Chapter 83
Viewers 21k

🎶 Chapter 83



Weibo ပို့စ်သုံးခုတက်လာသည်မှာ စက္ကန့်အနည်းငယ်သာ ခြားလေသည်။ တစ်ချိန်တည်းနီးပါး တင်လိုက်သည်ဟုပင် ပြောနိုင်သည်။ 


ထို့ကြောင့် သူတို့သုံးယောက်လုံးကို follow ထားသောလူများ၏ Weibo ပင်မစာမျက်နှာတွင် ဤကဲ့သို့ဖြစ်နေခဲ့သည်။


@ထန်ကျင့်: Truth or dare ဂိမ်းမှာ‌ရှုံးသွားခဲ့တယ်... ငါရှုံးသွားတဲ့အတွက် တောင်းဆိုတာကို ဖြည့်ဆည်းပေးရတော့မယ် #မျက်နှာကိုဖုံးထား# , အားလုံးကို ပြဿနာတက်သွားစေမိရင် တောင်းပန်ပါတယ်...


@ယဲ့ဇယ်ရှစ်: "ငါ‌ အဲဒါကို ထောက်ခံပါတယ်..."


@ဟယ့်ကျင်းယွင်: "+1..."


[??? ဘယ်လိုအခြေအနေကြီးလဲ...]


[ပြောင်းပြန်လှန်ပစ်တော့မယ်ပေါ့...]


[ငါ့ကိုလန့်အောင်လုပ်နေတာပဲ... ငါ တကယ်ကြီးလို့ ထင်သွားခဲ့တာ... ထန်ထန်ကြောင့် လန့်ပြီးသေတော့မလို့... QAQ ကျေးဇူးပြုပြီး နောက်ဆို အဲ့ဒီလိုဟာသမျိုးတွေ မလုပ်ပါနဲ့... ငါ့နှလုံးသားလေးက မခံနိုင်ဘူး...]


[လခွမ်း... ဒီကရှီးထန်ဖန်လေးက အခုလေးတင်ရလာတဲ့ အချိုလေးကြောင့် ကျေနပ်ပီတိဖြစ်နေတာကို... အခုတော့ အဲ့ဒါက ဂိမ်းရှုံးလို့ အပြစ်ပေးခံရတာလို့ ပြောလိုက်တာပေါ့လေ... ငါနားမထောင်ဘူး... မသိဘူးပဲ...]


[cpဖန်တွေ အရူးထမပေးလို့ရမလား... တစ်ညလုံး မင်းတို့ရဲ့ အရေးမပါတာတွေနဲ့ အူနေကြတာ... ထန်ထန်က ဘာဖြစ်လို့ မင်းတို့ကို အမှန်အတိုင်းမပြောလို့ မရရမှာလဲ...]


[ဟုတ်တယ်... အခုချိန်မှာ ထန်ထန်ရဲ့ အချစ်‌ရေးသတင်းက သူ့အတွက် ဘာများကောင်းလို့လဲ... မင်းတို့ သူ့အတွက် ကောင်းတာမဖြစ်စေချင်ကြဘူးလား...]


[ဟူး... ငါ တကယ်ကို စိတ်လျှော့သွားတယ်... ရှင်းပြလိုက်တာကောင်းတယ်... ငါ တစ်ချိန်လုံးစိုးရိမ်နေခဲ့ရတာ... ထန်ထန် မင်းက အခုမှ မင်းရဲ့အလုပ်အကိုင်မှာ ထွန်းသစ်စဖြစ်နေတုန်းလေ... ဟုတ်ပါတယ်... ရည်းစားထားတယ်ဆိုတာကလည်း မကောင်းတာတော့မဟုတ်ပါဘူး... ဒါပေမယ့် ထန်ထန်ရဲ့အနုပညာဖန်တစ်ယောက်အနေနဲ့ ထန်ထန့်ကို သူ့အနုပညာအလုပ်အပေါ်မှာပဲ အာရုံစိုက်ဖို့ ငါမျှော်လင့်တာပါပဲ...]


