ်ရှစ်..."


ယဲ့ဇယ်ရှစ် ခပ်မတ်မတ်ထိုင်မိသွားသော်လည်း မကြာမီ ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားသည်။

"ဘာဖြစ်လို့လဲ...ဟယ့်လောင်ရှီး..."


ဟယ့်ကျင်းယွင် ယဲ့ဇယ်ရှစ်ကိုကြည့်လိုက်ပြီး ပုံမှန်လေသံဖြင့် ပြောလိုက်သည်။

"ဒီအပိုင်းလွှင့်ပြီးတာနဲ့ သေချာပေါက်ကို ငါတို့မှာ cpဖန်တွေ ပိုများလာတော့မှာပဲ..."


ယဲ့ဇယ်ရှစ် အရှေ့ရှိ TVကိုမော့ကြည့်လိုက်သည်။ TVဖန်သားပြင်ထက်တွင်မူ ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ်လက်ကို မလွှတ်တမ်းဆွဲထားပြီး ပြေးနေခဲ့သည်။


နံဘေးရှိ ယဲ့ဇယ်ရှစ်၏လက်မှာမူ အနည်းငယ် တောင့်တင်းသွားလေသည်။


လက်လေးကိုင်ရုံပဲလေ...ဘာဖြစ်လို့ အဲ့ဒီလောက် တင်းကျပ်နေအောင် ကိုင်ထားတာလဲလို့...



🎶🎶🎶