[ကံကောင်းလို့ ဂိမ်းဖြစ်နေလို့ပေါ့... ငါ့ညီမဆို ငါ့ဆီ တစ်ညလုံးလာငိုနေတာ သူ့လည်ပင်းတောင် ယောင်ချင်သွားတယ်... အခုတော့ သူ တကယ်ကို စိတ်သက်သာရာရသွားရှာပြီ... ]


[နေပါဦး... ငါဘာကိုရှာတွေ့သွားပါလိမ့်... ဒါဆို ရှစ်ရှစ်၊ ထန်ထန်နဲ့ ဟယ့်လောင်ရှီးတို့က အတူတူ ညစာစားခဲ့ကြတာပေါ့...]


[အဲ့ဒီလိုထင်ရတာပဲ... နတ်ဘုရားက သူနဲ့မဆိုင်ဘူးဆိုရင် Weiboပို့စ်ကို ပြန်တင်မှာ မဟုတ်ဘူး... အခုတော့ သူက ထန်ကျင့်ရဲ့ ပို့စ်ကို ပြန်တင်ခဲ့တယ်လေ... ဆိုလိုတာက သူတို့သုံးယောက် အဲဒီမှာ တစ်ချိန်တည်းရှိနေခဲ့ကြတာဘဲ...]


[ဒီလိုဆိုတော့... ကြည့်ရတာ တကယ်ပဲ ဂိမ်းဆော့ကြတာနေမှာပါ...]


[ငါ တစ်ညလုံးပျော်ခဲ့ရတာက အခုတော့ အဓိပ္ပာယ်မရှိဖြစ်သွားပြီ... ဝူး... အခုတော့ ဂိမ်းတစ်ခုကြောင့်ဆိုပြီး လာပြောနေပြီ... ငါ့cpလေးက ထပ်မြုပ်သွားပြန်ပြီ...]


[အစက ထန်ကျင့်ရဲ့ Weibo ကို မြင်လိုက်ရတော့ မဖြစ်နိုင်ဘူးလို့တောင် တွေးနေခဲ့တာ... အခုမှ ဂိမ်းတစ်ခုဖြစ်နေမှန်း ရှင်းသွားတော့တယ်...]


[ငါလည်း အဲဒီလိုထင်ခဲ့တာ Weibo ပို့စ်က အစစ်မဟုတ်လောက်ဘူးလို့ပေါ့... အခု‌နောက်ပိုင်း သူတို့ရဲ့ အလုပ်အကိုင်လမ်းကြောင်းကို သူတို့ကိုယ်တိုင် ဖျက်ဆီးတဲ့ အနုပညာရှင်တွေက ရှားလာပါပြီ...]


[သူတို့ရဲ့ရှင်းပြချက်ကို ဘာဖြစ်လို့ ဒီတိုင်းလေးပဲ ယုံလိုက်ကြတာလဲဟင်... တခြားတစ်ဖက်ကပြောရရင် အဲ့ဒီကိစ္စက တကယ်ကြီးဖြစ်နိုင်လောက်တယ်နော်... တကယ်လို့ ဂိမ်းတစ်ခုပဲဆိုရင် ထန်ကျင့်က ပရိသတ်တွေကို ချက်ချင်း ရှင်းပြလာမှာပဲလေ... လူထုအာရုံကို တစ်နာရီကျော်တဲ့အထိ ဆွဲယူပြီးမှ ချက်ချင်းကြီး ထရှင်းတယ် ဆိုတာကတော့... အရေးကြီးဆုံးအချက်က ထန်ကျင့်က သူတို့တွေ သောက်ရင်းနဲ့ ဂိမ်းဆော့တာ ရှုံးခဲ့တယ်လို့ ပြောခဲ့တာနော်... ဒါဆို ဘယ်မှာလဲ ဓာတ်ပုံတွေက... သူတို့ ဒီကိစ္စကို ရှင်းပြချက်ပေးဖို့လို့ ထွက်လာပေမယ့် သူတို့အတူတူ‌ဆုံတဲ့ ဓာတ်ပုံတွေက ဘာဖြစ်လို့ တက်မလာရတာလဲ...]


[ငါလည်း အဲဒီကိစ္စကို နည်းနည်းအကွက်မကျဘူးလို့ ခံစားနေရတယ်... ဒါပေမယ့် ယဲ့ဇယ်ရှစ်ကိုယ်တိုင်က ပို့စ်ကို ပြန်တင်တယ်ဆိုတော့ အမှားကြီးတော့ မဖြစ်နိုင်လောက်ပါဘူး...]


[ငါ လျှောက်ရှာကြည့်ရင်းနဲ့ သူတို့သုံးယောက် ဘားတစ်ခုကနေ ထွက်လာတဲ့ ဓာတ်ပုံတွေကို တွေ့လိုက်ရတယ်...]


[ဘယ်မှာလဲ... ငါ့ကိုပြပါဦး...]


မကြာမီ အချို့အင်တာနက်အသုံးပြုသူများက ဓာတ်ပုံများကို Weibo တွင် တင်လိုက်ကြသည်။ ထို့အပြင် ဆယ်စက္ကန့်ကျော်သည့် ဗီဒီယိုတစ်ပုဒ်လည်း ပါဝင်သေးသည်။ ထိုဗီဒီယိုက အဝေးမှရိုက်ထားပုံပေါ်သော်လည်း ဟယ့်ကျင်းယွင်နှင့် ယဲ့ဇယ်ရှစ်ကို သေချာသဲသဲကွဲကွဲမြင်ရသည်။ သူတို့နှစ်‌ယောက်၏နောက် မလှမ်းမကမ်းတွင် ထန်ကျင့်ကို ခေါင်းငုံ့ထားသောကြောင့် မျက်နှာတစ်ခြမ်းသာ မြင်ရလေသည်။ သူတို့အနောက်တွင် ဝန်ထမ်းတစ်စုကို တွေ့ရသည်။


သူတို့လူတစ်စု ဘားမှထွက်လာပြီး အသီးသီး သူတို့ကားများထဲသို့ဝင်ပြီး သီးခြားစီပြန်သွားခဲ့ကြသည်။ 


[အမှန်ပဲ... သူတို့တွေ ဘားကနေ အတူတူထွက်သွားတာကို ရိုက်ထားတဲ့ တခြားဗီဒီယိုတွေလည်းရှိသေးတယ်... မင်းတို့ နောက်ထပ် ဘာလိုချင်သေးလဲ...]


[ကြည့်ရတာ အမှန်ပဲထင်တယ်...]


[ဘယ်မှာလဲ အမှန်တရားက ... အစောလေးကတင် ထန်ကျင့်၊ယဲ့ဇယ်ရှစ်နဲ့ ဟယ့်ကျင်းယွင်တို့ ဘားကို မတူတဲ့ အချိန်တွေမှာ ရောက်လာတယ်ဆိုတဲ့ ဗီဒီယိုတစ်ခုကို တွေ့လိုက်တယ်... မင်းတို့ မကြည့်လိုက်ရဘူးလား...]


မကြာမီ အခြားအင်တာနက်အသုံးပြုသူတစ်ယောက်က ဗီဒီယိုလင့်ခ်တခုကိုချပြလာသည်။ သို့သော် ထိုဗီဒီယိုထဲတွင် ထန်ကျင့် ဘားသို့ရောက်လာသည့် အချိန်ကို ဖော်ပြမထားသော်လည်း ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင် ဘားသို့ ရောက်လာသည့် အချိန်ကိုမူ ပြထားသည်။ သူတို့နှစ်ယောက် ရောက်လာသည့်အချိန်က ည11နာရီ ဝန်းကျင်ဖြစ်သည်။ ထန်ကျင့်၏ Weiboပို့စ်က ည9:50ခန့်က တင်လိုက်ခြင်းဖြစ်သည်။ ထိုသည်က အလွန် ထင်ယောင်ထင်မှား ဖြစ်ဖွယ်ပင်။


[ဒါက အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတာပဲ...]


[ဆိုတော့ ထန်ကျင့် truth or dare ကစားနေတဲ့အချိန်မှာ ယဲ့ဇယ်ရှစ်က မရောက်သေးဘူးဆိုတဲ့သဘောပေါ့...]


[ဒါပေမဲ့ အဲဒါက ပုံမှန်ပဲမလား... ပြောရရင် truth or dare ဂိမ်းက လူကိုယ်တိုင်ရှိနေပြီး ဆော့စရာမလိုဘူးလေ... ငါဆို အရင်တုန်းက ရည်းစားဟောင်းဆီဖုန်းခေါ်ဖို့ အခိုင်းခံခဲ့ရတာ... သေတော့မလိုဖြစ်သွားသေးတယ်...]


[အဲဒါက ပုံမှန်ပဲလို့ ငါလည်းထင်တယ်...]


[ကျေးဇူးပြုပြီး... အပေါ်ထပ်က ညီမတွေရေ အဲဒါကို ပုံမှန်လို့ထင်တာက ဘာဖြစ်လို့လဲဆိုတော့ ငါတို့က သာမန်လူတွေမို့လို့လေ... ဒါပေမယ့် ထန်ကျင့်က ဘယ်သူလဲ... ယဲ့ဇယ်ရှစ်က ဘယ်သူလဲ... ယဲ့ဇယ်ရှစ်က အဲ့ဒီအချိန်မှာ မရှိခဲ့ဘူးဆိုရင်တောင်မှ ထန်ကျင့်က အဲ့ဒီပို့စ်ကိုတင်ဖို့ ယဲ့ဇယ်ရှစ်ကို မေးမှာပဲလေ... အဲဒါကသူငယ်ချင်းတွေ အချင်းချင်း နောက်တယ်ဆိုရင်တောင်မှ ဒီလို အထိမခံတဲ့ ပို့စ်မျိုးက သီးသန့်ပဲ တင်သင့်တယ်လို့ထင်တယ်... လူတိုင်းက အရွယ်ရောက်ပြီးတဲ့ သူတွေချည်းပဲ ပြီးတော့ Weiboရဲ့ လွှမ်းမိုးနိုင်မှုနဲ့ သတင်းဖြန့်ဖြူးနိုင်မှုကို မသိတာလဲမဟုတ်ကြဘူး... ပြီးတော့ ထန်ကျင့်ရဲ့ သူငယ်ချင်းတွေက ဦးနှောက်မရှိတဲ့ သူတွေလို့လည်း ငါ မထင်ဘူး...အဲ့ဒါကြောင့် ငါတွေးတာက အဲ့ဒီWeiboပို့စ်က ထန်ကျင့် သူ့ရဲ့အစစ်အမှန်ခံစားချက်တွေကို သူကိုယ်တိုင်ရေးတင်လိုက်တယ်လို့ပဲ ငါထင်တယ်...]


[အပေါ်ထပ်က သုံးသပ်ချက်က မဆီလျော်တာတော့ မဟုတ်ဘူး... ဂိမ်း‌ဆော့တာ အမှန်ဖြစ်ခဲ့တယ်ဆိုရင်တောင်မှ ထန်ကျင့်က သာမန်လူမှ မဟုတ်တာ... သူ့သူငယ်ချင်းတွေကလည်း အဲ့ဒီအချက်ကို သေချာစဉ်းစားမိမှာပဲ... သီးသန့်တင်ခိုင်းတာက လုံးဝကို သာမန်လူတွေ လုပ်မယ့်အရာပဲလေ... အဲ့ဒါကြောင့် အဲ့ဒီပို့စ်က ထန်ကျင့်ရဲ့ ရင်တွင်းခံစားချက်အမှန်တွေပဲ ဖြစ်ရမယ်...]


[ဒါပေမယ့်... လူတိုင်းက ပျော်နေကြတာကို အဲ့ဒီလောက်အများကြီး ဘယ်သူကတွေးမိမှာလဲ... ဘယ်သူကများ မင်းလို အဲ့ဒီလောက်စဉ်းစားသုံးသပ်ပြီး ဂိမ်းဆော့နေမှာလဲ... မင်း မပင်ပန်းဘူးလား...]


[အပေါ်ထပ်က သုံးသပ်ချက်က အများကြီးလည်း ပြောမထားပါဘူး... အဲဒါကို ဘာဖြစ်လို့ တခြားသူတွေက အလိုမကျဖြစ်နေရတာလဲ...]


"..."


ရှင်းပြချက်ပို့စ်နှင့် ပတ်သက်၍ အချို့ဖန်များက ယုံကြည်ရန်ရွေးချယ်ခဲ့ကြသည်။ သို့သော် သံသယဝင်နေဆဲသူများ ရှိသည်မှာလည်း ပုံမှန်ပင်။


သတင်းများ ပေါက်ကွဲထွက်လာသည်နှင့်အမျှ ထိုအကြောင်းကို ဆွေးနွေးကြသည့် လူများလည်း ပို၍ ပို၍ များပြားလာခဲ့သည်။ 


ထန်ကျင့်ကမူ ထိုသည်တို့ကို မတုံ့ပြန်ရန်သာ ဆုံးဖြတ်ခဲ့သည်။ အချိန်က အရာအားလုံးကို မေ့ပျောက်စေမည်သာ ဖြစ်သည်။


သတင်းခေါင်းစဉ်အသစ်တစ်ခုရောက်သည်နှင့် မနေ့တစ်နေ့ကသတင်းကို မေ့သွားသည်မှာ အင်တာနက်၏ သဘာဝပင်။


အချိန်တစ်ခုအတွင်းတွင် သင်နှင့် မရင်းနှီးသည့် အချို့သူများမှာ နာမည်ကို မှတ်မိနိုင်ရုံမျှသာဖြစ်ပြီး အချို့က သင့်နာမည်ကိုပင် မှတ်မိလိမ့်မည်မဟုတ်ပေ။


ယခုကိစ္စမှာလည်း "မင်းမှတ်မိသေးလား အင်တာနက်ပေါ်မှာလေ အဲ့ဒီတုန်းက ဘယ်သူက ဘယ်သူ့ကို ဖွင့်ပြောခဲ့တာ" ဆိုသည့် စားရင်းသောက်ရင်း ပြောကြသည့် ကိစ္စတစ်ခု ဖြစ်သွားလိမ့်မည်သာပင်။


ယခုကိစ္စမှာ သူငယ်ချင်းများကြားတွင် ငြင်းခုံစရာလေးများ ဖြစ်သွားနိုင်ပေလိမ့်မည်။ တစ်စုံတစ်ယောက်က ယခုကိစ္စကို အမှန်တကယ်ဖြစ်ကြောင်း အခိုင်အမာပြောပေလိမ့်မည်။ အဆုံးတွင် ဂိမ်းတစ်ခုကြောင့်နှင့် ဖွင့်ပြောသည့် အနုပညာရှင်ဟူ၍ မရှိဖူးသောကြောင့်ဖြစ်သည်။ 


ထိုနည်းတူစွာပင် ဤကိစ္စကို ဂိမ်းတစ်ခုဟု တွေးကြသည့်သူများလည်း ရှိပေလိမ့်မည်။


"ဘယ်သူက အဲ့ဒီလောက်တုံးရတာလဲ... သူ ဒီလိုကိစ္စကြီးကို လုပ်လိုက်တော့ သူ အဲ့ဒီလောကထဲ ဆက်ရှိနေနိုင်ပါဦးမလား... "


သို့သော်လည်း ဤသည်က အတည်ပြုမှုမရှိသည့် ငြင်းခုံမှုတစ်ခုပင်။


တစ်နည်းဆိုရလျှင် ယခုအငြင်းအခုံ၏ ရလဒ်ကို မည်သူမျှ ဂရုစိုက်ကြမည်မဟုတ်ပေ။


ထိုမတော်တဆမှုဖြစ်ပြီးသောအခါ ထန်ကျင့်ကို အတော်ကြာသည်အထိ ယဲ့ဇယ်ရှစ် မတွေ့ရပေ။ ထန်ကျင့်နှင့် ပတ်သက်သည့် သတင်းများသာ ကြားရလေသည်။


ထိုအချိန်အတောအတွင်း ယဲ့ဇယ်ရှစ်က တစ်ခါတစ်ရံဆိုသလို ဟယ့်ကျင်းယွင်နှင့်အတူ အပြင်ထွက်စားလေ့ရှိသည်။


ယဲ့ဇယ်ရှစ်အနေဖြင့် ဟယ့်ကျင်းယွင်၏ လက်ရာကို မစားရသည်မှာ နှမြောစရာပင်။ 


ပြောရမည်ဆိုလျှင် ဟယ့်ကျင်းယွင်က အလွန်အလုပ်များလေသည်။


သို့သော် သူတို့နှစ်ယောက် စားသောက်ဆိုင်တွင်ဆုံသည့် အချိန်အများစုမှာ ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ်ကို အဖော်ပြုစားပေးရန်အတွက် အလောတကောလာရခြင်းဖြစ်ပြီး စားပြီးသည်နှင့် ပြန်ထွက်သွားရလေသည်။


စားနေရင်းတန်းလန်းပင် ဟယ့်ကျင်းယွင် ဖုန်းဖြေရန်ထွက်သွားရပြီး သူ ပြန်လာသောအခါ ယဲ့ဇယ်ရှစ်က ဗိုက်ပင် ဝနေပြီဖြစ်သည်။ 


ထိုသည်ကိုမြင်သောအခါ ဟယ့်ကျင်းယွင် အလွန်အားနာသွားရပြီး ချက်ချင်းတောင်းပန်လိုက်သည်။

"တောင်းပန်ပါတယ်... ဖုန်းက အဲ့ဒီလောက်ကြာအောင် ပြောလိုက်ရမယ်လို့ မထင်ခဲ့မိဘူး..."


ယဲ့ဇယ်ရှစ် ခေါင်းရမ်းပြလိုက်သည်။ 

"ရပါတယ်... အလုပ်က ပိုအရေးကြီးတာပေါ့... ဟယ့်လောင်ရှီး ဗိုက်ရော ဝလိုက်ရဲ့လား ဟင်းတွေတောင် အေးကုန်ပြီ... ကျွန်တော် စားပွဲထိုးကို ဟင်းနှစ်ပွဲလောက် ထပ်မှာလိုက်မယ်လေ... ခဏလောက်တော့ စောင့်ရမှာဆိုပေမယ့်..."


ဟယ့်ကျင်းယွင် လေပြေတစ်ချက်မှုတ်ထုတ်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။ 

"အဲဒါဆို မင်းကိုပဲ ပြဿနာပေးရတော့မယ်..."


ယဲ့ဇယ်ရှစ် အမှန်တကယ် ဗိုက်ဝနေပြီဖြစ်သည်။ ဟင်းပွဲများလာချသောအခါ သူအလွန်ကြိုက်သည့် ငရုတ်ကောင်းနှင့်ငါးခေါင်းဟင်းကိုပင် သူထိရုံလေးမျှသာထိပြီး အမှန်တကယ် မစားနိုင်ခဲ့ပေ။


ထိုသည်ကို ဟယ့်ကျင်းယွင် မြင်သောအခါ သူ တူကိုချလိုက်ပြီး ပြောလိုက်သည်။

"ငါ နောက်လလောက်ဆို အရမ်းအလုပ်မများလောက်တော့ပါဘူး..."


"ဟင်..."

ယဲ့ဇယ်ရှစ် ငေးငိုင်နေရာမှ သူ့ဘေးရှိ ဟယ့်ကျင်းယွင်ကို ရှုပ်ထွေးနေသည့် အရိပ်အယောင်ဖြင့် လှည့်ကြည့်လိုက်သည်။


ဟယ့်ကျင်းယွင်၏ မျက်ဝန်းများ အနည်းငယ် နူးညံ့သွားသည်။ သူ ခပ်ရေးရေးပြုံးလိုက်ပြီး အကြောင်းအရာပြောင်းလိုက်သည်။

"နောက်လကျရင် ငါးလေးခြောက်ကြော် လုပ်ကျွေးလို့ရပြီလို့ ပြောတာ..."


ယဲ့ဇယ်ရှစ်၏ မျက်ဝန်းများ ချက်ချင်းလက်ငင်းကို ဝင်းလက်သွားသည်။

"တကယ်ကြီးလား..."


"တကယ်ပေါ့... "

ဟယ့်ကျင်းယွင် ပြုံးလိုက်သည်။ 

"နောက်လဆိုရင် ကြော်ငြာကဏ္ဍလောက်ပဲရှိတော့တာ... ပြီးတော့ လူရွေးပွဲဘက်ကလည်း ပြီးသလောက်ဖြစ်နေပြီ..."


"အဲ့ဒါကောင်းတာပေါ့... "

ယဲ့ဇယ်ရှစ် ဟန်မဆောင်ဘဲပြောလိုက်သည်။ 


ယနေ့မှာ ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ်ကို အိမ်ပြန်လိုက်ပို့သည့် ရှားရှားပါးပါးနေ့ရက် တစ်ရက်ပင် ဖြစ်သည်။


သူတို့ အိမ်ပြန်လမ်းတစ်လျှောက်လုံးတွင် ရုပ်ရှင်အကြောင်း ပြောခဲ့ကြသည်။ အိမ်ပြန်ရောက်သောအခါ အန်တီက အိမ်သန့်ရှင်းရေးလုပ်နေဆဲကို ယဲ့ဇယ်ရှစ် တွေ့လိုက်ရသည်။ 


ယဲ့ဇယ်ရှစ် မေးလိုက်သည်။ 

"အန်တီ အလုပ်များနေတုန်းလား... အခု အတော်တောင် နောက်ကျနေပြီ... ပြီးကျရင် ဒရိုင်ဘာကို အန်တီ့ကို ပြန်လိုက်ပို့ပေးဖို့ ကျွန်တော်ပြောလိုက်မယ်..."


အန်တီက ငြင်းမည်လုပ်သော်လည်း ယဲ့ဇယ်ရှစ်၏ မျက်နှာပေါ်မှ အပြုံးကို မြင်လိုက်ရသောအခါ သူမ မငြင်းနိုင်တော့ပေ။


"သခင်လေး ပျော်စရာတစ်ခုခုနဲ့များ ကြုံလာခဲ့ရလို့လား...သခင်‌လေး အခုလို ‌ရွှင်ရွှင်ပျပျပြုံးတာ မမြင်ရတာတောင်ကြာပြီ..."

အန်တီက အံ့ဩတကြီး ပြောလာသည်။


ယဲ့ဇယ်ရှစ် ခဏကြောင်သွားပြီး သူ့ဘေးရှိ မှန်သို့ ဘေးတစောင်းကြည့်လိုက်သည်။ မှန်ထဲတွင် ချောမောသည့် လူငယ်လေးတစ်ယောက်၏ မျက်ဝန်းများက လခြမ်းကွေးသဏ္ဌာန်ဖြစ်တော့မည်အထိ ပြုံးနေခဲ့ကာ သူ၏ ပါးမို့လေးနှစ်ဖက်မှာလည်း ခပ်ပါးပါးလေးနီဆွေးနေခဲ့သည်။ 


ယဲ့ဇယ်ရှစ်... မင်းက ဘာတွေရယ်နေတာလဲဟ...


ယဲ့ဇယ်ရှစ်လည်း အနည်းငယ် အဖြေရှာမရဖြစ်သွားသည်။ 


သေချာ စဉ်းစားကြည့်မိသောအခါ ယဲ့ဇယ်ရှစ်၏ နားရွက်များ ရုတ်တရက်ဆိုသလိုပင် အနည်းငယ် ပူနွေးလာခဲ့သည်။


ကြည့်ရတာ ဟယ့်ကျင်းယွင်ရဲ့ "မင်းအတွက် ငါးလေးခြောက်ကြော်ပေးမယ်" ဆိုတဲ့ စကားကြောင့်များလား... 


ထိုသည်ကိုတွေးမိသောအခါ ယဲ့ဇယ်ရှစ်၏ နှုတ်ခမ်းထောင့်မှာ ထိန်းချုပ်၍မရနိုင်ဘဲ အပေါ်သို့ ကွေးညွတ်သွားရသည်။ 


အချိန်တစ်ခုအထိ သူ အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။ 


သူ့ကိုယ်သူ မှန်ထဲသို့ ကြည့်လိုက်သောအခါ အန်တီပြောသည်က အမှန်ဖြစ်နေသည်ကို ယဲ့ဇယ်ရှစ် တွေ့လိုက်ရသည်။ 


ဘာဖြစ်လို့ အဲ့ဒီလောက်တောင် ငါးလေးခြောက်ကြော်စားရတာ ကြိုက်နေတာလဲ...


ငါ အဲ့ဒါကို မစားရတာကြာပြီလေ...


×××××


အချိန်များက မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသည်။ ဧပြီလအကုန်တွင် "အစားအသောက် နှစ်သက်သူတစ်ယောက်၏ မှတ်တမ်း" တရားဝင် Weiboစာမျက်နှာမှ နမူနာ ဗီဒီယိုတစ်ခုကို ထုတ်လွှင့်ခဲ့သည်။ ထို့အပြင် ပထမအပိုင်းကို ထုတ်လွှင့်မည့်ရက်ကိုလည်း ပရိသတ်များကို ကြေညာခဲ့သည်။ ထိုသည်က လာမည့် စနေနေ့ ဖြစ်သည်။ 


ထိုသတင်းကို လက်ခံလိုက်ရသောအခါ ဖန်များ ချက်ချင်းဆိုသလို အရူးအမူးဖြစ်ကုန်ကြသည်။ 


ယဲ့ဇယ်ရှစ်၏ဖန်များက အပျော်ဆုံးဖြစ်နေခဲ့ကြသည်။ 


[နောက်ဆုံးတော့ ရှစ်ရှစ်မှာ ရသစုံရှိုးတစ်ခုရှိလာခဲ့ပြီ...]


[ဝိုး... ရှစ်ရှစ်ရဲ့ ရသစုံရှိုးကို ငါမျှော်နေခဲ့တာ တော်တော်ကြာပြီ...]


[ကြယ်ကြွေရင် ဆုတောင်းခဲ့သမျှ နောက်ဆုံးတော့ မျှော်လင့်ချက်လေး ပေးလာခဲ့ပြီပဲ...]


[လာမယ့် စနေနေ့ဟုတ်လား... ကောင်းပြီလေ TVရှေ့ကနေ အချိန်မှီ စောင့်ပြရသေးတာပေါ့...]


[ဟယ့်ရှစ်ရဲ့အချိုလေးတွေ... မျှော်ရချည်သေးရဲ့...]


[နတ်ဘုရားက အခုတလော ရသစုံရှိုးတွေမှာ ပိုပြီးပါဝင်လာတယ်နော်... ဒီအတိုင်းလေး စည်းချက်လေးထိန်းထားပြီး ပိုပြီး ပိုပြီး ပါဝင်ပေးပါ...]


[ရှူး...ညီအစ်မတို့ နမူနာ ဗီဒီယိုကို ကြည့်ပြီးကြပြီလား... ငါတော့ အရမ်းစိတ်လှုပ်ရှားနေပြီ...]


[ဒီနေရာမှာပဲ ပြောချခဲ့လိုက်မယ်... ဟယ့်ရှစ်က တကယ်အမှန်ပဲ... ငါပြောတာမယုံရင် ကိုယ်တိုင်သာ သွားကြည့်လိုက်ကြ...]


ထိုသို့ပြောပြီးသည်နှင့် များစွာသောအင်တာနက်အသုံးပြုသူများမှာ သတင်းရသွားကြပြီး နမူနာဗီဒီယိုကို သွားကြည့်ကြလေသည်။


နမူနာဗီဒီယိုက တစ်မိနစ်ခန့်ကြာကာ ဧည့်သည်များ အတူဂိမ်းကစားကြသည့် အဓိကမြင်ကွင်းများကို များစွာထည့်သွင်းထားသည်။ သူတို့မြင်လိုက်ရသည်ကို ဖန်များက အလွန်ကျေနပ်နေခဲ့ကြသည်။ 


နောက်ဆုံးမြင်ကွင်း မတိုင်မီအထိသာပင်။ ပထမဦးစွာ ကင်မရာက အတူတွဲထားသည့် လက်တစ်စုံကို ရိုက်ပြထားသည်။ ထို့နောက် လူနှစ်ယောက် အရှေ့သို့ အတူပြေးသွားသည့် မြင်ကွင်းက တဆက်တည်းပါလာသည်။


အဆုံးတွင် ကင်မရာမြင်ကွင်းက ယို့ကျား၏ မျက်နှာပေါ်တွင် ရပ်တန့်သွားသည်။ သူမ ဇဝေဇဝါဖြစ်သွားသည့်ဟန်နှင့် ပြောလိုက်သည်။ 

"ဟေး... သူတို့နှစ်ယောက်က တကယ်ကြီး လက်ချင်းတွဲပြီး လမ်းလျှောက်နေကြတာလား..."


ထိုသည်ကို မြင်လိုက်ရပြီးနောက် ပရိသတ်များမှာလည်း ယို့ကျားကဲ့သို့ ဇဝေဇဝါဖြစ်သွားခဲ့ရသည်။


ဟုတ်ပ... သူတို့က ဘာဖြစ်လို့ လက်ချင်းတွဲပြီး လမ်းလျှောက်နေကြတာလဲ...



🎶🎶🎶